← Chapters

လူသားခန္ဓာဖြင့်ယဇ်ပူဇော်ခြင်း

Vol. 6 Ch. 558

လူသားခန္ဓာဖြင့်ယဇ်ပူဇော်ခြင်း

Vol. 6 Ch. 558

နတ်ဘုရား ကျောင်းတော် အပြင်ဘက်တွင်တော့ လေနှင့်မိုးများက တိုက်ခတ်နေကြဆဲပင်။ ရပ်တန့်မည့်ပုံလည်း မပေါ် ပေ။ သို့သော် နတ်ဘုရား ကျောင်းတော်ထဲတွင်တော့ အေးဆေး တည်ငြိမ်နေလေသည်။

ရုတ်တရက်…

မထင်မှတ်သည့် ဧည့်သည်တစ်ယောက် နတ်ဘုရား ကျောင်းတော် အတွင်းသို့ ရောက်ရှိ လာလေသည်။

အားလျန်သည် လျှပ်စီးတစ်ချက် လက်လိုက်သည့်အလား ထိုဧည့်သည်ကို မြင်တွေ့လိုက်ရပြီး နတ်ဘုရား ကျောင်းတော်တစ်ခုလုံး လင်းလက်သွားသလို ခံစားလိုက်ရ လေသည်။ ထိုအရာမှာ တောက်ပနေသည့် မျက်ဝန်းကြီး တစ်စုံ ဖြစ်လေသည်။

ထိုမျက်ဝန်းကြီးများကို အားလျန်သည် ချက်ချင်း မှတ်မိလိုက်လေသည်။ ထိုမျက်ဝန်းကြီးများမှာ နတ်ဘုရားဆရာ၏ စီးတော်ဖြစ်သည့် ကျားနက်ကြီး၏ မျက်ဝန်းကြီးများပင် ဖြစ်လေသည်။ ကျားနက်ကြီးသည် သူ၏သခင်မပါဘဲ တစ်ကောင်တည်း သွားလေ့ သွားထမရှိပေ။ ယခုတော့ ကျားနက်ကြီးသည် တစ်ကောင်တည်း ရောက်ရှိလာခဲ့လေပြီ။

ကျားနက်ကြီး၏ မျက်ဝန်းများသည် ကောင်းကင်မှ ကြယ်စင်များအလား တောက်ပေလေသည်။

"ကျုပ်သခင်က မင်းအပေါ် ကောင်းခဲ့ပါတယ်၊ အခုတော့သူ့အတွက် ပြန်ပေးဆပ်ဖို့ အချိန်ကျပြီ…"

ကျားနက်ကြီးက ပြောလိုက်လေသည်။

ကျားနက်ကြီး၏ စကားကို ကြားသည်နှင့် နတ်ဘုရားရုပ်တုက အဘယ့်ကြောင့် မတုံ့ပြန်ရသည်ကို အားလျန် ချက်ချင်းနားလည် လိုက်လေသည်။ နတ်ဘုရားဆရာသည် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်လေသည်။

နတ်ဘုရားဆရာကို ကူညီနိုင်တော့မည် ဖြစ်သည့်အတွက် သူမ၏စိတ်ထဲတွင် ဝမ်းမြောက် သွားရလေသည်။ မည်သည့် အကျိုးဆက်ကို ရင်ဆိုင်ရပါစေ နတ်ဘုရားဆရာကို ကူညီနိုင်မည် ဆိုလျှင် သူမက မည်သည့် အလုပ်ကိုမဆို လုပ်မည် ဖြစ်လေသည်။

သူမက…

"ကျွန်မတတ်နိုင်တာဘာမဆို လုပ်ပေးဖို့ အဆင်သင့်ပါပဲ…"

ကျားနက်ကြီးက တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့်…

"ကျုပ်ရဲ့သခင် ဒုက္ခရောက်နေပြီ ၊ ဒီကြာပန်းမီးအိမ်လေးကပဲ သခင်လေးကို ကယ်နိုင်မယ်လို့ ကျုပ်ထင်တယ်၊ ဒီမီးအိမ်လေးက သခင်လေးနဲ့ အနီးစပ်ဆုံး ဆက်သွယ်မှုရှိတယ်၊ သခင်လေး တစ်ခါ ပြောဖူးတယ်၊ ကျင့်ကြံခြင်း ဆိုတာအလင်းရောင်နဲ့ တူတယ်တဲ့၊ ကျင့်ကြံခြင်းဟာ လူတစ်ယောက်ရဲ့ နှလုံးသားကို အလင်းပေးတယ်တဲ့၊ အလင်းရောင်က လမ်းတစ်လျှောက် လင်းလက်စေပြီး အတားအဆီးတွေကို ရှင်းလင်း စေတယ်တဲ့၊ ဒီမီးအိမ်လေးက သခင်လေးရဲ့ ဝိညာဉ်စွမ်းအားနဲ့ ပြုလုပ်ထားတဲ့ မီးအိမ် မဟုတ်ပေမယ့် ဆုတောင်းခြင်းတွေ ပေါင်းစည်းထားတဲ့ တန်ခိုး စွမ်းအားတွေ ရှိတယ်၊ အဲဒီတော့ ဒီမီးအိမ်လေး လင်းလက်လာအောင် ထွန်းညှိပေးဖို့ လိုတယ်"

အားလျန်က…

"ဒီမီးအိမ်လေးကို ဘယ်လိုမီးထွန်းညှိပေးရမလဲ ကျွန်မ မသိဘူး"

ကျားနက်ကြီးက…

"မီးအိမ်လေးမှာ ဆီနဲ့မီးစာမရှိဘူး ၊ ဆီနဲ့မီးစာက မင်းပဲ… မိန်းကလေး"

ကျားနက်ကြီး၏စကားကြောင့် အားလျန်၏ခန္ဓာကိုယ်မှာ တစ်ချက် တုန်ခါသွားလေသည်။

နတ်ဘုရားများအတွက် အကြီးမားဆုံးသော ယဇ်ပူဇော်ခြင်းသည် သွေးဖြင့် ယဇ်ပူဇော်ခြင်း မဟုတ်ဘဲ လူသား ခန္ဓာဖြင့်ယဇ်ပူဇော်ခြင်း ဖြစ်ကြောင်း အားလျန် နားလည် သွားလေသည်။ ထိုမီးအိမ်လေးသည် သူမနှင့် နတ်ဘုရား ဆရာအကြား ဆက်သွယ်ပေးနိုင်သည့် ကြားခံပစ္စည်းလေး တစ်ခုပင် ဖြစ်လေသည်။

သို့သော် သူမ နားမလည်သည့် အချက်တစ်ခု ရှိနေသည့်အတွက် အားလျန်က ကျားနက်ကြီးကို မေးမြန်းလိုက်သည်။

"နတ်ဘုရားဆရာက ဒီမီးအိမ်လေး ပေးခဲ့တုန်းက ခုလိုဖြစ်လာမယ့် ကိစ္စတွေကို သိခဲ့ပြီးသား ဖြစ်မှာပါပဲ၊ ကျွန်မက သေရမှာ မကြောက်ပါဘူး၊ ဒါပေမဲ့ ကျွန်မသမီးလေး အတွက်တော့ စိတ်ပူမိတယ်၊ ဒီနေ့မှာ ဒီလိုကိစ္စတွေ ဖြစ်လာမယ်ဆိုတာ နတ်ဘုရားဆရာက ကြိုသိခဲ့တယ်ဆိုရင် ကျွန်မကို ဘာလို့ ပြောမပြခဲ့ရတာလဲ”

ကျားနက်ကြီးက…

"ဒီဝါဒက သခင်လေးချမှတ်ခဲ့တဲ့ လမ်းစဉ်ပဲ၊ မင်းက သူ့ကို သစ္စာအရှိဆုံး ယုံကြည်ကိုးကွယ်သူ ဖြစ်လာခဲ့တယ်၊ သံသရာမှာလည်ဖို့ ဆိုတာကတော့ ဘယ်လွယ်ကူမှာလဲ၊ လူ့ခန္ဓာကိုယ် ဆိုတာလည်း တွယ်တာစရာ တစ်ခုပဲ မဟုတ်လား၊ ဒါပေမဲ့ မင်းက ဒီမီးအိမ်ရဲ့ မီးစာဖြစ်ပေးမယ် ဆိုရင် ဒီမီးအိမ်ရဲ့ ဝိညာဉ်လည်း ဖြစ်လာလိမ့်မယ်၊ လောကမှ တခြားပုံသဏ္ဌာန်တစ်မျိုးနဲ့ အသက်ရှင် နိုင်လိမ့်မယ်၊ ပြီးတော့ သခင်လေးကလည်း မင်းက လူသားအဖြစ် ရှင်သန်ချင်တယ်ဆိုရင် မင်းအတွက် နောက်ထပ် လူသားခန္ဓာတစ်ခု ရှာပေးချင် ရှာပေးမှာပေါ့"

"ဒါဖြင့် ကျွန်မ ဘာလုပ်ရမလဲ…"

အားလျန်က တိုးလျစွာ မေးလိုက်သည်။

ကျားနက်ကြီးက…

"မီးအိမ်ကိုကိုင်လိုက်…."

အားလျန်သည် ချက်ချင်းပင် မီးအိမ်ကို ကိုင်လိုက်လေသည်။

မကြာမီပင် သူမသည် ဗလာနယ်တစ်ခု အတွင်းသို့ ရောက်ရှိသွားသလို ခံစားလိုက်ရပြီး မီးအိမ်သည် ချက်ချင်းပင် အလင်းရောင်များ ထိန်လင်းတောက်ပ လာလေသည်။

အားလျန်၏သွေးသည် မီးအိမ်၏ ဆီဖြစ်ပြီး အားလျန်၏ ခန္ဓာကိုယ်သည် မီးအိမ်၏ မီးစာပင် ဖြစ်လေသည်။ မီးအိမ်လေးတွင် တာအိုလမ်းစဉ် တစ်ခု တည်ရှိနေပြီး လူအများကို အလင်းပေးလေသည်။

တစ်ချိန်တည်းမှာပင် အားလျန်သည် ကျားနက်ကြီးတစ်ကိုယ်လုံး သွေးများ စိုရွှဲနေသည်ကို တွေ့မြင် လိုက်ရလေသည်။ အဘယ်ကြောင့်ဆိုသော် ကျားနက်ကြီး၏ ဝိညာဉ်မှာ လောင်ကျွမ်းနေပြီး ဒဏ်ရာ ရထားသောကြောင့် ဖြစ်လေသည်။

ကျားနက်ကြီး ယခုအချိန်ထိ အသက်ရှင်နေရသည့် အကြောင်းရင်းမှာ သူ၏ ဆုံးဖြတ်ချက် ခိုင်မာမှုကြောင့် ဖြစ်လေသည်။ ကျားနက်ကြီးသည် သူ၏ဝိညာဉ်ကိုပင် လောင်ကျွမ်းစေကာ နတ်ဘုရား ကျောင်းတော်သို့ မရောက်ရောက် အောင်လာခဲ့ခြင်း ဖြစ်လေသည်။ ကျားနက်ကြီး ရောက်လာသည့် အတွက်သာ အားလျန်သည် ကြာပန်းမီးအိမ်ကို အလင်းရောင် ထွန်းညှိပေးနိုင်ခဲ့ခြင်း ဖြစ်လေသည်။

ကျားနက်ကြီးက သူသာ အနည်းငယ် နောက်ကျသွားခဲ့လျှင် သခင်လေး ပြန်မလာ နိုင်တော့မည်ကို စိတ်ပူနေခဲ့လေ သည်။

ကျားနက်ကြီးသည် အပျင်းထူပြီး သေရမည်ကို ကြောက်ရွံ့သည့် သူတစ်ယောက်ဖြစ်ပါ၏။

သို့သော်… ကျားနက် ကြီးသည်သူ၏ သခင်လေးအတွက် ဆိုလျှင် အရာအားလုံးကို စတေးခံမည့်သူ ဖြစ်လေသည်။ သူသည် ဆန်းလျန်နောက်သို့လိုက်ခဲ့ပြီးသည့်နောက်ပိုင်း ကိစ္စရပ် တော်တော်များများကို နားလည်လာခဲ့ပြီး လောက ကြီးကိုလည်း မတူကွဲပြားသည့် အမြင်ဖြင့် ကြည့်မြင် တတ်ခဲ့လေသည်။

သို့သော် ယခင်က ကြိုးကြိုးစားစား မကျင့်ကြံခဲ့မိသည့် အတွက် ကျားနက်ကြီးသည် နောင်တ ရနေမိလေသည်။ သူသာ ကြိုးစားကျင့်ကြံခဲ့လျှင် ယနေ့အချိန်တွင် ယခုကဲ့သို့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရလိမ့်မည်မဟုတ်ပေ။

နတ်ဘုရားကျောင်းတော်ထဲမှ အလင်းရောင်သည် မိုးနှင့်လေကို ငြိမ်သက် သွားစေလေသည်။ အလင်းရောင် ထွက်ပေါ်လာရာ အရပ်တွင် ဝိညာဉ်စွမ်းအား များလည်း တဖြည်းဖြည်း မြင့်တက် လာလေသည်။ ဝူကျုန်းမျိုးနွယ်စုဝင် များသည် အလင်းရောင်ကို သတိပြုမိ လိုက်ကြလေသည်။

မျိုးနွယ်စုဝင်များသည် "နတ်ဘုရားချင်းရွှမ်" ဆိုသည့်အမည်နာမကို ရွတ်ဆိုရင်း နတ်ဘုရား ကျောင်းတော်ဆီသို့ ချဉ်းကပ် လာကြလေသည်။

ကျားနက်ကြီးသည် နတ်ဘုရား ကျောင်းတော် တံခါးအောက်တွင် ဝပ်နေရင်း လူအများကို ကြည့်နေလေသည်။

ဆုတောင်းသံများကြောင့် မီးအိမ်မှ အလင်းရောင်သည် ပိုပြီး တောက်ပလာလေသည်။

"သခင်လေး…. အဲဒါကို မခံစားရဘူးလား ၊ အမြန်ပြန်လာပါတော့…"

မြားချက် တစ်ချက်တည်းဖြင့် အသွေးအသားများ အားလုံး ပျောက်ဆုံးသွားရသည့် ဆန်းလျန်၏ မြင်ကွင်းသည် ကျားနက်ကြီး၏ မျက်ဝန်းထဲတွင် ယခုတိုင် ပျောက်ကွယ် မသွားနိုင်သေးပေ။

သခင်လေး ထိုမျှလွယ်လွယ်နှင့် ဖျက်ဆီးခံလိုက်ရသည်ကို ကျားနက်ကြီး မယုံကြည်နိုင်ခဲ့ပါ။

သို့သော် ကျားနက်ကြီးသည် ဆန်းလျန်နှင့် နှစ်ပေါင်းများစွာ အတူ လိုက်ပါနေထိုင်ခဲ့သူ ဖြစ်သည့်အတွက် ကျင့်စဉ်တစ်ခု အကြောင်းကို ကြားဖူးထားလေသည်။ လူတစ်ယောက်ကို အသက်အန္တရာယ်မှ ကာကွယ်ရန် အိပ်မက်ကမ္ဘာ တစ်ခုအဖြစ် ဖန်ဆင်းပြောင်းလဲ ပစ်သည့်ကျင့်စဉ် ဖြစ်လေသည်။

သို့သော် အိပ်မက်ကမ္ဘာထဲမှ လူတစ်ယောက်ကို ပြန်လည် နိုးထလာစေရန်မှာ အလွန်ခက်ခဲ လေသည်။ ထို့ကြောင့် သခင်လေး ပြန်လည် နိုးထလာစေရန် အတွက် ပြင်ပကမ္ဘာမှာ စွမ်းအားစု တစ်ခု လိုအပ်လေသည်။

ဆန်းလျန် ပျောက်ဆုံးသွားသည်နှင့် ထိုအတွေးက ကျားနက်ကြီးခေါင်းထဲသို့ ချက်ချင်း ဝင်ရောက်လာခြင်း ဖြစ်လေသည်။ သူ၏ သခင်လေးသည် အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိသွားခြင်း ဖြစ်ပေလိမ့်မည်။

ထိုကျင့်စဉ် အကြောင်းကို ဆန်းလျန်က ကျားနက်ကြီးကို ပြောပြခဲ့စဉ်က မည်သည့် ရည်ရွယ်ချက်မှ မရှိခဲ့ပါ။

ထို့ပြင် ကြာပန်းမီးအိမ်လေးကို အားလျန်ထံ ပေးအပ်ခဲ့စဉ်က ထိုမီးအိမ်လေးသည် သူ၏အသက်ကို ကယ်တင်နိုင်ရန် ဖြစ်လာလိမ့်မည်ဟုလည်း တစ်ခါမှ မစဉ်းစားခဲ့ဖူးပါ။

သူက ဝူကျုန်းမျိုးနွယ်စုကို ကယ်တင်ရန် အတွက် ရည်ရွယ်ပြီး ကြာပန်း မီးအိမ်လေးကို အားလျန်ထံသို့ ပေးခဲ့ခြင်း ဖြစ်သော်လည်း ယခုတော့ မီးအိမ်လေးသည် သူ့ကို ပြန်ပြီး ကယ်တင်နိုင်ရန် ဖြစ်လာခဲ့ရပြီ။

ဆန်းလျန်သည် မှောင်မဲမှုံဝါးနေသည် အချိန်နှင့် ရောတည်ရှိမှုများကို ဖြတ်သန်းသွားခဲ့ပြီး ခန့်မှန်းမရနိုင်သည့် အချိန်ဇုန်တစ်ခုသို့ ရောက်ရှိ လာခဲ့လေသည်။

ထိုနေရာသည် မြင့်မြတ်သည့် “အမတ” တောင်များဖြင့် ပြည့်နေပြီး အချို့တောင်များ ဆိုလျှင် ချင်းရွှမ်တောင် ထက်ပင် မြင့်မားသေးသည်။

မိုးနှင့်မြေမှ အလွန်ကြောက်မက်ဖွယ် ကောင်းသော မိုးမြေစွမ်းအားများ ထွက်ပေါ်နေပြီး ဆန်းလျန်မှာ သူ့ကိုယ်သူ သိမ်ငယ်သလိုပင် ခံစားလာရသည်။

သို့သော်… ဆန်းလျန်သည် အခြားနေရာများသို့ သွားလာနိုင်ခြင်း မရှိဘဲ တောင်တစ်တောင် ထက်တွင် သောင်တင် နေခဲ့လေသည်။

ထိုတောင်၏တောင်သခင်မှာ လူငယ်တစ်ယောက် ဖြစ်လေသည်။

ထိုလူငယ်မှာ အခြားသူမဟုတ်။ ဒဏ္ဍာရီထဲမှ လေးသည်တော် “တာ့ယိ” ပင် ဖြစ်လေသည်။ သူသည် လောကတွင် မိုးနတ်မင်းပြီးလျှင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လေသည်။

သို့သော် တာ့ယိသည် ဆန်းလျန်ကို တွေ့မြင်နိုင်ပုံမရပေ။ အမှန်တော့ ထိုတောင်ပေါ်တွင် နေထိုင်သည့် မည်သည့် သက်ရှိသတ္တဝါမဆို ဆန်းလျန်ကို မြင်တွေ့နိုင်ခြင်းမရှိပေ။ ဆန်းလျန်သည် အချိန်ယန္တရားတွင် သာမန်ဖြတ်သွား ဖြတ်လာတစ်ယောက် အလား တောင်ပေါ်မှ ဖြစ်ရပ်များကို တိတ်တဆိတ် ကြည့်ရှုနေရုံသာ တတ်နိုင်ခဲ့လေသည်။

တာ့ယိသည် မိုးကောင်းကင် နတ်ဘုရား အဆင့်ရှိသည့် နတ်မိစ္ဆာများကိုပင် လွယ်လွယ်ကူကူ အမဲလိုက်နိုင်သူ တစ်ယောက် ဖြစ်လေသည်။ သို့သော် ဆန်းလျန်က တာ့ယိကို သိပ်ပြီး စိတ်ဝင်စားခြင်း မရှိပါ။

တာ့ယိတွင် မိတ်ဆွေလည်း သိပ်မရှိပေ။

သို့သော် သူအုပ်ချုပ်ရသည့် မျိုးနွယ်စုဝင်များ ရှိလေသည်။ တာ့ယိက သူ၏ မျိုးနွယ်စုဝင်များ အပေါ်တွင်တော့ အလွန်ကောင်းမွန်လေသည်။ တာ့ယိသည် အမဲလိုက်ပြီး သားရဲများရလာတိုင်း သူ၏ မျိုးနွယ်စုဝင်များကို ခွဲဝေပေး လေ့ရှိလေသည်။

သို့သော် မျိုးနွယ်စုဝင်များသည် တာ့ယိကို ကြောက်ရွံ့ကြပြီး အနားပင် မကပ်ရဲကြပေ။

အဘယ်ကြောင့်ဆိုသော် တာ့ယိသည် မွေးရာပါ မာနကြီးလွန်းပြီး စိတ်ဓာတ် ပြင်းထန်သူ တစ်ယောက်ဖြစ်သော ကြောင့်ပင်။

ထိုကဲ့သို့သော စိတ်ထားမျိုးသည် လောကီနှင့် ကင်းကွာပြီး ကိလေသာ ကင်းစင်သည့် နတ်ဘုရားများ၏ စိတ်ထားမျိုး ဖြစ်လေသည်။ တာအိုတန်ခိုးစွမ်းအား များသည် မမြင်ရသည့် ကြိုးများပမာ တာ့ယိ၏ပတ်ဝန်းကျင်တွင် ချည်နှောင် ထားသည်ကို ဆန်းလျန် တွေ့မြင် နေရလေသည်။

နတ်ဘုရားများသာဆိုလျှင် တာ့ယိကဲ့သို့ နေမည်မဟုတ်ဘဲ အခြားသူများနှင့် ဆက်သွယ်ရန် ကြိုးစားမည် ဖြစ်လေသည်။ သို့သော် တာ့ယိသည် တာ့ယိသာဖြစ်သည်။ သူသည် မည်သူနှင့်မျှ အဆက်အစပ် မပြုလုပ်လိုဘဲ မိုးနှင့်မြေတွင် သီးခြား ရပ်တည်သူ တစ်ယောက် ဖြစ်လေ၏။

တာ့ရှားဧကရာဇ် သည်ပင်လျှင် တာ့ယိနှင့်ယှဉ်လျှင် များစွာ အားနည်းသူ တစ်ယောက် ဖြစ်သွားရပေလိမ့်မည်။

သို့သော် တာ့ယိသည် စွမ်းအား ကြီးမားသည့်တိုင် မည်သူ့ကိုမှ ထိခိုက်လိုသည့် စိတ်ထားမရှိပေ။ ထို့ပြင် ဆန်းလျန် သည်လည်း တာ့ယိနှင့် မထိတွေ့ မပတ်သက်နိုင်သည့် အခြေအနေတွင် ရောက်နေခဲ့ရလေသည်။

သူက မြင်ရုံသာမြင်ရပြီး ပါဝင်ပတ်သက်၍ မရပေ။

အဘယ်ကြောင့် ဆိုသော် ဆန်းလျန်သည် အိပ်မက်ထဲတွင် မျောလွင့်နေသူ ဖြစ်သောကြောင့်ပင်။ ဆန်းလျန်သည် အိပ်မက် ကမ္ဘာထဲတွင် အထီးကျန်ခြင်းကို ခံစားနေရသည့် အပြင် အိပ်မက်ကမ္ဘာ၏ အဓိပ္ပာယ်ကိုလည်း နားလည်ခြင်း မရှိသေးပေ။

သူသည် အချိန်ယန္တရားထဲတွင် တစ်ကိုယ်တည်း အဆုံးမဲ့ ဖြတ်သန်း နေရလေတော့သည်။

***

All Chapters