← Chapters

အခန်း (၅၉၃)

Vol. 49 Ch. 593

အခန်း (၅၉၃)

Vol. 49 Ch. 593

ခွမ်း…

ထိုစကားတွင် ယဲ့လုဖုန်းသည် ဒေါသပေါက်ကွဲကာ လက်ထဲရှိ လက်ဖက်ရည်ခွက်ကို မြေပြင်သို့ ပစ်ပေါက်ခွဲပစ်လိုက်သည်။ ထို့နောက် ဒေါသတကြီး အော်ဟစ်ပြောဆို၏။

“ကောင်းတယ် ကောင်းတယ် အရမ်းကောင်းတယ်”

ယဲ့လုဖုန်းသည် စကားတစ်ခွန်းတည်းကို သုံးကြိမ်ရေရွတ်နေခဲ့ကာ မျက်လုံးအစုံသည်တော့ သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။

အချိန်အတော်ကြာပြီးနောက်တွင် ယဲ့လုဖုန်းမှ ထပ်ပြောသည်။

“အရမ်းကောင်းတယ် စွင်းထျဲချွေ့။ ငါ မင်းကို ဘယ်တုန်းကမှ တကယ် မသိနားမလည်ခဲ့ဖူးဘူးပဲ။ ဒီနှစ်တွေတစ်လျှောက်လုံးမှာ မင်းက မိန်ဂိုဏ်းသား မိစ္ဆာတစ်ကောင်ဆိုတာ ငါ လုံးဝ သတိမထားမိခဲ့ဘူးပဲ။ ငါ တော်ဝင်နန်းတော်အပေါ် တာဝန်ပျက်ကွက်မိပြီ”

“အစက ချန်ကျိုစစ်က စွင်းထျဲချွေ့က မိန်ဂိုဏ်းသားပါလို့ပြောတုန်းက ငါမယုံကြည်ခဲ့ဘူး။ သူ့ကို ငါ့လူလို့ပဲ တွေးခဲ့မိတယ်။ အခုပြန်စဉ်းစားလိုက်တော့ ငါတကယ် တုံးအတာပဲ”

ထိုသို့ယဲ့လုဖုန်းကို မြင်သောအခါ ချီမုကောမှ ပြောသည်။

“သခင်ကြီး ကိုယ့်ကိုယ်ကိုယ်ပဲ အလုံးစုံ အပြစ်တင်လိုက်လို့ မရပါဘူး။ သခင်ကြီးက နေ့စဉ်နေ့တိုင်း မရေမတွက်နိုင်အောင် များပြားတဲ့ ကိစ္စအရပ်ရပ်ကို စီမံနေရတာ၊ ဘယ်လိုလုပ်ပြီး အကုန်လုံးကို ထိုးဖောက်သိမြင်နေနိုင်ပါ့မလဲ”

“ဒါနဲ့ သခင်ကြီး”

ချီမုကောမှ ဆက်ပြောသည်။

“အခု ဒီအကြောင်းပြောတော့မှ ကျွန်တော် တစ်ခုသတိရမိတယ်။ အရင်တစ်ခါ စွင်းထျဲချွေ့ရဲ့ပန်းပဲရုံကို ကျွန်တော်တို့ သွားစစ်ဆေးတဲ့နေ့ကို သခင်ကြီး မှတ်မိသေးလား။ အဲဒီနေ့တုန်းက နန်ပါးထျန်းရဲ့အဖွဲ့သားတစ်ယောက် ထူးထူးဆန်းဆန်း ထွက်ပြေးသွားတာလေ မှတ်မိလား။ အဲဒီနောက် ကျွန်တော်တို့ ပန်းပဲရုံကို စစ်ဆေးခဲ့ပေမဲ့ ဘာမှရှာမတွေ့ခဲ့ဘူးလေ။ အဲဒါ နန်ပါးထျန်းက စွင်းထျဲချွေ့ကို ကြိုသတိပေးခဲ့တာ ဖြစ်နိုင်မလား”

ချီမုကောမှ ယဲ့လုဖုန်းကိုကြည့်လျက် မေးခွန်းထုတ်သည်။ ယဲ့လုဖုန်းသည်လည်း မျက်မှောင်ကြုတ်၍ ထိုနေ့က အဖြစ်အပျက်များကို ပြန်စဉ်းစားကြည့်သည်။ ထိုအချိန်က ယဲ့လုဖုန်းသည် ၎င်းကို အရေးမထားခဲ့ပေ။ သို့သော် ယခုပြန်စဉ်းစားကြည့်တော့မှ အတော်လေး သံသယဝင်ဖွယ်ကောင်းနေပေသည်။

“ပြီးတော့ နောက်တစ်ချက်က ဒီနေ့ အရှေ့မြို့ဂိတ်တံခါးမှာ ဖြစ်သွားတဲ့အခြေအနေက အရမ်းထူးဆန်းနေပါတယ်။ နန်ပါးထျန်းက ချန်ကျိုစစ်ကို ဖမ်းဆီးဖို့အတွက်နဲ့ သူ့အဖွဲ့သားတွေအကုန်လုံးကို ခေါ်သွားတယ်ဆိုတာ တကယ်ဖြစ်နိုင်ပါ့မလား”

“ချန်ကျိုစစ်ကို ဖမ်းဖို့က အဲဒီလောက် လူအင်အားအများကြီး လိုအပ်လို့လား။ သူက ငါးဖမ်းကုန်သည်အဖွဲ့သား တစ်ယောက်တစ်လေတောင် မြို့ဂိတ်တံခါးမှာ ချန်မထားခဲ့ဘူး။ နန်ပါးထျန်းက ချန်ကျိုစစ်ကို ဖမ်းဆီးဖို့အကြောင်းပြပြီး မိန်ဂိုဏ်းသားတွေ အရှေ့မြို့ဂိတ်တံခါးကနေ ထွက်သွားဖို့ အခွင့်အရေးရအောင် တမင်အကွက်ချစီစဉ်ထားတာရော မဖြစ်နိုင်ဘူးလား။ အဲဒီလိုဆို မိန်ဂိုဏ်းသားတွေကို တမင်လွှတ်ပေးလိုက်တယ်လို့ ကျွန်တော်တို့ သူ့ကို သံသယမဝင်တော့အောင်လို့လေ”

ချီမုကော၏ စကားအဆုံး၌ ယဲ့လုဖုန်း၏မျက်နှာအမူအရာ မှုန်မှိုင်းသွား၏။

ဟုတ်တယ်။ အဲဒီလိုဖြစ်နိုင်ခြေရှိတယ်။ နန်ပါးထျန်းက မိန်ဂိုဏ်းနဲ့ ပူးပေါင်းနေပြီးတော့ ချန်ကျိုစစ်ကို ဖမ်းဆီးဖို့အကြောင်းပြပြီး သူ့လူတွေအပါအဝင် လူတိုင်းကို ချန်ကျိုစစ်ဆီ အာရုံရအောင် အာရုံလွှဲလိုက်တာပဲ။

ဒီလိုလုပ်လိုက်တာက လူထုအမြင်မှာ အရှက်သိက္ခာကျဆင်းသွားရပေမဲ့ မိန်ဂိုဏ်းသားတွေကိုတော့ မြို့ပြင်ထွက်နိုင်အောင် လုပ်ပေးနိုင်ခဲ့တယ်။ ဒါက…

ယဲ့လုဖုန်း မျက်ခုံးများတွန့်ချိုးသွား၏။

တကယ်ပဲ အဲဒီလိုဖြစ်နေခဲ့တာလား။

အဲဒီလိုဆိုရင်တော့ နန်ပါးထျန်းက တကယ်ကောက်ကျစ်စဉ်းလဲတာပဲ။

ထိုသို့အတွေးဖြင့် ယဲ့လုဖုန်းသည် အချိန်တစ်ခုကြာ တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် ချီမုကောကို ပြောသည်။

“အချက်နှစ်ချက်ရှိတယ်။ တစ်အချက်.. အဲဒီနေ့က ထွက်ပြေးသွားတဲ့ ငါးဖမ်းကုန်သည်အဖွဲ့သား၊ အဲဒီအဖွဲ့သားက ဘယ်သူ့ရဲ့ညွှန်ကြားချက်နဲ့ ဘာအကြောင်းကြောင့် ထွက်ပြေးသွားခဲ့တယ်ဆိုတာကို သိဖို့လိုတယ်”

“နှစ်အချက်.. စွင်းထျဲချွေ့ရဲ့ပန်းပဲရုံကို အခုချက်ချင်း ချိတ်ပိတ်လိုက်။ ပြီးရင် သဲလွန်စတစ်ခုခုများ ကျန်နေမလားလို့ သေချာ ထပ်စစ်ဆေးကြည့်လိုက်။ ငါ ဒီကိစ္စကို အဆုံးအထိ စစ်ဆေးရမယ်”

ထိုအခါ ချီမုကောမှ ချက်ချင်း အရိုအသေပြုလျက် ပြောသည်။

“ဟုတ်ကဲ့ပါ သခင်ကြီး။ ကျွန်တော် အခုချက်ချင်း လူလွှတ်ပြီး စုံစမ်းစစ်ဆေးလိုက်ပါ့မယ်”

ယဲ့လုဖုန်းမှ ခေါင်းညိတ်လိုက်ပြီး ထပ်ပြောသည်။

“အင်း ပြီးတော့ မိန်ဂိုဏ်းရဲ့ စစ်လက်နက်ပစ္စည်းတွေကိုလည်း ဆက်ရှာနေ။ ဒီမိစ္ဆာကောင်တွေ ဒီလောက်မြန်မြန်ထွက်ပြေးသွားနိုင်တာ စစ်လက်နက်ပစ္စည်းတွေ မသယ်သွားလို့ပဲ။ လက်နက်တွေက မြို့ထဲမှာပဲ ရှိနေလောက်သေးတယ်။ ဒီကိစ္စကို နှိုက်နှိုက်ချွတ်ချွတ် ဆက်ပြီး ရှာဖွေစစ်ဆေးပါ”

“ဟုတ်ကဲ့ပါ သခင်ကြီး”

ချီမုကောမှ တုံ့ပြန်သည်။ ထိုအချိန်၌ ယဲ့လုဖုန်း၏မျက်လုံးများသည် အဝေးသို့ ငေးစိုက်ကြည့်နေခဲ့ကာ နန်ပါးထျန်းသည် သစ္စာရှိသူလော၊ သစ္စာဖောက်လောဟု စဉ်းစားတွေးတောနေခဲ့သည်။

ယဲ့လုဖုန်း အတွေးထဲနစ်မြောနေစဉ် အဝေးမှ မြင်းခွာသံများကို ရုတ်တရက် ကြားလိုက်ရသည်။ ထို့နောက် မုလန်လူမျိုးတစ်ဦးသည် မြင်းကို ဒုန်ဆိုင်းနှင်လျက် သူတို့ထံ ချဉ်းကပ်လာပြီး အော်ပြော၏။

“သခင်ကြီးယဲ့လု သခင်ကြီးယဲ့လု”

ယဲ့လုဖုန်း ကြောင်အသွားခဲ့ကာ ထိုမုလန်လူမျိုးအား မေးလိုက်သည်။

“ဘယ်သူလဲ”

ချီမုကောမှ တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

“အရှေ့မြို့က အထက်တန်းလွှာ မုလန်လူမျိုးတစ်ယောက်ဖြစ်မယ်ထင်ပါတယ်”

ယဲ့လုဖုန်းသည် ချီမုကောဘက်သို့ လှည့်ကြည့်ပြီး ပြောသည်။

“အထက်တန်းလွှာတဲ့လား ဟား.. သူတို့ကလား”

ယဲ့လုဖုန်းသည် ထိုသူများကို အထင်မြင်သေးသည်။ ယဲ့လုမျိုးနွယ်မိသားစု၏ ရှေ့မှောက်၌ တော်ဝင်မျိုးနွယ်မှအပ— မိမိကိုယ်ကိုယ် အထက်တန်းလွှာဟု သုံးနှုန်းဝံ့သူ ရှားပါး၏။

လက်ရှိအချိန်တွင် ဩဇာအာဏာလွှမ်းမိုးမှုရှိသည့် ဝန်ကြီးချုုပ်ပေါ်ယန်နှင့် ထောထောကဲ့သို့ ပုဂ္ဂိုလ်မျိုးပင်လျှင် ယဲ့လုမျိုးနွယ်၏ရှေ့မှောက်တွင်မူ သိမ်နုပ်သွားရပေသည်။

ထို့နောက်တွင် ထိုမုလန်လူမျိုးသည် ယဲ့လုဖုန်းတို့အနီးသို့ ရောက်လာပြီး မြင်းပေါ်မှ ဆင်းလိုက်သည်။ ယဲ့လုဖုန်းကို မုလန်လူမျိုးတို့၏ ဓလေ့အတိုင်း ပခုံးထက် လက်တစ်ဖက်တင်၍ ဦးညွှတ်ကာ နှုတ်ဆက်သည်။

ယဲ့လုဖုန်းသည် ထိုမုလန်လူမျိုးကို မေးလိုက်သည်။

“မင်းက ငါ့ကို ဘာကိစ္စလာရှာတာလဲ”

ထိုအခါ မုလန်လူမျိုးမှ ပြောသည်။

“သခင်ကြီးယဲ့လု ပြဿနာကြီးဖြစ်ပွားနေပါပြီ။ သခင်ကြီးအနေနဲ့ မုလန်လူမျိုးတွေဘက်ကနေ ရပ်တည်ပေးရပါမယ်။ ကျွန်တော်တို့ သေလောက်အောင် အနိုင်ကျင့်ခံနေရပါတယ်”

ယဲ့လုဖုန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

“ဘယ်သူက မင်းကို အနိုင်ကျင့်ရဲတာလဲ”

“ဟန့်လူမျိုးတွေပါ”

ယဲ့လုဖုန်း သိသိသာသာ မျက်မှောင်ကြုတ်သွား၏။

“ထပ်ပြီး ချန်ကျိုစစ်ပဲလား။ ငါပြောပြီးပြီ…”

“မဟုတ်ပါဘူး။ ဒီတစ်ကြိမ်က ချန်ကျိုစစ်နဲ့ မဆိုင်ပါဘူး”

ဟမ်

ယဲ့လုဖုန်း အံ့ဩသွား၏။

လတ်တလောမှာ ချန်ကျိုစစ်က မင်းတို့နဲ့ ပြဿနာဖြစ်ထားတာ မဟုတ်ဘူးလား။ ချန်ကျိုစစ်နဲ့ မဆိုင်ဘူးဆိုရင် ဘယ်သူက မင်းတို့ကို အနိုင်ကျင့်နိုင်ဦးမှာတဲ့လဲ။

“ဟုတ်ပါတယ်။ အဲဒီသူက နန်ပါးထျန်းပါ”

“ဘယ်သူ..”

ထိုစကားတွင် ယဲ့လုဖုန်းမှာ အသံကျယ်သွားခဲ့သည်။

နန်ပါးထျန်းက ရူးသွားပြီလား။ မိန်ဂိုဏ်းကိစ္စက ဖြေရှင်းလို့မပြီးသေးဘူး မုလန်လူမျိုးတွေကို အပြစ်ပြုလိုက်ပြန်ပြီတဲ့လား။

ယဲ့လုဖုန်းမှ တင်းမာခက်ထန်စွာ မေးသည်။

“ဘယ်လိုဖြစ်ခဲ့လို့လဲ”

မုလန်လူမျိုးမှ ပြောသည်။

“သူ သူ ထာရာမိသားစုရဲ့အုတ်ဂူတွေကို တူးခဲ့ပါတယ်”

“ဘာ”

ယဲ့လုဖုန်းမှာ အလွန်တရာ အံ့ဩမင်သက်သွားခဲ့သည်။

ဘာတွေဖြစ်ကုန်တာလဲ— နန်ပါးထျန်းက ထာရာမိသားစုရဲ့အုတ်ဂူတွေကို တူးခဲ့တယ်တဲ့လား။ သူဘာတွေ စဉ်းစားနေတာလဲ။

ယဲ့လုဖုန်းသည် စိတ်ရှုပ်ထွေးစွာဖြင့် မုလန်လူမျိုးကို မေးသည်။

“မင်း လိမ်ပြောနေတာတော့ မဟုတ်ပါဘူးနော်”

မုလန်လူမျိုးမှ အခိုင်အမာပြောသည်။

“ကျုပ် ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်။ နန်ပါးထျန်းက တကယ်ပဲ ထာရာမိသားစုရဲ့အုတ်ဂူတွေကို တူးခဲ့တာပါ။ ပြီးတော့ ခေါင်းတလားတွေကိုတောင် ဖွင့်ထားပါသေးတယ်။ မြင်ကွင်းက တကယ့်ကို ဝမ်းနည်းနာကျင်ဖွယ်ရာပါပဲ။ နန်ပါးထျန်းက ကျုပ်တို့မုလန်လူမျိုးတွေကို လုံးဝ စော်ကားနေတာပါ”

“သခင်ကြီး ကျေးဇူးပြုပြီး အဲဒီလူကို အရေးယူပေးပါ”

ထိုအချိန်၌ ယဲ့လုဖုန်းနှင့် ချီမုကောတို့သည် ကြိုတင်တိုင်ပင်ထားသည့်အလား တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြသည်။ ချီမုကောမှ ပြောသည်။

“သခင်ကြီး ကျွန်တော် သွားကြည့်လိုက်ပါမယ်။ နန်ပါးထျန်းက တကယ့်ကို ကျိုးကြောင်းဆီလျော်မှုမရှိဘဲ တရားလွန်ပြုမူနေတာပါ”

ယဲ့လုဖုန်းမှ လက်ဝှေ့ရမ်းလိုက်ပြီး ပြောသည်။

“နေဦး၊ ငါကိုယ်တိုင် သွားကြည့်မယ်။ နန်ပါးထျန်းက တကယ်ပဲ ဘာလုပ်ချင်နေတာလဲဆိုတာ ငါကိုယ်တိုင်ကြည့်ချင်တယ်”

ယဲ့လုဖုန်း မတ်တပ်ထရပ်လိုက်သည်။ သူ၏မျက်ခုံးနှစ်သွယ်မှာ ထိစပ်လုမတတ် တွန့်ချိုးနေ၏။ နန်ပါးထျန်းသည် အလွန်အမင်း ကျိုးကြောင်းမဆီလျော်ဘဲ ပြုမူနေသည်ဟု ယဲ့လုဖုန်း ခံစားနေခဲ့ရသည်။

All Chapters