← Chapters

တာအိုရဲ့အရသာ

Vol. 6 Ch. 565

တာအိုရဲ့အရသာ

Vol. 6 Ch. 565

ကွမ်းလုန်ကျီကို ချုပ်နှောင်ထားသည့် တဲစခန်းကို စစ်သည်တော် အချို့က စောင့်ကြည့်နေကြ ရလေသည်။ သို့သော် အရံအတားတော့ ပြုလုပ်ထားခြင်း မရှိပေ။ သို့သော် ကွမ်လုန်ကျီသာ ထွက်ခွာ သွားခဲ့လျှင် ထိုအစောင့် စစ်သည်တော်များ အားလုံး အသက်ပျောက်ရမည် ဖြစ်လေသည်။

ကွမ်းလုန်ကျီသည် စစ်သည်တော်များ အားလုံး၏ လေးစားမှုကို ရရှိထားသူ ဖြစ်လေသည်။ ထို့ကြောင့် စစ်သည်တော်များသည် ကွမ်းလုန်ကျီကို အကျယ်ချုပ် ချုပ်နှောင်ထားသည့် တဲစခန်းကို သပ်သပ်ရပ်ရပ် ဖြစ်အောင် သန့်ရှင်းရေး လုပ်ပေးကြလေသည်။ အရှေ့တိုင်း စစ်သည်တော် မျိုးနွယ်စု အချို့မှ လာရောက်ဆက်သသည် ရှေးဟောင်း စာအုပ်များကိုလည်း ကွမ်းလုန်ကျီထံသို့ လာရောက် ပို့ဆောင်ပေးလေ့ ရှိကြလေသည်။ သို့သော် မည်သူမှ ကွမ်းလုန်ကျီကို စကား မပြောရဲကြပေ။

အချုပ်အနှောင် ခံထားရသည့်တိုင် ကွမ်းလုန်ကျီသည် တဲစခန်း အတွင်းတွင် အေးအေးလူလူပင် နေထိုင် ခဲ့လေသည်။

ညအချိန် …

ကွမ်းလုန်ကျီ၏ တဲစခန်း အတွင်းမှ မီးရောင်တောက်ပ နေလေသည်။ တာ့ရှား ဧကရာဇ်သည် ကွမ်းလုန်ကျီထံမှ ယင်နှင့်ယန် မီးအိမ်ကို ယူဆောင်သွားခြင်း မရှိခဲ့ပါ။ ထို့ကြောင့် မီးအိမ်အရောင် တောက်ပနေခြင်း ဖြစ်လေသည်။

ထိုအချိန် …

ခရမ်းရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ဦး လေထဲတွင် ပျံဝဲလာပြီး ကွမ်းလုန်ကျီ၏ တဲစခန်း ရှိရာသို့ ရောက်ရှိလာလေသည်။

သူမကို တွေ့သည်နှင့် အစောင့် စစ်သည်တော်များက ဒူးထောက်ဂါရဝ ပြုလိုက်ကြလေသည်။

သူမသည် အခြားသူ မဟုတ်ပါ။ "လေ့ကျင်း" ပင် ဖြစ်လေသည်။

သူမသည် ဝူတင်ကို အနိုင်ရခဲ့ ပြီးသည့်နောက် တာ့ရှားပြည်၏ တော်ဝင်မျိုးနွယ်များ ကြားတွင် အလွန် နာမည်ကြီး လာခဲ့လေသည်။ ထို့ပြင် တာ့ရှား တပ်မတော်တွင်ပင် နေရာတစ်နေရာ ရနေခဲ့ပြီ ဖြစ်လေသည်။

ထို့ပြင် လေ့ကျင်းသည် တန်ခိုးစွမ်းအား မြင့်မားသည့် အရှေ့တိုင်း စစ်သည်တော်နှစ်ယောက် ဖြစ်သည့် နန်ချောင်နှင့် တုန်းယို့ကိုလည်း သုတ်သင် သတ်ဖြတ်ပစ်ခဲ့သူ ဖြစ်လေသည်။

နန်ချောင်သည် သစ်ပင်မျိုးနွယ် လူသားတစ်ယောက်ဖြစ်ပြီး အဆုံးမဲ့ တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်သူ ဖြစ်လေသည်။ သူက သစ်ပင်ပုံသဏ္ဍန် အသွင်ပြောင်းကာ အကိုင်းအခက်များဖြင့် တိုက်ခိုက် ခဲ့မှုကြောင့် တာ့ရှားစစ်သည်တော် အတော်များများ ကျဆုံးခဲ့ရလေသည်။ နောက်ဆုံးတွင်တော့ လေ့ကျင်း၏ မိုးကြိုးပစ်ခတ် ချမှုဖြင့် အသက်ပျောက် ခဲ့ရလေသည်။

တုန်းယို့ကတော့ မှော်ဆရာတစ်ယောက် ဖြစ်လေသည်။

သူက လေထဲတွင် မမြင်နိုင်သည့် ပုံသဏ္ဍန်ဖြင့် ပျော်ဝင်နိုင်ပြီး တိုက်ခိုက်နိုင်စွမ်း ရှိလေသည်။ သူက တာ့ရှား တပ်မတော်မှ စစ်သူကြီး အတော်များများကို တိတ်တဆိတ် လုပ်ကြံသတ်ဖြတ် ခဲ့သူတစ်ယောက် ဖြစ်လေသည်။ သို့သော် လေ့ကျင်း၏ လေနှင့်မိုးကို ဆင့်ခေါ်ခြင်း တန်ခိုးစွမ်းအားကို ခံနိုင်ရည် မရှိဘဲ နောက်ဆုံးတွင် လေထဲတွင်ပင် အသက်ပျောက်ခဲ့ရသည်။

ထို့ကြောင့် ယွမ်ယန်နှင့် တာ့ရှား ဧကရာဇ်တို့၏ စစ်ပွဲတွင် လေ့ကျင်း၏ ပါဝင်မှုသည် ပေါ့သေးသေးတော့ မဟုတ်ခဲ့ပေ။

ထို့ပြင် တာ့ရှား ဧကရာဇ်သည် သမီးတော် ထွန်းကားခြင်း မရှိသည့်အတွက် လေ့ကျင်းကို သမီး အရင်းလေးကဲ့သို့ ချစ်မြတ်နိုးကာ မင်းသမီးလေး တစ်ပါးအရာ ထားခဲ့သူ ဖြစ်လေသည်။

ထို့ကြောင့် ယိုဟူ မျိုးနွယ်ဝင်များအတွက် ရွှေခေတ်သို့ ရောက်ရှိလာပြီး လူအများမှာလည်း လေ့အိမ်တော်နှင့် ရင်းရင်းနှီးနှီးရှိရန် လိုလားလာကြတော့သည်။ ထို့ပြင် တော်ဝင်မိသားစု အိမ်တော်များမှာ လေ့ကျင်းကို သူတို့အိမ်တော်မှ သားယောက်ျား လေးများဖြင့် လက်ဆက်ပေးရန် ကမ်းလှမ်း ကြတော့သည်။

သို့သော် မည်သည့် အရာကမှ လေ့ကျင်းကို တားဆီးနိုင်ခြင်း၊ ချုပ်ကိုင်နိုင်ခြင်း မရှိခဲ့ပေ။

ယခုအချိန်တွင် ကွမ်းလုန်ကျီသည် မည်သူကမှ မပတ်သက်ရဲသည့် မီးတောင် တစ်ခုအလား ဖြစ်နေလေသည်။ သို့သော် လေ့ကျင်းကတော့ ကွမ်းလုန်ကျီဆီသို့ နေ့တိုင်းလာကာ အစားအသောက်များ ပို့ဆောင်ပေးလေ့ ရှိလေသည်။

လေ့ကျင်းသည် အစားအသောက်များ ထည့်ထားသည့် ဘူးများကို ကိုင်ဆောင်ရင်း ကွမ်းလုန်ကျီ နေထိုင်ရာ တဲစခန်း အတွင်းသို့ ဝင်လာလေသည်။

ကွမ်းလုန်ကျီသည် လက်ထဲတွင် စာလိပ်တစ်လိပ်ကို ကိုင်ကာ စာဖတ်နေလေသည်။

သိပ်ပြီး နာမည်ကျော်ကြားလှသည့် စာအုပ်တစ်အုပ် မဟုတ်သည့်တိုင် ကွမ်းလုန်ကျီသည် စာအုပ်ထဲတွင် စိတ်နစ်နေဟန် ရှိလေသည်။

ကွမ်းလုန်ကျီ၏ မျက်နှာသည် အေးဆေးငြိမ်သက်နေပြီး အကျယ်ချုပ်ကျ ခံနေရသည့်အတွက် တစ်ချက်လေးပင် စိုးရိမ်ပူပန်မှု ရှိပုံမရပေ။

လေ့ကျင်းအနားသို့ ရောက်လာမှ ကွမ်းလုန်ကျီက ဖတ်နေသည့် စာလိပ်ကို ဘေးသို့ အသာချလိုက်လေသည်။

ထို့နောက် လေ့ကျင်း ယူဆောင်လာသည့် အစားအသောက်များကို တစ်ချက် ကြည့်လိုက်ရင်း …

"ဒီနေ့လည်း အသားဟင်း မပါပြန်ဘူးလား …"

ဟု မေးလိုက်လေသည်။

ထို့နောက် ကွမ်းလုန်ကျီက သက်ပြင်းတစ်ချက် ချလိုက်ရင်း …

“တာအိုဆရာဆန်းလျန် တစ်ချိန်တုန်းက ပြောခဲ့ဖူးတယ်၊ လူတစ်ယောက်ဟာ ဝါးအိမ်နဲ့ နေနိုင်တယ်၊ အသားမပါဘဲ ထမင်း မစားနိုင်ဘူးတဲ့၊ ခုတော့ သူ့စကား မှန်နေပြီပဲ”

ကွမ်းလုန်ကျီထံမှ ဆန်းလျန်ဆိုသည့် အမည်ကို ကြားလိုက်ရသည်နှင့် လေ့ကျင်းသည် ခံစားချက်များ ရှုတ်ထွေးသွားရ လေသည်။ အမှန်တော့ အတိတ်က စိတ်ကူးယဉ်မှုများသည် သူမဘက်မှ တစ်ဖက်သတ်ဆန်သည့် စိတ်ကူးယဉ်မှုများသာ ဖြစ်ကြောင်း ယခုတော့ သူမ နားလည်ထားပြီး ဖြစ်လေသည်။

အမှန်တော့ သူမ၏ ဆရာသည် လူထူးလူဆန်းတစ်ယောက် ဖြစ်လေသည်။ ဆရာဖြစ်သူ၏ ဘဝတွင် မည်သူ့ကိုမှ တွယ်တာရစ်နှောင်ခြင်း မရှိခဲ့ပေ။ နောက်ဆုံး သူမကိုတောင်မှ တွယ်တာခဲ့ခြင်း မရှိခဲ့ပေ။

ဆန်းလျန်သည် မျောလွင့်နေသည့် တိမ်တိုက်လေး တစ်စအလားပင် ဖြစ်လေသည်။ သူမအနေဖြင့် ဆန်းလျန်နှင့် နောက်တစ်ကြိမ် ထပ်မံ တွေ့ဆုံရန်ပင် မသေချာတော့ပေ။

ထိုအတွေးများသည် လေ့ကျင်း၏ စိတ်ထဲတွင် လျှပ်တပြက်မျှသာ ပြေးလွှားသွားခြင်း ဖြစ်ပြီး သူမက ကွမ်းလုန်ကျီကို ချက်ချင်းပင် စကားပြန်ပြောလိုက်သည်။

"ဆရာကြီး ကွမ်းလုန်ကျီ၊ ကျွန်မရဲ့ ဦးလေးက ဆရာကြီးကို သံဖျော်ရည်နဲ့ ကြေးနီတွေ ကျွေးချင်နေတာနော်၊ ကျွန်မက ခိုးကြောင်ခိုးဝှက်နဲ့ စားစရာတွေ အမြဲလာပို့ ပေးနေတာ …"

ကွမ်းလုန်ကျီက ရယ်မောလိုက်ရင်း …

"ကျုပ်က နည်းနည်းလောက်ပဲ မကျေမနပ် ဖြစ်မိတာပါ ကျင်းအယ်ရယ်၊ စိတ်မဆိုးပါနဲ့ …"

လေ့ကျင်းက …

“ကျွန်မသာ ဆရာကြီးကို စိတ်ဆိုးမယ်ဆိုရင် နေ့တိုင်း အစားအသောက်တွေတောင် လာပို့ ပေးမနေဘူး …”

ကွမ်းလုန်ကျီက သူမကို စကား ပြန်မပြောတော့ဘဲ ပြုံးရုံသာ ပြုံးလိုက်လေသည်။

ထို့နောက် ထမင်းဘူးထဲမှ ဟင်းလျာများကို စတင်စားသောက် လိုက်လေသည်။ အစားအသောက်များမှာ အသီးအရွက် ဟင်းလျာများသာ ဖြစ်သော်လည်း အရသာ ရှိလာပေသည်။

မီးမျှင်းမျှင်းလေးဖြင့် အရသာရှိအောင် ချက်ပြုတ်ထားသည့် ကြာစွယ်ဟင်းချို၊ နှင်းပွင့်ကဲ့သို့ ဖြူစင်သည့် ဆန်မုန့်နှင့် အရည်ရွှမ်းသည် မျှစ်စို့ပေါက် နုနုလေးများကို ချက်ထားသည့် ဟင်းလျာများမှာ အလွန်မှ အရသာ တွေ့လှလေသည်။ အရသာ ရှိခြင်းထက် ဟင်းပွဲများထဲတွင် ထူးဆန်းသည် အငွေ့အသက်များ ပါဝင်နေလေသည်။

ဟင်းလျာများကို ချက်ပြုတ်သူသည် အလွန်မှ ထူးခြားသူတစ်ယောက် ဖြစ်ရပေလိမ့်မည်။

ထိုဟင်းလျာများကို ချက်ပြုတ်သူသည် ကြာစွယ်ဟင်းချိုကို ပြင်ဆင်ရာတွင် မီးအပူကို ထိန်းချုပ်နိုင်စွမ်းမှာ အံ့သြစရာ ကောင်းလှလေသည်။ ထို့ပြင် ရေနှင့် ချက်ပြုတ်ထားသည့်တိုင် အသီးအရွက်များ၏ မူလ သဘာဝအတိုင်း လတ်ဆတ်မှုက ပျောက်ပျက်သွားခြင်း မရှိပေ။ ထိုသို့ ချက်ပြုတ်နိုင်ရန်မှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။

လေပြင်း တိုက်ခတ်လိုက်သောကြောင့် လွင့်ပါ သွားသကဲ့သို့ အစားအသောက် များသည် ခဏချင်းပင် ကုန်သွားလေတော့သည်။

ကွမ်းလုန်ကျီက ကျေနပ်သည့် လေသံဖြင့် ရေရွတ်လိုက်သည်။

“စားလို့ ကောင်းလိုက်တာ၊ အသားဟင်းတောင် မလိုတော့ဘူးပဲ”

လေ့ကျင်းက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး …

“အဲဒီလောက်တောင် စားလို့ကောင်းလား …”

ကွမ်းလုန်ကျီက …

“တကယ် စားကောင်းတာပါ၊ ဒီအစားအသောက်တွေက သာမန် မဟုတ်ဘူး၊ တာအို သဘောတရားတွေ ပါနေတယ်၊ တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်တာဟာ အစားအသောက်တွေ ချက်ပြုတ်တာနဲ့ သဘောတရားခြင်း တူတယ်၊ ဒါကြောင့် အစားအသောက်ကောင်းကို ချက်ပြုတ်နိုင်တဲ့ သူတွေဆိုတာ ထူးခြားတဲ့ သူတွေပါပဲ"

ထိုစကားများကို ကွမ်းလုန်ကျီက အလကား ပြောလိုက်ခြင်း မဟုတ်ပါ။

ယခု စားသောက်ဖွယ်ရာများကို ချက်ပြုတ်သူသည် ဆန်းလျန်နှင့် များစွာ ကွာခြားသည့် ဝိသေသ လက္ခဏာများကို ပိုင်ဆိုင်သည့် တာအိုဆရာတစ်ယောက် ဖြစ်နိုင်လေသည်။

လေ့ကျင်းက …

“ဆရာကြီးက စားဖိုမှူး အကြောင်းကို ပြောနေတာလား၊ သူက ထူးဆန်းတာတော့ အမှန်ပဲ၊ သူက အစေခံတစ်ယောက် ဖြစ်ပေမဲ့ တော်ဝင်မျိုးနွယ် တွေကတောင် သူ့ကို အရေးလုပ်ပြီး စကားတွေဘာတွေ ပြောကြတယ်၊ အရင် ရက်တွေကဆိုရင် ကျွန်မရဲ့ အဖေက သူ့ကို ရာထူးတစ်ခု ပေးဖို့တောင် လုပ်နေတာ၊ ဒါပေမဲ့ သူက ရာထူး မလိုချင်ဘူးဆိုပြီး ငြင်းလိုက်တယ်၊ ပြီးတော့ သူက ကျွန်မလက်အောက်မှာ တာဝန် ထမ်းဆောင်မယ်လို့ ပြောတယ်၊ အဖေက အဲဒီလူကို အရမ်း သဘောကျနေတော့ ကျွန်မလည်း မငြင်းတော့ဘဲ ကျွန်မဆီမှာ တာဝန်ထမ်းဆောင်ခွင့် ပေးလိုက်တာ … ပြီးတော့ ဆရာ ကွမ်းလုန်ကျီကလည်း အသီးအရွက် ဟင်းလျာတွေဆို မကြိုက်ဘူးလေ၊ ဒါကြောင့် ဟင်းကောင်းကောင်း ချက်တတ်တဲ့သူကို ရှာတော့ သူက ချက်တတ်တယ်လေ၊ ဒါကြောင့် သူ့ကို ဟင်းချက်ခိုင်းလိုက်တာ၊ ဆရာက သူ့ကို အထင်ကြီးသွားမယ်လို့ တွေးတောင် မတွေးခဲ့ဘူး"

ထိုသူသည် အလွန်မှ ထူးခြားသူ တစ်ယောက် ဖြစ်သည်ကို ကွမ်းလုန်ကျီ ရိပ်မိလိုက်လေသည်။ ထို့ပြင် တစ်ချိန်တည်းမှာပင် ထိုသူကို သနားစိတ်လည်း ဝင်လိုက်မိသည်။ ကွမ်းလုန်ကျီ ကဲ့သို့သော လူတစ်ယောက်ကိုပင် တန်ဖိုး မထားတတ်သည့် တာ့ရှား ဧကရာဇ်သည် ထိုသူကိုလည်း အဘယ်သို့ တန်ဖိုးထား ပါမည်နည်း။

ထို့ကြောင့်လည်း ထိုသူသည် တာ့ရှား ဧကရာဇ်၏ လက်အောက်တွင် ရာထူးရာခံ မလိုချင်ခြင်း ဖြစ်ဟန် တူလေသည်။

အသိဉာဏ်ပညာ ဆိုသည်က အရေးမပါသည့် အရာ မဟုတ်ပါ။ အလေးအနက် ထားရမည့်အရာ ဖြစ်လေသည်။ ကွမ်းလုန်ကျီ၏ အသိပညာသည် ပယ်လယ် တစ်စင်းကဲ့သို့ နက်ရှိုင်းကျယ်ပြန့် လွန်းလေသည်။ သို့သော် … ကွမ်းလုန်ကျီတွင် အခြားသူများကဲ့သို့ အသက်ရှန်သန် နိုင်ရန်အတွက် စွမ်းအား အလုံအလောက် မရှိပေ။

ကွမ်းလုန်ကျီက …

“သူ့အကြောင်းပြောတာ တော်လောက်ပါပြီလေ၊ ဒီနေ့ ဟင်းတွေကတော့ တကယ် စားကောင်းပါတယ်၊ ကျင်းအယ် … ကျုပ်ကွမ်းလုန်ကျီက ဘာမှသိပ်ပြီး သိနားလည်တဲ့သူ မဟုတ်ပေမဲ့ မင်းလိုအပ်လာရင် အကြံဉာဏ်ကောင်းတွေ ပေးဖို့ အသင့် ရှိနေပါ့မယ်၊ မင်းရဲ့ စေတနာ တွေကိုလည်း ကျုပ်မှတ်ထားပါ့မယ် … ဪ ဒါနဲ့ … ကျင်းအယ် အရေးကြီးကိစ္စ မရှိဘူးဆိုရင် ကျုပ်မင်းကို ပြောစရာတွေ ရှိတယ် …"

ပထမတော့ လေ့ကျင်းက ကွမ်းလုန်ကျီ၏ စကားကို ငြင်းပယ်ရန် စဉ်းစားလိုက်မိလေသည်။

သို့သော် …

ကွမ်းလုန်ကျီ၏ တည်ငြိမ်ခြင်းများ နောက်ကွယ်တွင် ဝမ်းနည်းကြေကွဲ မှုများကို တွေ့မြင် လိုက်မိသည့်အတွက် လေ့ကျင်းက တွေးလိုက်မိသည်။

“ဦးရီးတော်က ဆရာကြီးကို ဘယ်လိုကြောင့်များ ခုလို လုပ်ရတာလဲ၊ ဦးရီးတော် လုပ်တာတွေက နည်းနည်းတော့ လွန်လွန်းတယ်၊ ဆရာကြီး ကွမ်းလုန်ကျီနဲ့ စကားပြောရင်း ခဏလောက်တော့ အဖော်လုပ်ပေး လိုက်ပါ့မယ်လေ”

ကွမ်းလုန်ကျီကို ကြည့်ရင်း သူမ၏ စားဖိုမှူးသည် အဘယ့်ကြောင့် တာ့ရှားပြည်တွင် ရာထူး မလိုချင် ခဲ့ရသည်ကို သဘောပေါက် သွားမိလေသည်။

တာ့ရှား ဧကရာဇ်သည် တာ့ရှားပြည်မှ ထူးချွန်ထက်မြက် သူများစွာကို စိတ်သောက ရောက်စေခဲ့သူတစ်ယောက် ဖြစ်လေသည်။ မည်မျှပင် ကောင်းခဲ့ပါစေ အမှားတစ်ခု ပြုမိပါက ချက်ချင်းပင် ပြင်းထန်စွာ အပြစ်ပေးရန် ဝန်လေးသူတစ်ယောက် မဟုတ်ပေ။

ကွမ်းလုန်ကျီသည် သူ့ဘဝကို တာ့ရှားပြည်အတွက် နှစ်မြှုပ်ထားသူ ဖြစ်လေသည်။ ထို့ကြောင့် ကွမ်းလုန်ကျီ အတွက်တော့ အသိအမှတ် ပြုမခံရခြင်းသည် အရေးမကြီးပေ။

ကွမ်းလုန်ကျီသည် သူတန်ဖိုး ထားရသည့် လျန်စန်းကို ဆန်းလျန် အားပေးခဲ့သော်လည်း လျန်စန်းတွင် ရေးသားထားသည့် အချို့သော အဓိပ္ပာယ်များမှာ ကွမ်းလုန်ကျီ ရှင်းမပြဘဲ အခြားသူများ နားလည်နိုင်ရန် မဖြစ်နိုင်ပေ။

ထို့ပြင် ကွမ်းလုန်ကျီသည် ကွန်ဖြူးရှပ်ဝါဒနှင့် ပတ်သက်သည့် သင်ကြား ပေးမှုများကို တာ့ရှား ပြည်သူများအတွက် ပိုပြီး ပြုလုပ်ပေးချင် ခဲ့မိလေသည်။ တာ့ရှားပြည် ပြိုလဲခဲ့မည် ဆိုလျှင်တောင်မှ ရှင်သန်ကျန်ရစ် ခဲ့မည့်သူ အနည်းငယ်တွင် လေ့ကျင်းသည်လည်း တစ်ယောက် အပါအဝင် ဖြစ်ပေလိမ့်မည်။ ကွမ်းလုန်ကျီ အတွက်တော့ လေ့ကျင်းထက် ယုံကြည်ရမည့် သူကို ရှာဖွေ မတွေ့နိုင်ခဲ့ပေ။ ထို့ကြောင့် သူသိသမျှကို လေ့ကျင်းကို ပြောလိုမိခြင်း ဖြစ်လေသည်။

လေ့ကျင်းကတော့ ကွမ်းလုန်ကျီ၏ စိတ်ရှုပ်ထွေး နေမှုများကို နားမလည်ခဲ့ပါ။

သူမက ကွမ်းလုန်ကျီပြောသည့်စကားများကို နားထောင်နေပြီး ထိုစကားများကို နားလည် မှတ်မိရန်အတွက် အပြင်းအထန် ကြိုးစား နေရလေသည်။

လေ့ကျင်းနှင့် အတန်ကြာ စကားပြောပြီး သွားသည်နှင့် ကွမ်းလုန်ကျီက ဆက်လက် ပြောကြားခြင်း မရှိတော့ပေ။ သူဆက်ပြီး စကားပြောပါကလည်း လေ့ကျင်းသည် သူ့စကားများကို နားလည်နိုင်မည် မဟုတ်တော့ပေ။

ကွမ်းလုန်ကျီသည် အတန်ကြာ တိတ်ဆိတ်နေပြီးမှ …

"ကျင်းအယ် … ကျုပ်ပြောတာတွေထဲမှာ မင်းနားမလည်တာတွေ ရှိရင် ဒီဟင်းတွေ ချက်ပေးတဲ့ သူကို မေးလို့ရတယ်၊ သူက မင်းကို တစ်ခုခု ကူညီနိုင်လိမ့်မယ်"

***

All Chapters