အခန်း (၇၂၅-၇၂၆)
Vol. 53 Ch. 725-726
အပိုင်း (၇၂၅) ကျောက်စိမ်းမန္တာန်အဆောင်
ဘိုးဘေးလင်းဟူသည် ဟန်လိ၏ တုံ့ပြန်မှုကို ကြားလိုက်ရသည့်အခါ မျက်မှောင်ကြုတ်သွားပြီး ခေတ္တမျှ တိတ်ဆိတ်သွားတော့သည်။ သူက လက်ဖက်ရည်ခွက်ကို ဖြည်းညင်းစွာ မြှောက်ကာ တစ်ငုံသောက်လိုက်၏။
ထို့နောက် သူက ဆို၏။
“တာအိုမိတ်ဆွေဟန်… ဒါက ငါ့အတွက်တော့ ရှင်းနေတာပဲ… ဒါပေမဲ့ ငါက မင်းနဲ့ အများကြီး ကွာခြားတယ်… ငါက အဝါရောင်မေပယ်တောင်ကြားကို နှစ်ပေါင်း တစ်ထောင်ကျော်လောက် အုပ်ချုပ်လာခဲ့တာဆိုတော့ အဲဒီအပေါ်မှာ သံယောဇဉ် အင်မတန် ကြီးမားနေပြီလေ… ငါ သေသွားတဲ့အခါ အဲဒီရဲ့ အမွေအနှစ်တွေ ပြတ်တောက်သွားမှာကို မလိုလားဘူး… တာအိုမိတ်ဆွေကတော့ နာမည်ဂုဏ်သတင်းနဲ့ အကျိုးအမြတ်တွေအပေါ်မှာ စိတ်ဝင်စားမှု နည်းပုံရတယ်… ဒါပေမဲ့ တကယ်လို့ တာအိုမိတ်ဆွေသာ အဝါရောင်မေပယ်တောင်ကြားရဲ့ မဟာအကြီးအကဲ ရာထူးကို ဆက်ခံမယ်ဆိုရင် ငါ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ ကိုယ်ပိုင် ရတနာတွေ အားလုံးကို မင်းကို ပေးအပ်ဖို့ ဆန္ဒရှိပါတယ်… အဲဒါတွေက မင်းရဲ့ ရှေ့ဆက် ကျင့်ကြံမှုတွေအတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ…”
ခဏမျှ အံ့အားသင့်သွားပြီးနောက် ဟန်လိသည် မျက်လုံးများကို မှေးကြည့်လျက် မေး၏။
“စီနီယာ့ရဲ့ အမွေအနှစ်တွေကို ကျွန်တော့်ဆီ လွှဲပေးမယ် ဟုတ်လား… ကျွန်တော် မှတ်မိသလောက်ဆိုရင် စီနီယာ့မှာ ကိုယ်ပိုင် တပည့်တွေ ရှိရမှာပေါ့…”
ဘိုးဘေးလင်းဟူက အေးစက်စွာ ပြုံးလျက် ဆို၏။ “ငါ့ရဲ့ တပည့်တွေထဲမှာ ကျင့်ကြံမှု အမြင့်ဆုံးက အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့်ပဲ ရှိသေးတာလေ… တကယ်လို့ ငါ့ရဲ့ အမွေအနှစ်တွေကို သူတို့ဆီမှာ ချန်ထားခဲ့မယ်ဆိုရင် အဲဒါက သူတို့အတွက် ဘေးအန္တရာယ်ကို ဖိတ်ခေါ်သလိုပဲ ဖြစ်လိမ့်မယ်… တကယ်လို့ တာအိုမိတ်ဆွေက လက်မခံရင်တောင် ငါ့ရဲ့ ရတနာ အများစုကိုတော့ ဂိုဏ်းထဲမှာ ချန်ထားခဲ့မှာ မဟုတ်ဘူး…”
ဟန်လိသည် သူ၏ မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားခန်း ဝင်နေခဲ့သည်။
အမှန်အတိုင်း ပြောရလျှင် ဟန်လိသည် ဘိုးဘေးလင်းဟူ၏ စကားကြောင့် အနည်းငယ် စိတ်လှုပ်ရှားသွားမိသည်။ သို့သော်လည်း သူ သေသေချာချာ နားလည်ထားသည်မှာ အကယ်၍ သူသာ အဝါရောင်မေပယ်တောင်ကြား၏ အကြီးအကဲ ရာထူးကို လက်ခံလိုက်ပါက ယွဲ့နိုင်ငံ၏ ဂိုဏ်းခြောက်ဂိုဏ်းနှင့် ကိုးပြည်ထောင်စုအတွင်းရှိ ပြဿနာများစွာကို ရင်ဆိုင်ရမည် ဖြစ်ပြီး ထိုကိစ္စများသည် အချိန်အတော်ကြာသည့်တိုင် အေးချမ်းသွားမည် မဟုတ်ချေ။
၎င်းအပြင် သူသည် အဝါရောင်မေပယ်တောင်ကြား၏ တစ်ဦးတည်းသော အကြီးအကဲအဖြစ် အာဏာ ပိုမို ရရှိမည် ဖြစ်သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် မျောလွင့်တိမ်တိုက်ဂိုဏ်းမှာ သူ ရရှိထားသည့် လွတ်လပ်ခွင့်များကို စတေးရမည် ဖြစ်သည်။ ထို့ထက် ပို၍ အရေးကြီးသည်မှာ လမျက်နှာဖုံးဂိုဏ်းနှင့် ရင်ဆိုင်ရမည့် ပြဿနာပင် ဖြစ်သည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဟန်လိသည် ခေါင်းခါယမ်းလျက် ဆို၏။
“စီနီယာ့ရဲ့ ရက်ရောတဲ့ ကမ်းလှမ်းမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်… ဒါပေမဲ့ ဒီကိစ္စကို ထပ်ပြီး မပြောတာက ပိုကောင်းလိမ့်မယ်လို့ ကျွန်တော် ထင်တယ်…”
ဘိုးဘေးလင်းဟူသည် ဤစကားကို ကြားရသည့်အခါ အမျက်ထွက်ခြင်း မရှိဘဲ သူ၏ မျက်နှာတွင် မတတ်သာသည့် အမူအရာသာ ပေါ်ပေါက်လာတော့သည်။
သူက သက်ပြင်းချလျက် ဆို၏။
“မင်း ဒီအခြေအနေတွေကို ငြင်းပယ်လိုက်မှတော့ တာအိုမိတ်ဆွေဟန် အနေနဲ့ ယွဲ့နိုင်ငံရဲ့ ဂိုဏ်းခြောက်ဂိုဏ်းနဲ့ မပတ်သက်ချင်တာ သိသာပါတယ်… အဲဒီလိုဆိုရင်တော့ ငါ့မှာ တခြား အကြံပြုချက်တစ်ခု ရှိပါသေးတယ်…”
ဟန်လိက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“တခြား အကြံပြုချက် ဟုတ်လား…”
ဘိုးဘေးလင်းဟူက ခါးသီးစွာ ပြုံးလျက် ဆို၏။ “တာအိုမိတ်ဆွေက အဝါရောင်မေပယ်တောင်ကြားရဲ့ အကြီးအကဲ မလုပ်ချင်ဘူးဆိုရင်… ငါ မင်းကို ရတနာ သုံးပါး ပေးမယ်… အဲဒီအစား အဝါရောင်မေပယ်တောင်ကြားကို အကူအညီ သုံးကြိမ် ပေးဖို့ လဲလှယ်ကြရအောင်… သေချာတာကတော့ အဲဒီ အကူအညီတွေက မင်းရဲ့ စွမ်းဆောင်နိုင်စွမ်းအတွင်းမှာပဲ ရှိရမှာပေါ့…”
ခေတ္တမျှ စဉ်းစားပြီးနောက် ဟန်လိသည် လျင်မြန်စွာ ခေါင်းညိတ်ပြလိုက်သည်။ “ကျွန်တော့်ရဲ့ စွမ်းဆောင်နိုင်စွမ်းအတွင်းက အကူအညီ သုံးကြိမ် ဟုတ်လား… အဲဒီ အခြေအနေကိုတော့ ကျွန်တော် လက်ခံနိုင်ပါတယ်…”
ဘိုးဘေးလင်းဟူ၏ မျက်နှာတွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာပြီး စားပွဲပေါ်သို့ ပစ္စည်း သုံးခုကို တင်လိုက်သည်။ သူသည် ထိုပစ္စည်းများကို ကြိုတင် ပြင်ဆင်ထားပုံရသည်။
ဘာစကားမျှ ထပ်မဆိုဘဲ ဟန်လိ၏ အကြည့်မှာ စားပွဲပေါ်ရှိ ပစ္စည်း သုံးခုထံသို့ ရောက်ရှိသွားတော့သည်။ အပြာရောင် တောက်ပနေသော ဒိုင်းလွှာငယ်လေး တစ်ခု၊ အနီရောင် ကျောက်စိမ်းပုလင်း တစ်လုံးနှင့် နက်မှောင်သော ကျောက်စိမ်းဆွဲသီး တစ်ခုတို့ ဖြစ်သည်။
သူသည် တွန့်ဆုတ်မနေဘဲ အပြာရောင် ဒိုင်းလွှာငယ်လေးကို လှမ်းယူလိုက်သည်။ ထိုဒိုင်းလွှာလေးမှာ သူ၏ လက်ထဲသို့ ရောက်ရှိချိန်တွင် ဘာမှမရှိသည့်အလား ပျော့ပြောင်းပြီး ပေါ့ပါးနေခဲ့သည်။ သူသည် ၎င်းကို ဘာနှင့် ပြုလုပ်ထားမှန်း မသိသဖြင့် အံ့အားသင့်စွာဖြင့် အသေအချာ စစ်ဆေးနေမိသည်။
ဘိုးဘေးလင်းဟူက ထိုဒိုင်းလွှာလေးကို နှမြောတသဟန်ဖြင့် ကြည့်ကာ ဆို၏။
“ဒါက ငါ ငယ်စဉ်တုန်းက ရခဲ့တဲ့ ရှေးဟောင်းရတနာ တစ်ခုပါ… ငါ့အနားမှာ အချိန်အတော်ကြာ ရှိနေခဲ့တာ… ငါကတော့ ဒါကို အပြာရောင်အလင်းဒိုင်းလွှာ လို့ပဲ ခေါ်တယ်… ဒါရဲ့ စွမ်းအားက အင်မတန် ကြီးမားပြီး အထူးသဖြင့် မီးဓာတ် တိုက်ခိုက်မှုတွေကို ခုခံတဲ့နေရာမှာ တကယ်ကို ထိရောက်တယ်… မင်း ဒါကို စမ်းသပ်ကြည့်တဲ့အခါ အမှန်တကယ် ဖြစ်မှန်း သိရမှာပါ…”
ဟန်လိသည် ထိုဒိုင်းလွှာလေးကို ခဏမျှ ပွတ်သပ်ကြည့်ပြီးနောက် စားပွဲပေါ်သို့ ပြန်တင်လိုက်သည်။ ထိုရတနာ၏ ထူးဆန်းပုံအရ ဘိုးဘေးလင်းဟူ၏ စကားမှာ မှန်ကန်နိုင်ပေသည်။ ထို့နောက် သူသည် အနီရောင် ကျောက်စိမ်းပုလင်းကို လှမ်းယူလိုက်သည်။
“အတိတ်တုန်းက ငါ မောက်လန်လွင်ပြင် ထဲကို တိတ်တဆိတ် ဝင်သွားပြီး အဆင့်ခုနစ် သံတောင်ပံနတ်ဆိုးသားရဲ တစ်ကောင်ကို သတ်ခဲ့ဖူးတယ်… အဲဒီပုလင်းထဲမှာ အဲဒီသားရဲရဲ့ အတွင်းအမြုတေ ပါတယ်… အင်မတန် ရှားပါးတဲ့ ပစ္စည်းတစ်ခုပေါ့… အသုံးဝင်မယ့် နေရာတွေ အများကြီး ရှိလိမ့်မယ်…”
'အဆင့်ခုနစ် နတ်ဆိုးအမြုတေ ဟုတ်လား'
ဟန်လိသည် စိတ်ထဲမှ တိုးညင်းစွာ ရေရွတ်လိုက်သော်လည်း သူ၏ မျက်နှာတွင်မူ မည်သည့် အမူအရာမျှ မပြခဲ့ချေ။ အဆင့်ခုနစ် နတ်ဆိုးအမြုတေများသည် ကောင်းကင်တောင်ပိုင်းမှာ အင်မတန် ရှားပါးသည် မှန်သော်လည်း သူ့အတွက်မူ တန်ဖိုး သိပ်မရှိလှချေ။
ရလဒ်အနေဖြင့် သူက ပြုံးလိုက်ပြီး ဆေးပုလင်းကို ဖွင့်ကာ တစ်ချက် ကြည့်လိုက်ပြီးနောက် မူလနေရာသို့ ပြန်တင်လိုက်သည်။ ထို့နောက် သူ၏ မျက်လုံးများမှာ စားပွဲပေါ်ရှိ နောက်ဆုံး ပစ္စည်းထံသို့ ရောက်ရှိသွားတော့သည်။ ယခုတစ်ကြိမ်တွင်မူ ဘိုးဘေးလင်းဟူက ကိုယ်တိုင် မိတ်ဆက်ခြင်း မပြုဘဲ ထူးဆန်းသော အပြုံးတစ်ခုဖြင့်သာ ကြည့်နေခဲ့သည်။
ဟန်လိ၏ အကြည့်မှာ ထိုကျောက်စိမ်းဆွဲသီးပေါ်တွင် မသိမသာ ကျရောက်လို့နေ၏။
အချိန်အနည်းငယ်မျှ စဉ်းစားပြီးနောက် ဟန်လိက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဒီကျောက်စိမ်းမန္တာန်အဆောင်က ရှေးဟောင်းကျင့်ကြံသူတွေ သန့်စင်ပြုပြင်ထားတဲ့ အရာလား…”
ဘိုးဘေးလင်းဟူ၏ မျက်နှာတွင် အံ့ဩရိပ်အချို့ ပေါ်လာပြီး သူက ဆို၏။
“တာအိုမိတ်ဆွေဟန် အရင်က ဒီလိုမျိုး ကျောက်စိမ်းမန္တာန်အဆောင်ကို မြင်ဖူးလို့လား… ငါ သိသလောက်ဆိုရင် ဒီအဆောင်တွေဟာ ရှေးဟောင်းခေတ်တုန်းကတောင် အင်မတန် ထူးခြားတဲ့ အရာတွေပဲ… အဲဒါတွေက ကောင်းကင်တောင်ပိုင်းမှာ ပျောက်ကွယ်သွားတာ ကြာလှပြီလေ… ဒီနယ်မြေက ကျင့်ကြံသူတွေထဲမှာ ဒါတွေကို သိတဲ့သူက လက်ချိုးရေလို့တောင် ရတယ်…”
ဟန်လိသည် ပြုံးလိုက်ပြီး ပြော၏။
“ကျွန်တော် ဒါတွေကို သိနေတဲ့ တာအိုမိတ်ဆွေ တစ်ယောက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့ဖူးလို့ပါ… သူတို့ဆီက ကြားခဲ့ရတာပါ…”
ဘိုးဘေးလင်းဟူသည် စားပွဲပေါ်ရှိ အနက်ရောင် ကျောက်စိမ်းမန္တာန်အဆောင်ကို လှမ်းကြည့်ကာ ဆို၏။
“ဒီကျောက်စိမ်းမန္တာန်အဆောင်ဟာ ငါ့အသက်ကို ရင်းပြီး ရယူခဲ့ရတဲ့ အရာတစ်ခုပဲ… တကယ်ကို တန်ဖိုးရှိတာ သေချာတယ်… ငါ အခုထိ ဒါကို သုံးဖို့ မှန်ကန်တဲ့ နည်းလမ်းကို အပြည့်အဝ မသိသေးဘဲ စွမ်းအား အနည်းငယ်လောက်ပဲ ထုတ်သုံးနိုင်သေးပေမဲ့… ဒီအဆောင်ရဲ့ စွမ်းဆောင်ရည်က တကယ်ကို တုန်လှုပ်စရာပဲ… ငါ ရန်သူတွေကို နှိမ်နင်းဖို့ ဒါကို အကြိမ်အနည်းငယ် သုံးခဲ့ဖူးတယ်… ဒါက မန္တာန်အဆောင်တွေကို အထူးပြုတဲ့ ရှေးဟောင်းကျင့်ကြံသူတစ်ဦးက သေသေချာချာ ဖန်တီးထားတဲ့ အရည်အသွေးမြင့် ပစ္စည်းတစ်ခု ဖြစ်ရမယ်…”
ဘိုးဘေးလင်းဟူသည် ထိုအဆောင်ကို သူ၏ လက်ထဲသို့ ဆင့်ခေါ်လိုက်ပြီး နားလည်ရခက်သော ရှေးမန္တာန်တစ်ခုကို တိုးညင်းစွာ ရွတ်ဆိုလိုက်ရာ ကျောက်စိမ်းမန္တာန်အဆောင်မှာ အနက်ရောင် အလင်းလုံး တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ အရိုးကွဲမတတ် အေးစက်သော ယင်လေပြင်း တစ်ချက် သူ၏ ဘေးမှ ဖြတ်တိုက်သွားပြီးနောက် ဘိုးဘေးလင်းဟူ၏ ဦးခေါင်းထက်တွင် မိစ္ဆာဆန်လှသော အနက်နှင့်အနီရောင် လက်ဝါးကြီး တစ်ခု ပေါ်ပေါက်လာတော့သည်။
ဤမိစ္ဆာလက်ဝါးကြီးမှာ အနက်နှင့်အနီရောင် အလင်းတန်းများဖြင့် တောက်ပနေပြီး သုံးပေခန့် ကျယ်ဝန်းသည်။ ၎င်းထံမှ ရံဖန်ရံခါတွင် ယင်မီးတောက်များ လက်နေရုံတင်မကဘဲ ဖော်ပြလို့မရနိုင်သော ထူးဆန်းလှသည့် ချီဓာတ်များ ထွက်ပေါ်နေသဖြင့် ဤနေရာတစ်ခုလုံးတွင် ထိုအငွေ့အသက်များ ပြည့်နှက်သွားတော့သည်။
ဟန်လိ၏ နှလုံးသားမှာ ဤသည်ကို မြင်သောအခါ တုန်ခါသွားရသည်။
“ငါ ဒီကျောက်စိမ်းမန္တာန်အဆောင်ကို ရပြီးတဲ့နောက် နှစ်ပေါင်း ရာနဲ့ချီပြီး လေ့လာခဲ့မှ ဒီနတ်ဘုရားစွမ်းအား တစ်ခုတည်းကိုပဲ သုံးနိုင်ခဲ့တာ… ဒီ နက်နဲသော တစ္ဆေလက်ဝါးဟာ ယန်ဓာတ်ရတနာ တစ်ခုခုနဲ့ တိုက်ခိုက်ခြင်း မခံရသရွေ့တော့ ဘယ်အရာကမှ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး… ဒါ့အပြင် အဲဒီလက်ဝါးက ဖမ်းဆီးလိုက်တဲ့ ဘယ်လို မှော်ရတနာ ဒါမှမဟုတ် ရှေးဟောင်းရတနာမဆို… ၎င်းတို့ရဲ့ စွမ်းအားတွေ ချက်ခြင်း လျော့နည်းသွားအောင် လုပ်နိုင်ပြီး အဲ့ရတနာတွေဟာ အသာအကြည် ဖမ်းဆီးထိန်းချုပ်တာ ခံရလိမ့်မယ်။… ထိပ်တန်းရတနာတွေတောင်မှ သူတို့ရဲ့ စွမ်းအားနဲ့ ဝိညာဉ်ဓာတ်တွေ ဆုံးရှုံးသွားလိမ့်မယ်…”
ဘိုးဘေးလင်းဟူ စကားပြောနေစဉ်မှာပင် သူက အနက်ရောင် လက်ဝါးကြီးကို အရွယ်အစား အဆပေါင်းများစွာ ကြီးမားလာအောင် လှုံ့ဆော်လိုက်ပြီး အနီးနားရှိ စားပွဲတစ်ခုကို လှမ်းဖမ်းလိုက်သည်။
အနက်ရောင် ယင်မီးတောက်များက ထိုသစ်သားစားပွဲကို တိတ်ဆိတ်စွာ ဖြတ်သန်းသွားပြီးနောက် ၎င်းမှာ ချက်ချင်းပင် လောင်ကျွမ်းသွားကာ ပြာပင် မကျန်တော့ချေ။
ဟန်လိသည် ဤမြင်ကွင်းကို ကြည့်ကာ လေအေးများ ရှိုက်မိသွားသည့်အထိပင်။
ဤလက်ဝါးမှာ မိစ္ဆာတာအို၏ စိတ်ဝိညာဉ်အာရုံဖြင့် တိုက်ခိုက်သည့် နက်နဲသော အတတ်တစ်ခုနှင့် တူသော်လည်း အနက်ရောင် လက်ဝါးမှာ ကျောက်စိမ်းမန္တာန်အဆောင်မှ ဆင်းသက်လာခြင်း ဖြစ်သဖြင့် စိတ်ဝိညာဉ်အာရုံ ထိခိုက်မှုကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုးများကို စိုးရိမ်စရာ မလိုချေ။ ထိုထူးဆန်းသော ယင်မီးတောက်မှာမူ တခြားသော နတ်ဘုရားစွမ်းအား တစ်မျိုး ဖြစ်ရပေမည်။
“ဒီကျောက်စိမ်းမန္တာန်အဆောင်မှာ တခြား နတ်ဘုရားစွမ်းအားတွေ ရှိနေဦးမှာ သေချာတယ်… ကံမကောင်းတာက ငါ့မှာ အချိန် သိပ်မကျန်တော့သလို ဒါရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေဖို့ အခွင့်အရေးလည်း မရှိတော့ဘူး… ဆန့်ကျင်ဘက်အနေနဲ့ တာအိုမိတ်ဆွေဟန်မှာတော့ ဒါရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ဟဖို့ အချိန်အများကြီး ရှိနေသေးတာပေါ့… ဒါပေမဲ့ ဒါရဲ့ စွမ်းအား အများစုကတော့ ကုန်ဆုံးနေပြီ… မင်းအနေနဲ့ သတိထားပြီး သုံးတာ အကောင်းဆုံးပါပဲ…” ဘိုးဘေးလင်းဟူသည် အနက်ရောင် လက်ဝါးကြီးကို ညွှန်ပြလိုက်ရာ ၎င်းသည် အနက်ရောင် အလင်းလုံးအဖြစ် ပြန်လည်ပြောင်းလဲသွားပြီး စားပွဲပေါ်သို့ ကျောက်စိမ်းမန္တာန်အဆောင် ပုံစံဖြင့် ပြန်လည် ကျဆင်းသွားတော့သည်။
ဟန်လိသည် ပြုံးလိုက်သော်လည်း ထိုကျောက်စိမ်းမန္တာန်အဆောင်ကို အင်မတန် စိတ်ဝင်စားသွားခဲ့သည်။ အကယ်၍ ထိုမန္တာန်အဆောင်မှာ ဘိုးဘေးလင်းဟူ ပြောသလောက် အစွမ်းမထက်ခဲ့လျှင်ပင် ထိုအဆောင်ကိုယ်တိုင်ထံမှ ရှေးဟောင်းကျင့်ကြံသူများ၏ မန္တာန်အဆောင် ဖန်တီးမှု နည်းပညာများစွာကို သူ သင်ယူနိုင်လိမ့်မည် မဟုတ်ပါလော။ ဤသည်မှာ သူ့အတွက် ကြီးမားသော အထောက်အကူ ဖြစ်လာပေလိမ့်မည်။
ဘိုးဘေးလင်းဟူသည် ပစ္စည်းများကို ပြသပြီးနောက် သူ၏ လက်အင်္ကျီဖြင့် စားပွဲပေါ်ကို ဝှေ့ယမ်းလိုက်ရာ ပစ္စည်းသုံးခုမှာ ပျောက်ကွယ်သွားပြီး ၎င်းတို့၏ နေရာတွင် ဖောက်ထွင်းမြင်ရသော အဖြူရောင်ကျောက်စိမ်း အစီအရင်ပြား သုံးခု ပေါ်လာတော့သည်။
ဟန်လိသည် ဘိုးဘေးလင်းဟူကို လှမ်းကြည့်ကာ တည်ငြိမ်စွာ ဆို၏။
“ဒီအစီအရင်ပြားတွေက ကျွန်တော်ကိုယ်တိုင် သန့်စင်ပြုပြင်ထားတဲ့ မှော်ကိရိယာတွေပါ… ဒါတွေကို အတုပြုလုပ်ဖို့ မဖြစ်နိုင်ပါဘူး… စီနီယာ ကွယ်လွန်သွားပြီးတဲ့နောက် အဝါရောင်မေပယ်တောင်ကြားက ကျွန်တော့်ဆီမှာ အကူအညီ တောင်းလာရင် ကျွန်တော် ငြင်းဆိုမှာ မဟုတ်ပါဘူး…”
ဘိုးဘေးလင်းဟူက ပြုံးလိုက်ပြီး ပြော၏။
“ကောင်းပြီ… ဒီစကားကို ကြားရပြီဆိုတော့ ငါလည်း တခြား ကိစ္စတွေကို ဆက်လုပ်လို့ ရပြီပေါ့…”
ယခုအခါ ကိစ္စရပ်များ ပြီးဆုံးသွားပြီ ဖြစ်သဖြင့် ဟန်လိသည် ဆက်နေရန် အကြောင်းမရှိတော့သဖြင့် နှုတ်ဆက်ကာ ထွက်ခွာခဲ့တော့သည်။ ဘိုးဘေးလင်းဟူသည်လည်း ဟန့်တားမနေတော့ဘဲ ဟန်လိ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။
ဘိုးဘေးလင်းဟူ တစ်ဦးတည်း ကျန်ရစ်ချိန်တွင်မူ သူ၏ အပြုံးမှာ ပျောက်ကွယ်သွားပြီး စားပွဲကို စိုက်ကြည့်ကာ အတွေးနက်နေတော့သည်။
ဟန်လိသည် ဤနေရာမှ ထွက်လာပြီးနောက် သူ၏ နေအိမ်သို့ ချက်ချင်း ပြန်မသွားသေးချေ။ ထိုအစား သူသည် ကောင်းကင်ယံကို တစ်ချက် ကြည့်လိုက်ပြီး ဝေးလံသော နေရာတစ်ခုကို ရှာဖွေကာ အထွဋ်အမြတ်ကောင်းကင်ဂိုဏ်း အကြီးအကဲ ပေးလိုက်သော ကျောက်စိမ်းပေလွှာကို ထုတ်ယူလိုက်သည်။ သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် အသေအချာ ဖတ်ရှုပြီးနောက် သူ၏ မျက်နှာတွင် တွေဝေသော အမူအရာ တစ်ခု ပေါ်ပေါက်လာတော့သည်။
အပိုင်း (၇၂၆) မိုးမြေလက်စွပ်များ
ဟန်လိသည် သူ၏လက်ထဲရှိ ကျောက်စိမ်းပေလွှာ ပတ်ပတ်လည်ကို သေချာကြည့်ရင်း စဉ်းစားခန်းဝင်နေခဲ့သည်။ ထို့နောက် အပြာရောင်အလင်းတစ်ချက် လက်သွားပြီးနောက် ကျောက်စိမ်းပေလွှာမှာ ပျောက်ကွယ်သွားပြီး ဟန်လိသည် ပေလွှာထဲတွင် ဖော်ပြထားသည့် နေရာဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားတော့သည်။
မိုးမျှော်ကောင်းကင်မြို့တော်၏ နေရာအများစုကို ဖြတ်ကျော်ပြီးနောက် ဟန်လိသည် မြို့၏ လူသူကင်းမဲ့သော ထောင့်တစ်နေရာရှိ ကုန်စုံဆိုင်လေးတစ်ဆိုင်သို့ ရောက်ရှိလာခဲ့သည်။ ထိုဆိုင်၏ ဝင်ပေါက်တွင် 'ကျောက်စိမ်းမဟာမိတ်ခန်းမဆောင်' ဟု အနုပညာဆန်လှသော လက်ရေးလှဖြင့် ရေးထွင်းထားသည့် အနက်ရောင် သစ်သားဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသည်။
ဟန်လိသည် ဆိုင်ကို အကဲခတ်ပြီးနောက် အတွင်းသို့ ဖြည်းညင်းစွာ လှမ်းဝင်လိုက်သည်။ ဆိုင်အတွင်းပိုင်းမှာ အင်မတန် မကျယ်ဝန်းဘဲ ပေ ၇၀ ခန့်သာ ရှည်လျားသည့် ခန်းမတစ်ခုသာ ရှိနေ၏။ ရောင်းချနေသော ပစ္စည်းအများစုမှာလည်း သာမန် ပစ္စည်းများနှင့် မန္တာန်အဆောင်များသာ ဖြစ်ကြသည်။ ဘေးဘက်တွင်မူ ဆိုင်၏ နောက်ဘက်သို့ ဦးတည်ထားသည့် လက်ရာမြောက်သော ဘေးတံခါးတစ်ခု ရှိနေသည်။
ဝင်ပေါက်အနီးရှိ အရောင်းကောင်တာ၏ နောက်ကွယ်တွင် မီးခိုးရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ရှိနေသည်။ သူသည် စာရင်းစာအုပ်လေးတစ်အုပ်ကို ဖတ်ရှုနေပုံရသည်။ ဟန်လိသည် သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် ဝေ့ကြည့်လိုက်ရာ ထိုသူ၏ ကျင့်ကြံမှုမှာ အင်မတန် နိမ့်ပါးပြီး ချီစုဆောင်းခြင်းအဆင့် ၌သာ ရှိသေးသည်ကို တွေ့ရှိလိုက်ရသည်။ ၎င်းအပြင် ဆိုင်ရှင်၏ ရုပ်ရည်မှာလည်း အင်မတန် သာမန်ဆန်လှပေသည်။
သတ်လတ်ပိုင်း ဆိုင်ရှင်သည် ဟန်လိ ဝင်လာသည်ကို မြင်သည်နှင့်တစ်ပြိုင်နက် ပြုံးလျက် ထရပ်လိုက်ပြီး အလျင်အမြန် ကြိုဆိုလိုက်သည်။
“စီနီယာ… ဘာပစ္စည်းများ ကြည့်ချင်လို့လဲခင်ဗျာ… ကျွန်တော့်ဆိုင်မှာ ပစ္စည်းအမျိုးအစား စုံလင်စွာ ရှိပါတယ်… စီနီယာ စိတ်တိုင်းကျစေရမှာပါ…”
ဟန်လိသည် ပြုံးလိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းကာ အစိမ်းရောင် ကျောက်စိမ်းပေလွှာကို ထုတ်ပြလိုက်သည်။ သူက ၎င်းကို ဆိုင်ရှင်၏ လက်ထဲသို့ ထည့်ပေးလိုက်သည့်အခါ ဆိုင်ရှင်၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး ပစ္စည်းကို အလျင်အမြန် သိမ်းဆည်းလိုက်တော့သည်။ သူက ရိုသေသော လေသံဖြင့် မေး၏။
“စီနီယာ့ရဲ့ နာမည်ကို သိခွင့်ရပါရစေ…”
ဟန်လိသည် ပြန်လည်ဖြေကြား၏။
“ဟန်လိပါ…”
“ဒါဆို စီနီယာဟန် ပဲပေါ့… စီနီယာဟန် လာလိမ့်မယ်လို့ ဘိုးဘေးက ပြောထားပြီးသားပါ… ဒါပေမဲ့ ဒီလောက်အထိ စောစောရောက်လာလိမ့်မယ်လို့တော့ ကျွန်တော် မထင်ထားခဲ့ဘူး… ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ…”
အလယ်အလတ်အရွယ် အမျိုးသားသည် စကားပြောအပြီးတွင် ဟန်လိကို ဆိုင်၏ နောက်ဘက်သို့ ဖိတ်ခေါ်လိုက်သည်။ ဟန်လိသည် ခေါင်းညိတ်ပြလိုက်ပြီး တိတ်ဆိတ်စွာ ဝင်လာခဲ့သည်။ သူ့ကို အံ့အားသင့်စေသည်မှာ ၎င်းသည် ဗီရိုများနှင့် သေတ္တာမျိုးစုံဖြင့် ပြည့်နှက်နေသည့် ကုန်လှောင်ရုံတစ်ခုသို့ ဦးတည်နေခြင်းပင်။ နံရံများတွင်လည်း ပစ္စည်းများမှာ အပြည့် ဖြစ်နေသည်။
ထိုအမျိုးသားသည် ရှေ့သို့ လှမ်းတက်လိုက်ပြီး သစ်သားဗီရိုတစ်ခု၏ ရှေ့တွင် ရပ်လိုက်သည်။ သူသည် ဗီရို၏ ထောင့်တစ်နေရာကို အသာအယာ တွန်းလိုက်ရာ ဘေးချင်းကပ်လျက်ရှိသော ဗီရိုနှစ်လုံးမှာ ဘေးသို့ ခွဲထွက်သွားပြီး လှေကားတစ်ခု ပေါ်လာတော့သည်။ ဆိုင်ရှင်က လမ်းဦးဆောင်ရင်း ရှင်းပြ၏။
“တစ်ခါတရံ ရောက်လာတတ်တဲ့ ဧည့်သည်တွေအနေနဲ့ အတားအဆီးတွေကို အာရုံမခံမိအောင်လို့ သေမျိုးကမ္ဘာက စက်ကိရိယာတွေကိုပဲ သုံးထားတာပါ…”
ဟန်လိသည် ဤသည်ကို အထူးတလည် အံ့အားသင့်ခြင်း မရှိခဲ့ချေ။ ထို့နောက် ဆိုင်ရှင်သည် ကြွေပြားတစ်ခုပေါ်သို့ နင်းလိုက်ရာ နံရံတစ်ခုမှာ တိုးညင်းသော အသံနှင့်အတူ ပွင့်သွားပြီး အောက်ဘက်သို့ ဦးတည်ထားသည့် ကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်လမ်းတစ်ခု ပေါ်လာတော့သည်။
ဆိုင်ရှင်က ဘေးသို့ ဖယ်လိုက်ပြီး ပြုံးလျက် ဆို၏။
“ဒီဂျူနီယာမှာတော့ အတွင်းထဲကို ဝင်ဖို့ အရည်အချင်း မရှိပါဘူး… စီနီယာ တစ်ယောက်တည်းပဲ သွားရပါလိမ့်မယ်…”
ဟန်လိသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ စိတ်ဝိညာဉ်အာရုံကို အောက်ဘက်သို့ လွှတ်ကြည့်လိုက်ရာ လျှို့ဝှက်လမ်းအတွင်း၌ အားနည်းသော ဝိညာဉ်ချီ လှုပ်ခတ်မှုများကို ခံစားလိုက်ရသည်။ သူ ထပ်မံ စစ်ဆေးကြည့်သည့်အခါ ထိုနေရာတွင် အတားအဆီး အလွှာတစ်ခု ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။ သို့သော်လည်း ဟန်လိသည် သူ၏ မန္တာန်အစီအရင် ဆိုင်ရာ ဗဟုသုတများဖြင့် ဤသည်မှာ ရိုးရှင်းသော ဝိညာဉ်အာရုံပိတ်ပင်သည့် အလွှာတစ်ခုသာ ဖြစ်မှန်း သိရှိလိုက်သည်။ အကယ်၍ သူသာ အတင်းအကျပ် ဖောက်ထွက်မည်ဆိုလျှင် ရသော်လည်း အတွင်းရှိ လူများက ချက်ချင်း သိရှိသွားမည် ဖြစ်သည်။
ဟန်လိ၏ မျက်နှာတွင် တွေဝေသော အမူအရာ အနည်းငယ် ပေါ်ပေါက်လာသည်။ အထွဋ်အမြတ်ကောင်းကင်ဂိုဏ်း အကြီးအကဲအနေဖြင့် မိုးမျှော်ကောင်းကင်မြို့တော် အတွင်း၌ မိုက်မဲသော လုပ်ရပ်များကို လုပ်လိမ့်မည်မဟုတ်ဟု သူ ယုံကြည်သော်လည်း ရန်သူလား မိတ်ဆွေလား မသေချာသည့်သူနှင့်အတူ ပိတ်လှောင်ထားသော နေရာတစ်ခုအတွင်းသို့ မဝင်လိုချေ။
ဟန်လိ တွေဝေနေစဉ်မှာပင် မန္တာန်အစီအရင် အတွင်းရှိ လူများသည် ဟန်လိ ဘာတွေးနေသည်ကို ခန့်မှန်းမိပုံရသည်။ ခဏအကြာတွင် ဝိညာဉ်အာရုံပိတ်ပင်သည့် အလွှာမှာ ပြေပျောက်သွားပြီး ဟန်လိ၏ စိတ်ဝိညာဉ်အာရုံကို အတွင်းသို့ မြင်နိုင်စွမ်း ပေးလိုက်တော့သည်။ ဟန်လိမှာ တစ်ဖက်က ယုံကြည်မှု ပြသမှုကြောင့် စိတ်ထဲ မသိမသာ လှုပ်ရှားမိသွား၏။ သူ မြင်တွေ့လိုက်ရသည့်အရာကြောင့် အံ့အားသင့်သွားရသည်။
“သူပါလား… တကယ်ကို အံ့ဩစရာပဲ…”
ဟန်လိက တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီး တွန့်ဆုတ်ခြင်း မရှိဘဲ လျှို့ဝှက်လမ်းအတိုင်း ဆင်းသွားတော့သည်။ ဆိုင်ရှင်သည် ဟန်လိ ဆင်းသွားသည်ကို မြင်သောအခါ လျှို့ဝှက်လမ်းကို ပြန်လည် ပိတ်ဆို့လိုက်ပြီး ဗီရိုများကို မူလအတိုင်း ပြန်ထားကာ ဆိုင်ကို ကြည့်ရှုရန် ပြန်သွားတော့သည်။
လျှို့ဝှက်လမ်းမှာ အင်မတန် ရှည်လျားပြီး လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန်အတွက် ပေ ၃၀၀ ခန့်အဖြစ် နက်ရှိုင်းလှသည်။ နောက်ဆုံးတွင် ဟန်လိသည် မှောင်မိုက်မှုအတွင်းမှ အလင်းရောင်ကို မြင်လိုက်ရပြီး ထွက်ပေါက်သို့ ရောက်ပြီမှန်း သိလိုက်သည်။ သူသည် ခြေလှမ်းများကို ခပ်မြန်မြန်လှမ်းလိုက်ပြီး ကျောက်ခန်းမတစ်ခုအတွင်းသို့ ရောက်ရှိသွားတော့သည်။
ထိုအခန်းမှာ အတော်လေး ကျယ်ဝန်းသော်လည်း ဆုတောင်းဖျာ အနည်းငယ်မှလွဲ၍ ဘာမှ မရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်။ ဝင်ပေါက်ကို မျက်နှာမူလျက် ဆုတောင်းဖျာပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော အမျိုးသား နှစ်ဦး ရှိနေသည်။ ၎င်းတို့ နှစ်ဦးစလုံးမှာ ဟန်လိကို ပြုံးလျက် ကြည့်နေကြသည်။ ဟန်လိသည် ဘာစကားမျှမဆိုဘဲ လူလွတ်နေသော ဆုတောင်းဖျာ တစ်ခုပေါ်တွင် အရင် ဝင်ထိုင်လိုက်သည်။
ဟန်လိသည် ထိုနှစ်ဦးထဲမှ တစ်ဦးကို လှမ်းကြည့်ကာ ပြုံးလျက် ဆို၏။
“တာအိုမိတ်ဆွေက ကျွန်တော့်ကို ရှာတွေ့လိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး… မင်းကို ဒီမှာ တွေ့ရတာ တကယ်ကို အံ့ဩစရာပဲ…”
ထိုသူမှာ မြင့်မားသော ဦးပေါင်းကို ဆောင်းထားပြီး အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ နယ်စားကြီးနန်းလုံသည် ခါးသီးစွာ ပြုံးလျက် ဆို၏။
“တကယ်တော့ ကျွန်တော်ကိုယ်တိုင်တောင် အဲဒီဘေးအန္တရာယ်ကနေ လွတ်မြောက်လာနိုင်ခဲ့တယ်ဆိုတာ မယုံနိုင်သေးပါဘူး… ကျွန်တော်တို့ လမ်းခွဲခဲ့ကြတုန်းက လွတ်ပြီလို့ ထင်ခဲ့ပေမဲ့ သူတို့က လျှို့ဝှက်အတတ်တစ်ခုကို သုံးပြီး ကျွန်တော့်နောက်ကို လိုက်လာခဲ့ကြတယ်… သူတို့က မောက်လန်လွင်ပြင် ရဲ့ အစွန်းနားမှာ ကျွန်တော့်ကို မှီသွားခဲ့ကြတာ… ဒါပေမဲ့ ကံတရားက ဇွဲရှိတဲ့သူဘက်မှာ ရှိနေတယ်လေ… နောက်ပိုင်းမှာ ကျွန်တော်တို့ကို လိုက်ရှာနေတဲ့ အဆင့်မြင့် မန္တာန်စစ်သည် အုပ်စုတစ်စုကို တွေ့ခဲ့ရတယ်… အဲဒီလို ရှုပ်ထွေးနေတဲ့ အချိန်မှာ မန္တာန်စစ်သည်တွေကြောင့် ကျွန်တော့်နောက်ကို လိုက်နေတဲ့သူတွေ နှောင့်နှေးသွားတာနဲ့ ကျွန်တော် ကံကောင်းထောက်မစွာ ပြန်လာနိုင်ခဲ့တာပါ…”
ထိုသို့ ပြောပြီးနောက် သူ၏ မျက်နှာတွင် စဉ်စားခန်းဝင်နေသည့် အမူအရာတစ်ခု ပေါ်လာတော့သည်။ သူ၏ မျက်နှာမှာ ဟန်လိ မှတ်မိနေခဲ့သည်ထက် အများကြီး ပိုမို ဖြူဖျော့နေပြီး မျက်ဝန်းများမှာလည်း အသက်ဓာတ် ကင်းမဲ့နေသည်။ သူ၏ အသက်စွမ်းအားမှာ အကြီးအကျယ် ထိခိုက်ထားရမှန်း သိသာလှပေသည်။ သေချာပေါက်ပင် သူ၏ ဘေးတွင် ရှိနေသူမှာ ခုနက သူတွေ့ခဲ့သော အဖြူရောင်ဝတ်ရုံဝတ် အထွဋ်အမြတ်ကောင်းကင်ဂိုဏ်း အကြီးအကဲပင် ဖြစ်သည်။
ဟန်လိသည် နှုတ်ခမ်းကို တွန့်လိုက်ပြီး ဆို၏။
“နယ်စားကြီးနန်းလုံ အနေနဲ့ အဲဒီလို အခြေအနေမျိုးကနေ လွတ်မြောက်လာနိုင်ခဲ့တာ တကယ်ကို ချီးကျူးဖို့ ကောင်းပါတယ်… ဒါပေမဲ့ အစ်ကိုနန်းလုံ အနေနဲ့ ကိုယ့်ဂူဗိမာန်မှာပဲ အနားယူနေရမယ့်အစား ဘာလို့ ကျွန်တော့်ကို အရေးတကြီး လာရှာနေရတာလဲ… ကျွန်တော့်ရဲ့ ကိုယ်လုပ်တော်ကို နှောက်ယှက်ဖို့ တပည့်တစ်ယောက် လွှတ်လိုက်တာကိုတော့ ကျွန်တော် တော်တော်လေး စိတ်ပျက်မိတယ်…”
ဟန်လိ၏ မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားပြီး သူ၏ လေသံတွင်လည်း မကျေနပ်မှုအချို့ ပါဝင်နေခဲ့သည်။
နယ်စားကြီးနန်းလုံက ပြန်လည်ရှင်းပြ၏။
“အင်း… တာအိုမိတ်ဆွေ အထင်မလွဲပါနဲ့… ကျွန်တော် မတတ်သာလို့ လုပ်ခဲ့ရတာပါ… တာအိုမိတ်ဆွေ သိတဲ့အတိုင်း အခု ကျွန်တော်တို့နောက်ကို လိုက်နေတဲ့သူတွေ ရှိနေတယ်လေ… ဒီလျှို့ဝှက်အစီအစဉ်က သူတို့ရဲ့ အာရုံကို ရှောင်ရှားဖို့ပါပဲ… ဒါက အထွဋ်အမြတ်ကောင်းကင်ဂိုဏ်းက တာအိုမိတ်ဆွေကျောက်စိမ်းပုလဲ ပါ… ကျွန်တော် အသက်နဲ့ရင်းပြီး ယုံကြည်ရတဲ့ မိတ်ဆွေတစ်ယောက်ပေါ့… သူက အစကတည်းက အရင် ရတနာရှာပုံတော် ခရီးစဉ်မှာ လိုက်ခဲ့ရမှာပါ… ဒါပေမဲ့ ကံမကောင်းစွာနဲ့ အဲဒီအချိန်မှာ ဂိုဏ်းကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ပါ…”
နယ်စားကြီးနန်းလုံ၏ ဟန်လိ အပေါ် ထားရှိသော သဘောထားမှာ ပထမဆုံး တွေ့ခဲ့စဉ်ကနှင့် လုံးဝ ကွဲပြားသွားပြီး အများကြီး ပိုမို ရိုသေလေးစားလာခဲ့သည်။ ဟန်လိ အခြားသော စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်လိုက်သည်ကို မြင်တွေ့လိုက်ရခြင်းက သူ့ကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့ပုံရသည်။
ထိုအခိုက်အတန့်တွင် အဖြူရောင်ဝတ်ရုံဝတ် အဘိုးအိုသည် စိတ်ပါလက်ပါဖြင့် ရယ်မောလိုက်ပြီး ဟန်လိကို နှုတ်ဆက်ပြီး စကားဆိုသည်။
“ငါ့ရဲ့ နည်းလမ်းတွေက တာအိုမိတ်ဆွေကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ရင် ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့… ဒါက တစ်ခုတည်းသော နည်းလမ်းမို့လို့ပါ…”
ဟန်လိသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြော၏။
“ရပါတယ်… အကြောင်းပြချက် ရှိမှတော့ ကျွန်တော် ခွင့်လွှတ်ပေးပါ့မယ်… ဒါနဲ့ နယ်စားကြီးနန်းလုံ က ကျောက်စိမ်းသေတ္တာထဲက ပစ္စည်းတစ်ခုခုကြောင့် ကျွန်တော့်ကို လာရှာတာလား…”
နယ်စားကြီးနန်းလုံက လေးနက်စွာ ဆို၏။
“တာအိုမိတ်ဆွေ ခန့်မှန်းတာ မှန်ပါတယ်… ကျွန်တော် ရရှိထားတဲ့ သတင်းတွေအရ တစ္ဆေဝိညာဉ်ဂိုဏ်းက အရင်က ကျွန်တော်တို့ အဖွဲ့ဝင်တွေကို လာဘ်ထိုးဖို့အတွက် အဖိုးတန် ပစ္စည်းအမြောက်အမြား သုံးစွဲထားတယ်လို့ သိရတယ်… သူတို့က သခင်ကြီးချန်းကုန်း ရဲ့ မြေပုံနဲ့ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး ထဲကို ဝင်ရောက်မယ့် နည်းလမ်းတွေကို ရယူဖို့ အသည်းအသန် ကြိုးစားနေကြတာ… တာအိုမိတ်ဆွေဟန်က နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး ထဲကို ဝင်ရောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေထဲက တစ်ခုကို တိုက်တိုက်ဆိုင်ဆိုင် ရထားတာပဲ… အဲဒါကို ကျွန်တော့်ရဲ့ မြေပုံနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ချောက်ကမ်းပါးထဲက ဘေးအန္တရာယ် အများစုကို ရှောင်ရှားနိုင်ပြီး ရတနာတွေကို ရယူနိုင်လိမ့်မယ်…”
ထိုစကားကို ကြားသည့်အခါ ဟန်လိက စိတ်ထဲ၌ တစ်စုံတစ်ခုအကြောင်း တွေးမိသွားသည်။ သူက ပြောလိုက်၏။
“နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး ထဲကို ဝင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်း ဟုတ်လား… အဲဒီ အနက်ရောင်လက်စွပ်ကို ပြောတာလား…”
နယ်စားကြီးနန်းလုံသည် စိတ်လှုပ်ရှားသွားပြီး သူ၏ မျက်နှာတွင် သွေးရောင် အနည်းငယ် ပြန်လည် ပေါ်လာကာ ပြော၏။
“မိုးမြေလက်စွပ်က တကယ်ပဲ ဟန်လိ ရဲ့ လက်ထဲမှာ ရှိနေတာပဲ… ဒါ တကယ်ကို ကောင်းတာပဲ…”
ဟန်လိသည် မျက်မှောင်ကြုတ်လိုက်မိပြီး ထိုအမည်မှာ ရင်းနှီးနေသလို ခံစားလိုက်ရသည်။ သူသည် ရုတ်တရက် ထိတ်လန့်သွားပြီး နယ်စားကြီးနန်းလုံကို လှမ်းကြည့်ကာ မေး၏။
“ပညာရှိဟွမ်က ကြယ်တံခွန်သံသတ္တုကနေ သန့်စင်ပြုပြင်ခဲ့တဲ့ မိုးမြေလက်စွပ်များ လား… ကျွန်တော် ကြားဖူးတာကတော့ ပုံမှန်ဆိုရင် အဲဒီလက်စွပ်မှာ ဘာစွမ်းအားမှ မရှိပေမဲ့ မြောက်ပိုင်းမဟာအနှစ်သာရအလင်းနဲ့ တွေ့တဲ့အခါမှာတော့ အဲဒီအလင်းကို ထိန်းချုပ်ပြီး သူတစ်ပါးကို ပုံသဏ္ဌာန်မရှိ သတ်ဖြတ်နိုင်တယ်လို့ ဆိုတယ်… အဲဒါက တန်ဖိုးမရှိတဲ့ မှော်ရတနာ တစ်ခုအဖြစ်ပဲ သတ်မှတ်ထားတာ မဟုတ်လား…”
နယ်စားကြီးနန်းလုံက ပြန်လည်ရှင်းပြ၏။
“တာအိုမိတ်ဆွေက တကယ်ကို ဗဟုသုတ ကြွယ်ဝတာပဲ… အဲဒီပစ္စည်း အတိအကျပါပဲ… မိုးမြေလက်စွပ်တွေကို ယင်နှင့်ယန် ဆိုပြီး နှစ်မျိုး ခွဲခြားထားတယ်… ယင်လက်စွပ်က အနှစ်သာရအလင်းတွေရဲ့ ရန်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပေးနိုင်ပြီး ယန်လက်စွပ်ကတော့ အဲဒီအနှစ်သာရအလင်းတွေကို သုံးပြီး တိုက်ခိုက်နိုင်စွမ်း ရှိတယ်… တာအိုမိတ်ဆွေဟန် လက်ထဲမှာ ရှိနေတာက ယင်လက်စွပ် ဖြစ်ရမယ်… မူလတုန်းက သခင်ကြီးချန်းကုန်းဟာ ဒီလက်စွပ်ရဲ့ အကူအညီနဲ့ပဲ ချောက်ကမ်းပါးထဲက အနှစ်သာရအလင်းတွေ ရှိတဲ့ နေရာကို ဘာဒဏ်ရာမှ မရဘဲ ဖြတ်ကျော်နိုင်ခဲ့တာ… ကျွန်တော် သိသလောက်ဆိုရင်တော့ မြောက်ပိုင်းမဟာအနှစ်သာရအလင်းကို ဖြတ်ကျော်ဖို့ တခြား နည်းလမ်းတွေ ရှိပေမဲ့ အဲဒါက ကျင့်ကြံသူ အများအပြားရဲ့ ကြီးမားလှတဲ့ မန္တာန်အစီအရင် ဒါမှမဟုတ် ပျောက်ဆုံးနေပြီဖြစ်တဲ့ ရတနာတွေ လိုအပ်တာမို့ ရယူဖို့ မဖြစ်နိုင်ပါဘူး…”
ဟန်လိသည် ထိုနှစ်ဦးကို လှမ်းကြည့်လိုက်ပြီး ဘေးအန္တရာယ်များနှင့် အကျိုးအမြတ်များအကြောင်းကို စတင် စဉ်းစားခန်းဝင်နေတော့သည်။
“တာအိုမိတ်ဆွေ ဆိုလိုတာက…”