အခန်း (၂၉၉-၃၀၀)
Vol. 30 Ch. 299-300
၂၉၉
သိုက်ရှန့်သည် အသစ်ရရှိထားသော ချီစုပ်ယူခြင်းဆေးလုံးကို ပါးစပ်ထဲသို့ အလျင်အမြန် ပစ်ထည့်လိုက်ပြီး နောက်ထပ်စစ်ဆေးမှုများအတွက် သူ၏ ဝိညာဉ်စွမ်းအားကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းလိုက်သည်။
“ယို့ချင်းယီ ... အဆင့်မြင့် ဝိညာဉ်အမြစ်ပါရမီ"
ယို့ချင်းယီ၏ အလှည့်ရောက်လာသောအခါ လူတိုင်း၏ အာရုံစိုက်မှုမှာ မလွှဲမရှောင်သာဘဲ သူမထံသို့ ရောက်ရှိသွားတော့သည်။ ဤပါရမီရှင်မလေး မည်သို့သော ရလဒ်မျိုး ရရှိမည်ကို အားလုံးက သိလိုနေကြကာ နောက်တစ်ခဏ၌ ကျောက်စိမ်းနံရံကြီးမှာ တောက်ပသော အနီရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်ရာ ယခင်က မြင်တွေ့ခဲ့ရသော အလင်းများထက် များစွာပို၍ လင်းလက်နေတော့သည်။
“အဆင့်မြင့် ဝိညာဉ်အမြစ်ပါရမီရှင်ပီပီ ကျင့်ကြံခြင်းမှာ တကယ့်ကို အားထုတ်ထားပုံပဲ။ မဆိုးဘူး”
အနီရောင်ဝတ်စုံဝတ် အဘိုးအိုက ပထမဆုံးအကြိမ် ချီးကျူးစကား ပြောလိုက်သည်။
“က အနုတ်"
က အနုတ်ဆိုသည့် အကဲဖြတ်မှုကို ကြားလိုက်ရသောအခါ အခင်းဖြစ်ပွားရာနေရာရှိ လူအများမှာ အံ့အားသင့်သွားကြသည်။ ၎င်းမှာ ဂိုဏ်းမှ ပုံမှန်အားဖြင့် ပေးလေ့ရှိသော အမြင့်ဆုံး အဆင့်အတန်းဖြစ်ကြောင်း လူတိုင်း သိရှိထားကြသည်။
(ဘာသာပြန်သူမှတ်ချက်- မူရင်းမှာကလေ အဆင့်တွေကို ကျွန်တော်တို့ ဗျည်းအက္ခရာတွေလိုပေးထားတာဖို့ အခုဘာသာပြန်တဲ့အခါ ကျွန်တော်က က၊ခ၊ဂ……အဲ့လိုလေးပဲဘာသာပြန်ထားတယ်ဗျ။ abcကျတော့ ရှေးခေတ်မှာကျမပေါ်သေးဘူးလေ။ အမှားပါရင်ခွင့်လွှတ်ပေးကြပါဗျ)
“ရုံရွှယ်ကျန့်... အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်ပါရမီ"
ရုံရွှယ်ကျန့်၏ အလှည့်တွင်လည်း လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ သူသည် အလယ်အလတ်အဆင့် ပါရမီရှင်ဟု ဆိုသော်လည်း အဆင့်မြင့်အဆင့်နှင့် တစ်လှမ်းသာ ကွာဝေးသော ထိပ်တန်းအဆင့်ဖြစ်ကြောင်း အားလုံး သိကြသည်။ သူ၏ လက်ဝါးကို ကျောက်စိမ်းနံရံပေါ် တင်လိုက်သောအခါ ထွက်ပေါ်လာသော အလင်းမှာ ယို့ချင်းယီထက် အနည်းငယ်သာ မှိန်ဖျော့သည်။
“ခ အပေါင်း"
ရုံရွှယ်ကျန့်အတွက်လည်း စောင့်ရှောက်သူဝမ်က ကျေနပ်စွာ ခေါင်းညိတ်ပြခဲ့သည်။
ထို့နောက်တွင် အခြားသူအမြောက်အမြား ဆက်လက်စစ်ဆေးခံကြသော်လည်း ဝဝဖိုင့်ဖိုင့် သိုက်ရှန့်ထက် ပိုကောင်းသူမှာ အလွန်ပင် ရှားပါးလှပြီး အများစုမှာ ဂ အနုတ်မှ ဂ အပေါင်းအတွင်းသာ ရှိကြသည်။
“ဝမ်ဝမ်ပိုင်.. အဆင့်မြင့် ဝိညာဉ်အမြစ်ပါရမီ"
ဖြူဖြူဖွေးဖွေး၊ ဝဝဖိုင့်ဖိုင့်နှင့် မောက်မာသော အရှိန်အဝါရှိသည့် လူငယ်တစ်ဦး ရှေ့သို့ တက်လှမ်းလာသည်။ သူ၏ လက်ဝါးကို ကျောက်စိမ်းနံရံပေါ် တင်လိုက်ချိန်တွင် ပါးများဖောင်းတက်လာကာ နဖူးပေါ်ရှိ သွေးကြောများမှာလည်း ဝိညာဉ်စွမ်းအားကို အတင်းအဓမ္မ ညှစ်ထုတ်နေသကဲ့သို့ ဖောင်းကားနေတော့သည်။
အနီရောင်ဝတ်စုံဝတ် အဘိုးအိုက ခေါင်းကို အနည်းငယ် ခါလိုက်ပြီး “မင်းရဲ့ ဝိညာဉ်စွမ်းအား စုဆောင်းမှုက အစောပိုင်းက ရုံမျိုးနွယ်ဝင် တပည့်နဲ့တောင် ယှဉ်နိုင်ပုံမရဘူး"
“ခ အပေါင်း"
စောင့်ရှောက်သူဝမ်ဆီမှ ဤအကဲဖြတ်မှုကို ကြားလိုက်ရသောအခါ ဝမ်ဝမ်ပိုင်၏ မျက်နှာမှာ ရုတ်တရက်ဆိုသလို ပျက်ယွင်းသွားတော့သည်။
"ဆရာ... ကျွန်တော့်ရဲ့ ဝိညာဉ်စွမ်းအားက ရုံရွှယ်ကျန့်နဲ့ အတူတူပဲကို ဘာလို့ ကျွန်တော်က ခ အပေါင်းဖြစ်ပြီး သူက ခ အနုတ် ဖြစ်ရတာလဲခင်ဗျာ"
"မင်းရဲ့ ဝိညာဉ်အမြစ်ပါရမီက သူ့ထက် သာနေပါလျက်နဲ့ ဝိညာဉ်စွမ်းအား စုဆောင်းမှုက သူ့လောက်ပဲ ရှိနေလို့ အဆင့်တစ်ဆင့် အနှုတ်ခံလိုက်ရတာပဲ။ ဘာပြဿနာရှိလို့လဲ" စောင့်ရှောက်သူဝမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ဝမ်ဝမ်ပိုင်သည် မကျေမနပ်ဖြင့် နောက်သို့ ဆုတ်ပေးလိုက်ရတော့သည်။ သူ၏ ရင်ထဲတွင် အလွန်ပင် ခံပြင်းနေမိသည်မှာ ယို့ချင်းယီ၏ အဆင့်ကို မမီသည်က ထားပါဦး ယခုမူ ရုံရွှယ်ကျန့်ထက်ပင် နိမ့်ကျသွားသည်ဟု ခံစားရသဖြင့် အတော်လေးကို စိတ်မသက်မသာ ဖြစ်နေမိသည်။
"ညီအစ်ကိုဝမ်... စိတ်မပူပါနဲ့ဦး။ အကဲဖြတ်စရာ လေးခုတောင် ကျန်ပါသေးတယ်။ တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး"
ဘေးနားရှိ တစ်ဦးက နှစ်သိမ့်လိုက်သည်။
"နောက်ဆုံးမှာတော့ အစ်ကိုကြီးကပဲ ထိပ်ဆုံးမှာ ရှိနေဦးမှာပါ"
ထိုစကားကြောင့် ဝမ်ဝမ်ပိုင်သည် ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီး မျက်နှာ အနည်းငယ် ပြန်ပွင့်လာသည်။ သူ၏ ဆေးဖော်စပ်ခြင်းအဆင့်မှာ ခ အနုတ်ဖြစ်ပြီး ဝိညာဉ်စွမ်းအားမှာ ခ အပေါင်းရထားသည်။ ကျန်ရှိသော မှော်အတတ်နှင့် အလောင်းထိန်းချုပ်ခြင်း ကဏ္ဍနှစ်ခုသာ ကောင်းမွန်ပါက နောက်ဆုံး စုစုပေါင်းရမှတ်မှာ ယို့ချင်းယီနှင့် ယှဉ်နိုင်ဦးမည်ဟု သူ တွေးတောနေမိသည်။
သူ နောက်သို့ လှည့်ကြည့်လိုက်သောအခါ လုံယီကလည်း သူ့ဘက်သို့ လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။ လုံယီ၏ အကြည့်မှာ တည်ငြိမ်လွန်းလှပြီး မည်သည့်ခံစားချက်မျှ ပါဝင်ခြင်း မရှိပေ။ သို့သော် ဝမ်ဝမ်ပိုင်၏ စိတ်ထဲတွင်မူ ထိုအကြည့်မှာ ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ကဲ့သို့ ခံစားလိုက်ရသည်။
မင်းက ဘယ်သူမို့လို့ ငါ့ကို ဒီလိုမျိုး တန်းတူရည်တူ စိုက်ကြည့်ရဲရတာလဲ။ အဆင့်နိမ့် ပါရမီရှင်တစ်ယောက်ပဲဟာကို။
ငါ့ရဲ့ ဝိညာဉ်အလောင်းကိုလည်း လုယူတယ်။ ငါ့ရဲ့ အကဲဖြတ်မှုတွေ က အဆင့်မရတာလည်း မင်းကြောင့်ပဲ။ အားလုံးက မင်းအပြစ်တွေပဲ။
မျှော်လင့်သလောက် အမှတ်မရခဲ့သော စိတ်ပျက်မှုများ၊ ရန်ငြိုးဟောင်းများနှင့် ရန်ငြိုးသစ်များ စုပေါင်းသွားသောအခါ ဝမ်ဝမ်ပိုင်၏ စိတ်သည် အလွန်ပင် ထိခိုက်လွယ်နေတော့သည်။ သူ၏ ရင်ထဲတွင် အမည်မဖော်နိုင်သော ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်လာပြီး မျက်နှာတစ်ခုလုံး ပူထူလာကာ အာခေါင်များပါ ခြောက်ကပ်လာတော့သည်။
"ညီအစ်ကိုဝမ်... တစ်ခုခု ဖြစ်လို့လား"
ဘေးနားရှိလူက တစ်ခုခု ထူးခြားနေသည်ကို သတိပြုမိသဖြင့် မေးမြန်းလိုက်သည်။
"အဲ့ဒီ လုံဆိုတဲ့ကောင်က တော်တော်လေး ယုံကြည်ချက် ရှိနေပုံပဲ"
ဝမ်ဝမ်ပိုင်က အေးစက်စွာ ပြောလိုက်သည်။
"သြော်... အဲ့ဒီ လူရိုင်းကို ပြောတာလား သူက အဆင့်နိမ့် ပါရမီရှင်တစ်ယောက်ပဲဟာ။ ဘာတွေ ယုံကြည်ချက် ရှိနေစရာ လိုလို့လဲ"
ဘေးနားရှိလူက နားမလည်နိုင်သလို ပြန်ပြောလိုက်သည်။
“ဒီလူရိုင်းက သူ့ကိုယ်သူ အဆင့်မြင့်ပါရမီရှင်တွေထက်တောင် သာတယ်လို့ ထင်နေတာလား မသိဘူး”
ဝမ်ဝမ်ပိုင်က လှောင်ပြောင်သရော်လိုက်သည်။
သူသည် လူတိုင်းကြားစေရန် တမင်တကာ အသံကျယ်ကျယ်ဖြင့် ပြောဆိုခြင်းပင်။ ဘေးပတ်ဝန်းကျင်ရှိ တပည့်များမှာ ထိုစကားကို ကြားရသောအခါ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဝမ်ဝမ်ပိုင်သည် လုံယီကို အဘယ်ကြောင့် ဒီလောက်အထိ တောက်လျှောက် အငြိုးအတေးထားနေရတာလဲဟု နားမလည်နိုင် ဖြစ်နေကြတော့သည်။
“လုံယီ... အဆင့်နိမ့် ဝိညာဉ်အမြစ်ပါရမီ"
အမည်ခေါ်သံကြားသည်နှင့် လုံယီသည် ရှေ့သို့ တက်လှမ်းသွားပြီး ကျောက်စိမ်းနံရံပေါ်ရှိ လက်ဝါးပုံစံ အကွက်ထဲသို့ သူ၏လက်ကို ထည့်သွင်းလိုက်သည်။ သူ၏ စွမ်းအားကို စတင်ထုတ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော စုပ်ယူမှုအားတစ်ခုက သူ၏ ဝိညာဉ်စွမ်းအားများကို ဆွဲငင်သွားသည်ကို ခံစားလိုက်ရသည်။ သူ၏ ယင်သွေးကြောအတွင်းရှိ ဝိညာဉ်ချီအားလုံးနီးပါးမှာ ခမ်းခြောက်သွားမတတ် စုပ်ယူခြင်း ခံလိုက်ရတော့သည်။
လုံယီ၏ ဝိညာဉ်စွမ်းအားကို စုပ်ယူပြီးနောက်တွင်မူ နို့နှစ်ရောင် ကျောက်စိမ်းနံရံကြီးမှာ မှိန်ဖျော့ဖျော့ အနီရောင်အလင်းတန်းများကို ထုတ်လွှတ်လာသည်။ သို့သော် ထိုအရောင်မှာ အခြားသူအများစု၏ အလင်းထက် သိသိသာသာ ပိုမိုတောက်ပနေသည်။
“မင်းရဲ့ စုစုပေါင်း ဝိညာဉ်စွမ်းအားက အလယ်အလတ်အဆင့် ပါရမီရှင်အချို့နဲ့ယှဉ်ရင်တောင် လျော့မနေဘူးပဲ”
စောင့်ရှောက်သူဝမ်က လုံယီကို အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက် အဆင့်သတ်မှတ်ချက် ပေးလိုက်သည်။
“ခ အပေါင်း"
အလယ်အလတ်အဆင့် ပါရမီရှင်တစ်ယောက်ရဲ့ အဆင့်ပဲပေါ့။
လုံယီက မအံ့သြဘဲ တွေးလိုက်မိသည်။
သာမန်အားဖြင့် အလယ်အလတ်အဆင့် ပါရမီရှင်တစ်ဦး၏ ကျင့်ကြံခြင်းနှုန်းမှာ အဆင့်နိမ့်ထက် ၁.၅ ဆ မှ ၂ ဆအထိ ပိုမိုမြန်ဆန်တတ်သည်။ သို့သော် လုံယီ၏ဘက်
တွင်မူ မွေးရာပါ ဝိညာဉ်အလောင်း၏ အကူအညီနှင့် ယခင်က ဆုလာဘ်အဖြစ် ရရှိထားသော ချီစုပ်ယူခြင်းဆေးလုံးနှစ်ပုလင်းတို့ကြောင့် သူ၏ကျင့်ကြံမှုနှုန်းမှာ အလယ်အလတ်အဆင့် ပါရမီရှင်တစ်ဦးထက် မနိမ့်ကျခဲ့ခြင်းပင်။
အကယ်၍ နောင်တွင် ဆေးလုံးများ အဆက်မပြတ် မထောက်ပံ့နိုင်ပါက အလယ်အလတ်အဆင့်ထက် ပြန်လည်နိမ့်ကျသွားဦးမည်ကို သူ သိထားသည်။
ငါသာ ဂိုဏ်းအပြင်ဘက်ကို ထွက်ခွင့်ရရင် ယင်ဓာတ်ရှိတဲ့ မိစ္ဆာသတ္တဝါတွေကို ရှာဖွေပြီး ငါ့ရဲ့ ဝိညာဉ်အမြစ်ပါရမီကို မြှင့်တင်ရမယ်။
လုံယီက စိတ်ကူးလိုက်သည်။
ထို့နောက် သူသည် ဝမ်ဝမ်ပိုင်ဘက်သို့ နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။ ယခုတစ်ကြိမ်တွင်မူ သူ၏ အကြည့်များထဲ၌ အဓိပ္ပာယ်တစ်မျိုးကို တမင်တကာ ထည့်သွင်းထားသည်။ အစောပိုင်းက ဝမ်ဝမ်ပိုင်၏ ရန်စစကားများကို လုံယီ ကောင်းကောင်းကြားလိုက်ရသည်။
ထိုသို့သောသူမျိုးကို စကားနာကျင်အောင် ပြောနေခြင်းမှာ ကိုယ့်ကိုကိုယ် သိက္ခာချရာရောက်ပေလိမ့်မည်။ တစ်ချက်မျှ ကြည့်လိုက်ရုံနှင့်ပင် သူ နားလည်သွားစေရန် လုံလောက်လှပြီ ဖြစ်သည်။
"ဒီကောင်စုတ်..."
ဝမ်ဝမ်ပိုင်၏ ရင်ထဲမှ ဒေါသမီးမှာ ယခင်ကထက် ပိုမိုပြင်းပြစွာ တောက်လောင်လာတော့သည်။
ဘေးပတ်ဝန်းကျင်ရှိ လူအချို့၏ ရံဖန်ရံခါ လှမ်းကြည့်မှုများမှာ သူ့ကို လှောင်ပြောင်နေကြသည်ဟုပင် သူ ထင်မှတ်နေမိသည်။ သို့သော် လုံယီ၏ ဝိညာဉ်စွမ်းအား အကဲဖြတ်မှုမှာ သူ့ထက် မနိမ့်ကျနေခြင်းက ဝမ်ဝမ်ပိုင်ကို အကြီးအကျယ် ဒေါသထွက်စေပြီး မည်သို့မျှ ပြန်လည်မချေပနိုင်အောင် ဖြစ်နေရသည်။
နောက်ထပ် အကဲဖြတ်မှုတွေမှာတော့ ငါ ပထမနေရာကို ကျိန်းသေပေါက် လုယူရမယ်။ အဲ့ဒီအခါကျမှ သူ ဘယ်လောက်တောင် ရယ်စရာကောင်းလဲဆိုတာ သိစေရမယ်။
ဝမ်ဝမ်ပိုင်က ကြုံးဝါးလိုက်မိသည်။
“နောက်တစ်ဆင့်ကတော့ မှော်အတတ် စစ်ဆေးခြင်းပဲ”
စောင့်ရှောက်သူဝမ်၏ အေးစက်သော အသံမှာ လူတိုင်း၏ နားထဲသို့ ရောက်ရှိလာသည်။
“မင်းတို့ သင်ယူထားတဲ့ အတတ်ပညာတွေထဲက ကြိုက်တာကို ရွေးချယ်ပြသနိုင်တယ်။ အများစုကတော့ မိုးခေါ်အတတ်ပဲ ဖြစ်လိမ့်မယ်လို့ ငါ ထင်ပါတယ်"
“သိုက်ရှန့် ”
စောင့်ရှောက်သူဝမ်၏ ဘေးရှိ တပည့်က အမည်များကို တစ်ဖန်ပြန်၍ ခေါ်ယူလိုက်ပြန်သည်။
ဝဝဖိုင့်ဖိုင့် လူငယ်လေး သိုက်ရှန့်မှာ မျက်နှာငယ်လေးဖြင့် “ကျွန်တော် မိုးခေါ်အတတ်ကိုပဲ ပြသပါ့မယ်” ဟု ပြောလိုက်သည်။ သူသည် ဤအတတ်ကို လွန်ခဲ့သော ရက်အနည်းငယ်ကမှ တတ်မြောက်ခဲ့ခြင်းဖြစ်ပြီး ကျွမ်းကျင်မှု မရှိသေးသဖြင့် စိတ်ထဲတွင် မတင်မကျ ဖြစ်နေရှာသည်။
ကံမကောင်းစွာဖြင့်ပင် စိတ်လှုပ်ရှားမှု လွန်ကဲနေသောကြောင့် သိုက်ရှန့်သည် ဂါထာမန်းမှု နှစ်ကြိမ်တိုင်တိုင် ကျဆုံးသွားခဲ့ပြီး တတိယအကြိမ်တွင်မှ မနည်းအောင်မြင်ခဲ့သည်။ သို့သော် မိုးရေမှာ အလွန်ပင် နည်းပါးလှသဖြင့် ဂ အပေါင်း အဆင့်သာ ရရှိခဲ့တော့သည်။
အခင်းဖြစ်ပွားရာနေရာရှိ ကျင့်ကြံသူအများစုမှာလည်း သိုက်ရှန့်ထက် မသာကြချေ။ အောင်မြင်အောင် မန်းမှုနိုင်သူများမှာ ဂ အဆင့်ဝန်းကျင်သာ ရရှိကြပြီး ငါးကြိမ်ဆက်တိုက် ကျဆုံးသူအချို့မှာမူ ဃ အဆင့်အထိ နိမ့်ကျသွားကြသည်။ ခ အဆင့်ရသူဟူ၍ တစ်ဦးမျှ မရှိသေးပေ။
အခြေအနေမှာ ယို့ချင်းယီရှေ့သို့ ထွက်လာချိန်တွင်မှ ပြောင်းလဲသွားတော့သည်။ သူမသည် တစ်ကြိမ်တည်းနှင့် အောင်မြင်ရုံသာမက အခြားသူများထက် များစွာ ပိုမိုမြန်ဆန်လှသဖြင့် ခအနုတ် အဆင့်ကို ရရှိသွားခဲ့သည်။ သူမနောက်မှ လိုက်လာသော ရုံရွှယ်ကျန့်မှာလည်း ထူးမခြားနားဘဲ ခ အနုတ် အဆင့်ကိုပင် ရရှိခဲ့သည်။
“ဒီတစ်ခေါက် ထိပ်ဆုံးကတော့ ရုံရွှယ်ကျန့်နဲ့ ယို့ချင်းယီတို့ပဲ ဖြစ်လိမ့်မယ်”
တစ်ဦးက မှတ်ချက်ပေးလိုက်သည်။
“ငါလည်း အဲ့ဒီလိုပဲ ထင်တယ်။ သူတို့မှာက အားနည်းချက်ဆိုလို့ ရှာမတွေ့သလောက်ပဲ"
“ဒါနဲ့... ဟို လုံယီ ဆိုတဲ့တစ်ယောက်ကို မှတ်မိလား။ သူ့ရဲ့ ဂါထာက တော်တော်လေး အထင်ကြီးစရာ ကောင်းတာ။ သူက အကြီးမားဆုံး မြင်းမည်းဖြစ်လာမလားပဲ...”
ဝမ်ဝမ်ပိုင်သည် ထိုစကားများကို ကြားရသောအခါ အလွန်ပင် စိတ်တိုသွားပြီး ယခုတစ်ကြိမ်တွင် သူ၏ အရည်အချင်းအစစ်အမှန်ကို ပြသရန် ဆုံးဖြတ်လိုက်သည်။ ဤအကဲဖြတ်ပွဲအတွက် သူသည် သူ၏အဘိုးဖြစ်သူ၊ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ရှိ ကျင့်ကြံသူကြီး အကြီးအကဲဝမ်ထံတွင် သုံးရက်တိုင်တိုင် အနီးကပ် လေ့ကျင့်သင်ကြားထားခဲ့ခြင်းပင်။
၃၀၀
ထို့ကြောင့် မှော်အတတ်သည် ဝမ်ဝမ်ပိုင် အယုံကြည်ဆုံးသော အရည်အချင်းတစ်ခု ဖြစ်နေပြီး ရုံရွှယ်ကျန့်နှင့် ယို့ချင်းယီတို့ထက်ပင် အဆင့်အနည်းငယ် ပိုသာသည်ဟု သူ ကိုယ်တိုင်ယူဆထားသည်။
ယခင်က လုံယီနှင့် နှိုင်းယှဉ်လျှင်ပင် သူက နိမ့်ကျသည်ဟု မခံစားရပေ။ အချို့သောသူများသည် မိမိကိုယ်ကိုယ် အမြဲတစေ အမွှမ်းတင်တတ်ကြပြီး အခြားသူများကိုမူ နှိမ့်ချကြည့တတ်သည့် စိတ်သဘောရှိကြသည်။
သို့သော်လည်း လုံယီ ရှေ့သို့ ထွက်လာချိန်တွင်မူ လက်တွေ့ဘဝက ဝမ်ဝမ်ပိုင်ကို သင်ခန်းစာကောင်းကောင်း ပေးလိုက်သည်။
လုံယီသည် သူ၏လက်ကို ကျော့ရှင်းစွာဖြင့် တစ်ချက်မျှသာ ဝေ့ယမ်းလိုက်သည်။ အေးစက်သော လေညင်းများ၊ မှောင်မိုက်သော တိမ်တိုက်များနှင့် မိုးစက်မိုးပေါက်များသည် နဂါးတစ်ကောင် လူးလွန့်သကဲ့သို့ အလွန်ပင် လွယ်ကူချောမွေ့စွာ ကျရောက်လာတော့သည်။
စောင့်ရှောက်သူဝမ်ပင်လျှင် ဤသည်ကို မြင်သောအခါ မျက်လုံးများ အရောင်တောက်သွားပြီး မချီးကျူးဘဲ မနေနိုင်တော့ချေ။
“ကောင်းတယ် မင်းရဲ့ နည်းစနစ်က ထူးခြားတာပဲ။ ဒါက ဂိုဏ်းရဲ့ တကယ့်အမွေခံတပည့်တော်တော်များများတောင် မလုပ်နိုင်တဲ့ အရာမျိုးပဲ”
“အတန်းထဲမှာ ထိပ်ဆုံးပဲ”
ဤအကဲဖြတ်မှု ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း ဆွံ့အသွားကြရသည်။ ဝမ်ဝမ်ပိုင်မှာမူ သူ၏ဦးခေါင်းကို မိုးကြိုးအကြီးအကျယ် ပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရတော့သည်။ အတန်းထဲတွင် ထိပ်ဆုံးဆိုသည်မှာ ပေးနိုင်သမျှ အမြင့်ဆုံး အကဲဖြတ်မှု ဖြစ်သည်။
ယခု လုံယီ ပြသသွားသော စွမ်းဆောင်ရည်က ဝမ်ဝမ်ပိုင်ကို အကြီးအကျယ် စိတ်ပျက်အားငယ်သွားစေသည်။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်ကထက် သူ ဘာလို့ ဒီလောက်တောင် တိုးတက်သွားရတာလဲ။
ဤလောကတွင် စွမ်းရည်ပြမျက်နှာပြင်ကဲ့သို့သော ဖြတ်လမ်းနည်းမျိုး ရှိနေလိမ့်မည်ဟု ဝမ်ဝမ်ပိုင် တစ်ခါမျှ မတွေးတောခဲ့ဖူးချေ။ မိုးခေါ်အတတ်ကို ချက်ချင်းဆိုသလို နှံ့စပ်ကျွမ်းကျင်မှုအဆင့်သို့ မြှင့်တင်နိုင်ခြင်းမှာ အမွေခံတပည့်များကြားတွင်ပင် ထူးချွန်သော စံနှုန်းတစ်ခု ဖြစ်နေသည်။
လူအများရှေ့တွင် လုံယီကို နှိမ့်ချပြောဆိုခဲ့သည်များကို ပြန်လည်စဉ်းစားမိရင်း ဘေးပတ်ဝန်းကျင်မှ သူ့ထံသို့ ရံဖန်ရံခါ ရောက်ရှိလာသော ကျီစယ်လိုသည့် အကြည့်များကို ခံစားမိသောအခါ ဝမ်ဝမ်ပိုင်မှာ မျက်နှာတစ်ခုလုံး ပူထူလာပြီး မြေကြီးထဲသို့သာ တိုးဝင်ပျောက်ကွယ်သွားချင်စိတ် ပေါက်နေတော့သည်။
“ဝမ်ဝမ်ပိုင်”
သူ့အမည် ခေါ်သံကို ကြားလိုက်ရသောအခါ ဝမ်ဝမ်ပိုင်သည် သူ၏ ကယောက်ကယက်ဖြစ်နေသော စိတ်ခံစားချက်များကို အတင်းအဓမ္မ ဖိနှိပ်လိုက်ပြီး တည်ငြိမ်သယောင် မျက်နှာပေးဖြင့် ကွင်းပြင်ထဲသို့ လျှောက်လှမ်းသွားတော့သည်။
စိတ်အေးအေးထားစမ်း... စိတ်ကိုထိန်းစမ်း။
ဒီတစ်ခေါက်သာ အမှားအယွင်းမရှိ ပြတ်ပြတ်သားသား လုပ်ပြနိုင်ပြီး အတန်းထဲမှာ ထိပ်ဆုံး အဆင့်ရမယ်ဆိုရင် အခွင့်အရေးရှိသေးတယ်။
နောက်လာမယ့် အလောင်းထိန်းချုပ်ခြင်း စစ်ဆေးမှုမှာ သူ့ထက်သာအောင် လုပ်ပြမယ်... နေပါဦး သူက မွေးရာပါ ဝိညာဉ်အလောင်းကို ပိုင်ဆိုင်ထားတာဆိုတော့ အဲ့ဒီကဏ္ဍမှာ သူကပဲ ပထမရမှာ သေချာနေတာ မဟုတ်ဘူးလား။
ထိုအတွေး ဝင်လာသည်နှင့်တစ်ပြိုင်နက် ဝမ်ဝမ်ပိုင်၏ စိတ်တည်ငြိမ်မှုမှာ လှုပ်ခတ်သွားပြီး သူ၏ လှုပ်ရှားမှုများမှာ အနည်းငယ် တုံ့ဆိုင်းသွားတော့သည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် စတင်တိုက်ခတ်လာသော အေးမြသော လေညင်းများမှာလည်း ဆက်လက်ရှင်သန်နိုင်စွမ်း မရှိတော့ချေ။ ဂါထာရွတ်ဆိုတော့မည့် မှော်အတတ်မှာလည်း အောင်မြင်မှုမရဘဲ ရပ်တန့်သွားခဲ့ရပြီ ဖြစ်သည်။
ဤသို့ တစ်ကြိမ်တစ်ခါမျှ ကျရှုံးသွားခြင်းကပင် သူ့အား ထိပ်တန်းအဆင့်ရရှိနိုင်မည့် အခွင့်အရေးကို လုံးဝ လက်လွှတ်လိုက်ရစေသည်။ ၎င်းအပြင် အလောင်းထိန်းချုပ်ခြင်းတွင်လည်း လုံယီကို ကျိန်းသေပေါက် အနိုင်မတိုက်နိုင်တော့ပေ...
နေဦး... လုံယီရဲ့ စိုက်ခင်းကို ငါကိုယ်တိုင် နှောင့်ယှက်ပြီး ဝူကျိုဇုန်ကို ပို့ထားတာပဲ။ အဲ့ဒီမှာ ဘာမှ ထွက်မှာမဟုတ်ဘူး သူ ဃ အဆင့်ပဲ ရမှာ... ငါ့မှာ အခွင့်အရေး ရှိသေးတယ်။ မလန့်စမ်းနဲ့...
ဝမ်ဝမ်ပိုင်သည် ကိုယ့်ကိုကိုယ် အဆက်မပြတ် နှစ်သိမ့်ရင်း မိုးခေါ်အတတ်ကို ဒုတိယအကြိမ် စတင်ရန် ပြင်ဆင်လိုက်သည်။ ထိုအချိန်မှာပင် စောင့်ရှောက်သူဝမ်၏ ရယ်မောသံကို သူ ကြားလိုက်ရသည်။
"ဟေး... အဘိုးကြီးခန် မင်းဘက်မှာကော အားလုံးပြီးပြီလား မင်းမျက်စိကျတဲ့ တပည့်ရော ရှိရဲ့လား"
"အများစုကတော့ သာမန်ပါပဲ။ ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ တကယ့်ကို တော်တဲ့တစ်ယောက်တော့ ရှိတယ်ဗျ၊ နာမည်က လုံယီတဲ့။ ကျွန်တော် သူ့ကို အတန်းထဲမှာ ထိပ်ဆုံးအဆင့် ပေးထားခဲ့တယ်"
လုံယီက... ထိပ်ဆုံးအဆင့်လား။
တပည့်များအားလုံးကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ ဝမ်ဝမ်ပိုင်အဖို့မူ သူ၏ ဦးနှောက်ထဲတွင် ဘုန်းကနဲ ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ဂါထာရွတ်ဆိုမှုမှာလည်း ထပ်မံကျရှုံးသွားပြန်သည်။
ဤသည်မှာ သူသည် ခ အဆင့်ကိုပင် ရနိုင်တော့မည်မဟုတ်ကြောင်း ပြသနေခြင်းပင်။ ပထမနေရာအတွက် ပြိုင်ဆိုင်ရန် မဆိုထားနှင့် ထိပ်ဆုံးသုံးယောက်စာရင်းဝင်ရန်ပင် ယခုအခါ စိတ်ကူးယဉ်စရာ ဖြစ်သွားခဲ့သည်။
"ငါ... ငါ..."
အဆုံးမရှိသော ခံပြင်းမှု၊ မကျေနပ်မှု၊ ဒေါသ၊ အမုန်းတရားနှင့် မနာလိုစိတ်များသည် သူ၏ ရင်ထဲတွင် လှိုင်းလုံးကြီးများကဲ့သို့ ထကြွလာသော်လည်း မည်သို့မျှ ဖွင့်ထုတ်၍ မရနိုင်တော့ပေ။
ထိုအချိန်တွင် လုံယီ၏ ကျီစယ်လိုသော အကြည့်မှာ ဝမ်ဝမ်ပိုင်၏ မျက်လုံးများအတွင်းသို့ တစ်ဖန် ပြန်လည်ကျရောက်သွားပြန်သည်။
ဝေါ့…
ဝမ်ဝမ်ပိုင်သည် ပါးစပ်အပြည့် သွေးများ အရှိန်အဟုန်ဖြင့် အန်ထုတ်လိုက်ရပြီး ခန္ဓာကိုယ်မှာ ယိုင်နဲ့သွားကာ ဘုန်းကနဲ မြေကြီးပေါ်သို့ လဲကျသွားတော့သည်။
“မကောင်းတော့ဘူး။ သူ စိတ်ဖောက်ပြန်သွားပြီ”
စောင့်ရှောက်သူဝမ်မှာ ထိတ်လန့်သွားပြီး “မြန်မြန်... တစ်ယောက်ယောက် သူ့ကို အကြီးအကဲရှီဆီ ခေါ်သွားပေးကြစမ်း” ဟု အော်ဟစ်လိုက်သည်။
ချက်ချင်းပင် ကိုယ်ရံတော်များက လူနာတင်စင်ဖြင့် ရောက်ရှိလာပြီး သွေးအန်ကာ သတိလစ်နေသော ဝမ်ဝမ်ပိုင်ကို မတင်ဆောင်သွားကြတော့သည်။ အခြားတစ်ဖက်တွင်မူ လုံယီမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေရသည်။
ငါက ငါ့ရဲ့ ထိန်းချုပ်ခြင်းပါရမီကို သုံးပြီး သူ့ကို နည်းနည်းလေး ဆွပေးကြည့်ရုံတင်ပါ။ ဒီလောက်ထိ ထိရောက်လိမ့်မယ်လို့ မထင်ထားမိဘူး။
ကြားဖူးတာတော့ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ရောက်မှသာ ကျင့်ကြံသူရဲ့ ဝိညာဉ်အာရုံက ပြင်ပကို ထုတ်လွှတ်နိုင်တဲ့ ဝိညာဉ်အသိစိတ်အဖြစ် ပြောင်းလဲသွားတာလို့ ပြောကြတာပဲ။ ဒါပေမဲ့ ငါ့ရဲ့ ဒီထိန်းချုပ်ခြင်းပါရမီက ဝိညာဉ်ရေးရာ မှော်အတတ်အဖြစ် အသုံးချလို့ရပုံပဲ။ ဒီအစွမ်းက တကယ့်ကို ကြီးမားလွန်းတယ်။ အရေးကြီးတဲ့ အချိန်တွေမှာဆိုရင် ရှုံးနိမ့်နေတာကနေ အောင်ပွဲရအောင် ပြောင်းလဲပေးနိုင်မယ့် လျှို့ဝှက်လက်နက်ပဲ။
ဝမ်ဝမ်ပိုင်ကို စမ်းသပ်ပစ်မှတ်အဖြစ် အသုံးပြုလိုက်ခြင်းဖြင့် လုံယီသည် သူ၏ ထိန်းချုပ်ခြင်းပါရမီတွင် ပိုမိုကြီးမားသော အလားအလာများ ရှိနေသည်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ အကယ်၍ ပြိုင်ဘက်သာ ဤအချက်ကို သိသွားပါက တကယ့်ကို သွေးအန်ပြီး သေသွားနိုင်သည်။
ဝမ်ဝမ်ပိုင်ကို ထမ်းစင်ဖြင့် သယ်ဆောင်သွားခြင်းကို ထားရစ်ခဲ့ပြီး အကဲဖြတ်ပွဲမှာ ဆက်လက်ကျင်းပမြဲ ဖြစ်သည်။ တတိယမြောက်ကဏ္ဍမှာ အလောင်းထိန်းချုပ်၍ လမ်းလျှောက်ခြင်းဖြစ်ပြီး သူ၏ ဝိညာဉ်အလောင်းနှင့် မည်မျှ ဟန်ချက်ညီညီ ပေါင်းစပ်
နိုင်သည်ကို စစ်ဆေးခြင်းပင်။
တပည့် ထက်ဝက်ကျော်မှာ သူတို့၏ ဝိညာဉ်အလောင်းများကို တောင်ထိပ်သို့ တွဲခေါ်လာကြရခြင်းပင်။ သူတို့၏ အလောင်းများမှာ မြက်အလောင်းအဆင့်မှာသာ ရှိနေသေးပြီး လမ်းလျှောက်အလောင်းအဆင့်သို့ ရောက်ရန် အလှမ်းဝေးနေသေးသည်။ ထို့ကြောင့် အလောင်းများကို လမ်းလျှောက်ခိုင်းရန်မှာ မဖြစ်နိုင်သလောက်ပင်။ မတ်တတ်ရပ်နိုင်ရန်ပင် ခဲယဉ်းနေသဖြင့် အကဲဖြတ်မှုအားလုံးမှာ ဂ အောက်မှာသာ ရှိနေကြသည်။
ယို့ချင်းယီ၊ ရုံရွှယ်ကျန့်နှင့် အခြားတပည့်အနည်းငယ်သာလျှင် သူတို့၏ ဝိညာဉ်အလောင်းများကို လမ်းလျှောက်အလောင်းအဆင့်သို့ ရောက်အောင် လေ့ကျင့်ပေးနိုင်ခဲ့ပြီး ချောမွေ့စွာ လမ်းလျှောက်နိုင်သဖြင့် ခ အဆင့် ရရှိခဲ့ကြသည်။
လုံယီ၏ အလှည့်ရောက်လာသောအခါ လူတိုင်း၏စိတ်ထဲတွင် အတွေးတစ်ခု ရှိနေကြသည်။
သူ့ရဲ့ ဝိညာဉ်အလောင်းက မွေးရာပါ ဝိညာဉ်အလောင်းဆိုတော့ အနည်းဆုံးတော့ ခအထက်အဆင့်တော့ ရမှာပေါ့... မဟုတ်ဘူးလား။
သို့သော်လည်း လုံယီ၏ ဝိညာဉ်အလောင်းစွမ်းဆောင်ရည်မှာ သူတို့ ထင်ထားသည်ထက်ပင် များစွာ ပိုမို ကောင်းမွန်နေခဲ့သည်။
လမ်းလျှောက်ခြင်း၊ ခုန်ခြင်း၊ ဘေးတိုက်ရွှေ့လျားခြင်းတို့မှာ အခြေခံလှုပ်ရှားမှုများသာ ရှိသေးသည်။
လုံအာသည် သူ၏ အတိတ်ဘဝမှ ဒိုက်ထိုးခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများကဲ့သို့သော ပိုမိုခက်ခဲနက်နဲသည့် လှုပ်ရှားမှုများကိုပင် သရုပ်ပြသွားခဲ့ရာ သာမန် သံမဏိအလောင်းများပင် လိုက်လုပ်ရန် ခဲယဉ်းသည်။
စစ်ဆေးရေးတာဝန်ခံ စောင့်ရှောက်သူနှစ်ဦးမှာ မှင်တက်မိသွားကြတော့သည်။ စောင့်ရှောက်သူဝမ်သည် မဆိုင်းမတွဘဲ လုံယီကို နောက်ထပ် အတန်းထဲမှာ ထိပ်ဆုံးအဆင့် ထပ်မံပေးအပ်လိုက်သည်။
ဤတွင် ဝေကျန်းဦးဆောင်သော တပည့်သစ်များ၏ ပထမအကြိမ် အရည်အချင်းစစ်ဆေးမှုမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ လုံယီသည် ပြတ်သားသော အမှတ်အသာစီးဖြင့် ပထမနေရာကို ဆွတ်ခူးသွားခဲ့ပြီး ယို့ချင်းယီက ဒုတိယနှင့် ရုံရွှယ်ကျန့်က တတိယ ရရှိခဲ့ကြသည်။ ဝဝဖိုင့်ဖိုင့် သိုက်ရှန့်မှာမူ အရာရာတွင် ပျမ်းမျှသာရှိသော်လည်း အားနည်းချက်မရှိသဖြင့် ထိပ်ဆုံးဆယ်ယောက်စာရင်းထဲသို့ မနည်းတိုးဝင်နိုင်ခဲ့သည်။
ပထမရရှိသူအဖြစ် လုံယီသည် အဆင့်နိမ့် ချီစုပ်ယူခြင်းဆေးလုံးနှစ်ပုလင်းနှင့် ဂိုဏ်းအကျိုးဆောင်မှတ် ၁၀ မှတ် တို့ ဖြစ်သည်။
စိုက်ခင်းထွက်နှုန်းကို စစ်ဆေးခဲ့သော စောင့်ရှောက်သူခန်မှာလည်း လုံယီကို လူရှေ့တွင်ပင် ချီးကျူးစကားဆိုခဲ့ပြီး မပြန်မီတွင် အဖိုးတန် ချီစုပ်ယူခြင်းဆေးလုံးတစ်ပုလင်းကို လက်ဆောင်ပေးခဲ့သည်။ ၎င်းကိုမြင်သောအခါ စောင့်ရှောက်သူဝမ်ကလည်း သူ၏ သဘောထားကို ပြသသည့်အနေဖြင့် ဆေးလုံးတစ်ပုလင်း ထပ်မံလက်ဆောင်ပေးခဲ့ပြန်သည်။
ကျင့်ကြံခြင်းအစောပိုင်းအဆင့်အတွက် အလွန်အဖိုးတန်သော ဆေးလုံးနှစ်ပုလင်း အပိုရရှိလိုက်သဖြင့် လုံယီမှာ “ကျောင်းသားကောင်းဖြစ်ရတာ တကယ့်ကို ကောင်းတာပဲ။ ဘယ်ကမ္ဘာမှာဖြစ်ဖြစ် ဆရာတွေက ကိုယ့်ကို ဂရုစိုက်ကြတာပဲ” ဟု တွေးတောကာ သက်ပြင်းချလိုက်မိသည်။
အကဲဖြတ်ပွဲပြီးဆုံး၍ လူစုခွဲကြသောအခါ တပည့်အများအပြားသည် လုံယီကို ပထမဆုံးအကြိမ်အဖြစ် လာရောက်နှုတ်ဆက်ကြတော့သည်။
“အစ်ကိုကြီးလုံ... တကယ့်ကို အံ့သြဖို့ကောင်းတယ်ဗျာ”
“နောက်တစ်ခါ အားတဲ့အချိန်ကျရင် အစ်ကိုကြီးဆီကနေ အကြံဉာဏ်တွေ တောင်းပါရစေဦး"
အမြဲတမ်း အေးစက်တည်ငြိမ်နေတတ်သော ယို့ချင်းယီပင်လျှင် လုံယီ၏ဘေးမှ ဖြတ်သွားစဉ် တိုးညင်းစွာ ပြောသွားခဲ့သည်။
“နောက်တစ်ခါကျရင်တော့ ငါ မင်းကို ကျိန်းသေပေါက် မရှုံးစေရဘူး"
လုံယီမှာ ခဏမျှ ကြောင်သွားပြီးမှ ပြုံးလျက် ခေါင်းခါလိုက်မိသည်။
ယို့ချင်းယီကို ကြည့်ရတာ အေးစက်စက်နိုင်လှပေမဲ့ သူက ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ပဲ မဟုတ်လား။ ဒီအရွယ်နဲ့တော့ ဘယ်လောက်အထိများ ကောက်ကျစ်နိုင်မှာလဲ။
ရုံရွှယ်ကျန့်ကမူ သူ၏ မသိတာကို မေးမြန်းရန် မရှက်တတ်သောစရိုက်အတိုင်း လုံယီထံမှ မိုးခေါ်အတတ်နှင့် အလောင်းထိန်းချုပ်ခြင်းဆိုင်ရာ အမြင်များကို လာရောက်ဆွေးနွေးသည်။ လုံယီသည်လည်း လေးပြင်ညီအသင်းသို့ ဝင်ရောက်ရန် သူ၏ ထောက်ခံချက် လိုအပ်နေသလို ရုံရွှယ်ကျန့်အပေါ် အမြင်ကောင်းရှိသဖြင့် သူ သိသမျှအားလုံးကို မချန်မလှပ် ရှင်းပြပေးခဲ့ရာ ရုံရွှယ်ကျန့်မှာ အလွန်ပင် ကျေနပ်သွားပုံရသည်။
မကြာမီမှာပင် ဤတပည့်သစ်များ၏ အကဲဖြတ်ပွဲ ရလဒ်များသည် ပြင်ပတပည့်များအကြား ဟိုးလေးတကျော် ကျော်ကြားသွားတော့သည်။ အဆင့်နိမ့်ပါရမီရှင်တစ်ဦးက အဆင့်မြင့်ပါရမီရှင်နှစ်ဦးကို အနိုင်ယူကာ ပထမရရှိသွားခြင်း၊ အဆင့်မြင့်ပါရမီရှင်တစ်ဦး သွေးအန်ကာ သတိလစ်သွားခြင်းတို့မှာ ပြင်ပတပည့်များအကြား ပြောမဆုံးသော စိတ်ဝင်စားဖွယ် ခေါင်းစဉ်များ ဖြစ်လာခဲ့တော့သည်။