အခန်း (၇၃၁-၇၃၂)
Vol. 53 Ch. 731-732
အပိုင်း (၇၃၁) ခရမ်းရောင်အထွတ်အထိပ် မီးတောက်
ဟန်လိသည် အဆောက်အအုံ၏ ဒုတိယထပ်ရှိ တရားထိုင်ခန်းအတွင်း၌ တင်ပျဉ်ခွေထိုင်နေခဲ့သည်။ သူ၏ မျက်လုံးများကို တင်းကျပ်စွာ ပိတ်ထားပြီး သူ၏ ခန္ဓာကိုယ်မှ အပြာရောင်အလင်းတန်းများ စီးဆင်းနေသည်။ သူ၏ လက်နှစ်ဖက်မှာ ထူးဆန်းသော မန္တာန်ချိပ်ဟန်တစ်ခုကို ဖန်တီးထားပြီး သူ၏ လက်ဖဝါးထက်တွင် ကြက်ဥခန့်ရှိသော ခရမ်းရောင် မီးတောက်တစ်ခုမှာ အဆုံးမရှိ တုန်ခါလျက် ဝဲပျံနေတော့သည်။
ဤမိစ္ဆာမီးတောက်မှာ ဟန်လိက နတ်ဘုရားရေခဲမီးတောက်နှင့် တောက်ပံခြောက်ဖက်နှင်းကင်းခြေများ၏ ရေခဲအနှစ်သာရချီတို့ကို ပေါင်းစပ်ပြီး ဖန်တီးထားခြင်း ဖြစ်သည်။ ဤမီးတောက်၏ စွမ်းအားမှာ နတ်ဘုရားရေခဲမီးတောက်ထက် တစ်ဆင့် ပိုမို မြင့်မားလှသဖြင့် ၎င်းမှာ လောလောဆယ်တွင် ဟန်လိ၏ အစွမ်းထက်ဆုံး လူသတ်ကွက်တစ်ခု ဖြစ်လာခဲ့သည်။
ဤခရမ်းရောင် မိစ္ဆာမီးတောက်မှာ ဟန်လိအနေနှင့် နတ်ဘုရားရေခဲမီးတောက် အစအနအချို့ကို သန့်စင်ပြီးနောက် တဖြည်းဖြည်းချင်း ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကို အဇူရာမီးတောက်နှင့် ကွဲပြားစေရန်အတွက် သူက ခရမ်းရောင်အထွတ်အထိပ် မီးတောက်ဟု အမည်ပေးထားခဲ့သည်။
သူ ယုံကြည်ထားသည်မှာ ဤမီးတောက်သာ စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့လျှင်ပင် ထိုသူမှာ သေချာပေါက် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ၎င်းမှာ ထိုသူကို အမှန်တကယ် သတ်နိုင်မလား ဆိုသည်ကိုမူ သူ မခန့်မှန်းနိုင်သေးချေ။
သို့သော်လည်း ကံမကောင်းစွာဖြင့် မီးတောက်၏ အစစ်အမှန် စွမ်းအားမှာ မှန်းဆလို့မရနိုင်အောင် ကြီးမားသော်လည်း သူ သန့်စင်နိုင်သော နတ်ဘုရားရေခဲမီးတောက် ပမာဏမှာ အကန့်အသတ် ရှိနေဆဲပင်။ အကယ်၍ သူသာ လက်ရှိ ပမာဏထက် အဆပေါင်းများစွာ ပိုမို စုဆောင်းနိုင်ခဲ့မည်ဆိုလျှင် သူသည် စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့် ကျင့်ကြံသူများကိုပင် ထိပ်တိုက် ရင်ဆိုင်နိုင်လိမ့်မည် ဖြစ်သည်။
ဟန်လိသည် သူ၏ စိတ်ထဲမှ ငွေရောင်လ၏ အံ့အားသင့်စွာ ရေရွတ်သံကို ကြားလိုက်ရသည်။
"သခင်။ ဂုဏ်ယူပါတယ်ရှင်။ ကျွန်မက ခရမ်းရောင်အထွတ်အထိပ် မီးတောက်ကို အထင်သေးခဲ့မိပုံရတယ်။ အခုကြည့်ရတာ အများကြီး ပိုပြီး စွမ်းအားကြီးပုံရသလို နောင်ကျရင်လည်း ပိုပြီး ကြီးမားတဲ့ အလားအလာတွေ ရှိနေဦးမှာပဲ"
သူသည် ပြန်လည် မပြောဘဲ တိတ်ဆိတ်စွာ ပြုံးလိုက်ပြီး အသက်တစ်ချက် ရှူလိုက်ရာ ခရမ်းရောင်အထွတ်အထိပ် မီးတောက်မှာ မီးတောက်မျှင်လေးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားတော့သည်။ ထို့နောက် သူသည် မန္တာန်ချိပ်ဟန်ကို ဖျက်သိမ်းလိုက်ပြီး ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။
ဟန်လိသည် မျက်လုံးများကို ဖွင့်လိုက်ပြီး ဖြည်းညင်းစွာ ဆို၏။
"ခရမ်းရောင်အထွတ်အထိပ် မီးတောက်က အင်မတန် ပြင်းထန်တယ်ဆိုပေမဲ့ ပမာဏက နည်းလွန်းနေသေးတော့ တိုက်ပွဲမှာ စိတ်ချလက်ချ သုံးဖို့က ခက်ခဲဦးမှာပဲ။ ငါ အလိုချင်ဆုံးကတော့ ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ဖွင့်နိုင်ဖို့ပါပဲ။ တကယ်လို့ မင်းပြောသလို အဲဒါက တကယ်ပဲ နတ်ဘုရားဝိညာဉ်ရတနာ တစ်ခုဆိုရင်တော့ အဲဒါကို လက်ထဲမှာ ကိုင်ထားပြီး ကောင်းကင်တောင်ပိုင်း တစ်ခုလုံးကို ငါ စိတ်ကြိုက် လှည့်ပတ်သွားလာနိုင်သလို ဘာကိုမှ စိုးရိမ်စရာ မလိုတဲ့ အင်အားမျိုးကိုလည်း ရရှိမှာပေါ့"
ငွေရောင်လက ချိုသာစွာ ရယ်မောလိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် ဆို၏။
"သခင်။ စိတ်မပူပါနဲ့။ ကောင်းကင်လေဟာနယ်ဒယ်စောက်က ကျွန်မ ပြောခဲ့တာထက်တောင် ပိုပြီး စွမ်းအားကြီးပါလိမ့်မယ်"
ဟန်လိသည် ခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ခုကို ထပ်မံ ပြောဆိုရန် ကြံစည်နေစဉ်မှာပင် အဖြူရောင် အလင်းတန်းတစ်ခု သူ၏ အခန်းအတွင်းသို့ ရုတ်တရက် ပျံဝင်လာခဲ့သည်။ လီရင်နင်း၏ ကြည်လင်ပြတ်သားသော အသံမှာ လေထုထဲတွင် ပဲ့တင်ထပ်သွားတော့သည်။
"ဘိုးဘေးဟန်။ ခန်းမဆောင်ထဲကို အမြန် ကြွလာခဲ့ပါဦး။ စီနီယာမာ ပြန်ရောက်လာပြီဖြစ်သလို မောက်လန်တွေလည်း ရောက်တော့မှာပါ"
ထိုသို့ ပြောပြီးသည်နှင့် အဖြူရောင် အလင်းတန်းမှာ အပြင်သို့ ပြန်လည် ပျံထွက်သွားတော့သည်။
ဟန်လိ၏မျက်နှာမှာ သုန်မှုန်သွား၏။ သူ့ မျက်ဝန်းများအတွင်း၌ အေးစက်သော အလင်းတန်းများ လင်းလက်သွားပြီး သူက အပြင်သို့ ပျံထွက်ခဲ့တော့သည်။
ဟန်လိ ခန်းမဆောင်အတွင်းသို့ ရောက်ရှိသည့်အခါ ကုရွှမ်းဖူ၊ အဘိုးအိုမာနှင့် ထိပ်ပြောင်သောအမျိုးသားကြီးတို့မှာ ရောက်ရှိနေကြပြီ ဖြစ်သည်။ ၎င်းတို့အပြင် ဖြူဖျော့သော အသားအရေရှိသည့် ပန်းထိုးဝတ်ရုံဝတ် ခါးကုန်းကြီး တစ်ဦးလည်း ရှိနေပြီး အခြားသူများနှင့်အတူ လျှောက်လှမ်းနေခဲ့သည်။ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများထဲတွင်မူ အရင် လေးဦးအပြင် မရင်းနှီးသော နှစ်ဦး ထပ်တိုးလာခဲ့သည်။ ၎င်းတို့အားလုံးမှာ လေးနက်သော မျက်နှာထားများဖြင့် ဘေးဘက်တွင် ရပ်နေကြသည်။
သို့သော်လည်း လီရင်နင်းသည် ဟန်လိ ဝင်လာသည်ကို မြင်သောအခါ သူ့ကို ချိုသာစွာ ပြုံးပြလိုက်သည်။
ထိပ်ပြောင်သောအမျိုးသားကြီးက ဟန်ဆောင်၍ ပြုံးလိုက်ပြီး အေးအေးဆေးဆေး ပြော၏။
"တာအိုမိတ်ဆွေဟန် ရောက်လာပြီပဲ။ မိတ်ဆက်ပေးပါရစေဦး။ ဒါက ကောင်းကင်လှေကားတောင်ကြားကို တာဝန်ယူခဲ့တဲ့ တာအိုမိတ်ဆွေပုယွင်ဟယ် ပါ။ တာအိုမိတ်ဆွေပု။ ဒါကတော့ မျောလွင့်တိမ်တိုက်ဂိုဏ်းက တာအိုမိတ်ဆွေဟန်ပါ"
ဟန်လိသည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူ၏ စိတ်အခြေအနေမှာ လေးလံသွားရသည်။ အခြေအနေမှာ သူ ထင်ထားသည်ထက် ပိုမို ဆိုးရွားနေပုံရပေသည်။
သူသည် ဖော်ရွေသော အမူအရာဖြင့် ယဉ်ကျေးစွာ ဆို၏။
"တာအိုမိတ်ဆွေပုရဲ့ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကို အစ်ကိုလူ ဆီက ကြားဖူးတာ ကြာပါပြီ။ အခုလို ဘေးကင်းကင်းနဲ့ လွတ်မြောက်လာနိုင်ခဲ့တာကို ကျွန်တော် တကယ်ပဲ လေးစားမိပါတယ်"
တာအိုမိတ်ဆွေပု ဟု ခေါ်သော ကျင့်ကြံသူမှာ အခြားသူများဆီမှ ဟန်လိအကြောင်းကို ကြားသိထားပြီး ဖြစ်သဖြင့် သူ၏ ရုပ်ရည်ကြောင့် အံ့အားသင့်ခြင်း မရှိခဲ့ချေ။ ထိုအစား ပုယွင်ဟယ်က ခါးသီးစွာ ပြုံးလျက် ဆို၏။
"ကျွန်တော်ကတော့ အရှက်တကွဲ ဖြစ်ခဲ့ရတာပါ။ တာအိုမိတ်ဆွေဟန်၏ လှောင်ပြောင်မှုကို ခံရဖို့ပဲ ရှိတာပေါ့။ တာအိုမိတ်ဆွေမာရဲ့ အကူအညီကြောင့်သာ ကျွန်တော် အန္တရာယ်ကနေ လွတ်မြောက်လာနိုင်ခဲ့တာပါ"
ထို့နောက် သူသည် အဘိုးအိုမာကို ကျေးဇူးတင်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
အဘိုးအိုက ဘာမျှမဟုတ်လေဟန်ဖြင့် ရယ်မောလိုက်ပြီး ပြော၏။
"အဲဒါက ကိစ္စမရှိပါဘူး။ အားစိုက်ထုတ်စရာတောင် မလိုခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ရှေးဟောင်းရတနာကို မစမ်းသပ်ရသေးခင်မှာပဲ အဲဒီ လိုက်လံဖမ်းဆီးနေတဲ့သူတွေက အရင် ဆုတ်ခွာသွားကြတာဆိုတော့ တော်တော်လေးတော့ စိတ်ပျက်မိတာ အမှန်ပဲ"
ပုယွင်ဟယ်က ထိတ်လန့်သော မျက်နှာထားဖြင့် ဆို၏။
"တာအိုမိတ်ဆွေရဲ့ ရှေးဟောင်းရတနာက တကယ်ကို တုန်လှုပ်စရာကောင်းတဲ့ စွမ်းအားရှိတာကို။ လိုက်ဖမ်းနေတဲ့ မန္တာန်စစ်သည်တွေကလည်း ခင်ဗျားကို ရင်ဆိုင်ဖို့ တွန့်ဆုတ်သွားကြတာပေါ့။ ဒါပေမဲ့ အခု မောက်လန် ကျူးကျော်မှုက အရင်တုန်းကထက် အများကြီး ကွဲပြားတယ်ဆိုတာကိုတော့ ပြောရလိမ့်မယ်။ မန္တာန်စစ်သည်တွေက ပိုပြီး ကောင်းကောင်း လေ့ကျင့်ထားကြရုံတင်မကဘဲ ရှေးဟောင်း မဟာသားရဲကြီးတွေရဲ့ အကူအညီကိုလည်း ရထားကြတယ်။ အဲဒီသားရဲတွေက အင်မတန် ကြီးမားလှသလို သူတို့ရဲ့ ခန္ဓာကိုယ်မှာလည်း စစ်ချပ်ဝတ်တွေ ဆင်မြန်းထားကြတယ်။ ပြီးတော့ သူတို့ရဲ့ ကိုယ်ပေါ်မှာ ထူးဆန်းတဲ့ အတားအဆီးတွေလည်း ချမှတ်ထားကြသေးတာ။ အဲဒီသတ္တဝါတွေသာ မန္တာန်အစီအရင်ကြီးတွေထဲကို အတင်းတိုးဝင်လာမယ်ဆိုရင် အစီအရင် ပျက်စီးဖို့ဆိုတာ အချိန်တစ်ခုပဲ လိုပါလိမ့်မယ်"
ဟန်လိ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာပြီး မေးလိုက်သည်။
"စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ အများအပြား ပူးပေါင်းတိုက်ခိုက်တာတောင်မှ အဲဒီသားရဲကို မသတ်နိုင်ဘူးတဲ့လား…"
သူသည် မန္တာန်စစ်သည် စစ်တပ်က သားရဲကြီးများကို ခေါ်ဆောင်လာမှန်း သိသော်လည်း ဤမျှအထိ စွမ်းအားကြီးလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ခေတ္တမျှ စဉ်းစားပြီးနောက် ပုယွင်ဟယ်၏ တင်းမာနေသောအမူအရာမှာ ပြေလျော့သွားပြီး ဆို၏။
"ကျွန်တော့်ရဲ့ မှော်ရတနာကို အစွမ်းကုန် သုံးပြီး တိုက်ခိုက်ခဲ့လို့ သားရဲတစ်ကောင်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က အဆင့်မြင့် မန္တာန်စစ်သည် နှစ်ယောက်ရဲ့ ဝိုင်းရံတိုက်ခိုက်မှုကို ခံနေရတာဆိုတော့ မန္တာန်အစီအရင် မပျက်စီးခင်မှာ အဲဒီသားရဲကို အပြီးသတ် သတ်ပစ်ဖို့ အချိန်မရခဲ့ဘူး။ တာအိုမိတ်ဆွေလူကတော့ တာအိုမိတ်ဆွေမာနှင့် အခြားသူတွေရဲ့ စစ်ကူတွေ ရထားတာဆိုတော့ ဒီအစီအရင်ကို အလွယ်တကူ ထိန်းသိမ်းထားနိုင်မှာပါ။ ကောင်းကင်လှေကားတောင်ကြား လိုမျိုး အလွယ်တကူတော့ ကျဆုံးမှာ မဟုတ်ပါဘူး"
ကုရွှမ်းဖူက သုန်မှုန်စွာ ဆို၏။
"တာအိုမိတ်ဆွေပု။ အဲဒီစစ်တပ်ထဲမှာ နတ်ဘုရားပညာရှိအဆင့် မန္တာန်စစ်သည် ဘယ်နှစ်ယောက်လောက် ပါလဲ။ တကယ်လို့ နည်းမယ်ဆိုရင် ငါတို့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ငါးယောက် ပူးပေါင်းပြီး သူတို့ကို အငိုက်မိအောင် တိုက်ခိုက်လို့ ရတာပဲ။ သူတို့ကို အပြီးသတ် မသတ်နိုင်ရင်တောင်မှ အပြင်းအထန် ဒဏ်ရာရအောင်တော့ လုပ်နိုင်မှာပါ"
ပုယွင်ဟယ်က သက်ပြင်းချလျက် ပြော၏။
"ညီလေးကုကို စိတ်ပျက်အောင် လုပ်မိမှာ စိုးရိမ်မိပါတယ်။ ကျွန်တော် အရင်က ပြောခဲ့တဲ့ ထူးဆန်းတဲ့ မန္တာန်စစ်သည်တွေထဲက တစ်ယောက်ကို နတ်ဘုရားပညာရှိ အဆင့် ကျင့်ကြံသူ နှစ်ယောက်နဲ့အတူ တွေ့ခဲ့ရတယ်။ အဲဒီထူးဆန်းတဲ့ မန္တာန်စစ်သည်က တိုက်ခိုက်ခြင်း မရှိသေးပေမဲ့ သူရဲ့ ခန္ဓာကိုယ်ကနေ အင်မတန် ထူးဆန်းတဲ့ အငွေ့အသက်တွေ ထွက်ပေါ်နေတယ်။ ၎င်းအပြင် သူတို့ စစ်တပ်ထဲမှာ ပုန်းအောင်းနေတဲ့ အဆင့်မြင့် မန္တာန်စစ်သည်တွေ အများကြီး ရှိဦးမယ်လို့ ကျွန်တော် သံသယ ဖြစ်မိတယ်"
ထိပ်ပြောင်သောအမျိုးသားကြီးက ခေါင်းညိတ်ပြ၏။
"ဒါဆိုရင်တော့ သူတို့က သူတို့ရဲ့ အင်အားကို ဖုံးကွယ်ထားတယ်ဆိုရင် ငါတို့ သေသေချာချာ စဉ်းစားရဦးမယ်။ တကယ်လို့ သူတို့က အင်မတန် စွမ်းအားကြီးတယ်ဆိုရင်တော့ ငါတို့ သူတို့ကို မန္တာန်အစီအရင်ကြီးထဲကို ဆွဲခေါ်ရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ အဓိက ရည်ရွယ်ချက်က အချိန်ဆွဲဖို့ပဲလေ"
ကုရွှမ်းဖူသည် မျက်မှောင်ကြုတ်လိုက်ပြီး ထိုဆုံးဖြတ်ချက်အပေါ် မကျေနပ်ဟန် ပေါ်နေသော်လည်း ထပ်မံ၍ အတင်းအကျပ် မပြောတော့ချေ။ ဟန်လိနှင့် အဘိုးအိုမာတို့ကလည်း ကန့်ကွက်ခြင်း မရှိခဲ့ကြချေ။
ရလဒ်အနေဖြင့် ထိပ်ပြောင်သောအမျိုးသားကြီးသည် ချုံရွှီစီကို ပုယွင်ဟယ်အား အနားယူရန် တရားထိုင်ခန်းသို့ လမ်းပြခေါ်ဆောင်သွားခိုင်းလိုက်သည်။ ၎င်းအပြင် လီရင်နင်းနှင့် အခြားသူများကိုလည်း ကောင်းကင်လှေကားတောင်ကြားမှ ထွက်ပြေးလာကြသော ကျင့်ကြံသူများကို နေရာချထားပေးရန်နှင့် ၎င်းတို့ကို ကာကွယ်ရေးတပ်ဖွဲ့ထဲသို့ ထည့်သွင်းရန် တာဝန်ပေးလိုက်တော့သည်။
အမျိုးသားကြီး၏ သေသေချာချာ စီစဉ်ဆောင်ရွက်မှုများအပေါ် ဟန်လိအနေနှင့် သဘောကျမိသည်။ ကိုးပြည်ထောင်စုက ဤလူကို ဤနေရာတွင် တာဝန်ပေးထားခြင်းမှာ အကြောင်းရင်း တစ်ခုခု ရှိရပေမည်။
ထိုအခိုက်အတန့်တွင် ဝေးလံသော နေရာတစ်ခုမှ ဗုံတီးသံများကို ကြားလိုက်ရသည်။ ၎င်းအပြင် ထိုအသံမှာ မိုးခြိမ်းသံများကဲ့သို့ပင် ပဲ့တင်ထပ်နေခဲ့သည်။ ခန်းမအတွင်းရှိ လူများအားလုံးမှာ ထိုအသံကြောင့် မျက်နှာပျက်သွားကြတော့သည်။
ရုတ်တရက်ပင် အဘိုးအိုမာ၏ မျက်နှာပေါ်တွင် အေးစက်သော အရိပ်အယောင်များ ပေါ်ပေါက်လာပြီး သူ၏ လေသံတွင်လည်း သတ်ဖြတ်လိုစိတ်များ ပါဝင်လျက် ဆို၏။
"မောက်လန်တွေ ရောက်လာပြီပဲ။ သူတို့က ငါတို့နောက်ကို ခြေတစ်လှမ်းပဲ နောက်ကျတာကိုး"
ထိပ်ပြောင်သောအမျိုးသားကြီးက ဟန်လိနှင့် အခြားသော စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ နှစ်ဦးကို လက်ဝှေ့ယမ်းပြလျက် ဆို၏။
"ကောင်းပါပြီ။ ငါတို့ သူတို့ကို အရင် စမ်းသပ်ကြည့်ပြီး မန္တာန်စစ်သည် စစ်တပ်ထဲမှာ ဘယ်လို အစွမ်းထက်တဲ့သူတွေ ပါလဲဆိုတာ ကြည့်ရအောင်။ လောလောဆယ်တော့ တာအိုမိတ်ဆွေ သုံးယောက်ကို အလုပ်ရှုပ်စေမိမှာပဲ"
ထို့နောက် သူသည် ပုယွင်ဟယ်နှင့်အတူ ရောက်လာသော အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးထံသို့ လှည့်ကြည့်ကာ ပြော၏။
"မင်းတို့ နှစ်ယောက်လည်း ငါတို့နောက်က လိုက်ခဲ့။ မင်းတို့က သူတို့နဲ့ တိုက်ခိုက်ဖူးတာဆိုတော့ သူတို့ရဲ့ လျှို့ဝှက်နည်းပရိယာယ်တွေကို သိလိမ့်မယ်။ ငါတို့ကို သတိပေးချက်တွေ ပေးနိုင်တာပေါ့"
အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများထဲမှ တစ်ဦးမှာ ထူထဲသော မျက်ခုံးများနှင့် ညိုမည်းသော အသားအရေ ရှိပြီး အခြားတစ်ဦးမှာမူ သုန်မှုန်သော မြင်းပုံသဏ္ဌာန် မျက်နှာ ရှိသည်။ ၎င်းတို့ နှစ်ဦးစလုံးမှာ ထိပ်ပြောင်သောအမျိုးသားကြီး၏ စကားကို ကြားရသည့်အခါ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး အမိန့်ကို ရိုသေစွာ နာခံလိုက်ကြသည်။
ဟန်လိသည် ဗုံတီးသံများ ထွက်ပေါ်လာရာ ဦးတည်ရာသို့ လှည့်ကြည့်လိုက်ပြီး အမူအရာကင်းမဲ့စွာဖြင့် ဝေးလံသော နေရာသို့ စိုက်ကြည့်နေခဲ့သည်။
နဂါးဝါတောင်တန်း၏ တောင်ဘက်တွင်မူ မောက်လန် မန္တာန်စစ်သည် အမြောက်အမြားမှာ ချဉ်းကပ်လာနေကြပြီ ဖြစ်သည်။ သူတို့သည် အောက်ဘက်ရှိ အစိမ်းရောင် မြူပင်လယ်၏ အထက်တွင် စနစ်တကျ စီတန်း ပျံသန်းလာကြသဖြင့် မိုးကုတ်စက်ဝိုင်း တစ်ခုလုံးမှာ သူတို့၏ ပုံရိပ်များဖြင့် ပြည့်နှက်နေခဲ့သည်။
မန္တာန်စစ်သည် စစ်တပ်၏ အရှေ့ဆုံးတွင်မူ လူ ဆယ်ဂဏန်းခန့် ဘေးချင်းယှဉ် ရပ်နေကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များမှ ဝိညာဉ်အလင်းတန်းများနှင့် ရတနာ အငွေ့အသက်များမှာ လက်ဖြာနေခဲ့သည်။ ၎င်းတို့မှာ မောက်လန် စစ်တပ်၏ အဆင့်မြင့် မန္တာန်စစ်သည်များ ဖြစ်ကြသည်။ ၎င်းတို့ထဲတွင် လူ သုံးဦးမှာ အထူး သိသာထင်ရှားလှသည်။ တစ်ဦးမှာ အနီရောင်အလင်းတန်းများ ဖုံးလွှမ်းနေပြီး သူ၏ ခန္ဓာကိုယ်တလျှောက်တွင် ရက်စက်ကြမ်းကြုတ်လှသော မီးနဂါးတစ်ကောင်မှာ ဝဲပျံနေသည်၊ အခြားတစ်ဦးမှာမူ ဝါးလုံးတစ်လုံးကဲ့သို့ ရှည်လျားပိန်လှီနေသဖြင့် လေတိုက်ရုံနှင့်ပင် လဲကျသွားမည့်ပုံစံ ရှိနေသည်၊ နောက်ဆုံး တစ်ဦးမှာမူ အနက်ရောင် ဝတ်ရုံကို ဖုံးလွှမ်းထား၏။
ထိုအနက်ရောင်ဝတ်ရုံဝတ် ပုဂ္ဂိုလ်မှာ သူ၏ မျက်နှာကို ဖုံးကွယ်ထားသော်လည်း သူ၏ ခန္ဓာကိုယ်မှ အနက်ရောင် မိစ္ဆာချီများ ထွက်ပေါ်နေသလို တစ္ဆေများ၏ ငိုကြွေးသံများကိုလည်း တိုးညင်းစွာ ကြားနေရသည်။ ဤသည်မှာ ပတ်ဝန်းကျင်ရှိ သူများကို ထိတ်လန့်သွားစေရန် လုံလောက်လှပေသည်။ ဤသို့ ဖြစ်သော်လည်း ထိုအနက်ရောင်ဝတ်ရုံဝတ် ပုဂ္ဂိုလ်၏ ဘေးတွင်မူ အစောင့်အရှောက် နှစ်ဦး လိုက်ပါလာခဲ့သည်။ သို့သော်လည်း ထိုအနက်ရောင်ဝတ်ရုံဝတ် မန္တာန်စစ်သည်မှာမူ စစ်တပ်၏ အရှေ့ဆုံးတွင် တစ်ဦးတည်း သီးခြား ပျံသန်းနေသဖြင့် ထိုစစ်တပ်နှင့် မသက်ဆိုင်သည့်အလား ရှိနေခဲ့သည်။
အခြားသော မန္တာန်စစ်သည်များသည် ထိုအနက်ရောင်ဝတ်ရုံဝတ် ပုဂ္ဂိုလ်ကို ထိတ်လန့်ကြောက်ရွံ့ဟန်ဖြင့် လှမ်းမကြည့်ရဲဘဲ ဖြစ်နေကြသည်။ သို့သော်လည်း အကယ်၍ သေသေချာချာ ကြည့်ရှုမည်ဆိုလျှင်မူ ၎င်းတို့၏ မျက်ဝန်းများအတွင်း၌ မုန်းတီးမှု အရိပ်အယောင်အချို့ကိုလည်း တွေ့မြင်နိုင်ပါလိမ့်မည်။
အပိုင်း (၇၃၂) မီးဝိညာဉ်နဂါး
အနက်ရောင်ဝတ်ရုံဝတ် ပုဂ္ဂိုလ်၏ ဘေးရှိ အဆင့်မြင့် မန္တာန်စစ်သည် နှစ်ဦးမှာ ရှေ့မှ မန္တာန်အစီအရင်ကြီးကို မည်သို့ ဖျက်ဆီးရမည်ကို တိုးတိုးတိတ်တိတ် တိုင်ပင်နေကြသည်။ ၎င်းတို့ တိုင်ပင်ပြီးသည့်နောက်တွင် အင်မတန် ရှည်လျားပိန်လှီသော ကျင့်ကြံသူသည် အပြာရောင်အလင်းတန်းများ ဖုံးလွှမ်းလျက် အနက်ရောင်ဝတ်ရုံဝတ် ပုဂ္ဂိုလ်၏ ဘေးတွင် ရုတ်တရက် ပေါ်လာတော့သည်။
“သခင်ကြီး ကောင်းကင်မျက်ရည်… ကျွန်တော်တို့ စတိုက်ကြတော့မလား… ဒီက အစီအရင်က အရင်တစ်ခုထက် ပိုပြီး အစွမ်းထက်ပုံရတယ်… ပြီးတော့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ အချို့လည်း ရှိနေတယ်လို့ ကြားရတယ်… အချိန်အတော်လေး ပေးရမှာ ကျွန်တော် စိုးရိမ်မိတယ်…”
အနက်ရောင်ဝတ်ရုံဝတ် မန္တာန်စစ်သည်က ခေါင်းခါယမ်းလျက် ဆို၏။
“ငါတို့ အရင် တိုက်ခိုက်ဖို့ မလိုပါဘူး… သူတို့ ထွက်လာဖို့ ဆုံးဖြတ်လိုက်ကြပြီပဲ… ငါတို့ ဘာလုပ်မလဲဆိုတာ မဆုံးဖြတ်ခင် အဲဒီကျင့်ကြံသူတွေ ဘယ်လောက်အထိ စွမ်းအားရှိလဲဆိုတာ အရင် ကြည့်ရအောင်…”
သူ၏ အသံမှာ လျှာမပါသည့်အလား အက်ကွဲပြီး မပီမသ ဖြစ်နေသဖြင့် နားထောင်ရသူများကို မသက်မသာ ဖြစ်စေသည်။ ပိန်ရှည်သော မန္တာန်စစ်သည်က ဤသည်ကို ကြားသောအခါ အံ့အားသင့်စွာ မျက်တောင်ခတ်လိုက်ပြီး အောက်ဘက်ရှိ အစိမ်းရောင် မြူခိုးများထံသို့ ငုံ့ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ငြိမ်သက်နေသော မြူပင်လယ်ကြီးမှာ ရုတ်တရက် လှုပ်ရှားလာပြီး အလင်းတန်းများ လင်းလက်လျက် နှစ်ခြမ်းကွဲသွားတော့သည်။
မကြာမီမှာပင် အတွင်းမှ အလင်းတန်း ခုနစ်ခု ပျံထွက်လာခဲ့သည်။ ၎င်းတို့မှာ စဦးစိတ်ဝိညာဉ်အဆင့် ငါးဦးနှင့် အမြုတေဖွဲ့စည်းခြင်းအဆင့် နှစ်ဦး ပါဝင်သော အဖွဲ့ပင် ဖြစ်သည်။ ထိပ်ပြောင်သော အမျိုးသားကြီး၏ အမိန့်အရ ကောင်းကင်လှေကားတောင်ကြားမှ ထွက်ပြေးလာကြသော အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများနှင့် ချုံရွှီစီမှလွဲ၍ အဆင့်နိမ့်ကျင့်ကြံသူများကို လိုက်ပါခွင့် မပြုခဲ့ချေ။
ဟန်လိသည် လေထဲတွင် ရပ်တန့်လိုက်ပြီး မန္တာန်စစ်သည် စစ်တပ်ကို ဝေ့ကြည့်လိုက်သည်။ သေချာပေါက်ပင် အရှေ့ဆုံးမှ မန္တာန်စစ်သည် ဆယ်ဦးမှာ သူ၏ အာရုံကို ဆွဲဆောင်နိုင်ကြသည်။အထူးသဖြင့် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်ဝတ်ရုံဝတ် ပုဂ္ဂိုလ်ပင်။ သူသည် ထိုသူကို အကြာကြီး စိုက်မကြည့်ရဲဘဲ အလိုအလျောက်ပင် အကြည့်ကို လွှဲလိုက်မိသည်။ သူသည် ဤအနက်ရောင်ဝတ်ရုံဝတ် ပုဂ္ဂိုလ်ကို မြင်လိုက်ရသည့်အခါ အရိုးသခင် ရှောင်ချကို ချက်ချင်း သတိရသွားတော့သည်။
'ဒီလူကလည်း တစ္ဆေတာအို ကျင့်ကြံသူ တစ်ယောက်များလား…'
ဟန်လိ၏ နှလုံးသားမှာ တုန်ခါသွားရပြီး သူသည် ပိုမို၍ သတိထားလိုက်တော့သည်။ အတိတ်တုန်းက အရိုးသခင်သည် ဝိညာဉ်သေ၏ ခန္ဓာကိုယ်ကို မသိမ်းပိုက်မီတုန်းက သူ၏ ရုပ်ပိုင်းဆိုင်ရာမှာ ယင်ချီနှင့် တစ္ဆေချီများဖြင့် ထူထပ်နေခဲ့သည်။ သို့သော်လည်း ဤအနက်ရောင်ဝတ်ရုံဝတ် ပုဂ္ဂိုလ်၏ အငွေ့အသက်မှာမူ ဟန်လိအနေဖြင့် လောလောဆယ် ဖော်ပြလို့မရနိုင်သော ကွဲပြားမှုအချို့ ရှိနေခဲ့သည်။
ဟန်လိနှင့် အဖွဲ့ ရောက်ရှိလာသည့်အခါ အထက်ရှိ မန္တာန်စစ်သည်များမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ခန္ဓာကိုယ်တွင် မြွေဟောက်ကြီး ပတ်ထားသော မန္တာန်စစ်သည်သည် ရုတ်တရက် ကြီးမားသော အလင်းလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျင့်ကြံသူများရှိရာသို့ ဒုန်းစိုင်း ပျံဆင်းလာတော့သည်။ ဟန်လိနှင့် အဖွဲ့သည် ဤသည်ကို မြင်သောအခါ ထိတ်လန့်ခြင်း အလျှင်းမရှိဘဲ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့ကြသည်။
ထိုမန္တာန်စစ်သည်သည် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်နေသူ မဟုတ်သရွေ့ တစ်ဦးတည်းနှင့် ဦးဆောင် တိုက်ခိုက်ရဲမည် မဟုတ်ချေ။ ရလဒ်အနေဖြင့် ကျင့်ကြံသူ အုပ်စုမှာ သူတို့၏ ရှေ့ ပေ ၇၀ ခန့် အကွာသို့ ရောက်ရှိလာသော ကြီးမားလှသည့် မီးလုံးကြီးကို ရန်လိုသော အကြည့်များဖြင့်သာ ကြည့်နေခဲ့ကြသည်။ မီးတောက်များထံမှ ထွက်ပေါ်နေသော ပူပြင်းလှသော အပူရှိန်မှာ အဝေးမှပင် ခံစားနေရသဖြင့် ကျင့်ကြံသူ အများအပြားမှာ ထိတ်လန့်သွားကြရသည်။
မီးတောက်များအတွင်းမှ ပုံရိပ်တစ်ခု ပေါ်လာပြီးနောက် ပတ်ဝန်းကျင် လေထုကို တုန်ခါစေသော မိုးခြိမ်းသံကဲ့သို့ အသံကြီး ထွက်ပေါ်လာသည်။
“ငါက မီးဓလေ့မျိုးနွယ်စုရဲ့ နတ်ဘုရားပညာရှိ ကုယောင် ပဲ… မင်းတို့ ရောက်လာမှတော့ ငါတို့ရဲ့ စွမ်းရည်တွေကို အရင် စမ်းသပ်ချင်လို့ ဖြစ်ရမယ်… ဘယ်လို ယှဉ်ပြိုင်ကြမလဲ… တစ်ဦးချင်းလား ဒါမှမဟုတ် အုပ်စုလိုက် တိုက်မလား…”
ထိပ်ပြောင်သော အမျိုးသားကြီးက ထိုမီးလုံးကြီးကို စိုက်ကြည့်လျက် အေးစက်စွာ ပြန်လည်ဖြေကြား၏။
“တစ်ဦးချင်းပဲ… ဘယ်သူ အသက်ရှင်မလဲဆိုတာကို ကံတရားကပဲ ဆုံးဖြတ်ပါစေ…”
ကုယောင်က မီးလုံးအတွင်းမှ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဆို၏။
“ကောင်းပြီ… ငါ အလိုရှိနေတာလည်း အဲဒါပဲ… ငါက မင်းတို့ရဲ့ ပထမဆုံး ပြိုင်ဘက် ဖြစ်လာမှာပေါ့… ကြိုက်တဲ့သူ ထွက်လာခဲ့လိုက်…”
ကျင့်ကြံသူများမှာ ဤစကားကြောင့် အမျက်ထွက်သွားကြ၏။ အထူးသဖြင့် အဘိုးအိုမာပင်။ သူ့မျက်နှာမှာ သုန်မှုန်သွားသည်။ သူ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာပြီး အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ရှေ့သို့ ပျံထွက်ခဲ့တော့သည်။ ထိပ်ပြောင်သော အမျိုးသားကြီးမှာ ခဏမျှ တွန့်ဆုတ်နေသော်လည်း အဘိုးအိုကို မတားဆီးတော့ဘဲ ပထမဆုံး တိုက်ပွဲဝင်ရန် တိတ်ဆိတ်စွာ ခွင့်ပြုလိုက်သည်။
သူ၏ အမြင်အရ ၎င်းတို့ထဲတွင် မည်သူက အစွမ်းအထက်ဆုံးလဲ ဆိုသည်ကို သူ မသိရှိချေ။ သေချာပေါက်ပင် အခုမှ စဦးစိတ်ဝိညာဉ်အဆင့်ကို ရောက်ရှိလာသော ဟန်လိကိုမူ သူ ထည့်တွက်မထားခဲ့ချေ။
ကုယောင်သည် အဖြူရောင်အလင်းတန်း ရှေ့သို့ ပျံလာသည်ကို မြင်သောအခါ သူသည် တိတ်ဆိတ်စွာ နောက်သို့ ဆုတ်လိုက်ပြီး အဘိုးအိုမာသည်လည်း ၎င်းတို့ နောက်သို့ လိုက်ပါသွားရာ နောက်ဆုံးတွင် မန္တာန်စစ်သည် စစ်တပ်နှင့် အစိမ်းရောင် မြူခိုးများ၏ အလယ်ဗဟို နေရာသို့ ရောက်ရှိသွားကြသည်။ ဤသို့ဖြင့် ၎င်းတို့ နှစ်ဦးစလုံးမှာ တစ်ဖက်ဖက်မှ ရုတ်တရက် ဝိုင်းရံတိုက်ခိုက်ခံရမည့် ဘေးကို စိုးရိမ်စရာမလိုဘဲ အစွမ်းကုန် တိုက်ခိုက်နိုင်မည် ဖြစ်သည်။
ထိပ်ပြောင်သော အမျိုးသားကြီးသည် မြင်းမျက်နှာနှင့် ကျင့်ကြံသူထံသို့ လှည့်ကြည့်ကာ လေးနက်စွာ မေး၏။
“ဒီမောက်လန် နတ်ဘုရားပညာရှိက ဘာစွမ်းရည်တွေ ရှိလဲ… သူ သုံးတဲ့ အထူးနည်းစနစ်တွေရော ရှိလား…”
ထိုသူ၏ မျက်နှာတွင် နာကျည်းမှု အရိပ်အယောင်များ ပေါ်လာပြီး ပြန်လည်ဖြေကြား၏။
“သူ့ရဲ့ မီးဓာတ်အတတ်တွေက အင်မတန် စွမ်းအားကြီးပါတယ်… အထူးသဖြင့် သူ့ကိုယ်ပေါ်က မီးမြွေဟောက်ကြီးက တကယ်ကို လျင်မြန်သလို ခုခံဖို့လည်း အင်မတန် ခက်ခဲတယ်… ကောင်းကင်လှေကားတောင်ကြားက ငါ့ရဲ့ အဖော် အမြုတေဖွဲ့စည်းခြင်းအဆင့် ကင်းစောင့်တစ်ယောက်ဟာ အဲဒီမြွေဟောက်ကြီးရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး ပြာအဖြစ် ပြောင်းလဲသွားခဲ့ရတယ်…”
“အိုး… ဒီလိုကိုး…”
ထိပ်ပြောင်သော အမျိုးသားကြီးက ဘေးသို့ လှည့်ကြည့်ကာ သိချင်စိတ်ဖြင့် ဆို၏။
“ညီလေးကု… ငါ မှတ်မိသလောက်ဆိုရင် မဟာနန်းဆောင်ရဲ့ မဟာဖြောင့်မတ်ခြင်းအတတ်ဟာ အပူနှင့် မီးတောက်တွေကိုတင်မကဘဲ တစ္ဆေတွေနဲ့ မိစ္ဆာတွေကိုပါ ခုခံနိုင်စွမ်း ရှိတယ် မဟုတ်လား… သူကတော့ ဒီမန္တာန်စစ်သည်ကို ရင်ဆိုင်ဖို့ အားသာချက် ရှိမှာပဲ…”
ကုရွှမ်းဖူက မရေမရာလေသံဖြင့် ပြန်တုံ့ပြန်သည်။
“ပြောဖို့ ခက်ပါတယ်… တကယ်လို့ သာမန် မီးဓာတ်အတတ်တွေဆိုရင်တော့ မဟာဖြောင့်မတ်ခြင်းအတတ်က ဘာပြဿနာမှ မရှိဘဲ ကိုင်တွယ်နိုင်မှာပါ… ဒါပေမဲ့ မောက်လန်တွေရဲ့ လောကဝိညာဉ်မီးတောက် သုံးမျိုးကို သုံးတဲ့ အတတ်တွေဆိုရင်တော့ မဟာဖြောင့်မတ်ခြင်းအတတ်ရဲ့ နယ်ပယ်ကို ကျော်လွန်သွားမှာကို ငါ စိုးရိမ်မိတယ်… ဘယ်လိုပဲဖြစ်ဖြစ် တာအိုမိတ်ဆွေမာက ဒီလူနဲ့ တိုက်ခိုက်ဖို့ ငါတို့ထဲမှာ အသင့်တော်ဆုံးပါပဲ… သူ့ရဲ့ မဟာဖြောင့်မတ်ခြင်းအတတ်က မီးတောက်တွေကို မနှိမ်နင်းနိုင်ရင်တောင်မှ မီးတောက်တွေရဲ့ မိစ္ဆာဆန်တဲ့ လွှမ်းမိုးမှုတွေကိုတော့ တောင့်ခံနိုင်လိမ့်မယ်… စိတ်အတွင်းနတ်ဆိုး တန်ပြန်တိုက်ခိုက်မှာကိုတော့ စိုးရိမ်စရာ မရှိပါဘူး…”
ထိပ်ပြောင်သော အမျိုးသားကြီးမှာ ဤစကားကို ကြားရသည့်အခါမှ စိတ်အေးသွားပြီး သက်ပြင်းရှည် ချနိုင်တော့၏။ ဟန်လိသည် ကြီးမားလှသော မီးလုံးကြီးအတွင်းရှိ မီးမြွေဟောက်ကို လှမ်းကြည့်လိုက်သည့်အခါ သူ၏စိတ်မှာ လှုပ်ရှားသွားရသည်။ သူ၏ မျက်ဝန်းများအတွင်း၌ အပြာရောင်အလင်းတန်းများ လက်သွားပြီးနောက် သူ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ခေတ္တမျှ ပေါ်လာတော့သည်။
ထိုခဏမှာပင် အဘိုးအိုမာသည် လက်နှစ်ဖက်ကို မန္တာန်ချိပ်ဟန်ဖြင့် စုစည်းလိုက်ရာ သူ၏ ခန္ဓာကိုယ်မှ နူးညံ့လှသော အဖြူရောင် အလင်းတန်းများ စတင် တောက်ပလာတော့သည်။ ထိုအချိန်မှာပင် သူသည် ပါးစပ်ကို ဖွင့်လိုက်ပြီး သစ်ကြားသီးအရွယ်အစားလောက်ရှိမည့် ငွေရောင် အလင်းစက်လေးတစ်ခုကို ထွေးထုတ်လိုက်သည်။ လေပြင်းတစ်ချက် တိုက်ခတ်သွားပြီးနောက် ထိုငွေရောင်အလင်းတန်းမှာ ပေတံတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်းသည် ခေတ္တမျှ တုန်ခါသွားပြီးနောက် ငွေရောင်အလင်းတန်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာကာ အမြင့်ဆုံး ကောင်းကင်ဘုံမှ အသန့်စင်ဆုံးသော ဖီးနစ်ငှက်၏ အော်မြည်သံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာတော့သည်။
ကုယောင်မှာမူ ချက်ချင်း တိုက်ခိုက်ခြင်း မရှိဘဲ လက်ပိုက်လျက် အဘိုးအိုကို လှောင်ပြုံးဖြင့် တည်ငြိမ်စွာ ကြည့်နေခဲ့သည်။ ဤလုပ်ရပ်က အဘိုးအိုမာကို ဒေါသထွက်သွားစေပြီး သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ ဦးဆောင် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုအခိုက်အတန့်တွင် သူ၏ နားထဲ၌ အင်မတန် တိုးညင်းလှသော်လည်း ကြည်လင်ပြတ်သားသော အသံလွှင့်စကားတစ်ခွန်းကို ရုတ်တရက် ကြားလိုက်ရသည်။
အဘိုးအိုမာသည် သူ ကြားလိုက်ရသည့်အရာကြောင့် ထိတ်လန့်သွားပြီး ဇဝေဇဝါဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သူ၏ အကြည့်မှာ ဟန်လိထံသို့ ကျရောက်သွားတော့သည်။ ဟန်လိက အဘိုးအိုကို ဖော်ရွေစွာ ပြုံးပြလိုက်သည်။ အဘိုးအိုသည် အံ့ဩခြင်းနှင့် သံသယများ စိတ်ထဲ၌ ပြည့်နှက်နေသော်လည်း သူ၏ အကြည့်ကို ကုယောင်ထံသို့ ပြန်လည် လွှဲလိုက်ပြီး သူ၏ မျက်နှာမှာ သုန်မှုန်သွားတော့သည်။
အဘိုးအိုမာက ကုယောင်ကို သေချာကြည့်၏။ သူက သုန်မှုန်စွာဖြင့် ပြောလိုက်လေသည်။
“မင်းရဲ့ မီးမြွေဟောက်က သာမန် ဝိညာဉ်သားရဲ မဟုတ်ဘူးပဲ…”
ကုယောင်က အသံတိတ်သွား၏။ သူက လှောင်ပြုံးပြုံးလျက် ဆို၏။
“အိုး… မင်းမှာ အကဲခတ်နိုင်စွမ်း ရှိသားပဲ… ငါ့ရဲ့ မီးမြွေဟောက်က လောကမီးဝိညာဉ်ကနေ ဖြစ်တည်လာတာ… သာမန် ဝိညာဉ်သားရဲတွေနဲ့တော့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရဘူးကွ…”
သူ၏ ခန္ဓာကိုယ်မှာ ခေတ္တမျှ တုန်ခါသွားပြီးနောက် သူ၏ ကိုယ်ပေါ်မှ မီးမြွေဟောက်မှာ အနီရောင်အလင်းများ တောက်ပလာကာ ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။ မြွေဟောက်၏ ဦးခေါင်းတွင် ဦးချိုတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော လက်သည်းများ ထွက်ပေါ်လာကာ တောက်ပြောင်နေသည့် အနီရောင် အကြေးခွံများရှိသော မီးဝိညာဉ်နဂါး အသွင်သို့ ပြောင်းလဲသွားတော့သည်။ ၎င်းသည် ကုယောင်၏ ဦးခေါင်းထက်တွင် ကြောက်မက်ဖွယ်ကောင်းသော ဟန်ပန်ဖြင့် ဝဲပျံနေခဲ့သည်။
“အသွင်ပြောင်း မီးဝိညာဉ် ဟုတ်လား…”
ထိပ်ပြောင်သော အမျိုးသားကြီးက ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။ ကုရွှမ်းဖူ၏ မျက်နှာမှာလည်း ကြည့်မကောင်းအောင် ဖြစ်သွားတော့သည်။ အဘိုးအိုမာသည် သူ၏ စိတ်ထဲမှ ထိတ်လန့်သွားရသည်။ သူ့ပြိုင်ဘက်၏ မီးဓာတ်အတတ်များမှာ မီးဝိညာဉ်များကို သန့်စင်ပြီး အသွင်ပြောင်းနိုင်သည့် အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ ဤသည်မှာ သာမန် စဦးစိတ်ဝိညာဉ်အဆင့် မန္တာန်စစ်သည် တစ်ဦး စွမ်းဆောင်နိုင်သည့် အရာ မဟုတ်ချေ။ တိုက်ပွဲကား ပြင်းထန်ပေတော့မည်။
ထိုသို့ စဉ်းစားမိ၍ အဘိုးအိုမာသည် သူ၏ အင်အား ၇၀ ရာခိုင်နှုန်းကိုသာ သုံးရန် စဉ်းစားထားသော မူလအစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။ သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ လက်အင်္ကျီကို အားဖြင့် ဝှေ့ယမ်းလိုက်ရာ သက်တံရောင် အလင်းတန်းများ ဖုံးလွှမ်းနေသည့် ပစ္စည်းတစ်ခု ထွက်ပေါ်လာတော့သည်။ ၎င်းသည် သူ၏ ဦးခေါင်းကို တစ်ပတ်ပတ်ပြီးနောက် သူ၏ အထက် သုံးပေခန့်အကွာတွင် ရပ်တန့်သွားတော့သည်။ ထိုအခိုက်အတန့်တွင် အောက်ဘက်ရှိ ကျင့်ကြံသူများနှင့် ဝေးလံသော နေရာမှ မန္တာန်စစ်သည်များ အားလုံးမှာ သိချင်စိတ်ဖြင့် စောင့်ကြည့်နေကြသည်။
ဟန်လိသည်လည်း ထိုပစ္စည်းကို လှမ်းကြည့်လိုက်သည်။ ၎င်းမှာ လုံးဝန်းပြီး ပါးလွှာကာ ပေ ၇၀ ခန့် ရှည်လျားသည့် ဝါဖျော့ဖျော့ စာလိပ် တစ်ခု ဖြစ်သည်။ ထိုစာလိပ်မှာ ကုယောင်ထံသို့ မျက်နှာမူထားပြီး အဘိုးအိုမာက လေးနက်သော မန္တာန်တစ်ခုကို ရွတ်ဆိုလိုက်သည့်အခါ ဖြည်းညင်းစွာ ပွင့်သွားတော့သည်။ ရလဒ်အနေဖြင့် ထိုစာလိပ်ပေါ်တွင် သာမန် အဋ္ဌဂံပုံစံ ပုံရိပ်တစ်ခု ပေါ်လာတော့သည်။
အဘိုးအိုမာသည် ထိုစာလိပ်ကို အခြေခံ မန္တာန်တံဆိပ်တစ်ခုဖြင့် ရိုက်နှက်လိုက်ရာ စာလိပ်မှာ တောက်ပလာပြီးနောက် ထိုပုံရိပ်ထံမှ အံ့မခန်းလှသော လှုပ်ခတ်မှုများ ရုတ်တရက် ထွက်ပေါ်လာတော့သည်။ ကုယောင်သည် ထိုလှုပ်ခတ်မှုများကို မြင်လိုက်ရသည့်အခါ အခြေအနေ မဟန်တော့မှန်း သိရှိလိုက်ပြီး အဘိုးအိုထံသို့ ချက်ချင်း လက်ညွှန်လိုက်၏။ သူ၏ ဦးခေါင်းထက်တွင် ဝဲပျံနေသော မီးဝိညာဉ်နဂါးသည် ရုတ်တရက် ပါးစပ်ဟကာ အဆုံးမရှိသော အနီရောင် မီးတောက်များကို မှုတ်ထုတ်လိုက်ရာ အဘိုးအိုမာနှင့် ထိုအဋ္ဌဂံပုံစံ စာလိပ်တို့မှာ မီးပင်လယ်ကြီးအတွင်း၌ ချက်ချင်းပင် နစ်မြုပ်သွားတော့သည်။