အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
အခန်း ၃၃ - အခန်းနာမည်ကို ငါ မမှတ်မိတော့ဘူး...
"ကောင်းပြီ... ကျွန်တော် သဘောတူပါတယ်..."
အိုးယန်၏ စကားကို ကြားချိန်တွင် ရှောင်ဖုန်းက မဆိုင်းမတွ သဘောတူလိုက်သည်။
"ဒီလောက်တောင် တဲ့တိုးကြီးလား..."
အိုးယန်က ရှောင်ဖုန်းကို ဝေခွဲမရစွာ ကြည့်ရင်း မေးမြန်းလိုက်၏။
ရှောင်ဖုန်းကမူ လွတ်လပ်ပေါ့ပါးစွာ ပြုံးလိုက်ပြီး ပြောဆိုလိုက်သည်။
"ခင်ဗျားက ချင်းယွင်ဂိုဏ်းရဲ့ အတွင်းစည်းဂိုဏ်း တပည့်တစ်ယောက်ဆိုတာကို စောစောကတည်းက ပြောခဲ့ရင် ကျွန်တော် သဘောတူပြီးတာ ကြာလှပြီ... အပြင်စည်းဂိုဏ်းရဲ့ ထိပ်ဆုံးဆယ်ယောက်စာရင်းထဲတောင် မဝင်နိုင်ခဲ့တဲ့ ကျွန်တော်က ချင်းယွင်ဂိုဏ်းရဲ့ အတွင်းစည်းဂိုဏ်းနဲ့ အဆက်အသွယ် ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ... ကျွန်တော့်ကို လာခေါ်တဲ့သူ ရှိနေမှတော့ ကျွန်တော်က ဘာလို့ သဘောမတူရမှာလဲ..."
သူ၏ရှေ့ရှိ အကျိုးအကြောင်းဆီလျော်စွာ တွေးတောတတ်သော ရှောင်ဖုန်းကို ကြည့်ရင်း အိုးယန်က မေးမြန်းလိုက်လေ၏။
"ငါက မင်းကို လိမ်နေမှာ မင်း မကြောက်ဘူးလား..."
ရှောင်ဖုန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"စီနီယာအစ်ကို... ဒီနေရာက ဘယ်နေရာလဲ... ချင်းယွင်ဂိုဏ်းရဲ့ အပြင်စည်းဂိုဏ်းလေ... ဒီနေရာမှာ ချင်းယွင်ဂိုဏ်းရဲ့ နာမည်ကို သုံးပြီး ဘယ်သူကများ လူတွေကို လိမ်လည်လှည့်ဖြားဖို့ ရဲမှာလဲ..."
ထိုအချက်ကို သူ အမှန်တကယ် မေ့သွားခဲ့သော်လည်း ရှောင်ဖုန်းကို ကြည့်ကာ သူက ပြောဆိုလိုက်၏။
"ငါက မင်းကို တပည့်အဖြစ် လက်ခံဖို့ အရည်အချင်း မပြည့်မီပါဘူး... ဒီကိစ္စတွေ အားလုံးက ဆရာ ပြန်ရောက်လာပြီး ဆုံးဖြတ်ချက် ချတဲ့အထိ စောင့်ရမှာပါ... လောလောဆယ် မင်း တောင်ထိပ်ငယ်လေးမှာ နေလို့ ရပါတယ်... ဆရာ ပြန်ရောက်လာပြီးနောက် မင်းကို တပည့်အဖြစ် လက်ခံမခံကို သူ ဆုံးဖြတ်ပါလိမ့်မယ်..."
ရှောင်ဖုန်းက ခေါင်းညိတ်လိုက်ပြီး အိုးယန်ကို လက်အုပ်ချီလျက် ပြောဆိုလိုက်သည်။
"ရှောင်ဖုန်းက အရည်အချင်း မပြည့်မီပေမယ့် ကျွန်တော့်ကို ဘာလို့ ဒီလို ကူညီပေးရတာလဲဆိုတာ ရှောင်ဖုန်း နားမလည်သေးပါဘူး..."
မည်သို့ပင်ဆိုစေ ဤလောကတွင် အကြောင်းပြချက်မရှိဘဲ ကူညီခြင်းဟူသည် မရှိချေ။ အကျိုးစီးပွား ဖလှယ်ခြင်းသာ ရှိပေ၏။
အိုးယန်က ဝေခွဲမရဖြစ်နေသော ရှောင်ဖုန်းကို ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ငါက စိတ်ကူးပေါက်လို့ မင်း ဘယ်လောက်အထိ ရောက်နိုင်မလဲဆိုတာကို ကြည့်ချင်ရုံ သက်သက်လို့ပဲ သဘောထားလိုက်ပါ..."
"အဲ့ဒီလိုဆိုရင်လည်း ရှောင်ဖုန်းက စီနီယာအစ်ကို့ကို ကျေးဇူးတင်ပါတယ်..."
ရှောင်ဖုန်းက အိုးယန်ကို ရိုသေစွာ ဦးညွတ်ပြီး ပြောဆိုလိုက်၏။
ရှောင်ဖုန်း၏ အသံ ကျဆင်းသွားသည်နှင့် တစ်ပြိုင်နက် အိုးယန်၏ စိတ်ထဲတွင် စနစ်၏ အသိပေးချက်တစ်ခု ထွက်ပေါ်လာလေသည်။
"အိမ်ရှင်သည် ကံကြမ္မာသားတော် တစ်ဦးနှင့် ကံကြမ္မာဆက်နွှယ်မှု တစ်ခု ဖန်တီးခဲ့ကြောင်း တွေ့ရှိရသည်... လက်ရှိ တာဝန် ပြီးမြောက်မှု (၄/၅) ဖြစ်သည်... ဆုလာဘ် ထုတ်ပေးမှု - စစ်မှန်သောချီ + ၁၀,၀၀၀,၀၀၀၊ ဤအလိုအလျောက် ကျင့်ကြံခြင်း အမြတ်အစွန်း + ၂၀,၀၀၀ ဖြစ်သည်..."
"အို... ဒီတစ်ကြိမ် အလိုအလျောက် ကျင့်ကြံခြင်း အမြတ်အစွန်းက ဒီလောက်တောင် များတာလား... သုံးလေးရက်လေး အတွင်းမှာ နှစ်သောင်းတောင်လား..."
အိုးယန်မှာ အနည်းငယ် အံ့အားတသင့် ဖြစ်သွားလေ၏။
အကယ်၍ စနစ်ကသာ ရုတ်တရက် စကားမပြောလာပါက သူ့ထံတွင် စနစ်တစ်ခု ရှိနေသေးကြောင်းကို သူ လုံးလုံးလျားလျား မေ့ပျောက်သွားလုနီးပါး ဖြစ်ပေသည်။
ဤအလိုအလျောက် ကျင့်ကြံခြင်း စနစ်၏ တည်ရှိမှုမှာ အလွန်တရာ နိမ့်ကျလွန်းလှပေ၏။ ပုံမှန်မဟုတ်သော အလိုအလျောက် ကျင့်ကြံခြင်း အမြတ်အစွန်းများမှလွဲ၍ ကျန်အချိန်များတွင် ထိုစနစ်သည် အသေကောင်ဟန်ဆောင်နေလေ့ ရှိလေသည်။
ထို့ပြင် အလိုအလျောက် ကျင့်ကြံခြင်း ကြာချိန်မှာလည်း ပုံသေမဟုတ်ချေ။ တစ်ခါတစ်ရံ တစ်ရက်လျှင် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ဖြစ်ပြီး တစ်ခါတစ်ရံ ဆယ်ရက် သို့မဟုတ် လဝက်ခန့်ကြာသည်အထိ တစ်ကြိမ်မျှပင် မရှိဘဲ အလိုအလျောက် ကျင့်ကြံခြင်း အမြတ်အစွန်းတိုင်းသည်လည်း မတူညီကြချေ။
သို့သော် သန်း ၉၀၀ ကျော်နေပြီဖြစ်သော သူ၏ စစ်မှန်သောချီများနှင့် နှိုင်းယှဉ်လျှင် အလိုအလျောက် ကျင့်ကြံခြင်း အမြတ်အစွန်းများကို သူ သိပ်ပြီး ဂရုမစိုက်တော့ချေ။
အိုးယန် ပို၍ အာရုံစိုက်နေသည်မှာ ညွှန်ပြနေသော တာဝန် တိုးတက်မှုအခြေအနေကိုပင် ဖြစ်ပေ၏။
စနစ်ထံမှ ရုတ်တရက် ပေါ်ထွက်လာသော တာဝန် တိုးတက်မှုအခြေအနေကို ကြည့်ရင်း အိုးယန်သည် နောက်ဆုံး၌ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်နိုင်လေသည်။
ကြိုးစားအားထုတ်မှုများစွာ ပြုလုပ်ပြီးနောက် နောက်ဆုံးတွင် သူသည် တာဝန် ပြီးမြောက်မှု၏ ၄/၅ ကို ပြီးမြောက်ခဲ့ပြီ ဖြစ်၏။
ကံကြမ္မာသားတော် တစ်ဦးအပေါ် စနစ်၏ ဆုံးဖြတ်ချက်မှာ အလွန် တင်းကျပ်လှပေသည်။ ကောင်းကင်မြေခွေး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော ဟူထူပင်လျှင် တာဝန် တိုးတက်မှုကို အသက်မဝင်စေခဲ့ချေ။
ကျန်ရှိနေသော တာဝန် တိုးတက်မှုများကို တောင်ပေါ်ရှိ ထိုပုန်ကန်တတ်သော တပည့် သုံးဦးက ပံ့ပိုးပေးခဲ့ခြင်း ဖြစ်ပေသည်။
လန်ချင်းဆုန့်ကို သူက ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပေးခဲ့ပြီး ချန်ချန်ရှန်းကို သူ ရှာတွေ့ခဲ့ကာ ပိုင်ယွီကိုမူ ဆရာဖြစ်သူနှင့်အတူ လူသားမျိုးနွယ် မြို့တော်တစ်ခုသို့ လိုက်သွားစဉ်က သူ ခေါ်လာခဲ့ခြင်း ဖြစ်၏။
ပြောရရင် ထူးဆန်းတယ်... ဒီလောကမှာ ကံကြမ္မာသားတော်တွေ ဒီလောက်တောင် များနေတာလား...
အကယ်၍ ကျူးယွမ်နှင့် ချန်ချန်ရှန်းတို့အကြား အသက်နှင့် သေဆုံးခြင်း ရန်ငြိုးတစ်ခုသာ မရှိခဲ့ပါက အိုးယန်သည် သူ့ကို ခေါ်ယူရန်အတွက် တုန်းရွှီကျစ်ထံသို့ သွားရောက်ခဲ့မည် ဖြစ်သည်။
နတ်ဆိုးသူတော်စင်က အဲ့ဒီလောက်တောင် မာနကြီးတာလား...
တောင်ပေါ်က အဲ့ဒီ ပုန်ကန်တတ်တဲ့ တပည့် သုံးယောက်ထဲမှာ ဘယ်သူကများ ရန်စရ လွယ်လို့လဲ...
သူ့လက်ထဲ ရောက်သွားတာနဲ့ သူတို့က လွယ်လွယ်ကူကူ ထိန်းချုပ်ခံလိုက်ရတာပဲ မဟုတ်ဘူးလား...
နောက်ဆုံးမှာတော့ နေရာတစ်နေရာပဲ ကျန်တော့တယ်... ပြီးရင် စနစ်ကို စတင် နှိုးဆွကတည်းက ပထမဆုံး တာဝန်ကို သူ ပြီးမြောက်နိုင်တော့မှာပဲ...
အိုးယန်က တာဝန် တိုးတက်မှုအခြေအနေပြဘားကို ကြည့်ကာ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။
မဟာမြင့်မြတ်နယ်မြေ ကိုးခုအနက်မှ တစ်ခုဖြစ်သော ချင်းယွင်ဂိုဏ်းတွင်ပင် ကံကြမ္မာသားတော်ဟု ခေါ်ဆိုနိုင်သော သူ တွေ့ဖူးသည့် တစ်ဦးတည်းသောသူမှာ ကျူးယွမ်ပင် ဖြစ်၏။
မည်သို့ပင်ဆိုစေ တောင်ပေါ်ရှိ ပုန်ကန်တတ်သော တပည့် သုံးဦးသည် ချင်းယွင်ဂိုဏ်းသို့ သူတို့ ဝင်ရောက်လာခြင်းနှင့် ပတ်သက်၍ သူနှင့် အနည်းနှင့်အများ သက်ဆိုင်နေကြပေသည်။
ထို့ကြောင့် ထိုအချက်က ကံကြမ္မာသားတော်များ မည်မျှ ရှားပါးကြောင်းကို ပြသနေပေ၏။
နောက်ဆုံးနေရာကို ဘယ်အချိန်မှာ ရှာတွေ့မလဲဆိုတာကို ဘယ်သူ သိနိုင်မှာလဲ...
ရှောင်ဖုန်းက ရုတ်တရက် အတွေးလွန်နေသော အိုးယန်ကို ကြည့်ကာ အသံမထွက်ရဲချေ။
ဒီစီနီယာအစ်ကိုက အရမ်းကို ထူးဆန်းလွန်းတယ်... သူနဲ့ စကားပြောနေရင်းတောင် အာရုံလွင့်သွားသေးတယ်...
သို့သော် ထိုကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံမှုက သူ့ကို တောင့်တနေစေဆဲ ဖြစ်၏။
အကယ်၍ တစ်နေ့နေ့တွင် သူသည် အိုးယန်၏ အဆင့်သို့ ရောက်ရှိနိုင်ပါက သူ၏ ကလဲ့စားချေမှုသည် သေချာပေါက် ပြီးမြောက်မည် ဖြစ်သည်။
တွေဝေနေခြင်းမှ နိုးထလာသော အိုးယန်က ရှောင်ဖုန်းကို တောင်းပန်သော အပြုံးဖြင့် ပြုံးပြကာ ပြောဆိုလိုက်လေ၏။
"မင်းက အခု ငါတို့ တောင်ထိပ်ငယ်လေးရဲ့ အမည်ခံတပည့် တစ်ယောက် ဖြစ်နေပြီဆိုတော့ တောင်ထိပ်ငယ်လေးရဲ့ စည်းမျဉ်းတချို့ကို ငါ မင်းကို ပြောပြဖို့ လိုတယ်..."
ရှောင်ဖုန်းက ချက်ချင်း မတ်မတ်ထိုင်လိုက်ပြီး အိုးယန်ကို ကြည့်လိုက်လေသည်။
အိုးယန်က လေးနက်သော အမူအယာဖြင့် ပြောဆိုလိုက်၏။
"တောင်ထိပ်ငယ်လေးမှာ မင်းအပြင် မင်းရဲ့ စီနီယာအစ်ကို သုံးယောက်နဲ့ မင်းထက် ငယ်တဲ့ ဂျူနီယာညီမလေး တစ်ယောက် ရှိတယ်... မှတ်ထား... တောင်ထိပ်ငယ်လေးမှာ ငါ့ရဲ့ စည်းမျဉ်းတွေကသာ စည်းမျဉ်းတွေပဲ... အရေးအကြီးဆုံးအချက်က အဲ့ဒီ ပုန်ကန်တတ်တဲ့ တပည့် သုံးယောက်နဲ့ ဝေးဝေးနေ... သူတို့ဆီက ဘာမှ မသင်ယူနဲ့..."
"..."
ရှောင်ဖုန်းက သွားကြိတ်နေသော အိုးယန်ကို ကြည့်ကာ ဝေခွဲမရစွာဖြင့် နားထောင်နေသော်လည်း သဘောတူလိုက်လေသည်။
သတိပြုရမည့် အချက်များကို ရှင်းပြပြီးနောက် အိုးယန်က ရှောင်ဖုန်းကို တောင်ထိပ်ငယ်လေးဆီသို့ ပြန်လည်ခေါ်ဆောင်သွားရန် ပြင်ဆင်လိုက်၏။
ရှောင်ဖုန်းက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောဆိုလိုက်သည်။
"စီနီယာအစ်ကို... ကျွန်တော့်ကို တစ်ခုခုလောက် ငှားလို့ရမလား မသိဘူး..."
"..."
ဂိုဏ်းထဲသို့ပင် မဝင်ရသေးမီ တစ်ခုခု ငှားရန် တောင်းဆိုနေသော ရှောင်ဖုန်းကို အိုးယန်က ကြည့်လိုက်လေ၏။ ဘာအဓိပ္ပါယ်လဲ... တောင်တံခါးထဲတောင် မဝင်ရသေးခင် သူက ပုန်ကန်ချင်နေပြီလား...
ရှောင်ဖုန်းက အလျင်အမြန် ပြောဆိုလိုက်သည်။
"အပြင်စည်းဂိုဏ်းမှာ နေခဲ့တဲ့ ဒီနှစ်တွေအတွင်း သူငယ်ချင်းတချို့ ရခဲ့တယ်... ပြီးတော့ သူတို့ရဲ့ ကြင်နာမှုတွေကိုလည်း ကျွန်တော် ရရှိခဲ့ဖူးတယ်... ကျေးဇူးပြုပြီး စီနီယာအစ်ကို... ကျွန်တော် ထွက်သွားတဲ့အခါ နှုတ်ဆက်လက်ဆောင်အနေနဲ့ ပေးဖို့ ဝိညာဉ်ကျောက်တုံး တချို့လောက် ငှားပေးပါ..."
ရှောင်ဖုန်း၏ စကားများကို ကြားပြီးမှသာ အိုးယန် စိတ်သက်သာရာ ရသွားလေ၏။
ရှောင်ဖုန်း၏ သဘာဝအရ သူသည် မည်သူ့ကိုမျှ အကြွေးမတင်ချင်ချေ။ ကြင်နာမှု တစ်စက်လေးကိုတောင်မှ စမ်းရေပေါက်ကြီးတစ်ခုလို ပြန်လည်ပေးဆပ်သင့်သည်ဟု ခံယူထားသူ ဖြစ်သည်။
ထို့ကြောင့်ပင် သူက ဤနှစ်များအတွင်း သူ၏ ဂိုဏ်းတူညီအစ်ကိုများ၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်ရန်အတွက် ဝိညာဉ်ကျောက်တုံး အချို့ကို အရင်ငှားပေးရန် သူ့အား တောင်းဆိုခဲ့ခြင်း ဖြစ်၏။
ဟွန့်... မင်းက ငါ့ကို လန့်သွားအောင် လုပ်လိုက်တာပဲ... အဲ့ဒါလေးပဲလား...
အိုးယန်က သူ၏ ခါးမှ သိုလှောင်အိတ်ကို ဖြုတ်လိုက်ပြီး ထိုအိတ်ထဲတွင် မွှေနှောက်ကာ သိုလှောင်အိတ်ထဲမှ သေတ္တာကြီးတစ်လုံးကို သွန်ချလိုက်ပြီး ပြောဆိုလိုက်လေသည်။
"ဒါတွေက အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ရာပဲ... ယူသွားပြီး သုံးလိုက်..."
ရှောင်ဖုန်းက သေတ္တာကို ဖွင့်လိုက်ရာ အတွင်းရှိ ဝိညာဉ်ကျောက်တုံးများကြောင့် ချက်ချင်း အံ့အားတသင့် ဖြစ်သွားလေ၏။ ဤမျှ များပြားလှသော အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများကို သူ၏ တစ်သက်တာလုံးတွင် တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ပြီးတော့ သူတို့၏ အရည်အသွေးကလည်း အလွန် ကောင်းမွန်လွန်းသဖြင့် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများနှင့်ပင် နှိုင်းယှဉ်နိုင်လုနီးပါး ဖြစ်နေပေသည်။
"ကျွန်တော် အဲ့ဒီလောက် အများကြီး မလိုပါဘူး စီနီယာအစ်ကို... ဆယ်တုံးဆိုရင် လုံလောက်ပါပြီ..."
ရှောင်ဖုန်းက အလျင်အမြန် လက်ဝှေ့ယမ်းကာ ပြောဆိုလိုက်လေ၏။
အိုးယန်က ဂရုမစိုက်စွာဖြင့် ပြောဆိုလိုက်သည်။
"ဒါက ဘာအရေးကြီးလို့လဲ... တကယ်လို့ ကုန်သွားရင် နောက်ထပ် တူးဖို့ ချင်းယွင်တောင်ထိပ် ကွင်းပြင်ကို ငါ မင်းကို ခေါ်သွားပေးမယ်လေ..."
"..."
အပြင်စည်းဂိုဏ်းတွင် ငါးနှစ်ကြာ နေထိုင်ခဲ့ပြီးနောက် ချင်းယွင်ဂိုဏ်းအကြောင်း ကောင်းစွာ နားလည်ထားသော ရှောင်ဖုန်းသည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်လေ၏။ ဤစီနီယာအစ်ကို၏ ပါးစပ်မှ မယုံကြည်နိုင်လောက်စရာ တစ်ခုခုကို သူ ယခုလေးတင် ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ရှောင်ဖုန်းက အိုးယန်ကို လက်အုပ်ချီလိုက်ပြီး သေတ္တာကို ဆွဲကာ အခန်းထဲမှ ထွက်လာခဲ့လေ၏။
မည်သို့ပင်ဆိုစေ ယခုမှစ၍ သူသည် အိုးယန်၏ နံဘေးတွင် ရှိနေမည်ဖြစ်ပြီး နောက်ပိုင်းတွင် ပြန်လည်ပေးဆပ်ရန် အခွင့်အရေးများစွာ ရှိနေမည် ဖြစ်သည်။ ဤဝိညာဉ်ကျောက်တုံးများကို ပြန်မပေးနိုင်မည်ကို ရှောင်ဖုန်း စိုးရိမ်မနေခဲ့ချေ။
"ဂျူနီယာညီလေး ရှောင်... မင်း ထွက်သွားတော့မလို့လား..."
ရှောင်ဖုန်းအား မှတ်ပုံတင်ရန် အသိပေးခဲ့သော လူငယ်က အနည်းငယ် စိတ်ဓာတ်ကျနေသော လေသံဖြင့် မေးမြန်းလိုက်လေသည်။
"စီနီယာအစ်ကို ကျောက်... ဒီနှစ်တွေအတွင်း ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... တောင်ထိပ်ငယ်လေးရဲ့ စီနီယာအစ်ကိုက ကျင့်ကြံဖို့ အတွင်းစည်းဂိုဏ်းထဲ ဝင်ခွင့်ပြုဖို့ သဘောတူလိုက်ပြီ... ဒီဝိညာဉ်ကျောက်တုံးတွေက ကျွန်တော့်ရဲ့ ကျေးဇူးတင်စကား အနေနဲ့ အမှတ်တရ လက်ဆောင်လေးတစ်ခုပါ..."
ရှောင်ဖုန်းက လူငယ်ကို လက်အုပ်ချီကာ ပြောဆိုလိုက်လေ၏။
လူငယ်က စော်ကားခံရသည်ဟု ခံစားလိုက်ရပြီး သူ၏ မျက်လုံးများ ချက်ချင်း မျက်ရည်ဝဲလာကာ ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
"ဒီပစ္စည်းတွေကို ငါ့ကို ပေးဖို့အတွက် ငါ အဲ့ဒီလို လုပ်ခဲ့တာ မဟုတ်ဘူးနော်..."
ရှောင်ဖုန်းက ခေါင်းညိတ်ပြီး ပြောဆိုလိုက်လေ၏။
"စီနီယာအစ်ကို ကျောက်... ငါတို့ကြားက ညီအစ်ကို သံယောဇဉ်ကို ကျွန်တော် သိပါတယ်... အဲ့ဒါကြောင့် ဒါက ကျွန်တော့်ရဲ့ ကျေးဇူးတင်စကား အနေနဲ့ အမှတ်တရ လက်ဆောင်လေး တစ်ခုသက်သက်ပါပဲ... တကယ်လို့ အနာဂတ်မှာ စီနီယာအစ်ကို ကျောက် အခက်အခဲတွေနဲ့ ရင်ဆိုင်ရရင် သေတဲ့အထိ ကျွန်တော် ကူညီပေးမယ်လို့ ငါ ရှောင်ဖုန်း ကျိန်ဆိုပါတယ်..."
လူငယ်က ဒေါသတကြီးဖြင့် ရှောင်ဖုန်းကို လက်ဝှေ့ယမ်းပြကာ ပြောဆိုလိုက်သည်။
"သွားတော့... အခုချိန်မှာ မင်းကို ငါ မမြင်ချင်ဘူး..."
ရှောင်ဖုန်းက ခါးသီးစွာ ပြုံးလိုက်လေ၏။ သူ၏ စီနီယာအစ်ကို၏ စရိုက်ကို သူ သဘာဝကျကျပင် သိရှိပေသည်။ သူက ပုံမှန်အားဖြင့် မိန်းကလေးတစ်ယောက်လို အနည်းငယ် သိမ်မွေ့တတ်သော်လည်း ခဏကြာလျှင် ပျောက်သွားမည် ဖြစ်၏။
ရှောင်ဖုန်းက သူ့ရှေ့ရှိ လူငယ်ကို သေချာစွာ ကြည့်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောဆိုလိုက်လေသည်။
"တောင်တန်းစိမ်းတွေက ပြောင်းလဲမသွားပါဘူး စီနီယာအစ်ကို ကျောက်... ကျွန်တော် သွားတော့မယ်... အခုကစပြီး ဂရုစိုက်ပါ..."
လူငယ်က ရှောင်ဖုန်း အဝေးသို့ လျှောက်သွားသည်ကို စောင့်ဆိုင်းရင်း သူ၏ ခေါင်းကို မော့ထားလေ၏။ ရှောင်ဖုန်း၏ ပုံရိပ် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း သူ၏ မျက်လုံးမှ မျက်ရည်များ ချက်ချင်း စီးကျလာပေသည်။
လူငယ်က သူ့ရှေ့ရှိ သေတ္တာကို ကြည့်လိုက်ရာ သူ၏ အသံမှာ ငှက်တစ်ကောင်ကဲ့သို့ ရှင်းလင်းပြီး သာယာလာကာ တိုးညှင်းစွာ ပြောဆိုလိုက်လေ၏။
"အစ်ကို ရှောင်... ရှင်က တကယ်ကို လူဆိုးပဲ..."
အခန်း ၃၄ - လူသားမျိုးနွယ်မှာ ဧကရာဇ် မရှိဘူးလို့ ဘယ်သူပြောတာလဲ...
အိုးယန်နှင့် ရှောင်ဖုန်းတို့ တောင်ထိပ်ငယ်လေး၏ တောင်ခြေသို့ ရောက်ရှိချိန်တွင် ဧရာမ စက္ကူကြိုးကြာငှက်ဖြူကြီး တစ်ကောင်က ကျက်သရေရှိစွာ လွင့်မျောလာသည်ကို မြင်တွေ့လိုက်ရ၏။
"စီနီယာအစ်ကို... ပြန်ရောက်ပြီလား... ထူထူအတွက် လက်ဆောင် ပါလာလား..."
ဟူထူ၏ ရှင်းလင်းသော ကလေးအသံလေးက စက္ကူကြိုးကြာငှက်ထံမှ ထွက်ပေါ်လာလေသည်။
ဟူထူက စက္ကူကြိုးကြာငှက်ပေါ်မှ ခုန်ဆင်းလာပြီး လက်ဆောင်ရှာနေသော ခွေးပေါက်လေး တစ်ကောင်လို သူ၏ အဝတ်အစားများထဲတွင် မွှေနှောက်နေသည်ကို အိုးယန်က ပြုံးလျက် ကြည့်နေလေ၏။
"ဒါ ဘာလဲ ကြည့်စမ်း..."
အိုးယန်က မျက်လှည့်ပြနေသကဲ့သို့ သူ၏ အင်္ကျီလက်ထဲမှ သကြားလုံးကင် တစ်ချောင်းကို ထုတ်ယူလိုက်လေသည်။
"အို... သကြားလုံးကင်ပဲ... ငါ မစားရတာ အရမ်း ကြာနေပြီ... ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို..."
ဟူထူက သကြားလုံးကင်ကို ဝမ်းသာအားရ ယူလိုက်ပြီး အိုးယန်ကို ချိုမြိန်စွာ နမ်းလိုက်ကာ သကြားလုံးကင်ကို အထက်သို့ မြှောက်ထားရင်း တစ်ပတ် လှည့်လိုက်လေ၏။
ရုတ်တရက် ဟူထူသည် အိုးယန်၏ အနောက်မှ လိုက်ပါလာသော ရှောင်ဖုန်းကို သတိပြုမိသွားလေသည်။
ယခင်က ပျော်ရွှင်ပြီး ကစားချင်စိတ်ရှိသော ဟူထူသည် အိုးယန်၏ နံဘေးတွင် ချက်ချင်း ဝင်ပုန်းလိုက်ပြီး အိုးယန်၏ အဝတ်အစားများကို ဆုပ်ကိုင်ကာ သတိကြီးစွာဖြင့် ချောင်းကြည့်ရင်း မေးမြန်းလိုက်၏။
"စီနီယာအစ်ကို... ဒါက ဘယ်သူလဲ..."
အိုးယန်က ဟူထူ၏ ခေါင်းကို ချစ်ခင်မြတ်နိုးစွာ ပွတ်သပ်ပေးလိုက်ပြီး ပြုံးလျက် ပြောဆိုလိုက်လေသည်။
"ဒါက ဆရာ့အတွက် ငါ ရှာတွေ့ခဲ့တဲ့ အလားအလာရှိတဲ့ ပါရမီရှင်တစ်ယောက်ပဲ... တောင်ထိပ်ငယ်လေးရဲ့ အမည်ခံတပည့် တစ်ယောက်အဖြစ် သတ်မှတ်လို့ရတယ်..."
အိုးယန်က စကားပြောပြီးနောက် ရှောင်ဖုန်းဘက်သို့ လှည့်ကာ ပြောဆိုလိုက်၏။
"ဂျူနီယာညီလေး ရှောင်... ဒါက ဟူထူပဲ... သူက ငါတို့ တောင်ထိပ်ငယ်လေးရဲ့ ပဉ္စမမြောက် တပည့်လည်း ဖြစ်တယ်... သူက ငယ်ရွယ်ပေမယ့် မင်းရဲ့ စီနီယာအစ်မပဲ..."
ဂိုဏ်း၏ အစီအစဉ်သည် အသက်အရွယ်ဖြင့် သတ်မှတ်ထားခြင်း မဟုတ်ဘဲ ဝင်ရောက်လာသော အချိန်အပေါ်တွင် မူတည်ပေ၏။
မည်သို့ပင်ဆိုစေ အနှစ်ထောင်ပေါင်းများစွာ လွယ်လွယ်ကူကူ အသက်ရှင်နေထိုင်ကြသော ကျင့်ကြံသူကြီးများအတွက် အသက်အရွယ်သည် များစွာ အဓိပ္ပာယ် မရှိတော့ချေ။
ဥပမာအားဖြင့် အသက်သုံးဆယ်အရွယ် သာမန်လူတစ်ယောက်က အသက်ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို သွားရှာမည်ဆိုပါက လူများက သူ့ကို တိရစ္ဆာန်တစ်ကောင်ဟု ထင်ကြပေမည်။
သို့သော် အသက်လေးရာအရွယ် ကျင့်ကြံသူတစ်ဦးနှင့် အသက်သုံးရာအရွယ် ကျင့်ကြံသူတစ်ဦးတို့ တာအိုလက်တွဲဖော်များ ဖြစ်လာကြပါက ထိုကိစ္စက ကြီးမားသော ကိစ္စရပ်တစ်ခုဟု ခံစားရမည် မဟုတ်ပေ။
ရှောင်ဖုန်းက လက်အုပ်ချီကာ ဟူထူကို အနည်းငယ် ဦးညွတ်လိုက်ပြီး ပြောဆိုလိုက်လေ၏။
"ရှောင်ဖုန်းက စီနီယာအစ်မငယ်ကို ဂါရဝပြုပါတယ်..."
ဟူထူက သကြားလုံးကင်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး ရှောင်ဖုန်းကို ကြောင်တောင်တောင် စိုက်ကြည့်နေကာ သူမ၏ ပါးစပ်ထဲရှိ သကြားလုံးကင်ကို ဝါးရန်ပင် မေ့နေလေ၏။
"ရွှတ်... ငါက စီနီယာအစ်မလား..."
ဟူထူက ထွက်ကျလာသော သွားရည်များကို သုတ်လိုက်ပြီး အနည်းငယ် မယုံကြည်နိုင်သေးသလို ဖြစ်နေပေသည်။
ပထမဆုံး တွေ့ဆုံမှုအတွက် လက်ဆောင်တစ်ခု ရှိသင့်တယ် မဟုတ်ဘူးလား...
ဟူထူက သူမ၏ ပစ္စည်းများထဲတွင် အပူတပြင်း မွှေနှောက်လိုက်လေ၏။ မနေ့က ကျန်ခဲ့သော ကန်စွန်းဥများ၊ ယနေ့နံနက်က သူမ ဖမ်းထားသော ပုရစ်များ၊ ယခုလေးတင် ခူးထားသော ပန်းအသေးလေးများနှင့် သူမ ယခုလေးတင် တစ်ကိုက် ကိုက်ထားသော သကြားလုံးကင်...
ဟူထူက သူမ၏ လက်ထဲရှိ သကြားလုံးကင်ကို မလိုလားစွာဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် ထိုအရာကို မြှောက်ထားကာ မျက်ရည်ဝဲနေသော အမူအယာဖြင့် မေးမြန်းလိုက်လေ၏။
"ဂျူနီယာညီလေး... စားမလား..."
ရှောင်ဖုန်းက ပေါက်စီတစ်ခုလို ပါးစပ်လေး ဆူကာ သကြားလုံးကင်ကို မျက်ရည်ဝဲလျက် ကမ်းပေးနေသော ဟူထူကို ကြည့်ကာ ရယ်ချင်စိတ်နှင့် အကူအညီမဲ့မှု ရောထွေးနေသော လေသံဖြင့် ပြောဆိုလိုက်လေသည်။
"မလိုပါဘူး စီနီယာအစ်မ... ကျွန်တော်က အချိုတွေ မကြိုက်ပါဘူး..."
"အချိုတွေ မကြိုက်ဘူးလား... ကောင်းတာပေါ့..."
ဟူထူက သက်ပြင်းချလိုက်ပြီး သူမ၏ ရင်ဘတ်လေးကို ကော့ကာ အိုးယန်၏ အနောက်မှ ထွက်လာခဲ့လေသည်။
သူမက သူမ၏ ဂျူနီယာညီလေး အသစ်ကို စူးစမ်းနေသကဲ့သို့ ရှောင်ဖုန်းကို လှည့်ပတ်ကြည့်နေလေ၏။
အခု သူမက စီနီယာအစ်မ ဖြစ်နေပြီလေ... သူမက ကလေးကြီး ဖြစ်နေပြီပဲ...
"ဂျူနီယာမောင်လေး... ခေါင်းလေး ငုံ့လိုက်ဦး..."
ဟူထူက သူမ၏ လက်သေးသေးလေးကို ရှောင်ဖုန်းအား ဝှေ့ယမ်းပြလိုက်သည်။
ရှောင်ဖုန်းက နားမလည်စွာဖြင့် ငုံ့လိုက်ရာ လက်သေးသေးလေး တစ်ဖက်က သူ၏ နားရွက်နောက်တွင် ပန်းအဖြူရောင် အသေးလေး တစ်ပွင့်ကို ပန်ပေးလိုက်လေ၏။
ဟူထူက တိုးညှင်းစွာ ပြောဆိုလိုက်သည်။
"ဒီပန်းအဖြူလေးက ဒီနေ့ ငါ မြင်ဖူးသမျှထဲမှာ အလှဆုံး ပန်းလေးပဲ... အစက စီနီယာအစ်ကို့ကို ပေးမလို့ပဲ... ဒါပေမဲ့ အခုတော့ မင်းအတွက် ပေးလိုက်ပြီ..."
ရှောင်ဖုန်းက သူ၏ နားရွက်နောက်ရှိ ပန်းအဖြူလေးကို ထိလိုက်ရာ သူ၏ မျက်နှာပေါ်တွင် ရိုးသားသော အပြုံးတစ်ခု ပေါ်လာပြီး သူ့ရှေ့ရှိ အပြစ်ကင်းသော ဟူထူကို ကြည့်ကာ ပြောဆိုလိုက်လေ၏။
"ကျေးဇူးတင်ပါတယ် စီနီယာအစ်မ..."
ဟူထူက လက်ခုပ်တီးလိုက်ရာ စက္ကူကြိုးကြာငှက်သည် သူတို့သုံးဦး၏ အရှေ့သို့ ဖြည်းညင်းစွာ ပျံသန်းလာလေသည်။ ဟူထူက သူမ၏ သကြားလုံးကင်ကို ကိုင်ထားရင်း အိုးယန်နှင့် ရှောင်ဖုန်းတို့ကို ခေါ်လိုက်၏။
"သွားကြစို့... ငါတို့ အိမ်ပြန်ကြမယ်... တတိယအစ်ကိုက ဒီနေ့ ငါးဟင်း ချက်နေတယ်..."
စက္ကူကြိုးကြာငှက်သည် သူတို့သုံးဦးကို သယ်ဆောင်ကာ လေပြေညင်းလေးနှင့်အတူ တောင်ထိပ်ဆီသို့ ပျံသန်းသွားလေသည်။
တောင်ထိပ်သို့ ရောက်ရှိပြီး စက္ကူကြိုးကြာငှက် တည်ငြိမ်စွာ ဆင်းသက်လိုက်သည်နှင့် တစ်ပြိုင်နက်...
ဟူထူက ခြံဝင်းဆီသို့ စိတ်အားထက်သန်စွာ အော်ဟစ်လိုက်လေ၏။
"စီနီယာအစ်ကို... စီနီယာအစ်ကို... စီနီယာအစ်ကိုက ဂျူနီယာညီလေး တစ်ယောက် ခေါ်လာတယ်..."
ရှောင်ဖုန်းက မော့ကြည့်လိုက်ရာ တစ်ချက်ကြည့်ရုံဖြင့် ခြံဝင်းငယ်လေးကို သဘောကျသွားလေသည်။
အစိမ်းရောင် အုတ်ကြွပ်များနှင့် အုတ်ချပ်များ... စိမ်းလန်းစိုပြေနေသော သစ်ကိုင်းများနှင့် သစ်ရွက်များ ရှိသော သစ်ပင်ကြီး တစ်ပင်က ခြံဝင်းထဲတွင် မတ်မတ်ရပ်နေပေ၏။
သစ်ပင်အောက်ရှိ ကုလားထိုင် တစ်လုံးပေါ်တွင် အဖြူရောင်ဝတ် လူငယ်တစ်ဦးက စာအုပ်တစ်အုပ်ကို မျက်နှာပေါ်တွင် အုပ်ထားကာ အိပ်ပျော်နေလေသည်။
အခြား လူငယ်တစ်ဦးက အိမ်ခေါင်မိုးကို ပြင်ဆင်နေ၏။
ထို့ပြင် ခြံဝင်း၏ ထောင့်ရှိ မီးဖိုချောင်တွင်မူ ဟင်းချက်နေသော မီးခိုးငွေ့များ ထွက်ပေါ်နေပေသည်။
ယခုနေရာသည် ဂိုဏ်းကြီးတစ်ခုနှင့် လုံးဝ မတူညီဘဲ အေးချမ်းပြီး လှပသော ကျေးလက်ဘဝတစ်ခုနှင့် ပို၍ တူနေပေ၏။
ထိုအရာက လောကီကမ္ဘာမှ လာခဲ့သော ရှောင်ဖုန်းကို သူ၏ အိမ်သို့ ရောက်ရှိသွားသကဲ့သို့ အလွန်အမင်း ခံစားရစေသည်။
ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေသော ပိုင်ယွီက သူ၏ မျက်နှာပေါ်မှ စာအုပ်ကို ဖယ်ရှားလိုက်ပြီး ရှောင်ဖုန်းကို မော့ကြည့်ကာ နှုတ်ဆက်သည့်အနေဖြင့် လက်ဝှေ့ယမ်းပြလိုက်လေ၏။
ခေါင်မိုးပေါ်ရှိ လန်ချင်းဆုန့်ကမူ သူ၏ အလုပ်ကိုသာ ဂရုစိုက်ကာ ဆက်လက် ထုနှက်နေပေသည်။
ချန်ချန်ရှန်း တစ်ယောက်တည်းသာ ဆူညံသံများကို ကြားသဖြင့် ခါးစည်းကို ဝတ်ဆင်ထားလျက် မီးဖိုချောင်ထဲမှ ထွက်လာပြီး ရှောင်ဖုန်းကို ပြုံးလျက် ကြည့်လိုက်လေ၏။
သို့သော် သူသည် ထိုနေရာတွင် ချက်ချင်း အေးခဲသွားလေတော့သည်။
ရှောင်ဖုန်း၏ မျက်နှာသည် သူ၏ ယခင်ဘဝ အမှတ်တရများထဲမှ အမြင့်ဆုံးသော တည်ရှိမှုနှင့် ဖြည်းညင်းစွာ ထပ်တူကျသွားပေ၏။
"ငါတို့ လူသားမျိုးနွယ်က မိမိကိုယ်ကိုယ် တိုးတက်အောင် ကြိုးစားရမယ်... ငါတို့ လူသားမျိုးနွယ်မှာ လူသားဧကရာဇ် မရှိဘူးလို့ ဘယ်သူပြောတာလဲ..."
"လူသားမျိုးနွယ်ရဲ့ ရှောင်ဖုန်း ဒီမှာ ရောက်နေပြီ... ဘယ်သူက ရှေ့ထွက်ပြီး အသေခံရဲလဲ..."
ချန်ချန်ရှန်း၏ စိတ်နှလုံးထဲတွင် ဆူပူသောင်းကျန်းသော လှိုင်းလုံးကြီးတစ်ခု လှိုင်းထသွားလေ၏။ သူ၏ စီနီယာအစ်ကိုက သာမန်မဟုတ်တဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက်ကို ပြန်ခေါ်လာခဲ့တာပဲ...
သူ၏ ယခင်ဘဝတွင် နတ်ဆိုးမျိုးနွယ်ကို ဆယ်နှစ်တိုင်တိုင် တစ်ကိုယ်တော် တားဆီးခဲ့သော လူသားဧကရာဇ် ဧကရာဇ်ရှောင်...
ဒီဘဝမှာ သူက တကယ်ပဲ ငါ့ရဲ့ ဂျူနီယာညီလေး ဖြစ်နေတာလား...
ချန်ချန်ရှန်းသည် အံ့အားသင့်မှုမှ ပြန်လည်မနလန်ထူနိုင်သေးမီမှာပင် ဟူထူက စူးစမ်းလိုစိတ်ဖြင့် အနံ့ခံကာ မေးမြန်းလိုက်လေ၏။
"ဘာတွေ တူးနေတဲ့ အနံ့လဲ..."
"ငါ့ရဲ့ ငါးဟင်း..."
ချန်ချန်ရှန်းက အာမေဍိတ်သံဖြင့် ပြောဆိုလိုက်ပြီး မီးဖိုချောင်ထဲသို့ ပြန်လှည့်ဝင်သွားလေသည်။
လူသားဧကရာဇ်က ဒယ်အိုးထဲက သူ့ရဲ့ ငါးဟင်းထက် ပိုအရေးကြီးနိုင်လို့လား...
နေ့လယ်စာ စားချိန်တွင် အိုးယန်က ရှောင်ဖုန်းကို ခေါ်ကာ လူတိုင်းနှင့် တစ်ယောက်ချင်းစီ မိတ်ဆက်ပေးလိုက်လေ၏။
ဒုတိယအစ်ကို လန်ချင်းဆုန့်၊ တတိယအစ်ကို ချန်ချန်ရှန်း၊ စတုတ္ထအစ်ကို ပိုင်ယွီနှင့် ဂျူနီယာညီမလေး ဟူထူ...
ရှောင်ဖုန်းက တစ်ယောက်ချင်းစီကို ရိုသေစွာ ဦးညွတ်လိုက်ပြီး သူ၏ အမူအရာမှာ သတိကြီးစွာ ထားနေပုံရသည်။
လန်ချင်းဆုန့်က ရှောင်ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ သူ၏ ထမင်းကို စားရန် ခေါင်းငုံ့သွားလေ၏။
ပိုင်ယွီက ရှောင်ဖုန်းကို ကြည့်ကာ ခေါင်းရမ်းလိုက်သည်။ ဤဂျူနီယာညီလေး၏ အရိုးဖွဲ့စည်းပုံမှာ အလွန် ဆိုးရွားလှပေ၏။ သူ၏ ချီနှင့် သွေးများက ကြွယ်ဝသော်လည်း သူသည် ဓားတာအိုကို ကျင့်ကြံရန် ပါရမီ လုံးဝမရှိချေ။
ဟူထူကမူ အနည်းငယ် တူးနေသော ငါးဟင်းကြောင့် မျက်နှာ ရှုံ့မဲ့နေလေ၏။
ချန်ချန်ရှန်း တစ်ယောက်တည်းသာ ရှောင်ဖုန်းကို စူးစိုက်ကြည့်နေပေသည်။
သူ၏ ယခင်ဘဝက အဝေးမှသာ ကြည့်ရှုနိုင်ခဲ့သော ဤလူသားမျိုးနွယ်၏ မဏ္ဍိုင်ကြီးသည် ယခုအခါတွင် သူ့ကို ကြည်ညိုလေးစားစွာဖြင့် ရိုသေစွာ ဦးညွတ်နေလေပြီ။
ဘဝဆိုတာ တကယ်ကို အံ့ဩစရာ ကောင်းတာပဲ...
"ချန်ရှန်းက ရှောင်ဖုန်းကို အဲ့ဒီလို စူးစိုက်ကြည့်နေတာဆိုတော့ ရှောင်ဖုန်းမှာများ ပြဿနာ တစ်ခုခု ရှိနေလို့လား..."
ချန်ချန်ရှန်း၏ အမူအယာကို မြင်ချိန်တွင် အိုးယန်၏ စိတ်နှလုံး တင်းကျပ်သွားလေ၏။
ပြန်လည်မွေးဖွားလာသူ တစ်ဦးအနေဖြင့် ချန်ချန်ရှန်းသည် ရှောင်ဖုန်း၏ ဇာစ်မြစ်ကို သေချာပေါက် သိရှိနေမည်ဖြစ်သဖြင့် အိုးယန်သည် ချန်ချန်ရှန်း၏ အကြည့်ကို အများဆုံး အာရုံစိုက်နေခြင်း ဖြစ်သည်။
တကယ်တမ်းတွင်လည်း ကောင်းကင်တာအို၏သားတော် ပုံစံရှိသော ရှောင်ဖုန်း ရောက်လာချိန်ကတည်းက ချန်ချန်ရှန်း၏ အကြည့်သည် ရှောင်ဖုန်းထံမှ မခွာခဲ့ချေ။
တောင်ထိပ်ငယ်လေးသို့ ဂျူနီယာညီလေး အသစ်တစ်ဦး ရောက်ရှိလာခြင်းက ရုတ်ရုတ်သဲသဲ သိပ်မဖြစ်စေခဲ့ချေ။
လူတိုင်းက သူတို့၏ ပုံမှန် လုပ်ဆောင်မှုများကိုသာ ဆက်လက် လုပ်ဆောင်နေကြလေ၏။ ချန်ချန်ရှန်းက ကျင့်ကြံရန် သူ၏ အခန်းသို့ ပြန်တော့မည့်ဆဲဆဲတွင် အိုးယန်က သူ့ကို လှမ်းခေါ်လိုက်သည်။
"ချန်ရှန်း... မင်းနဲ့ ဂျူနီယာညီလေး ရှောင် ငါ့အခန်းကို ခဏလောက် လာခဲ့ကြပါဦး..."
အိုးယန်က ချန်ချန်ရှန်းကို ပြောဆိုလိုက်လေ၏။
ချန်ချန်ရှန်း၏ ခန္ဓာကိုယ်သည် အနည်းငယ် တောင့်တင်းသွားပြီး သူ၏ စိတ်နှလုံးထဲတွင် အနည်းငယ် စိတ်လှုပ်ရှားသွားသည်ကို ခံစားလိုက်ရသည်။
ဒီ ဧကရာဇ်ရှောင်က သူရဲ့ ယခင်ဘဝက အိုင်ဒေါလေ...
ရှောင်ဖုန်းနှင့် ချန်ချန်ရှန်းတို့ အိုးယန်၏ အနောက်မှ အခန်းထဲသို့ ဝင်သွားကြပြီးနောက်...
အိုးယန်က မျက်မှောင်ကြုတ်ကာ သူတို့နှစ်ဦးကို အကဲခတ်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ချန်ချန်ရှန်းအပေါ် အကြည့်ရပ်တန့်ကာ ပြောဆိုလိုက်လေ၏။
"ချန်ရှန်း... ဂျူနီယာညီလေး ရှောင်ရဲ့ အရိုးဖွဲ့စည်းပုံက အယူခံလိုက်ရပြီး သူ့ရဲ့ ဒန်တျန်ကလည်း ဖျက်ဆီးခံလိုက်ရလို့ သူက ကျင့်ကြံလို့ မရဘူး... သူ ကျင့်ကြံနိုင်အောင် ကူညီပေးဖို့ နည်းလမ်းတစ်ခုကို ငါ စဉ်းစားမိတယ်... ဒါပေမဲ့ မင်းရဲ့ အကူအညီလိုတယ်..."
ချန်ချန်ရှန်းက ခေါင်းညိတ်ပြီး မေးမြန်းလိုက်သည်။
"စီနီယာအစ်ကို ဘာလိုအပ်လဲဆိုတာကိုသာ ပြောပါ..."
ချန်ချန်ရှန်း၏ အဖြေကို ကြားချိန်တွင် အိုးယန် စိတ်သက်သာရာ ရသွားလေ၏။ ချန်ချန်ရှန်းက သဘောတူသည်ဆိုမှတော့ ရှောင်ဖုန်း၏ သရုပ်မှန်သည် ပြဿနာ မဟုတ်ကြောင်း ဆိုလိုပေသည်။
ထို့နောက် အိုးယန်က ပြုံးကာ ပြောဆိုလိုက်လေ၏။
"ချန်ရှန်း... မင်းက ပန်းချီဆွဲတာ တော်တော်လေး ကောင်းတယ်လို့ ငါ ကြားတယ်နော်..."