တာ့ယိ
Vol. 6 Ch. 557
ဖုန်းသည် တုန်းယီဒေသတွင် အတော်ဆုံး လေးသည်တော် တစ်ယောက် ဖြစ်သည့်တိုင် နေမင်း ဖြိုခွင်းမြားကို ပစ်လွှတ်လိုက်သည့် အခါတွင်တော့ သူ၏ ဝိညာဉ်စွမ်းအားများ အားလုံး ကုန်ခန်းသွားသကဲ့သို့ ခံစားလိုက်ရလေသည်။ သူက ထိုမြားကို တစ်ခါမှ အသုံးမပြုဖူးသည့် အတွက် အခြေအနေကို မမှန်းဆနိုင်ခဲ့ပေ။
ဖုန်းသည် နေမင်းဖြိုခွင်းမြားကို ပစ်လွှတ်ပြီးသည်နှင့် သူသည် "ဟိုယိ" အဆင့် လေးသည်တော် တစ်ယောက် မဖြစ်နိုင်သေးမှန်း ချက်ချင်း သိလိုက်လေသည်။ "ဟိုယိ" အဆင့် လေးသည်တော် တစ်ယောက် ဖြစ်လာရန် သူ့အတွက် များစွာ အလှမ်း ဝေးသေးသည်။
ဒဏ္ဍာရီထဲမှ အကြီးမြတ်ဆုံး လေးသည်တော် "ဟိုယိ"…
ဟိုယိကို "တာ့ယိ" ဟုလည်း လူသိများလေသည်။ တာ့ယိသည် နေမင်းဖြိုခွင်းမြားကို ကိုးကြိမ်တိတိ ပစ်ခတ်ခဲ့သည့်တိုင် တစ်ချက်ကလေးမှ ပင်ပန်း နွယ်းနယ်ခြင်း မရှိခဲ့ပေ။ ဖုန်းမှာတော့ မြားတစ်စင်းတည်း ပစ်ခတ်လိုက်သည့်တိုင် စွမ်းအားများ အားလုံး ကုန်ခန်းသွားရပြီ ဖြစ်လေသည်။
ဆန်းလျန် ပြောလိုက်သည့် "ကျုပ် ခင်ဗျားကိုစောင့်နေတာ ကြာပြီ….” ဆိုသည့် စကားသံ အဆုံးတွင် ဖုန်းသည် မိမိကိုယ်ကို ရှုံးနိမ့်ခြင်းကို ခံစားလိုက်ရလေသည်။
ဆန်းလျန်သည် ဖုန်းကို အလေးအနက် မထားခဲ့ပေ။
သို့သော်… ယခုတော့ ထိုသို့ အလေးအနက် မထားခဲ့မိသည်မှာ မှားယွင်းခဲ့ပြီ ဖြစ်ကြောင်း ဆန်းလျန် သိလိုက်လေသည်။
ခြိမ်းခြောက်မှုတစ်ခုကို ဆန်းလျန် ခံစားလိုက်ရလေသည်။
ဆန်းလျန်၏ လက်ချောင်းများသည် ဗျတ်စောင်းထက်တွင် ပြေးလွှားနေပြီး နတ်ဘုရား တေးသွား တစ်ပုဒ်ကို တီးခတ်နေလေသည်။ ပတ်ဝန်းကျင်တွင် လေတိုက်ခတ်သံ၊ ရေစီးဆင်းသံတို့က သာယာနာပျော်ဖွယ် ပျံ့လွင့် နေလေသည်။
မက်မွန်တောင်သည် ဆန်းလျန်၏ ထိန်းချုပ်မှု အောက်တွင် ရှိနေလေသည်။ သို့သော် တစ်စုံတစ်ခု မှားယွင်းနေခဲ့ပြီ။
အဘယ်ကြောင့်ဆိုသော် အလွန်ကြီးမားသည့် သတ်ဖြတ်လိုသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို ဆန်းလျန် ခံစားလိုက်ရလေသည်။
ထိုစွမ်းအားကြောင့် ဆန်းလျန်၏ မူလဝိညာဉ် ခန္ဓာတစ်ခုလုံး အမှောင် ကျသွား လေတော့သည်။ တစ်ချိန်တည်းမှာပင် ဆန်းလျန်၏ အတွေးများသည် နတ်ဒေဝါနှောင်ကြိုးဖြင့် ချည်နှောင် ခံလိုက်ရသလို တဖြည်းဖြည်း နှေးကွေးသွားလေသည်။
ထိုသတ်ဖြတ်လိုသည့် စွမ်းအားသည် သူနှင့် ယန်ရွှီး ရင်ဆိုင် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲနှင့် အလားသဏ္ဌာန် တူလေသည်။
ထိုသို့ပြောလျှင် အနည်းငယ် မှားယွင်းနေဦးမည်။ သူနှင့် ယန်ရွှီး ရင်ဆိုင် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲထက်ပင် ပိုပြီး ကြောက်မက်ဖွယ်ရ ကောင်းလေသည်။
ဆန်းလျန်၏ ရှေ့သို့ "နေမင်းဖြိုခွင်းမြား" ရောက်ရှိ လာလေသည်။
သို့သော် ဆန်းလျန်သည် ဖုန်း၏တည်ရှိမှုကို အာရုံခံနိုင်ခဲ့သည့်တိုင် ထိုမြားချက်ကိုတော့ လုံး၀ အာရုံခံနိုင်ခဲ့ခြင်း မရှိခဲ့ပေ။
ဆန်းလျန်သည် "ယိ"လမ်းစဉ်ကို တီထွင်ပြီး ကံကြမ္မာနှင့် ပတ်သက်ပြီး သိမြင်နိုင်ရန် အတွက် သုတေသန ပြုနေလေရာ မမျှော်လင့်သော ဖြစ်ရပ်ကြောင့် သူ့ကိုယ်သူ အလွန်စိတ်ပျက် သွားမိလေသည်။
ကံကြမ္မာကို သိမြင်နိုင်ရန် ကြိုးစားနေခဲ့သည့်တိုင် ယခုတော့ သူကိုယ်တိုင် ကြုံတွေ့ရမည့် မြားချက် တစ်ချက်ကိုပင် ဆန်းလျန်သည် ကြိုတင် သိရှိနိုင်ခဲ့ခြင်း မရှိခဲ့ပေ။
လူ့လောကတွင် လူတိုင်းသည် အတားအဆီးနှင့် ရင်ဆိုင်ကြရမည်ပဲ ဖြစ်လေသည်။ ယခုရင်ဆိုင်ရသည့် မြားချက်မှာ ဆန်းလျန်အတွက် အလွန်ကြီးမားသော အတားအဆီး တစ်ခု ဖြစ်လေသည်။
သူ့အနေဖြင့် နေမင်းဖြိုခွင်း မြားချက်ကို မည်သို့မှ ရှောင်တိမ်းနိုင်ခြင်း မရှိတော့ပေ။ အဘယ်ကြောင့် ဆိုသော် ကြိုတင်သိရှိ အာရုံခံနိုင်ခဲ့ခြင်း မရှိခဲ့သောကြောင့်ပင်။
ယခင်ကပင် ဖုန်း၏ နောက်ကြောင်းကို စုံစမ်းခဲ့ပါက နေမင်းဖြိုခွင်းမြား၏ ဇာစ်မြစ်ကို သိရှိမည် ဖြစ်လေသည်။ ထိုအခါ သူ့အနေဖြင့် ကြိုတင် ကာကွယ်မှုများ ကိုလည်း ပြုလုပ် နိုင်ပေလိမ့်မည်။
သို့သော် ယခုတော့ သူက ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲ သွားခဲ့မိလေသည်။
အဆိုးဆုံးအချက်မှာ နေမင်းဖြိုခွင်းမြားကို ကြိုတင်သိရှိခဲ့ခြင်း မရှိသည့်အတွက် ဆန်းလျန်သည် သူ၏ ကြိုတင်သိမြင် နိုင်စွမ်းများ အပေါ်တွင် ယုံကြည်မှုများ ပျောက်ဆုံး သွားခဲ့ရလေသည်။ သူ၏ ကြိုတင်သိမြင် နိုင်စွမ်းသည် အကြိမ်ပေါင်းများစွာ သူ့ကို ကယ်တင် ခဲ့သည့်တိုင် ယခုတစ်ကြိမ်တွင်တော့ သူ့ကို မျက်ကန်း တစ်ယောက်အလား ဖြစ်စေခဲ့ပြီ။
ရုတ်တရက်…
နေမင်းဖြိုခွင်းမြားသည် မက်မွန်တောင်ပေါ်ရှိ ချင်းရွှမ် ဂူအပြင်ဘက်မှ ထွက်ပေါ် လာလေသည်။
ထိုမြားသည် လေထုကို ထိုးဖောက် ဝင်ရောက်လာပြီး မိုးမြေတစ်ခွင်မှ ဝိညာဉ် စွမ်းအားများ အားလုံးကို မွှေနှောက် ပစ်လိုက်လေသည်။ နေနှင့်လ၊ ဒြပ်စင်စွမ်းအား ငါးမျိုးကို ပြောင်းပြန် လှန်ပစ်လိုက်ပြီ လောကတစ်ခုလုံးကို ကြောက်မက်ဖွယ်ရာ အမှောင်ထုဆီသို့ ဆွဲခေါ် သွားလေတော့သည်။
ဆန်းလျန်သည် နေမင်းဖြိုခွင်းမြား ဝင်ရောက်လာသည်ကို တွေ့မြင်လိုက်လေသည်။ မြားမှာ အနက်ရောင်ဖြစ်ပြီး မတားဆီးနိုင်သော၊ မရှောင်လွှဲနိုင်သော စွမ်းအားများကို ပိုင်ဆိုင်လေသည်။ ထိုမြားသည် တာအိုဆရာ တစ်ယောက် ၏ပြီးပြည့်စုံမှု သင်္ကေတဖြစ်လေသည်။
ထိုမြားထဲတွင် ဒဏ္ဍာရီထဲမှ လေးသည်တော် တာ့ယိ၏ ဝိညာဉ် ကိန်းအောင်းလျက် ရှိလေသည်။
ဆန်းလျန်သည် အတိတ်တစ်ချိန်သို့ ရောက်သွားသလို ခံစားလိုက်ရလေသည်။
သူ့ရှေ့တွင် လူငယ်တစ်ယောက်ကို တွေ့မြင်ရပြီး ထိုလူငယ်သည် လေးကိုကိုင်ကာ နေမင်းကို ချိန်ရွယ်ပြီး မြားဖြင့် ပစ်ခွင်း နေလေသည်။
လောကတွင် မည်သည့်အရာကမှ ထိုလူငယ်ကို တားဆီးနိုင်မည် မဟုတ်ပေ။ ထိုလူငယ်ဆီမှ မတားဆီးနိုင်သည့် စိတ်ထား၊ မာနထောင်လွှားသည့် စိတ်ထား၊ နက်ရှိုင်းသည့် ဝိညာဉ်တို့သည် ဆန်းလျန်၏ နှလုံးသားထဲတွင် ထင်ဟပ် လာလေသည်။
ထို့နောက်တွင်တော့ နေမင်ဖြိုခွင်းမြားသည် မရှောင်လွှဲနိုင်သည့် ကံကြမ္မာ ဓားသွားအလား ဆန်းလျန်၏ နှလုံသားဆီသို့ ထိုးဖောက် ဝင်ရောက် သွားလေတော့သည်။
နေမင်းဖြိုခွင်းမြားက ဆန်းလျန်၏ နှလုံးသားကို ထိုးစိုက်လိုက်သည်နှင့် သူ၏ မူလဝိညာဉ် ခန္ဓာသည် တိုက်ခိုက်ခံလိုက်ရပြီး ပျက်စီးတော့မည့် လက္ခဏာများ ပေါ်လာလေသည်။ ဆန်းလျန်သည် လင်ပေါင်ထျန်းကျွင်းကို ပင်ဆင့်ခေါ်နိုင်ခြင်း မရှိတော့ပေ။
ဆန်းလျန်၏အမြင်အာရုံထဲမှ လေးသည်တော် လူငယ်သည် လင်ပေါင်ထျန်းကျွင်း အဆင့်သို့ ရောက်ရှိခြင်း မရှိသေးပေ။ ထိုလူငယ်သည် အချိန်စက်ဝန်း အတားအဆီးမှ လွန်မြောက်သည့် အဆင့်သို့ပင် မရောက်ရှိသေးပေ။ သို့သော် ထိုလူငယ်သည် ဗုဒ္ဓနှင့် တာအို ဆရာသခင်ကြီးအလား အောင်မြင်သူ တစ်ယောက် ဖြစ်သည်ကို သက်သေပြခဲ့လေသည်။ မိုးနှင့်မြေတွင် ထိုလူငယ်ကို နှိမ်နင်းနိုင်မည့်အရာ မည်သည့်အရာမှ မရှိပေ။
ထိုသို့သော အဆင့်သည် လမ်းစဉ်တစ်ခု အဆုံးသတ်မှသာ ရရှိနိုင်မည့် အောင်မြင်မှုမျိုး ဖြစ်လေသည်။ ထိုလူငယ် ပျောက်ကွယ် သွားခဲ့လျှင်ပင် သူ၏ဂုဏ်သတင်းသည် သမိုင်းတွင် ကျန်ရစ်ခဲ့လိမ့်မည် ဖြစ်လေသည်။
နေမင်းဖြိုခွင်းမြားသည် ထိုမျှလောက် တန်ခိုးစွမ်းအား ကြီးမားသည်ကို ဖုန်း ကိုယ်တိုင်လည်း သိရှိခဲ့ခြင်းမရှိပေ။ သိရှိခဲ့ပါက သူသည် ဆန်းလျန်ကို လုပ်ကြံရန်အတွက် ထိုမြားကို အသုံးပြုမည် မဟုတ်ပေ။ တာ့ရှားဧကရာဇ် သို့မဟုတ် ယွမ်ယန်ဘေးတွင်ရှိနေသည့် နတ်မိစ္ဆာ မဟာတန်ခိုးရှင်ကို သုတ်သင်ရန်အတွက် ထိုမြားကို အသုံးပြုမိ မည်ဖြစ်လေသည်။
ဖုန်းသည် ဟိုယိအဆင့် လေးသည်တော် တစ်ယောက် မဟုတ်ခဲ့ပေ။ ထို့ကြောင့် နေမင်းဖြိုခွင်းမြား၏ တန်ခိုးစွမ်းအား မြင့်မားမှုကို နားမလည်ခဲ့ပေ။
ကံဆိုးသူ ဆန်းလျန်သာလျှင် နေမင်းဖြိုခွင်းမြား၏ ပစ်မှတ် ဖြစ်သွားခဲ့ ရရှာလေသည်။
သို့သော် ကံကောင်းသည့် အချက်တစ်ခု ရှိလေသည်။ ထိုမြားချက်ကြောင့် ဆန်းလျန်နှင့် တာ့ရှားပြည် ဆက်စပ်နေမှုကို တားဆီး ပစ်နိုင်ရန်အတွက် အခွင့်အရေး ရရှိသွားမည် ဖြစ်လေသည်။ သို့သော် ဆန်းလျန်အတွက် အန္တရယ်လည်း အလွန်များလေသည်။
လောကတစ်ခုလုံးက "ဆန်းလျန်သေပြီ" ဟု မှတ်ယူသွားကြမည် ဖြစ်လေသည်။ နေမင်းဖြိုခွင်း မြားသည် သူ၏ အသွေးအသားများကို ဖျက်စီးပစ်လိုက်ပြီး သူ၏ မူလဝိညာဉ် ခန္ဓာကိုပင် အက်ကြောင်း ထင်သွား စေခဲ့လေသည်။
အခြားသော မိုးကောင်းကင် နတ်ဘုရားသာဆိုလျှင် ကျိန်းသေ အသက်ပျောက်သွားမည် ဖြစ်လေသည်။ သို့သော် ဆန်းလျန်က အခြားသူများနှင့် တူညီသူတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် သူကတော့ ရှင်သန်နိုင်မည် ဖြစ်လေသည်။
ထိုက်ဝေ့ထိုင်မှ နတ်ဘုရားအဘိုးအိုနှင့် ယန်ရွှီးကိုသာ ကျေးဇူးတင် ရတော့မည် ဖြစ်လေသည်။
အိပ်မက် လိပ်ပြာကျင့်စဉ်သည် လူတစ်ယောက်၏ ဘဝကို အိပ်မက်အဖြစ် ပြောင်းလဲ ပေးနိုင်လေသည်။ ပကတိဖန်ဆင်းခြင်း ပညာကတော့ လူ့ဘဝမှ လွတ်မြောက်သည်နှင့် အိပ်မက်များ အတွင်းတွင် လှည့်လည် သွားလာနိုင်မည့် စွမ်းရည်ကို ပေးလေသည်။
ကောင်းသည့် အရာတစ်ခု ရှိလျှင် ဆိုးသည့် အရာတစ်ခု ရှိလေသည်။
တာအိုရှိလျှင် မိစ္ဆာလည်း ရှိရပေမည်။
ယင်နှင့်ယန် သဘောတရားပင် ဖြစ်လေသည်။
အိပ်မက် လိပ်ပြာကျင့်စဉ်နှင့် ပကတိ ဖန်ဆင်းခြင်း ပညာသည် ချင်းရွှမ်နတ်တံခါး၏ အလွန်ထူးခြား ဆန်းကြယ်သည့် ပညာရပ်နှစ်ခု ဖြစ်လေသည်။ ထိုပညာရပ်နှစ်ခုကို တီထွင် ခဲ့သူများမှာ ချင်းရွှမ် နတ်တံခါးမှ ပါရမီရှင် ဆရာသခင်နှစ်ဦး ဖြစ်လေသည်။
ဆန်းလျန်သည် ထိုပါရမီရှင် နှစ်ဦးချန်ထားခဲ့သည့် ကျင့်စဉ်နှစ်ခုမှ တစ်ဆင့် လောကနှင့် အဆက်မပြတ်စေခြင်း နိယာမ တရားကို နားလည်သိမြင်ကာ အမွေဆက်ခံ နိုင်ခဲ့လေသည်။ ယန်ရွှီးနှင့် နတ်ဘုရား အဘိုးအိုသည်ပင်လျှင် ထိုအကြောင်းကို နားလည်နိုင်မည် မဟုတ်ပေ။
ထိုပါရမီရှင် နှစ်ဦးချန်ထားခဲ့သည့် အချက်အလက်များက ဆန်းလျန်ကို ဆက်လက် ရှင်သန်စေရန် လမ်းပြ ပေးခဲ့လေသည်။
ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာ ဖျက်ဆီး ခံလိုက်ရသည်နှင့် ဆန်းလျန်သည် ပါရမီရှင်နှစ်ဦး၏ နိယာမအတိုင်း အိပ်မက်ကမ္ဘာတစ်ခုကို ဖန်တီးလိုက်လေသည်။ ထို့ကြောင့်သူသည် အသူရာချောက်မှ ပျောက်ကွယ်သွားပြီး အိပ်မက် ကမ္ဘာတစ်ခု အတွင်းသို့ ရောက်ရှိ သွားလေတော့သည်။
ထိုသို့ပြုလုပ်လိုက်ခြင်းက သူ့ကိုထာဝရ အိပ်ပျော်သွားစေမည် ဖြစ်လေသည်။ သို့သော် သူ့တွင် ရွေးချယ်စရာ မရှိပါ။
သူသည် အိပ်မက်ကမ္ဘာကို တည်ဆောက်လိုက်သည့် အချိန်တွင် ဒဏ္ဍာရီထဲမှ လေးသည်တော် လူငယ် "တာ့ယိ" ၏ အားကောင်းသော၊ မတားဆီးနိုင်သော စိတ်စွမ်းအားကို တွေ့မြင်ခဲ့လေသည်။
ထိုအိပ်မက် ကမ္ဘာသည် ဆန်းလျန်အား အချိန်နှင့်အမျှ ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်များကို သိမြင် စေနိုင်ခဲ့လေသည်။
ထိုအချိန်ကာလသည်….
ပထမ မိုးနတ်မင်း ကွယ်ပျောက်သွားသည့် အချိန်နှင့် ဒုတိယ မိုးနတ်မင်း ပေါ်ပေါက် မလာခင်စပ်ကြား အချိန်ကာလတစ်ခု ဖြစ်လေသည်။
လောကတွင် ခေါင်းဆောင် မရှိသော်လည်း တာအိုကျင့်ကြံသူများစွာက အရာအားလုံးကို မွှေနှောက် အားပြိုင်နေကြသည့် အချိန် ဖြစ်လေသည်။
ဆန်းလျန် ပျောက်ကွယ်သွားသည့် အချိန်တွင်….
အမှောင်ထုက လောကတစ်ခွင်လုံးကို အုပ်စိုးသွားလေသည်။ ဝိညာဉ်စွမ်းအားများက ရောနှောကုန်ပြီး သဘာ၀ ဘေးအန္တရယ်များစွာ ကျရောက် လာလေသည်။ လေများပြင်းထန်လာပြီး မိုးကြိုးများ ပစ်ခတ်သည့်အတွက် နေရာအနှံ့တွင် မီးများလောင်ကျွမ်းကာ အိုးအိမ်များ ပျက်စီး ကုန်ကြလေသည်။
ဝူကျုန်း မျိုးနွယ်စုဝင်များသည် နေရောင်ကို မမြင်ရတော့ပေ။
နတ်ဘုရား ကျောင်းတော်ထဲတွင်တော့ ဖူဟောင်လေးသည် မိခင်ဖြစ်သူအားလျန်ကို တင်းကျပ်စွာ ဖက်ထားလေသည်။
"မေမေ… သမီးကြောက်တယ်"
အားလျန်သည် ကြာပန်းမီးအိမ်လေးကို ငေးစိုက်ကြည့်နေရင်း ဖူဟောင်လေးကို တင်းကျပ်စွာ ဖက်ထားပြီး မနားတမ်း ဆုတောင်းဝတ်ပြု နေလေသည်။ သို့သော် သူမ၏ ဆုတောင်းသံကို ပြန်ဖြေသည့် အသံမကြားရပေ။ ကြာပန်းမီးအိမ်လေးသည် သူမ၏ ဆုတောင်းသံကြောင့် မည်သည့် ထူးခြားချက်မှ ဖြစ်မလာခဲ့ပေ။ သို့သော် အားလျန်သည် နတ်ဘုရားဆရာ၏ စကားကို ယုံကြည်ထားလေသည်။
သဘာဝဘေးဆိုးများသည် ပို၍ပို၍ဆိုးလာပြီး နတ်ဘုရား ကျောင်းတော် တစ်ခုလုံးမှာ တုန်လှုပ် နေလေသည်။ လေနှင့်မိုးများကလည်း အဆက်မပြတ် ရွာသွန်းနေလေသည်။
အားလျန်သည် ယုံကြည်စွာဖြင့် ဝတ်ပြုဆုတောင်းခြင်း ကိုသူမတတ်နိုင်သမျှ အကောင်းဆုံး ပြုလုပ်ခဲ့ပြီးပြီ ဖြစ်လေသည်။
ရေများသည် နတ်ဘုရား ကျောင်းတော်အတွင်းသို့ ဝင်ရောက် လာလေသည်။ တစ္ဆေဝိညာဉ် များ၏ အော်ဟစ်သံများကိုလည်း ကြားနေရလေသည်။ အားလျန်သည် ရဲဆေး တင်လိုက်ပြီး သူမ၏ လက်ကောက်ဝတ်ကို ဓားတစ်လက်ဖြင့် လှီးဖြတ် လိုက်လေသည်။
ထိုအခါ သူမ၏ လက်ကောက်ဝတ်မှ သွေးစက်များသည် ကြာပန်း မီးအိမ်လေး အတွင်းသို့ ကျဆင်း သွားလေတော့သည်။
သူမပြုလုပ်လိုုက်သည်မှာ သွေးဖြင့် ယဇ်ပူဇော်ခြင်း ဖြစ်လေသည်။
ဝတ်ပြုဆုတောင်းစဉ်တွင် သွေးဖြင့်ယဇ်ပူဇော်ခြင်းသည် အမြင့်အဆုံးအဆင့် ယုံကြည်ခြင်း ဖြစ်လေသည်။ သူမထိုသို့ ပြုလုပ်လိုက်သည်မှာ အလုပ် မဖြစ်လျှင်တော့ နောက်ထပ် မည်သို့ ထပ်မံ ပြုလုပ်ရမည်ကို အားလျန်မသိတော့ပေ။
သူမ၏သွေးဖြင့် ယဇ်ပူဇော် လိုက်သည့်အခါ ကြာပန်းမီးအိမ်လေးမှ တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်လာလေသည်။ မီးအိမ်လေးထံမှ ထူးဆန်းသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး တုန်လှုပ်နေသည့် နတ်ဘုရား ကျောင်းတော်ကြီးမှာ ငြိမ်သက်သွားလေသည်။
အားလျန်သည် ဆန်းလျန်၏ ရုပ်တုကို လှမ်းကြည့်လိုက်ရင်း…
"နတ်ဘုရားဆရာ… တခြားသူတွေကိုရော ကျွန်မဘယ်လို ကယ်တင်ပေးနိုင်မလဲ"
သို့သော်… ဆန်းလျန်၏ ရုပ်တုသည် တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့် တုံ့ပြန်မှုမှ ဖြစ်ပေါ်လာခြင်း မရှိတော့ပေ။
***