← Chapters

အပြာရောင်ခရီးရှည်နန်းတော်

Vol. 6 Ch. 562

အပြာရောင်ခရီးရှည်နန်းတော်

Vol. 6 Ch. 562

ဆန်းလျန်သည် သူ၏ ရုပ်တုတည်ရှိရာ နတ်ဘုရားကျောင်းတော်သို့ ပြန်ရောက် လာလေသည်။ သူ၏မူလဝိညာဉ် ခန္ဓာသည် နတ်ဘုရား ရုပ်တုအတွင်းသို့ ရောက်ရှိ နေခဲ့လေသည်။

ကံကောင်းစွာပင် သူ၏မူလဝိညာဉ် ခန္ဓာမှာ အကောင်းပကတိ အတိုင်း ပြန်လည် တည်ရှိနေပြီး သူ၏စိတ်များကလည်း ရှင်းလင်း တည်ငြိမ်နေလေသည်။

ဆန်းလျန်သည် ဒဿမမြောက်မြားကို တာ့ယိမပစ်ခွင်းနိုင်စေရန် တားဆီးလိုက်သည့် အတွက် ဒဿမမြောက်နေမင်း ၏ကယ်တင်ရှင် ဖြစ်သွားခဲ့လေသည်။ ထိုကုသိုလ် ကောင်းမှုသည် သူ၏မူလဝိညာဉ်ခန္ဓာကို အကောင်းအတိုင်း ပြန်လည်တည်ရှိစေခဲ့ကာ အသူရာချောက်သို့ ပြန်ရောက် လာခဲ့ခြင်း ဖြစ်လေသည်။

ထို့ပြင် ဆန်းလျန်သည် တစ်စုံတစ်ခုကို သိရှိထားသေးသည်။ သို့သော် ထိုသို့သိရှိထားမှုကို အတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။

သို့သော် လက်ရှိအချိန်သည် ထိုအရာများကို စဉ်းစားရမည့် အချိန် မဟုတ်သေးပေ။

သူက မူလဝိညာဉ်ခန္ဓာမှ တန်ခိုးစွမ်းအားများဖြင့် ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ် လိုက်လေသည်။ ထိုအခါ ကျောင်းတော် တံခါးနောက်တွင် အသက်သေဆုံးနေပြီ ဖြစ်သည့် ရှောင်ဟေးကို တွေ့ရှိ လိုက်ရလေသည်။

သို့သော် ရှောင်ဟေး၏ဝိညာဉ်ကတော့ အနည်းငယ် တောက်ပနေသေးသည်။

ဆန်းလျန်သည် ကြမ္မာတစ်ပတ် သံသရာလည်ခြင်းကို နားလည် သဘောပေါက်သူ ဖြစ်သည့် အားလျော်စွာ နတ်ဘုရားရုပ်တု၏ ပါးစပ်ကိုဖွင့်လိုက်ပြီး ယင်နှင့်ယန် စွမ်းအားများကို ကျားနက်ကြီးထံသို့ မှုတ်ထုတ်လိုက်ကာ ဒဏ်ရာများကို ကုသပေးလိုက်လေသည်။ သို့သော်… ရှောင်ဟေးသည် အသက်ပြန်လည် ရှင်သန်လာခြင်း မရှိတော့ပေ။

ဆန်းလျန်သည် ချက်ချင်းပင် သူ၏ တန်ခိုးစွမ်းအားများကို အသုံးပြုပြီး ရှောင်ဟေး၏ ဝိညာဉ် အားလျော့ ပျောက်ကွယ် မသွားစေရန် ကာကွယ် ပေးလိုက်လေသည်။

ထိုအချိန်မှာပင် ထွန်းလင်းနေသည့် ကြာပန်းမီးအိမ်လေးသည် ကြမ်းပြင်ထက်သို့ အသာအယာ ဆင်းသက်သွားပြီး အားလျန်သည် မီးခွက်စောင့်နတ်သမီး တစ်ပါးအလား မီးအိမ်အတွင်းမှ ထွက်ပေါ်လာလေသည်။

“နတ်ဘုရားဆရာ… နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့”

ထို့နောက် သူမက ဝမ်းနည်းစွာဖြင့် ကျားနက်ကြီးကို တစ်ချက် လှမ်းကြည့်လိုက်ပြီး…

“ရှောင်ဟေးကတော့ နတ်ဘုရားဆရာ ပြန်လာတာကို စောင့်မနေနိုင်ခဲ့တော့ဘူး”

အားလျန်သည် ရှောင်ဟေးရရှိခဲ့သည့် ဒဏ်ရာများကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ရှောင်ဟေးသည် နတ်ဘုရား ကျောင်းတော်သို့ မည်မျှခက်ခက်ခဲခဲ အရောက် လာခဲ့ရသည်ကို သိရှိခဲ့လေသည်။ ထို့ကြောင့် ရှောင်ဟေး အသက်ရှူ ရပ်သွားသည့်အချိန်တွင် သူမသည် အလွန်ဝမ်းနည်း စိတ်မကောင်း ဖြစ်ရလေသည်။

ဆန်းလျန်က ရှောင်ဟေး အကြောင်းကို ဆက်မပြောတော့ပါ။

သူက နတ်ဘုရား စွမ်းအားများကို အသုံးပြုပြီး အားလျန်ကို စကားပြောလိုက်သည်။

“မင်းလုပ်ခဲ့တဲ့အရာတွေအတွက် ကျေးဇူးတင်ပါတယ် အားလျန်၊ မင်းအတွက် ရုပ်ခန္ဓာတစ်ခု ပြန်ရအောင် ကျုပ်လုပ် ပေးပါ့မယ်၊ ဒါပေမဲ့ လောလောဆယ်တော့ တခြားကိစ္စတွေ လုပ်စရာရှိသေးတယ်၊ ဒါကြောင့် ကျုပ် အနှောက်အယှက် မဖြစ်ရအောင် မီးအိမ်ထဲကို ပြန်ဝင်နေပေးပါလား”

ဆန်းလျန်၏စကားဆုံးသည်နှင့် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး အားလျန်သည် မီးအိမ်အတွင်းသို့ ပြန်ရောက် သွားရလေသည်။

ထို့နောက်တွင်တော့ နတ်ဘုရား ကျောင်းတော် ပတ်ဝန်းကျင် တစ်ခုလုံးတွင် တန်ခိုးစွမ်းအား ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှ မိုးမြေစွမ်းအားများသည် နတ်ဘုရား ကျောင်းတော်၏ ခေါင်မိုးထက်တွင် စနစ်တကျက လာရောက် စုဝေးနေကြလေသည်။

ဘုရားကျောင်းခေါင် မိုးထက်မှ အလွန်ကြီးမားသည့် ဧရာမ အလင်းလက်ကြီးတစ်ခု ထွက်ပေါ်လာသည်ကို ဝူကျုန်းမျိုးနွယ်စုဝင်များ အားလုံး တွေ့မြင် လိုက်ရလေသည်။ ထိုလက်ကြီးသည် ကောင်းကင်ကို ထိုးဖောက်ကာ ပျံသန်း ထွက်ခွာသွားလေသည်။

ထိုလက်ကြီးသည် ဖုန်းရှိရာနေရာသို့ ဦးတည် ထွက်ခွာသွားခြင်း ဖြစ်လေသည်။

နေမင်းဖြိုခွင်းမြားကို ပစ်ခွင်းပြီးသည့်နောက် ဖုန်းသည် တန်ခိုးစွမ်းအားများ အားလုံး ကုန်ဆုံးသွားကာ မက်မွန်တောင် ထက်ရှိ မူလနေရာတွင်ပင် လဲကျနေခဲ့လေသည်။ သူသည် လမ်းပင် မလျှောက်နိုင်တော့ဘဲ နေမင်းဖြိုခွင်းမြားကို ပစ်ခတ်ခဲ့မိသည့် အတွက် နောင်တကြီးစွာ ရနေမိလေသည်။

ထိုအချိန်မှာပင်….

ဧရာမ အလင်းလက်ကြီး တစ်ခု သူ့ထံသို့ ဝင်ရောက်လာသည်ကို တွေ့မြင်လိုက်ရလေသည်။ ထိုလက်ကြီးထံမှ ပင်လယ်နှင့် တောင်များကဲ့သို့ မြင့်မားလွန်းသည့် တန်ခိုးစွမ်းအားများ ထွက်ပေါ် နေသည်ကို ခံစားလိုက်ရပြီး ဖုန်းသည် မည်သည့်နည်းနှင့်မျှ ခုခံကာကွယ်နိုင်ခဲ့ခြင်း မရှိပေ။

သူသည် မြေပြင်ထက်တွင် အားနည်းဖျော့တော့စွာ လဲကျလျက်ရှိပြီး သူံထံသို့ ဝင်ရောက်လာသည့် အလင်းလက်ကြီးကို ငေးစိုက်ကြည့်နေမိလေသည်။

သနားစရာဖုန်းသည် တုန်းယီဒေသနှင့် အရှေ့တိုင်း စစ်သည်တော် မျိုးနွယ်စုများထဲတွင် စွမ်းအားကြီးမားသူ တစ်ယောက် ဖြစ်ခဲ့လေသည်။ သို့သော် ယခုအချိန်တွင်တော့ သူ့ထံသို့ ရောက်လာသည့် ဧရာမလက်ကြီးကို ရင်ဆိုင်ရန် မည်သို့မှ အားအင်မရှိတော့ပေ။

ထိုအချိန်မှာပင် ဧရာမ အလင်းလက်ကြီးသည် သူ့ကိုမြေထဲတွင် ပြားကပ်သွားသည့် အသားပြား ဖြစ်သွားအောင် ထုချေ ပစ်လိုက်လေတော့သည်။ တောင်ပေါ်မှ မြေကြီးများ ပြိုကျသွားပြီး ဖုန်းကို မြှုပ်နှံ သင်္ဂြိုဟ်ပြီးသား ဖြစ်သွားလေတော့သည်။

ထိုဧရာမလက်ကြီးမှာ ဆန်းလျန်က သူ၏မူလဝိညာဉ် ခန္ဓာကို အသုံးပြုကာ ကွမ်းချင်း နတ်ဘုရားဂိုဏ်း၏ ရွှမ်ချင်း အလင်းလက်ကြီး အဖြစ် တန်ခိုးစွမ်းအားကို ထုတ်ဖော် အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။

ဖုန်းသည် ဝိညာဉ်ပါ အပိုင်းပိုင်းပြတ်ပြီး လောကမှ အပြီးတိုင် ပျောက်ကွယ် သွားရလေသည်။ ဆန်းလျန်သည် ဖုန်းကို မေးခွန်းပင် ထုတ်မနေတော့ဘဲ ချက်ချင်းပင် သတ်ဖြတ်ပစ် လိုက်လေသည်။

ဖုန်းသေဆုံး သွားသည်နှင့် ဆန်းလျန်သည် ရှောင်ဟေးကို တစ်ချက် လှမ်းကြည့် လိုက်လေသည်။

ထို့နောက် ဆန်းလျန်၏ မူလဝိညာဉ် ခန္ဓာသည် နတ်ဘုရား ရုပ်တုအတွင်းမှ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်သည် ကြယ်စင်ရောင်များဖြင့် လင်းလက် တောက်ပနေလေသည်။

ဆန်းလျန်က ဂါထာတစ်ပုဒ် ရွတ်ဖတ် လိုက်သည်နှင့် ရှောင်ဟေး၏ ကိုယ်ထဲမှ အစိမ်းရောင် အခိုးအငွေ့တစ်ခု ထွက်ပေါ် လာလေသည်။ အစိမ်းရောင် အခိုးအငွေ့များသည် မှုန်ဝါးသည့် ကျားနက် သေးသေးလေး တစ်ကောင်အဖြစ် ပေါင်းစပ် သွားကြလေသည်။

ဆန်းလျန်က…

“ပြောသားပဲ၊ သောက်ပျင်းမထူဘဲ ကျင့်စဉ်တွေကို ကျင့်ကြံပါဆိုတာ၊ နားမှမထောင်ဘဲ၊ ခုတော့ ဒီလိုမျိုးဖြစ်ရပြီ…”

ဆန်းလျန်က ကျားနက် ဝိညာဉ်ငယ်လေးကို သူ၏ အင်္ကျီလက်အတွင်းသို့ ထည့်ကာ သိမ်းဆည်း လိုက်လေသည်။

ထို့နောက် ဆန်းလျန်သည် ကောင်းကင်ထက်သို့ ပျံသန်း ထွက်ခွာ သွားလေတော့သည်။ ဆန်းလျန်၏ ခန္ဓာကိုယ်သည် ကြည်လင်သည့် ကြယ်စင်လှိုင်းများအလား ကောင်းကင်ထက်တွင် ပျော်ဝင် သွားလေသည်။

ဆန်းလျန်သည် အလွန်ဝေးကွာသည့် နေရာတစ်ခုသို့ ရောက်ရှိ လာလေသည်။

ဆန်းလျန်သည် သူ၏ပုံသဏ္ဌာန်ကို စုစည်းနိုင်သလို တန်ခိုးစွမ်းအားများကဲ့သို့ ခွဲဖြာထွက်ကာ အခြားသောအရာများနှင့်လည်း ပေါင်းစပ်ပစ်နိုင်သည့်အစွမ်းကို ရရှိခဲ့လေသည်။

ဆန်းလျန်သည် ရှောင်ဟေး လူပြန်ဝင်စားနိုင်ရန် အတွက် အကောင်းဆုံး နေရာတစ်ခုကို တွက်ချက်ရင်း ခရီးနှင်လာခဲ့ လေသည်။ နောက်ဆုံးတွင်တော့ မြောက်ဘက်ဆီသို့ ဦးတည်ရန် ဆုံးဖြတ် လိုက်လေသည်။ သူသည် တောင်များနှင့် မြစ်ချောင်းများကို မရပ်မနား ဖြတ်ကျော်ခဲ့ပြီး တာ့ရှားပြည် အနောက် မြောက်ဘက်သို့ ရောက်ရှိ လာခဲ့လေသည်။

ထိုနေရာတွင်တော့ ဆန်းလျန်သည် ရှေ့သို့ခရီး မဆက်တော့ဘဲ ရပ်တန့်လိုက်သည်။

ကောင်းကင်တွင် နေမထွက်သေးပါ။ မြေပြင်သည်လည်း ငြိမ်သက်လျက် ရှိလေသည်။

ထိုနေရာတွင် ကလေးတစ်ယောက်ကို မွေးဖွားတော့မည့် မိသားစုတစ်စု ရှိနေလေသည်။

ဆန်းလျန်က ထိုမိသားစုကို တစ်ချက် လေ့လာကြည့်လိုက်သည့် အခါတွင်တော့ ခရမ်းရောင်နှင့် အနီရောင် တန်ခိုးစွမ်းအားများ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရလေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုမိသားစုသည် မြင့်မြတ်ပြီး ငွေကြေး ကြွယ်ဝ ချမ်းသာသည့် မိသားစုတစ်စု ဖြစ်မည်ဟု ခန့်မှန်းနိုင်လေသည်။

ဆန်းလျန်သည် သူ၏ မူလဝိညာဉ်ခန္ဓာထဲတွင် ပါးကွ ပုံသဏ္ဌာန် အင်းချပ်ကို ပုံဖော် ကာထပ်မံ တွက်ချက် ကြည့်လိုက် လေသည်။ ထို့နောက်တွင်တော့ ထိုမိသားစုသည် ရှောင်ဟေးအတွက် သင့်တော်သည့် မိသားစု ဖြစ်သည်ဟု ဆုံးဖြတ်လိုက်ပြီး အင်္ကျီလက်ထဲမှ ကျားနက် ဝိညာဉ်လေးကို ထုတ်ယူ လိုက်လေသည်။

“နောက်ဘဝတော့ သောက်ပျင်း မထူဖို့ မျှော်လင့်ရတာပဲ…”

ဆန်းလျန်က ပြောပြီးသည်နှင့် ကျားနက်ဝိညာဉ်လေးကို ထိုမိသားစုရှိရာသို့ သွားခွင့် ပေးလိုက်လေသည်။

သိပ်မကြာမီပင် အမျိုးသမီး တစ်ယောက်၏ မီးဖွားသည့် အတွက်ကြောင့် နာကျင် ညည်းညူသံများ ထွက်ပေါ်လာပြီး ကလေးငယ်တစ်ယောက် မွေးဖွား လာလေသည်။ ကလေးငယ်၏ ပခုံးထက်တွင် ရှောင်ဟေးနှင့်ဆင်တူသည့် ကျားနက်တစ်ကောင်၏ အမှတ်အသား ပါရှိလေသည်။

အသူရာချောက်တွင် ထူးခြားသည့် ကလေးငယ်များ မွေးဖွားခြင်းသည် ရှားပါးသည့် ဖြစ်ရပ် မဟုတ်ပေ။ သို့သော် ထူးခြားသည့် ကလေးငယ်တစ်ယောက် မွေးဖွားလာသည့် အတွက် မိဘများမှား များစွာ ဝမ်းသာ အံ့အားသင့် ခဲ့ရလေသည်။

ရှောင်ဟေး အဆင်ပြေစွာ လူပြန်ဝင်စား နိုင်ခဲ့ပြီ ဆိုသည်မှာ သေချာတော့မှ ဆန်းလျန်က ပြန်ရန် အနောက်သို့လှည့် လိုက်လေသည်။ ထိုအချိန်တွင် အလွန်ကြီးမားသည့် တန်ခိုးစွမ်းအား အတက်အကျ တစ်ခုကို ဆန်းလျန်ကို ရုတ်တရက် လာရောက် ရိုက်ခတ်လေသည်။

သူက လှည့်ကြည့်လိုက်သည့် အခါတွင်တော့ ကျားမတစ်ကောင်ကို အစာအကျွေးနေသည့် အသက် (၃)နှစ်ခန့် အရွယ်ကလေးငယ် တစ်ယောက်ကို တွေ့လိုက်ရလေသည်။

ကလေးငယ်သည် ငယ်ရွယ်သည့်တိုင် ဝိညာဉ် စွမ်းအား အလွန်ကောင်းလေသည်။

“လက်စသတ်တော့ သူကိုး…”

ဆန်းလျန်က တွေးလိုက်မိလေသည်။

ထို့နောက် ဆန်းလျန်သည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီး….

“ဒါက ကျုပ်ကို သတိပေးတာလား…”

ဟု ပြောလိုက်လေသည်။

ထို့နောက် ဆန်းလျန်က နှာခေါင်း တစ်ချက် ရှုံ့လိုက်ပြီး ကလေးငယ်ကို အရေး မလုပ်တော့ဘဲ နတ်ဘုရား ကျောင်းတော် ရှိရာသို့ ပြန်လာခဲ့လေသည်။

ကြီးမားကျယ်ပြန့်သည့် ပင်လယ်တစ်ခု….

ပင်လယ် ဒီရေများ အကြားတွင် လူသူများ မမြင်တွေ့နိုင်သည့် ကျွန်းတစ်ကျွန်း ရှိနေလေသည်။ မြူခိုးများ ထူထပ်နေပြီး နတ်ဘုရား စွမ်းအားများလည်း ထိုကျွန်းပေါ်မှ ထွက်ပေါ် နေလေသည်။

ကျွန်း၏အလယ်တွယ် “အပြာရောင် ခရီးရှည်နန်းတော်” ဟု ရေးထိုးထားသည့် နန်းတော်ကြီး တစ်ခု တည်ရှိလေသည်။

နန်းတော်၏ ခန်းမထဲတွင် တာအိုကျင့်ကြံသူ မိန်းမပျို တစ်ယောက် ထိုင်နေလေသည်။ သူမ၏ မျက်နှာထားက အလွန်မှ တည်ကြည်နေပြီး သူမ၏ရှေ့တွင်တော့ ဒူးထောက် နေသည့် လူတစ်ယောက် ရှိနေလေသည်။

ထိုသူမှာ ဝမ်ကျုန်းပင် ဖြစ်လေသည်။

သူတို့နှစ်ယောက်ကြားတွင် ကြယ်စင်တန်းများ စီးဆင်းနေပြီး ဆန်းလျန် ပြုလုပ်နေသည့် အလုပ်များ အားလုံးကို သူတို့ နှစ်ယောက်လုံး တွေ့မြင်နေရလေသည်။

ဝမ်ကျုန်းက…

“နေမင်းဖြိုခွင်း မြားကတောင် သူ့ကိုမသတ်နိုင်ခဲ့ဘူး၊ သူ့ရဲ့ ကျားနက်ကြီးကလည်း ချုန်းဟိုအိမ်တော်မှာ လူပြန်ဝင်စားခဲ့ပြီ၊ ဒါဟာ ဆရာဘိုးဘိုး ပြောခဲ့ဖူးတဲ့ အဖြစ်အပျက်တွေ အတိုင်း ဖြစ်လာတာပဲ၊ ဆရာ…. ဒါဆိုရင် သူ့ကို ဒီနေရာကို ဖိတ်ခေါ်ပြီး အပြာရောင် ခရီးရှည်နန်းတော်ရဲ့ အရှင်သခင် ဖြစ်လာစေမှာလား…”

***

All Chapters