← Chapters

ယင် နှင့် ယန် - သေခြင်း နှင့် ရှင်ခြင်း

Vol. 6 Ch. 564

ယင် နှင့် ယန် - သေခြင်း နှင့် ရှင်ခြင်း

Vol. 6 Ch. 564

အားလျန်သည် ကြာပန်းမီးအိမ်ထဲတွင် နေထိုင်သည့် ဝိညာဉ် ဖြစ်လေသည်။ သူမသည် မီးအိမ်နှင့် ဝေးဝေးသို့ သွား၍ မရနိုင်ပေ။

ထို့ပြင် သူမ၏ရုပ်ခန္ဓာ ဆုံးရှုံးသွားပြီးသည့် နောက်ပိုင်း သူမ၏သမီးလေးသည် သူမ၏ အနားသို့ မကပ်တော့ပါ။ အဘယ်ကြောင့်ဆိုသော် သူမအနားသို့ ကပ်လိုက်သည်နှင့် သူမထံမှ ထွက်ပေါ်နေသည့် အပူရှိန်ကြောင့် ဖူဟောင်လေးမှာ လောင်ကျွမ်း ခံစားရသောကြောင့် ဖြစ်လေသည်။ တစ်ခါတစ်ရံ မီးလောင်ဒဏ်ရာများပင် သူမထံတွင် ကျန်ရစ်ခဲ့လေသည်။

ဖူဟောင်က ထုတ်ဖော်ပြောခြင်း မရှိသည့်တိင် အားလျန်သည် သမီးငယ်က သူမကို မကပ်တော့သည့်အတွက် များစွာ နာကျင် ခံစားရလေသည်။

ထို့ကြောင့် ဆန်းလျန်က သူမအတွက် ရုပ်ခန္ဓာအသစ်တစ်ခု ပြုလုပ်ပေးမည် ဆိုသောအခါ သူမက ဝမ်းသာအားရ လက်ခံခဲ့လေသည်။

အားလျန်နှင့်စကားပြောပြီးသည်နှင့် ဆန်းလျန်သည် မက်မွန်တောင်ထိပ်ရှိ ချင်းရွှမ်ဂူသို့ ပြန်လာခဲ့လေသည်။

သူ့ဘဝတွင် ပထမဆုံးအကြိမ် ဖန်ဆင်းခြင်းကို ပြုလုပ်ရန် ဆုံးဖြတ် လိုက်မိလေသည်။ ပထမဆုံးအကြိမ် ကြိုးစားမှုဖြစ်သည့် အတွက် အောင်မြင်ရန်ကတော့ အလှမ်းဝေးမည်ကို ဆန်းလျန် နားလည် ထားလေသည်။

မည်သို့ပင်ဖြစ်စေ ဆန်းလျန်ကတော့ ကြိုးစားကြည့်မည် ဖြစ်လေသည်။

သူသည် ထိုက်ယီထျန်းရှန်း အဆင့်သို့ ရောက်ရှိခြင်းမရှိသေးသည့်တိုင် ဖန်ဆင်းခြင်းကို အောင်မြင်လျှင်တော့ ထိုက်ယီထျန်းရှန်း အဆင့်နတ်ဘုရား တစ်ပါးအလား တန်ခိုးစွမ်းအားများကို ဖော်ထုတ်နိုင်လိမ့်မည် ဖြစ်လေသည်။

နွီဝါးနတ်သမီးသည် ရေနှင့်ရွှံ့ကိုအသုံးပြုကာ သူမ၏ပုံသဏ္ဌာန်နှင့် အညီ လူသားကို ဖန်ဆင်းခဲ့သည်ဟု အဆိုရှိလေသည်။ ထို့နောက် ထိုလူသား ပုံသဏ္ဌာန်များကို ဝိညာဉ်စွမ်းအားများ ထည့်သွင်း ပေးခဲ့လေသည်။ ထိုသို့ဖြင့် လောကတွင် လူသားများ စတင်ဖြစ်တည် လာရခြင်း ဖြစ်လေသည်။

ဒဏ္ဍာရီများမှာ ယုတ္တိကျကျ သက်သေပြရန် ခက်ခဲသော်လည်း ဖန်းဆင်းခြင်း၏ သော့ချက် တစ်ခုကိုတော့ သိမြင်နိုင် လေသည်။ ဒြပ်စင် (၅) မျိုးတွင် မြေကြီးဒြပ်စင်သည် အခြားသော ဒြပ်စင် (၄)မျိုးဖြစ်သည့် သတ္တု၊ သစ်သား၊ ရေ၊ မီးတို့နှင့် ပေါင်းစပ်ဓာတ်ပြုထားသည့် ဒြပ်စင်ဖြစ်လေသည်။ ထို့ကြောင့် မြေကြီးဒြပ်စင်သည် ဒြပ်စင် (၅)မျိုးစလုံးနှင့် အကျုံးဝင်သည့် ဒြပ်စင်ဖြစ်လေသည်။

ထို့ပြင် မြေကြီးဒြပ်စင်နှင့် ရေဒြပ်စင်သည် ပတ်ဝန်းကျင်တွင် ရှင်သန်စေသည့် အကြောင်းကိုလည်း ဖြစ်ပေါ်စေလေသည်။

ထို့ကြောင့် ရှေးခေတ် ယုံကြည် ကိုးကွယ်မှုများတွင် မြေကြီးနတ်ဘုရားနှင့် ရေနတ်ဘုရားတို့ကို ကိုးကွယ်ဆည်းကပ်သူ အလွန်များပြားခဲ့ရခြင်း ဖြစ်လေသည်။

အရှေ့တိုင်း စစ်သည်တော် မျိုးနွယ်စုများသည် ဆန်းလျန်ကို ဝိညာဉ်စွမ်းအား ပြည့်ဝသည့် စမ်းရေများ များစွာပေးခဲ့လေသည်။ ပေါ်ယိမျိုးနွယ်စုကပင်လျှင် သူ့ကို အရက်စမ်းရေများ ပေးအပ်ခဲ့သေးသည်။ ထို့ကြောင့် ဆန်းလျန်တွင် ဝိညာဉ်စွမ်းအားနှင့် ပြည့်ဝသည့် ရေများကတော့ အလုံအလောက် ရှိလေ၏။ မလုံလောက်ပါကလည်း သူယခင် နေထိုင်ခဲ့ရာ နေရာဖြစ်သည့် ကျယ်ယန်းတောင်ထိပ်တွင် ဝိညာဉ်စွမ်းအားပြည့်ဝသည့် စမ်းရေတွင်း တစ်တွင်းလုံး ရှိနေသေးသည့် အတွက် ပူစရာမလိုပေ။

မြေကြီးဒြပ်စင်အနေဖြင့်တော့ ဆန်းလျန်သည် အခြားသူများထံမှ အကူအညီ မတောင်းခံလိုတော့ပေ။ သူက စစ်မှန်သည့် သမာဓိမီးတောကို အသုံးပြုကာ မြေကြီး ဒြပ်စင်ပြုလုပ်ရန် ဆုံးဖြတ် လိုက်လေသည်။

ထို့ပြင် ဖုန်းသေဆုံးသွားရာနေရာတွင် ပြိုကျနေသည့် မြေကြီးအစိုင်အခဲ များကိုလည်း အသုံးပြုရန် ဆုံးဖြတ်လိုက် သည်။

ဖုန်းသည် သေဆုံးသွားပြီ ဖြစ်သည့်တိုင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် သူသေဆုံးသွားသည့် နေရာသည် ဝိညာဉ်စွမ်းအားများဖြင့် ပြည့်ဝနေဆဲ ဖြစ်လေသည်။ ဆန်းလျန်သည် ထိုနေရာမှ ကျောက်တုံးနှင့် မြေကြီးများကိုယူကာ လူသားပုံသဏ္ဌာန်ကို ဖန်တီးရန် ဆုံးဖြတ်လိုက်လေသည်။

ဆန်းလျန်သည် သေခြင်းတရားနှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးသူ ဖြစ်လေရာ သူသည် မည်သည့်ကိစ္စကိုမှ စိတ်ပူပန် ခဲ့ခြင်းမရှိပေ။ သူက စစ်မှန်သည့်သမာဓိမီးတောက်ကို အသုံးပြုကာ ဖုန်းသေဆုံး ခဲ့ရာနေရာမှ မြေကြီးအနှစ်သာရကို ထုတ်ယူ ခဲ့လေသည်။ ထို့နောက် (၃) ရက်မျှကြာအောင် ထိုမြေကြီးများကို သမာဓိမီးတောက်ဖြင့် အသွင်ပြောင်းခဲ့ လေရာနောက်ဆုံးတွင် အဝါရောင်သဲများကို ရရှိခဲ့လေသည်။ ထိုသဲများသည် ဝိညာဉ်စွမ်းအားနှင့် ပြည့်ဝလျှက်ရှိလေ သည်။

ဒဏ္ဍာရီထဲတွင် တစ်ချိန်တုန်းက ဗုဒ္ဓသည် ရွှေသံမဏိမြေကြီးဒြပ်စင်ကို ဖန်ဆင်းခဲ့သည်ဟု အဆိုရှိလေသည်။ ဆန်းလျန်ပြုလုပ်ထားသည့် သဲမြေများမှာလည်း ဗုဒ္ဓဖန်ဆင်းသည့် မြေကြီး ဒြပ်စင်လောက် ခိုင်ခန့်သန်မာခြင်းမရှိ သည့်တိုင် အတော်အတန် သန့်စင်လေသည်။

နောက်တစ်နေ့တွင်တော့ ဆန်းလျန်သည် ဝိညာဉ်စွမ်းအား ရေများကို အသုံးပြုကာ အဝါရောင် သဲမြေများဖြင့် လူသားပုံသဏ္ဌာန်တစ်ခု ပြုလုပ်ခဲ့လေသည်။ သို့သော် ဆန်းလျန်သည် မည်မျှ ဂရုတစိုက်ဖြင့် လူပုံသဏ္ဌာန်ရုပ်တုကို ပြုလုပ်ပါစေ တစ်ခုခုလိုနေသကဲ့သို့ ဖြစ်နေခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် လူသားပုံသဏ္ဌာန် အတွင်းသို့ အသက်ဓာတ်စွမ်းအား သွင်းလိုက်သည့် အခါတိုင်း ရုပ်တုသည် ပေါက်ကွဲ ထွက်သွားသောကြောင့် ဖြစ်လေသည်။

ဆန်းလျန်သည် သူ့တွင်ရှိသမျှ စွမ်းအားများ၊ ဝိညာဉ်စွမ်းအား ပစ္စည်းများနှင့် နည်းလမ်းပေါင်းစုံကို အသုံးပြုကာ အထပ်ထပ်အခါခါ ပြုလုပ်ခဲ့လေသည်။ သို့သော် နောက်ဆုံး ရလဒ်ကတော့ အတူတူပင်ဖြစ်လေသည်။ လူသားမိန်းမပျို ရုပ်တုသည် ပေါက်ကွဲသွားစမြဲပင်။

နောက်ဆုံးတွင်တော့ ဆန်းလျန်သည် လက်လျှော့လိုက်ရလေတော့သည်။

ထိုအချိန်မှာပင် ဆန်းလျန် တစ်စုံတစ်ခုကို စဉ်းစားလိုက်မိပြီး ရှစ်နားညီ စတုဂံနည်းလမ်းဖြင့် အခြေအနေ အရပ်ရပ်ကို တွက်ချက် ကြည့်လိုက်လေသည်။

ထိုအခါ မုန့်စန်းတောင်တွင် စစ်ပွဲကြီးတစ်ပွဲ ဖြစ်ပွားနေသည်ကို ဆန်းလျန် သိရှိ လိုက်ရလေသည်။

ယွမ်ယန်ဦးဆောင်သည့် အရှေ့တိုင်း စစ်သည်တော်များ၊ တုန်းယီဒေသမျိုးနွယ်စုများ မဟာတ်မိတ်တပ်နှင့် တာ့ရှားတပ်မတော်တို့ အပြင်းအထန် တိုက်ခိုက်နေကြပြီ ဖြစ်လေသည်။ ထိုစစ်ပွဲသည် လောကတစ်ခုလုံးကို တုန်လှုပ်စေသည့် စစ်ပွဲကြီးဖြစ်လေသည်။

ယွမ်ယန်သည် မည်သည့်နည်းနှင့်မျှ အညံ့ခံမည်မဟုတ်ပါ။

ထို့အတူ တာ့ရှားဧကရာဇ်ကလည်း အရှုံးပေးမည့်သူမျိုး မဟုတ်ပေ။

ထိုစစ်ပွဲသည် ဆန်းလျန် စောင့်ဆိုင်းနေခဲ့သည့် စစ်ပွဲဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်သည် ချက်ချင်းပင် အလင်း တန်းတစ်ခုအဖြစ်ဖန်ဆင်းကာ ကောင်းကင်မှ ဖြတ်သန်း သွားပြီး မုန့်စန်းတောင်ရှိ စစ်မြေပြင်ရှိရာသို့ ရောက်ရှိလာခဲ့ လေတော့သည်။

သို့သော် ဆန်းလျန် ရောက်ရှိလာသည့် အချိန်တွင် စစ်ပွဲမှာ အဆုံးသတ်လုနီးနီးဖြစ်နေခဲ့ပြီ ဖြစ်သည်။

စစ်ပွဲတွင် ယွမ်ယန်ရှုံးနိမ့်သွားပြီး နတ်မိစ္ဆာမဟာတန်ခိုးရှင်သည် ယွမ်ယန်ကို ကယ်တင်ကာ ပျောက်ကွယ် သွားခဲ့လေသည်။

ဆန်းလျန်သည် တိုက်ပွဲအတွင်းမှ ထွက်ပေါ်လာသည့် သတ်ဖြတ်လိုသည့် အငွေ့အသက်များကို အသုံးပြုကာ မရဏဓားတစ်လက် ပြုလုပ်ရန် စီစ ထားသော်လည်း ယွမ်ယန်ရှုံးနိမ့်သွားပြီ ဖြစ်သည့်အတွက် သတ်ဖြတ်လိုသည့် အငွေ့အသက်များမှာ ထင်သလောက် အားမကောင်းတော့ပေ။

သို့သော် မရဏဓားတစ်လက်ပြုလုပ်ရန်အတွက်တော့ လုံလောက်နေသေးသည်။

ဆန်းလျန်သည် စိတ်ပျက်ခြင်းမဖြစ်မိပါ။ အေးအေးဆေးဆေးပင် အခြေအနေကို လေ့လာသုံးသပ် နေလေသည်။ ယွမ်ယန်အဘယ့်ကြောင့် မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားရသည်ကို အချိန်ယူပြီး စဉ်းစားနေခဲ့လေသည်။ နောက်ဆုံးတော့ သူသည် အဖြစ်အပျက်များကို အကြမ်းဖျင်း သုံးသပ်မိသွားလေသည်။

ဆန်းလျန်သည် စစ်မြေပြင်မှ ထွက်ခွာသွားခြင်း မရှိသေးပါ။ သူက အဝေးတစ်နေရာတွင် စခန်းချထားသည့် တာ့ရှားစစ်စခန်းကို လှမ်းကြည့် လိုက်လေသည်။ ထိုနေရာမှ ထူးဆန်းသည့် တန်ခိုးစွမ်းအား တစ်ခု ထွက်ပေါ်နေသည်ကို ဆန်းလျန် သတိထား လိုက်မိလေသည်။ ထိုတန်ခိုးစွမ်းအား ထွက်ပေါ်လာရာ ဇာစ်မြစ်ကို ရှာဖွေရန်ဆန်းလျန်ဆုံး ဖြတ်လိုက်လေသည်။

တာ့ရှားစစ်စခန်းတွင် မီးအိမ်တစ်ခု ရှိနေလေသည်။

ထိုမီးအိမ်သည် ယင်နှင့်ယန်မီးအိမ်ဖြစ်ပြီး သေခြင်းနှင့်ရှင်ခြင်း မီးအိမ်ဟုလည်း ခေါ်လေသည်။ ထိုမီးအိမ်မှာ အလွန်ထူးဆန်းသည့် မီးအိမ်တစ်ခု ဖြစ်လေသည်။ ထူးဆန်းစွာဖြင့် အနီရောင်တစ်ဝက်၊ အဖြူရောင်တစ်ဝက် လင်းလက်နေခြင်းဖြစ်လေသည်။ အနီရောင်က သေခြင်းကို ကိုယ်စားပြုပြီး အဖြူရောင်ကတော့ ရှင်ခြင်းကို ကိုယ်စားပြုလေသည်။

လူတစ်ဦးသည် အနီရောင်အလင်းတန်းနှင့် ထိတွေ့ခဲ့မိပါက  ဝိညာဉ်မှာ ပြင်းထန်စွာ ပျက်စီးသွားမည် ဖြစ်လေသည်။ ထိုသို့ဖြစ်ရမည့်ကံကြမ္မာကို မည်သူမှ ကယ်တင်နိုင်မည် မဟုတ်ပေ။

အဖြူရောင်အလင်းတန်းကတော့ အနီရောင်အလင်းတန်းနှင့် ဆန့်ကျင်ဘက် ဖြစ်လေသည်။ ဒဏ်ရာရသူ မည်သူမဆို အဖြူရောင် အလင်းတန်းနှင့် ထိတွေ့မိပါက ချက်ချင်းပင် ပြန်လည်ပျောက်ကင်း သက်သာသွားမည် ဖြစ်လေသည်။

ထို ယင်နှင့်ယန်မီးအိမ်သည် ရှေးဟောင်းနတ်ဘုရား တစ်ပါးနေထိုင်ခဲ့သည့် ဂူထဲတွင် အမွေအနှစ် ရတနာပစ္စည်းအဖြစ် ကျန်ရစ်ခဲ့ခြင်း ဖြစ်လေသည်။ ယွမ်ယန်က ထိုရတနာပစ္စည်း၏ လျှို့ဝှက်ချက်ကို ကောင်းစွာနားလည်ခဲ့သည်။ ထို့ကြောင့် သူက နတ်ဘုရားဂူအတွင်းမှ မီးအိမ်ကို ယူကာ တာ့ရှားဧကရာဇ်ကို အနိုင်ယူ တိုက်ခိုက်နိုင်ရန် ဆုံးဖြတ် လိုက်လေသည်။

သို့သော် ယွမ်ယန်သည် တာ့ရှားစစ်စခန်းမှ ကွမ်းလုန်ကျီ၏ အဆင့်မြင့်စွမ်းရည်ကို လျှော့တွက် ခဲ့မိလေသည်။ ကွမ်းလုန်ကျီသည် လျန်စန်းကို အသုံးပြုကာ အခြေအနေများကို ကြိုတင် ခန့်မှန်းနိုင်ခဲ့လေသည်။ ထို့ကြောင့် ကွမ်းလုန်ကျီသည် ယွမ်ယန်ထက်အရင် နတ်ဘုရားဂူ အတွင်းသို့ သွားရောက်ကာ ယင်နှင့်ယန် မီးအိမ်ကို သိမ်းယူခဲ့လေသည်။

တာ့ရှားဧကရာဇ်သည် သူ၏မိုးကြိုး တန်ခိုးစွမ်းအားကို အသုံးပြုကာ ယွမ်ယန်၏ မဟာမိတ်တပ်များကို တိုက်ခိုက်နေသည့်အချိန်တွင် ကွမ်းလုန်ကျီက ယင်နှင့်ယန် မီးအိမ်ကိုကိုင်ကာ အမြန်ရောက်လာပြီး ယွမ်ယန်ကို ကူညီနေသည့် နတ်မိစ္ဆာ မဟာတန်ခိုးရှင်ကို တားဆီး ထားလိုက်လေသည်။

ထိုအချိန်တွင် ယွမ်ယန်သည် တာ့ရှားဧကရာဇ်ကို မည်သို့မှ မယှဉ်နိုင်တော့ပေ။

သို့သော် မီးအိမ်မှ အလင်းတန်းများကို နတ်မိစ္ဆာမဟာတန်ခိုးရှင်က ကာကွယ်ပေးထားသည့် အတွက် ယွမ်ယန်သည် ထိခိုက်မှုမရှိဘဲ ထွက်ပြေးလွတ်မြောက် သွားခဲ့လေသည်။

ဆန်းလျန်သည် ကွမ်းလုန်ကျီ၏ စွမ်းရည်ထက်မြက်မှုကို ပထမဆုံးအကြိမ် သိမြင်ခဲ့ရလေသည်။ ရှေ့ဖြစ်များကို ခန့်မှန်းနိုင်ခြင်းတွင် ကွမ်းလုန်ကျီသည် ဆန်းလျန်ထက်ပင် သာလွန်လေသည်။

ထိုနေ့က ကွမ်းလုန်ကျီသည် တာ့ရှားစစ်စခန်းမှ ထွက်ခွာသွားပြီး မီးအိမ်ကိုယူခြင်း မရှိပါက နတ်မိစ္ဆာ မဟာတန်ခိုးရှင် ကိုထိန်းချုပ်ထားနိုင်မည် မဟုတ်ပေ။

ဆန်းလျန်သည် တာ့ရှားဧကရာဇ်နှင့် ရင်ဆိုင်တွေ့လိုခြင်း မရှိသေးပေ။

အဘယ်ကြောင့်ဆိုသော် ရဟန်းမင်းကြီး ကွယ်လွန်ပြီးသည့် နောက်ပိုင်း ဆန်းလျန်နှင့် တာ့ရှားဧကရာဇ်၏ ကြားတွင် ဖြစ်ပေါ်ခဲ့သည့် စိတ်အခန့်မသင့်မှုသည် မည်သည့်အခါမှ ပျောက်ကွယ်သွားမည် မဟုတ်သောကြောင့်ပင်။

တာ့ရှားစစ်စခန်းကို ဆန်းလျန်အဝေးမှ လေ့လာနေသည်ကို တာ့ရှားဧကရာဇ်နှင့် ကွမ်းလုန်ကျီ သတိထားမိခြင်းမရှိခဲ့ ပေ။

သို့သော် ဆန်းလျန်သည် ကွမ်းလုန်ကျီနှင့်တော့ နောက်တစ်ကြိမ် ဆုံတွေ့ချင်ခဲ့မိသေးသည်။ ဆန်းလျန်၏ လူသားပုံသဏ္ဌာန် ဖန်ဆင်းခြင်းနှင့် ပတ်သက်ပြီး မအောင်မြင်ရခြင်း အကြောင်းကို ကွမ်းလုန်ကျီထံမှ အကြံဉာဏ် ရယူကောင်း ရယူနိုင်မည် ဖြစ်လေသည်။

လက်ရှိအချိန်တွင်တော့ အချို့သော တုန်းယီဒေသ မျိုးနွယ်စုများနှင့် အရှေ့တိုင်း စစ်သည်တော်မျိုး နွယ်စုများသည် တာ့ရှားဧကရာဇ် လက်အောက်သို့ ခိုလှုံကာ တာ့ရှားစစ်စခန်းတွင် လာရောက်ဂါရဝ ပြုနေကြလေသည်။

သို့သော် စစ်ပွဲတွင်အနိုင်ရစေရန်အတွက် အဓိက ကူညီပေးခဲ့သည့် ကွမ်းလုန်ကျီမှာတော့ အကျဉ်းချ ခံထားရလေ၏။

ကွမ်းလုန်ကျီအတွက် အသနားခံပေးသူများအားလုံးမှာ ကွက်မျက် ခံခဲ့ရလေသည်။

ယွမ်ယန်နှင့်တိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် စစ်သူကြီး အရေအတွက်ထက် ကွမ်းလုန်ကျီ အတွက် အသနားခံပေးသောကြောင့် ကွက်မျက်ခံရသည့် စစ်သူကြီး အရေအတွက်ကပင် ပိုပြီး များပြားနေသယောင် ရှိလေတော့သည်။

***

All Chapters