အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
အခန်း ၃၇ - တန်ချင်း
"စီနီယာအစ်ကို အိုးယန်... ကျေးဇူးပြုပြီး တော်ပါတော့... ထပ်ပြီး တူးနေမယ်ဆိုရင် ဂိုဏ်းစောင့်ဝင်္ကပါ က အသက်ဝင်လာနိုင်တော့မှာတောင် မဟုတ်ဘူး..."
သာမန် အပြာရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးက အိုးယန်ကို တောင်းပန်တိုးလျှိုးနေလေသည်။
သံမဏိ ပေါက်ပြားကို ကိုင်ဆောင်ထားသော အိုးယန်သည် မြေကြီးထဲမှ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး အဆီအနှစ်ကို တူးဆွနေပေ၏။
ဤထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး အဆီအနှစ်သည် ဝိညာဉ်ကျောက်တုံး သွေးကြောများ၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းများတွင်သာ တည်ရှိပြီး အလွန်တရာ ရှားပါးလှပေသည်။ ကျင့်ကြံရန်အတွက်ဖြစ်စေ၊ မှော်ရတနာများကို ဖန်တီးရန်အတွက်ဖြစ်စေ ထိုအရာသည် မရှိမဖြစ် လိုအပ်သော ပစ္စည်းတစ်ခု ဖြစ်၏။
ချင်းယွင်ဂိုဏ်းကဲ့သို့သော ထိပ်တန်းဂိုဏ်း တစ်ခုသာလျှင် သူတို့၏ ဂိုဏ်းစောင့်ဝင်္ကပါ ကို တည်ဆောက်ရန် ထိုအရာကို အသုံးပြုကြမည် ဖြစ်ပေသည်။
"မင်းက ဘာတွေ ပြာယာခတ်နေတာလဲ... တကယ်လို့ ဂိုဏ်းချုပ်က ငါတို့ကို အပြစ်ပေးရင် ငါ လုပ်တာပါလို့ပဲ ပြောလိုက်ပေါ့... ရော့... ဒီတစ်တုံးက မင်းအတွက်... ငါ့မှာ စားစရာ ရှိနေသရွေ့ မင်းရော ငတ်ပါ့မလား..."
အိတ်ကြီးတစ်လုံးကို ထမ်းထားသော အိုးယန်က အပိုင်းအစလေး တစ်ခုကို လူငယ်၏ လက်ထဲသို့ ထိုးထည့်ပေးရင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလိုက်လေ၏။
လူငယ်က အိုးယန် ကမ်းပေးသော ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး အဆီအနှစ်ကို တုန်ယင်စွာဖြင့် လက်ခံလိုက်လေသည်။ ဤတစ်တုံးတည်းကပင် သူ၏ ကျင့်ကြံခြင်း အရင်းအမြစ် တစ်နှစ်ခွဲစာနှင့် ညီမျှပေ၏။
အိုးယန် ထမ်းလာသော အိတ်ကြီးထဲတွင် အိတ်တစ်ဝက်ခန့် အပြည့် ပါဝင်နေလေသည်။
ဒီသခင်က ဂိုဏ်းစောင့်ဝင်္ကပါ တစ်ခုလုံးကို တူးဆွနေတာပဲ...
အကယ်၍ ပြစ်ဒဏ်တောင်ထိပ်၏ စည်းမျဥ်းဥပဒေစိုးမိုးရေး အဖွဲ့ကသာ ထိုအရာကို မြင်တွေ့သွားပါက သာမန်လူတစ်ဦးဆိုလျှင် မသေလျှင်တောင်မှ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမည်မှာ အနည်းဆုံးပင် ဖြစ်ပေမည်။
မင်းက ဂိုဏ်းစောင့်ဝင်္ကပါ ကိုတောင် တူးဆွရဲပြီးတော့ မင်းကိုယ်မင်း ဂိုဏ်းရဲ့ သစ္စာဖောက် မဟုတ်ဘူးလို့ ပြောရဲသေးတယ်လား...
သို့သော် ဤသခင်က တူးဆွနေချိန်တွင် စည်းမျဥ်းဥပဒေစိုးမိုးရေး အဖွဲ့က အမှတ်မထင် ဖြတ်သန်းသွားပြီး သူ့ကို နှုတ်ဆက်သွားသေး၏။
"ညီအစ်ကိုတို့... ဘာလုပ်နေကြတာလဲ..."
"စီနီယာအစ်ကို အိုးယန်... တောင်ကို ကင်းလှည့်ဖို့ တောင်ထိပ်သခင်က ငါတို့ကို ပြောထားတယ်... အစ်ကို ဒီမှာ ဘာလုပ်နေတာလဲ..."
"ဟေး... မိသားစုမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ နည်းနေလို့ ပြန်ယူသွားဖို့ နည်းနည်းလာတူးတာပါ... လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အားကိုးရမယ်ဆိုတာ မင်း သိပါတယ်..."
"အကူအညီ လိုသေးလား စီနီယာအစ်ကို အိုးယန်..."
"မလိုပါဘူး... ငါ နည်းနည်းထပ်တူးပြီးရင် ပြန်တော့မှာပါ... နေ့လယ်စာ စားချိန်တောင် နီးနေပြီလေ..."
...
အထက်ပါ စကားဝိုင်းမှာ အိုးယန်က သူ၏ သံမဏိ ပေါက်ပြားကို ဝှေ့ယမ်းရင်း အစောင့်အရှောက်များနှင့် ပြောဆိုခဲ့သော စကားဝိုင်းပင် ဖြစ်လေသည်။
အဲ့ဒီ လူတွေက မျက်ကန်းတွေလား...
သူက ဂိုဏ်းစောင့်ဝင်္ကပါ ထဲမှာ တူးဖော်နေတာလေ...
အကယ်၍ သာမန် အတွင်းစည်းဂိုဏ်း တပည့်တစ်ဦးကသာ ဂိုဏ်းစောင့်ဝင်္ကပါ ကို တစ်ချက်မျှ ကြည့်လိုက်မိပါက ထိုလူများသည် ရှေ့ထွက်လာပြီး သူက ဂိုဏ်း၏ သစ္စာဖောက်လားဟု မေးမြန်းကြမည်မှာ သေချာပေ၏။
ဒီစီနီယာအစ်ကို အိုးယန်က ဒီမှာ တူးနေတာ တစ်နာရီလောက်တောင် ရှိနေပြီလေ...
သို့သော် ဤစီနီယာအစ်ကိုသည် ဂိုဏ်းချုပ်၏ တရားမဝင် သားတစ်ယောက်ဖြစ်ကြောင်း ကောလာဟလများ ရှိနေပေသည်။
အင်း... ဒါဆိုရင်လည်း အဆင်ပြေပါတယ်လေ...
အိုးယန်ကို အနည်းငယ်သာ တူးရန် အသည်းအသန် တောင်းပန်နေခဲ့သော လူငယ်က လက်ကို လှန်လိုက်ရာ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး အဆီအနှစ်သည် သူ၏ လက်ထဲမှ ပျောက်ကွယ်သွားလေ၏။ ထို့နောက် သူက ဘာမှမဖြစ်ခဲ့သကဲ့သို့ ထွက်ခွာသွားလေတော့သည်။
အိုးယန်က သူ၏ နဖူးမှ ချွေးများကို သုတ်လိုက်ပြီး ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး အဆီအနှစ် အိတ်တစ်ဝက်ခန့်ကို ပခုံးပေါ်တင်ကာ တောင်ထိပ်ငယ်လေးဆီသို့ လျှောက်သွားလေသည်။
သူ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးချိန်တွင် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သူ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်၏။
လူလတ်ပိုင်းအရွယ် အမျိုးသားက အိုးယန်၏ အရှေ့တွင် ရပ်ကာ အေးစက်သော လေသံဖြင့် ပြောဆိုလိုက်သည်။
"ဂိုဏ်းစောင့်ဝင်္ကပါ ကို တမင်သက်သက် ဖျက်ဆီးပြီး ဂိုဏ်းရဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ခိုးယူတာ... မင်းရဲ့ အပြစ်ကို မင်း သိလား..."
အိုးယန်က သူ့ထံသို့ လျှောက်လာသော လူကို ကြည့်ကာ ပြုံးဖြီးဖြီးဖြင့် ပြောဆိုလိုက်လေ၏။
"စီနီယာဦးလေး လီ... ထမင်းစားပြီးပြီလား..."
"မကောင်းဆိုးဝါး တပည့်... ဟူယွမ်က တပည့်ကောင်း တစ်ယောက်ကို လက်ခံထားတာပဲ... ဒီလို ပုန်ကန်တဲ့ လုပ်ရပ်မျိုးကို ကျူးလွန်ရဲတယ်ပေါ့..."
လူလတ်ပိုင်းအရွယ် အမျိုးသားက ထက်မြက်သော မျက်လုံးများဖြင့် အော်ဟစ်လိုက်လေသည်။
အိုးယန်က စကားများ အချိန်ဖြုန်းနေရန် အလွန် ပျင်းရိနေပေ၏။ သူက သူ၏ သိုလှောင်အိတ် ထဲမှ စာအုပ်တစ်အုပ်ကို ဆွဲထုတ်ကာ လူလတ်ပိုင်းအရွယ် အမျိုးသားဆီသို့ ပစ်ပေးလိုက်သည်။
စာအုပ်၏ စာမျက်နှာများပေါ်တွင် ဟိုဟိုဒီဒီ ဖော်ပြနေသော အဝတ်အစားများဖြင့် လှပသော အမျိုးသမီးများကို ဖျော့တော့စွာ မြင်တွေ့နိုင်ပေ၏။
"ကောင်းမွန်တဲ့ လျှို့ဝှက်လက်နက်ပဲ..."
လူလတ်ပိုင်းအရွယ် အမျိုးသားက တိုးညှင်းစွာ အော်ဟစ်လိုက်ပြီး သူ၏ အနက်ရောင် ဝတ်ရုံကို ဖြန့်ကြက်လိုက်ရာ ကမ္ဘာကြီးတစ်ခုလုံး အနက်ရောင် ဝတ်ရုံထဲသို့ မျိုချခံလိုက်ရသကဲ့သို့ ကောင်းကင်နှင့် မြေကြီးသည် ချက်ချင်း မှေးမှိန်သွားလေတော့၏။
အိုးယန်၏ အမြင်အာရုံ ပုံမှန် ပြန်ဖြစ်သွားချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားမှာ ထိုနေရာတွင် မရှိတော့ချေ။
အိုးယန်က တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"သူ စာအုပ် တစ်အုပ် လိုချင်တိုင်း တခြားသူတွေ မြင်သွားမှာကို ကြောက်လို့ ဂိုဏ်းကြီး ပျက်စီးတော့မယ့်အတိုင်း အမြဲတမ်း ဟန်ဆောင်နေတာပဲ... လူပျိုဟိုင်းကြီးတွေက ဒီလိုပဲ ဒေါသကြီးတတ်တာလား..."
အိုးယန်ကို ခုလေးတင် လမ်းပိတ်ခဲ့သူမှာ ပြစ်ဒဏ်တောင်ထိပ်၏ တောင်ထိပ်သခင် လီယီ ဖြစ်ပေသည်။ သူ၏ ကျင့်ကြံမှုမှာ ခန့်မှန်း၍မရနိုင်သော်လည်း သူသည် ပန်းချီနှင့် လက်ရေးလှရေးခြင်းကို အလွန်အမင်း နှစ်သက်မြတ်နိုးသူ တစ်ဦး ဖြစ်၏။
အိုးယန် ရေးဆွဲထုတ်လုပ်ခဲ့သော အသက်ဝင်လှသည့် ပုံတူပန်းချီများကို သူ တစ်ခါက မြင်တွေ့ခဲ့ဖူးပြီး ချက်ချင်းပင် အံ့အားသင့်သွားခဲ့လေသည်။ စာအုပ်ထဲတွင် ဖော်ပြထားသော အံ့မခန်းဖွယ် ဇာတ်ကွက်များနှင့် လှုပ်ရှားရုန်းကန်နေရသော အမျိုးသမီး ဇာတ်လိုက်များကို သူ ပို၍ပင် ချီးကျူးခဲ့သေး၏။
ထို့ကြောင့် အချိန်အတော်ကြာတိုင်း သူသည် အကြောင်းပြချက် အမျိုးမျိုးဖြင့် အိုးယန်ထံမှ စာအုပ်တစ်အုပ်ကို လာရောက် ငှားရမ်းလေ့ရှိပေသည်။
အိုးယန်က ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး အဆီအနှစ်များနှင့်အတူ တောင်ထိပ်ငယ်လေးသို့ ပြန်ရောက်လာချိန်တွင် ခြံဝင်းထဲ၌ ပုံမှန်မဟုတ်ဘဲ သက်ဝင်လှုပ်ရှားနေလေသည်။
ရှောင်ဖုန်းက အပေါ်ပိုင်း ဗလာကျင်းနေပြီး သူ၏ ကြေးနီရောင် ကြွက်သားထစ်ထစ် ခန္ဓာကိုယ်သည် နေ့လယ်ခင်း နေရောင်အောက်တွင် အလွန်တရာ တောက်ပနေပေ၏။
တိဗက်မြေခွေးကို ပွေ့ဖက်ထားသော ဟူထူသည် လုံးလုံးလျားလျား စွဲလန်းနေပြီး သူမ၏ ပါးစပ်ထောင့်များမှ သွားရည်များ စီးကျနေလေသည်။
ချန်ချန်ရှန်းမှာမူ စုတ်တံတစ်ချောင်းကို ကိုင်ဆောင်ကာ ရှောင်ဖုန်း၏ ကျောပြင်ပေါ်တွင် ပုံကြမ်းတစ်ခုကို ဆွဲနေပေ၏။
အရပ်ငါးမျက်နှာ နတ်ဘုရားသားရဲများ သည် ရှောင်ဖုန်း၏ ကျောပြင်ပေါ်တွင် အသက်ဝင်စွာ ပေါ်ထွက်လာလေသည်။
ပခုံးပေါ်မှ ကျော်လွန်နေသော နဂါးတစ်ကောင်၊ ဆင်းသက်လာသော ကျားတစ်ကောင်၊ မတ်မတ်ရပ်နေသော လိပ်နက်တစ်ကောင်၊ ဦးညွတ်နေသော ဗာမီလီယန်ငှက်တစ်ကောင်နှင့် မျက်လုံးများ မှိတ်ထားသော ချီလင်တစ်ကောင်တို့ ဖြစ်ကြ၏။
ရှောင်ဖုန်း အသက်ရှူလိုက်သည်နှင့်အမျှ နတ်ဘုရားသားရဲ ငါးကောင်သည် သူ၏ ကျောပြင်ပေါ်တွင် ဖြည်းညင်းစွာ ရွေ့လျားနေပြီး အသက်ဝင်လာသကဲ့သို့ ထင်မှတ်ရပေသည်။
ပြစ်ဒဏ်တောင်ထိပ်သခင်တောင် မခံနိုင်တဲ့ နည်းစနစ်ဆိုတော့လည်း ဒီလိုပဲ ဖြစ်ရမှာပေါ့... တကယ်လို့ သူသာ အားကောင်းပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ကို တကယ် ဆွဲလိုက်မယ်ဆိုရင် ဘယ်သူကများ အဲ့ဒါကို ခံနိုင်ရည်ရှိမှာလဲ...
အိုးယန်က ရှောင်ဖုန်း၏ ကျောပြင်ပေါ်ရှိ ချန်ချန်ရှန်း၏ ကျွမ်းကျင်မှုကို ခြွင်းချက်မရှိ ချီးကျူးလိုက်လေသည်။
ချန်ချန်ရှန်း၏ မျက်နှာမှာ နီရဲသွားပြီး သူက ထိုကဲ့သို့သော အရာများကို တစ်ခါမျှ မဆွဲဖူးကြောင်း ကျယ်လောင်စွာ အခိုင်အမာ ပြောဆိုလိုက်၏။
သို့သော် ထိုအရာက ရယ်မောသံများကိုသာ ဖြစ်ပေါ်စေခဲ့ပြီး ခြံဝင်းထဲတွင် ပျော်ရွှင်ဖွယ် လေထုတစ်ခု ပြည့်နှက်သွားလေသည်။
အိုးယန်က အိတ်ကို မြေပြင်ပေါ်သို့ သွန်ချလိုက်ရာ အရောင်အသွေးစုံလင်သော စိတ်ဝိညာဉ်ကျောက်တုံး အဆီအနှစ်များ နေရာအနှံ့ ပြန့်ကျဲသွားပေ၏။ စိတ်ဝိညာဉ်ကျောက်တုံး အဆီအနှစ်များထံမှ ကြွယ်ဝသော မူလချီများ ဖြာထွက်နေလေသည်။
ပြင်ပလူများအတွက် စိတ်ဝိညာဉ်ကျောက်တုံး အဆီအနှစ်ဟူသည် အိပ်မက်ထဲတွင်သာ မြင်မက်နိုင်သော အရာမျိုး ဖြစ်သော်လည်း ထိုနေရာရှိ လူများအတွက်မူ ကမ္ဘာကြီးကို တစ်ခါမျှ မမြင်ဖူးသကဲ့သို့ ဖြစ်နေသော ရှောင်ဖုန်းမှလွဲ၍ အခြားသူများ အားလုံးက ၎င်းကို အမှိုက်တစ်စကဲ့သို့သာ ကြည့်နေကြပေသည်။
"စီနီယာအစ်ကို... ဂိုဏ်းစောင့်ဝင်္ကပါ ရဲ့ အလယ်ဗဟို အကျဆုံး နေရာက အရည်အသွေး အကောင်းဆုံးပဲလို့ အစ်ကို ထွက်သွားတုန်းက ကျွန်တော် ပြောခဲ့တယ်လေ... ဘာလို့ အဲ့ဒါတွေ မပါလာတာလဲ..."
ချန်ချန်ရှန်းက ရှာဖွေရန် ကိုင်းညွတ်လိုက်ပြီး အိုးယန်ကို မေးမြန်းလိုက်လေသည်။
"ငါ အစက အလယ်ဗဟို အကျဆုံး အပိုင်းကို တူးဖို့ စဉ်းစားထားတာပဲ... ဒါပေမဲ့ အဲ့ဒီ မသေနိုင်တဲ့ ဂိုဏ်းချုပ် အဘိုးကြီးက တားမြစ်ချက် တစ်ခု ချထားလို့ ငါ အနားတောင် ကပ်လို့မရဘူးလေ..."
အိုးယန်က သက်ပြင်းချကာ ပြောဆိုလိုက်၏။
ဂိုဏ်းစောင့်ဝင်္ကပါ ၏ အလယ်ဗဟို တည့်တည့်မှ အဆီအနှစ်များကို အိုးယန် တကယ်ပဲ ပြန်ယူလာလိမ့်မည်ဟု ချန်ချန်ရှန်း တကယ်တမ်း မမျှော်လင့်ခဲ့ချေ။
ထိုအရာသည် ဝင်္ကပါ တစ်ခုလုံး၏ အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်ပေသည်။ ဂိုဏ်းချုပ်က သူတို့ကို အနှောင့်အယှက်ပေးခွင့် ပြုထားလျှင်တောင်မှ သူတို့က အလွန်အကျွံတော့ လုပ်၍ မရနိုင်ချေ။
"ဒီလောက်ဆို လုံလောက်ပါပြီ... သွားရအောင် ဂျူနီယာညီလေး ရှောင်... ဒီအဆီအနှစ်တွေကို ငါ ကြိတ်ခွဲပြီး မင်းရဲ့ ခန္ဓာကိုယ်ထဲ ထည့်ပေးမယ်... အဲ့ဒါက တော်တော် နာကျင်လိမ့်မယ်... ဒါကြောင့် သည်းခံပေးပါဦး..."
ချန်ချန်ရှန်းက စိတ်ဝိညာဉ်ကျောက်တုံး အဆီအနှစ်များကို စုဆောင်းရင်း ရှောင်ဖုန်းကို ပြောဆိုလိုက်လေသည်။
ရှောင်ဖုန်းက ခေါင်းညိတ်လိုက်၏။ ကျင့်ကြံနိုင်ခြင်းနှင့် ယှဉ်လျှင် နာကျင်မှု အနည်းငယ်က ဘာမှ မဟုတ်ပါဘူးလေ...
သို့သော် စိတ်ဝိညာဉ်ကျောက်တုံး အဆီအနှစ်များ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာမည့် နာကျင်မှုကို သူ အထင်သေးနေဆဲ ဖြစ်လေသည်။
စိတ်ဝိညာဉ်ကျောက်တုံး အဆီအနှစ်များသည် ရှောင်ဖုန်း၏ ခန္ဓာကိုယ်ထဲတွင် ခိုင်မြဲစွာနှင့် အပြည့်အဝ မြုပ်ဝင်နေစေရန် သေချာစေရန်အတွက် အဆီအနှစ် အပိုင်းအစ တစ်ခုစီသည် သူ၏ အသားထဲသို့ လက်မ၏ သုံးဆယ်ရာခိုင်နှုန်းခန့်အထိ ထိုးဖောက်ဝင်ရောက်ရမည် ဖြစ်၏။
ထောင်ပေါင်းများစွာသော အပိုင်းအစများ... တစ်ခုစီက အလွန်အမင်း နာကျင်မှုကို ဖြစ်ပေါ်စေလေသည်။
ထို့ပြင် စိတ်ဝိညာဉ်ကျောက်တုံး အဆီအနှစ်များကို ပိုမို ထိရောက်မှု ရှိစေရန် ချန်ချန်ရှန်းက စိတ်ဝိညာဉ်ကျောက်တုံးများ အတွင်းရှိ မူလချီများကိုလည်း အသက်သွင်းပေးမည် ဖြစ်ပေသည်။
ထောင်ပေါင်းများစွာသော စိတ်ဝိညာဉ်ကျောက်တုံး အပိုင်းအစများသည် ထောင်ပေါင်းများစွာသော ပူပြင်းသည့် သံမှိုများကဲ့သို့ ရှောင်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်ဝင်ရောက်သွားလေသည်။
ထိုကဲ့သို့သော ညှဉ်းပန်းနှိပ်စက်မှုအောက်တွင် ရှောင်ဖုန်းသည် အသံတစ်သံမျှ မထွက်ဘဲ ဖြစ်စဉ် တစ်ခုလုံးကို သည်းခံခဲ့ပေ၏။
ပန်းချီကား ပြီးစီးသွားချိန်တွင် ချန်ချန်ရှန်းသည် သူ၏ နဖူးမှ ချွေးများကို ကျေနပ်စွာ သုတ်လိုက်ပြီး သူ ယခုလေးတင် အပြီးသတ်ခဲ့သော အရပ်ငါးမျက်နှာ နတ်ဘုရားသားရဲများ ပန်းချီကားကို အားကျစွာ ကြည့်နေလေသည်။
ဤလက်ရာသည် ဤဘဝတွင် သူ၏ ပန်းချီကားများ၏ အထွတ်အထိပ် ဖြစ်လာနိုင်ပေ၏။
ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး အဆီအနှစ်၏ မြှင့်တင်မှုဖြင့် နတ်ဘုရားသားရဲ ငါးကောင်သည် ပို၍ပင် အသက်ဝင်နေပုံရပြီး နဂါး၊ ဖီးနစ်နှင့် ကျားတို့၏ အော်သံများကိုပင် ကြားနိုင်လောက်ပေသည်။
အကယ်၍ ဤရှောင်ဖုန်းကသာ သူ၏ ယခင်ဘဝက လမ်းမများပေါ်တွင် အပေါ်ပိုင်း ဗလာကျင်းလျက် လမ်းလျှောက်နေမည်ဆိုပါက ခြေလှမ်းအနည်းငယ် အကြာတွင် သူသည် ဖမ်းဆီးစစ်ဆေးခံရမည်ဖြစ်ပြီး ဂိုဏ်းတစ်ခုခု၏ ဘော့စ်ကြီးလားဟု မေးမြန်းခံရမည်မှာ သေချာပေသည်။
သို့သော် နတ်ဘုရားသားရဲ ငါးကောင်စလုံး၏ မျက်လုံးများတွင် မျက်လုံးမဖော်ရသေးသဖြင့် သူတို့သည် အသက်ကင်းမဲ့နေပုံရပေ၏။
အကြောင်းမှာ မျက်လုံးဖော်သည့် အလုပ်ကို အိုးယန်အတွက် ချန်ထားခဲ့သောကြောင့် ဖြစ်လေသည်။
နောက်ဆုံး အထိအတွေ့... နတ်ဘုရားသားရဲများ၏ စိတ်ဝိညာဉ်အသိ ကို နိုးထစေရန် မျက်လုံးဖော်ခြင်း...
၎င်းသည် ဤကောင်းကင်ကို ခိုးယူသည့် လုပ်ရပ်၏ အခက်ခဲဆုံး အဆင့်လည်း ဖြစ်သဖြင့် အရာအားလုံးကို အလွန်အမင်း သတိထားပြီး လုပ်ဆောင်ရမည် ဖြစ်ပေသည်။
အခန်း ၃၈ - ကောင်းကင်ဘုံက ခွင့်မပြုဘူး...
နောက်တစ်နေ့ နံနက်ခင်းတွင် ရာသီဥတုမှာ အုံ့မှိုင်းနေပြီး မိုင်ပေါင်း ထောင်ချီ၍ အနိမ့်ပိုင်း တိမ်တိုက်များ ဖြန့်ကျက်နေလေသည်။
တောင်ထိပ်ငယ်လေး တစ်ခုလုံးတွင် တင်းမာသော လေထုတစ်ခု ပြည့်နှက်နေပေ၏။
ချန်ချန်ရှန်းက ရှောင်ဖုန်း၏ အနောက်တွင် တည်ကြည်စွာ ရပ်နေပြီး စီစဉ်ညွှန်ကြားလိုက်လေသည်။
"စီနီယာအစ်ကို... ခဏနေရင် ဒီနတ်ဘုရားသားရဲတွေရဲ့ မျက်လုံးတွေကို အစ်ကို မျက်လုံးဖော်ပေးရမယ်... မှတ်ထားပါ... မိုးပြာနဂါး နဲ့ ဗာမီလီယန်ငှက် ကိုပဲ မျက်လုံးဖော်ပေးရမယ်... ပြီးတော့ အချိန်ကိုက်က တိကျရမယ်နော်..."
အိုးယန်က ချန်ချန်ရှန်း ကမ်းပေးသော မျက်လုံးဖော်သည့် စုတ်တံကို ယူလိုက်ပြီး လေးနက်စွာ ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် ချန်ချန်ရှန်းက ခေါင်းလှည့်ကာ ပြောဆိုလိုက်သည်။
"ဒုတိယစီနီယာအစ်ကို... စတုတ္ထဂျူနီယာညီလေး... အစ်ကိုတို့ နှစ်ယောက်က အစောင့်အရှောက်တွေ အနေနဲ့ လုပ်ပေးပါ... တကယ်လို့ ဂျူနီယာညီလေး ရှောင်က နတ်ဘုရားသားရဲရဲ့ အသိစိတ်ကို မလွှမ်းမိုးနိုင်ဘူးဆိုရင် အစ်ကိုတို့ ချက်ချင်း လှုပ်ရှားရမယ်... ပြီးတော့ နတ်ဘုရားသားရဲရဲ့ အသိစိတ်နဲ့ ဂျူနီယာညီလေး ရှောင်ရဲ့ ရစ်ပတ်နေမှုကို ဖြတ်တောက်ဖို့ အစ်ကိုတို့ရဲ့ ဆေဘာဓားစိတ်ဆန္ဒကို အသုံးပြုရမယ်..."
လန်ချင်းဆုန့်နှင့် ပိုင်ယွီတို့သည် ဓားများကို ဆုပ်ကိုင်လျက် ရပ်နေကြပြီး သူတို့၏ မျက်နှာများမှာလည်း တူညီစွာ လေးနက်နေကြပေ၏။
ဟူထူ၏ မျှော်လင့်တကြီး ကြည့်နေသော အကြည့်အောက်တွင် ချန်ချန်ရှန်းက ချောင်းဟန့်ကာ ပြောဆိုလိုက်လေသည်။
"ဂျူနီယာညီမလေး... မင်းအခန်းထဲ သွားပြီး စောင်တစ်ထည် သွားယူလိုက်... ပြီးရင် စောင်ထဲ ဝင်နေ... ခဏနေရင် မိုးချုန်းသံ အရမ်း ကျယ်လိမ့်မယ်..."
ဟူထူက လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး သူမ၏ အခန်းထဲမှ စောင်လေးတစ်ထည်ကို ယူလာကာ ဂရုတစိုက် ပတ်ခြုံထားလိုက်လေ၏။
အရာအားလုံး အသင့်ဖြစ်သွားချိန်တွင် ချန်ချန်ရှန်းက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ယခုအချိန်သည် ကောင်းကင်ဘုံက တစ်ခုခု ငှားပေးရန် ဆန္ဒရှိမရှိ မေးမြန်းရမည့် အချိန်ပင် ဖြစ်ပေ၏။
ချန်ချန်ရှန်းက တည်ဆောက်ထားသော စင်မြင့်ပေါ်သို့ ခုန်တက်လိုက်ပြီး ညင်သာစွာ အသက်ရှူထုတ်ကာ သူ၏ ညာဘက်လက်ဖြင့် လက်သင်္ကေတတစ်ခုကို ဖန်တီးလိုက်လေသည်။ သူ၏ အင်္ကျီလက်ထဲမှ မက်မွန်သစ်သားဓား တစ်လက် လွင့်ပျံထွက်လာပေ၏။
"သွားစမ်း..."
ချန်ချန်ရှန်းက တိုးညှင်းစွာ အော်ဟစ်လိုက်ရာ စင်မြင့်ပေါ်ရှိ ဖယောင်းတိုင် နှစ်တိုင်မှာ အလိုအလျောက် မီးလင်းသွားလေသည်။
မက်မွန်သစ်သားဓား သည် သူ၏ လက်ထဲတွင် ကခုန်နေပေ၏။ သူ၏ အင်္ကျီလက် တစ်ချက် ဝှေ့ယမ်းမှုနှင့်အတူ အဝါရောင် အဆောင်မန္တန် ဆယ်ခုကျော်သည် သူ၏ အင်္ကျီလက်ထဲမှ လွင့်ပျံထွက်လာပြီး သူ၏ ရှေ့တွင် ထွက်ပေါ်လာကြလေသည်။
ဤလှုပ်ရှားမှု တစ်ခုတည်းဖြင့် ချန်ချန်ရှန်းသည် လောကီကမ္ဘာတွင် မဟာ သခင်တစ်ဦး ဖြစ်လာရန် ပြဿနာ မရှိနိုင်ချေ။
ယဇ်ပလ္လင်ပေါ်တွင် ထုံးတမ်းစဉ်လာများကို လုပ်ဆောင်နေသော ချန်ချန်ရှန်းသည် စင်မြင့်မြင့်ပေါ်တွင် သူ၏ ဖဲချပ်များထဲမှ တစ်ခုကို ထုတ်ယူလိုက်လေ၏။
တာအိုစည်းချက်များ ပါဝင်နေသော အဝါရောင် အဆောင်မန္တန် တစ်ခုသည် ဖြည်းညင်းစွာ ထွက်ပေါ်လာပေသည်။
ချန်ချန်ရှန်းက သူ၏ လက်ချောင်းကို ကိုက်လိုက်ပြီး သူ၏ အဆီအနှစ် သွေးတစ်စက်ကို အဝါရောင် အဆောင်မန္တန်ပေါ်တွင် သုတ်လိမ်းကာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။
"ဝင်္ကပါ... ထစမ်း..."
တောင်ထိပ်ငယ်လေး၏ ချီ ယန္တရားများ အားလုံးကို ကာကွယ်ပေးထားသည့် မိုးကောင်းကင်တာအိုကို ဖုံးကွယ်သော မဟာ ဝင်္ကပါကြီး မြင့်တက်လာလေသည်။
"ကောင်းကင်နဲ့ မြေကြီးက အဆုံးအစမရှိဘူး... ယင်နဲ့ ယန်က ပြောင်းပြန်ဖြစ်နေတယ်... နတ်ဘုရားဝိညာဉ် ထွက်ပေါ်လာပြီး အမိန့်ကို စောင့်ဆိုင်းရမယ်... နတ်ဘုရားဝိညာဉ်... ထွက်ခဲ့စမ်း..."
ချန်ချန်ရှန်းက သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ တာအိုစည်းချက်များဖြင့် ပြည့်နှက်နေသော အဝါရောင် အဆောင်မန္တန်သည် ရှောင်ဖုန်းဆီသို့ ပြေးဝင်သွားပြီး ရှောင်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ပေါင်းစပ်သွားလေ၏။
ရှောင်ဖုန်းက သူ၏ တစ်ကိုယ်လုံး တုန်ခါသွားသည်ကိုသာ ခံစားလိုက်ရပြီး သူ၏ ကိုယ်ပိုင် ခန္ဓာကိုယ်ထဲမှ လွင့်ပျံထွက်သွားလေသည်။
ထိုအရာသည် အလွန် မှော်ဆန်သော ခံစားချက်တစ်ခု ဖြစ်ပြီး ဖော်ပြ၍မရနိုင်လောက်အောင် အံ့မခန်းဖွယ် ကောင်းလှပေ၏။
ရှောင်ဖုန်း၏ နတ်ဘုရားဝိညာဉ် ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသည်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ချန်ချန်ရှန်းက အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော အိုးယန်ကို အော်ဟစ်လိုက်လေသည်။
"စီနီယာအစ်ကို... လှုပ်ရှားတော့..."
တုံ့ဆိုင်းမှု အနည်းငယ်မျှ မရှိဘဲ အိုးယန်က မျက်လုံးဖော်သည့် စုတ်တံကို လက်နှစ်ဖက်ဖြင့် ကောက်ကိုင်လိုက်ပြီး ရှောင်ဖုန်း၏ ကျောပြင်ပေါ်ရှိ မိုးပြာနဂါး နှင့် ဗာမီလီယန်ငှက် တို့၏ မျက်လုံးများကို ထိလိုက်လေ၏။
စုတ်ချက် နှစ်ခုစလုံးသည် နတ်ဘုရားသားရဲ နှစ်ကောင်၏ မျက်လုံးများထဲသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားပြီး စစ်မှန်သောချီများသည် သူ၏ ကျောပြင်ပေါ်ရှိ မိုးပြာနဂါး နှင့် ဗာမီလီယန်ငှက် တို့ထဲသို့ အရူးအမူး ဝင်ရောက်သွားလေသည်။
မိုင်ပေါင်း ထောင်ချီ၍ အနိမ့်ပိုင်း တိမ်တိုက်များ ဖုံးလွှမ်းနေပြီးဖြစ်သော ကောင်းကင်ယံသည် တိမ်မည်းများဖြင့် ပိုမို အုံ့မှိုင်းသွားပေ၏။ ကောင်းကင်ဘုံ မိုးကြိုးများသည် တိမ်တိုက်များထဲတွင် လိမ့်ဆင်းလာပြီး ကောင်းကင်ကို အန်တုရန် ရည်ရွယ်နေသော ပုံမှန်မဟုတ်သည့် အရာကို ရှာဖွေရန် ကြိုးစားနေပုံရလေသည်။
ချန်ချန်ရှန်း၏ အရှေ့ရှိ အဝါရောင် အဆောင်မန္တန် ဆယ်ခုကျော်သည် ကောင်းကင်ယံဆီသို့ လျင်မြန်စွာ ပျံသန်းသွားကြပေ၏။
အဝါရောင် အဆောင်မန္တန်များသည် မိုးကောင်းကင်တာအို ကို ဖုံးကွယ်ရန် ချန်ချန်ရှန်း ကြိုတင် တည်ဆောက်ထားခဲ့သော မဟာ ဝင်္ကပါကြီးထဲသို့ ဝင်ရောက်သွားလေသည်။
အနည်းဆုံးတော့ အိုးယန်က နတ်ဘုရားသားရဲ၏ အသိစိတ်ကို အပြည့်အဝ အသက်မသွင်းရသေးမီတွင် မိုးကောင်းကင်တာအို ကို ဤကိစ္စအား သိရှိခွင့် မပြုနိုင်ချေ။
အိုးယန်၏ စစ်မှန်သောချီများသည် ရှောင်ဖုန်း၏ ကျောပြင်ပေါ်ရှိ နတ်ဘုရားသားရဲ နှစ်ကောင်ထဲသို့ အရူးအမူး ဝင်ရောက်သွားလေ၏။
အိုးယန်၏ စစ်မှန်သောချီများ ထိုးသွင်းလိုက်သည်နှင့်အမျှ အသက်ဝင်နေပြီးဖြစ်သော နတ်ဘုရားသားရဲ နှစ်ကောင်သည် ရှောင်ဖုန်း၏ ကျောပြင်ပေါ်တွင် အလိုအလျောက် စတင် ကူးခတ်လာကြပေသည်။
စူးရှသော နဂါးဟောက်သံတစ်ခု ထွက်ပေါ်လာပြီး စူးရှသော ငှက်အော်သံတစ်ခုက ပဲ့တင်ထပ်သွားလေ၏။
နတ်ဘုရားသားရဲ ပုံရိပ်ယောင် နှစ်ခုသည် ရှောင်ဖုန်း၏ ကျောပြင်မှ တိုက်ရိုက် ပျံတက်သွားပေသည်။
နတ်ဘုရားသားရဲများ၏ သီးသန့်ဖြစ်သော ကြီးမားလှသည့် ဖိအားက တောင်ထိပ်ငယ်လေး တစ်ခုလုံး၏ လေထုကို အေးခဲသွားစေခဲ့၏။
မိုးကောင်းကင်တာအို သည် တစ်ယောက်ယောက်က ကလေးတစ်ယောက်ကို လျှို့ဝှက်စွာ မွေးဖွားပေးနေသည်ကို တွေ့ရှိသွားပုံရပေသည်။ တိမ်တိုက်များထဲတွင် လိမ့်ဆင်းနေရုံသာ ရှိသေးသော ကောင်းကင်ဘုံ မိုးကြိုးများသည် တောင်ထိပ်ငယ်လေး၏ ပတ်လည်တွင် ဒေါသတကြီး ပေါက်ကွဲထွက်လာလေတော့၏။
ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဘုံ အာဏာစက်က တောင်ထိပ်ငယ်လေး၏ ပတ်ဝန်းကျင်ကို ပျက်စီးသွားစေခဲ့သည်။
သို့သော် ချန်ချန်ရှန်း၏ ဝင်္ကပါ အောက်တွင် ကောင်းကင်ဘုံ မိုးကြိုးများသည် ကောင်းကင်ကို အန်တုနေသောလူဆိုးကို မရှာဖွေနိုင်သေးချေ။
နတ်ဘုရားသားရဲ ပုံရိပ်ယောင် နှစ်ခု တဖြည်းဖြည်း ခိုင်မာလာသည်နှင့်အမျှ သူတို့၏ မျက်လုံးများကလည်း တဖြည်းဖြည်း တောက်ပလာလေ၏။
ဉာဏ်ရည်ဉာဏ်သွေး နိုးထလာတော့မည် ဖြစ်သည်...
ချန်ချန်ရှန်းက ကောင်းကင်ယံရှိ နတ်ဘုရားသားရဲ နှစ်ကောင်ကို ကြည့်လိုက်ပြီးနောက် ရှောင်ဖုန်းကို ကြည့်လိုက်လေ၏။ စိတ်ခံစားမှု အရိပ်အယောင်တစ်ခုက သူ၏ မျက်လုံးများထဲတွင် လင်းလက်သွားသော်လည်း ထို့နောက်တွင် သူက မက်မွန်သစ်သားဓား ကို မြှောက်ကာ ရှောင်ဖုန်းဆီသို့ ချိန်ရွယ်လိုက်သည်။
"ဘယ်ဘက်က မိုးပြာနဂါး... အထက်က ဗာမီလီယန်ငှက်... ထွက်ခဲ့စမ်း..."
နတ်ဘုရားဝိညာဉ် အခြေအနေတွင် ရှိနေသော ရှောင်ဖုန်းသည် လက်ကြီးတစ်စုံက သူ၏ နတ်ဘုရားဝိညာဉ်ကို ဆွဲဖြဲနေသည်ကို ခံစားလိုက်ရလေ၏။ သူ၏ ဘယ်ဘက်လက်မောင်းနှင့် ခေါင်းကို ထိုလက်ကြီးများက ဆွဲဖြဲနေပေသည်။
စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်သော ဤနာကျင်မှုမျိုးက အသံတစ်သံမျှ မထွက်ဘဲ အဆီအနှစ် ထိုးသွင်းမှု ထောင်ပေါင်းများစွာကို သည်းခံခဲ့သော ရှောင်ဖုန်းကို နာကျင်မှု၏ ရူးသွပ်ခြင်းထဲသို့ လုံးလုံးလျားလျား ကျဆင်းသွားစေခဲ့လေ၏။
ရူးသွပ်ခြင်း၏ အဆုံးစွန်သို့ ရောက်ရှိနေသော ရှောင်ဖုန်းသည် သူ၏ စိတ်ကြည်လင်မှုကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။ သူ၏ အသံတိတ် ဟောက်သံများနှင့် ဆွဲဖြဲခံရခြင်းကြောင့် ပုံပျက်နေသော သူ၏ ခန္ဓာကိုယ်က ရှောင်ဖုန်းကို ငရဲပြည်မှ ငရဲဘုရင် တစ်ပါးနှင့် ပိုတူနေစေ၏။
ဆွဲဖြဲခံလိုက်ရသော နတ်ဘုရားဝိညာဉ်ကို ဆက်တိုက် ပုံဖော်လိုက်ရာ ရှောင်ဖုန်း အသေးစားလေး နှစ်ဦးအဖြစ်သို့ ဖြည်းညင်းစွာ ပြောင်းလဲသွားပေသည်။
နတ်ဘုရားဝိညာဉ် ပြန်လည်ပုံဖော်ခြင်း...
ဟူထူက သူမ၏ စောင်ကို ပိုမို တင်းကျပ်စွာ ပတ်ခြုံလိုက်လေ၏။ကြည့်နေရုံဖြင့် ရှောင်ဖုန်း ခံစားနေရသော နာကျင်မှုကြောင့် သူမ ကြက်သီးထသွားသည်ကို ခံစားလိုက်ရသည်။ သူမ၏ စောင်လေးကို ပိုမို တင်းကျပ်စွာ ပတ်ခြုံထားခြင်းက သူမကို လုံခြုံမှု ခံစားချက်တစ်ခု ပေးစွမ်းလေ၏။
ဟူထူ၏ နံဘေးတွင် လှဲလျောင်းနေသော မြေခွေး ဟူယန်သည် ချန်ချန်ရှန်း၏ သဘာဝလွန်လုနီးပါးဖြစ်သော နတ်ဘုရားဝိညာဉ် ပြန်လည်ပုံဖော်ခြင်း နည်းစနစ်ကို ကြည့်ရင်း အံ့အားသင့်လွန်းသဖြင့် သူ၏ မေးရိုးများပင် ပြုတ်ကျလုမတတ် ဖြစ်သွားလေ၏။
ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သော သူကိုယ်တိုင်ပင်လျှင် ထိုကဲ့သို့သော နတ်ဘုရားဝိညာဉ် ခြယ်လှယ်ခြင်း နည်းစနစ်ကို မလုပ်ဆောင်နိုင်ချေ။ ဤကလေးက ဘယ်လို ဘီလူးမျိုးလဲ...
ပိုင်ယွီနှင့် လန်ချင်းဆုန့်တို့ကမူ အရာအားလုံးကို တည်ငြိမ်စွာ စောင့်ကြည့်နေကြလေ၏။ နာကျင်မှုမရှိဘဲ ရှောင်ဖုန်းသည် နဂါးတစ်ကောင်အဖြစ်သို့ ဘယ်သောအခါမျှ ပြောင်းလဲနိုင်မည် မဟုတ်ကြောင်းကို သူတို့ နှစ်ဦးစလုံး အလွန် ကောင်းစွာ သိရှိကြပေသည်။
အောင်မြင်မှု အခိုက်အတန့်တွင် ဆင်းရဲဒုက္ခများ အားလုံးသည် အရေးမပါတော့ချေ။
ပိုမို ကျယ်လောင်သော နဂါးဟောက်သံနှင့် ဖီးနစ်ငှက် အော်သံ နှစ်ခု ထပ်မံ ထွက်ပေါ်လာ၏။ ဤတစ်ကြိမ်တွင် နတ်ဘုရားသားရဲ နှစ်ကောင်၏ အော်သံများထဲတွင် အသက်စွမ်းအား အရိပ်အယောင်တစ်ခု ပါဝင်နေသည်။
"အခုပဲ... သွားစမ်း..."
ချန်ချန်ရှန်းက သူ၏ လက်ထဲရှိ မက်မွန်သစ်သားဓား ကို ကောင်းကင်ယံရှိ နတ်ဘုရားသားရဲ ပုံရိပ်ယောင် နှစ်ခုဆီသို့ ချိန်ရွယ်လိုက်လေ၏။
ပုံဖော်ထားပြီးဖြစ်သော ရှောင်ဖုန်း အသေးစားလေး နတ်ဘုရားဝိညာဉ် နှစ်ခုသည် နတ်ဘုရားသားရဲ ပုံရိပ်ယောင် နှစ်ခုထဲသို့ ချက်ချင်း ပို့လွှတ်ခံလိုက်ရပေသည်။
အသစ်မွေးဖွားလာသော နတ်ဘုရားသားရဲ ပုံရိပ်ယောင်များသည် သူတို့၏ အသိစိတ် မဖြစ်ပေါ်လာမီမှာပင် အခြားသူများ၏ အတင်းအကျပ် သိမ်းပိုက်ခြင်းကို ခံလိုက်ရတော့မည် ဖြစ်၏။
သူတို့၏ ဇီဝဗေဒဆိုင်ရာ ဗီဇများက သူတို့ကို ရုန်းကန်လာစေခဲ့လေသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့သည် ပုံသဏ္ဌာန် မပေါ်သေးသော နတ်ဘုရားသားရဲများ ဖြစ်ကြပေ၏။ အကယ်၍ သူတို့သာ မွေးဖွားပြီးဖြစ်သော နတ်ဘုရားသားရဲများ ဖြစ်ခဲ့ပါက ဤကဲ့သို့ သူတို့၏ ခန္ဓာကိုယ်များကို အတင်းအကျပ် သိမ်းပိုက်ခြင်းက မိုးကောင်းကင်တာအို ၏ ချက်ချင်း ချေမှုန်းဖျက်ဆီးခြင်းကို ဦးတည်သွားစေမည်မှာ သေချာပေသည်။
ချန်ချန်ရှန်းက နတ်ဘုရားသားရဲများ၏ ခုခံမှုကို ဖိနှိပ်ရာတွင် ရှောင်ဖုန်းကို ကူညီရန် သူ၏ လက်ထဲရှိ မက်မွန်သစ်သားဓား ကို အသုံးပြုခဲ့ပြီး ကျန်ရှိနေသော နတ်ဘုရားဝိညာဉ်ကို ရှောင်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်ခွင့် ပြုလိုက်လေ၏။
အိုးယန်က ချန်ချန်ရှန်း၏ အမိန့်အရ စစ်မှန်သောချီ ထောက်ပံ့မှုကို ဖြတ်တောက်ရန် အသင့်အနေအထားဖြင့် ဘေးတွင် ရပ်နေပေသည်။
ပိုင်ယွီနှင့် လန်ချင်းဆုန့်တို့ကလည်း သူတို့၏ လက်များကို ဓားလက်ကိုင်များပေါ်တွင် တင်ထားပြီး ဖြစ်လေ၏။
ဆယ်ကျော်သက် လေးဦးစလုံးသည် ရှောင်ဖုန်းကို ကူညီရန် စောင့်ဆိုင်းနေကြပေသည်။
ထိုအချိန်တွင် လေထဲရှိ နတ်ဘုရားသားရဲ ပုံရိပ်ယောင်များသည် တဖြည်းဖြည်း ငြိမ်သက်သွားလေ၏။ ရှောင်ဖုန်း၏ နတ်ဘုရားဝိညာဉ်သည် နတ်ဘုရားသားရဲများ၏ ဝိညာဉ်ရေးရာ စင်မြင့်များကို အောင်မြင်စွာ သိမ်းပိုက်လိုက်နိုင်ပေသည်။
သို့သော် အောင်မြင်မှု နီးကပ်လာသည်နှင့်အမျှ မကြာမီ မွေးဖွားလာတော့မည့် ၎င်း၏ ကလေးငယ် သေဆုံးနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည့်အလား...
ကောင်းကင်ယံရှိ မရေမတွက်နိုင်အောင် လိမ့်ဆင်းနေသော မိုးကြိုးကပ်ဘေးများသည် စုစည်းလာပြီး အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာလေ၏။
စိတ်ခံစားမှု ကင်းမဲ့နေသော မျက်လုံးတစ်လုံး ဖြည်းညင်းစွာ ပွင့်လာသည်။
အဆုံးအစမရှိသော ဖိအားများနှင့် လျှပ်စီးများသည် မျက်လုံးပတ်လည်တွင် လိမ့်ဆင်းနေပြီး ဤတစ်ကြိမ်တွင် မိုးကောင်းကင်တာအို သည် ဤအရာအားလုံးကို လှုံ့ဆော်သူအား နောက်ဆုံးတွင် ရှာဖွေတွေ့ရှိသွားခဲ့လေပြီ။
မိုးကောင်းကင်တာအိုကို ဖုံးကွယ်သော မဟာ ဝင်္ကပါကြီး သည် ချက်ချင်း အက်ကွဲသွားပြီး အဆုံးအစမရှိသော လူသတ် မိုးကြိုးကပ်ဘေးများသည် တောင်ထိပ်ငယ်လေးပေါ်ရှိ ရှောင်ဖုန်းဆီသို့ ရေလွှမ်းမိုးမှုတစ်ခုကဲ့သို့ ရွာကျလာလေတော့၏။
ကောင်းကင်ဘုံ ပြစ်ဒဏ် မျက်လုံး...
အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိသည်ဟု ကောလာဟလ ထွက်နေသော ကောင်းကင်ဘုံ ပြစ်ဒဏ် မျက်လုံး...
လုပ်ဆောင်ခဲ့သမျှ အရာများကို မိုးကောင်းကင်တာအို က ခွင့်မပြုခဲ့ချေ။