အခန်း (၇၃၅-၇၃၆)
Vol. 53 Ch. 735-736
အပိုင်း (၇၃၅) အမြီးနှစ်ခွမြွေ
ဟန်လိ၏ အကြည့်မှာ အေးစက်သွား၏။ သူက လက်နှစ်ဖက်ကို ရုတ်ချည်း ခါယမ်းပြီး ရွှေရောင်ကွန်ရက်ကြီးထံသို့ လျှပ်စီးတန်းတစ်ခု ပစ်လွှတ်လိုက်တော့သည်။ ထိမှန်သွားသည်နှင့်တစ်ပြိုင်နက် ကွန်ရက်ကြီးထံမှ မရေမတွက်နိုင်သော လျှပ်စီးတန်းများ တောက်လောင်လာပြီး ချက်ချင်းပင် ကျုံ့ဝင်သွားတော့သည်။ ထို့နောက် အနက်ရောင် အလင်းမျှင်တန်း တစ်ခုချင်းစီမှာ ရွှေရောင်လျှပ်စီးများနှင့် ထိပ်တိုက် တိုးမိကုန်ကြသည်။
ကြီးမားလှသော အလင်းတစ်ချက် လက်သွားပြီးနောက် ရွှေရောင်လျှပ်စီးများသည် အနက်ရောင် ချီမျှင်တန်းများကို ပြာအဖြစ် ပြောင်းလဲပစ်လိုက်ရာ လောင်ကျွမ်းသွားသော အမျှင်တန်း တစ်ခုချင်းစီနှင့်အတူ စက်ဆုပ်ဖွယ်ကောင်းပြီး ကြေကွဲဖွယ်ရာ အော်ဟစ်သံကြီးများ ထွက်ပေါ်လာသည်။
မကြာမီမှာပင် ကျန်ရှိနေသော အနက်ရောင် အမျှင်တန်းများသည် ရွှေရောင်ကွန်ရက်၏ အလယ်ဗဟိုသို့ ပြန်လည် စုစည်းသွားပြီး အနက်ရောင် မိစ္ဆာစဦးစိတ်ဝိညာဉ် တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်း၏ မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ၎င်းသည် ပါးစပ်ကို ဖွင့်လိုက်ပြီး အစင်းလိုက် အစင်းလိုက် ဖြစ်နေသော အနက်ရောင် ယင်ချီများကို ထွေးထုတ်လိုက်ရာ နတ်မိစ္ဆာနှိမ်နင်းခြင်း လျှပ်စီးများ သူ၏ ခန္ဓာကိုယ်အနားသို့ ထပ်မံ မချဉ်းကပ်နိုင်စေရန် အထပ်ထပ် အလွှာလွှာ ဖုံးအုပ်ရန် ကြိုးစားတော့သည်။
ဟန်လိ၏ မျက်နှာမှာမူ ခေတ္တမျှ ပေါ်လာသော လှောင်ပြုံးမှလွဲ၍ စိတ်ခံစားချက် ကင်းမဲ့နေ၏။ သူသည် သူ၏လက်ထဲမှနေ၍ မျက်စိစူးလောက်အောင် တောက်ပသည့် လျှပ်စီးတန်း တစ်ခုကို ပစ်လွှတ်လိုက်ပြီး မိစ္ဆာစဦးစိတ်ဝိညာဉ်ကို လွှမ်းခြုံလိုက်တော့သည်။ နောက်ထပ် ကြေကွဲဖွယ်ရာ အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာပြီးနောက် အသံဗလံများ ငြိမ်သက်သွား၏။ ထိုအခိုက်တွင် တိတ်ဆိတ်မှုသာ ကြီးစိုးသွားသည်။
ဟန်လိသည် ဤသည်ကို မြင်သောအခါ စိတ်ထဲမှ သက်ပြင်းချလျက် စိတ်အေးသွားပြီး ကျန်ရှိနေသော လျှပ်စီးများကို ပြန်လည် ရုပ်သိမ်းကာ နက်မှောင်သော သိုလှောင်အိတ်တစ်ခုကို သူ၏လက်ထဲသို့ လှမ်းယူလိုက်သည်။ ထို့နောက် သူသည် ခေါင်းမော့လိုက်ပြီး အထက်ရှိ မန္တာန်စစ်သည်များကို အမူအရာကင်းမဲ့စွာ ဝေ့ကြည့်လိုက်သည်။ ၎င်းနောက် သူ၏ခန္ဓာကိုယ်မှ အပြာရောင်အလင်းတန်းများ တောက်ပလာပြီး ကောင်းကင်တောင်ပိုင်း ကျင့်ကြံသူများရှိရာသို့ ပြန်လည် ပျံဆင်းလာခဲ့တော့သည်။
စကားစမြည် ပြောဆိုပြီးနောက် အချိန်အနည်းငယ်အတွင်းမှာပင် ဟန်လိသည် သူ၏ ပြိုင်ဘက်ကို နတ်မိစ္ဆာနှိမ်နင်းခြင်းလျှပ်စီးကို အသုံးပြုပြီး မယုံနိုင်စရာကောင်းသော အရှိန်နှုန်းဖြင့် အပြီးသတ် ချေမှုန်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်တောင်ပိုင်း ကျင့်ကြံသူများသာ မှင်တက်သွားရသည် မဟုတ်ဘဲ မောက်လန် မန္တာန်စစ်သည်များမှာလည်း မယုံကြည်နိုင်လောက်အောင် တုန်လှုပ်သွားကြရသည်။
ကောင်းကင်တောင်ပိုင်း ကျင့်ကြံသူများသည် အနက်ရောင်ဝတ်ရုံဝတ် ပုဂ္ဂိုလ်၏ အသေးစိတ် အချက်အလက်များကို မသိကြသော်လည်း ယေဘုယျအားဖြင့်တော့ ရိပ်မိကြသည်။ ဤလျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူများသည် မဟာတိုက်ကြီးတစ်ခုမှ မောက်လန်လွင်ပြင်သို့ ရောက်ရှိလာကြသူများ ဖြစ်ရပေမည်။ ထိုကျင့်ကြံသူများသည် အဘယ်ကြောင့် မောက်လန်လွင်ပြင်တွင် ရုတ်တရက် ပေါ်လာသလဲ ဆိုသည်ကို သူတို့ မသိကြသော်လည်း ၎င်းတို့သည် မောက်လန် မျိုးနွယ်စုကြီး သုံးခု၏ နတ်ဘုရားပညာရှိများနှင့် တစ်စုံတစ်ရာ သဘောတူညီမှု ရယူထားကြမှန်း သိသာလှသည်။ ၎င်းအပြင် ထိုကျင့်ကြံသူများသည် အဆင့်တူ အခြားကျင့်ကြံသူများထက် အများကြီး သာလွန်သော စွမ်းရည်များ ပိုင်ဆိုင်ထားကြသည်။ အစစ်အမှန် စစ်ပွဲကြီး မစတင်မီမှာပင် ကောင်းကင်တောင်ပိုင်း၏ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ နှစ်ဦးမှာ ဆက်တိုက် ကျဆုံးခဲ့ရသဖြင့် တိုက်ပွဲကိုဦးဆောင်လာသော မောက်လန်မျိုးနွယ်စုမှ နတ်ဘုရားပညာရှိ နှစ်ဦးမှာ ၎င်းတို့အပေါ် ယုံကြည်မှု ရှိနေခဲ့ကြခြင်းပင်။
အနက်ရောင်ဝတ်ရုံဝတ် ပုဂ္ဂိုလ်က ဒုတိယမြောက် တိုက်ပွဲတွင် ပါဝင်ရခြင်းမှာ မန္တာန်အစီအရင်ကြီးကို စောင့်ကြပ်နေသော စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ အရေအတွက် များပြားနေသည်ဟု သူ ခံစားရသဖြင့် အခွင့်အရေး ရတုန်း တစ်ယောက်ကို အရင် အပြတ်ရှင်းရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဤသာမန် ရုပ်ရည်ရှိသော လူငယ်လေးက အနက်ရောင်ဝတ်ရုံဝတ် ပုဂ္ဂိုလ်ကို လွယ်ကူစွာ သတ်ပစ်နိုင်လိမ့်မည်ဟု ဘယ်သူ ထင်ထားပါ့မည်နည်း။ သူ၏ စဦးစိတ်ဝိညာဉ်ပင် ထွက်ပြေးခွင့် မရလိုက်ခြင်းက မန္တာန်စစ်သည် နှစ်ဦးကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။
ပိန်ရှည်သော မန္တာန်စစ်သည်နှင့် ကုယောင်တို့ သတိပြန်ဝင်လာသည့်အခါ သူတို့သည် ထိတ်လန့်တကြားဖြင့် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး ခဏမျှ ကြောင်အလို့နေသည်။ တိုက်ပွဲကို ဆက်တိုက်ရမလား သို့မဟုတ် သူတို့နောက်မှ လက်အောက်ခံ မန္တာန်စစ်သည်များ၏ ထိတ်လန့်တကြားဆူညံမှုများကို ကိုင်တွယ်ရမလား ဆိုသည်ကို မသိနိုင်ဘဲ ဖြစ်နေကြသည်။ သို့သော် ထိုအခိုက်အတန့်တွင် သူတို့၏ နားထဲ၌ အင်မတန် တိုးညင်းလှသော အသံတစ်သံကို ကြားလိုက်ရသည်။
“လောလောဆယ် ဆုတ်ခွာလိုက်ကြဦး။ ငါတို့ရဲ့ အရှိန်အဟုန်က ပျက်သွားပြီ။ မနက်ဖြန်ကျမှ ငါတို့ရဲ့ အစီအစဉ်တွေကို ထပ်ပြီး စဉ်းစားကြတာပေါ့။ အဲဒီအချိန်ကျရင် အဲဒီအစီအရင်က ဖြစ်နိုင်တာကတော့…ဟားဟား။ ကောင်းကင်မျက်ရည် သေဆုံးသွားတာက အဆင်မပြေတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ဒီကိစ္စကို ငါကိုယ်တိုင် နတ်ဘုရားပညာရှိတွေဆီ ရှင်းပြပေးလိုက်မယ်။”
ထိုအသံမှာ ဘက်မလိုက်သော လေသံရှိသော်လည်း စကားလုံးများမှာမူ ငြင်းဆန်လို့မရသော အမိန့်ပေးသံများ ပါဝင်နေခဲ့သည်။ ပိန်ရှည်သော အမျိုးသားနှင့် ကုယောင်တို့မှာ ထိုအသံကို ကြားလိုက်ရသည့်အခါ ခဏမျှ မှင်တက်သွားသော်လည်း မကြာမီမှာပင် အမိန့်ကို နာခံလိုက်ကြပြီး ၎င်းတို့၏ လက်အောက်ရှိ မန္တာန်စစ်သည်များကို အမိန့်ပေးလိုက်ကြတော့သည်။ စစ်တပ်ကြီးမှာ နောက်ပြန်လှည့်ပြီး ဖြည်းညင်းစွာ ဆုတ်ခွာသွားတော့သည်။
နတ်ဘုရားပညာရှိ နှစ်ဦးမှာမူ အနောက်ဆုံးမှနေ၍ ကျင့်ကြံသူများကို သုန်မှုန်စွာ စိုက်ကြည့်ရင်း ဆုတ်ခွာသွားကြသည်။ သူတို့က ပျံသန်းမထွက်ခွာခင်မှာပင် ဟန်လိကို အထူးတလည် စိုက်ကြည့်သွားခဲ့ကြသေးသည်။ ကုရွှမ်းဖူသည် မန္တာန်စစ်သည်စစ်တပ် တပ်ဆုတ်သွားတာကို ကြည့်ရင်း မရေမရာလေသံဖြင့် မေး၏။
“ငါတို့ သူတို့နောက်ကို လိုက်တိုက်သင့်လား”
“လွှတ်ပေးလိုက်ပါ”
ထိပ်ပြောင်သော အမျိုးသားကြီးက ခေါင်းခါယမ်းလျက် ဆို၏။
“သူတို့ ဆုတ်ခွာသွားတယ်ဆိုပေမဲ့ အခုထိ ရှုံးနိမ့်သွားတာ မဟုတ်သေးဘူး။ ငါတို့သာ သူတို့နောက်ကို လိုက်တိုက်မယ်ဆိုရင် ငါတို့ကိုယ်တိုင် ဝိုင်းရံခံရနိုင်တယ်။ ဒါအပြင် ငါတို့က မန္တာန်အစီအရင်ကြီးကို စောင့်ကြပ်ရဦးမှာလေ။ ငါတို့ရဲ့ အင်အားကို ထိန်းသိမ်းပြီး အချိန်စောင့်တာက အကောင်းဆုံးပါပဲ။ ငါတို့ နဂါးဝါတောင်ရဲ့ အသံလှိုင်းတစ်ထောင်အစီအရင်က လွယ်လွယ်နဲ့ ပျက်စီးမှာ မဟုတ်ဘူး။ တကယ်လို့ မောက်လန်တွေက ဒါကို သိမ်းပိုက်ချင်တယ်ဆိုရင်တော့ အနည်းဆုံး သူတို့ရဲ့ အင်အားကို နှစ်ဆလောက် တိုးရလိမ့်မယ်”
ထိုသို့ ပြောပြီးနောက် ထိပ်ပြောင်သော အမျိုးသားကြီးသည် ဟန်လိထံသို့ မနေနိုင်ဘဲ လှည့်ကြည့်လိုက်မိသည်။ ဟန်လိက အနက်ရောင်ဝတ်ရုံဝတ် ကျင့်ကြံသူကို သတ်ပစ်နိုင်ခဲ့သည့် အံ့ဩစရာလုပ်ရပ်ကြောင့် ကျင့်ကြံသူများ အားလုံးမှာ အနေခက်သော တိတ်ဆိတ်မှုများဖြင့် ဘာပြောရမှန်း မသိဘဲ ဖြစ်နေကြရသည်။
လောလောဆယ်တွင် ဟန်လိသည် သူ၏ လက်ထဲရှိ အနက်ရောင် သိုလှောင်အိတ်ကို လှည့်ပတ်ကြည့်ရင်း ခပ်ဖျော့ဖျော့ ပြုံးနေခဲ့သည်။ မူလတုန်းက ဟန်လိ၏ ခပ်ဖျော့ဖျော့ အပြုံးများက ဤကျင့်ကြံသူများအပေါ် မည်သည့် ခံစားချက်မျှ မပေးနိုင်ခဲ့ချေ။ သို့သော်လည်း သူ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်လိုက်ပြီးနောက်တွင်မူ ဟန်လိ၏ အပြုံးမှာ ၎င်းတို့အပေါ်တွင် နက်နဲပြီး ထူးဆန်းသော ခံစားချက်တစ်ခု ပေးလိုက်တော့သည်။ ၎င်းတို့၏ မူလက သူ့အပေါ် ထားရှိသော အထင်သေးမှုများမှာလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ထိပ်ပြောင်သော အမျိုးသားကြီးက ပြုံးလိုက်ပြီး ဆို၏။
“တာအိုမိတ်ဆွေဟန်… အဆင့်မြင့် မန္တာန်စစ်သည်တစ်ဦးကို သတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ။ ဒီအောင်မြင်မှုကို ကိုးပြည်ထောင်စု မဟာမိတ်အဖွဲ့ဆီ သေချာပေါက် သတင်းပို့ပေးပါ့မယ်။ သူတို့ မင်းကို သေချာပေါက် ဆုလာဘ်တွေ အများကြီး ပေးပါလိမ့်မယ်”
အဘိုးအိုမာနှင့် ကုရွှမ်းဖူတို့လည်း ပြုံးလျက် ဂုဏ်ပြုစကား ဆိုကြသည်။ သို့သော်လည်း ဟန်လိ၏ မျက်နှာမှာမူ ၎င်းတို့၏ လေသံထဲတွင် ခပ်ဖျော့ဖျော့ ပါဝင်နေသော လေးစားမှုနှင့် အထင်ကြီးမှုများ ရှိနေသော်လည်း သူ့တုံ့ပြန်မှုကတော့ အရင်အတိုင်း အေးအေးဆေးဆေးပင်။ သူက တစ်ဖက်လူများ၏ သူ့အပေါ် သဘောထားပြောင်းလဲမှုကို လျစ်လျူရှုထားသည့်အလား။ ထိုသူတို့နှင့်အတူ အာလပသာလပ စကားအချို့ကိုသာ ပြန်လည်ပြောဆိုသည်။ သူ၏ အကြည့်မှာမူ ၎င်းတို့ထဲမှ တစ်ဦးထံသို့ အလိုအလျောက် ကျရောက်သွားသေးသည်။ မည်သူမျှ သတိမပြုမိသော အချိန်တွင် သူ၏ မျက်နှာပေါ်၌ မထင်မရှား လှောင်ပြုံးတစ်ခု ပေါ်လာတော့သည်။
မန္တာန်စစ်သည်စစ်တပ် လူမြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့် ထိပ်ပြောင်သော အမျိုးသားကြီးသည် အောက်ဘက်ရှိ မြူခိုးများအတွင်း လမ်းကြောင်းတစ်ခု ဖွင့်ပေးလိုက်ရာ အဖွဲ့သားများမှာ အလျင်အမြန်ပင် လူမြင်ကွင်းမှ ပျောက်ကွယ်သွားကြပြီး မကြာမီမှာပင် မြူခိုးများမှာ ပြန်လည် ပိတ်ဆို့သွားတော့သည်။ ယခုအခါ နဂါးဝါတောင်၏ ပတ်ဝန်းကျင်မှာ နောက်တစ်ကြိမ် ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။
ဟန်လိနှင့် အဖွဲ့ ခန်းမအတွင်းသို့ ပြန်ရောက်သည့်အခါ ယနေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲများအကြောင်း ခေတ္တမျှ ဆွေးနွေးကြပြီးနောက် အသီးသီး အနားယူရန် မိမိတို့ နေအိမ်များသို့ ပြန်သွားကြတော့သည်။ အထူးသဖြင့် အဘိုးအိုမာမှာမူ သူ၏ ရတနာ ပျက်စီးသွားရုံတင်မကဘဲ သူ၏ အသက်စွမ်းအားမှာလည်း အကြီးအကျယ် ထိခိုက်ထားရသဖြင့် အနားယူပြီး ပြန်လည် ကုသရန် အရေးတကြီး လိုအပ်နေခဲ့သည်။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ခန်းမအတွင်း၌ ထိပ်ပြောင်သော အမျိုးသားကြီး တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။
သူသည် ပင်မအဆောက်အအုံအတွင်း၌ ထိုင်နေပြီး ခေါင်းငုံ့လျက် အတွေးများအတွင်း နစ်မျောနေခဲ့သည်။ ခဏအကြာတွင် သူသည် ရုတ်တရက် မျက်ခုံးပင့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာတော့သည်။ သူက တိုးညင်းစွာ အော်ဟစ်လိုက်၏။
“ဘယ်သူလဲ… ထွက်ခဲ့စမ်း”
ထို့နောက် အလင်းတစ်ချက် လက်သွားပြီး ခန်းမအတွင်းသို့ နောက်ထပ် လူတစ်ဦး ပေါ်လာတော့သည်။
“ဟဲဟဲ။ အစ်ကိုလူ ရဲ့ စွမ်းရည်တွေက တကယ်ကို နက်နဲလှတာပဲ။ ကျွန်တော် ဝင်လာတာနဲ့ ခင်ဗျားက ချက်ချင်း သိတာပဲ။ ကိုးပြည်ထောင်စု မဟာမိတ်အဖွဲ့က ခင်ဗျားကို တစ်ယောက်တည်း အစီအရင်ကို စောင့်ခိုင်းထားတာ မထူးဆန်းပါဘူး”
ထိပ်ပြောင်သော အမျိုးသားကြီးမှာ မျက်မှောင်ကြုတ်လိုက်ပြီး ထူးဆန်းသော အမူအရာဖြင့် မေး၏။
“မင်းလား… ဘာလို့ အနားမယူတာလဲ… ဘာလို့ ခိုးကြောင်ခိုးဝှက် ပြန်လာရတာလဲ”
“ဘာမှ မဟုတ်ပါဘူး… လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့ခဲ့လို့ပါ… ခင်ဗျားနဲ့ ဆွေးနွေးသင့်တယ်လို့ ကျွန်တော် ခံစားရလို့ပါ”
ထိပ်ပြောင်သော အမျိုးသားကြီးက သူ့ကို အကဲခတ်သည့် အကြည့်ဖြင့် ကြည့်ကာ ဇဝေဇဝါဖြင့် မေး၏။
“လျှို့ဝှက်ချက် ဟုတ်လား… ဘာလျှို့ဝှက်ချက်လဲ”
“မျောလွင့်တိမ်တိုက်ဂိုဏ်းက တာအိုမိတ်ဆွေဟန် က မောက်လန်တွေရဲ့ သူလျှို ဖြစ်ဖို့ များတယ်ဗျ”
သူသည် အနည်းငယ်မျှပင် တွေဝေခြင်း မရှိဘဲ ပြောဆိုလိုက်ပြီး အတွင်းသို့ ဖြည်းညင်းစွာ လှမ်းဝင်လာခဲ့သည်။ ထိပ်ပြောင်သော အမျိုးသားကြီးမှာ အလိုအလျောက် ရယ်မောလိုက်မိပြီး သူ၏ မျက်နှာမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
“သူလျှို ဟုတ်လား… မင်း စိတ်များ မနှံ့တော့တာလား… တာအိုမိတ်ဆွေဟန် က ဒီနေ့တင် စဦးစိတ်ဝိညာဉ်အဆင့် မန္တာန်စစ်သည်တစ်ယောက်ကို သတ်ခဲ့တာနော်… အဲဒီအတွေးက တကယ်ကို ရယ်စရာကောင်းတာပဲ”
“အစ်ကိုလူ မယုံမှာကို ကျွန်တော် သိတာပေါ့၊ ဒါပေမဲ့ ကျွန်တော့်မှာ သက်သေရှိတယ်… ခင်ဗျား ကြည့်လိုက်ရင် ကျွန်တော် အမှန်အတိုင်း ပြောနေတာကို သိပါလိမ့်မယ်”
ထိုသူက သက်ပြင်းချလျက် ခါးသီးစွာ ပြုံးလိုက်ပြီး အလင်းတစ်ချက်နှင့်အတူ သူ၏ လက်ထဲသို့ ကျောက်စိမ်းပေလွှာတစ်ခုကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် သူသည် ရှေ့သို့ လှမ်းတက်လိုက်ပြီး အမျိုးသားကြီး၏ အနားသို့ ချဉ်းကပ်လိုက်တော့သည်။ ထိပ်ပြောင်သော အမျိုးသားကြီးသည် အံ့အားသင့်သော မျက်နှာထားဖြင့် သူ့ကို ရင်ဆိုင်ရန် ထရပ်လိုက်သည်။ ထို့နောက် သူသည် ကျောက်စိမ်းပေလွှာကို တည်ငြိမ်စွာပင် လှမ်းယူလိုက်တော့သည်။
အမျိုးသားကြီး ကျောက်စိမ်းပေလွှာကို လက်ခံရရှိလိုက်သည့် တစ်ချိန်တည်းမှာပင် သူ၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပျက်ယွင်းသွား၏။ သည့်နောက်တွင်မူ အစိမ်းရောင် အလင်းတစ်ချက် လက်သွားပြီးနောက် ကျောက်စိမ်းပေလွှာမှာ ရုတ်တရက် အစိမ်းရောင် မြွေငယ်လေးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်းက အမျိုးသားကြီး၏ လက်ကောက်ဝတ်ကို လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် ကိုက်ချလိုက်၏။
သူသည် အသံပင် မထွက်နိုင်။ ထိတ်လန့်တုန်လှုပ်သည့် အမူအရာဖြင့် ကြမ်းပြင်ပေါ်သို့ မလှုပ်မယှက် လဲကျသွားတော့သည်။ သူ၏ မျက်နှာမှာလည်း ခရမ်းရောင်အဖြစ် ပြောင်းလဲသွားသည်။ အလစ်ဖမ်းလုပ်ကြံသူ၏ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားသော အရိပ်အယောင်များ ပေါ်လာပြီး သူက တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
“အမြီးနှစ်ခွကျောက်စိမ်းမြွေကတော့ တကယ်ကို နာမည်ကြီးတဲ့အတိုင်း အဆိပ်ပြင်းတာပဲ… အထွဋ်အမြတ်အဆိပ်ဆယ်ပါးထက် ဘယ်လိုမှ အောက်မကျဘူး… အကိုက်ခံရပြီဆိုရင် စဦးစိတ်ဝိညာဉ် တောင်မှ ထွက်ပြေးဖို့ အင်အား မရှိတော့ဘူး… တကယ်လို့ ဒီမြွေသာ ပျံနိုင်မယ်ဆိုရင်တော့ တခြားကျင့်ကြံသူတွေကို သတ်ဖို့အတွက် အင်မတန် စွမ်းအားကြီးတဲ့ နည်းလမ်းတစ်ခု ဖြစ်မှာပေါ့”
ထို့နောက် သူသည် ဖြည်းညင်းစွာ အရည်ပျော်နေသော အလောင်းကို စစ်ဆေးရန် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်တော့သည်။ အစိမ်းရင့်ရောင် မြွေငယ်လေးသည် အလောင်းမှ သူ၏ အစွယ်များကို လွှတ်လိုက်ပြီးနောက် ဘေးသို့ တွားသွားလိုက်ရာ သူ၏ ကျောဘက်တွင် ပါးလွှာသော အမြီးနှစ်ခွကို တွေ့ရှိလိုက်ရသည်။ သူ၏ အမြီးနှစ်ခွဖြင့် မြေပြင်ကို ရိုက်ပုတ်လိုက်ပြီးနောက် သူ၏ သခင်၏ လက်ဖဝါးထက်သို့ ခုန်တက်လိုက်သည်။ ၎င်းသည် သူ၏ ခန္ဓာကိုယ်ကို ခွေလိပ်လိုက်ပြီး ခရမ်းရောင်သန်းသော လျှာဖြင့် တရှူးရှူး မြည်သံပြုနေသည်။ ၎င်း မျက်လုံးထဲတွင်မူ ထူးဆန်းသောအစိမ်းရောင်အလင်းများကို တွေ့ရ၏။
ထိုအခိုက်အတန့်တွင် ထိုသူသည် သူ၏လက်ကို သာသာယာယာ ဝှေ့ယမ်းလိုက်ပြီး အလောင်း၏ သိုလှောင်အိတ်ကို သူ၏လက်ထဲသို့ လှမ်းယူလိုက်သည်။ ထို့နောက် သူသည် တစ်စုံတစ်ခုကို အသည်းအသန် ရှာဖွေနေသည့်အလား သိုလှောင်အိတ်ကို သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် စိတ်လှုပ်ရှားစွာ ရှာဖွေနေတော့သည်။
အပိုင်း (၇၃၆) ဖော်ထုတ်ခံရခြင်း
ခေတ္တမျှအကြာတွင် ထိုသူသည် တိုးညင်းစွာ ရေရွတ်လိုက်သည်။
"မဖြစ်နိုင်တာ။ အမိန့်ပေးတံဆိပ်ပြားက ဘယ်ရောက်သွားတာလဲ။ သူ ဒီအိတ်ထဲကို ထည့်လိုက်တာ ငါ အသေအချာ မြင်သားပဲ"
၎င်းနောက် သူသည် မကျေမနပ်ဖြစ်လျက် အိတ်ကို ဇောက်ထိုးလှန်ချလိုက်ရာ အတွင်းရှိ ပစ္စည်းများမှာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည်။ ၎င်းတို့မှာ အဆင့်နိမ့် မှော်ကိရိယာ အချို့နှင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အနည်းငယ်သာ ဖြစ်နေခဲ့သည်။ မြေပြင်ပေါ်ရှိ ပစ္စည်းများကို မြင်လိုက်ရသည့်အခါ ထိုသူ၏မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့သွားပြီး သူ၏ခန္ဓာကိုယ်မှ အစိမ်းရောင်အလင်းတန်းများ ရုတ်တရက် လက်သွားတော့သည်။ ဘာစကားမျှ ထပ်မဆိုဘဲ သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ခန်းမဝင်ပေါက်ရှိရာသို့ ဒုန်းစိုင်း ပြေးထွက်ရန် ကြိုးစားလိုက်သည်။
သက်ပြင်းရှည်ကြီး တစ်ချက် ခန်းမအတွင်း၌ ပဲ့တင်ထပ်သွားတော့သည်။ မကြာမီမှာပင် နံရံတိုင်းမှ ငွေရောင်အလင်းတန်းများ လက်လာပြီးနောက် ငွေရောင်အလင်းလှိုင်းများဖြင့် သူ့ကို ဝန်းရံကာ ကြီးမားလှသော အလင်းအတားအဆီးကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။ သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ရပ်တန့်ရန် ရည်ရွယ်ချက် မရှိဘဲ ဆက်လက် ပြေးထွက်နေခဲ့သည်။ သူ၏ခါးကို ပုတ်လိုက်ရာ နက်မှောင်သော သင်းခွေချပ် ဝိညာဉ်သားရဲ တစ်ကောင် ထွက်ပေါ်လာပြီး သူ၏လမ်းကို ပိတ်ဆို့ထားသော အလင်းတန်းကို တိုက်ခိုက်လိုက်တော့သည်။ တိုးညင်းသော ပေါက်ကွဲသံတစ်ခုနှင့်အတူ ဝိညာဉ်သားရဲမှာ အလင်းအတားအဆီးကြောင့် နောက်သို့ လွင့်စင်သွားရပြီး အတားအဆီးမှာမူ အနည်းငယ်မျှပင် မထိခိုက်ခဲ့ချေ။
ထိုသူသည် ထိတ်လန့်သွားပြီး သွားကို တင်းတင်းကြိတ်လျက် သူ၏ပါးစပ်မှ အပြာရောင် သုံးခွလှံတစ်ခုကို ထွေးထုတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုမှော်ရတနာမှာ နှစ်ခုအဖြစ် ကွဲထွက်သွားပြီးနောက် ပြန်လည် ပေါင်းစပ်ကာ အပြာရောင် အလင်းတန်းကြီး တစ်ခုအဖြစ် အတားအဆီးကို ထိမှန်သွားပြန်သည်။ တိုးညင်းသော ပေါက်ကွဲသံနှင့်အတူ အပြာရောင်အလင်းတန်းမှာ ပေ ၃၀ ခန့် နောက်သို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ကျဆင်းသွားတော့သည်။
ထိပ်ပြောင်သောအမျိုးသားကြီး၏အသံ ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်လာသည်။
"အစ်ကိုကုအနေနဲ့ ဒီလောက်အထိ အပင်ပန်းခံနေဖို့ မလိုပါဘူး။ ဒီနေရာက နဂါးဝါတောင်ရဲ့ အသံလှိုင်းတစ်ထောင်အစီအရင် ဗဟိုချက်မလေ။ အစွမ်းထက်ဆုံး အတားအဆီးတွေ ဒီနေရာမှာ ချခင်းထားတာာ။ ခင်ဗျား ဒီကနေ လွတ်မြောက်နိုင်လိမ့်မယ်လို့ မထင်နဲ့"
အပြာရောင်အလင်းတန်းများ ပျောက်ကွယ်သွားသည့်အခါ မိစ္ဆာတာအို ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းမှ ကုရွှမ်းဖူ ပေါ်လာတော့သည်။ သို့သော်လည်း သူ၏မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့နေပြီး အကြည့်များမှာလည်း သုန်မှုန်လျက် တည်ငြိမ်အောင် အသည်းအသန် ကြိုးစားနေရသည်။ သူက ခါးသီးစွာ ဆို၏။
"ခင်ဗျား မသေဘူးပေါ့။ ရုပ်အလောင်းရုပ်သေးကို သုံးခဲ့တာကိုး။ ကိုးပြည်ထောင်စုထဲမှာ ကိုယ်နဲ့ တစ်ထေရာတည်း တူတဲ့၊ အစစ်နဲ့ အတု ခွဲမရနိုင်လောက်အောင် ထူးခြားတဲ့ ကိုယ်ပွားရုပ်သေးတွေကို သန့်စင်ပြုပြင်ရာမှာ ကျွမ်းကျင်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံသူ တစ်ယောက် ရှိတယ်လို့ ကြားဖူးပါတယ်။ အဲဒါက တကယ်ဖြစ်လိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး"
ထို့နောက် အဖြူရောင်အလင်းတစ်ချက် လက်သွားပြီးနောက် ထိပ်ပြောင်သောအမျိုးသားကြီး ပေါ်လာတော့သည်။ သူသည် အတားအဆီး အပြင်ဘက်မှနေ၍ ကုရွှမ်းဖူကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူ့အကြည့်က မြေပြင်ပေါ်ရှိ ပျက်စီးသွားသောကိုယ်ပွားထံ ကျရောက်သွားသည်။
"အစ်ကိုကုက ငါတို့ ကိုးပြည်ထောင်စု၏ အကြောင်းတွေရော၊ ကိုယ်ပွားရုပ်သေးတွေ အကြောင်းပါ တော်တော်လေး သိတာပဲ။ ဟုတ်ပါတယ်။ ခင်ဗျား သတ်လိုက်တာက ငါ ထိန်းချုပ်ထားတဲ့ ရုပ်အလောင်းရုပ်သေး တစ်ခုပဲလေ။ ခင်ဗျားလို စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်တောင်မှ အပြင်ပန်းကို ကြည့်ပြီး ဘာမှ မခွဲခြားနိုင်ခဲ့ဘူး မဟုတ်လား"
ကုရွှမ်းဖူက အေးစက်သော မျက်နှာထားဖြင့် ပြောဆိုလိုက်သော်လည်း သူ၏မျက်ဝန်းများအတွင်း၌မူ နောင်တရိပ်အချို့ ကို မြင်နေရသည်။
"ဟမ့်။ အပိုတွေ။ ငါသာ ဖော်ထုတ်ခံရမှာ စိုးလို့ ခင်ဗျားရဲ့ကိုယ်ပွားကို ငါ့ စိတ်ဝိညာဉ်အာရုံနဲ့ အနီးကပ် မစစ်ဆေးခဲ့မိလို့ ခံလိုက်ရတာပါ။ မဟုတ်ရင် ငါ့ကို လိမ်လို့ ရမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ငါ နှစ်ပေါင်း ရာနဲ့ချီပြီး အသေအချာ မွေးမြူထားတဲ့ အမြီးနှစ်ခွကျောက်စိမ်းမြွေရဲ့ အဆိပ်က အင်မတန် ပြင်းထန်ပေမဲ့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို တစ်ချက်တည်းနဲ့ သတ်နိုင်လိမ့်မယ်လို့တော့ ငါ မထင်ထားခဲ့ဘူး။ ငါက အဲဒီမြွေကို သုံးပြီး ခင်ဗျားကို အပြင်းအထန် ဒဏ်ရာရအောင်ပဲ လုပ်ဖို့ ကြံစည်ထားတာ။ ဒါပေမဲ့ ခင်ဗျားက တစ်ချက်တည်းနဲ့ သေသွားတာ မြင်တော့မှ ငါက အဲဒီမြွေရဲ့ အဆိပ်ကို အထင်ကြီးသွားမိတာလေ။ ငါ တကယ်ကို မောက်မာမိသွားပုံရတယ်"
ထိပ်ပြောင်သောအမျိုးသားကြီးက အမူအရာမပျက်ဘဲ ဆို၏။
"ဟားဟား…ငါ တစ်ခါတုန်းက စိတ်ကူးပေါက်မိပြီး ဒီလို ရုပ်သေးမျိုး တစ်ခု သန့်စင်ပေးဖို့ တောင်းဆိုခဲ့ဖူးတယ်။ အဲဒီအလောင်းက ငါနဲ့ ဒီလောက်အထိ တူအောင် သန့်စင်နိုင်လိမ့်မယ်လို့ ငါလည်း မထင်ထားခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရုပ်သေးလေးကို စတေးပြီး အစ်ကိုကုက သစ္စာဖောက်တစ်ယောက် ဖြစ်မှန်း သိလိုက်ရတာကတော့ အဲဒီရုပ်သေးအတွက် ကုန်ကျခဲ့တဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ တကယ်ကို ထိုက်တန်ပါတယ်"
ကုရွှမ်းဖူ၏ ပါးစပ်မှာ တွန့်သွားပြီး ခေတ္တမျှ တိတ်ဆိတ်သွားတော့သည်။ ခဏအကြာတွင် သူက အေးစက်စွာ မေး၏။
"ခင်ဗျား ပြောပုံအရဆိုရင် ကျွန်တော် ခင်ဗျားကို လာရှာမယ်ဆိုတာ ကြိုသိနေသလိုပဲ။ ပြီးတော့ အစားထိုး တစ်ခုကိုလည်း ကြိုတင် ပြင်ဆင်ထားတယ်။ ကျွန်တော် နဂါးဝါတောင်ကို ရောက်လာကတည်းက တစ်ခုခု မှားယွင်းနေတာကို ခင်ဗျား သိသွားလို့လား"
ထိပ်ပြောင်သောအမျိုးသားကြီးက ခေါင်းခါယမ်းလျက် ပြော၏။
"လုံးဝ မဟုတ်ပါဘူး။ ငါ ဘာအကြောင်းပြချက်မှ မရှိဘဲ ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းက အကြီးအကဲ တစ်ယောက်ကို ဘာလို့ သံသယ ဝင်ရမှာလဲ။ တခြားသူ တစ်ယောက်ဆီကနေ သတိပေးချက် ရခဲ့လို့ပါ။ အစကတော့ ငါလည်း မသေချာဘူး၊ ဒါပေမဲ့ အခုတော့ အဖြေက ရှင်းသွားပြီပေါ့" ထို့နောက် သူသည် ခန်းမ၏ ဘေးဘက်များသို့ လှည့်ကြည့်ကာ အော်ဟစ်လိုက်သည်။
"တာအိုမိတ်ဆွေဟန်… အစ်ကိုမာ… ထွက်လာလို့ ရပါပြီ"
ကုရွှမ်းဖူသည် ဤစကားကို ကြားရသည့်အခါ သူ၏သုန်မှုန်သော မျက်နှာထားကို ဆက်လက် မထိန်းသိမ်းနိုင်တော့ချေ။ သူ၏မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်ပေါက်လာတော့သည်။ ၎င်းနောက် ခန်းမ၏ဘေးနှစ်ဖက်မှ ဝါရောင်အလင်းတန်းများ လက်သွားပြီးနောက် တည်ငြိမ်နေသော ဟန်လိနှင့် လေးနက်သော အမူအရာရှိသည့် အဘိုးအိုမာတို့ လှမ်းထွက်လာကြတော့သည်။
အဘိုးအိုမာက နာကျင်သော အမူအရာဖြင့် စိတ်မကောင်းဖြစ်စွာ ပြောလိုက်သည်။
"တာအိုမိတ်ဆွေကုက ဒီလိုမျိုး လုပ်လိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့ဘူး။ မောက်လန်တွေက ခင်ဗျားကို ဘယ်လို အကျိုးအမြတ်တွေ ပေးလို့ ဒီလောက်အထိ ရူးသွပ်တဲ့ အလုပ်မျိုးကို လုပ်ရတာလဲ"
ကုရွှမ်းဖူသည် အဘိုးအိုကို စိုက်ကြည့်လျက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဆို၏။
"ရူးသွပ်တယ် ဟုတ်လား။ ငါက မူလကတည်းက မောက်လန်မျိုးနွယ်စုက လာခဲ့တာလေ။ ငါ့ ဆုံးဖြတ်ချက်က ဘယ်လိုလုပ်ပြီး ရူးသွပ်တာ ဖြစ်နိုင်မှာလဲ"
"ခင်ဗျားက မောက်လန်မျိုးနွယ်ကလား"
ကျင့်ကြံသူ အုပ်စုမှာ အံ့အားသင့်သွားကြရသည်။
ကုရွှမ်းဖူ၏ မျက်နှာတွင် ရူးသွပ်သော အမူအရာတစ်ခု ပေါ်လာတော့ပြီး ဆို၏။
"သေချာတာပေါ့။ ငါ့လို စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို စည်းရုံးဖို့အတွက် အကျိုးအမြတ်တွေသပ်သပ်နဲ့ လုံလောက်မယ်လို့ မင်းတို့ ထင်နေတာလား။ မင်းတို့ ကောင်းကင်တောင်ပိုင်းကျင့်ကြံသူတွေအနေနဲ့ မောက်လန်လွင်ပြင်မှာ ကျင့်ကြံခြင်း အရင်းအမြစ်တွေ ဘယ်လောက်အထိ ရှားပါးတယ်ဆိုတာ သိသင့်တယ်။ ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆေးလုံးတွေ မလုံလောက်မှုကြောင့် ကျင့်ကြံမှု မတိုးတက်နိုင်တဲ့ ပါရမီရှင် မန္တာန်စစ်သည်တွေ အမြောက်အမြား ရှိနေသလို… သူတို့ဟာ ကျင့်ကြံဖို့အတွက် အကောင်းဆုံး ပတ်ဝန်းကျင် မရှိတာကြောင့် နှစ်ပေါင်း တစ်ရာလောက်အတွင်းမှာတင် အရိုးပုံတွေ ဖြစ်သွားကြရတာပဲ။ ဘာလို့ မင်းတို့ ကောင်းကင်တောင်ပိုင်းကျင့်ကြံသူတွေကပဲ ဒီလို ကောင်းမွန်တဲ့ နယ်မြေကို ရယူထားနိုင်ပြီး ငါတို့ မန္တာန်စစ်သည်တွေကတော့ ဝိညာဉ်ကျောက်တုံး အနည်းငယ်လေးနဲ့ပဲ လောက်ငအောင် သုံးနေကြရတာလဲ။ မောက်လန်တွေသာ ကောင်းကင်တောင်ပိုင်းရဲ့ အရင်းအမြစ်တွေကို ရယူနိုင်မယ်ဆိုရင် နှစ်ပေါင်း တစ်ရာ မပြည့်ခင်မှာတင် မန္တာန်စစ်သည် အရေအတွက်က နှစ်ဆ တိုးလာလိမ့်မယ်။ အဲဒီလောက် ကြီးမားတဲ့ အင်အားနဲ့ဆိုရင် ငါတို့ဟာ ပျံသန်းခြင်းမျိုးနွယ်စုက အင်မောတယ်သခင်တွေကို အနိုင်ယူနိုင်မှာဖြစ်သလို မောက်လန်လွင်ပြင်တစ်ခုလုံးကိုလည်း အုပ်ချုပ်နိုင်မှာ ဖြစ်တယ်"
ဟန်လိက အမူအရာမပျက်ဘဲ မေးလိုက်၏။
"အင်မောတယ်သခင်တွေကို အနိုင်ယူမယ် ဟုတ်လား။ မောက်လန်တွေဟာ အဲဒီ အင်မောတယ်သခင်တွေထံမှာ အပြီးသတ် ရှုံးနိမ့်ခဲ့ပုံရပြီး အခုဆိုရင် မောက်လန်လွင်ပြင်အများစုကို အဲဒီသခင်တွေက ထိန်းချုပ်ထားတာပေါ့။ ဒါကြောင့်ပဲ မင်းတို့က ကောင်းကင်တောင်ပိုင်းကို ကျူးကျော်ဖို့အတွက် အရာအားလုံးကို လောင်းကြေးထပ်ထားကြတာလား"
ကုရွှမ်းဖူသည် ခဏမျှ မှင်တက်သွားပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ ဟန်လိကို ဒေါသတကြီး စိုက်ကြည့်လိုက်တော့သည်။
"ခင်ဗျား… ခင်ဗျား ဒါကို ဘယ်လို သိနေတာလဲ။ ခင်ဗျား… ငါနဲ့ ပညာရှိလဲ့တို့ လျှို့ဝှက်အသံလွှင့်စကားတွေကို ကြားနိုင်ခဲ့တာလား"
ဟန်လိသည် အမူအရာကင်းမဲ့စွာဖြင့် ပြန်ပြောလိုက်၏။
"အစ်ကိုကုသိသွားတာ တော်တော် မြန်သားပဲ။ ဒါပေမဲ့ ကျွန်တော့်ကိုတော့ အပြစ်မတင်ပါနဲ့။ ကျွန်တော့် ရှေ့မှာတင် ဒီလောက်အထိ အတင့်ရဲစွာ အသံလွှင့်ဖို့ ခင်ဗျားကို ဘယ်သူလုပ်ခိုင်းလို့လဲ။ ကျွန်တော့်ရဲ့ မဆိုသလောက်အစွမ်းပိုထက်တဲ့ စိတ်ဝိညာဉ်အာရုံကြောင့် ခင်ဗျားတို့ အသံလွှင့်စကားတွေကို ကြားခဲ့ရတာဖြစ်ပြီး တာအိုမိတ်ဆွေလူကို အကြောင်းကြားပေးလိုက်တာပါ"
ကုရွှမ်းဖူသည် မျက်နှာ ဖြူဖျော့လျက် ဟန်လိကို စိုက်ကြည့်ကာ နာကျည်းစွာ ပြောဆို၏။
"ကောင်းပြီ။ တကယ်ကို ကောင်းတယ်။ ငါ့ လျှို့ဝှက်ချက်တွေ အကုန် ပေါက်ကြားသွားပြီပေါ့။ ငါ ကောင်းကင်တောင်ပိုင်းမှာ ဒီလောက်အထိ အကြာကြီး ပုန်းအောင်းလာခဲ့ပြီးမှ ဒီလိုမျိုး ပေါ့ဆတဲ့ အမှားလေးတစ်ခုကြောင့် ကျဆုံးရတာကတော့ တကယ်ကို မတရားဘူး။ ဒါပေမဲ့ ခင်ဗျား စိတ်ဝိညာဉ်အာရုံက အနည်းငယ်ပဲ အစွမ်းထက်တယ် ဟုတ်လား။ ဟမ့်။ ခင်ဗျားက တကယ်ကို နှိမ့်ချလွန်းတာပဲ။ ငါတို့ လျှို့ဝှက် အသံလွှင့်အတတ်က သာမန် အသံလွှင့်စကားတွေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရဘူး။ ခင်ဗျား စိတ်ဝိညာဉ်အာရုံဟာ စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့်ကျင့်ကြံသူတစ်ယောက်လောက်အထိ အစွမ်းမထက်ဘူးဆိုရင် ငါတို့ စကားပြောတာကို ခိုးနားထောင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
အဘိုးအိုမာသည် ထိတ်လန့်တကြား အော်ဟစ်လိုက်မိ၏။
"စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့် ဟုတ်လား"
ထိပ်ပြောင်သောအမျိုးသားကြီးသည်လည်း ထိတ်လန့်သွားပြီး ဟန်လိကို အံ့ဩတကြီး လှမ်းကြည့်လိုက်သည်။ ဟန်လိသည် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤကိစ္စကြောင့် သူ၏ စိတ်ဝိညာဉ်အာရုံ၏အစွမ်းထက်မှုမှာ မရည်ရွယ်ဘဲ ပေါက်ကြားသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ သို့သော်လည်း မကြာမီမှာပင် သူသည် မျက်မှောင်ကို ဖြေလျှော့လိုက်ပြီး သာမန် အမူအရာသို့ ပြန်လည် ပြောင်းလဲလိုက်သဖြင့် ထိပ်ပြောင်သောအမျိုးသားကြီးနှင့် အဘိုးအိုမာတို့မှာ ကုရွှမ်းဖူ၏ စကားအပေါ် သံသယ ဖြစ်သွားကြတော့သည်။ ဘာပဲဖြစ်ဖြစ် စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့်ကျင့်ကြံသူတစ်ဦးမှာ စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့်လောက်ရှိသော စိတ်ဝိညာဉ်အာရုံကို ပိုင်ဆိုင်နေခြင်းမှာ တကယ်ကို မဖြစ်နိုင်လောက်သော ကိစ္စ မဟုတ်ပါလော။
ထိပ်ပြောင်သောအမျိုးသားကြီးသည် ဟန်လိထံမှ အကြည့်ပြန်လွှဲလိုက်၏။ သူက အတားအဆီးအတွင်းရှိ ကုရွှမ်းဖူကို အေးစက်စွာ စိုက်ကြည့်၍ ပြောလာသည်။
"မင်းက သူလျှို ဖြစ်နေမှတော့ ငါတို့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့တော့။ ငါကတော့ မင်း အသက်ကို ချမ်းသာပေးပြီး မဟာမိတ်အဖွဲ့အစည်းက ပြစ်ဒဏ်ပေးအဖွဲ့ဆီကို လွှဲပေးချင်ပေမဲ့… ငါတို့ ရှေ့မှာ ကြီးမားတဲ့ တိုက်ပွဲတစ်ခု ရှိနေတယ်လေ။ မင်းကို အသက်ရှင်လျက် ထားဖို့ ငါတို့မှာ အခွင့်အရေး မရှိဘူး"
မကြာမီမှာပင် သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ငွေရောင်အလင်းတန်းများ လက်နေသည့် အမိန့်ပေးတံဆိပ်ပြားတစ်ခု ပေါ်လာတော့သည်။ သူသည် ထိုတံဆိပ်ပြားကို လေထဲသို့ မြှောက်လိုက်ရာ အတားအဆီးထံသို့ အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။ အတားအဆီးမှာ ထိုအလင်းတန်းကို စုပ်ယူလိုက်ပြီးနောက် တုန်ခါလာပြီး မရေမတွက်နိုင်သော ငွေရောင်ပန်းပွင့်လေးများ ရုတ်တရက် တောက်ပလာတော့သည်။ ကုရွှမ်းဖူသည် ထိုငွေရောင်ပန်းပွင့်များကို အဆိပ်ရှိသော ပိုးမွှားများအလား ကြည့်လျက် သူ၏မျက်နှာအမူအရာမှာ ကြည့်မကောင်းအောင် ဖြစ်သွားတော့သည်။ ထပ်မံ၍ စဉ်းစားမနေတော့ဘဲ သူသည် သူ၏ခန္ဓာကိုယ်တလျှောက်ရှိ နေရာအချို့ကို ချက်ချင်း ပုတ်လိုက်ရာ အရောင်စုံ အလင်းတန်းများစွာဖြင့် သူ့ကိုယ်သူ ကာကွယ်လိုက်တော့သည်။ ထိုအချိန်မှာပင် သူ၏ရှေ့ရှိ အပြာရောင် သုံးခွလှံကို ညွှန်ပြလိုက်ရာ ၎င်းသည် သူ၏ဦးခေါင်းထက်တွင် လည်ပတ်လာပြီး အပြာရောင် အလင်းအတားအဆီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ငွေရောင်ပန်းပွင့်များမှာ အတားအဆီးအတွင်း စတင် ပွင့်ထွက်လာပြီးနောက် ထိပ်ပြောင်သောအမျိုးသားကြီးသည် စိတ်မဝင်စားဟန်ဖြင့် နောက်သို့ ပြန်လှည့်ကာ ဟန်လိနှင့် အဘိုးအိုမာတို့ကို လေးနက်စွာ ပြောဆိုသည်။
"သွားကြရအောင်။ ကြည့်စရာ ဘာမှ မရှိတော့ဘူး။ သူ့ ကျင့်ကြံမှုက မြင့်မားတယ်ဆိုပေမဲ့ ဒီ အတားအဆီးဒဏ်ကို အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။ မကြာခင်မှာပဲ သူ့ ဝိညာဉ်ဟာ ပျက်စီးသွားပါလိမ့်မယ်။ ငါတို့အနေနဲ့ နောက်ဆက်တွဲ ကိစ္စတွေကို ကိုင်တွယ်ဖို့ လိုသေးတယ်။ ဒီလူက မောက်လန်သူလျှို ဖြစ်နေတယ်ဆိုပေမဲ့ သူက ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းက အကြီးအကဲ တစ်ယောက် ဖြစ်နေတုန်းပဲလေ။ ငါတို့အနေနဲ့ မဟာမိတ်အဖွဲ့ကို အများကြီး ရှင်းပြရလိမ့်ဦးမယ်"