← Chapters

အတိတ်ဆီက “ငါ”

Vol. 6 Ch. 561

အတိတ်ဆီက “ငါ”

Vol. 6 Ch. 561

ထိုနေစကြာ နတ်ငှက်ဆယ်ကောင် ရပ်တန့်သွားခြင်း မရှိပါက သက်ရှိသတ္တဝါများ အားလုံး အဆုံးသတ်တွင် မျိုးသုဉ်း ပျောက်ကွယ် ကြရမည် ဖြစ်လေသည်။

နေစကြာ နတ်ငှက်ဆယ်ကောင် ပေါင်းစည်းသွားသည့် စွမ်းအားကို ခုခံတွန်းလှန်နိုင်သည့် လူဆို၍ လောကတွင် အနည်းငယ်သာ ရှိနိုင်လေသည်။

ထို့ပြင် လူအများသည် နေစကြာ နတ်ငှက်များကို အံမတုရဲကြပေ။

အဘယ်ကြောင့်ဆိုသော် ရွှမ်ချီ သေဆုံးသွားသည်နှင့် နေစကြာ နတ်ငှက်များက ရပ်တန့် သွားကြမည် ဖြစ်လေသည်။ မသက်ဆိုင်သူများက သူတို့ကို သွားရောက် တိုက်ခိုက်ပါက တိုက်ပွဲသည် အဆုံးမသတ်နိုင် ဖြစ်ပြီး လူသားများသာ နောက်ဆုံးတွင် ထိခိုက်ကြမည် ဖြစ်လေသည်။

ရွှမ်ချီသည် ကောင်းကင်ထက်သို့ ပျံသန်း ထွက်ခွာသွားပြီး နေစကြာနတ်ငှက်များဖြင့် ရင်ဆိုင် တိုက်ခိုက်နေလေသည်။

သို့သော်… ရွှမ်ချီသည် မြေပြင်ပေါ်သို့ ပြန်မဆင်းရဲတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ မြေပြင်ထက်သို့ဆင်း လိုက်သည်နှင့် ကောင်းကင်မှ နေစကြာ နတ်ငှက်များသည် သူ့ကို ထိုးသုတ် သွားကြမည် ဖြစ်လေသည်။ ထိုအခါ မြေပြင်မှ အသက်ပေါင်းများစွာ ထိခိုက်မည်ဖြစ်ပြီး သူကျင့်ကြံမည့် တာအိုကျင့်စဉ် လမ်းတွင်လည်း အတားအဆီး ဖြစ်ရမည် ဖြစ်လေသည်။

လောကတစ်ခုလုံး ခြောက်သွေ့ ညှိုးနွမ်းကာ သက်ရှိ သတ္တဝါများလည်း သေကြေ ပျက်စီးကြသည့် အတွက် တာ့ယိမှာ အလွန်မှ စိတ်မကောင်း ဖြစ်ရလေသည်။ ထို့ပြင် ရွှမ်ချီမှာလည်း နေစကြာ နတ်ငှက်များ၏ ရန်ငြိုးဖြင့် လိုက်လံ တိုက်ခိုက်ခြင်းကို ခံနေရလေသည်။ ရွှမ်ချီမှာ ဇနီးဖြစ်သူ ဟန်အယ်၏ မောင်ငယ်လေး ဖြစ်လေသည်။ ထို့ကြောင့် တာ့ယိအနေဖြင့် လျစ်လျူ မရှုနိုင်ပါချေ။ ထို့ကြောင့် ရွှမ်ချီ၏ကိစ္စတွင် ဇနီးဖြစ်သူက ဝင်မပါစေချင်သည့်တိုင် သူကတော့ ဝင်ပါရတော့မည် ဖြစ်လေသည်။

တာ့ယိသည် မိုးနှင့်မြေတွင် ပြိုင်ဘက်ကင်း လေးသည်တော် တစ်ယောက် ဖြစ်သည့်တိုင် သူ့တွင်ရှိသည့် သာမန်မြား များသည် နေစကြာ နတ်ငှက်များကို ပစ်ခွင်းနိုင်လောက်သည် အထိ အစွမ်းမရှိပေ။

နေစကြာ နတ်ငှက်များကို သတ်ဖြတ်ရန်အတွက် မြားအသစ်များ ပြုလုပ်ရမည် ဖြစ်လေသည်။ ထိုမြားအသစ်များကို အရှေ့အရပ်ရှိ ကမ္ဘာ့သစ်ပင်မှ သစ်သားဖြင့် ပြုလုပ်မှသာ နေစကြာ နတ်ငှက်များကို သုတ်သင်ပစ်နိုင်မည် ဖြစ်လေသည်။

ထို့ကြောင့် တာ့ယိသည် သူ၏ မျိုးနွယ်စုဝင်များနှင့် အတူ တောင်အောက်သို့ ဆင်းကာ ကမ္ဘာ့ သစ်ပင်ရှိရာသို့ ထွက်ခွာ သွားခဲ့လေသည်။

တစ်ချိန်က ပထမမိုးနတ်မင်းသည် ကောင်းကင်ဘုံ နန်းတော်ကို တည်ဆောက်သည့် အခါ ကျန်းမုဟု ခေါ်သည့် ကမ္ဘာ့သစ်ပင်ကို စိုက်ပျိုးခဲ့လေသည်။ ထိုကျန်းမုသစ်ပင်သည် အသူရာချောက် ကိုးထပ်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး အကိုင်း အခက်အလက်များက မိုးကောင်းကင် ကိုးထပ်အထိ ဖြာဝေလျက် ရှိလေသည်။

သာမန်လူများ၊ သတ္တဝါများသည် ကမ္ဘာ့သစ်ပင်အဆုံး ထိုတက်ကာ ကောင်းကင်ဘုံသို့ ရောက်အောင် လာနိုင်ပါက အမတအနွယ်ဝင် နတ်ဘုရားတစ်ပါး ဖြစ်လာမည် ဖြစ်လေသည်။ ထိုသစ်ပင်သည် ကောင်းကင်ဘုံ နန်းတော်နှင့် သာမန်လူများကို ချိတ်ဆက် ပေးထားသည့် လမ်းတစ်လမ်းပင် ဖြစ်လေသည်။

ထို့နောက် ပထမမိုးနတ်မင်းသည် ဘေးအန္တရာယ်ဆိုးနှင့် ရင်ဆိုင်ရပြီး ကောင်းကင်ဘုံ နန်းတော် ပြိုကျသွားသည့်နောက် တစ်ခုတည်းသော ကျန်ရစ်ခဲ့သည့် အရာမှာ ကမ္ဘာ့သစ်ပင်သာလျှင် ဖြစ်လေသည်။ သစ်ပင်မှာ နက်ရှိုင်းသည့် ဝိညာဉ်စွမ်းအားများ ပြည့်ဝနေပြီး မိုးမြေစွမ်းအားများကို စုပ်ယူနိုင်စွမ်း ရှိလေသည်။ အလွန်လည်း ကြံ့ခိုင်သန်မာသည့် သစ်ပင်တစ်ပင် ဖြစ်သည့်အတွက် ထိုသစ်ပင်ကို ခုတ်ဖြတ်နိုင်သည့် လက်နက်အနည်းငယ်သာ ရှိလေသည်။

ရှင်းထျန်း၏ စစ်ပုဆိတ်သည် ထိုကမ္ဘာ့သစ်ပင်ကို ခုတ်လှဲနိုင်သည့် လက်နက်တစ်ခုတွင် အပါအဝင် ဖြစ်လေ၏။

တာ့ယိတောင်ပေါ်မှ ဆင်းသွားသည်နှင့် ဆန်းလျန်သည် ဒဏ္ဍာရီထဲမှ အကြီးကျယ်ဆုံး ဖြစ်ရပ်တစ်ခုကို မျက်မြင် ကိုယ်တွေ့ မြင်တွေ့ရတော့မည်ဟု သိရှိလိုက်လေသည်။

တာ့ရှားပြည်တွင် ထျန်းယီ၊ ဝမ်ကျုန်း၊ ဝူတင်တို့နှင့် တွေ့ဆုံရခြင်းထက် ပိုပြီး နက်ရှိုင်းသည့် သမိုင်းဒဏ္ဍာရီ တစ်ခုကို တွေ့မြင်ရမည် ဖြစ်လေသည်။

ထိုဒဏ္ဍာရီမှာ တာ့ယိက နေဆယ်စင်းကို မြားဖြင့် ပစ်ခွင်းသည့် ဖြစ်ရပ်ပင် ဖြစ်လေသည်။

ရုတ်တရက်….

အတိတ် တစ်ချိန်တွင်ရှိခဲ့သည့် “ငါ” နှင့် အနာဂတ်တွင် ဖြစ်တည်လာမည့် “ငါ” နှစ်ခု ပေါင်းစပ်သွားသည့် ထူးဆန်းသည့် ခံစားချက်တစ်ခုကို ဆန်းလျန် ခံစားလိုက်ရလေသည်။ ဗုဒ္ဓနှင့် တာအို ဆရာသခင်ကြီး တို့သည်လည်း အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်များကို ပေါင်းစပ်နိုင်ခဲ့ကြသည်။ ရုပ်ခန္ဓာ ခွဲခြားခြင်းမရှိဘဲ ရုပ်ခန္ဓာ တစ်ခုတည်းဖြင့်ပင် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်လောကသုံးပါးကို သွားရောက်နိုင်ကြလေသည်။

ယခု ဆန်းလျန် ခံစားနေရသည့် အဆင့်ကို ရောက်ရှိရန် အတွက် ထိုက်ယီထျန်းရှန်း အဆင့်နှင့်အထက် နတ်ဘုရားများ သည် မည်သည့် အရာကိုမဆို ပေးဆပ်ရဲကြပေလိမ့်မည်။

ဆန်းလျန်သည် အိပ်မက် ကမ္ဘာထဲတွင် ရောက်နေခဲ့ခြင်း ဖြစ်သည်ဆိုလျှင်တောင်မှ အလွန် လက်တွေ့ ကျလွန်းသည့် အတိတ်တစ်ချိန်ကို ရောက်ရှိနေခြင်း ဖြစ်လေသည်။ အိပ်မက်တစ်ခု ဖြစ်သည့်တိုင် အစစ်အမှန်နှင့် အလွန် တူညီလေသည်။

တာ့ယိသည် ကမ္ဘာ့သစ်ပင်မှ သစ်သားကိုရသည်နှင့် အချိန်ဖြုန်း မနေတော့ဘဲ တောင်ပေါ်သို့ အမြန်ပင် ပြန်ခဲ့လေသည်။ သူ၏ပခုံးထက်တွင် သစ်တုံးတစ်တုံးကို ထမ်းထားပြီး သူ၏ခါးတွင်တော့ ပုဆိန်တစ်လက်ကို လွယ်ထားလေ သည်။ သူ၏ ကျောထက်တွင်တော့ ထူးဆန်းသည့် လေးတစ်လက်ကို လွယ်ထားပြီး သူ့ကိုကြည့်ရသည်မှာ အလွန်မှ ပင်ပန်းနွမ်းနယ် နေပုံ ရလေသည်။

တာ့ယိကို ကြည့်ပြီး ဆန်းလျန်မှာ အနည်းငယ် အံ့အားသင့် သွားရလေသည်။

ယခုနှစ်များ အတွင်းတွင် ဆန်းလျန်သည် တာ့ယိ၏ ခန္ဓာကိုယ်ထဲမှ နက်ရှိုင်းသည့် စွမ်းအားကို မြင်တွေ့ခဲ့လေသည်။ တာ့ယိ၏ ဘဝတွင် တစ်ခါမှ မောပန်းနွမ်းနယ်သည် ဟူ၍ မရှိခဲ့ပေ။

သူသည် တောင်အောက်သို့ ဆင်းသွားသည့် အချိန်တွင် ထူးဆန်းမှုတစ်ခုနှင့် ရင်ဆိုင် ခဲ့ရသောကြောင့်သာ ယခုကဲ့သို့ မောပန်းနေရခြင်း ဖြစ်ဟန်ရှိလေသည်။

မောပန်းနွမ်းနယ် နေသည့်တိုင် တာ့ယိသည် တစ်ချက်မှ အနားမယူခဲ့ပေ။

သူက ပုဆိန်ကိုကိုင်ကာ ထမ်းယူလာသည့် သစ်တုံးကို ခွဲခြမ်းစိတ်ဖြာပြီး မြားများ ပြုလုပ် နေခဲ့လေသည်။ တာ့ယိသည် သူ၏ ထူးခြားဆန်းကြယ်သည့် လက်မှုပညာဖြင့် အလွန် ဆန်းကြယ်သည့် မြားဆယ်ချောင်းကို အတိအကျ ပြုလုပ်ခဲ့ လေသည်။ ထိုမြားများကို ပြုလုပ်နေသည့် အချိန်တွင် နတ်ဘုရားများနှင့် တစ္ဆေများ၏ ငိုညည်းသံများကို ကြားရပြီး လေနှင့်မိုးသည်လည်း တစ်မူထူးခြားသည့် အသံများ ပြုလုပ်ကာ ရွာသွန်း တိုက်ခတ် လာခဲ့လေသည်။

နေဆယ်စင်း ထွက်ပေါ်လာပြီးသည့် နောက်ပိုင်း ပထမဆုံးအကြိမ် မိုးရွာသွန်းခြင်းပင် ဖြစ်လေသည်။ မိုးရေကြောင့် ပတ်ဝန်းကျင်တွင် အနည်းငယ် အေးမြ လာခဲ့လေသည်။

ဆန်းလျန်သည် တာ့ယိ ပြုလုပ်နေသည့် ထူးဆန်းသည့် မြားဆယ်ချောင်းကို တွေ့ရသည့်အခါ ဖော်ပြ၍ မရနိုင်သည့် ခံစားချက်ကို ခံစားလိုက် ရလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုမြားသည် သူ့ကို ထိမှန်ခဲ့သည့် မြားဖြစ်နေသော ကြောင့်ပင်။ သူသည် ထိုမြားချက် ထိမှန်ပြီး ယခုကဲ့သို့ အိပ်မက်ကမ္ဘာဆီ ရောက်ရှိ လာရခြင်း ဖြစ်လေသည်။

နေမင်းဖြိုခွင်း မြားဆယ်စင်းကို ပြုလုပ်ပြီးသွားသည်နှင့် တာ့ယိသည် တောင်ထိပ်သို့ ထွက်ခွာ သွားလေသည်။

ထိုအချိန် တစ်ခဏ အတွင်းမှာပင် မိုးနှင့်လေသည် ငြိမ်သက်သွားပြီး နေဆယ်စင်းသည့် ကောင်းကင် ထက်တွင် ထိန်ထိန်လင်းလျှက် ရှိလေ၏။

တာ့ယိက နေမင်းများကို စတင်ပစ်ခတ်ခြင်း မပြုသေးပါ။

သူက အနောက်ဘက်ဆီသို့ တစ်ချက် လှမ်းကြည့် လိုက်လေသည်။ ထိုအရပ်သည် သူ၏ ဇနီးဖြစ်သူ ဟန်အယ် ထွက်ခွာသွားရာ အရပ် ဖြစ်လေသည်။

ပထမဆုံးမြားချက် တစ်ချက်ကို ပစ်ခတ်ပြီးသည်နှင့် သူ့ဘဝသည် နောက်ပြန်လှည့်၍ မရနိုင်တော့သည်ကို တာ့ယိ သိထားလေသည်။ ထို့ကြောင့် လေညှို့မှ ကြိုးကိုမဆွဲမီ ဇနီးဖြစ်သူ ပြန်လာလေမလားဟု မျှော်လင့်ခဲ့မိလေသည်။ လေးကိုမတင်မီ ဇနီးဖြစ်သူကို တွေ့မြင် ချင်ခဲ့မိလေသည်။

သို့သော်… ဟန်အယ်သည် ပြန်လာခဲ့ခြင်း မရှိပါ။

တာ့ယိက အချိန်အတန်ကြာ စောင့်နေခဲ့လေသည်။

သို့သော်… ကောင်းကင်ထက်တွင် နေစကြာနတ်ငှက်များဖြင့် တိုက်ခိုက်နေသည့် ရွှမ်ချီ၏ အသက်ရှူသံမှာ တဖြည်းဖြည်း အားနည်းလာပြီ ဖြစ်လေသည်။ တာ့ယိတွင် ရွေးချယ်စရာ မရှိတော့ပါ။ သူက ဆုံးဖြတ်ချက်ခိုင်မာစွာ ချလိုက်ပြီး လေးကြိုးထက်တွင် နေမင်းဖြိုခွင်းမြားကို တင်လိုက်လေသည်။

တာ့ယိက လေးကြိုးကို ခပ်ဖြည်းဖြည်းပင် လွှတ်လိုက်ခြင်း ဖြစ်သော်လည်း နေမင်း ဖြိုခွင်းမြား၏ ကြီးမားလှသည့် စွမ်းအားကို ဆန်းလျန် ခံစားလိုက်ရလေသည်။ မြားရိပ်သည် တာ့ယိနှင့် နေစကြာ နတ်ငှက်များကြားရှိ အရာအားလုံးကို လွှမ်းခြုံသွားလေသည်။ နေမင်းဖြိုခွင်း မြားကို လောကတွင် ရပ်တန့်ပစ်နိုင်သူဟူ၍ တစ်ယောက်မှ မရှိပေ။

တစ်ခေတ်တစ်ခါက တန်ခိုးစွမ်းအားမြင့်မားသည့် နတ်မိစ္ဆာမဟာတန်ခိုးရှင် ဆယ်ကောင်မှ တစ်ကောင်သည် အသက်ဆုံးကာ ကောင်းကင်ထက်မှ မြေသို့ခသွားလေပြီ။

မြေပြင်ပေါ်မှလူများကတော့ နေတစ်စင်း ပြုတ်ကျသွားသည်ဟုသာ ထင်မြင်ကြမည် ဖြစ်လေသည်။

ကျန်ရှိနေသည့် နေစကြာ နတ်ငှက်များသည် တာ့ယိကို သတိထားမိသွားကြပြီး ဒေါသအကြီးအကျယ် ထွက်သွား ကြလေသည်။ သူတို့သည် တာ့ယိရှိရာသို့ အလွန် လျင်မြန်သည့် အရှိန်ဖြင့် ပျံသန်းလာကြလေသည်။ သို့သော် တာ့ယိ၏လေးညို့မှ မြားချက်များ အဆက်မပြတ် ထွက်ပေါ်လာပြီး တစ်ကောင်ပြီး တစ်ကောင် မြေပြင်ထက်သို့ ပြုတ်ကျကာ သေဆုံး ကုန်ကြရတော့သည်။

နေဆယ်စင်းကို ချိန်ရွယ်ပစ်ခတ်နေသည့် အချိန်တွင် တာ့ယိသည် အလွန်အမင်း တည်ငြိမ် နေခဲ့လေသည်။ သူက နေတစ်စင်းချင်းကို ချိန်ရွယ်ပြီး မြားကို တစ်ချက်ပြီးတစ်ချက် လေးညို့မှ ပစ်လွှတ် နေခဲ့လေသည်။

မကြာမီ…

ကောင်းကင်ထက်တွင် နေစကြာနတ်ငှက် (၂)ကောင်သာ ကျန်ရစ်တော့သည်။

ထိုအချိန်တွင်…. တာ့ယိမှာလည်း တစ်ခေါင်းလုံး ဆံပင်များ ဖွေးဖွေးဖြူနေပြီး အလွန်အိုမင်း ရင့်ရော်သည့် အဘိုးကြီး တစ်ယောက်ပုံ၏ ပုံသဏ္ဌာန် ပြောင်းလဲသွားပြီ ဖြစ်လေသည်။

နေဆယ်စင်းသည် မိုးမြေကို ထိတ်လန့်စေနိုင်သည့်၊ စကြဝဠာကို လှည့်ပတ်နေကြသည့် နေမင်းများပင် ဖြစ်လေသည်။ ထို့ကြောင့် သူတို့ထံမှ ထွက်ပေါ်လာသည့် ဒေါသတရားများသည် တာ့ယိထံသို့ မနားတမ်းကျရောက် နေလေသည်။ ထို့ပြင် တာ့ယိသည် နေစကြာ နတ်ငှက်များကို သတ်ဖြတ်ရန် အတွက် သူ၏စွမ်းအားများ အားလုံးကို အသုံးပြုလိုက်ရလေသည်။

ထို့ကြောင့် တာ့ယိမှာ ချက်ချင်းပင် အိုမင်းရင့်ရော် သွားရခြင်း ဖြစ်လေသည်။

ထိုအချိန်မှာပင်…

ဆန်းလျန်သည် သူ့အတွက် လွတ်မြောက်ရန် အခွင့်အရေးကို သတိပြုမိသွားလေသည်။

တာ့ယိသည် နဝမမြောက်မြားကို ပစ်လွှတ်လိုက်ပြီး ဒဿမမြောက်မြားကို သူ့လက်တွင် ကိုက်လိုက် လေသည်။

ထိုအချိန်တွင် ဆန်းလျန်သည် ဒဿမမြောက် မြားတံဆီသို့ ခုန်ဝင်လိုက်လေသည်။ ထိုအခါ သူ၏ဝိညာဉ် တစ်ခုလုံး ရေထဲသို့ ကျရောက် သွားသည့်အလား ခံစားလိုက်ရလေသည်။

ဆန်းလျန်သည် တာ့ယိရှိသည့် လောကသို့ အိပ်မက်ကမ္ဘာ တစ်ခုအနေဖြင့် ရောက်ရှိ လာခြင်းမှာ ဒဿမမြောက် နေမင်း ဖြိုခွင်းမြားချက် ထိမှန် ခံလိုက်ရသောကြောင့် ဖြစ်လေသည်။ ထို့ကြောင့် သူ၏ အချိန်ခရီးသွားမှုသည် ဒဿမမြောက် နေမင်း ဖြိုခွင်းမြားနှင့် ဆက်စပ် နေလေသည်။ ထို့ကြောင့် ဒဿမမြောက် နေမင်းဖြိုခွင်း မြားသည် သူ့အတွက် လွတ်မြောက်ရန် အခွင့်အရေး တစ်ခု ဖြစ်လာမည်ဟု ဆန်းလျန်က မျှော်လင့်ခဲ့လေသည်။

ထို့ကြောင့် ဒဿမမြောက်မြားဆီသို့ ဆန်းလျန်က ခုန်ဝင်လိုက်ခြင်း ဖြစ်လေသည်။

မြားတံရှိရာသို့ ဆန်းလျန် ခုန်ဝင်လိုက်သည်နှင့် နောက်ဆုံး ထွန်းလင်းနေသည့် ဒဿမမြောက် နေမင်းကို ချိန်ရွယ်ထားသည့် တာ့ယိ၏ မြားထိပ်တွင် ပန်းပွင့်ပုံသဏ္ဌာန် အလင်းတန်းတစ်ခု ထွန်းလင်း လာလေသည်။

တာ့ယိသည် အံ့သြမင်သက်စွာဖြင့် ထိုပန်းပွင့် ပုံသဏ္ဌာန် အလင်းတန်းကို ကြည့်နေလေသည်။

ပြီးမှ သက်ပြင်းတစ်ချက်ချလိုက်ရင်း…

“အင်း… နေတစ်စင်းတော့ ချန်ထားသင့်တယ် ထင်ပါရဲ့…”

ဟု ပြောလိုက်လေသည်။

ဆန်းလျန်၏ လုပ်ရပ်ကြောင့် တာ့ယိသည် သူ၏မြားကို ပစ်ခတ်ခြင်း မပြုတော့ဘဲ ရပ်တန့် လိုက်လေသည်။ နောက်ဆုံး ကျန်ရစ်သည့် နေစကြာ နတ်ငှက်သည် တာ့ယိ၏မြားချက်ကို ထိတ်လန့် တုန်လှုပ်လွန်းသဖြင့် အဝေးသို့ပျံသန်း ထွက်ခွာ သွားလေတော့သည်။

နောက်ဆုံးတော့…

နေဆယ်စင်း ထွန်းလင်းနေသည့် လောကသည် ညအချိန်သို့ ချက်ချင်းပင် ရောက်ရှိ သွားလေတော့သည်။

ရွှမ်ချီသည် ကောင်းကင်ထက်မှ ဆင်းလာပြီး အားနာရှက်ရွံ့စွာဖြင့်ပင် တာ့ယိအနားသို့ ရောက်လာလေသည်။ သူက တာ့ယိကို ကျေးဇူးတင်စကား ပြောလိုက်လေသည်။

သို့သော်….

ထိုအဖြစ်အပျက်များကို ဆန်းလျန်သည် သိရှိနိုင်ခြင်း မရှိတော့ပါ။

အဘယ်ကြောင့် ဆိုသော် ထူးဆန်းစွာဖြင့် လင်းလက် တောက်ပနေသည့် ကြာပန်းပုံသဏ္ဌာန် မီးအိမ်လေးသည် သူ၏ အမြင်အာရုံအတွင်းသို့ ဝင်ရောက် လာလေသည်။ မီးအိမ်မှ အလင်းတန်းများသည် ဆန်းလျန်၏ ခန္ဓာကိုယ်ပေါ်သို့ ဖြာကျ နေလေသည်။ ထို့အပြင် လူအများ ရွတ်ဖတ် ဆုတောင်းနေကြသည့် “ချင်းရွှမ်” ဆိုသည့် ဆုတောင်းသံများကိုလည်း သူ့နားထဲတွင် ကြားနေရလေသည်။

ထို့နောက် တစ်စုံတစ်ခုက သူ့အားပြင်းထန်စွာ ဆွဲခေါ်နေသလို ခံစားလိုက်ရပြီး ဆန်းလျန်သည် အချိန်နှင့် နေရာများကို ဖြတ်ကျော်ကာ တာ့ယိ တည်ရှိရာ လောကထဲမှ ထွက်ခွာ သွားလေတော့သည်။

သူ…. ပြန်လည် သတိရလာသည့် အချိန်တွင်တော့ နတ်ဘုရား ကျောင်းတော်ထဲတွင် ရောက်ရှိ နေခဲ့လေသည်။

***

All Chapters