တန်ခိုးစွမ်းအားများ
Vol. 6 Ch. 560
မောင်နှမနှစ်ယောက် အချိန်အတန်ကြာ စကားများပြီးသည့် အခါတွင်တော့ ဟန်အယ်သည် ရွှမ်ချီကို စတင် တိုက်ခိုက်ကာ စံအိမ်ထဲမှ မောင်းထုတ်လေတော့သည်။
ထိုအခါ ဆန်းလျန်သည် ဟန်အယ်၏ တန်ခိုးစွမ်းအားကို တွေ့မြင်ခွင့်ရခဲ့လေသည်။
ဟန်အယ်သည် သူမ၏ ဦးခေါင်းထက်မှ ငွေဆံထိုးလေးကို ဖြုတ်ယူလိုက်ပြီး လက်ဖြင့် တစ်ချက် သပ်လိုက်လေသည်။ ထိုအခါ သူမနှင့် ရွှမ်ချီကြားတွင် နဂါးငွေ့တန်းတစ်ခု ဖြစ်ပေါ် လာလေသည်။
ရွှမ်ချီသည် နဂါးငွေ့တန်းကို ဖြတ်ကျော်ပြီး အစ်မဖြစ်သူကို တိုက်ခိုက်ရန် ကြိုးစားသော်လည်း မည်သို့မှကျော်ဖြတ် နိုင်ခြင်းမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ရွှမ်ချီက တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်လိုက်တိုင်း နဂါးငွေ့တန်းက ပို၍ ကျယ်ပြန့် လာသောကြောင့် ဖြစ်လေသည်။ ရွှမ်ချီက တိုက်ခိုက်လေ နဂါးငွေ့တန်းက အဆက်မပြတ် ကျယ်ပြန့်လာ လေဖြစ်လေသည်။
ဟန်အယ်၏ တန်ခိုးစွမ်းအားများသည် "အနောက်သို့ ခရီးသွားမှတ်တမ်း" စာအုပ်ထဲမှ မျောက်မင်းစွန်းဝူခုံးကို အမှတ်ရစေလေသည်။ စွန်းဝူခုံးသည် ဗုဒ္ဓ၏ လက်ဖဝါးထက်မှ လွတ်မြောက်နိုင်ခဲ့ခြင်း မရှိပေ။ မျောက်မင်းသည် ဗုဒ္ဓ၏ လက်ဖဝါးထက်မှ လွတ်မြောက်ရန် ကြိုးစားလေ ထိုလက်ဖဝါးက ပိုပြီး ကျယ်ပြန့်လာလေ ဖြစ်လေသည်။
ထိုတန်ခိုးစွမ်းအားကို "ဗုဒ္ဓလက်ဖဝါး" တန်ခိုးစွမ်းအားဟု လူသိများကြလေသည်။
ရွှမ်ချီသည် နောက်ဆုံးတော့ အစ်မဖြစ်သူကို အရှုံးပေး လိုက်ရလေသည်။
သူက ခြေတစ်လှမ်း နောက်သို့ဆုတ်ကာ နဂါးငွေ့တန်း အတွင်းမှ ထွက်ခွာ သွားလေတော့သည်။
သူမသွားမီတွင် ဒေါသတကြီးဖြင့် အော်ဟစ် သွားလေသည်။
"အစ်မဖြစ်နေပြီး တော်တော် ရက်စက်တာပဲ…"
ဟန်အယ်မှာ ရွှမ်ချီ ထွက်သွားတော့မှ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်လေသည်။ အမှန်တော့ ရွှမ်ချီသည် သူမ၏ တစ်ဦးတည်းသော မောင်လေး ဖြစ်လေသည်။ အခြားအကူအညီသာ တောင်းမည်ဆိုလျှင် သူမသည် မောင်ငယ်ကို တစ်ချက်ပင် မငြင်းဘဲ ကူညီပေးလိုက်မည် ဖြစ်လေသည်။
သို့သော်… ရွှမ်ချီက နတ်မိစ္ဆာဂိုဏ်းများကို စုစည်းပြီး နတ်မိစ္ဆာအပေါင်း၏ ဘုရင် ဖြစ်ချင်ခဲ့လေသည်။ ကံတရားသည် ထိုအတိုင်းသာ ဖြစ်လာပါက တာ့ယိ၏ အသက်အတွက် အန္တရာယ်ရှိလေသည်။
ဟန်အယ်စိတ်ထဲတွင် တွေးနေသည့် အတွေးများကို ဆန်းလျန်မသိပါ။
သို့သော် သူမ၏ တန်ခိုးစွမ်းအားများကိုတော့ ဆန်းလျန် အလွန်အထင်ကြီး လေးစား နေခဲ့လေသည်။ ရွှမ်ချီပင်လျှင် ဟန်အယ် ဖန်ဆင်းသည့် နဂါးငွေ့တန်းကို ဖြတ်ကျော်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ထိုနဂါးငွေ့တန်း၏ နောက်ကွယ်တွင် အလွန် ထူးဆန်းသည့် လျှို့ဝှက်ချက် တစ်ခု ရှိနေနိုင်လေသည်။ ထို့ပြင် နဂါးငွေ့တန်းကို တဖြည်းဖြည်း ကျယ်ပြန့်လာအောင် တိုးချဲ့နိုင်ခြင်းမှာလည်း မယုံကြည်နိုင်စရာ ကောင်းလှပေသည်။
သူမသည် ဗလာနယ်တစ်ခုကို ဖန်ဆင်းခဲ့လျှင်ပင် ဆန်းလျန် ထိုမျှလောက် အံ့သြမိလိမ့်မည် မဟုတ်ပေ။ သို့သော် နဂါးငွေ့တန်းကို ဖန်ဆင်းပြီးတိုးချဲ့နိုင်ရန်မှာ အလင်းထက်ပင် လျင်မြန်သည့် ချဲ့ထွင်နိုင်စွမ်းကို ဖော်ပြနေပြီး ထိုသို့သော တန်ခိုးစွမ်းအားမျိုးကို နားလည်ရန်မှာ မဖြစ်နိုင်ပါချေ။
ထို့ပြင် ရွှမ်ချီနှင့် ဟန်အယ်၏ ကျင်ကြံခြင်းအဆင့်မှာ မတိမ်းမယိမ်းဖြစ်လေသည်။
ရွှမ်ချီက ဟန်အယ်လောက် မတော်ဘူးဆိုလျှင်တောင်မှ များစွာ ကွာခြားချက်မရှိပေ။ ထို့ပြင် ဟန်အယ်သည် နဂါးငွေ့တန်းကို ဖန်ဆင်းလိုက်သည့် အချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံးကို ထိခိုက်မှုမရှိခဲ့ပေ။ နဂါးငွေ့တန်းသည် လက်ရှိလောကတွင် ရှိမနေဘဲ အပြိုင်လောက တစ်ခုတွင် တည်ရှိသည့် အရာတစ်ခုနှင့်ပိုပြီး ဆင်တူနေလေသည်။
သူမ ထိုသို့နဂါးငွေ့တန်းကို ဖန်ဆင်းလိုက်ခြင်းသည် အိပ်မက်လိပ်ပြာကျင့်စဉ်နှင့် ပကတိ ဖန်ဆင်းခြင်း ပညာများ၏ သဘောတရားနှင့် သွားရောက် ဆင်တူနေလေသည်။ ထိုပညာသည် အစစ်အမှန်လား…။ မှော်ဆန်လွန်းသည့် တန်ခိုးစွမ်းအားလား။
ထိုနဂါးငွေ့တန်း နောက်ကွယ်မှ လျှို့ဝှက်ချက်ကိုသာ ရှာဖွေတွေ့ရှိ နိုင်မည်ဆိုလျှင် ဆန်းလျန်အနေဖြင့် အိပ်မက်ကမ္ဘာမှ လွတ်မြောက်ရန် နည်းလမ်း ရှာတွေ့နိုင်ကောင်းမည် ဖြစ်လေသည်။
နားလည်ဖို့ ခက်ခဲလွန်းသည့်တိုင် ဆန်းလျန်သည် မျှော်လင့်ချက်ကို မလျှော့ခဲ့ပေ။
ဟန်အယ်သည် ဆန်းလျန်ကို လျစ်လျူရှုထားဆဲ ဖြစ်လေသည်။ သူမသည် တံခါးကိုမီပြီး အပြင်ဘက်သို့ ငေးကြည့် နေလေသည်။ သူမ၏ ခင်ပွန်းသည်ဖြစ်သူ တာ့ယိကို စောင့်မျှော်နေဟန် ရှိလေသည်။
ဒဏ္ဍာရီထဲမှ အဆင့်မြင့် နတ်ဘုရားတစ်ပါးသည် ခင်ပွန်းဖြစ်သူ ပြန်အလာကို သာမန်ဇနီးသည် တစ်ယောက်အလား မျှော်လင့်နေသည်မှာ ယုံနိုင်စရာပင် မရှိပေ။
နေမဝင်မီအချိန်မှာပင် တာ့ယိ စံအိမ်သို့ ပြန်ရောက်လာခဲ့လေသည်။
သူမက ပြန်ရောက်သည်နှင့် ဟန်အယ်၏အနားသို့ ချက်ချင်း သွားလိုက်လေသည်။ ထို့နောက် ခေတ္တမျှ တုံ့ဆိုင်း နေပြီးမှ စကားစပြောလိုက်သည်။
“ရွှမ်ချီလာသွားတယ် မဟုတ်လား…”
ဟန်အယ်က ဖြစ်သမျှအကြောင်းများအားလုံးကို တာ့ယိကို ပြောပြလိုက်လေသည်။
ထိုအခါ တာ့ယိက…
“သူက မင်းရဲ့မောင်လေးလေ၊ အဲဒီတော့ ကိုယ်နဲ့လည်း မကင်းရာမကင်းကြောင်း ရှိတာပေါ့၊ ပြီးတော့ နတ်မိစ္ဆာ ဂိုဏ်းတွေဟာလည်း ခေါင်းဆောင်မရှိဘဲ လမ်းပျောက်နေကြတာ၊ နတ်မိစ္ဆာ ဘုရင်တွေကလည်း လူသားတွေကို ရန်လာလာ စနေတော့ သက်ရှိ သတ္တဝါတွေလည်း ကြောက်လန့် နေကြရတယ်၊ ရွှမ်ချီက နတ်မိစ္ဆာဂိုဏ်းတွေကို စုစည်းပြီး နယ်နိမိတ် သတ်မှတ်ပေးနိုင်ရင် သတ္တဝါတွေ အားလုံးအတွက် အကျိုးရှိမယ် မဟုတ်ဘူးလား”
“မောင်လေးတော့ ကျွန်မကို အရမ်းမုန်းသွားပြီဆိုတာ ကျွန်မသိပါတယ်၊ နတ်မိစ္ဆာတွေ အားလုံးကို စည်းရုံးတယ်ဆို တာသူသွားမယ့် တာအိုကျင့်စဉ်လမ်းရဲ့ သော့ချက်လည်း ဖြစ်တယ်၊ ဒါပေမဲ့… တာ့ယိရယ်… ကျွန်မက ရှင့်ဇနီးဖြစ် နေမှတော့ ရှင့်အတွက်လည်း စဉ်းစားပေးရမှာပဲ၊ ရှင်သာ အဲဒီတိုက်ပွဲကို တိုက်မယ်ဆိုရင် ရှင့်ဘ၀ ကံဆိုး မိုးမှောင်ကျလိမ့်မယ်၊ ဒါကြောင့် ကျွန်မကတော့ ရှင့်ကို ရွှမ်ချီကို မကူညီစေချင်ဘူး…”
ဟန်အယ်က တာ့ယိ၏ လက်များကို တင်းကျပ်စွာ စုပ်ကိုင်ရင်း ပြောလိုက်လေသည်။
ဆန်းလျန်မှာ ဟန်အယ်နှင့် တာ့ယိ၏ ရင်းနှီးချစ်ခင်သည့် အချိန်လေးကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်း ဖြစ်လေသည်။
ဟန်အယ်နှင့်တာ့ယိကဲ့သို့ တန်ခိုးစွမ်းအား မြင့်မားသည် ဇနီးမောင်နှံသည် သာမန် ဇနီးမောင်နှံများကဲ့သို့ တစ်ဦးနှင့် တစ်ဦးခံစားချက်များ ရှိနေသည်မှာ အလွန်မှ ထူးဆန်း လှလေသည်။
“ကျင့်ကြံခြင်း အဆင့်မြင့်လာလေ သံယောဇဉ် ပိုဖြစ်လာကြလေ” ဖြစ်သွားကြလေသလား မပြောတတ်ပေ။
ဆန်းလျန်ကတော့ အချစ်နှင့် နှောင်ကြိုးများသည် ကျင့်ကြံခြင်းအတွက် အတားအဆီးများ ဖြစ်သည်ဟု ခံယူထားသူ ဖြစ်လေသည်။
ဆန်းလျန်၏ အတွေ့အကြုံအရ ဆိုလျှင်တော့ “ကျင့်ကြံခြင်း အဆင့်မြင့်လာလေလေ စိတ်ခံစားချက်များလည်း နည်းပါး လာလေလေ” ဖြစ်လေသည်။ ထိုအချက်က သဘာဝ ကျသည်ဟုလည်း ဆန်းလျန်က ခံယူထားလေသည်။
ယခုတော့ ဟန်အယ်၏ ကျင့်ကြံခြင်း အဆင့်သည် တာ့ယိထက်များစွာ သာလွန်လေသည်။ သို့သော် သူမနှင့်တာ့ယိ သည်အလွန် နက်ရှိုင်းသည့် သံယောဇဉ်ကြိုးနှင့် ချည်နှောင်ထားပြီး တာ့ယိ အပေါ်တွင် ထားရှိသည့် ဟန်အယ်၏ ချစ်ခြင်းမေတ္တာမှာလည်း စစ်မှန်လေသည်။
ဟန်အယ်သည် တစ်ခုခု မှားယွင်းနေခြင်း မဟုတ်ကြောင်း ဆန်းလျန် ရိပ်မိလေသည်။ နောက်ကွယ်တွင် သူ မသိနိုင် သည့်အကြောင်းအရာ တစ်ခုရှိနေခြင်းသာ ဖြစ်ရပေမည်။
တာ့ယိက….
“ကံဆိုးမိုးမှောင် ကျမယ်ဆိုလည်း ဘာအရေးလဲ၊ သေဖို့ကိုရော ကြောက်နေစရာ လိုလို့လား၊ ကိုယ်တို့တွေ ဒီလောကမှာ အသက်ရှင်သန် နေသရွေ့ ဒီကံဆိုးမိုးမှောင် ကျမှုကို ရှောင်လွှဲ မရနိုင်ဘူးဆိုတာ မင်းလည်း သိထားတာပဲလေ”
ဟန်အယ်က…
“အနောက်ဒေသမယ်တော်ရဲ့အဆိုအရဆိုရင် ခွန်လွန်တောင်မှာ တာအိုဆရာ သုံးပါးရှိတယ်၊ သူတို့က ‘ကောင်းကင်ဘုံရဲ့ အခြားဘက်ခြမ်း’ ဆိုတဲ့ လောက အသစ်တစ်ခုကို ဖွင့်လှစ်ဖို့ ပူးပေါင်း ကြံစည် နေကြတယ်တဲ့၊ ကျွန်မတို့ သူတို့နဲ့ သွားတွေ့မယ်ဆိုရင် ကံဆိုးမိုးမှောင် ကျမှာကို တားဆီးနိုင်လိမ့်မယ် ထင်တယ်၊ သူတို့နဲ့ သွားတွေ့ ကြမလားဟင်…”
“တာအိုဆရာသုံးပါး မဟုတ်ပါဘူး၊ သူတို့ကို သန့်စင်တဲ့ တာအိုအရှင်သခင် သုံးပါးလို့ ခေါ်ကြတာပါ၊ ကိုယ် သူတို့နဲ့ တွေ့ဖူးသားပဲ၊ ထုန်ထျန်းတာအို အရှင်သခင်ရဲ့ နတ်ဘုရား ထောင်ချောက် ဓားကလွဲရင် တခြားနှစ်ယောက်ကတော့ သုံးစားလို့မရပါဘူး”
တာ့ယိက ပုံမှန်လေသံဖြင့်ပင် ပြောလိုက်လေသည်။
ဟန်အယ်မှာ တာ့ယိ၏ စကားကြောင့် စိတ်ဆိုးသွားလေသည်။
“တခြားသူတွေကို မလေးစားတတ်ဘူး ဆိုရှင် ရှင်တစ်နေ့မှာ အရှုံးနဲ့ ရင်ဆိုင်ရလိမ့်မယ်”
တာ့ယိက သူ၏လေးကို ညွှန်ပြလိုက်ရင်း…
“ဒီလေးနဲ့ဆိုရင် ဘယ်သူ့ကိုမှ ရှုံးစရာအကြောင်းမရှိဘူး”
ထိုစကားကိုကြားသည်နှင့် ဟန်အယ်သည် ဒေါသူပုန်ထကာ တောင်အောက်သို့ ဆင်းသွား လေတာ့သည်။
တာ့ယိက ဟန်အယ်နောက်သို့ ချက်ချင်းပင် လိုက်သွားလေသည်။
သို့သော် ဟန်အယ်က ရွှမ်ချီကို တားဆီးလိုက်သကဲ့သို့ပင် နဂါးငွေ့တန်းကို ဖန်းဆင်းကာ တာ့ယိကို တားဆီးထား လိုက်လေသည်။ တာ့ယိသည် ဟန်အယ်နောက်သို့ လိုက်သွားရန် မဖြစ်နိုင်တော့ပေ။ တာ့ယိသည် စွမ်းအားကြီးမားသူတစ်ယောက် ဖြစ်ပါလိမ့်မည်။ သို့သော် သူ၏ ဇနီးဖြစ်သူ တကယ်တမ်း တန်ခိုးစွမ်းအား ထုတ်သုံးပြီ ဆိုလျှင်တော့ သူ့တွင် တားဆီးနိုင်စွမ်း မရှိပါချေ။
နောက်ဆုံးတော့ တာ့ယိသည် အိမ်သို့ ပြန်လာခဲ့ရလေသည်။
သူက သူ၏လေးကို နံရံထက်တွင် ချိတ်ဆွဲလိုက်ရင်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
“အခုတော့ ကျုပ်ဘဝမှာ မင်းပဲ ကျန်တော့တယ်၊ သူ… ကျုပ်ကို ဘယ်လောက်ကြာကြာ စိတ်ဆိုးနေဦးမှာလဲ မသိဘူး၊ စိတ်ဆိုးပြေရင်တော့ ပြန်လာနိုင်ကောင်းပါရဲ့…”
ဆန်းလျန်သည် သူ့ရှေ့မှ အချစ်ဇာတ်လမ်းကို ကြည့်နေရင်း ငိုရမလို ရယ်ရမလို ခံစားနေရလေသည်။
ထိုသို့ဖြင့်….
အချိန်အတန် ကြာသွားခဲ့လေသည်။
တစ်နေ့တွင်တော့…..
မိုးကောင်းကင် တစ်ခုလုံး ရုတ်တရက် ပြောင်းလဲ သွားလေသည်။
ကောင်းကင်ထက်တွင် နေဆယ်စင်း ထွက်ပေါ်လာပြီး တစ်လောကလုံးမှာ ညှိုးနွမ်း ခြောက်သွေ့ ကုန်လေတော့သည်။
ဆန်းလျန်သည် အိပ်မက်ကမ္ဘာတွင် ရောက်ရှိနေသည့် အတွက် နေဆယ်စင်း၏ အပူချိန်ကို ခံစားရခြင်း မရှိပေ။ သို့သော် တောင်များ အားလုံးထံမှ မရဏ အငွေ့အသက်များ အဆက်မပြတ် ထွက်ပေါ်နေသည်ကို သတိထားလိုက်မိ လေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် နေဆယ်စင်း၏ အပူချိန် မည်မျှပြင်းထန်ပြီး သက်ရှိ သတ္တဝါမည်မျှ အသက်ဆုံးခဲ့ပြီကို သိရှိနိုင်လေသည်။
တာ့ယိ၏မျိုးနွယ်စုဝင်များသည် တာ့ယိထံသို့ စုရုံးရောက်ရှိလာကြလေသည်။
ဆန်းလျန်ကတော့ နိမ့်လိုက်မြင့်လိုက်ဖြင့် ကောင်းကင်ထက်တွင် ခုန်ပေါက်နေသည့် နေဆယ်စင်းကို ကြည့်ရင်း အဘယ်ကြောင့် နေဆယ်စင်း ထွက်ပေါ်လာရသည်ကို ဆက်စပ် တွေးတောကြည့်နေလေသည်။
အရာအားလုံး၏ အစသည် “ရွှမ်ချီ” ဖြစ်လေသည်။
ရွှမ်ချီသည် ဇာမဏီ ငှက်တစ်ကောင်ထံမှ အကူအညီကို ရယူကာ နတ်မိစ္ဆာများကို နှိမ်နင်း ခဲ့လေသည်။
ထို့နောက်သူက အမတ တောင်ထိပ်များစွာတွင် နေထိုင်သည့် နတ်မိစ္ဆာဘုရင်များကို နှိမ်နင်းခဲ့ပြီး သူ့ကိုယ်သူ နတ်မိစ္ဆာ အပေါင်း၏ဘုရင် “အဖြူရောင်မင်းကြီး” အဖြစ် ကြေညာလိုက်လေတော့သည်။ လူအများကလည်း သူ့ကို နတ်မိစ္ဆာ အပေါင်းတို့၏ ဘုရင်ဟု အသိအမှတ် ပြုလိုက်ကြပြီး ထိုအချက်က နေစကြာ နတ်ငှက်များကို အကြီးအကျယ် ဒေါသ ထွက်စေလေသည်။
ဆန်းလျန် ရောက်ရှိနေသည့် တာ့ယိနှင့် ဟန်အယ်တို့ နေထိုင်ရာလောကတွင် နေမင်းသည် အခြားသော လောကမှ နေမင်းကဲ့သို့ ကြယ်တစ်စင်း မဟုတ်ပါ။ ထိုလောကရှိ နေမင်းသည် ရွှေရောင် နေစကြာ နတ်ငှက်ဆယ်ကောင်က အလှည့်ကျ အလင်းပေးနေသည့် နေမင်း ဖြစ်လေသည်။ ထိုနေစကြာ နတ်ငှက်များ အလှည့်ကျ အလင်းပေးနေသည့် အတွက် ကျင့်ကြံသူများ အတွက်လည်း များစွာ အကျိုးကျေးဇူး ရှိခဲ့ကြလေသည်။
ရွှမ်ချီက သူ့ကိုယ်သူ နတ်မိစ္ဆာအပေါင်းတို့၏ ဘုရင်အဖြစ် ခံယူခြင်းကို နေစကြာ နတ်ငှက်များက မည်သို့မှမကျေနပ် နိုင်ကြပေ။
အဘယ်ကြောင့်ဆိုသော် သူတို့သည်လည်း နတ်မိစ္ဆာ အနွယ်ဝင်များ ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် နတ်မိစ္ဆာ အပေါင်း၏ ဘုရင်ဖြစ်သည့် ရွှမ်ချီသည် သူတို့ထက် ကြီးမြတ်သွားမည်ကို သူတို့က မလိုလားပေ။ ထို့ပြင် ဇာမဏီငှက်နှင့် နေစကြာ နတ်ငှက်များမှာလည်း တစ်ယောက်နှင့် တစ်ယောက် မတည့်ကြသည့် ရာဇဝင်ကလည်းရှိခဲ့ လေသည်။
ထို့ကြောင့် နေ့ဘက်တွင် အလှည့်ကျ နေမင်းအဖြစ် တစ်ကောင်ချင်းစီ တာဝန်ယူပေးနေသည့် နေစကြာနတ်ငှက် ဆယ်ကောင်လုံးသည် ရွှမ်ချီကို သတ်ရန်အတွက် ဒေါသတကြီးဖြင့် တစ်ပြိုင်တည်း စုရုံးရောက်ရှိ လာရခြင်းပင် ဖြစ်လေတော့သည်။
သူတို့သည် ရွှမ်ချီကို သတ်ရန်အတွက် ကောင်းကင်ထက်တွင် ခုန်ပေါက် ပျံသန်း နေကြလေသည်။
ထို့ကြောင့် လူအများသည်လည်း ဦးတည်ချက် မရှိ ပျံသန်းနေသည့် နေဆယ်စင်းကို မြင်တွေ့နေရခြင်း ဖြစ်လေသည်။
ရွှမ်ချီမှာ သူ့ကိုယ်သူ ကာကွယ်ရန်ပင် မနည်းကြိုးစား နေခဲ့ရလေသည်။
နေစကြာ နတ်ငှက်များမှာ စစ်မှန်သော မီးတောက်များသည် လွန်စွာမှ ရက်စက် ကြမ်းကြုတ်လေသည်။ လောကကြီး သည်မည်မျှ ကျယ်ပြောပါစေ နေဆယ်စင်း အလား ပူလောင်သည့် နေစကြာ နတ်ငှက်ဆယ်ကောင်၏ ပူလောင်ပြင်းပြ သည့်မီးတောက်ကို ရှောင်ရှား နိုင်မည့်သူဆို၍ အနည်းငယ်မျှသာ ရှိနိုင်မည် ဖြစ်လေသည်။
***