← Chapters

အခန်း (၅၉၁)

Vol. 49 Ch. 591

အခန်း (၅၉၁)

Vol. 49 Ch. 591

ထိုစကားများတွင် သုကျွမ်း တိတ်ဆိတ်သွားခဲ့သည်။ မှိုင်တွေညှိုးငယ်နေသည့် သခင်မကိုကြည့်လျက် မည်သို့ နှစ်သိမ့်ပေးရမည် မသိတော့ပေ။

“ကျွန်မ…”

သုကျွမ်း ဘာလုပ်လို့ဘာကိုင်ရမည်မသိဖြစ်နေစဉ် ရုတ်တရက် ပခုံးကို တစ်ယောက်ယောက် လာပုတ်သဖြင့် နောက်လှည့်ကြည့်လိုက်ရာ မျက်လုံးပြူးကျယ်သွားရ၏။

“ချန်-”

“ရှူး”

ချန်ကျဲ့ တိတ်တိတ်နေရန် လက်ဟန်ပြလိုက်သည်။ ထိုအခိုက်အတန့်၌ သုကျွမ်းသည် ချန်ကျဲ့ကို မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးကျယ်လျက် စိုက်ကြည့်နေခဲ့သည်။

ခန်းမအရှင်သခင်ချန်က ဘယ်လိုလုပ်ပြီး ဒီရောက်လာတာလဲ။

ချန်ကျဲ့ သုကျွမ်းကို ထွက်သွားရန် လက်ဟန်ပြခိုင်းစေလိုက်သည်။

သုကျွမ်းသည် ချက်ချင်းခေါင်းညိတ်၍ အခန်းထဲမှာ တိုးတိုးတိတ်တိတ် ထွက်သွားခဲ့သည်။ ထို့နောက် တံခါးဝတွင် ရပ်နေလိုက်သည်။ ချန်ကျဲ့သည် သူမ၏ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ပြတင်းပေါက်မှ အပြင်ကို ငေးမောကြည့်နေသည့် ဟွမ်ဝမ်အာကို ကြည့်လိုက်သည်။

ချန်ကျဲ့ ဖြည်းဖြည်းချင်း အနားကပ်သွားပြီး နောက်ဘက်မှနေ၍ ဟွမ်ဝမ်အာ၏ခါးလေးကို ပွေ့ဖက်လိုက်သည်။

ဟင်…

ရုတ်တရက် နောက်မှ ပွေ့ဖက်ခံလိုက်ရသဖြင့် ဟွမ်ဝမ်အာသည် ကနဦးတွင် တောင့်တင်းသွား၏။ သို့သော် သန်မာသည့်လက်များနှင့် ရင်းနှီးနေသည့်အမျိုးသား၏ ကိုယ်သင်းရနံ့ကို ခံစားမိလိုက်သည်တွင် သူမ၏မျက်လုံးများ ရုတ်ချည်း စိုစွတ်လာခဲ့သည်။

သို့သော် စိတ်ဓာတ်သန်မာပြင်းပြသည့် အမျိုးသမီးသည် မငိုကြွေးတတ်ပေ။

“ရှင် ရှင်ဘယ်လိုရောက်လာတာလဲ”

ဟွမ်ဝမ်အာ၏အသံသည် အနည်းငယ် တစ်ဆို့နေခဲ့သည်။ ချန်ကျဲ့သည် သူမ၏ နားနားသို့ တိုးကပ်လိုက်ပြီး ပြောသည်။

“ကိုယ့်ရဲ့ကလေးနဲ့ ကလေးမေမေကို လာတွေ့တာလေ”

ထိုသို့ပြောရင်း ချန်ကျဲ့သည် ဟွမ်ဝမ်အာ၏ လက်သေးသေးကလေးကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ မပူဖောင်းသေးသည့် ဝမ်းဗိုက်ထက် တင်လိုက်သည်။

ဟွမ်ဝမ်အာသည် ယခင်က မခံစားခဲ့ဖူးသည့် ပျော်ရွှင်မှုတစ်မျိုးကို ခံစားလိုက်ရသည်။ ဤသည်မှာ သူမ တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသည့် ခံစားချက်တစ်မျိုး ဖြစ်ပေသည်။

ကျီးရှန်းဘုရားကျောင်းအတွင်းက ရူးနှမ်းမှုသည် ပျော်ရွှင်အားရမှုဖြစ်သည်။ ယခုတွင် ၎င်းခံစားချက်မှာ ရုပ်ပိုင်းဆိုင်ရာ ကျေနပ်မွေ့လျော်မှုသက်သက်သာဖြစ်ကြောင်း ဟွမ်ဝမ်အာ သိသွားခဲ့လေပြီ။

လက်ရှိခံစားချက်သည် သူမ၏ စိတ်ဝိဥာဉ်အထိတိုင် နွေးထွေးသွားစေခဲ့ကာ သူမအား ချန်ကျဲ့၏နူးညံ့မှုများထဲ ပျော်ဝင်သွားစေခဲ့သည်။

“သခင်ကြီးချန်က ဒီကိုဘယ်လိုရောက်လာတာပါလဲ။ နန်ပါးထျန်းရဲ့လူတွေပြောတော့ သူတို့ ဒီနေ့ ရှင့်ကို ဖမ်းကြမလို့ဆို။ ရှင်က မိန်ဂိုဏ်းနဲ့ပူးပေါင်းပြီး ပုန်ကန်ဖို့ကြံစည်နေတယ်တဲ့လေ”

ဟွမ်ဝမ်အာမှ သိချင်စိတ်ပြင်းပြစွာဖြင့် မေးသည်။

ချန်ကျဲ့မှ ပြန်ပြောသည်။

“အဲဒါ ငါတမင်ကြံစည်ထားတာ”

“ရှင် နန်ပါးထျန်းကို ထောင်ချောက်ဆင်ထားတာလား”

ချန်ကျဲ့မှ ပြောသည်။

“ဟုတ်တယ်။ ထောင်ချောက်တွေ အများကြီး စီစဉ်ထားတာ။ ငါ မင်းကို အသေးစိတ်မပြောပြတော့ဘူး။ ဒါနဲ့ မင်း သယ်သွားချင်တဲ့ပစ္စည်းရှိသေးလား။ သွားကြစို့၊ ငါ မင်းကို ခေါ်သွားပေးမယ်”

“ကျွန်မကို ခေါ်သွားမယ်တဲ့လား”

ဟွမ်ဝမ်အာ အံ့ဩသွား၏။ ထို့နောက် ချန်ကျဲ့ကို လှည့်ကြည့်သည်။

“ကျွန်မကို ဘယ်ခေါ်သွားမှာလဲ”

“အိမ်ကိုလေ”

ချန်ကျဲ့မှ ပြောသည်။

အိမ်ဟူသည့် စကားလုံးကို ကြားလိုက်သည်တွင် ဟွမ်ဝမ်အာသည် သိသိသာသာ ကြည်နူးသွားခဲ့သည်။ သို့သော် အမြန်ပြန်ပြောလာ၏။

“မဖြစ်ဘူး သခင်ကြီးချန်။ ကျွန်မ ရှင့်နဲ့အတူ မလိုက်နိင်ဘူး။ နန်ပါးထျန်းသာ ရှင် ကျွန်မကို ခေါ်ထုတ်သွားတာကို သိသွားခဲ့ရင် သူ သေချာပေါက် စိတ်လွတ်သွားလိမ့်မယ်။ ခဏလေး…”

ပြောနေရင်းဖြင့် ဟွမ်ဝမ်အာသည် သူမ၏ မှန်တင်ခုံမှ အလှပြင်ပစ္စည်းသေတ္တာကို ဆွဲထုတ်လိုက်သည်။

အလှပြင်ပစ္စည်းသေတ္တာအောက်တွင် အံဝှက်တစ်ခုရှိသည်။ သူမသည် ဟွမ်ဝမ်အာသည် အံဝှက်ထဲမှ စာရွက်အချို့ကို အမြန်ထုတ်ယူလိုက်သည်။ ထိုလက်ရေးစာများကို ချန်ကျဲ့ထံ ကမ်းပေးလိုက်ပြီး ပြောသည်။

“ဒါတွေက ကျွန်မ နန်ပါးထျန်းမသိအောင် တိတ်တိတ်လေးကူးရေးထားတဲ့ ရေခဲစိတ်စွမ်းအင်သိုင်းကျမ်းပဲ။ ရှင်ယူသွားလိုက်ပါ။ ပြီးတော့ အမြန်ထွက်သွားတော့။ နန်ပါးထျန်း ခဏနေရင် ပြန်ရောက်လာတော့မှာ”

ချန်ကျဲ့ ထိုစာရွက်များကို ယူလိုက်သည်။ စာရွက်တွင် သိုင်းကျမ်းတစ်ခုကို လှပသေသပ်စွာ ကူးရေးထား၏။ ၎င်းမှာ နန်ပါးထျန်း၏ အင်အားအကြီးမားဆုံးသိုင်းဖြစ်သည့် စိတ်စွမ်းအင်ရေခဲသိုင်း ဖြစ်ပေသည်။

သို့သော် သိုင်းကျမ်းသည် မပြည့်စုံသေးပေ။ ဟွမ်ဝမ်အာမှ ပြောသည်။

“ကျွန်မ အလျင်စလိုနဲ့ ကူးရေးခဲ့ရတာမို့ နောက်ဆုံးနှစ်မျက်နှာ မကူးလိုက်ရဘူး။ အခန်းနှစ်ခန်းပဲ ကူးရေးနိုင်လိုက်တယ်”

ချန်ကျဲ့သည် အခန်းခေါင်းစဉ်များကို ဖတ်လိုက်သည်။

တွန်းကန်စွမ်းရည်ကျင့်စဉ်နှင့် ဖြည့်စွက်ဆေးဟူ၍ ရေးသားထား၏။

ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်သည်။ တွန်းကန်စွမ်းရည်ကျင့်စဉ်သည် အမည်နာမအတိုင်းပင် ကျင့်ကြံသူ၏စွမ်းရည်အား သာမာန်ထက် သာလွန်သည့်အဆင့်သို့ ရောက်ရှိစေနိုင်သည့် ကျင့်စဉ်ဖြစ်ပုံရပေသည်။ ဖြည့်စွက်ဆေးဟူသည့် အခန်းတွင်တော့ ဤသိုင်းကျမ်းကို ကျင့်ကြံရာတွင် လိုအပ်သည့် ဆေးဝါးများကို ဖော်ပြထားခြင်း ဖြစ်လောက်ပေမည်။

မည်သို့ပင်ဖြစ်စေ ဤမျှဖြင့် လုံလောက်ပါ၏။ ချန်ကျဲ့တွင် နန်ပါးထျန်း၏ ရေခဲစိတ်စွမ်းအင်သိုင်းကို ကျင့်ကြံလိုသည့်ဆန္ဒ မရှိပေ။ ခြုံငုံလိုက်သော် ဤသိုင်းကို ကျင့်ကြံခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများသည် အလွန်ပြင်းထန်လွန်းသည် မဟုတ်ပါလော။ ကံဆိုးပါက လူဖြစ်ရှုံးသွားနိုင်ပေသည်။

ချန်ကျဲ့သည် ထိုအန္တရာယ်ကို မစွန့်စားလိုပါချေ။ အထူးသဖြင့် သူ့အနားတွင် စူးယွင်ကျင်းနှင့် ဟွမ်ဝမ်အာဟူသည့် အလှလေးနှစ်ယောက်ရှိနေပေသည်။ သို့ဖြစ်ရာ ထိုအန္တရာယ်ကို သူမစွန့်စားလိုပေ။

သို့သော်လည်း ရေခဲစိတ်စွမ်းအင်သိုင်းသည် အလွန်အဖိုးတန်၏။ နန်ပါးထျန်း၏ စွမ်းအင်စီးဆင်းမှုနည်းလမ်းများကို ထိုးထွင်းသိမြင်နိုင်ရန် အထောက်အကူဖြစ်သောကြောင့် ရန်သူကို ပို၍ သိမြင်နားလည်စေနိုင်သည်။ “ရန်သူကို သေချာသိရှိပြီး မိမိကိုယ်ကိုယ်လည်း သိရှိပါက ဘယ်သောအခါမှ ဘေးမသင့်နိုင်”ဟူသည့် ဆိုရိုစကားအတိုင်းပင် ဖြစ်သည်။

ထိုသို့တွေးတောလျက် ချန်ကျဲ့သည် သိုင်းကျမ်းကို သေချာသိမ်းဆည်းလိုက်သည်။ ထို့နောက် ဟွမ်ဝမ်အာကို ပြောသည်။

“ဝမ်အာ ကျေးဇူးပါပဲ”

ဟွမ်ဝမ်အာမှ ချန်ကျဲ့ကို ကြည့်သည်။

“ကျွန်မ ရှင့်ကို ကတိပေးထားခဲ့တာပဲလေ”

ချန်ကျဲ့ ဟွမ်ဝမ်အာကို ကြည့်နေ၏။

“ဒါပေမဲ့ အဲဒီအတွက် ငါကိုယ်တိုင် မင်းကို အလုပ်အကျွေးပြုပြီး စာရင်းရှင်းပေးမယ်လို့ ပြောခဲ့တယ်လေ။ အခု စာရင်းရှင်းပေးရင်ရော ဘယ်လိုလဲ”

ဟွမ်ဝမ်အာသည် ချန်ကျဲ့ကို စူးစိုက်ကြည့်လိုက်သည်။

“ရှင်ရူးနေလား။ ဒါက နန်ပါးထျန်းရဲ့အိမ်တော်နော်။ နန်ပါးထျန်းပြန်ရောက်လာရင် ကျွန်မတို့ အဆုံးသတ်ပြီပဲ”

ချန်ကျဲ့မှ ပြန်ပြောသည်။

“မစိုးရိမ်ပါနဲ့။ သူ ပြန်မလာနိုင်ဘူး”

ဟက်ချိုး..

သင်္ချိုင်းမြေ၌ ငါးဖမ်းကုန်သည်အဖွဲ့များ၏ ကာကွယ်မှုနောက်တွင် ရပ်နေသည့် နန်ပါးထျန်းသည် အကျယ်ကြီး နှာချေလိုက်မိ၏။ ထို့နောက် အံ့အားသင့်စွာ ပြောသည်။

“ဘယ်သူ ငါ့အကြောင်းပြောနေတာလဲပဲ”

ဟွမ်ဝမ်အာသည် ဆက်လက်ငြင်းဆန်၏။

“မရဘူး။ ကျွန်မ ကိုယ်ဝန်လွယ်ထားတယ်လေ”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“ကိုယ်ဝန်ဆောင်ကာစ လနုသေးချိန်ဆို ရပါတယ်”

ဟွမ်ဝမ်အာသည် ချန်ကျဲ့ကို ချက်ချင်း ဟန့်တားသည်။

“မရဘူးဆို မရဘူးပဲ”

အလွန်စိုးရိမ်ပူပန်နေသည့် ဟွမ်ဝမ်အာကို မြင်ရသည်တွင် ချန်ကျဲ့သည် စနောက်နေခြင်းကို ရပ်တန့်လိုက်ပြီး ပြောသည်။

“ကောင်းပြီ၊ အချိန်ရောက်လုပြီ။ သွားကြစို့ ဝမ်အာ။ ငါ မင်းကို ဒီနေရာကနေ ခေါ်ထုတ်သွားပေးမယ်”

ဟွမ်ဝမ်အာမှ ခေါင်းခါသည်။

“ရှင် ကျွန်မကို ဘယ်ခေါ်သွားမှာလဲ”

“ကျားဖြူခန်းမကို ကိုယ့်ဘေးနားကို”

ဟွမ်ဝမ်အာမှ ပြောသည်။

“သခင်ကြီးချန် ကျွန်မ ရှင်နဲ့ လိုက်ခဲ့လို့ရပါတယ်။ ဒါပေမဲ့ ကျွန်မ ကျားဖြူခန်းမကို မသွားချင်ဘူး။ အနည်းဆုံးတော့ အခုအချိန်မှာ မသွားချင်သေးဘူး”

“ဘာလို့လဲ”

ချန်ကျဲ့ ဟွမ်ဝမ်အာကို ကြည့်လိုက်သည်။ ဟွမ်ဝမ်အာမှ ရှင်းပြသည်။

“နန်ပါးထျန်းက အရမ်းသံသယများတဲ့သူပါ။ သူပြန်ရောက်လာလို့ ကျွန်မကို ရှာမတွေ့ရင်၊ ပြီးတော့ ကျွန်မက ရှင့်ရဲ့ကျားဖြူခန်းမဆီ ရောက်နေတာကို သူသိသွားခဲ့ရင် သူသေချာပေါက် ရူးသွပ်သွားလိမ့်မယ်။ သူ ရှင့်ကို ဒေါသတကြီးနဲ့ လာရှာရင် အဲဒီအခါကျ ရှင့်အတွက် ပြဿနာများရလိမ့်မယ်”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ငါပြင်ဆင်ထားပြီးသားပါ။ ငါ သူနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ အကုန်အသင့်ပြင်ထားပြီးပြီ”

ဟွမ်ဝမ်အာမှ ပြောသည်။

“ကျွန်မ ရှင့်ကို ကျွန်မကြောင့်နဲ့ နန်ပါးထျန်းနဲ့ ထိပ်တိုက်မရင်ဆိုင်စေချင်ဘူး။ ကျွန်မ ရှင့်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ဘူး။ ရှင်နားလည်ရဲ့လား”

All Chapters