← Chapters

အခန်း (၇၂၉-၇၃၀)

Vol. 53 Ch. 729-730

အခန်း (၇၂၉-၇၃၀)

Vol. 53 Ch. 729-730

အပိုင်း (၇၂၉) နဂါးဝါတောင်

လဝက်နီးပါးခန့်အကြာတွင် ယုပြည်နယ် လီခရိုင်ရှိ နဂါးဝါတောင်တန်းများပေါ်တွင် ဖြစ်သည်။ နဂါးဝါတောင်ထိပ်ရှိ ကျောက်စိမ်းခန်းမဆောင်တစ်ခုအတွင်း၌ ထိပ်ပြောင်ပြောင်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးတစ်ဦး ရှိနေပြီး စိုးရိမ်ပူပန်နေသော မျက်နှာထားဖြင့် အခန်းအတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လို့နေသည်။

ခေတ္တမျှအကြာတွင် ထိုသူသည် မြက်ကုလားထိုင်တစ်ခုပေါ်၌ ဝင်ထိုင်လိုက်ပြီး စားပွဲပေါ်ရှိ ခွက်ထဲမှ လက်ဖက်ရည်ကို တစ်ငုံသောက်ကာ လှုပ်ရှားနေသော သူ၏စိတ်ကို ခေတ္တမျှ ငြိမ်သက်အောင် လုပ်လိုက်သည်။ သို့သော် ထိုစဉ်မှာပင် အနီရောင် အလင်းတန်းတစ်ခု ရုတ်တရက် ပျံဝင်လာပြီး ခန်းမအတွင်း၌ ဝဲပျံနေတော့သည်။ အမျိုးသားကြီးသည် ဤသည်ကို မြင်သောအခါ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အနီရောင်အလင်းကို လှမ်းခေါ်လိုက်ရာ ၎င်းသည် သူ၏လက်ထဲသို့ ကျဆင်းလာခဲ့သည်။

ထိုအလင်းတန်းမှာ သူ၏လက်နှင့် ထိသည်နှင့် တောက်လောင်နေသော မီးတောက်များအဖြစ် ပြောင်းလဲသွားပြီး အမျိုးသားကြီးသည် သူ၏ စိတ်ဝိညာဉ်အာရုံကို ၎င်းအတွင်းသို့ ထည့်သွင်းလိုက်သည်။ သူက ချက်ခြင်းပင် မျက်စိပျက်မျက်နှာပျက် ဖြစ်သွား၏။ ခန်းမအတွင်း၌ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူ၏မျက်နှာမှာ ပြာနှမ်းသွားခဲ့သည်။ ထို့နောက် သူသည် သူ၏ သိုလှောင်အိတ်အတွင်းမှ အပြာရောင် ခေါင်းလောင်းငယ်လေးတစ်ခုကို တိတ်ဆိတ်စွာ ထုတ်ယူလိုက်ပြီး လက်ချောင်းဖြင့် တောက်လိုက်တော့သည်။

သာယာကြည်လင်သော အသံတစ်ခု ခန်းမတစ်ခုလုံးတွင် ပြည့်နှက်သွားပြီး ဝေးလံသော နေရာများမှလည်း ပဲ့တင်သံများ ဆက်တိုက် ပြန်လည် ထွက်ပေါ်လာခဲ့သည်။

မကြာမီမှာပင် ထိုအသံက နဂါးဝါတောင်တန်း တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး အခြားတောင်ထိပ်များပေါ်ရှိ ကျောက်စိမ်းအဆောက်အအုံများမှာ အရောင်စုံ အလင်းတန်းများဖြင့် တောက်ပလာတော့သည်။ ထို့နောက် အမျိုးသား၊ အမျိုးသမီး ကျင့်ကြံသူ အမြောက်အမြားမှာ အဆောက်အအုံများအတွင်းမှ လေ့ကျင့်ထားသည့်အလား အလျင်အမြန် ပျံထွက်လာကြသည်။ မကြာမီမှာပင် ထူထပ်လှသော အစိမ်းရောင် မြူခိုးများမှာ နဂါးဝါတောင် တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး မိုင်ပေါင်းများစွာသော ဧရိယာမှာ ထူးဆန်းသော အစိမ်းရင့်ရောင် မြူပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

ထို့နောက်တွင် ခန်းမအတွင်းရှိ ထိပ်ပြောင်အမျိုးသားကြီး၏ ရှေ့မှောက်၌ ကျင့်ကြံသူ လေးဦး ပေါ်လာခဲ့သည်။ အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦး ဖြစ်ပြီး အားလုံးမှာ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ အမျိုးသား နှစ်ဦးမှာ အသက် သုံးဆယ်ဝန်းကျင်ခန့် ရှိပုံရပြီး ညီအစ်ကိုများ ဖြစ်ပုံရသည်။ အခြား အမျိုးသားတစ်ဦးမှာမူ တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ယပ်တောင်ကို ကိုင်ဆောင်ထားကာ ရဲရင့်သော ရုပ်ရည်ရှိသော်လည်း သက်လတ်ပိုင်းအရွယ် ရောက်နေပြီ ဖြစ်၏။ အမျိုးသမီး ကျင့်ကြံသူ တစ်ဦးတည်းမှာမူ သေးသွယ်သော ကိုယ်လုံးကိုယ်ပေါက်နှင့် အင်မတန် လှပသော မျက်နှာကို ပိုင်ဆိုင်ထားသည်။

၎င်းတို့ လေးဦးစလုံးမှာ လေးနက်သော မျက်နှာထားများဖြင့် ခန်းမအတွင်း၌ ဘေးချင်းယှဉ် ရပ်နေကြသည်။

အမျိုးသမီး ကျင့်ကြံသူသည် မယုံကြည်နိုင်သော မျက်နှာထားဖြင့် တွေဝေစွာ မေးလိုက်သည်။ “စီနီယာလူ… မန္တာန်စစ်သည် စစ်တပ်က ဒီလောက်အထိ မြန်မြန် ရောက်လာတာ တကယ်ပဲလား… ကျွန်မတို့ နောက်ဆုံး ကြားခဲ့တာက မန္တာန်စစ်သည် တပ်ဖွဲ့ငယ်လေး တစ်ဖွဲ့ပဲ မဟုတ်လား… ပြီးတော့ စီနီယာပု ရော ဘာဖြစ်သွားတာလဲ… စီနီယာပု ကိုယ်တိုင် စောင့်ကြပ်နေတာတောင်မှ တစ်ပတ်အတွင်းမှာတင် မိုးကောင်းကင်လေမုန်တိုင်း အစီအရင် က ပျက်စီးသွားတာလား… ဒါက အထင်မှားနေတာများလား…”

ထိပ်ပြောင်အမျိုးသားကြီးက အေးစက်စွာ ပြုံးလျက် လေးနက်စွာ ဆို၏။

“အထင်မှားတာ ဟုတ်လား… ခါးကုန်းကြီးပု ကိုယ်တိုင် ငါ့ဆီကို သတင်းပို့မလာဘူးဆိုရင် ငါလည်း အဲဒီလိုပဲ ထင်မိမှာပေါ့… သူကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန် ရထားပြီး ရှုံးနိမ့်သွားတဲ့ သူတွေနဲ့အတူ ငါတို့ရဲ့ နဂါးဝါတောင်ကို မကြာခင် ရောက်လာတော့မယ်လို့ ပြောထားတယ်… ဒါက လုံးဝ အထင်မှားတာ မဟုတ်ဘူး… ငါတို့မှာ ဘာစစ်ကူမှ မရှိဘဲ ရန်သူကို တစ်ယောက်တည်း ရင်ဆိုင်ရတော့မယ်…”

အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ လေးဦးမှာ ဤသည်ကို ကြားသောအခါ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး ခါးသီးစွာ ပြုံးလျက် ခေါင်းညိတ်လိုက်ကြရသည်။

၎င်းနောက် အမျိုးသားကြီးသည် လာမည့်တိုက်ပွဲအတွက် ပြင်ဆင်ရန် ၎င်းတို့ လေးဦးကို တာဝန်များ အသီးသီး ပေးအပ်နေစဉ်မှာပင် နောက်ထပ် အနီရောင် အလင်းတန်းတစ်ခု ခန်းမအတွင်းသို့ ပျံဝင်လာခဲ့ပြန်သည်။ အခန်းအတွင်းရှိ ကျင့်ကြံသူများမှာ ထိုအလင်းတန်းကို မြင်သည့်အခါ မှင်တက်သွားကြသည်။

အမျိုးသားကြီးသည် ငြိမ်ကျသွားပြီး တွန့်ဆုတ်ခြင်း မရှိဘဲ ထိုအသံလွှင့်မန္တာန်စာရွက်ကို လှမ်းယူလိုက်သည်။ ထိုမန္တာန်စာရွက်မှာ တောက်လောင်သွားပြီး သူ့ထံသို့ သတင်းစကားကို တိကျစွာ ပို့ဆောင်ပေးလိုက်သည့်အခါ သူ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာတော့သည်။

အမျိုးသမီး ကျင့်ကြံသူက မနေနိုင်ဘဲ မေး၏။

“စီနီယာလူ… ဘာဖြစ်လို့လဲ… မန္တာန်စစ်သည်တွေ ရောက်လာပြီလား…”

အခြားသော အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ သုံးဦးလည်း ဤသည်ကို ကြားသောအခါ စိုးရိမ်တကြီး ဖြစ်သွားကြသည်။

အမျိုးသားကြီးက ပြုံးလိုက်သည်။ သူ၏ စိတ်ထဲမှ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ရင်း ဖြည်းညင်းစွာ ဆို၏။

“မဟုတ်ဘူး… ငါတို့ရဲ့ စစ်ကူတွေ ရောက်လာပြီ… စဦးစိတ်ဝိညာဉ်အဆင့် တာအိုမိတ်ဆွေ သုံးဦးက မန္တာန်အစီအရင်ကြီးရဲ့ အပြင်ဘက်ကို ရောက်နေပြီ… မြန်မြန်သွားပြီး သူတို့ကို ကြိုဆို၊ အတွင်းထဲကို ဖိတ်ခေါ်လိုက်ကြ…”

ချက်ချင်းပင် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ လေးဦးစလုံးမှာ ဝမ်းသာအားရ ဖြစ်သွားကြပြီး အမျိုးသားကြီး၏ အမိန့်ကို တလေးတစား နာခံကြ၏။

အစိမ်းရောင် မြူခိုးများ၏ အထက်တွင် ပုံရိပ် သုံးခုမှာ ဝဲပျံနေကြပြီး အောက်ဘက်ရှိ မန္တာန်အစီအရင်ကြီး၏ အတားအဆီးများကို အကဲခတ်နေကြသည်။ ၎င်းတို့ သုံးဦးမှာ သေချာပေါက်ပင် ခရီးနှင်လာကြသော ဟန်လိနှင့် အခြားစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူနှစ်ဦးပင် ဖြစ်သည်။

သူတို့ သုံးဦးစလုံးမှာ မကြာမီအချိန်အတွင်း ဖြစ်လာနိုင်သော မောက်လန် စစ်တပ်၏ ဝိုင်းရံမှုကို ခုခံရန်အတွက် ဤမန္တာန်အစီအရင်ကြီးကို အားကိုးရမည် ဖြစ်သဖြင့် အတွင်းရှိ ကျင့်ကြံသူများ ပြန်လည် တုံ့ပြန်လာသည်ကို စောင့်ဆိုင်းရင်း တောင်တန်းများကို ဝန်းရံထားသော မြူပင်လယ်ကြီးအတွင်းရှိ လျှို့ဝှက်ချက်များကို အကဲခတ်နေကြသည်။

မန္တာန်အစီအရင်၏ အစစ်အမှန် စွမ်းအားကို ထားလိုက်ပါဦး… အစိမ်းရောင် မြူပင်လယ်ကြီးမှာ အဆုံးမရှိသယောင် ရှိနေပြီး သာမန်မဟုတ်သော ဖိအားများကို ထုတ်လွှတ်နေခဲ့သည်။ ဟန်လိသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် အကြည့်တစ်ချက်ဖြင့် မန္တာန်အစီအရင်ကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများအတွင်း၌ အပြာရောင်အလင်းတန်းများ ပေါ်လာပြီး စဉ်းစားဟန်ဖြင့် ရှိနေခဲ့သည်။

မကြာမီမှာပင် အစိမ်းရောင် မြူခိုးများအတွင်းမှ အဖြူရောင် အလင်းတန်းများ ဆက်တိုက် ထွက်ပေါ်လာပြီး မြူခိုးများမှာ ဘေးသို့ ခွဲထွက်သွားကာ လမ်းကြောင်းတစ်ခု ပေါ်လာတော့သည်။

အဘိုးအိုမာနှင့် ကုရွှမ်းဖူတို့မှာမူ ဤအပြောင်းအလဲကို သတိမပြုမိသလို ရှိနေခဲ့သည်။ တစ်ဦးမှာ ကောင်းကင်ယံကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီး အခြားတစ်ဦးမှာမူ အစိမ်းရောင် မြူခိုးများ၏ အခြားတစ်နေရာကို ထူးဆန်းသည့်အလား စိုက်ကြည့်နေခဲ့သည်။ ဟန်လိ တစ်ဦးတည်းသာလျှင် ထိုလမ်းကြောင်းကို မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခုဖြင့် တည်ငြိမ်စွာ လှမ်းကြည့်နေခဲ့သည်။

ခဏအကြာတွင် ထိုလမ်းကြောင်းအတွင်းမှ အလင်းတန်း လေးခု ပျံထွက်လာ၏။ ယင်းတို့မှာ ခုနက အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူလေးဦးပင်။

တာအိုဝတ်ရုံဝတ်ထားသော အမျိုးသားက ဟန်လိတို့ သုံးဦးကို ရိုသေစွာ ဂါရဝပြုလျက် ပြော၏။ “ဂျူနီယာတို့က စီနီယာတို့ကို ဂါရဝပြုပါတယ်ခင်ဗျာ… စီနီယာတို့ရဲ့ ဘွဲ့အမည်တွေကို သိခွင့်ပြုပါဦး…”

ထိုနှစ်ဦးမှာ ဘာစကားမျှ ဆိုရန် ရည်ရွယ်ချက် မရှိသည်ကို မြင်ရသည့်အခါ ဟန်လိက ပြုံးလိုက်ပြီး ဦးဆောင်၍ မိတ်ဆက်ပေးလိုက်သည်။

“ငါက မျောလွင့်တိမ်တိုက်ဂိုဏ်းက အကြီးအကဲဟန်လိပါ… ဒီနှစ်ယောက်ကတော့ မဟာနန်းဆောင်က တာအိုမိတ်ဆွေမာနှင့် ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းက တာအိုမိတ်ဆွေကု တို့ပါ… ငါတို့နောက်မှာ တခြား အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ရှစ်ဦးလည်း လိုက်လာနေကြသေးတယ်… ငါတို့ သုံးယောက်ကတော့ နောက်ကျသွားမှာ စိုးလို့ သူတို့ကို ထားခဲ့ပြီး အရင်လာခဲ့ကြတာ… အခု မန္တာန်အစီအရင်ကြီးကို အသက်သွင်းထားမှတော့ မောက်လန်တွေ မကြာခင် ရောက်လာတော့မှာပေါ့…”

တာအိုဝတ်ရုံဝတ် အမျိုးသားကြီးက သူ၏နောက်တွင် ရပ်နေသော ကျင့်ကြံသူ သုံးဦးကို မိတ်ဆက်ပေးလိုက်သည်။

“ဒါဆို စီနီယာဟန် ပဲပေါ့… ကျွန်တော်က ဗလာသန့်စင်ဂိုဏ်းက ချုံရွှီစီ ပါ… ဒီနှစ်ယောက်ကတော့ အဝါရောင်မေပယ်တောင်ကြားက မူရုံညီအစ်ကိုတွေဖြစ်ပြီး ဒီအမျိုးသမီးကတော့ ဓားဆိပ်ကမ်းက အမျိုးသမီးလီ ပါ…”

'မူရုံညီအစ်ကိုတွေ ဟုတ်လား'

ဟန်လိ၏ အကြည့်မှာ ထိုညီအစ်ကိုများအပေါ် ဝဲပျံသွားပြီး သူ၏ မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာကာ မေးလိုက်သည်။

“တာအိုမိတ်ဆွေနီရော နေကောင်းရဲ့လား…”

မူရုံညီအစ်ကိုများမှာ ဤသည်ကို ကြားရသောအခါ ဝမ်းသာအားရ ဖြစ်သွားကြပြီး ဆို၏။

“စီနီယာက စီနီယာအစ်မနီ ကို သိတာလား… ကျွန်တော်တို့ ဒီ မန္တာန်အစီအရင်ကြီးမှာ တာဝန်ကျနေတာ နှစ်အတော်ကြာပြီဆိုတော့ သူမကို မတွေ့ရတာ ကြာပါပြီ…”

ဟန်လိသည် ထိုညီအစ်ကို နှစ်ဦးကို ကြည့်ကာ ပြုံး၍ ဆို၏။

“သိတာပေါ့… မင်းတို့ရဲ့ စီနီယာမကို မကြာသေးခင်ကမှ ငါ တွေ့ခဲ့သေးတယ်… ဒါပေမဲ့ မင်းတို့ နှစ်ယောက်ကတော့ ငါ့ကို မမှတ်မိကြဘူးနဲ့ တူတယ်… အဲဒါကလည်း မထူးဆန်းပါဘူး… မင်းတို့အတွက်တော့ ငါက ဖြတ်သွားဖြတ်လာ တစ်ယောက်ပဲ ဖြစ်ခဲ့မှာကိုး…”

ထိုနှစ်ဦးမှာ ဟန်လိ၏ စကားကို ကြားသောအခါ အကြီးအကျယ် ထိတ်လန့်သွားပြီး ကိုယ်ရှိန်သတ်သွားကြသည်။ ဤစီနီယာမှာ လူဟောင်းတစ်ယောက် ဖြစ်ပုံရသော်လည်း သူတို့မှာ ဘာကြောင့် သူ့အပေါ် အစအနမျှ မရှိရတာလဲ။ သူတို့သည် ဟန်လိကို ထပ်မံ၍ အသေအချာ ကြည့်လိုက်သည့်အခါမှ တစ်နေရာရာမှာ မြင်ဖူးသလိုလို ခံစားလိုက်ရသည်။ ၎င်းနောက် ထိုနှစ်ဦးမှာ ဇဝေဇဝါဖြင့် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြသည်။

“ဟားဟား…မင်းတို့က ငါ့ကို မမှတ်မိဘူးဆိုမှတော့ ဒီကိစ္စကို နောက်မှပဲ ပြောကြတာပေါ့”

ဟန်လိသည် ဘေးဘက်မှ အဘိုးအိုမာနှင့် ကုရွှမ်းဖူတို့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။

“အခု ငါတို့ အတွင်းထဲကို ဝင်လို့ ရပြီလား…”

ချုံရွှီစီသည် ခုနက မြင်ကွင်းကြောင့် အတော်လေး ဇဝေဇဝါ ဖြစ်နေသော်လည်း ဟန်လိ၏ စကားကို ကြားရသည့်အခါမှ သတိပြန်ဝင်လာပြီး အလျင်အမြန် သဘောတူလိုက်သည်။

“သေချာတာပေါ့… စီနီယာတို့… ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ… စီနီယာလူက ခန်းမဆောင်ထဲမှာ စီနီယာတို့ကို စောင့်မျှော်နေပါတယ်…”

ထို့နောက် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ လေးဦးမှာ ရှေ့ကနေ ဦးဆောင်ပြီး အစိမ်းရောင် မြူခိုးများအတွင်းသို့ ပျံဝင်သွားကြသည်။ မကြာမီမှာပင် လှုပ်ရှားနေသော အစိမ်းရောင် မြူခိုးများအတွင်းရှိ လမ်းကြောင်းမှာ ပြန်လည် ပိတ်ဆို့သွားတော့သည်။

ခဏအကြာတွင် ဟန်လိနှင့် အခြားသူများသည် ခန်းမအတွင်းရှိ ထိပ်ပြောင်သောအမျိုးသားကြီး၏ ရှေ့မှောက်၌ ပေါ်လာခဲ့သည်။

အမျိုးသားကြီးသည် ၎င်းတို့ သုံးဦးကို မြင်သောအခါ မျက်နှာထား တင်းမာနေရာကနေ ပြုံးလာနိုင်တော့၏။ သူက ပြောလိုက်သည်။

“ငါတို့ရဲ့ ကာကွယ်ရေးကို ကူညီဖို့ ရောက်လာကြတဲ့ ရောင်းရင်းမိတ်ဆွေသုံးယောက်ကို ကြိုဆိုပါတယ်… အစ်ကိုမာနှင့် တာအိုမိတ်ဆွေကု တို့မဟုတ်လား… ဒါနဲ့ ဒီတာအိုမိတ်ဆွေ လူငယ်လေးရဲ့ အမည်က ဘယ်သူများပါလဲ…”

ဟန်လိကို မြင်လိုက်ရသည့်အခါ အမျိုးသားကြီးမှာ ရင်းနှီးခြင်း မရှိသဖြင့် စပ်စုလိုစိတ်ဖြင့် အကဲခတ်နေခဲ့သည်။

အဘိုးအိုမာက အားပါးတရ ရယ်မောလိုက်ပြီး ပြော၏။

“ညီလေးလူ က သူ့ကို မမှတ်မိတာ မထူးဆန်းပါဘူး… တာအိုမိတ်ဆွေဟန် က လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ စဦးစိတ်ဝိညာဉ်အဆင့်ကို ရောက်ရှိလာသူလေ… သူရဲ့ အလားအလာကတော့ အကန့်အသတ် မရှိပါဘူး…”

အမျိုးသားကြီးသည် ဟန်လိမှာ အခုမှ စဦးစိတ်ဝိညာဉ်အဆင့်ကို ရောက်ရှိလာသူ တစ်ဦးဖြစ်မှန်း ကြားလိုက်ရသည့်အခါ သူ၏ မျက်နှာပေါ်တွင် စိတ်ပျက်ရိပ်တစ်ခု ခေတ္တမျှ ပေါ်လာသော်လည်း မကြာမီမှာပင် ကျေးဇူးတင်သော အမူအရာအဖြစ် ပြောင်းလဲသွားတော့သည်။

“အိုး… ဒါဆို အခုမှ အဆင့်တက်လာတဲ့ တာအိုမိတ်ဆွေပေါ့… ဒါကြောင့်လည်း ငါ မင်းကို တစ်ခါမှ မမြင်ဖူးတာပဲ… ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ ရောက်လာပေးတာကို ငါ တကယ်ပဲ ကျေးဇူးတင်ပါတယ်… မင်းတို့သာ ရောက်မလာဘူးဆိုရင် ငါတို့ ဒီနေရာမှာ ရက်အနည်းငယ်လောက်တောင် တောင့်ခံနိုင်မှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်နေတာ…”

အမျိုးသားကြီး၏ ခေတ္တမျှ စိတ်ပျက်သွားမှုကို ဟန်လိ သတိပြုမိလိုက်သည်။ သို့သော်လည်း သူသည် တိတ်ဆိတ်စွာသာ ပြုံးနေခဲ့ပြီး အနည်းငယ်မျှပင် မကျေနပ်သည့် အမူအရာ မပြခဲ့ချေ။

ယင်းနောက် ထိပ်ပြောင်အမျိုးသားကြီးသည် အတိတ်က ကိစ္စအချို့ကို ပြောဆိုပြီးမှ လက်ရှိ ရင်ဆိုင်နေရသော ခက်ခဲလှသည့် အခြေအနေများအကြောင်းကို ဆက်လက် ပြောဆိုရှင်းပြသည်။

အပိုင်း (၇၃၀) ရင်နင်းနှင့် ပြန်လည်ဆုံတွေ့ခြင်း

ထိပ်ပြောင်အမျိုးသားကြီးမှာ အပိုစကားများကို ဖယ်ရှားလိုက်ပြီး ပြတ်သားစွာ ဆို၏။

"တာအိုမိတ်ဆွေ သုံးယောက် ရောက်လာတာ အချိန်ကိုက်ပါပဲ။ မန္တာန်စစ်သည် စစ်တပ်က တာအိုမိတ်ဆွေပု၏ ကောင်းကင်လှေကားတောင်ကြားကို တိုက်ခိုက်ပြီး ဒီဘက်ကို ဖြတ်ကျော်လာနေတယ်လို့ သတင်းရထားတယ်။ နောက်ထပ် နာရီဝက်မပြည့်ခင်မှာတင် အဲဒီတောင်ကြားက ရှုံးနိမ့်လာတဲ့ ငါတို့ရဲ့ မဟာမိတ်တွေ ရောက်လာတော့မှာပါ။ အဲဒီအချိန်ကျရင် စီနီယာတို့ အနေနဲ့ သူတို့ကို ကယ်ဆယ်ပေးနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်…"

အဘိုးအိုမာက ထိုတောင်းဆိုချက်အပေါ် အနည်းငယ်မျှပင် မကျေမနပ်ဖြစ်ဟန် မပြဘဲ ဆို၏။

"ဒါကို ငါ ကိုင်တွယ်လိုက်ပါ့မယ်။ ဒါက ကိစ္စသေးလေးတစ်ခုပဲလေ။ ငါတစ်ယောက်တည်းလည်း လုပ်နိုင်တာမို့ တာအိုမိတ်ဆွေဟန်နှင့် ညီလေးကုတို့ လှုပ်ရှားဖို့ မလိုပါဘူး"

ဤသည်မှာ ဟန်လိနှင့် ကုရွှမ်းဖူတို့ကို အနည်းငယ် အံ့အားသင့်သွားစေပြီး တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်မိစေသည်။

အဘိုးအိုသည် သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ရင်း ထူးဆန်းသော အမူအရာဖြင့် ပြောဆို၏။

"တာအိုမိတ်ဆွေတို့ အံ့ဩမနေကြပါနဲ့။ ငါက လူစွမ်းကောင်း လုပ်ချင်လို့ မဟုတ်ပါဘူး။ မကြာသေးခင်ကမှ ရထားတဲ့ ရတနာသစ်တစ်ခုကို စမ်းသပ်ချင်လို့ပါ။ မင်းတို့ ငါနဲ့ လုပြီး မတိုက်ကြဘူး မဟုတ်လား"

ကုရွှမ်းဖူက တဟားဟား ရယ်မောလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောဆိုလိုက်၏။

"ဟဲဟဲ။ တာအိုမိတ်ဆွေမာက ယုံကြည်ချက် ရှိနေမှတော့ ခင်ဗျားကိုပဲ လွှဲပေးလိုက်ပါ့မယ်"

ထိပ်ပြောင်အမျိုးသားကြီးကလည်း ဝင်ပြော၏။

"ဒါဆိုရင်တော့ ကောင်းတာပေါ့။ တာအိုမိတ်ဆွေဟန်နှင့် ညီလေးကုတို့ အရင် အနားယူကြပါစေဦး။ တာအိုမိတ်ဆွေမာပဲ သွားလိုက်တော့။ ဒါပေမဲ့ မူရုံညီအစ်ကိုတွေကို ခင်ဗျားနဲ့အတူ ထည့်ပေးလိုက်ပါ့မယ်။ သူတို့ နှစ်ယောက်က လျှပ်စီးချုပ်နှောင်ခြင်းအတတ်ကို ကျင့်ကြံထားတာဆိုတော့ အတော်လေး အားကိုးရပါလိမ့်မယ်"

အဘိုးအိုသည် ကန့်ကွက်ရန် ရည်ရွယ်ချက် မရှိချေ။ မည်သို့ပင်ဖြစ်စေ မရင်းနှီးသော နေရာတစ်ခုတွင် မဟာမိတ် အဖော်ပါခြင်းမှာ မှန်ကန်သော လုပ်ရပ်ပင် ဖြစ်သည်။

၎င်းနောက် အဘိုးအိုမာနှင့် မူရုံညီအစ်ကိုများသည် ရှုံးနိမ့်လာသော ကိုးပြည်ထောင်စုကျင့်ကြံသူများကို ကြိုဆိုရန် ချက်ချင်း ထွက်ခွာသွားကြတော့သည်။ ဟန်လိနှင့် ကုရွှမ်းဖူတို့ကိုမူ ကျန်ရှိနေသော အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ နှစ်ဦးက ခန်းမအတွင်းသို့ လမ်းပြခေါ်ဆောင်သွားပြီး လောလောဆယ် အနားယူရန် နေရာပေးခဲ့သည်။

လမ်းခရီးတွင် ဟန်လိနှင့် အဘိုးအိုမှာ လမ်းခွဲခဲ့ကြပြီး ဟန်လိကိုမူ အမျိုးသမီးငယ်လေးက အေးချမ်းလှသော အဆောက်အအုံငယ်လေး တစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ပိန်ပိန်ပါးပါးနှင့် အမျိုးသမီးငယ်လေးသည် အဆောက်အအုံကို ညွှန်ပြကာ ဘေးဘက်တွင် ရပ်လျက် ပြော၏။

"စီနီယာဟန်။ ဒီနေရာက ပုံမှန်ဆိုရင် အဆင့်နိမ့် တပည့်တွေကို ဝင်ခွင့် လုံးဝ ပိတ်ပင်ထားတဲ့ နေရာပါ။ တရားထိုင်ကျင့်ကြံဖို့အတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်မှာပါ။ စီနီယာ ဒီမှာပဲ အနားယူနိုင်ပါတယ်"

ဟန်လိသည် ကျေနပ်သော အရိပ်အယောင်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ဆို၏။

"အတော်လေး ကောင်းပါတယ်"

အမျိုးသမီးငယ်လေးသည် ချက်ချင်း ထွက်ခွာသွားခြင်း မရှိချေ။ ထိုအစား သူမသည် တွေဝေနေပြီးမှ မေးလိုက်သည်။

"စီနီယာ။ အစ်မနီရင်ဖေးရော နေကောင်းရဲ့လား။ ကျွန်မ စီနီယာအစ်မကို မတွေ့ရတာ ကြာပါပြီ"

ဟန်လိသည် အံ့အားသင့်သွားပြီး ထိုအမျိုးသမီးငယ်လေးကို အကဲခတ်သည့် အကြည့်ဖြင့် ကြည့်ကာ တည်ငြိမ်စွာ မေး၏။

"ဘာလဲ။ မင်းက မိန်းကလေးနီနဲ့ ရင်းနှီးလို့လား"

ထိုအခိုက်အတန့်တွင် ဟန်လိသည် ထိုအမျိုးသမီးငယ်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သော်လည်း တစ်နေရာရာမှာ ရင်းနှီးနေသလို ခံစားလိုက်ရပြီး အလိုအလျောက်ပင် သူမအပေါ် အထင်ကြီးလေးစားစိတ် ပေါ်ပေါက်လာခဲ့သည်။ ဟန်လိက သူမကို စိုက်ကြည့်နေသဖြင့် အမျိုးသမီးငယ်လေးမှာ အနည်းငယ် စိုးရိမ်ပူပန်သွားပြီး သူမ၏ မျက်နှာလေးမှာ နီမြန်းသွားတော့သည်။

ထိုအမျိုးသမီးငယ်လေးက ခေါင်းငုံ့လျက် ရှင်းပြလိုက်သည်။

"ကျွန်မ ဓားဆိပ်ကမ်းကို ဝင်ခွင့်ရတာ စီနီယာမနီ၏ ထောက်ခံချက်ကြောင့်ပါ။ ကျွန်မ သူမနဲ့ မရင်းနှီးဘဲ နေပါ့မလား"

ဟန်လိသည် ဤသည်ကို ကြားလိုက်ရသည့်အခါ အံ့အားသင့်သော အမူအရာကို မဖုံးကွယ်နိုင်တော့ဘဲ ဆို၏။

"ရင်နင်းလား။ လီရင်နင်းလား"

လီရင်နင်းသည် အလိုအလျောက် ခေါင်းမော့ကြည့်လိုက်ပြီး အံ့ဩတကြီး မေး၏။

"စီနီယာက ကျွန်မ၏ အမည်ကို ကြားဖူးလို့လား"

ဟန်လိသည် ထိုအမျိုးသမီးကို ချက်ချင်း ပြန်မဖြေဘဲ အသက်ပြင်းပြင်း ရှူလိုက်ပြီးမှ မေးလိုက်သည်။

"မင်း၏ အမေ နာမည်က ဘယ်သူလဲ။ သူမက ဘယ်တိုင်းပြည်က လာတာလဲ"

အမျိုးသမီးငယ်လေးမှာ ဤသတင်းအချက်အလက်ကို ဖုံးကွယ်ထားရမလားဟု စိတ်ထဲမှ တွေဝေနေပြီးမှ တစ်စုံတစ်ခုကို သတိရသွားကာ ပြန်လည်ဖြေကြား၏။

"ကျွန်မ အမေ နာမည်က မော့ယုကျူးပါ။ သူမက ယွဲ့နိုင်ငံက လာတာပါ။ စီနီယာက ဒါကို ဘာလို့ မေးတာလဲ"

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက ဆို၏။

"မင်းဆီမှာ ဝိညာဉ်ကူးပြောင်းကျောက်စိမ်းဆွဲသီး ရှိနေတုန်းပဲလား"

သူမက ပြန်ဖြေပြီးနောက် သူ၏ အကြည့်အောက်တွင် ရှက်သွေးဖြာသွားကာ တစ်ဖက်သို့ လှည့်သွားတော့သည်။

"ရှိပါတယ်။ ကျွန်မ ငယ်ငယ်ကတည်းက ဒါကို အနားမှာပဲ အမြဲဆောင်ထားတာပါ"

သူမသည် သူမ၏ ဝတ်ရုံအတွင်း၌ ခဏမျှ ရှာဖွေလိုက်ပြီးနောက် အဖြူရောင် ကျောက်စိမ်းဆွဲသီးလေး တစ်ခုကို လက်ထဲတွင် ကိုင်လျက် ပြန်လှည့်လာခဲ့သည်။ ဟန်လိသည် ၎င်းကို မြင်သည်နှင့် ဆင့်ခေါ်လိုက်ရာ ကျောက်စိမ်းဆွဲသီးမှာ သူ၏ လက်ထဲသို့ ပျံဝင်လာတော့သည်။ သူသည် ကျောက်စိမ်းဆွဲသီး၏ ချောမွေ့သော မျက်နှာပြင်ကို ပွတ်သပ်ကြည့်ရင်း သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိပြီး မျက်နှာပေါ်တွင် အသက်ဓာတ် ကင်းမဲ့သော အမူအရာ ပေါ်ပေါက်လာတော့သည်။

သူက အချိန်အတော်ကြာမှ ဆို၏။

"အခုဆိုရင် ငါ ဘယ်သူလဲဆိုတာ မင်း သိလောက်ပါပြီ။ မင်းအမေက ငါ့အကြောင်း ဘာတွေ ပြောပြခဲ့လဲ"

သူသည် ထိုအမျိုးသမီးကို ထပ်မံ အကဲခတ်ကြည့်သည်။ မော့ယုကျူးနှင့် ဆင်တူသော အရိပ်အယောင်အချို့ကို တွေ့ရှိလိုက်ရသည်။ သူမ၏ အလှတရားမှာ သူမအမေ၏ အထွတ်အထိပ် ရောက်စဉ်ကလောက် မရှိသော်လည်း တိုင်းပြည်ကို တုန်လှုပ်စေနိုင်သည့် အလှမျိုးကိုတော့ တွေ့ရှိနိုင်ပါသေးသည်။

လီရင်နင်းက တွေဝေသော အမူအရာဖြင့် တိုးညင်းစွာ ဆို၏။

"အတိတ်တုန်းက အမေက ရှင့်အကြောင်း အများကြီး မပြောပြခဲ့ပါဘူး။ အမေ့မှာ အဲဒီတုန်းက ကျွန်မအတွက် ဂုဏ်ပြုလက်ဆောင် ပေးခဲ့တဲ့ ကျင့်ကြံသူ မိတ်ဆွေကောင်း တစ်ယောက် ရှိတယ်လို့ပဲ ကြားဖူးတာပါ။ ကျွန်မ ကျင့်ကြံခြင်းလောကထဲကို ရောက်လာတဲ့အခါ ဒီကျောက်စိမ်းဆွဲသီးကို ပေးခဲ့တဲ့သူကို အကြိမ်ကြိမ် ရှာဖွေခဲ့ဖူးပေမဲ့ ဘာသတင်းမှ မရခဲ့ဘူး။ စီနီယာက ပေးခဲ့တာလို့တော့ ကျွန်မ မထင်ထားခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် စီနီယာက မျောလွင့်တိမ်တိုက်ဂိုဏ်းက ကျင့်ကြံသူ တစ်ယောက် မဟုတ်လား"

ဟန်လိသည် သူ၏ နှာခေါင်းကို ပွတ်သပ်ရင်း ခါးသီးစွာ ပြုံးလိုက်မိပြီး ဆို၏။

"ငါ မျောလွင့်တိမ်တိုက်ဂိုဏ်းထဲကို ဝင်ခဲ့တာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှပါ။ အတိတ်တုန်းက ငါ ယွဲ့နိုင်ငံမှာ ဆက်နေလို့ မရတော့လို့ ထွက်လာခဲ့ရတာဆိုတော့ မင်း ငါ့အကြောင်း ဘာမှ မကြားရတာ မထူးဆန်းပါဘူး။ ဒါနဲ့ မင်းက ဘယ်လိုဖြစ်ပြီး ဓားဆိပ်ကမ်းကို ရောက်သွားတာလဲ။ တကယ်ဆိုရင် မင်း ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းထဲကို ဝင်သွားမယ်ဆိုရင်တောင် ငါ အံ့ဩမိမှာ မဟုတ်ဘူး"

လီရင်နင်းသည် အံ့အားသင့်စွာ မျက်တောင်ခတ်လိုက်ပြီး မေး၏။

"ကျွန်မက ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းက တပည့်တစ်ယောက် ဖြစ်နေမယ်ဆိုရင် ဘာလို့ မထူးဆန်းတာလဲ"

ဟန်လိက အံ့ဩတကြီးဖြင့် ပြန်မေးလိုက်သည်။

"မင်း အဖေ ကိစ္စတွေကို မင်း မသိဘူးလား"

အမျိုးသမီး၏ မျက်နှာမှာ ညှိုးနွမ်းသွားပြီး မချိပြုံးပြုံး၍ ပြော၏။

"ကျွန်မ အဖေအကြောင်း သိတာ နည်းပါတယ်။ ကျွန်မ အစောဆုံး မှတ်မိတဲ့ အချိန်ကတည်းက ကျွန်မ၏ အဘိုးနဲ့ အဖေက အကြောင်းရင်း မသိဘဲ သေဆုံးသွားခဲ့ကြတာပါ။ ကျွန်မကတော့ အမေနဲ့အတူ နှစ်ယောက်တည်း နေလာခဲ့တာ။ အမေက ကျွန်မကို ယွဲ့နိုင်ငံကနေ ခေါ်ထုတ်လာခဲ့ပြီး ကျွန်မတို့ အကြာကြီး လေလွင့်နေခဲ့ကြပြီးမှ နောက်ဆုံး ဒီ ကိုးပြည်ထောင်စုနယ်မြေထဲကို ရောက်လာခဲ့တာပါ"

ဟန်လိသည် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည့်အလား ခေါင်းညိတ်လိုက်ပြီး ဆို၏။

"ဒီလိုကိုး။ မင်း အဖေနဲ့ အမေဟာ မိစ္ဆာတာအိုရဲ့ အတွင်းရေး အားပြိုင်မှုတွေကြားမှာ ကြားညပ်သွားခဲ့တာ ဖြစ်ရမယ်။ ဘာပဲဖြစ်ဖြစ် ယွဲ့နိုင်ငံကို နောက်ဆုံးမှာ ထိန်းချုပ်လိုက်တာက တစ္ဆေဝိညာဉ်ဂိုဏ်းလေ။ ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်း မဟုတ်ဘူး"

“မိစ္ဆာတာအို၏ အတွင်းရေး အားပြိုင်မှု ဟုတ်လား။”

အမျိုးသမီးသည် ဟန်လိ ပြောသည်ကို နားမလည်ဘဲ ဇဝေဇဝါ ဖြစ်နေပုံရသည်။

ဟန်လိသည် ဤသည်ကို မြင်သောအခါ ထပ်မံ၍ အသေးစိတ် မရှင်းပြတော့ဘဲ ကျောက်စိမ်းဆွဲသီးကို အမျိုးသမီးထံ ပြန်ပေးလိုက်ကာ ပြုံးလျက် ဆို၏။

"ဒီ ဝိညာဉ်ကူးပြောင်းကျောက်စိမ်းက မင်းအနားမှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပြီဆိုတော့ ငါ ဒါကို မင်းဆီကနေ ပြန်ယူမှာ မဟုတ်ပါဘူး။ ငါ ကျင့်ကြံခြင်းလောကထဲကို မဝင်ခင်တုန်းက မင်းအမေရဲ့ စီနီယာအစ်ကိုလိုမျိုး ဖြစ်ခဲ့တာပါ။ နောင်ကျရင် ငါ့ကို ဘိုးဘေးဟန်လို့ပဲ ခေါ်နိုင်ပါတယ်"

အမျိုးသမီးငယ်လေးမှာ ဇဝေဇဝါ ဖြစ်နေဆဲပင် ဖြစ်သော်လည်း သူမ၏ မျက်လုံးကြီးများကို အကြိမ်ကြိမ် ခတ်လိုက်ပြီး တိုးညင်းစွာ ခေါ်လိုက်သည်။

"ဘိုးဘေးဟန်"

သူမ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသော်လည်း နောက်ထပ် စဦးစိတ်ဝိညာဉ်အဆင့်စီနီယာတစ်ဦးကို အသိမိတ်ဆွေတစ်ယောက်အနေဖြင့် ရရှိလိုက်ခြင်းအပေါ် ကျေနပ်နေခဲ့သည်။ သူမက စိတ်ထဲတွင် တိတ်တဆိတ် ဝမ်းသာနေခဲ့သည်။ ဟန်လိ၏ မျက်နှာတွင် ဖော်ရွေသော အပြုံးတစ်ခု ပေါ်လာပြီး လက်ကို ဝှေ့ယမ်းကာ ကျောက်စိမ်းပုလင်း နှစ်လုံးကို ဆင့်ခေါ်လိုက်ပြီး ပြော၏။

"မင်းက ငါ့ကို ဘိုးဘေးလို့ ခေါ်မှတော့ ငါ ဒါကို လျစ်လျူရှုထားလို့ မဖြစ်ဘူးပေါ့။ ဒီမှာ ဆေးပုလင်း နှစ်လုံး ရှိတယ်။ အမြုတေဖွဲ့စည်းခြင်းအဆင့်မှာ အဟန့်အတားတွေကို ကျော်ဖြတ်ဖို့အတွက် အများကြီး အထောက်အကူ ဖြစ်စေလိမ့်မယ်"

ဟန်လိ၏ အမြင်အရ မိတ်ဆွေဟောင်း တစ်ဦး၏ မျိုးဆက်အနွယ်တစ်ယောက်ကို ကူညီပေးခြင်းမှာ သူ တွန့်တိုနေရမည့် ကိစ္စ မဟုတ်နေပေ။ အမျိုးသမီးသည် ဆေးလုံးများကို လက်ခံလိုက်ပြီး ဝမ်းသာအားရ ဖြစ်သွားတော့သည်။ သူမ၏ အသံမှာ ကြည်လင်ပြတ်သားပြီး ရိုးသားမှုများ ပါဝင်နေခဲ့သည်။

"ကျေးဇူးအများကြီး တင်ပါတယ် ဘိုးဘေး"

ဟန်လိသည် ခေတ္တမျှ စဉ်းစားပြီးမှ မေးလိုက်သည်။

"မင်း ဘယ်လို မှော်ရတနာမျိုးကို သုံးတာလဲ။ မင်း အခုနက စီးနင်းလာတဲ့ ပျံသန်းခြင်းဓား လား"

လီရင်နင်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ မရေမရာ လေသံဖြင့် ပြန်လည်ဖြေကြား၏။

"ဟုတ်ပါတယ်... အဲဒီ မှော်ရတနာပါပဲ။ အဲဒီဓားကို မီးတောက်ပြင်းသံမဏိနဲ့ နက်နဲသော ပန်းပွင့်ပုံဆောင်ခဲတို့ကနေ သန့်စင်ပြုပြင်ထားတာပါ။ ဒါရဲ့ စွမ်းအားက အတော်လေး ကောင်းပါတယ်"

ဟန်လိသည် ခေါင်းခါယမ်းလျက် ဆို၏။

"သာမန်အချိန်တွေမှာဆိုရင်တော့ အဲဒီဓားက လုံလောက်ပါတယ်။ ဒါပေမဲ့ အခု မောက်လန်မန္တာန်စစ်သည်တွေကို ရင်ဆိုင်ရတော့မယ်ဆိုတော့ အဲဒီ မှော်ရတနာ တစ်ခုတည်းကိုပဲ အားကိုးနေရင် အန္တရာယ်များလိမ့်မယ်လို့ ငါ စိုးရိမ်မိတယ်"

လီရင်နင်းက မတတ်သာသည့်အလား ပြော၏။

"ဒါပေမဲ့ ဘိုးဘေးက ကျွန်မကို အခု နောက်ထပ် မှော်ရတနာ တစ်ခု ထပ်ပေးရင်တောင်မှ ကျွန်မမှာ အဲဒီရတနာကို ပြန်လည် သန့်စင်ဖို့အတွက် အချိန်ရှိမှာ မဟုတ်ဘူးလေ"

ဟန်လိသည် ဤသည်ကို ကြားသောအခါ စဉ်းစားဟန်ဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ ခဏအကြာတွင် သူသည် သူ၏ ခါးရှိ ဝိညာဉ်သားရဲအိတ်ကို ပုတ်လိုက်ရာ အနက်ရောင် သန်းနေသော ရွှေဝါးမြိုခြင်းပိုးတောင်မာအုပ်စုကြီးမှာ သူ၏ ဘေးတွင် ဝိုင်းရံလာကြပြီး သူ၏ ဦးခေါင်းထက်တွင် ပေ ၁၀ ခန့် ကျယ်ဝန်းသော အင်းဆက်တိမ်တိုက်ကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။

ဟန်လိ၏ မျက်ဝန်းများအတွင်းမှ စူးရှသော အလင်းတန်းများ ထွက်ပေါ်လာပြီး အင်းဆက်အုပ်ထံသို့ လက်ညွှန်လိုက်သည်။ အင်းဆက်အုပ်၏ အစိတ်အပိုင်း အနည်းငယ်မှာ ဘေးသို့ ခွဲထွက်သွားပြီး အပြာရောင် မန္တာန်တံဆိပ်တစ်ခုနှင့် ထိမှန်သွားတော့သည်။ ထို့နောက် ရွှေဝါးမြိုခြင်းပိုးတောင်မာတိမ်တိုက်မှာ အပြာရောင်အလင်းတစ်ချက်နှင့်အတူ စုစည်းသွားပြီး ချက်ချင်းပင် အနက်၊ ငွေနှင့် ရွှေရောင်များဖြင့် တောက်ပနေသော လက်သီးဆုပ်ခန့် ရှိသည့် အလင်းလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ထိုအလင်းလုံးလေးမှာ ဟန်လိ၏ လက်ထဲသို့ ဖြည်းညင်းစွာ ကျဆင်းလာသည့်အခါ သူသည် ၎င်းကို အမျိုးသမီးထံသို့ ပစ်ပေးလိုက်ပြီး လေးနက်စွာ ဆို၏။

"ဒီပစ္စည်းကို သေသေချာချာ သိမ်းထားပါ။ ငါ ဒီအင်းဆက်တွေကို အသေအချာ အသွင်ပြောင်းထားတာ။ မင်းအနေနဲ့ ကိုင်တွယ်ရခက်တဲ့ ရန်သူနဲ့ တွေ့တဲ့အခါ ဒီအလင်းလုံးကို ပစ်ပေါက်လိုက်ပါ။ အဲဒါက မင်း၏ အသက်ကို ကယ်တင်ပေးလိမ့်မယ်"

လီရင်နင်းသည် ထိုမြင်ကွင်းကြောင့် မှင်တက်သွားရပြီး ဟန်လိ၏ စကားကြောင့်မှ သတိပြန်ဝင်လာခဲ့သည်။ သူမသည် ထိုအလင်းလုံးကို ချက်ချင်း လက်ခံလိုက်ပြီး ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ဆိုလိုက်တော့သည်။

"ဘိုးဘေးဟန်၏ ကြီးမားလှတဲ့ ကျေးဇူးအတွက် အများကြီး တင်ပါတယ်ရှင်"

ဤအမျိုးသမီး၏ စိတ်ထဲတွင် ဟန်လိအပေါ် ရှိနေသော နောက်ဆုံး သံသယများမှာလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူမသည် ဟန်လိကို အပြည့်အဝ ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အတိတ်က ပတ်သက်မှု မရှိဘဲ ဘယ်သူက ဒီလောက်အထိ တန်ဖိုးရှိတဲ့ လက်ဆောင်တွေကို ပေးပါ့မည်နည်း။

ဟန်လိသည် ကျန်ရှိနေသော အင်းဆက်တိမ်တိုက်ကို ပြန်လည် သိမ်းဆည်းလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ဆို၏။

"ကောင်းပြီ။ မင်း အခု သွားလို့ရပြီ။ ငါ အနားယူချင်ပြီ"

ဤမဟာဗျူဟာမြောက် နေရာသို့ အလျင်အမြန် ခရီးနှင်လာခဲ့ခြင်းကြောင့် သူ၏ မန္တာန်စွမ်းအား အများအပြား ကုန်ဆုံးထားသဖြင့် ၎င်းတို့ကို ပြန်လည် ဖြည့်တင်းရန် လိုအပ်နေခဲ့သည်။

လီရင်နင်းက ရင်းနှီးသော လေသံလေးဖြင့် ဆို၏။

"ဘိုးဘေးဟန်။ ကောင်းကောင်း အနားယူပါဦး။ မောက်လန်မန္တာန်စစ်သည် စစ်တပ် ရောက်လာပြီဆိုရင် ကျွန်မ လာပြီး သတင်းပို့ပါ့မယ်"

All Chapters