နတ်ဘုရားများ
Vol. 6 Ch. 563
ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာသည် ကြယ်စင်ရောင်များ လင်းလက် တောက်ပနေပြီး လျင်မြန်စွာဖြင့် ခရီးသွားနေလေ သည်။ သို့သော် တအိုကျင့်ကြံသူ မိန်းမပျိုသည် သူ့ရှေ့ ခြေတစ်လှမ်းခန့်တွင် ရှိနေသည်ကိုတော့ ဆန်းလျန် ရိပ်မိခြင်းမရှိပေ။ သူမသည် စကြဝဠာကြီး တစ်ခုလုံးနှင့် ပေါင်းစပ်နေပြီး သူမ၏ပတ်ဝန်းကျင်တွင် အလင်းနှင့်အမှောင် ရောထွေးလျက် ရှိလေသည်။
ဝမ်ကျုန်းသည် အလွန်မှ တန်ခိုးစွမ်းအားမြင့်မားသည့် လောကနတ်ဘုရား တစ်ပါး ဖြစ်သည့်တိုင် တာအိုကျင့်ကြံသူ မိန်းမပျို၏ ရှေ့တွင်တော့ သာမန်လူတစ်ဦးနှင့် မခြားပေ။ သူတို့နှစ်ယောက်၏ ဘဝသည် အလွန်မှ ကွဲပြားခြားနားလွန်း လေသည်။
တာအိုကျင့်ကြံသူ မိန်းမပျိုသည် ကြယ်စင် ကြေးမုံမှန်မှ တစ်ဆင့် ဆန်းလျန်၏ လှုပ်ရှားမှုတိုင်းကို စိုက်ကြည့်နေခဲ့လေ သည်။ ထို့နောက်တွင်တော့ သူမ၏ရှေ့မှ ကြယ်စင်ကြေးမုံမှန် ပျောက်ကွယ် သွားလေသည်။
အပြာရောင် ခရီးရှည်နန်းတော်သည် ထူးခြားသည့် ပစ္စည်းများဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်လေသည်။ အထူးသဖြင့် နန်းတော် မျက်နှာပြင် တည်ဆောက်ရာတွင် အသုံးပြုထားသည့် ပစ္စည်းမှာ မည်သည့်ပစ္စည်းမှန်းပင် မခန့်မှန်းနိုင်ပေ။ လူတစ်ယောက်သည် နန်းတော် တည်ဆောက် ထားမှုကို နတ်ဘုရား စွမ်းအားများ အသုံးပြုကာ ထိုးဖောက်ကြည့်နိုင် လေသည်။ သို့သော် ထိုတည်ဆောက် ထားမှုတွင် အကြားအလပ်ရှိသည်ကို တွေ့ရှိရမည် မဟုတ်ပေ။
ထိုတာအိုကျင့်ကြံသူအမျိုးသမီးမှာ “ယွမ်ကျွင်းဧကရီ” ပင် ဖြစ်လေသည်။ သူမသည် အသူရာချောက်တွင် တန်ခိုး စွမ်းအားအမြင့်မားဆုံး နတ်သမီးတစ်ပါး ဖြစ်လေသည်။ သူမသည် မိုးနတ်မင်း ခေတ်ကတည်းက နတ်ဘုရားတစ်ပါး အဖြစ် အဆင့်တက်ရောက် နိုင်ခဲ့သူဟု အဆိုရှိလေ၏။
“မင်းသိတဲ့အတိုင်းပဲလေ…၊ အပြာရောင်ခရီးရှည်နန်းတော်က တပည့်မဟုတ်တဲ့လူတွေကို ဘယ်တော့မှ ဒီလိုမျိုး ဖြစ်ခွင့်မပေးဘူး၊ သူက ဘယ်သူပဲဖြစ်နေပါစေ ဒီစည်းကမ်းကိုတော့ မချိုးဖောက်နိုင်ဘူး၊ ဒါပေမဲ့ သူက ငါတို့ဆီမှာ တပည့်ခံချင်တယ် ဆိုရင်တော့ ငါက သူ့ကို အပြာရောင် ခရီးရှည် နန်းတော်ကို လွှဲပြောင်းပေးဖို့ မခဲယဉ်းပါဘူး၊ ပြီးတော့ သူ့ရဲ့ အသက်ရှူသံတွေက ငါ့ဆရာနဲ့ သိပ်တူနေတယ်၊ သူပြုလုပ်နေတဲ့အလုပ်တွေကလည်း ဆရာ ပြောခဲ့တာတွေနဲ့ တိုက်ဆိုင်နေတယ်”
ရှေးခေတ်အချိန်ကပင် တည်ရှိခဲ့သည့် နတ်ဘုရားတစ်ပါး ဖြစ်သည့်တိုင် ယွမ်ကျွင်း ဧကရီ၏အသံမှာ ဆယ်ကျော်သက် မိန်းမပျိုလေး တစ်ယောက်၏ အသံအလား ငယ်ရွယ် နုပျိုလွန်း နေလေသည်။
ဝူကျုန်းက…
“သူ့ရဲ့စရိုက်အရဆိုရင်တော့ ကျွန်တော်တို့ဆီမှာ တပည့်ခံမှာမဟုတ်ဘူး၊ ဒါပေမဲ့ ကံတရားအတိုင်းဆိုရင်တော့ ကျွန်တော်တို့ ဘာများတတ်နိုင်မှာလဲ ဆရာ”
ယွမ်ကျွင်းဧကရီက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…
“ဟွန့် တစ်ချို့ကိစ္စတွေကို မင်းမသိနိုင်သေးဘူး၊ ဒါပေမဲ့ ကံတရားဆိုတာကတော့ ဟာသတစ်ခုပဲ”
ထိုစကားကို ပြောပြီး သွားသည်နှင့် ယွမ်ကျွင်းဧကရီ၏ ဦးခေါင်းထက်တွင် အလွန်ကြီးမားသည့် စာအုပ်ကြီး တစ်အုပ် ပေါ်လာလေသည်။ ထိုစာအုပ်သည် ဒဏ္ဍာရီဆန်သည့် သေခြင်းရှင်ခြင်း စာအုပ်ပင် ဖြစ်တော့သည်။ စာအုပ်မှ အနက်ရောင် တန်ခိုးစွမ်းအားများ ထွက်ပေါ်နေပြီး ထိုတန်ခိုးစွမ်းအားများသည် ယွမ်ကျွင်းဧကရီ၏ ခန္ဓာကိုယ်ကို စူးသွားဖြင့် ထိုးဖောက်သည့်အလား ထိုးဖောက် ဝင်ရောက် သွားလေသည်။ သူမ၏ပတ်ဝန်းကျင်မှ စကြဝဠာတွင် အလင်းရောင်များ ပျောက်ကွယ်သွားပြီး အမှောင်ထု ဖုံးလွှမ်း သွားလေတော့သည်။
ဝမ်ကျုန်းသည် သူမရှေ့တွင် ထိုင်နေသည့် တိုင်အောင် ဖြစ်ပျက်နေသည့် အကြောင်းအရာများကို တွေ့မြင်နိုင်ခြင်း မရှိပေ။
ကံကောင်းသည်မှာ နှစ်ထောင်ပေါင်းများစွာ ကြာသည့် အချိန်အတွင်းတွင် ယခုကဲ့သို့ ဖြစ်ရပ်မျိုးသည် ပထမဆုံး အကြိမ်မဟုတ်ခဲ့ပါ။ သူ၏ဆရာသည် အသူရာချောက်၏ ကံကြမ္မာ စွမ်းအားဖြစ်သည့် သေခြင်းရှင်ခြင်းစာအုပ်နှင့် တိုက်ခိုက်နေသည်ကို ဝမ်ကျုန်း သိရှိခဲ့လေသည်။
အမှန်တော့ လူတစ်ယောက်သည် မိုးကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်သည်အထိ ကျင့်ကြံနိုင်မည် ဆိုလျှင်တောင်မှ သေခြင်းရှင်ခြင်းစာအုပ်နှင့် ချည်နှောင်ခံနေရဆဲ ဖြစ်လေသည်။ သို့သော် ဆရာဖြစ်သူက သေခြင်းရှင်ခြင်းစာအုပ်မှ စွမ်းအားများကို စုပ်ယူပြီး မိုးကောင်းကင် နတ်ဘုရားများ သေခြင်းရှင်ခြင်းစာအုပ်မှ လွတ်မြောက် စေရန်အတွက် အခွင့်အရေးပေးခဲ့လေသည်။
သို့သော် လူအများစုက ထိုအချက်ကို သတိမပြုမိခဲ့ကြပါ။
ဆန်းလျန်သည် အပြာရောင် ခရီးရှည်နန်းတော်နှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက်မိပြီ ဆိုသည့်အချက်ကို ဆန်းလျန် ကတော့ မသိရှာခဲ့ပေ။ ဆန်းလျန်သာ သိရှိခဲ့မည်ဆိုလျှင် သူသည် ကံတရားအတိုင်း မွေးဖွားလာရသည့် လူတစ်ယောက် ဖြစ်လာရန် လုံးဝဆန္ဒရှိခဲ့မည် မဟုတ်ပါချေ။
နေမင်းဖြိုခွင်း မြားချက်ထိမှန်ခဲ့ပြီး လေးသည်တော်တာ့ယိက နေဆယ်စင်းကို မြားဖြင့် ပစ်ခွင်းခဲ့သည့် ဒဏ္ဍာရီသည် ဆန်းလျန်၏ရင်ကို ထိရှစေခဲ့လေသည်။ ထို့ပြင် သူသည် အတိတ်ကာလ၏ ကိစ္စရပ်တစ်ခုတွင်လည်း ပါဝင်ပတ်သက် ခဲ့မိလေသည်။
အတိတ်သို့ခရီးသွားခဲ့ခြင်းသည် သူ၏ကျင့်စဉ်လမ်း အတွက် များစွာအသုံးဝင်သော်လည်း အတိတ်သို့ပြန်လည် ရောက်ရှိလိုသည့် စိတ်ဆန္ဒသူ့တွင် လုံးဝမရှိခဲ့ပေ။
ထို့ပြင်… တစ်ချိန်က ရဲ့လျိုယွင် ပြောခဲ့ဖူးသည့် စကားတစ်ခွန်းရှိလေသည်။
အမှောင်ထဲတွင် သူတို့မသိအောင် ကြိုးကိုင်ခြယ်လှယ်နေသည့် “တစ်စုံတစ်ခု” တည်ရှိနေသည် ဆိုသည့်စကားပင် ဖြစ်လေသည်။ ထိုစကားများကို ဆန်းလျန်သည် မည်သည့်အခါမှ မမေ့ခဲ့သည့် အပြင် ယခုကဲ့သို့ ထူးခြားဆန်းကြယ်မှု များကို ရင်ဆိုင်ရသည့် အခါ ပိုပြီး နားလည် သဘောပေါက် လာခဲ့ရလေသည်။
သူဖတ်ခဲ့ဖူးသည့် သမိုင်းစာအုပ်များထဲမှ အတိုင်းသာဆိုလျှင် ယင်းစန်းဒေသသည် မရပ်တန့် နိုင်လောက်အောက် အင်အားကြီးမားလာပြီး နောက်ဆုံးတွင် တာ့ရှားပြည်၏ နေရာကို အစားထိုး ဝင်ရောက်လာမည် ဖြစ်လေသည်။ သို့သော် ဆန်းလျန်ကတော့ ယင်းစန်း၏ အင်အားကို စိန်ခေါ်ရန် အချိန်တန်ပြီ ဆိုသည်ကို သိရှိထားလေသည်။
ထိုအချက်သည် ဆန်းလျန်အတွက် စမ်းသပ်မှုတစ်ခုလည်း ဖြစ်လေသည်။
အမှန်တော့ သူက တာ့ရှားပြည်ကို အကူအညီပေးပြီး ယင်းစန်းကို ဖျက်ဆီးမည့် အလုပ်ကိုတော့ လုပ်မည်မဟုတ်ပါ။ သို့သော် သူနောက်ထပ် လုပ်မည့်အလုပ်သည် လူတိုင်းကို အံ့အားသင့်စေမည် ဖြစ်လေသည်။
တာ့ရှားပြည်သည် သူ၏အစီအစဉ်ထဲတွင် အဓိက ပါဝင်ပတ်သက် လေသည်။ ဆန်းလျန်သည် သူ၏မိခင်ဖြစ်သူ ချန်ချင်ကို ယခုဖြစ်နေသည့် ကိစ္စရပ်များ အတွင်းသို့ ဆွဲသွင်းရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သို့သော် လက်ရှိ အခြေအနေ အရ သူမသည်လည်း မပါမနေရ ပါဝင် ပတ်သက် လာရတော့မည် ဖြစ်လေသည်။ ယင်းစန်းနှင့် တာ့ရှား၏တိုက်ပွဲ သည်အိမ်နီးချင်း နိုင်ငံများနှင့် ကျိန်းသေပတ်သက်မည်ပဲ ဖြစ်လေသည်။
ဆန်းလျန်သည် ကံကြမ္မာအတိုင်း စီးမျောလိုက်ပါ နေမည့်အစား ကံကြမ္မာကို ထိန်းချုပ်ချင်သူ တစ်ယောက် ဖြစ်လေသည်။
ဆန်းလျန်၏ ကျင့်ကြံခြင်းအဆင့်သည် ထိုမျှမမြင့်မား သေးသည့်တိုင် အမှောင်ထဲမှ ကြိုးကိုင် ခြယ်လှယ်နေသည့်သူကို စိန်ခေါ်ရန်လိုအပ်လေသည်။ ထိုသူကို စိန်ခေါ်ရန်အတွက် စတေးသင့်သည်များကိုလည်း စတေးရမည်ပင်။
ထို့ပြင် ဆန်းလျန်သည် စိန်ခေါ်မှုများကို နှစ်သက်သဘောကျသူ တစ်ယောက် ဖြစ်လေသည်။ သူ့ဘဝသည် အေးအေး ဆေးဆေးတာအိုကျင့်စဉ်များကို ကျင့်ကြံရင်း အသက်ရှင် နေထိုင် သွားနိုင်သော်လည်း သူသည် ထိုကဲ့သို့သော လူစားမျိုးမဟုတ်ပေ။
ဆန်းလျန် နတ်ဘုရားကျောင်းတော်သို့ ပြန်ရောက်လာခဲ့လေသည်။
ထိုအချိန်တွင်တော့ ဝတ်ပြုဆုတောင်းနေကြသည့် ဝူကျုန်းမျိုးနွယ်စုဝင် များသည် မိမိတို့၏ နေအိမ်များဆီသို့ အသီးသီး ပြန်သွားကြပြီ ဖြစ်လေသည်။ မည်မျှခက်ခဲသည့် အခြေအနေများနှင့် ရင်ဆိုင်ရပါစေ ဘဝဆိုသည်က ရှေ့ဆက်ရမည်ပဲ မဟုတ်ပါလား။
ဘဝတွင် အဆိုးများဖြင့်ပြည့်နေသည့်တိုင် အပြုအသဘော ဆောင်သည့် အတွေးများဖြင့်ပင် ရှေ့သို့ ဆက်လက်ရှင်သန် နိုင်ရန်အတွက် ကြိုးစားအားထုတ်ရမည် ဖြစ်လေသည်။
အပြုသဘောဆောင်သည့် အတွေးအခေါ်များကပင် ဆန်းလျန်၏ စိတ်ထဲရှိ တိမ်သလ္လာ အမှောင်များကို သန့်ရှင်း စင်ကြယ်စေခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့် သူ၏ မူလဝိညာဉ် ခန္ဓာသည်လည်း အနည်းငယ် ပိုမိုအဆင့်မြင့် လာခဲ့ရသည်။
နတ်ဘုရား ကျောင်းတော်ထဲတွင် အမွှေးတိုင် ရနံ့များဖြင့် ပြည့်နေလေသည်။
ယခုတော့ ဆန်းလျန်၏ရုပ်တုအပြင် ကြာပန်းပုံသဏ္ဌာန်မီးအိမ်လေးကိုလည်း လူအများက ဝတ်ပြုကိုးကွယ် နေကြလေသည်။ ကြာပန်း မီးအိမ်လေးသည် ဝူကျုန်းမျိုးနွယ်စုများကို ကယ်တင်ခဲ့ခြင်း ဖြစ်သည့်အတွက် လူအများက ကြာပန်း မီးအိမ်လေးကိုပါ အမွှေးနံ့သာတိုင်များ ထွန်းညှိကာ ပူဇော်ထားကြလေသည်။
လူအများ၏ ယုံကြည်ခြင်းများသာ တိုးပွားလာပါက ကြာပန်းမီးအိမ်လေးသည် ရှန်လမ်းစဉ်၏ အားကောင်းသည့် ရတနာတစ်ပါး ဖြစ်လာပေလိမ့်မည်။ ရှန်လမ်းစဉ်၏ အားကောင်းသော တန်ခိုးစွမ်းအားများကြောင့် သာမန်လူတစ်ယောက်ပင်လျှင် မီးအိမ်လေးကို ဆွဲကိုင်မိပါက ထူးခြားသည့် တန်ခိုးစွမ်းအား များကို ရရှိနိုင်မည် ဖြစ်လေသည်။
သို့သော် ဆန်းလျန်ကတော့ ပေးထားသည့် ကတိအတိုင်း တည်ရန် လိုအပ်လေသည်။ အားလျန်အတွက် ရုပ်ခန္ဓာ အသစ်တစ်ခု ပြန်လည် ဖန်တီးပေးရမည် ဖြစ်လေသည်။
ဆန်းလျန်က ကြာပန်းမီးအိမ်လေးကို ကြည့်ပြီးပြောလိုက်သည်။
“မီးအိမ်ထဲက ထွက်လာလို့ရပါပြီ…”
အားလျန်သည် ဆန်းလျန်၏ အသံကြားသည်နှင့် မီးခွက်စောင့် နတ်သမီးလေးပမာ မီးအိမ်ထဲမှ ပျံသန်း ထွက်ခွာလာလေသည်။
သူမ၏ပုံစံလေးသည် အလွန်မှ ဆွဲဆောင်မှုရှိလေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း….
“မင်း ဒီပုံအတိုင်း မီးအိမ်ထဲက ထွက်လာတာ သူများတွေမြင်ကုန်ရင် ကျုပ်ထက်တောင် ကျော်ကြား သွားဦးမယ်”
အမှန်တော့ ဘာသာရေး ဝါဒအများစုသည် နတ်သမီးများအပေါ်တွင် အခြေခံလေသည်။ အဘယ်ကြောင့်ဆိုသော် နတ်သမီးများသည် ချောမောလှပပြီး လူသားများ၏ စိတ်ကိုလည်း အလွယ်တကူ ထိတွေ့နိုင်လေသည်။
လူသားယောကျ်ားလေးကို မွေးဖွားပေးခဲ့သည့် အကြင်နာ နတ်သမီးသည် မိန်းကလေး တစ်ယောက် ဖြစ်နေခဲ့သည်ပင် မဟုတ်ပါလား။
အားလျန်က နှိမ့်ချစွာဖြင့်ပင်…
“ကျွန်မက နတ်ဘုရားဆရာထက် ဘယ်လိုလုပ်များ သာလွန်နိုင်မှာတဲ့လဲ၊ အဲဒီလိုသာ ဖြစ်မယ်ဆိုရင် ကျွန်မကိုယ် ကျွန်မ အရုပ်ဆိုးအောင် ဖန်ဆင်းလိုက်ပါ့မယ်”
အားလျန်သည် သူမ၏ပုံသဏ္ဌာန်ကို လိုသလိုပြောင်းလဲနိုင်လေသည်။ သို့သော် နတ်ဘုရားများသည် ယခင်ဘဝမှ ရုပ်သဏ္ဌာန်ကို အမြဲတမ်း ထိန်းသိမ်းထားတတ်သည့် စရိုက် ရှိသောကြောင့်သာ အားလျန်သည် သူမ၏ အရင်ပုံသဏ္ဌာန် အတိုင်း တည်ရှိနေခြင်းဖြစ်လေသည်။
သူမသာ ပြောင်းလဲချင်လျှင် ချက်ချင်းပင် ပြောင်းလဲ ဖန်ဆင်းနိုင်စွမ်း ရှိလေသည်။
ဆန်းလျန်က…
“ဒီလိုလုပ်စရာမလိုပါဘူး၊ အခု မင်းက အရမ်းကို ကြည့်ကောင်းပါတယ်၊ ပြီးတော့ မင်းရဲ့လက်ရှိပုံနဲ့ ဆင်တူတဲ့ ရုပ်ခန္ဓာတစ်ခု ကျုပ်လုပ်ပေးပါ့မယ်၊ ရုပ်ခန္ဓာတစ်ခုရှိတော့ မင်းအတွက် အဆင်ပြေတာပေါ့၊ မင်းရဲ့ သမီးလေး အပြင်ထွက်ပြီး လျှောက်ဆော့ရင်လည်း မင်းသူ့ကို လိုက်ရှာလို့ရတာပေါ့”
***