အခန်း (၂၉၅-၂၉၆)
Vol. 30 Ch. 295-296
၂၉၅
ဒေါက်... ဒေါက်... ဒေါက်
“ဟေ့... မောင်းစမ်း”
လှည်းမောင်းသမားများ၏ ကျယ်လောင်သော ဟစ်အော်သံများနှင့်အတူ ကြိမ်လုံးဖြင့် ရိုက်
နှက်သံများ ထွက်ပေါ်လာပြီး မြင်းလှည်းသည် အလောင်းထိန်းချုပ်ခြင်းဂိုဏ်းမှ တဖြည်းဖြည်း ထွက်ခွာလာကာ အနီးဆုံးဖြစ်သော ဟယ်မြို့တော်ဆီသို့ ဦးတည်ကာ မောင်းနှင်တော့သည်။
မြင်းလှည်းအတွင်း၌...
ရန်ဖေးဖုန်းက စူးယွီကို အသားခြောက်အချို့ ကမ်းလှမ်းရင်း စိုးရိမ်တကြီး မေးလိုက်သည်။
“ညီအစ်ကိုစူး... လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေတာ သတိထားမိတယ်ဗျ။ တစ်ခုခုကို စိုးရိမ်နေတာလား”
“အင်း... အမှန်အတိုင်း ပြောရရင် ကျွန်တော်က မယားငယ်က မွေးတဲ့ သားတစ်ယောက်ပါ။ အဖေက ကျွန်တော့်ကို တစ်ခါမှ သဘောမကျခဲ့ဘူး။ အခုတစ်ခေါက် ဂိုဏ်းထဲကို ဝင်ခွင့်ရတော့မှပဲ ဆွေမျိုးမိတ်သင်္ဂဟတွေကြားမှာ မျက်နှာပွင့်ခဲ့ရတာ။ ဒါပေမဲ့ အခုလိုမျိုး လက်ဗလာနဲ့ ပြန်သွားရမယ်ဆိုရင်တော့ အဖေက ဒေါသတကြီးနဲ့ ကျွန်တော့်ကို အိမ်ပေါ်က နှင်ချရင်တောင် အံ့သြစရာ မဟုတ်တော့ဘူးဗျာ”
ရန်ဖေးဖုန်း၏ စေတနာကြောင့် စိတ်လှုပ်ရှားသွားပုံရသော စူးယွီသည် သူ၏ စိုးရိမ်ပူပန်မှုများကို ဖွင့်ဟပြောဆို လိုက်မိသည်။ ရန်ဖေးဖုန်းက စူးယွီ၏ အခြေအနေကို နားလည်သွားပြီး ခဏမျှ စဉ်းစားကာ ပြောလိုက်သည်။
“ညီအစ်ကိုစူးသာ စိတ်မရှိဘူးဆိုရင် ကျွန်တော့်အိမ်မှာ ခေတ္တခဏ လာတည်းလို့ ရပါတယ်ဗျာ”
“ဒါ... ဒါက အားနာစရာကြီးဗျာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
စူးယွီမှာ ခဏမျှ မှင်တက်သွားရသည်။
“ထမင်းတစ်နပ်နဲ့ အခန်းတစ်ခန်း ပိုတာပဲရှိတာပါ ညီအစ်ကိုစူးရယ်။ ဒါမှမဟုတ် ကျွန်တော့်ရဲ့ နိမ့်ပါးတဲ့ အိမ်ဂေဟာကို အထင်သေးနေလို့လား”
ရန်ဖေးဖုန်းက စိတ်ဆိုးချင်ယောင်ဆောင်ကာ ပြောလိုက်သည်။
“ကျွန်တော့်ကို အခုလို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီအစ်ကိုရန်”
စူးယွီ၏ မျက်ဝန်းများမှာ သိသိသာသာ နူးညံ့သွားတော့သည်။
“ညီအစ်ကိုရန်က ကျွန်တော့်လို လူတစ်ယောက်အပေါ် ဒီလောက်အထိ ကောင်းပေးတာ... ကျေးဇူးတင်တာထက် ပိုပါတယ်ဗျာ...”
“ကျွန်တော်တို့အားလုံးက ကံကြမ္မာတူတွေပဲဟာ ညီအစ်ကိုစူးရယ် ကျွန်တော့်ကို အားနာနေဖို့ မလိုပါဘူး...”
ရန်ဖေးဖုန်းက ပြုံးလျက် လက်ကာပြလိုက်သည်။
တစ်ရက်အကြာတွင် မြင်းလှည်းသည် အလောင်းထိန်းချုပ်ခြင်းဂိုဏ်းမှ မိုင်ပေါင်းတစ်ရာကျော် ဝေးကွာသော နေရာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူတို့သည် သစ်ပင်တောအုပ်များ ထူထပ်ကာ လူသူကင်းမဲ့ပြီး ငှက်သံလေးများသာ ရံဖန်ရံခါ ထွက်ပေါ်တတ်သည့် တောင်ကုန်းဒေသတစ်ခုသို့ ရောက်ရှိလာကြသည်။
ထိုအချိန်တွင် ထူထပ်သော သစ်ရွက်များ၏ နောက်ကွယ်၌ ယုတ်မာကောက်ကျစ်သော ပုံရိပ်
အချို့က တိတ်ဆိတ်စွာ ရပ်နေကြသည်။
“သတင်းက သေချာရဲ့လား”
“မသေချာဘဲ နေမလားဗျ။ ဒါတွေအားလုံးက အလောင်းထိန်းချုပ်ခြင်းဂိုဏ်းက စွန့်ပစ်လိုက်တဲ့ ပါရမီရှင် အညှောက်ကလေးတွေပဲ။ တစ်ယောက်ချင်းစီမှာ ဝိညာဉ်အမြစ်ပါရမီတွေ ပါပြီးသား...”
“ဒါတောင်မှ ရက်ပေါင်း ကိုးဆယ်အတွင်း ဝိညာဉ်စွမ်းအားကို အာရုံမခံနိုင်ရင် ထုတ်ပစ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ စည်းကမ်းကို သူတို့က ဇွတ်အတည်ပြုနေကြတုန်းပဲ။ ဟင်း... တကယ့်ကို အသိဉာဏ်နည်းပါးကြတာပဲ”
“ငါတို့ လူတစ်ယောက်ပဲ ခေါ်သွားလို့ရမယ်။ မဟုတ်ရင် အာရုံစိုက်ခံရမှု များသွားပြီး အလောင်းထိန်းချုပ်ခြင်းဂိုဏ်းက အဘိုးကြီးတွေ သတိထားမိသွားလိမ့်မယ်”
ရှေ့မှ ချဉ်းကပ်လာသော မြင်းလှည်းများကို မြင်လိုက်ရသောအခါ...
အရိပ်များ၏ ရှေ့ဆုံးမှ ပုဂ္ဂိုလ်သည် သူ၏လက်ကို မြှောက်လိုက်ရာ အနက်ရောင်အလင်းတန်း အနည်းငယ် ထွက်ပေါ်လာသည်။
နောက်တစ်ခဏ၌...
မြင်းလှည်းများ၏ ရှေ့ဆုံးမှ ပြေးလွှားနေသော မြင်းများ၏ ရှေ့ခြေထောက်များက ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ရေတွက်မရနိုင်သော အရိုးစအနများနှင့် သွေးမြူများအဖြစ် ပြောင်းလဲသွားတော့သည်။
မြင်းလှည်းများသည် ချက်ချင်းပင် ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ မှောက်ခုံလဲကျသွားပြီး လှည်းအတွင်းရှိ လူငယ်များက အော်ဟစ်လျက် အပြင်ဘက်သို့ လွင့်စင်ထွက်သွားကြသည်။
“အား”
“အမလေး... နာလိုက်တာ”
“ငါ့ခြေထောက်... ငါ့ခြေထောက်ကြီး”
လူအများအပြားမှာ ပြင်းထန်သော နာကျင်မှုကြောင့် သူတို့၏ ခြေထောက်များကို ဆုပ်ကိုင်လျက် ထိန်းမနိုင်သိမ်းမရ အော်ဟစ်ငိုယိုနေကြသည်။ ထိုပြင်းထန်သော လှည်းမှောက်မှုကြောင့် ထက်ဝက်ကျော်သော လူငယ်များမှာ ခြေထောက်များ လိမ်ဖယ်ကာ ကျိုးပဲ့ကုန်ကြသည်။
ကံဆိုးသော လှည်းမောင်းသမားအချို့မှာမူ သစ်ပင်များနှင့် ရိုက်မိကာ လည်ပင်းရိုးများ ကျိုးသွားကြသည်။ သူတို့၏ ပါးစပ်များမှ သွေးများ အဆက်မပြတ် စီးကျလာပြီး အသက်ရှင်ရန် အခွင့်အရေးမရှိဘဲ သေဆုံးသွားကြတော့သည်။
ထိခိုက်ဒဏ်ရာမရဘဲ မတ်တပ်ရပ်နိုင်သူဟူ၍ ရန်ဖေးဖုန်းနှင့် စူးယွီတို့ နှစ်ဦးသာ ရှိပြီး သူတို့ အသက်ဘေးမှ လွတ်မြောက်လာခြင်းမှာ အံ့ဖွယ်တစ်ခုကဲ့သို့ပင်။
ရုတ်တရက် ပေါ်ထွက်လာသော ယုတ်မာကောက်ကျစ်သည့် ပုံရိပ်များကို မြင်လိုက်ရသောအခါ ရန်ဖေးဖုန်း၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားတော့သည်။ သူက ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။
“မင်းတို့က ဘယ်သူတွေလဲ ငါတို့က အလောင်းထိန်းချုပ်ခြင်းဂိုဏ်းရဲ့ တပည့်တွေဆိုတာ မသိကြဘူးလား ဂိုဏ်းရဲ့ မြင်းလှည်းတွေကို တိုက်ခိုက်ရဲတယ်ဆိုတော့ မင်းတို့ သေချင်နေကြတာလား”
“အို... အရှိန်အဝါကြီးတဲ့ အမည်နာမတွေကို အသုံးချတတ်သားပဲ။ ဒါပေမဲ့ ကံဆိုးတာက... အလောင်းထိန်းချုပ်ခြင်းဂိုဏ်းက စွန့်ပစ်လိုက်တဲ့ မင်းတို့လိုကောင်တွေ ဒီနေရာမှာ အကုန်သေသွားရင်တောင် ဘယ်သူကမှ လှည့်ကြည့်မှာ မဟုတ်ဘူးကွ”
ထိုစကားကို ကြားလိုက်ရသောအခါ ရန်ဖေးဖုန်းနှင့် ကျန်ရှိနေသူများ၏ မျက်နှာများမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။
ရှေ့တွင် ပေါ်ပေါက်လာသော ထိုလူစိမ်းများသည် သူတို့၏ နောက်ခံအကြောင်းအရင်းကို ဤမျှအထိ အသေအချာ သိရှိထားကြလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြသဖြင့် တစ်ဦးချင်းစီ၏ ရင်ထဲတွင် စိုးရိမ်ထိတ်လန့်မှုများ ပိုမိုကြီးထွားလာတော့သည်။
အခင်းဖြစ်ပွားရာနေရာ၏ လေထုမှာ ရုတ်တရက်ဆိုသလို အလွန်အမင်း တိတ်ဆိတ်သွားခဲ့သည်။ ခြေထောက်များ ကျိုးပဲ့သွားသူများပင်လျှင် ကျယ်လောင်စွာ ညည်းတွားရန် မဝံ့မရဲ ဖြစ်နေကြရသည်။
ထိုအခြေအနေကို မြင်လိုက်ရသောအခါ ဝတ်စုံနက်ဝတ် ပုံရိပ်တစ်ခုက လှောင်ပြောင်လိုက်သည်။
“ငါတို့က မင်းတို့အတွက် မသေမျိုးလမ်းစဉ်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေးတစ်ခု ယူဆောင်လာပေးတာပါ”
ပြောပြီးသည်နှင့် သူသည် လက်ထဲရှိ အလင်းတန်းများ လင်းလက်နေသော အနီရောင် အလံငယ်လေးတစ်ခုကို မြှောက်ပြလိုက်သည်။
“ဒါက ဝိညာဉ်နှိုးဆွအလံပဲ။ ဒါကို ကိုင်ထားရုံနဲ့ ဝိညာဉ်စွမ်းအားကို အာရုံခံစားနိုင်ပြီး မသေမျိုးလမ်းစဉ်ပေါ်ကို ချက်ချင်း လှမ်းတက်နိုင်လိမ့်မယ်”
“ဘာ... ဘယ်လို”
ထိုစကားကို ကြားလိုက်ရသည်နှင့် အတိုက်ခိုက်ခံရသော တပည့်များသည် အသက်ရှူသံများ ပြင်းထန်လာကာ မျက်လုံးများပါ နီမြန်းလာတော့သည်။
“ခင်ဗျားတို့ရဲ့ စည်းကမ်းချက်က ဘာလဲ”
ချမ်းသာသော မိသားစုမှ ဆင်းသက်လာသူပီပီ တစ်ဦးတည်းသော တည်ငြိမ်မှုကို ထိန်းထားနိုင်သူမှာ ရန်ဖေးဖုန်း ဖြစ်သည်။ ကောင်းကင်မှ အလကားရသည့် လာဘ်လာဘက မရှိကြောင်း သူ ကောင်းစွာ နားလည်ထားသည်။
“ဘာစည်းကမ်းချက်မှ မရှိဘူး။ မင်းတို့ ဘာမှလုပ်စရာ မလိုဘူး”
အခြားသော ဝတ်စုံနက်ဝတ်တစ်ဦးက ပြောလိုက်သည်။ သူ၏ အသံမှာ သံလွှဖြင့် သစ်သားကို တိုက်စားနေသကဲ့သို့ ရှတတနိုင်လှပြီး နားမခံသာအောင် စူးရှလှသည်။
“ဒါပေမဲ့ မင်းတို့ထဲက ကံပါတဲ့သူ တစ်ယောက်တည်းသာ ဒီမသေမျိုးအခွင့်အရေးကို ရမှာပါ”
“ဒါဆို ဘယ်လိုလုပ်ရင် ကံပါတဲ့သူ ဖြစ်လာမှာလဲ”
မြေပြင်ပေါ်တွင် လဲကျနေသော တပည့်တစ်ဦးက သူ၏ ခြေထောက်ကျိုးနေသည့် နာကျင်မှုကိုပင် မေ့လျော့သွားဟန်ဖြင့် အလောတကြီး မေးမြန်းလိုက်သည်။
“နောက်ဆုံးအထိ မားမားမတ်မတ် ရပ်နိုင်တဲ့သူဟာ ငါတို့ ဟွမ်ချွမ်နဲ့ ကံပါတဲ့သူပဲ”
ဝတ်စုံနက်ဝတ်ပုံရိပ်၏ အပြုံးမှာ ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေသဖြင့် ရှိသမျှလူတိုင်း၏ ကြက်သီးမွေးညင်းများ ထောင်ထလာစေသည်။
သူသည် လက်ချောင်းထိပ်မှ အနက်ရောင် မီးတောက်တစ်ခုကို ရုတ်တရက် ပစ်လွှတ်လိုက်ရာ ဘေးနားတွင် အော်ဟစ်နေသော မြင်းမှာ ပြာအဖြစ်သို့ ခဏချင်း ပြောင်းလဲသွားတော့သည်။ ထိုပြာပုံအထက်တွင် မီးခိုးရောင် တပိုင်းတစ ပုံရိပ်ယောင် မြင်းတစ်ကောင်မှာ ဆက်လက်ရုန်းကန်နေပြီး ရင်ကွဲမတတ် စူးရှလှသော အော်ဟစ်သံများကို ထုတ်ဖော်နေရှာသည်။ ခဏအကြာတွင်မူ ထိုပုံရိပ်မှာ အသားခန္ဓာကဲ့သို့ပင် ကျုံ့ဝင်သွားပြီး တဖျောက်ဖျောက် မြည်သံများနှင့်အတူ လောင်ကျွမ်းသွားတော့သည်။
“ဒီမြင်းလိုပေါ့... သူက ငါတို့နဲ့ ကံမပါဘူး။ သေသွားတာက နှမြောစရာ မဟုတ်ပါဘူး”
“အရိုးကိုကြိတ်ပြီး ပြာကိုလွှင့်ပစ်တယ်။ ဝိညာဉ်ကိုပါ အမြစ်ပြတ်အောင် ဖျက်ဆီးပစ်တာပဲ... ခင်ဗျားတို့က မိစ္ဆာကျင့်ကြံသူတွေပဲ”
ရန်ဖေးဖုန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
အလောင်းထိန်းချုပ်ခြင်းဂိုဏ်းမှ တပည့်ဟောင်းများမှာလည်း သိသိသာသာ မှင်တက်သွားကြသည်။ ဂိုဏ်းအတွင်း နေထိုင်ခဲ့သည့် လအနည်းငယ်အတွင်း မိစ္ဆာကျင့်ကြံသူတို့၏ ကြောက်မက်ဖွယ် ကျော်စောမှုကို သူတို့ ကြားဖူးနားဝ ရှိခဲ့ကြသည်။
သူတို့၏ လမ်းစဉ်ကို သက်သေပြရန် ဆွေမျိုးသားချင်းများကို သတ်ဖြတ်ခြင်းမှ မြို့တစ်မြို့လုံးကို သွေးဖြင့် ယဇ်ပူဇော်ခြင်းအထိ သူတို့ကျူးလွန်ခဲ့သော လုပ်ရပ်များက အလွန်အမင်း ယုတ်မာရိုင်းစိုင်းလှပေရာ ကျင့်ကြံခြင်းလောကတွင် မိစ္ဆာမျိုးနွယ်စုများထက်ပင် နာမည်ဆိုးဖြင့် ကျော်ကြားလှသည်။
ချီသန့်စင်ခြင်းအဆင့်ကိုတောင် ခြေမချနိုင်သေးတဲ့ သာမန်လူသားတွေက မိစ္ဆာကျင့်ကြံသူတစ်ယောက်နဲ့ ရင်ဆိုင်ရမယ်ဆိုရင်... အသက်ရှင်ဖို့ ဘယ်လောက်များ မျှော်လင့်ချက် ရှိမှာလဲ။
“မင်းတို့ရဲ့ လှည့်စားမှုတွေကို ရပ်လိုက်စမ်း အလောင်းထိန်းချုပ်ခြင်းဂိုဏ်းကနေ နှင်ထုတ်ခံရရင်တောင် ငါတို့က မိစ္ဆာကျင့်ကြံသူတွေ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး”
စူးယွီက အေးစက်စွာ ပြောဆို လိုက်သည်။
သူသည် ရန်ဖေးဖုန်းအနီးသို့ လျှောက်သွားကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။
“ညီအစ်ကိုရန်... ခဏနေရင် သူတို့ကို ကျွန်တော် အတတ်နိုင်ဆုံး တားဆီးထားပါ့မယ်။ မင်း အမြန်ဆုံး ထွက်ပြေးပေတော့”
ရန်ဖေးဖုန်းသည် အလွန်ပင် စိတ်လှုပ်ရှားသွားပုံရသည်။
“ညီအစ်ကိုစူး... မင်း အဲ့ဒီလို လုပ်စရာမလိုပါဘူး။ ခဏနေရင် ငါတို့တစ်ယောက်စီ ကိုယ့်ဘာသာ ပြေးကြတာပေါ့။ အသက်ရှင်ဖို့နဲ့ သေဖို့ကတော့ ကံတရားအတိုင်းပဲပေါ့ဗျာ”
ရန်ဖေးဖုန်းသည် ဝတ်စုံနက်ဝတ်ပုံရိပ်များဘက်သို့ လှည့်ကြည့်လိုက်ရာ သူတို့မှာ မလှုပ်မယှက် ရှိနေကြပြီး စူးယွီနှင့် သူ၏ တိုးတိုးတိတ်တိတ် စကားပြောဆိုမှုကို မကြားပုံရသဖြင့် စိတ်အနည်းငယ် အေးသွားတော့သည်။
ဇွက်….
ရုတ်တရက်ဆိုသလို သူ၏ ကျောပြင်တွင် အေးစက်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ နောက်သို့လှည့်ကြည့်လိုက်သောအခါ သူ့ကို အေးစက်စွာ စိုက်ကြည့်နေသော စူးယွီကို မြင်တွေ့လိုက်ရတော့သည်။
“ဘာ... ဘာလို့လဲ”
“ငါ ငရဲကျရင်တောင်မှ ငါစူးယွီက ဝေဝေဝါးဝါး ဘဝမျိုးနဲ့တော့ အသက်မရှင်နိုင်ဘူး။ ညီအစ်ကိုရန်... မင်းရဲ့ သေခြင်းတရားက အလကားတော့ ဖြစ်မှာမဟုတ်ပါဘူး။ ငါသာ မသေမျိုးအဆင့်ကို ရောက်ပြီး ဘိုးဘေးတစ်ယောက် ဖြစ်လာခဲ့ရင် မင်းရဲ့ နောင်လာနောက်သားတွေကို ကျိန်းသေပေါက် ပြန်ပြီး ကျေးဇူးဆပ်ပါ့မယ်”
ဝုန်းခနဲ အသံနှင့်အတူ ရန်ဖေးဖုန်းသည် မျက်လုံးအစုံ ပြူးလျက် မြေပြင်ပေါ်သို့ လဲကျသွားပြီး အာဃာတများဖြင့် သေဆုံးသွားရှာတော့သည်။
စူးယွီသည် လက်ထဲတွင် ဓားမြှောင်ကို ကိုင်ဆောင်ကာ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ ခြေထောက်ကျိုးသဖြင့် မလှုပ်ရှားနိုင်သူများက ဒေါသတကြီး ကျိန်ဆဲကြတော့သည်။
“စူးယွီ... မင်း ဘာတွေလုပ်နေတာလဲ အလောင်းထိန်းချုပ်ခြင်းဂိုဏ်းကသာ သိသွားရင် မင်းရဲ့ အိမ်နဲ့ မျိုးနွယ်စုတစ်ခုလုံးကို ဖျက်ဆီးပစ်လိမ့်မယ်”
“စူးယွီ... မင်းက တကယ့် တိရစ္ဆာန်ပဲ”
“အား”
စူးယွီနှင့် အစောပိုင်းက စကားများခဲ့သော လှည်းမောင်းသမားမှာ စူးယွီ၏ ဓားမြှောင်ဖြင့် ပေါင်ကို အထိုးခံလိုက်ရပြီး ရက်စက်စွာ လှည့်ပတ်မွှေနှောက်ခြင်းကို ခံလိုက်ရရှာသည်။ သူသည် နာကျင်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေကာ မြေပြင်ပေါ်တွင် တွားသွားလျက် အော်ဟစ်နေတော့သည်။
ဇွက်…
ဇွက်….
စူးယွီ၏ မျက်နှာမှာ အေးစက်မြဲ အေးစက်နေဆဲဖြစ်ပြီး လှည်းမောင်းသမား၏ ခန္ဓာကိုယ်ထဲသို့ ဓားဖြင့် အကြိမ်ကြိမ် ထိုးနှက်နေတော့သည်။ သူ၏ နှုတ်ခမ်းများမှာ ယုတ်မာရိုင်းစိုင်းလှသော ရူးသွပ်မှု အပြုံးများအဖြစ် ကွေးညွတ်သွားပြီး “မင်း အရင်က သိပ်ပြီး မောက်မာနေတာ မဟုတ်လား အခု အော်စမ်းပါဦး။ ဆက်ပြီး အော်စမ်းပါ ညစ်ပတ်တဲ့ လှည်းမောင်းသမားတစ်ယောက်က ငါ့ရှေ့မှာ ဆရာကြီးလုပ်ရဲတယ်ပေါ့လေ”
သူ၏နောက်ကွယ်ရှိ မိစ္ဆာကျင့်ကြံသူများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပေါ်ထွက်လာသည်။
“ဒီကောင်လေးက တကယ့်ကို ရက်စက်တာပဲ ငါတို့နဲ့ လက်တွဲဖို့ အသင့်တော်ဆုံးပဲကွ”
၂၉၆
အခြားတစ်ဖက်ရှိ အလောင်းထိန်းချုပ်ခြင်းဂိုဏ်း၏ တပည့်တောင်ထိပ်တွင်မူ
လုံယီသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်ရှုလိုက်ရာ ကျင့်ကြံခြင်းအဆင့် ကဏ္ဍတွင် အချို့အရာများ ပြောင်းလဲနေသည်ကို တွေ့ရှိရသည်
[အပ်စိုက်မှတ်သုံးနေရာရ ကိုယ်ခံပညာရှင်: (၆၀၀/၆၀၀)]
[သံမဏိအရေပြား ကိုယ်ခံပညာရှင်: (၁၇၄/၆၀၀)]
[ချီသန့်စင်ခြင်း အဆင့် ၀: (၁၃၁/၆၀၀)]
အလောင်းထိန်းချုပ်ခြင်းဂိုဏ်းသို့ ရောက်ရှိသည်မှာ သုံးလပြည့်မြောက်ခဲ့ပြီဖြစ်ရာ သူ၏ ကိုယ်ခံပညာကျင့်စဉ်မှာ နောက်ထပ်အဆင့်တစ်ခုသို့ တက်လှမ်းရန် အသင့်ဖြစ်နေပြီဖြစ်သည်။ သူသည် အပ်စိုက်မှတ်သုံးနေရာရ ကိုယ်ခံပညာရှင်ဆိုသည့် စာသားနောက်ကွယ်မှ မှိန်ဖျော့ဖျော့ ပေါ်နေသော အပေါင်းသင်္ကေတကို အာရုံစိုက်ကာ စိတ်ဖြင့် ဖိနှိပ်လိုက်သည်။
[အပ်စိုက်မှတ်သုံးနေရာရ ကိုယ်ခံပညာရှင် (၆၀၀/၆၀၀) → အပ်စိုက်မှတ်လေးနေရာရ ကိုယ်ခံပညာရှင် (၀/၆၀၀)]
ထိုခဏ၌ပင် သူ၏ ကိုယ်တွင်းအင်္ဂါငါးပါးကျင့်စဉ်မှာ ချက်ချင်းပင် ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားတော့သည်။ နောက်တစ်စက္ကန့်တွင် အောက်ဘက်ဒန်တျန်အတွင်း သိုလှောင်ထားသော ပန်းနုရောင်စွမ်းအင်ထုကြီးမှာ ခန္ဓာကိုယ်အတွင်း အရှိန်အဟုန်ဖြင့် စတင်လည်ပတ်လာသည်။
ဝေါ…
လုံယီ၏ ခန္ဓာကိုယ်အတွင်းမှ သိသာထင်ရှားသော ရေစီးသံများ ထွက်ပေါ်လာပြီး အရေပြားမျက်နှာပြင်မှ အဖြူရောင် ရေနွေးငွေ့များ အလုံးအရင်းနှင့် ထွက်ပေါ်လာရာ လိုဏ်ဂူတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး အပြင်ဘက်သို့ပင် လျှံထွက်လာတော့သည်။
“ဘာတွေဖြစ်နေတာလဲ”
ဘေးချင်းကပ် လိုဏ်ဂူမှ ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်ရှိ စီနီယာအစ်ကိုတစ်ဦးမှာ ထိတ်လန့်တကြား အပြင်သို့ ထွက်ကြည့်မိပြီး ပို၍ပင် အံ့အားသင့်သွားရသည်။
“ဒါ ဘယ်လိုကျင့်စဉ်မျိုးကို ကျင့်နေတာလဲ”
“ငါ မှတ်မိသလောက်ဆိုရင် ဒီလိုဏ်ဂူက ကိုယ်ခံပညာ ကျွမ်းကျင်တဲ့ ဂျူနီယာညီလေးရဲ့ နေရာပဲ။ ကိုယ်ခံပညာမှာ နောက်ထပ် အဆင့်တက်တာများလား”
“သြော်... အဲ့ဒါကြောင့်ကိုး။ ဒါပေမဲ့ ကိုယ်ခံပညာက ဘယ်လောက်ပဲ တော်နေပါစေ။ ကြီးကျယ်တဲ့ အောင်မြင်မှုမျိုးရဖို့ ခဲယဉ်းပါတယ်။ အဲ့ဒီညီလေးအနေနဲ့ လမ်းမှားကို အမှန်
ထင်ပြီး မသေမျိုးလမ်းစဉ်ကျင့်ကြံတာကို နှောင့်နှေးမသွားဖို့ပဲ မျှော်လင့်ရတာပဲ...”
လုံယီသည် ကိုယ်ခံပညာ ကျင့်ကြံနေခြင်းဖြစ်သည်ဟု ခန့်မှန်းလိုက်မိပြီးနောက် တောင်ပေါ်ရှိ ချီကျင့်ကြံသူများက သူ့အပေါ် စိတ်ဝင်စားမှု ချက်ချင်း လျော့နည်းသွားကြသည်။ သူတို့အဖို့ ကိုယ်ခံပညာဆိုသည်မှာ အဆင့်နိမ့်သော လမ်းစဉ်ငယ်တစ်ခုမျှသာဖြစ်ရာ မည်မျှပင် ထူးခြားသည့် မြင်ကွင်းမျိုး ဖြစ်ပေါ်နေပါစေ စိတ်လှုပ်ရှားခြင်း မရှိကြပေ။
လိုဏ်ဂူအတွင်း၌မူ လုံယီသည် မျက်လုံးများကို တင်းတင်းပိတ်ထားသည်။ သူ၏ အဆင့်တက်မှုကြောင့် ဖြစ်ပေါ်လာသော ဆူညံလှုပ်ခတ်မှုမှာ ပြင်ပကမ္ဘာ၏ သတိပြုမိခြင်းကို ခံလိုက်ရပြီး လမ်းမှားကို လိုက်နေသူဟု အကဲဖြတ်ခြင်း ခံလိုက်ရသည်ကို သူ မသိရှိပေ။
ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်အတွင်း၌ ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ အနီရောင် စစ်မှန်သောခွန်အားများသည် ခန္ဓာကိုယ်အတွင်း အကြိမ်ကြိမ် လည်ပတ်ပြီးနောက် နောက်ဆုံးတွင် ကိုယ်တွင်းအင်္ဂါငါးပါးရှိရာသို့ ရောက်ရှိသွားကာ တစ်ခုချင်းစီကို သန့်စင်မြှင့်တင်ပေးသည့် ဖြစ်စဉ်ကို စတင်တော့သည်။
အင်္ဂါအစိတ်အပိုင်းများအတွင်းရှိ ဆဲလ်အမြောက်အမြားမှာ ယခင်ကထက် အဆပေါင်း ထောင်ချီသော အရှိန်ဖြင့် အသွင်ပြောင်းလဲနေပြီး အဆက်မပြတ် သေဆုံးကာ အသစ်ပြန်လည် မွေးဖွားလာကြသည်။ အရောင်မှာလည်း ရဲရဲနီရာမှ ခရမ်းပုစွန်ဆီရောင်သို့ ပြောင်းလဲသွားသည်။
မူလက နုနယ်လှသော နှလုံး၊ အသည်း၊ သရက်ရွက်၊ အစာအိမ်နှင့် ကျောက်ကပ်တို့မှာ အသွင်ကူးပြောင်းမှု တစ်ခုကို ခံယူလိုက်ရကာ သိပ်သည်းဆမှာ အဆပေါင်းများစွာ တိုးတက်လာသည်။ ၎င်းတို့၏ ကြံ့ခိုင်မှုမှာ မယုံနိုင်လောက်အောင် ခိုင်မာလာပြီး ပြင်ပမှ ရိုက်ခတ်မှုများကို ခံနိုင်ရည်ရှိစွမ်းမှာလည်း သိသိသာသာ မြင့်မားသွားတော့သည်။
သာမန်အားဖြင့် မြင်တွေ့ရသော အပြောင်းအလဲများထက် ပိုမိုနက်ရှိုင်းသည့် အသွင်ကူးပြောင်းမှုများမှာ ခန္ဓာကိုယ်အတွင်း၌ ဖြစ်ပေါ်နေသည်။ ကျစ်လျစ်ခိုင်မာလှသော အာရုံကြောကွန်ရက်တစ်ခုသည် ကိုယ်တွင်းအင်္ဂါအားလုံးကို တစ်ခုတည်းသော အစိတ်အပိုင်းကဲ့သို့ နီးကပ်စွာ ချိတ်ဆက်ပေးထားသည်။ ထို့ကြောင့် မည်သည့်အင်္ဂါအစိတ်အပိုင်းတစ်ခုကမျှ ပြင်ပမှ ရိုက်ခတ်မှုဒဏ်ကို ခံရပါစေ အားလုံးက စုပေါင်းဝေမျှခံစားကြမည်ဖြစ်ရာ ထိခိုက်ပျက်စီးမှုကို အနည်းဆုံးအဆင့်သို့ လျှော့ချပေးနိုင်မည် ဖြစ်သည်။
နှလုံး၏ အသွင်ပြောင်းလဲမှုကြောင့် သွေးလှည့်ပတ်မှုစွမ်းရည်မှာ များစွာမြင့်မားလာပြီး ကိုယ်ခံပညာရှင်၏ ခံနိုင်ရည်စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးလိုက်သည်။ ထို့ကြောင့် ခေတ္တမျှ တိုက်ခိုက်ရုံဖြင့် ချီနှင့် သွေးစွမ်းအားများ ကျဆင်းသွားခြင်းမျိုး ရှိတော့မည်မဟုတ်ပေ။ အသည်း၏ အသွင်ပြောင်းလဲမှုကလည်း အဆိပ်အတောက်များကို ဖြေဖျောက်နိုင်စွမ်းကို မြှင့်တင်ပေးလိုက်ရာ သာမန်အဆိပ်အတောက်များသည် သူ့အပေါ် မည်သို့မျှ သက်ရောက်မှုရှိတော့မည်မဟုတ်သလို သူ၏ အကြားအာရုံနှင့် အမြင်အာရုံမှာလည်း ယခင်ကထက် ပိုမိုစူးရှလာတော့သည်။ ထို့အပြင် ကျောက်ကပ်၏ အသွင်ပြောင်းလဲမှုကလည်း ချီနှင့် သွေးစွမ်းအား၏ အကန့်အသတ်ကို တိုးမြှင့်ပေးလိုက်သည်။
လုံယီသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်ရှုလိုက်ရာ
[အမည်: လုံယီ]
[အသက်: ၂၀ / ၁၃၀]
[ကျင့်ကြံခြင်းအဆင့်: အပ်စိုက်မှတ်လေးနေရာရ ကိုယ်ခံပညာရှင်: (၀/၆၀၀)]
[သံမဏိအရေပြား ကိုယ်ခံပညာရှင်: (၁၇၄/၆၀၀)]
[ချီသန့်စင်ခြင်း အဆင့် ၀: (၁၃၁/၆၀၀)]
[စွမ်းအင်: ၁၅၅၈၆]
ယခုတစ်ကြိမ် အဆင့်တက်ပြီးနောက် သူ၏ အသက်တမ်းမှာ ဆယ်နှစ်တိတိ တိုးလာခဲ့သည်။ ၎င်းမှာ ကိုယ်တွင်းအင်္ဂါငါးပါးနှင့် အူလမ်းကြောင်းများ အသွင်ပြောင်းလဲမှုကြောင့် ရရှိလာသော တိုက်ရိုက်အကျိုးကျေးဇူးပင်။ ဝူကျိုနယ်မြေရှိ အဆုံးမရှိသော ပိုးမွှားများ၏ ကျေးဇူးကြောင့် သူ၏ စွမ်းအင်များမှာ သောင်းဂဏန်းအထိ စုမိနေပြီ ဖြစ်သည်။ သို့သော်လည်း နောက်ပိုင်းတွင် စွမ်းအင်စုဆောင်းနိုင်မှုနှုန်းမှာ တစ်နေ့လျှင် တစ်ရာကျော်ခန့်သာ ရှိတော့သဖြင့် အနည်းငယ် လျော့နည်းလာခဲ့သည်။
လုံယီသည် သူ၏ ခွန်အားပြောင်းလဲမှုကို စမ်းသပ်ကြည့်လိုက်သည်။ လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ လေထုထဲတွင် ဝဲဂယက်များ ဖြစ်ပေါ်သွားပြီး လိုဏ်ဂူတစ်ခုလုံး တုန်ခါသွားတော့သည်။
ပေါင်ချိန် ငါးသောင်းထက် ကျော်လွန်နေပြီပဲ။
လုံယီက ခန့်မှန်းလိုက်မိသည်။
သူသည် ဝူကျိုနယ်မြေရှိ စိုက်ခင်းများဆီသို့ သွားကာ နဂါးဖောက်ထွင်းကျင့်စဉ်လျှို့ဝှက်အတတ်ကို ပေါင်းစပ်အသုံးပြု၍ စမ်းသပ်ကြည့်ရာ ထိတ်လန့်ဖွယ်ရာ အမှန်တရားတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ သူ၏ စုစုပေါင်းခွန်အားမှာ ပေါင်ချိန် တစ်သိန်းထက် ပို၍ ကျော်လွန်သွားနိုင်ခြင်း မရှိတော့ချေ။ နဂါးဖောက်ထွင်းကျင့်စဉ်တွင်လည်း ၎င်း၏ အကန့်အသတ် ရှိနေပုံပင်။
အခြေခံခွန်အားသည် ပေါင်ချိန် ငါးသောင်းထက် ကျော်လွန်သွားချိန်တွင် ခွန်အားကို နှစ်ဆတိုးပွားစေနိုင်ခြင်း မရှိတော့ပေ။ ပေါင်ချိန် တစ်သိန်းဆိုသည်မှာ အတားအဆီး ကန့်သတ်ချက်
တစ်ခုပင်။
သို့သော်လည်း သူ၏အခြေခံခွန်အားမှာ ငါးသောင်းကျော်ရုံမျှသာ ရှိသေးသဖြင့် အာရုံခံစားမှုမှာ အပြည့်အဝ တိကျမည်မဟုတ်ရာ နောက်တစ်ကြိမ် အဆင့်တက်ချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် အပ်စိုက်မှတ်လေးနေရာရ ကိုယ်ခံပညာရှင်အဆင့်သို့ ရောက်ရှိပြီးနောက် လုံယီ၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောခွန်အားများမှာလည်း ပိုမိုအားကောင်းလာခဲ့သည်။ အရောင်မှာ ပန်းနုရောင်ပင် ဖြစ်သော်လည်း အပ်စိုက်မှတ်သုံးနေရာရ ကိုယ်ခံပညာရှင်အဆင့်ကထက် ပိုမိုရင့်မှိုင်းလာသည်ကို သတိပြုမိနိုင်သည်။
ပြင်ပသို့ ထုတ်လွှတ်လိုက်သော စစ်မှန်သောခွန်အား၏ စွမ်းပကားနှင့် ပတ်သက်၍မူ...
ရှုး….
လုံယီသည် သူ၏ ညာဘက်လက်ညှိုးကို ဆန့်ထုတ်လိုက်ရာ အနီရောင် စွမ်းအင်တန်းတစ်ခုသည် လက်ညှိုးမှ ပန်းထွက်သွားပြီး ဘေးနားရှိ မာကျောလှသော တောင်နံရံကို တိုက်ရိုက်ဖောက်ထွင်းသွားတော့သည်။ သူသည် အနီးသို့သွား၍ စစ်ဆေးကြည့်ရာ သူ၏ အံ့မခန်းအမြင်အာရုံဖြင့် ထိုအပေါက်မှာ တစ်ပေကျော်ခန့် နက်သည်ကို တွေ့ရှိလိုက်ရသည်။
၎င်းမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ဤတောင်နံရံ၏ မာကျောမှုမှာ သူ၏အတိတ်ဘဝက ဂရန်းနိုက်ကျောက်များထက်ပင် များစွာပို၍ မာကျောလှသည်။ သံချပ်ကာဖောက် ကျည်ဆန်အသုံးပြုထားသော ဘဲရက်ရိုင်ဖယ်ဖြင့် ပစ်ခတ်လျှင်ပင် အများဆုံး တစ်လက်မ သို့မဟုတ် နှစ်လက်မခန့်သာ နက်နိုင်မည်ဖြစ်သည်။ ယခုမူ သူ၏ ခန္ဓာဖောက်စစ်မှန်သောခွန်အား၏ တိုက်ခိုက်နိုင်စွမ်းမှာ ဘဲရက်ရိုင်ဖယ်ထက် အဆပေါင်းများစွာ သာလွန်သွားခဲ့ပြီ ဖြစ်သည်။
အကယ်၍ ကျင့်ကြံသူတစ်ဦးအပေါ် အသုံးပြုမည်ဆိုလျှင် ချီသန့်စင်ခြင်း နောက်ဆုံးအဆင့်ရှိသူပင်လျှင် တောင့်ခံနိုင်မည်မဟုတ်ဟု လုံယီ ယုံကြည်မိသည်။ သို့သော်လည်း သူသည် ထိုအဆင့်ရှိ ကျင့်ကြံသူများနှင့် လက်တွေ့တိုက်ပွဲ အတွေ့အကြုံ မရှိသေးသဖြင့် အားလုံးမှာ ခန့်မှန်းချက်သာ ဖြစ်သည်။ အလုပ်ဖြစ်မဖြစ်ကိုမူ တိုက်ပွဲတွင်သာ စမ်းသပ်ရပေမည်။
လုံယီသည် ဝူကျိုနယ်မြေရှိ စိုက်ခင်းများသို့ သွားရောက်စမ်းသပ်ရာ စစ်မှန်သောခွန်အား၏ ထိရောက်သော အကွာအဝေးမှာလည်း များစွာတိုးတက်လာကြောင်း တွေ့ရှိရသည်။ ယခုအခါ တစ်ကီလိုမီတာ အကွာအဝေးမှ ရန်သူ၏ဦးခေါင်းကို အခက်အခဲမရှိ ပစ်ခတ်နိုင်ပြီ ဖြစ်သည်။ ဤကဲ့သို့သော အဝေးပစ်တိုက်ခိုက်ရေးနည်းလမ်း ရှိနေပြီဖြစ်ရာ လေးဂွကို နောက်ထပ် လိုအပ်တော့မည်မဟုတ်ပေ။
အပ်စိုက်မှတ်လေးနေရာရ ကိုယ်ခံပညာရှင်အဆင့်သို့ ရောက်ရှိပြီးနောက် ဒုတိယအဆင့် အဝါရောင်အဆင့် အသက်ရှူကျင့်စဉ်၏ ကျွမ်းကျင်မှုအမှတ်မှာ ထပ်မံ၍ လျော့ကျသွားပြန်သည်။ ကိုယ်တိုင်တက်ကြွစွာ လေ့ကျင့်ပါက တစ်နေ့လျှင် ကျွမ်းကျင်မှု ၅ မှတ် တိုးတက်နိုင်ပြီး ပုံမှန်အတိုင်းဆိုလျှင် ၂ မှတ်သာ တိုးတက်မည်ဖြစ်သည်။
ထို့ကြောင့် ပဉ္စမမြောက် သွေးကြောမှတ်ကို ဖောက်ထွင်းရန်အတွက် နောက်ထပ် လေးလခန့် ကြိုးစားအားထုတ်ရဦးမည် ဖြစ်သည်။ ဤနှုန်းအတိုင်းဆိုလျှင် ကိုယ်ခံပညာကျင့်စဉ် အောင်မြင်ပြည့်စုံရန်အတွက် အနည်းဆုံး နောက်နှစ်အထိ အချိန်ယူရပေလိမ့်မည်။
သွေးကြောငါးမှတ်က အထွတ်အထိပ်လို့ လူတွေ ပြောကြပေမဲ့ ငါ့အတွက်တော့ အားမရသေးဘူး။ ဒီထက်မြင့်တဲ့ နယ်ပယ်တစ်ခုခုတော့ ရှိရဦးမယ်။ မဟုတ်ရင် ကိုယ်ခံပညာ လမ်းစဉ်က ဒီလောက်နဲ့တင် အဆုံးသတ်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရှေ့ဆက်ရမယ့် လမ်းကြောင်းကို ငါ ဘယ်လို ရှာဖွေရမလဲ။
လုံယီ စဉ်းစားနေမိတော့သည်။
ရှေးစကားတစ်ခုရှိသည်မှာ "အမြော်အမြင်မရှိသူသည် လက်ငင်းသောကနှင့် ကြုံရတတ်သည်" ဟူ၍ပင်။ ထို့ကြောင့် လုံယီသည် ကိုယ်ခံပညာ၏ အနာဂတ်အတွက် ပိုမိုနက်ရှိုင်းစွာ ကြိုတင်စဉ်းစားရပေမည်။ အဘယ်ကြောင့်ဆိုသော် အခြားသူများနှင့် နှိုင်းယှဉ်လျှင် သူ၏ အားသာချက်မှာ ကိုယ်ခံပညာရပ်တွင်သာ အဓိကရှိနေသောကြောင့်ပင်။
မသေမျိုးလမ်းစဉ်ကျင့်ကြံခြင်းမှာ အလွန်နှေးကွေးလှရာ ၎င်းမှာ တိုက်ခိုက်ရေးစွမ်းအားတစ်ခုအဖြစ် အသွင်မပြောင်းမီအထိ မည်မျှကြာအောင် အချိန်ပေးရမည်ကို မခန့်မှန်းနိုင်ချေ။
"ထားလိုက်ပါတော့လေ... တစ်လှမ်းချင်းစီပဲ သွားရမှာပေါ့။ အသက်ရှူကျင့်စဉ်က အထွတ်အထိပ်ကို ရောက်သွားရင်တောင် အရေပြားသန့်စင်ခြင်းအတတ်က ကျန်သေးတာပဲ။ တခြား ကိုယ်ခံပညာ လေ့ကျင့်ခန်းသစ်တွေကို ရှာဖွေရုံပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ တိုးတက်မှုအရှိန်ကိုတော့ ရပ်တန့်လို့ မဖြစ်ဘူး။
ကိုယ်ခံပညာရှင်ဆိုတာ တကယ်ပဲ အမြင့်ဆုံးလား...။ ဒဏ္ဍာရီထဲက 'ကိုယ်ခံပညာနတ်ဘုရား' အဆင့်ဆိုတာ တကယ်ကော ရှိရဲ့လား။ အလောင်းထိန်းချုပ်ခြင်းဂိုဏ်းက နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ ဂိုဏ်းကြီးဆိုတော့ ကျင့်စဉ်ခန်းမထဲမှာ သက်ဆိုင်ရာ မှတ်တမ်းတွေ ရှိကောင်းရှိနိုင်မှာပဲ။ ငါ အဲဒီမှာ သွားရှာကြည့်ရမယ်"
ကိုယ်ခံပညာအကြောင်းကို ဆင်ခြင်ပြီးနောက် လုံယီသည် မသေမျိုးလမ်းစဉ် အတတ်ပညာများကို စတင်လေ့လာတော့သည်။
[မှော်အတတ်များ: အလောင်းထိန်းချုပ်ခြင်းအတတ်: (ကျွမ်းကျင်အဆင့် ၀/၅၀၀၀)၊ မိုးခေါ်အတတ်: (ကျွမ်းကျင်မှုအဆင့် ၀/၂၀၀)၊ ဓားပျံထိန်းချုပ်ခြင်းအတတ်: (အစမပြုရသေး)]
ဓားပျံထိန်းချုပ်ခြင်းအတတ်အတွက် လိုအပ်သော သင်ယူမှုအခြေအနေမှာ ယခုထက်ထိ ပေါ်ပေါက်လာခြင်း မရှိသေးပေ။ လောလောဆယ်တွင် သူ၏ ပါရမီဖြင့် ထိန်းချုပ်ခြင်းနှင့် အနည်းငယ် ထပ်တူကျနေသော အလောင်းထိန်းချုပ်ခြင်းအတတ်မှလွဲလျှင် မိုးခေါ်အတတ်တစ်ခုတည်းကိုသာ သူ တတ်မြောက်ထားသေးသည်။
သူ့ထံတွင် စွမ်းအင်များ ပေါများစွာ ရှိနေသဖြင့် လုံယီသည် မိုးခေါ်အတတ်ကို နောက်တစ်ဆင့်သို့ ပေါ့ပေါ့ပါးပါးပင် မြှင့်တင်လိုက်သည်။
[မိုးခေါ်အတတ် (ကျွမ်းကျင်မှုအဆင့် ၀/၂၀၀) → မိုးခေါ်အတတ် (ကျွမ်းကျင်နှံ့စပ်မှုအဆင့် ၀/၁၀၀၀)]
ရင်းနှီးခြင်းမရှိသော မှတ်ဉာဏ်အသစ်များ သူ၏စိတ်ထဲတွင် ပေါ်ပေါက်လာသည်။ ထိုမှတ်ဉာဏ်များထဲတွင် သူသည် အဆင့်မြင့်ကျင့်ကြံသူများရှိသော ကြီးကျယ်ခမ်းနားသည့် မသေမျိုးကျင့်ကြံရေး မိသားစုတစ်ခုတွင် မွေးဖွားလာသူ ဖြစ်သည်။ သို့သော် သူသည် ဝိညာဉ်
အမြစ်ပါရမီညံ့ဖျင်းပြီး မိဘမဲ့ဖြစ်နေသော သာမန်ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့်တွင် ရှေ့သို့ ဆက်မတိုးနိုင်တော့သဖြင့် မိသားစုက သူ့ကို တောရိုင်းမြေလွတ်နယ်မြေများသို့ စေလွှတ်ကာ ဝိညာဉ်စိုက်ခင်းများကို ပြုစုပျိုးထောင်ရန် တာဝန်ပေးခဲ့သည်။ အသက်နှစ်ဆယ်အရွယ် လူငယ်ဘဝမှသည် အသက်လေးဆယ်မှ အိမ်ထောင်ကျသော လူလတ်ပိုင်းဘဝ၊ ထို့နောက် သေခါနီးဖြစ်နေသော ဆံပင်ဖြူအဘိုးအိုဘဝအထိ... လုံယီ၏ ကျင့်ကြံခြင်းမှာ ချီသန့်စင်ခြင်း ပထမအဆင့်မှ တတိယအဆင့်သို့သာ ရောက်ရှိခဲ့သည်။
သို့သော် သူ၏ မိုးခေါ်အတတ်မှာမူ အလွန်ပင် ပြောင်မြောက်လှရာ မိသားစုအတွင်း ထိပ်တန်းစာရင်းဝင်တစ်ဦး ဖြစ်ခဲ့သည်။ လက်တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် ကျယ်ပြန့်သော ဧရိယာအနှံ့ ဝိညာဉ်မိုးများ ရွာသွန်းစေနိုင်ပြီး သူစိုက်ပျိုးသော ဝိညာဉ်စိုက်ခင်းများ၏ ရလဒ်မှာလည်း မိသားစုအတွင်း အကောင်းဆုံး ဖြစ်ခဲ့သည်။
ထိုမှတ်ဉာဏ်များမှာ ဤနေရာတွင်ပင် အဆုံးသတ်သွားပြီး လက်တွေ့လောကတွင် လုံယီ မျက်လုံးပွင့်လာသည်။ အေးမြသော စွမ်းအင်တစ်ခုသည် ဟင်းလင်းပြင်မှတစ်ဆင့် သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်။ ၎င်းမှာ သူ၏ အသားခန္ဓာအပေါ် မည်သို့မျှ သက်ရောက်မှုရှိပုံမရဘဲ ဦးခေါင်းပိုင်းဆီသို့သာ တစ်ဖန် ပြောင်းရွှေ့သွားတော့သည်။
ကွိ...
သူ၏စိတ်ထဲတွင် လင်းယုန်ငှက်တစ်ကောင်သည် စိတ်လှုပ်ရှားစွာ ဟစ်အော်လိုက်ပြီး နှုတ်သီးကိုဖွင့်ကာ ထိုစွမ်းအင်များကို အဆက်မပြတ် ဝါးမြိုနေတော့သည်။ ၎င်း၏ ခန္ဓာကိုယ်မှာလည်း လင်းလက်တောက်ပလာပြီး အလွန်ပင် လှပနေတော့သည်။