အခန်း (၇၃၇-၇၃၈)
Vol. 53 Ch. 737-738
အပိုင်း (၇၃၇) ဝိညာဉ်ပေါင်းစပ်မြွေမိစ္ဆာ
ထိပ်ပြောင်သောအမျိုးသားကြီးသည် ခန်းမ၏ အတားအဆီးများအပေါ် ဤမျှအထိ ယုံကြည်မှုရှိနေသည်ကို မြင်လိုက်ရသည့်အခါ ဟန်လိသည် မျက်တောင်ခတ်လိုက်သော်လည်း ဘာမှ ထပ်မဆိုတော့ချေ။ အဘိုးအိုမာမှာမူ အမျိုးသားကြီး၏ စကားအပေါ် အနည်းငယ် သံသယရှိပုံရပြီး မျက်မှောင်ကြုတ်ထားခဲ့သည်။
ဟန်လိက ပြုံးလိုက်ပြီး ရုတ်တရက် ဆို၏။
"အမှန်အတိုင်း ပြောရရင် ဒီကိစ္စက အနည်းငယ် အလုပ်ရှုပ်စရာ ကောင်းတယ်ဆိုပေမဲ့ အများကြီး စိုးရိမ်နေဖို့တော့ မလိုပါဘူး"
ဟန်လိ ပြသခဲ့သော စွမ်းရည်များကြောင့် သူ့စကားကို လျစ်လျူမရှုရဲတော့သဖြင့် ထိပ်ပြောင်သောအမျိုးသားကြီးက တွေဝေစွာ မေး၏။
"တာအိုမိတ်ဆွေဟန်က ဘာကို ဆိုလိုတာလဲ"
အဘိုးအိုမာသည်လည်း ဟန်လိကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ ဟန်လိက သူ၏မေးစေ့ကို ပွတ်သပ်ရင်း ဆို၏။
"ကျွန်တော်တို့ မဟာမိတ်အဖွဲ့ ခေါင်းဆောင်တွေဟာ မောက်လန်သူလျှိုတွေ ကောင်းကင်တောင်ပိုင်းထဲကို ခိုးဝင်နေတဲ့အကြောင်း တစ်ခုခုတော့ သိထားကြမှာပါ။ အတိတ်မှာလည်း အချို့ကို ဖမ်းမိခဲ့ဖူးမှာပဲ။ ဒါကြောင့် ဒီအဆင့်မြင့်ကျင့်ကြံသူဟာ သူလျှိုတစ်ယောက်ဖြစ်မှန်း သေချာနေသရွေ့တော့ ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းအနေနဲ့ ဘာမှ အများကြီး လုပ်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံးဟာ မတူညီတဲ့ မဟာမိတ်အဖွဲ့တွေက လာကြတာဆိုတော့ ကျင့်ကြံသူ အများစုကလည်း ကျွန်တော်တို့ဟာ ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းက အကြီးအကဲကို တမင်သက်သက် လုပ်ကြံတာလို့ ထင်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြပြီး မောက်လန်တွေဆီက ရရှိထားတဲ့ သတင်းအချက်အလက်တွေကို ပေးလိုက်ရုံပါပဲ။ အဲဒီသတင်းတွေကို သူတို့ အတည်ပြုပြီးတာနဲ့ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ပါဘူး။ ကျွန်တော့်အထင်တော့ ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းကိုယ်တိုင်တောင်မှ အခုလောက်ဆို အကြီးအကဲကုအပေါ် သံသယတွေ ရှိနေလောက်ပါပြီ။ တာအိုမိတ်ဆွေကုဟာ ဒီလောက် နှစ်ပေါင်းများစွာအတွင်းမှာ အရာအားလုံးကို အပြစ်အနာအဆာကင်းအောင် ဖုံးကွယ်ထားနိုင်မှာ မဟုတ်ပါဘူး။ တကယ်လို့ သူတို့မှာ သံသယ မရှိသေးရင်တောင်မှ သူ့ရဲ့ အတိတ်က လှုပ်ရှားမှုတွေထဲကနေ တစ်ခုခုကိုတော့ သံသယဖြစ်စရာ ရှာတွေ့နိုင်မှာပါ"
ထိပ်ပြောင်သောအမျိုးသားကြီးမှာ သူ၏မျက်မှောင်ကို ဖြေလျှော့လိုက်ပြီး သူ၏လက်ထဲတွင် အဖြူရောင် ကျောက်စိမ်းပေလွှာတစ်ခုကို ရုတ်တရက် ထုတ်ဖော်လိုက်သည်။ သူက ထူးဆန်းသော အမူအရာဖြင့် ဆို၏။
"တာအိုမိတ်ဆွေဟန်ရဲ့ စကားတွေက ယုတ္တိရှိပါတယ်။ ကျွန်တော်လည်း အခုနက သူပြောခဲ့တဲ့ စကားတွေကို လျှို့ဝှက်နည်းစနစ်တစ်ခု သုံးပြီး ကျောက်စိမ်းပေလွှာထဲမှာ မှတ်တမ်းတင်ထားပြီးပါပြီ။ အချိန်တန်ရင် ဒါကို သက်သေအဖြစ် သုံးလို့ရတာပေါ့"
ဟန်လိ၏ ရှင်းပြချက်ကို ကြားရပြီး အမျိုးသားကြီး၏ ကျောက်စိမ်းပေလွှာကို မြင်လိုက်ရသည့်အခါ အဘိုးအိုမာသည် သက်ပြင်းတစ်ချက်ကို အေးအေးလူလူ ချလိုက်နိုင်တော့သည်။
"ဒါဆိုရင်တော့ အဆင်ပြေတာပေါ့။ တာအိုမိတ်ဆွေပုကတော့ သူ့ဒဏ်ရာတွေက ပြင်းထန်လွန်းလို့ အနားယူနေရတာကြောင့် ထွက်ပြီး သက်သေမရပ်ပေးနိုင်တာ နှမြောစရာပဲ၊ ဒါပေမဲ့ ဒါကလည်း ပြဿနာ မရှိပါဘူး"
ထိုသို့ ပြောပြီးသည်နှင့် ၎င်းတို့ သုံးဦးမှာ ထိုကိစ္စကို ပိုမိုအသေးစိတ် ဆွေးနွေးရန် ပြင်ဆင်နေစဉ်မှာပင် ငွေရောင် အလင်းအတားအဆီးအတွင်းမှ တရှူးရှူးမြည်သံများ ရုတ်တရက် ထွက်ပေါ်လာတော့သည်။ ၎င်းတို့ သုံးဦးစလုံးမှာ အကြီးအကျယ် အံ့အားသင့်သွားကြပြီး ဇဝေဇဝါဖြင့် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြမိသည်။
ထိပ်ပြောင်သောအမျိုးသားကြီး တစ်ခုခုလုပ်ရန် ကြံစည်နေစဉ်မှာပင် အတားအဆီးအတွင်းမှ မီးတောက်များ အကြီးအကျယ် ပေါက်ကွဲထွက်လာတော့သည်။ အစိမ်းရောင် လက်သည်းတစ်ခုမှာ လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် ပျံထွက်လာပြီး အလင်းအတားအဆီးကို ရိုက်နှက်လိုက်ရာ ၎င်းမှာ ပြင်းထန်စွာ တုန်ခါသွားတော့သည်။
"ဒါက ဘာလဲ။ သူက အခုထိ အတားအဆီးကို တုန်လှုပ်စေနိုင်တဲ့ အင်အား ရှိနေသေးတာလား" ထိပ်ပြောင်သောအမျိုးသားကြီးမှာ အကြီးအကျယ် ထိတ်လန့်သွားပြီး မယုံကြည်နိုင်စွာ အော်ဟစ်လိုက်မိသည်။
သူသည် ချက်ချင်းပင် မန္တာန်ချိပ်ဟန်တစ်ခုကို ဖန်တီးလိုက်ပြီး အဖြူရောင် မန္တာန်တံဆိပ်တစ်ခုဖြင့် အတားအဆီးကို ရိုက်နှက်လိုက်ရာ မရေမတွက်နိုင်သော အလင်းပန်းပွင့်များမှာ ရပ်တန့်သွားပြီး အတွင်းမှ မြင်ကွင်းကို ပေါ်ထွက်လာစေသည်။ ထိပ်ပြောင်သောအမျိုးသားကြီးနှင့် အဘိုးအိုမာတို့မှာ ထိတ်လန့်သွားကြရသည်။ ဟန်လိ၏ မျက်နှာမှာလည်း သုန်မှုန်သွားတော့သည်။ ကုရွှမ်းဖူမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး သူ၏နေရာတွင် လူတစ်ပိုင်း မြွေတစ်ပိုင်း ဖြစ်နေသော မြွေမိစ္ဆာကြီးတစ်ကောင် အစားထိုး ရောက်ရှိလို့နေသည်။
ဤမိစ္ဆာကြီးမှာ ကုရွှမ်းဖူ၏ အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း ၎င်း၏ မျက်နှာနှင့် ခြေလက်များမှာမူ အစိမ်းရောင် အကြေးခွံများဖြင့် လုံးဝ ဖုံးလွှမ်းနေခဲ့သည်။ ၎င်း၏ မျက်လုံးနှစ်လုံးမှာ အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းလှသလို လက်ချောင်း ဆယ်ချောင်းမှာလည်း သင်တုန်းဓားကဲ့သို့ ထက်ရှလို့နေ၏။ ၎င်းတွင် ပေ ၇၀ ခန့် ရှည်လျားသော အမြီးနှစ်ခွလည်း ရှိနေပြီး မြေပြင်ကို သာသာယာယာ ပုတ်ခတ်နေခဲ့သည်။
အကြေးခွံများ ဖုံးလွှမ်းနေသော မျက်နှာမှာ သေချာပေါက်ပင် ကုရွှမ်းဖူ၏ မျက်နှာပင်။ ၎င်းက ပါးစပ်ကို ဖွင့်လိုက်သည့်အခါ မြွေလျှာမှာ တဖျပ်ဖျပ် လှုပ်ရှားနေပြီး တရှူးရှူးမြွေအော်သံကို ထုတ်လွှတ်လိုက်ရာ အနားရှိသူများကို ရွံရှာထိတ်လန့်သွားစေတော့သည်။
အဘိုးအိုမာသည် ထိုမိစ္ဆာ၏ ရုပ်ရည်ကို အသေအချာ မြင်လိုက်ရသည့်အခါ သူ၏မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့သွားပြီး ပျာပျာသလဲ အော်ဟစ်လိုက်တော့သည်။
"ဒါ… ဒါက ဝိညာဉ်ပေါင်းစပ်အတတ်ပဲ။ သူက အမြီးနှစ်ခွကျောက်စိမ်းမြွေနဲ့ တစ်သားတည်း ဖြစ်အောင် ပေါင်းစပ်လိုက်တာပဲ"
ထိပ်ပြောင်သောအမျိုးသားကြီးမှာလည်း ဤသည်ကို ကြားလိုက်ရသည့်အခါ ဒေါသနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေသော အမူအရာ ပေါ်လာတော့သည်။
"ဝိညာဉ်ပေါင်းစပ်အတတ် ဟုတ်လား။ အဲဒါက ပျောက်ကွယ်နေတဲ့ တားမြစ်ထားတဲ့ လျှို့ဝှက်အတတ် မဟုတ်လား။ သူက သံသရာကနေ အပြီးတိုင် ဖယ်ထုတ်ခံရမှာကို မကြောက်ဘူးလား"
မကြာမီမှာပင် သူသည် ထိုမြွေမိစ္ဆာကို အကြီးမားဆုံးသော ရန်သူကဲ့သို့ စိုက်ကြည့်လိုက်ပြီး သူ၏သိုလှောင်အိတ်ကို အလျင်အမြန် ပုတ်လိုက်သည်။ ငွေရောင်အလင်းတစ်ချက်နှင့်အတူ အတားအဆီးကို ထိန်းချုပ်သည့် အမိန့်ပေးတံဆိပ်ပြားမှာ သူ၏လက်ထဲသို့ ရောက်ရှိလာတော့သည်။ အမျိုးသားကြီးသည် တံဆိပ်ပြားပေါ်သို့ ဝိညာဉ်ချီများ မှုတ်ထုတ်လိုက်ပြီးနောက် လေထဲသို့ ပစ်တင်လိုက်သည်။ သို့သော်လည်း သူက အလျင်အမြန် မန္တာန်ရွတ်ဆိုရန် ပြင်နေစဉ်မှာပင် အတားအဆီးအတွင်းမှ မိစ္ဆာကြီးမှာ စတင် လှုပ်ရှားလာသည်။
၎င်းသည် အတားအဆီး အပြင်ဘက်ရှိ လူသုံးဦးကို သုန်မှုန်စွာ ဝေ့ကြည့်လိုက်ပြီးနောက် သူ၏လျှာကို အလျင်အမြန် တစ်ချက်ခတ်လိုက်ကာ ပါးစပ်ကို ဖြဲ၍ ခရမ်းရောင်သန်းသော အနက်ရောင် အရည်များကို ထိုသုံးဦးထံသို့ ထွေးထုတ်လိုက်တော့သည်။ ထိုအခိုက်အတန့်တွင် ထိပ်ပြောင်သောအမျိုးသားကြီးသည် ဤသည်ကို မြင်သောအခါ မန္တာန်ရွတ်ဆိုခြင်းကို ရပ်တန့်လိုက်ပြီး အမိန့်ပေးတံဆိပ်ပြားထံသို့ လက်ညွှန်လိုက်သည်။ တံဆိပ်ပြားမှာ ငွေရောင်အလင်းတန်းများ ဖြာထွက်လာပြီး အတားအဆီးထံသို့ ငွေရောင် မန္တာန်တံဆိပ် ဆယ်ခုကျော်ထိမှန်သွားသည်။ တံဆိပ်တစ်ခုချင်းစီ စုပ်ယူခံရတိုင်း နဂါးအော်သံကို ကြားရ၏။ ၎င်းနောက် အတားအဆီးမှာ အကြိမ်ကြိမ် ပြင်းထန်စွာ တောက်ပလာပြီး ပိုမို ထူထပ်လာခဲ့သည်။ ၎င်းအပြင် အတားအဆီးအတွင်းရှိ မရေမတွက်နိုင်သော ငွေရောင်အလင်းတန်းများသည် ထိပ်ပိုင်းတွင် စတင် စုစည်းလာတော့သည်။
အနက်ရောင် ခရမ်းရောင်အရည်များ အတားအဆီးကို ထိမှန်သွားသည့်အခါ အလင်းအတားအဆီး၏ အစိတ်အပိုင်း အနည်းငယ်မှာ ချက်ချင်းပင် မည်းမှောင်သွားပြီးနောက် မကြာမီမှာပင် ထိုအရောင်မှာ ပေ ၁၀ ခန့်ရှိသော ဧရိယာအထိ ပျံ့နှံ့သွားတော့သည်။
မြွေမိစ္ဆာ၏ မျက်နှာပေါ်တွင် ရက်စက်သော အမူအရာတစ်ခု ပေါ်လာတော့သည်။ ထိုအချိန်မှာပင် ၎င်း၏ အမြီးနှစ်ခွမှာ မြေပြင်ကို ရိုက်ပုတ်လိုက်ပြီး ၎င်းသည် အစိမ်းရောင် အလင်းတန်းတစ်ခုအဖြစ် ရှေ့သို့ ဒုန်းစိုင်း ခုန်တက်သွားပြီး ၎င်း၏ လက်သည်းများဖြင့် အတားအဆီးကို ပြင်းထန်စွာ ရိုက်နှက်လိုက်တော့သည်။ ဒိုင်းခနဲ အသံနှင့်အတူ ခိုင်မာလှသော အတားအဆီးမှာ စက္ကူကဲ့သို့ပင် ကြီးမားလှသော အပေါက်တစ်ခု ဖြစ်သွားတော့သည်။
မိစ္ဆာကြီးမှာ ဤမြင်ကွင်းကြောင့် ဝမ်းမြောက်သွားပြီး လွတ်မြောက်ရန် ကြိုးစားနေစဉ်မှာပင် ၎င်း၏ ပုံရိပ်မှာ ဝေဝါးသွားတော့သည်။ ထိပ်ပြောင်သောအမျိုးသားကြီးမှာ ဤသည်ကို မြင်သောအခါ ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏ပါးစပ်မှ အဖြူရောင် တုတ်တံတစ်ခုကို ထွေးထုတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် အလင်းကန့်လန့်ကာတစ်ခု ဖြစ်ပေါ်လာတော့သည်။
အဘိုးအိုမာသည်လည်း ထိုနည်းတူပင် လုပ်ဆောင်လိုက်သည်။ သူသည် စိုးရိမ်သော မျက်နှာထားဖြင့် သူ၏ပေတံ မှော်ရတနာကို ထွေးထုတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကို အလင်းလွှာတစ်ခုဖြင့် ဖုံးအုပ်လိုက်သည်။ ၎င်းတို့ နှစ်ဦးစလုံးမှာ ဝိညာဉ်ပေါင်းစပ်အတတ်ကို အသုံးပြုထားသော စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးမှာ ဘယ်လောက်အထိ ကြောက်စရာကောင်းသည်ကို အသေအချာ နားလည်ထားကြသည်။ ၎င်း၏ နည်းစနစ်များကို ထားလိုက်ပါဦး၊ ၎င်း၏ ကျင့်ကြံမှုအဆင့်မှာတင် စဦးစိတ်ဝိညာဉ်အလယ်အဆင့်နှင့် တစ်တန်းတည်း ရှိနေပြီ ဖြစ်သည်။
သူတို့နှစ်ဦးစလုံးမှာ မိစ္ဆာကြီး လွတ်မြောက်တော့မည်ကို မြင်လိုက်ရသည့်အခါ အားအင်ကုန်ခမ်းစေမည့် နည်းလမ်းဖြင့် တိုက်ခိုက်ရန် ချက်ခြင်း စီစဉ်လိုက်ခြင်းပင်။ မြွေမိစ္ဆာက အရင် မတိုက်ခိုက်သရွေ့ သူတို့က ဦးဆောင် တိုက်ခိုက်လိမ့်မည် မဟုတ်။ သို့သော် ထိုအခိုက်အတန့်တွင် ဟန်လိသည် မတတ်သာသည့် လေသံဖြင့် သက်ပြင်းချလိုက်ပြီးနောက် လှုပ်ရှားရန် ဆုံးဖြတ်လိုက်တော့သည်။ သူ၏ ပုံရိပ်မှာ ခေတ္တမျှ ဝေဝါးသွားပြီးနောက် အတားအဆီးရှိ အပေါက်၏ ရှေ့တွင် ချက်ချင်း ပေါ်လာတော့သည်။
မြွေမိစ္ဆာကြီးမှာ လွတ်မြောက်ခါနီးတွင် ဟန်လိက သူ၏လမ်းကို ပိတ်ဆို့ထားသည်ကို မြင်လိုက်ရသည့်အခါ သူ၏မျက်ဝန်းများအတွင်း၌ ရက်စက်သော အကြည့်များ လင်းလက်သွား၏။ မည်သည့် သတိပေးချက်မျှ မရှိဘဲ ၎င်းက ပါးစပ်ကို ဖွင့်လိုက်ပြီး အနက်ရောင်နှင့်ခရမ်းရောင်ရောနေသော အဆိပ်များကို ထွေးထုတ်လိုက်တော့သည်။
"သတိထား။ တာအိုမိတ်ဆွေဟန်… မြန်မြန် ရှောင်လိုက်။"
ထိပ်ပြောင်သောအမျိုးသားကြီးနှင့် အဘိုးအိုမာတို့မှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြမိသည်။ ဤသည်မှာ ရင်းနှီးမှုကြောင့် စိုးရိမ်ခြင်း မဟုတ်ဘဲ ဤမိစ္ဆာကြီးကို တိုက်ခိုက်ရန်အတွက် သူတို့မှာ ရှိသမျှ အင်အားအားလုံး လိုအပ်နေသောကြောင့် ဖြစ်သလို မကြာခင် ရောက်ရှိလာတော့မည့် မောက်လန်စစ်တပ်ကြီး၏ ခြိမ်းခြောက်မှုကြောင့်လည်း ဖြစ်သည်။
ထိုနှစ်ဦး၏ ထိတ်လန့်တကြား အော်ဟစ်သံများကို လျစ်လျူရှုထားသည့်အလား ဟန်လိသည် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့မည့် အနက်ရောင် ခရမ်းရောင် အရည်များကို စိုက်ကြည့်နေခဲ့ပြီး သူ၏ မျက်ဝန်းများအတွင်း၌ ထူးဆန်းသော အမူအရာတစ်ခု လက်သွားတော့သည်။ သူသည် ရည်ရွယ်ချက်ရှိရှိဖြင့် သူ၏ လက်မောင်းကို မြှောက်လိုက်ပြီး လက်ချောင်းများကို ကွေးလိုက်ရာ ၎င်းတို့မှာ တဖျပ်ဖျပ် တောက်ပနေသော အပြာရောင် မီးတောက်များဖြင့် ဖုံးလွှမ်းသွားတော့သည်။ ထို့နောက် သူ၏လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ပြီး အဆိပ်များကို လှမ်းဖမ်းလိုက်တော့သည်။
ကျန်ရှိနေသော စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ နှစ်ဦးမှာ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ စိတ်ဓာတ်များ ကျဆင်းသွားကြရသည်။ မြွေမိစ္ဆာကြီးမှာမူ တွန့်ဆုတ်မနေဘဲ နောက်ထပ် အဆိပ်လုံး တစ်လုံးကို ထပ်မံ ထွေးထုတ်လိုက်ပြန်သည်။
ဟန်လိ၏ မျက်နှာပေါ်တွင် မထင်မရှားသော လှောင်ပြုံးတစ်ခု ပေါ်လာပြီး သူ၏ မျက်ဝန်းများအတွင်းမှ အပြာရောင်အလင်းတန်းများ လက်သွားတော့သည်။ ဟန်လိနှင့် မိစ္ဆာကြီး၏ အကြားတွင် အလင်းတန်းတစ်ခု ရုတ်တရက် ပွင့်ထွက်လာတော့သည်။ ထိုစူးရှလှသော အလင်းတန်းမှာ အကြိမ်ကြိမ် ပြင်းထန်စွာ လက်သွားပြီးနောက် လျင်မြန်စွာ မှေးမှိန်သွားလေ၏။
ထိပ်ပြောင်သောအမျိုးသားကြီးနှင့် အဘိုးအိုမာတို့မှာ အလျင်အမြန် မျက်တောင်ခတ်လိုက်ကြပြီး လှမ်းကြည့်လိုက်ကြသည်။ သူတို့ မြင်လိုက်ရသည့် အရာကြောင့် မင်သက်သွားရသည်။
မြွေမိစ္ဆာကြီးမှာ အလင်းအတားအဆီးမှ လွတ်မြောက်ခါနီးတွင် အင်မတန် ဝမ်းမြောက်နေသော အမူအရာ ရှိနေခဲ့သော်လည်း ယခုအခါ ၎င်း၏ ခန္ဓာကိုယ်မှာ တောက်ပြောင်နေသော ပုံဆောင်ခဲများဖြင့် ဖုံးလွှမ်းနေပြီး အပြာရောင် ရေခဲရုပ်တုကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို တွေ့ရှိလိုက်ရသည်။ အဆိပ်များမှာမူ ၎င်း၏ ပါးစပ်အတွင်းမှ ထွက်ပေါ်နေသော ပေ ၃၀ ခန့် ရှည်လျားသည့် ပါးလွှာသော ရေခဲမျှင်တန်းတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
ဟန်လိကမူ မိစ္ဆာကြီး၏ အနောက်တွင် ပေါ်လာခဲ့ပြီး အပြာရောင် မီးတောက်များ လောင်ကျွမ်းနေသော သူ၏လက်ကို မိစ္ဆာကြီး၏ လည်ပင်းနောက်ဘက်သို့ တင်ထားခဲ့ခြင်း ဖြစ်သည်။ သူ မည်သည့်အချိန်က ထိုမြွေမိစ္ဆာနား ရောက်သွားလဲကို မသိရပါ။
ဟန်လိသည် မိစ္ဆာကြီး၏ လည်ပင်းမှ သူ၏လက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ရေခဲရုပ်တုကို စိုက်ကြည့်လိုက်သည်။
"ထင်ထားတဲ့အတိုင်းပဲ… ဒါက ဒီဝိညာဉ်ပေါင်းစပ်မိစ္ဆာကြီး အသက်ဝင်လာတာ ပထမဆုံးအကြိမ်ပဲ။ သူက အတော်လေး အသိဉာဏ်ရှိတယ်ဆိုပေမဲ့ သူ့ရဲ့ အတွေ့အကြုံကတော့ အရမ်း နည်းလွန်းသေးတာပဲ။ ကြောက်နေစရာ ဘာမှ မရှိပါဘူး"
ထို့နောက် သူ၏ အခြားတစ်ဖက်သော လက်ကို မြှောက်လိုက်ရာ သူ၏ လက်ဖဝါးအတွင်းမှ ထူထဲလှသော ရွှေရောင်လျှပ်စီးတန်း တစ်ခု ထွက်ပေါ်လာပြီး ရေခဲရုပ်တုကို ထိမှန်သွားတော့သည်။ ၎င်းနောက် ရေခဲရုပ်တု၏ ပတ်လည်တွင် ရွှေရောင်လျှပ်စီး ကွန်ရက်တစ်ခု ဝိုင်းရံသွားတော့သည်။
အပြာရောင် အလင်းတန်းနှင့် ရွှေရောင်အလင်းတန်းများ ပေါင်းစပ်သွားပြီးနောက် ချက်ချင်းပင် ပေါက်ကွဲသွားရာ ရေခဲရုပ်တုကြီးမှာ လက်တစ်ဆုပ်စာ အရွယ်အစားရှိသော အပိုင်းအစများအဖြစ် ပြောင်းလဲသွားတော့သည်။ အပြာရောင် အလင်းစက်လေးများ လေထုအတွင်း၌ ပြည့်နှက်နေစဉ်မှာပင် လက်သီးဆုပ်ခန့်ရှိသော အနက်ရောင်နှင့်ခရမ်းရောင်ရော ပစ္စည်းတစ်ခုမှာ အပြင်သို့ လွင့်ထွက်လာသည်။ သို့သော် ၎င်းမှာ ရွှေရောင်ကွန်ယက်ထဲမှ မလွတ်ပေ။ မကြာမီမှာပင် ၎င်းထံမှ လူအော်သံနှင့် လားလားမျှ မတူသော အော်သံဟစ်သံများ ထွက်ပေါ်လာတော့သည်။
ဟန်လိ၏မျက်နှာတွင် လေးနက်သော အမူအရာတစ်ခု ဖြစ်ပေါ်သွား၏။ သူသည် လျှပ်စီးများ ထွက်ပေါ်နေသော သူ၏လက်ကို ဆုပ်လိုက်ရာ ကွန်ရက်ကြီးမှာ ကျုံ့ဝင်သွားပြီးနောက် ရွှေရောင်အလင်းတန်းများအဖြစ် ပေါက်ကွဲသွားကာ လူမြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
အပိုင်း (၇၃၈) ကိုယ့်ကျော့ကွင်းနဲ့ ကိုယ်မိခြင်း
စူးရှလှသော အသံတစ်ချက်နှင့်အတူ ရွှေရောင်အလင်းတန်းများသည် မိစ္ဆာစဦးစိတ်ဝိညာဉ်ကို မီးခိုးငွေ့အဖြစ် ပြောင်းလဲပစ်လိုက်ပြီး မကြာမီမှာပင် ပျောက်ကွယ်သွားတော့သည်။
ဝိညာဉ်ပေါင်းစပ်အတတ်သည် အင်မတန် ရက်စက်ကြမ်းကြုတ်လှသော ရှေးဟောင်း မိစ္ဆာတာအို နည်းစနစ်တစ်ခုဟု ဆိုကြသည်။ သေချာပေါက်ပင် ထိုအတတ်မှ ဖြစ်ပေါ်လာသော မိစ္ဆာစဦးစိတ်ဝိညာဉ်မှာလည်း နတ်မိစ္ဆာနှိမ်နင်းခြင်း လျှပ်စီးများ၏ ရှေ့တွင် ခုခံနိုင်စွမ်း ကင်းမဲ့လှပြီး ခဏအတွင်းမှာပင် အပိုင်းပိုင်းအစစ ချေမှုန်းခြင်း ခံလိုက်ရကာ တည်နေရာရွှေ့ပြောင်းခြင်းပညာရပ်ကို သုံး၍ပင် ထွက်ပြေးခွင့် မရရှိခဲ့ချေ။
အဝေးကနေ ကြည့်နေသော ထိပ်ပြောင်သောအမျိုးသားကြီးမှာ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။ အဘိုးအိုမာမှာမူ သူ၏မျက်နှာမှာ တည်ငြိမ်နေပုံရသော်လည်း သူ၏မျက်လုံးများမှာမူ ပြူးကျယ်နေခဲ့ပြီး ဘာစကားမျှ မပြောနိုင်ဘဲ ဖြစ်လို့နေ၏။
ဟန်လိသည် ထိုနှစ်ဦးမှာ အကြီးအကျယ် ထိတ်လန့်သွားလိမ့်မည်ဟု ကြိုတင် ခန့်မှန်းထားပြီးဖြစ်သဖြင့် သူ၏တည်ငြိမ်သော အမူအရာကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။ သူသည် မြေပြင်ပေါ်ရှိ သိုလှောင်အိတ်နှင့် အပြာရောင် သုံးခွလှံကို သူ၏လက်ထဲသို့ ဆင့်ခေါ်လိုက်ပြီး သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် ခေတ္တမျှ စစ်ဆေးလိုက်ပြီးနောက် ထိပ်ပြောင်သောအမျိုးသားကြီးထံသို့ ပစ်ပေးလိုက်သည်။
ဟန်လိသည် ထိုနှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ဆို၏။
"ငါတို့ သူ့ကို သတ်လိုက်ပြီဆိုပေမဲ့ သူ့ရဲ့ မှော်ရတနာနဲ့ သိုလှောင်အိတ်ကိုတော့ ဘာမှ မထိခိုက်ရသေးတဲ့ အခြေအနေအတိုင်း ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းဆီ ပြန်ပေးသင့်တယ်။ အဲဒီလိုဆိုရင်တော့ ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းအနေနဲ့ ပြောစရာ ဆိုစရာ ရှိလာတော့မှာ မဟုတ်ဘူး"
ထိပ်ပြောင်သောအမျိုးသားကြီးသည် ဟန်လိ စကားပြောလိုက်သည့်အခါမှ မင်သက်ထိတ်လန့်နေရာကနေ ချက်ချင်း သတိပြန်ဝင်လာပြီး သဘောတူလိုက်တော့သည်။ "တာအိုမိတ်ဆွေဟန်၏ စကားတွေက တကယ်ကို ယုတ္တိရှိပါတယ်။ ခင်ဗျား အကြံပြုတဲ့အတိုင်းပဲ လုပ်ကြတာပေါ့"
အဘိုးအိုမာ၏ ပါးစပ်မှာ အကြိမ်ကြိမ် လှုပ်ရှားနေသော်လည်း ဘာစကားမျှ ထွက်မလာခဲ့ချေ။ ထိုအစား သူသည် ရှက်ကိုးရှက်ကန်း အမူအရာဖြင့် သူ၏ပေတံ မှော်ရတနာကို ပြန်လည် သိမ်းဆည်းလိုက်တော့သည်။
ဟန်လိ အနက်ရောင်ဝတ်ရုံဝတ် ပုဂ္ဂိုလ်ကို သတ်လိုက်နိုင်ခြင်းမှာ ပေါ့ဆမှုနှင့် ကံကောင်းမှုကြောင့်ဟု ယူဆနိုင်သော်လည်း ယခုတစ်ကြိမ်မှာမူ သူသည် စဦးစိတ်ဝိညာဉ်အလယ်အဆင့်နှင့် အင်အားချင်း တူညီသော၊ သူတို့ကိုယ်တိုင်ပင် မယှဉ်နိုင်သော ဝိညာဉ်ပေါင်းစပ်မိစ္ဆာကြီးကို လက်ဗလာဖြင့် သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကြိုတင် ဆွေးနွေးထားခြင်း မရှိဘဲ ထိုနှစ်ဦးစလုံးမှာ မျောလွင့်တိမ်တိုက်ဂိုဏ်း၏ အကြီးအကဲဟန်သည် စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့်အောက်ရှိ မည်သည့် ပြိုင်ဘက်ကိုမဆို ကိုင်တွယ်နိုင်စွမ်း ရှိလိမ့်မည်ဟု ခံစားလိုက်ရသည်။ ထိုအတွေး သူတို့၏ စိတ်ထဲသို့ ဝင်လာသည့်အခါတွင်မူ ထိုနှစ်ဦးမှာ တည်ငြိမ်သော အမူအရာကို ဆက်လက် မထိန်းသိမ်းနိုင်တော့ချေ။
ဟန်လိက ဂရုမစိုက်ဟန်ဖြင့် ဆို၏။
"ဒီကိစ္စက ပြေလည်သွားပြီဆိုတော့ ကျွန်တော် အနားယူဖို့ ပြန်လိုက်ပါဦးမယ်။ တကယ်လို့ မန္တာန်စစ်သည်တွေ ပြန်လာရင်တော့ ကျွန်တော့်ကို လာခေါ်လိုက်ပါ"
"တာအိုမိတ်ဆွေဟန်… သွားလိုက်ပါဦး။ ဒီနေရာကိုတော့ ငါတို့ပဲ စောင့်ကြည့်ထားလိုက်ပါ့မယ်။" ထိပ်ပြောင်သောအမျိုးသားကြီး၏ စကားလုံးများတွင် လေးစားသော လေသံများ အလိုလို ပါဝင်နေသည်။
ဟန်လိသည် ပြုံးလိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းပြကာ ခန်းမအတွင်းမှ ထွက်ခွာခဲ့တော့သည်။
သူ့အနေဖြင့် သည်တစ်ခေါက် နတ်ဘုရားရေခဲမီးတောက်နှင့် နတ်မိစ္ဆာနှိမ်နင်းခြင်း လျှပ်စီးများကို ထုတ်ဖော်ခဲ့ခြင်းမှာ မတတ်သာသဖြင့် လုပ်ဆောင်ခဲ့ရခြင်း ဖြစ်သည်။ အကယ်၍ သူသာ ဦးဆောင်၍ မတိုက်ခိုက်ခဲ့ပါက ထိုမြွေမိစ္ဆာကြီးမှာ လွတ်မြောက်သွားမည်ဖြစ်ပြီး နောင်ကျရင် အဆုံးမရှိသော ပြဿနာများ ဖြစ်လာနိုင်သည်။ ထိပ်ပြောင်သောအမျိုးသားကြီးနှင့် အဘိုးအိုမာတို့မှာလည်း ထိုမိစ္ဆာ၏ လမ်းကို ပိတ်ဆို့ရန် ခက်ခဲပါလိမ့်မည်။ ၎င်းအပြင် သူ စဦးစိတ်ဝိညာဉ်အဆင့်ကို ရောက်ရှိပြီးသည့်နောက်တွင် သူ၏ အစစ်အမှန် စွမ်းအားများကို ဖုံးကွယ်ထားဖို့ မလိုအပ်တော့ဘူးဟု သူ ခံစားလိုက်ရသည်။
သူ၏ လက်ရှိ အခြေအနေမှာ ပြန့်ကြဲကြယ်ပင်လယ်မှာ ရှိစဉ်ကနှင့် များစွာ ကွာခြားလှပေသည်။ ထိုစဉ်က သူ၏ ကျင့်ကြံမှုမှာ အားနည်းနေသလို မရင်းနှီးသော နယ်မြေတစ်ခု ဖြစ်နေသဖြင့် သူ့ကိုယ်သူ ဖုံးကွယ်ထားခဲ့ရခြင်းပင်။ ထိုမှာတုန်းက သူမှန်း ပေါက်ကြားသွားခဲ့လျှင် လိုက်လံဖမ်းဆီးခံရမည့် အန္တရာယ်လည်း ရှိခဲ့သည် မဟုတ်ပါလား။ သို့သော်လည်း ယခုအခါ သူသည် စဦးစိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ကျင့်ကြံခြင်းလောက၏ အထက်တန်းလွှာအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ့ကို ခြိမ်းခြောက်နိုင်မည့်သူ အနည်းငယ်သာ ရှိတော့သဖြင့် သူ့ကိုယ်သူ ဖော်ထုတ်ပြသဖို့ အနည်းငယ်မျှပင် စိုးရိမ်ခြင်း မရှိတော့ချေ။
၎င်းအပြင် လက်ရှိ မောက်လန်တွေ ကျူးကျော်မှုအရ သူ၏ စွမ်းရည်များကို ဆက်လက် ဖုံးကွယ်ထားဖို့မှာ မဖြစ်နိုင်တော့ချေ။ အနည်းဆုံးတော့ တစ္ဆေဝိညာဉ်ဂိုဏ်းနှင့် နယ်စားကြီးနန်းလုံ၏ အဖွဲ့သားများသည် မောက်လန်လွင်ပြင်ရှိ ရတနာရှာပုံတော်ခရီးစဉ်အတွင်း သူ ထုတ်ဖော်ပြသခဲ့သော အစွမ်းများကို သိရှိထားကြပြီး ဖြစ်ရပေမည်။
ထို့ကြောင့် သူသည် သူ့အပေါ် ကြံစည်နေကြသော သူများကို ခြိမ်းခြောက်နိုင်ရန်အတွက် သူ၏ အစစ်အမှန် အင်အားကို ထုတ်ဖော်ပြသလိုက်ခြင်းက ပိုကောင်းပေသည်။ မဟုတ်လျှင် အခြားသော ကျင့်ကြံသူများက သူ့ကို အားနည်းသည်ဟု ယူဆကြပါက မလိုအပ်သော ပြဿနာများကို ဖိတ်ခေါ်မိသလို ဖြစ်နေပါလိမ့်မည်။ သေချာတာပေါ့… ဟန်လိသည် သူ၏ အစွမ်းထက်ဆုံး သတ်ကွင်းအားလုံးကိုတော့ လွယ်လွယ်ကူကူ ထုတ်ဖော်ပြသမှာ မဟုတ်ပေ။
ဟန်လိ ဤသည်ကို စဉ်းစားနေစဉ်မှာပင် သူသည် မိစ္ဆာစဦးစိတ်ဝိညာဉ်ကို ဝန်းရံလိုက်စဉ်က အထွတ်အထိပ်ခရမ်းရောင်မီးတောက်ထံမှ ရရှိခဲ့သော ထူးဆန်းသော ခံစားချက်ကို ပြန်လည် သတိရသွားသည်။ အစောပိုင်းတုန်းက သူသည် မိစ္ဆာကြီးကို မျက်စိတစ်မှိတ်အတွင်း အေးခဲစေရန်အတွက် အထွတ်အထိပ်ခရမ်းရောင်မီးတောက်ကို နတ်ဘုရားရေခဲမီးတောက်နှင့်အတူ ပေါင်းစပ် သုံးစွဲခဲ့ခြင်း ဖြစ်သည်။
သူသည် အထွတ်အထိပ်ခရမ်းရောင်မီးတောက်အကြောင်း ပြန်လည် စဉ်းစားလိုက်သည့်အခါ ၎င်းမှာ အနည်းငယ် မတည်မငြိမ် ဖြစ်နေသည်ကို ခံစားခဲ့ရသည်။ သူ မျှော်လင့်ထားသည့်အတိုင်းပင် ဤမီးတောက်များ၏ စွမ်းအားအပြည့်ကို သုံးစွဲနိုင်ရန်အတွက် ပိုမိုမြင့်မားသော ကျင့်ကြံမှုအဆင့်တစ်ခု လိုအပ်နေပုံရပေသည်။ ဟန်လိသည် မိမိကိုယ်ကိုယ် လှောင်ပြုံးပြုံးလျက် သူ၏နေအိမ်ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားတော့သည်။
အဘိုးအိုမာသည် ဟန်လိ ထွက်ခွာသွားသည်ကို မြင်သောအခါ ခါးသီးစွာ ပြုံးလိုက်ပြီး ဆို၏။ "အစ်ကိုလူ… ငါတို့ အကဲခတ် မှားခဲ့ပုံရတယ်။ တာအိုမိတ်ဆွေဟန်၏ စွမ်းရည်တွေက တကယ်ကို နက်နဲလှတာပဲ။ သူ၏ အင်အားက ငါတို့ထက် အများကြီး သာလွန်နေတယ်"
ထိပ်ပြောင်သောအမျိုးသားကြီး၏ မျက်နှာပေါ်တွင် အထင်ကြီးလေးစားသော အရိပ်အယောင်များ ပေါ်လာပြီး ဆို၏။
"ဟုတ်ပါတယ်။ သူ့ ကျင့်ကြံမှုက စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်ဆိုပေမဲ့ အဲဒီ ရွှေရောင်လျှပ်စီးတွေနဲ့ အပြာရောင်မီးတောက်တွေရှိရင် စဦးစိတ်ဝိညာဉ်အလယ်အဆင့်ကျင့်ကြံသူတွေကိုတောင် သူ အနိုင်ယူနိုင်မှာပါ"
အဘိုးအိုမာက ပြုံးလျက် ပြန်ပြော၏။
"ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စက ငါတို့အတွက်တော့ ပိုပြီး ကောင်းသွားတာပေါ့။ ဒီလောက် စွမ်းအားကြီးတဲ့ မဟာမိတ်တစ်ယောက် ရှိနေမှတော့ ကျူးကျော်လာမယ့် မန္တာန်စစ်သည်တွေကို ကြောက်နေစရာ မလိုတော့ဘူး"
"ဒါကတော့ ဟုတ်ပါတယ်"
ထိပ်ပြောင်သောအမျိုးသားကြီးက ခေါင်းညိတ်ပြလိုက်သော်လည်း မကြာမီမှာပင် မျက်မှောင်ကြုတ်လျက် ဆို၏။
"ဒါပေမဲ့ ငါ အဲဒီ အပြာရောင်မီးတောက်အကြောင်း မကြားဖူးပေမဲ့… ရွှေရောင်လျှပ်စီးအကြောင်းတော့ တစ်နေရာရာမှာ ကြားဖူးသလိုလိုပဲ၊ ဒါပေမဲ့ ဘာလဲဆိုတာကိုတော့ မမှတ်မိတော့ဘူး။ အစ်ကိုမာရော ဘယ်လိုထင်လဲ"
အဘိုးအိုသည် ခဏ စဉ်းစားပြီး ပြန်ဖြေသည်။
"မရှိပါဘူး။ ငါလည်း ရွှေရောင်လျှပ်စီးကို အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ ဒီပညာရပ်က တကယ်ကို ထက်မြက်လွန်းတာကြောင့် ရုပ်ခန္ဓာမရှိတဲ့ စဦးစိတ်ဝိညာဉ်တောင်မှ လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး"
"ဒါကို ထားလိုက်ပါတော့။ တာအိုမိတ်ဆွေဟန်က ဘယ်လို အစွမ်းထက်တဲ့ အတတ်တွေကိုပဲ ကျင့်ကြံထားပါစေ… ဒါက ငါတို့အတွက်တော့ ကံကောင်းတဲ့ ကိစ္စပါပဲ" ထိပ်ပြောင်သောအမျိုးသားကြီးက ထိုကိစ္စကို ဆက်လက် ပြောဆိုရန် ဆန္ဒမရှိသည့်အလား မျက်မှောင်ကြုတ်လိုက်ပြီး ဆို၏။
"ငါတို့ မနက်ဖြန် လုပ်ရမဲ့ ကိစ္စတွေကို ဆွေးနွေးရဦးမယ်"
အဘိုးအိုမာသည် မှင်တက်သွားပြီး ဇဝေဇဝါဖြင့် မေး၏။
"မနက်ဖြန် လုပ်ရမဲ့ကိစ္စတွေ ဆိုတာက ဘာကို ပြောတာလဲ"
ထိပ်ပြောင်သောအမျိုးသားကြီး၏ မျက်ဝန်းများအတွင်း၌ အေးစက်သော အလင်းတန်းတစ်ခု ဖြစ်ပေါ်လာ၏။ သူက ရက်စက်လိုဟန်ဖြင့် ပြန်ဖြေလိုက်၏။
"မောက်လန်တွေက အစီအရင်ကို ဖျက်ဆီးဖို့ သူလျှိုတစ်ယောက် လွှတ်ခဲ့မှတော့… ငါတို့ကလည်း သူတို့ကို ကိုယ့်ကျော့ကွင်းနဲ့ ကိုယ်မိအောင် ပြန်လုပ်ရမှာပေါ့"
အဘိုးအိုမာ၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို ချက်ချင်း သတိရသွားပြီး ပြောလာ၏။
"အစ်ကိုလူ… ခင်ဗျား ဆိုလိုတာက…"
"ဒါက အင်မတန် ရိုးရှင်းပါတယ်… ငါတို့က…"
သူတို့နှစ်ဦးမှာ တိုးတိုးတိတ်တိတ်ဆက်၍ တိုက်ပင်ကြလေ၏။ သူတို့၏ အသံများမှာ ခန်းမအတွင်း၌ ခပ်သဲ့သဲ့ ပဲ့တင်ထပ်နေတော့သည်။ ခဏအကြာတွင် ထိပ်ပြောင်သောအမျိုးသားကြီးမှာ သူ့ အစီအစဉ်၏ ပြောင်မြောက်မှုအပေါ် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကာ အားပါးတရ ရယ်မောလိုက်တော့သည်။
ဒုတိယမြောက်နေ့ မွန်းတည့်ချိန်…။
တလျှံလျှံတောက်ပနေသော နေမင်းကြီးက ကောင်းကင်အလယ်သို့ ရောက်လာချိန်မှာတော့ စစ်ဗုံတီးသံများ လေထုအတွင်းမှာ ပျံ့လွင့်မြည်ဟိန်းလာ၏။ မန္တာန်စစ်သည် စစ်တပ်ကြီးမှာ မိုးကုတ်စက်ဝိုင်းမှ တဖြည်းဖြည်း ချဉ်းကပ်လာကြပြီး ယခုတစ်ကြိမ်တွင် သူတို့၏ တပ်ဖွဲ့အလယ်၌ ကြီးမားလှသော သားရဲကြီးတစ်ကောင်ကိုလည်း ခေါ်ဆောင်လာခဲ့ကြသည်။
တစ်ချက်ကြည့်ရုံနှင့်ပင် ၎င်းမှာ သာမန် ကြံ့တစ်ကောင်ထက် ဆယ်စခန့် ပိုမို ကြီးမားသော ကြံ့ကြီးတစ်ကောင် ဖြစ်မှန်း သိသာလှပေသည်။ ၎င်း၏ နှာခေါင်းထိပ်တွင် ၁၀ ပေကျော် ရှည်လျားသော တောက်ပသည့် အပြာရောင် ဦးချိုတစ်ခု ရှိနေခဲ့သည်။ ထိုသားရဲသတ္တဝါကြီး၏ အင်မတန် ကြီးမားလှသော ခန္ဓာကိုယ်မှာ တောက်ပနေသည့် အနက်ရောင် စစ်ချပ်ဝတ်များဖြင့် ဖုံးလွှမ်းထား၏။ ၎င်း၏ အထက်တွင်လည်း မန္တာန်စာလုံးများ ဝဲပျံနေခဲ့သည်။ ၎င်းမှာ အင်မတန် တန်ဖိုးကြီးမားပုံ ရပေသည်။
၎င်း၏ ကြီးမားလှသော အရွယ်အစားကို ထားလိုက်ပါဦး၊ ၎င်း၏ ခြေလေးဖက်မှာ အပြာရောင် တိမ်တိုက်များပေါ်တွင် လမ်းလျှောက်နေသည့်အလား အင်မတန် လျင်မြန်လှပေသည်။ ၎င်းမှာ အနည်းငယ်မျှပင် လေးလံထိုင်းမှိုင်းဟန် မရှိချေ။
သည့်အပြင် ထိုသားရဲကြီးပေါ်တွင် အမျိုးသမီး တစ်ဦး ထိုင်နေခဲ့သည်။ သူမကား အထွတ်အထိပ် အလှပဂေးတစ်ယောက်ပင်။ သူမက ခြေဗလာနှင့် ဖြစ်၏။ ရုပ်ရည်မှာ နူးညံ့ချောမောလှသော်လည်း သူမ၏ မျက်ဝန်းများအတွင်းမှမူ ရန်လိုသော အငွေ့အသက်များ ထွက်ပေါ်နေသလို သူမ၏ အေးစက်သော အကြည့်များမှာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေခဲ့သည်။ သူမက ရိုးရှင်းသော အစိမ်းရင့်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။
ကုယောင်နှင့် ပိန်ရှည်သော မန္တာန်စစ်သည်တို့သည် ထိုအမျိုးသမီးကို ရိုသေလေးစားဟန်ဖြင့် သားရဲကြီး၏ဘေးမှ အနီးကပ် လိုက်ပါလာကြသည်။
"ဟမ်"
နဂါးဝါတောင်တန်းများထံ မချဉ်းကပ်မီမှာပင် အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးမှာ အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
ကုယောင်က မနေနိုင်ဘဲ မေး၏။
"ဘာဖြစ်လို့လဲ ပညာရှိလဲ့… တစ်ခုခုကို ရှာတွေ့လို့လား"
သူမ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာပြီး ဖြည်းညင်းစွာ ဆို၏။
"ဟုတ်တယ်… တစ်ခုခုတော့ ထူးဆန်းနေတယ်"
"အစီအစဉ်များ ပြောင်းသွားတာလား… အဲဒီလူများ ရှုံးနိမ့်သွားတာလား"
ပိန်ရှည်သော မန္တာန်စစ်သည်မှာ ငြိမ်ကျသွားပြီး သူ၏မျက်နှာတွင် စိုးရိမ်ရိပ်များ ပေါ်လာတော့သည်။
"အဲဒီလိုတော့ မဟုတ်လောက်ဘူး။ ခင်ဗျားတို့ နှစ်ယောက် သွားပြီး အခြေအနေကို ကြည့်လိုက်ကြဦး။" အမျိုးသမီးက ဂရုမစိုက်ဟန်ဖြင့် ဆို၏။ မကြာမီမှာပင် သူမသည် မျက်လုံးမှိတ်ကာ တိတ်ဆိတ်သွား၏။
ပိန်ရှည်သော မန္တာန်စစ်သည်နှင့် ကုယောင်တို့မှာ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး ၎င်းတို့၏ စိတ်ဝိညာဉ်အာရုံကို ရှေ့သို့ ဖြန့်ကြက်လိုက်ကြသည်။ မကြာမီမှာပင် ထိုနှစ်ဦးစလုံးမှာ အံ့အားသင့်သော မျက်နှာထားများ ဖြစ်သွားကြရသည်။
ကုယောင်က အကြီးအကျယ် မှင်တက်လျက် ဇဝေဇဝါဖြင့် ဆို၏။
"ဘာတွေ ဖြစ်နေတာလဲ… မြူခိုးတွေက ပျောက်ကွယ်သွားပြီပဲ… ငါတို့ ဆွေးနွေးထားတာက တိုက်ခိုက်မှု တစ်ဝက်လောက် ရောက်မှ အတားအဆီးကို ဖျက်ဆီးပြီး ကျင့်ကြံသူတွေ အကုန်လုံးကို အပြတ်ရှင်းဖို့ မဟုတ်လား… ဘာဖြစ်လို့ အတားအဆီးက ရုတ်တရက်ကြီး ပျောက်ကွယ်သွားရတာလဲ"
ပိန်ရှည်သော မန္တာန်စစ်သည်က တွေဝေစွာ ပြောလာ၏။
"ငါလည်း မသိဘူး… အရင်ဆုံး ရှေ့ကို တိုးကြည့်ပြီး အခြေအနေကို အသေအချာ စစ်ဆေးပြီးမှ ဘာလုပ်မလဲ ဆုံးဖြတ်ကြတာပေါ့"
၎င်းတို့ ဆွေးနွေးနေစဉ်မှာပင် သားရဲကြီးပေါ်မှ အမျိုးသမီးမှာမူ တိတ်ဆိတ်နေခဲ့သည်။ ရလဒ်အနေဖြင့် မန္တာန်စစ်သည် စစ်တပ်မှာ ရှေ့သို့ ဆက်လက် ချဉ်းကပ်လာခဲ့သည်။ သို့သော်လည်း ပိန်ရှည်သော မန္တာန်စစ်သည်၏ သတိပေးချက်ကြောင့် သူတို့၏ စစ်တပ်မှာ သတိဝိရိယ ရှိနေခဲ့ကြသည်။
မန္တာန်စစ်သည်စစ်တပ်မှာ မနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့သော နေရာသို့ ရောက်ရှိလာသည့်တိုင်အောင် ထူးခြားသော ကိစ္စရပ်တစ်ခုမျှ ဖြစ်ပေါ်မလာခဲ့ချေ။
အဆုံးမရှိသော အစိမ်းရင့်ရောင် မြူပင်လယ်ကြီးမှာ ရှိမနေတော့ဘဲ တောင်တန်းများနှင့် တောင်ထိပ်များပေါ်ရှိ ကျောက်စိမ်းစင်မြင့် အသီးသီးကိုသာ တွေ့မြင်နေရတော့သည်။ သို့သော်လည်း လှပပြီး လက်ရာမြောက်လှသော အဆောက်အအုံများမှာ ယခုအခါ ပျက်စီးယိုယွင်းနေပြီး မည်းမှောင်စွာ လောင်ကျွမ်းနေသလို အချို့မှာလည်း မီးခိုးများ ထွက်ပေါ်နေခဲ့သည်။ တောင်တန်းတလျှောက်တွင် တိတ်ဆိတ်မှုများ ဖုံးလွှမ်းနေပြီး မည်သည့် လူသားတစ်ဦးတစ်ယောက်မျှ ရှိမနေခြင်းက ကြည့်ရသည်မှာ စိတ်မချမ်းမြေ့စရာ မြင်ကွင်းတစ်ခုလို ဖြစ်နေတော့သည်။
အစိမ်းရောင်ဝတ်ရုံဝတ် အမျိုးသမီးသည် သူမ၏ သားရဲကြီးကို ဖြည်းညင်းစွာ ရှေ့သို့ မောင်းနှင်လာသည့်အခါ မန္တာန်စစ်သည် စစ်တပ်မှာ နှစ်ခြမ်းကွဲသွားတော့သည်။ သူတို့သည် သားရဲကြီးပေါ်မှ လှပသော ပုံရိပ်ကို ရိုသေလေးစားစွာ ကြည့်လိုက်ကြပြီး အရင်တုန်းကကဲ့သို့ မတည်မငြိမ် ဖြစ်နေမည့်အစား တိတ်ဆိတ်စွာပင် ရှိနေခဲ့ကြသည်။ ကုယောင်နှင့် ပိန်ရှည်သော မန္တာန်စစ်သည်တို့သည် သူမ၏နောက်မှ လိုက်ပါလာခဲ့ကြသည်။
အမျိုးသမီးသည် သူမ၏ တောက်ပသော မျက်ဝန်းများဖြင့် သူမရှေ့မှ မြင်ကွင်းကို ဝေ့ကြည့်လိုက်သည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမသည် သူမ၏ ဆံပင်များကို နောက်သို့ သပ်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာတော့သည်။
ပိန်ရှည်သော မန္တာန်စစ်သည်က မရေမရာလေသံဖြင့် ပြောလိုက်၏။
"ဒါက မကောင်းဘူး… မြူခိုးတွေ ရပ်သွားပြီဆိုပေမဲ့ အခုထိ ငါ့ရဲ့ စိတ်ဝိညာဉ်အာရုံကို ဆက်ပြီး မကြည့်နိုင်အောင် တားဆီးထားတဲ့ အတားအဆီးတွေ ရှိနေတုန်းပဲ"
ကုယောင်ကလည်း ဇဝေဇဝါဖြင့် ဆို၏။
"ဟုတ်တယ်… အခု ငါတို့ မြင်နေရတာက လှည့်ကွာတစ်ခုများ ဖြစ်နေနိုင်လား… တကယ်လို့ အဲဒီလူသာ တကယ် အောင်မြင်ခဲ့မယ်ဆိုရင် သူက ငါတို့နဲ့ အခုလောက်ဆို လာပူးပေါင်းသင့်ပြီလေ"
ထိုစဉ် အမျိုးသမီးက အေးစက်သော အသံဖြင့် ဝင်ပြောလာ၏။
"ဒါဆို ရှင်တို့ ပြောချင်တာက ငါတို့ ဒီမှာ ဘာမှမလုပ်ဘဲ ဒီအတိုင်းပဲ ရပ်နေရမှာလား"
"လုံးဝ မဟုတ်ပါဘူး" ဟု ပိန်ရှည်သော မန္တာန်စစ်သည်က ရှင်းပြလိုက်သည်။
"ငါတို့ ပိုပြီး သတိထားဖို့ပဲ လိုတာပါ… ဖြစ်နိုင်တာကတော့ အဲဒီလူဟာ တစ်စိတ်တစ်ပိုင်းပဲ အောင်မြင်ခဲ့တာဖြစ်ပြီး သူကတော့ ထွက်ပြေးသွားတာ ဖြစ်ရမယ်… အဲဒီရဲ့ ရလဒ်အနေနဲ့ တခြား ကျင့်ကြံသူတွေဟာ ဒီနေရာကို စွန့်ခွာပြီး ဆုတ်ခွာသွားကြတာ ဖြစ်ရမယ်"