မျှော်လင့်ချက်များနဲ့အတူ
Vol. 6 Ch. 566
လေ့ကျင်းက ခေါင်းညိတ်ပြလိုက်ပြီး ကွမ်းလုန်ကျီကို စိုက်ကြည့် နေလိုက်လေသည်။ ထို့နောက်တွင်တော့ သူမသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ထွက်ခွာ သွားလေတော့သည်။
လေ့ကျင်းထွက်ခွာသွားသည်နှင့် သေခြင်းရှင်ခြင်းမီးအိမ်မှ အနီရောင် အလင်းတန်းသည် တဲစခန်း ထောင့်တစ်နေရာသို့ ကျရောက် သွားလေသည်။ ထိုအခါ ထိုနေရာမှ အရိပ်တစ်ခု ထွက်ပေါ်လာပြီး ဆန်းလျန်၏ ပုံသဏ္ဌာန် ပေါ်ထွက်လာ လေသည်။
"အလင်းခွဲ အရိပ်ဖမ်းကျင့်စဉ်ကို ဆရာကွမ်းလုန်ကျီ ကျင့်ကြံ ထားလိမ့်မယ်လို့ ကျုပ်ထင်မထားခဲ့မိဘူး"
ဆန်းလျန်က ကွမ်းလုန်ကျီရှေ့တွင် ဝင်ထိုင်လိုက်ရင်း ကြည်လင် ပြတ်သားသည့် အသံဖြင့် ပြောလိုက်လေသည်။
ကွမ်းလုန်ကျီက ခေါင်းကိုမော့ကာ ပြုံးလိုက်ရင်း…
"ကျုပ်က လေ့ကျင်းကို လျန်စန်းအကြောင်း ရှင်းပြနေတာကို နားထောင်ပြီးမှတော့ မင်း ကျုပ်အကြောင်းတွေ သိသွားတာ ဘာဆန်းတော့မှာလဲ…"
ဆန်းလျန်က အလင်းရောင် မှိန်မှိန်လေးလင်းနေသည့် သေခြင်းနှင့်ရှင်ခြင်း မီးအိမ်ကို တစ်ချက် လှမ်းကြည့်လိုက်ရင်း…
"ဆရာကွမ်းလုန်ကျီကြောင့်သာ မဟုတ်ရင် တာ့ရှားတပ်မတော်ဟာ အဖြူရောင် မင်းကြီးရဲ့သားတော် ယွမ်ယန်ကို ဘယ်လိုလုပ် အနိုင်ရနိုင်မှာလဲ… အင်း … သနားစရာပဲ၊ သနားစရာပဲ…"
“ဘာသနားစရာရှိလို့လဲ…”
ကွမ်းလုန်ကျီက ပြုံးရင်းဖြင့် ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"ခင်ဗျားက သေတဲ့တစ်နေ့ ရောက်တဲ့အထိ သစ္စာပျက်မယ့်သူမှ မဟုတ်တာ၊ ဒါပေမဲ့ တာ့ရှားဧကရာဇ် ခင်ဗျားအပေါ်ထားတဲ့ အမျက်ကတော မပြေနိုင်ဘူး မဟုတ်လား”
ဆန်းလျန်က ခံစားချက် ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။
သူ့ကို ကွမ်းလုန်ကျီ သတိထားမိသွားမည်ဟု အစကတည်းက ဆန်းလျန် ရိပ်မိထားခဲ့ပါသည်။ သူကလည်း ဝိညာဉ် အရိပ်ကျင့်စဉ်ကို အသုံးပြုကာ တာ့ရှားစစ်စခန်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်လေသည်။
သို့သော် ကွမ်းလုန်ကျီကို လှည့်စား၍ရမည် မဟုတ်မှန်း သူ သိထားပြီးသား ဖြစ်လေသည်။
ကွမ်းလုန်ကျီက ရယ်မော လိုက်လေသည်။ သို့သော် သူ၏ရယ်သံတို့က အသက်ကင်းမဲ့လျက် ရှိချေ၏။
"ဆန်းလျန်… မင်းက အခု ကျုပ်အတွက် ဝမ်းသာနေတာလား၊ ဝမ်းနည်းပေးနေတာလား…"
မဆီမဆိုင် စကားတစ်ခွန်းကြောင့် ဆန်းလျန်သည် စားပွဲကို လက်ဖြင့်တစ်ချက် အသာ ရိုက်လိုက်လေသည်။
ဆန်းလျန်၏ ရင်ထဲနက်နက်ရှိုင်းရှိုင်း တစ်နေရာတွင်တော့ ကွမ်းလုန်ကျီကို လေးစားမိပြီး သူ့လုပ်ရပ်များကို အားကျမိလေသည်။
သို့သော်… ထိုအပြုအမူများသည် အပြင်တွင်တော့ ထုတ်ဖော်ပြသခဲ့ခြင်း မရှိပါပေ။
"ကျုပ်က ခင်ဗျားအတွက် စိတ်မကောင်းပါဘူးလို့ ပြောပြန်ရင်လည်း ခင်ဗျားက စိတ်သက်သာမှာ မဟုတ်ဘူး၊ ခင်ဗျားအတွက် ဝမ်းသာနေတယ်လို့ ပြောပြန်ရင်လည်း ဒါက မိတ်ဆွေတစ်ယောက် အနေနဲ့ မဖြစ်သင့်တဲ့ ကိစ္စပဲ၊ စိတ်လည်းမကောင်းဘူး ဝမ်းလည်း သာပါတယ်လို့ ပြောလို့ကျတော့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျုပ်ဝမ်းသာ နေတယ်…"
ဆန်းလျန်က ကွမ်းလုန်ကျီအတွက် စိတ်မကောင်းဖြစ်သည်ဟု ပြောလိုက်လျှင် အလွန်စိတ်ထား မြင့်မြတ်လွန်းရာ ကျနေပြီး တာ့ရှားဧကရာဇ်၏ အကြီးမားဆုံး ရန်သူလည်း ဖြစ်လာမည် ဖြစ်လေသည်။
ဆန်းလျန်က ကွမ်းလုန်ကျီအတွက် ဝမ်းသာသည်ဟု ပြောလိုက်လျှင်တော့ သူသည် ကွမ်းလုန်ကျီ၏ တန်ဖိုးရှိသော ပြိုင်ဘက်တစ်ယောက် ဖြစ်လာပေလိမ့်မည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဆန်းလျန်သည် ပြိုင်ဘက်ကင်းသူ တစ်ယောက် မဟုတ်ကြောင်းကိုလည်း သက်သေပြနိုင်မည် ဖြစ်လေသည်။
"ပြိုင်ဘက်ကင်းသည်" ဟု ဆိုရာတွင် တန်ခိုးစွမ်းအားအရာကို ပြောခြင်း မဟုတ်ပါ။ စိတ်နေသဘောထား အရာကိုသာ ပြောခြင်း ဖြစ်လေသည်။
ဆန်းလျန်၏စကားကြောင့် ကွမ်းလုန်ကျီသည် ကြိုးစားပြီး ပြုံးလိုက်လေသည်။
"ဆန်းလျန်…နောက်ဆုံးတော့မင်းက လောကရဲ့ အမှန်နဲ့ အမှားတွေကို ရောထွေးပစ်ဖို့ စိတ်ပိုင်းဖြတ် ထားပုံရတယ်၊ ဒါပေမဲ့ မင်းသိသင့်တာ တစ်ခုရှိတယ်၊ ကျင့်စဉ်လမ်းမှာ လမ်းမှားကို ခြေတစ်ချက်ချမိတာနဲ့ နောက်ပြန်ဆုတ်လို့ မရတော့ဘူးဆိုတာပဲ…"
ဆန်းလျန်၏အကြည့်က လေ့ကျင်းပို့ထားပေးသည့် အစားအသောက်ဘူးဗျားထံသို့ အကြည့် ရောက်သွားလေသည်။
"လေ့ကျင်းရဲ့ စားဖိုမှူးက… အင်း… ကျုပ်ထင်တာ မမှားဘူးဆိုရင် တာအိုလမ်းစဉ်ကို နားလည်ပြီး အတွေးအခေါ်ပညာ ပိုင်းမှာ ခင်ဗျားထက်တောင် သာပုံရတယ်၊ ဒီလိုလူမျိုးတောင် လောကမှာ ထွက်ပေါ်လာသေးရင် ကျုပ်ကရော ဘာလို့ သူများတွေရဲ့ အလှောင်အပြောင်ခံပြီး ပုန်းကွယ်နေစရာ လိုသေးလို့လဲ”
ကွမ်းလုန်ကျီက ဆန်းလျန်ကို ကြည့်လိုက်ရင်း…
"ဆန်းလျန်… မင်းက ဘာဖြစ်ချင်တာလဲ…"
“သူ့ကိုသာ ထျန်းယီရသွားရင် ငါးကိုရေထဲ လွှတ်လိုက်သလို ဖြစ်သွားမှာပဲ၊ တကယ်လို့က ကျုပ်ဆန်းလျန်သာ သူ့ကိုရသွားရင်တော့ နဂါးကို ကောင်းကင်မှာ ပျံခိုင်းလိုက်သလို ဖြစ်သွားလိမ့်မယ်၊ သူက ကျင်းအယ်ရဲ့ လက်အောက်မှာ ခိုလှုံနေကတည်းက သူက တာ့ရှားပြည်အောက်မှာ အမှုထမ်းဖို့ စိတ်မဝင်စားလို့ပဲ၊ တာ့ရှားပြည် ပြိုလဲတော့မယ် ဆိုတာကို သူလည်း သိပုံရတယ်၊ ပြီးတော့ သူကိုယ်တိုင်က တာ့ရှားပြည်နဲ့အတူ ပြိုလဲသွားချင်တဲ့ ဆန္ဒရှိပုံ မရဘူး၊ ဒါ ကျုပ်အတွက် အခွင့်ကောင်းပဲ…"
ဆန်းလျန်၏ အသွင်အပြင်တွင် ချက်ချင်းပင် ပြတ်ပြတ်သားသား ဆုံးဖြတ်ထားဟန် ပေါ်နေလေသည်။
ကွမ်းလုံကျီသည် ဆန်းလျန်ကို ယုံရခက်နေလေ၏။
"မင်းက ယင်းစန်းက တာ့ရှားပြည်နေရာမှာ အစားထိုးမယ့် ကံတရားကို ပြောင်းပြန် လှန်ပစ်ချင်နေတာလား၊ မဟုတ်ဘူး၊ မင်းက တိုင်းပြည်တစ်ပြည် တည်ထောင်ချင်နေတာပဲ…"
ကွမ်းလုန်ကျီသည် ကံကြမ္မာ ရေစီးကြောင်းကို မြင့်မားစွာ နားလည်သူ တစ်ယောက် ဖြစ်လေသည်။ ကံကြမ္မာအတိုင်း သာဆိုလျှင် ကျင့်ကြံသူများသည် တာ့ရှားပြည်နေရာကို အစားထိုးမည် ဖြစ်လေသည်။ ထိုသို့ဖြစ်ရမည်မှာ အသူရာ ချောက်၏ ကံကြမ္မာပင် ဖြစ်လေသည်။ ကံကြမ္မာကို ဆန့်ကျင်မည်ဆိုပါက ကံကြမ္မာက အပြစ်ပေးသည်ကို ပြန်လည် ခံယူရမည် ဖြစ်လေသည်။
တာ့ရှားပြည်က အာဏာရှင်ဆန်စွာ ကျင့်ကြံသူများကို ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် အသူရာချောက်တွင် ဖွံ့ဖြိုးတိုးတက်ခြင်းများကို တားဆီးထားခြင်းက ကျင့်ကြံသူများက တာ့ရှားပြည်ကို ဖယ်ရှားလိုသည့် အကြောင်းရင်း ဖြစ်လေသည်။
အသူရာချောက်မှ ကျင့်ကြံသူများကို ကိုယ်စားပြုသူမှာ ထျန်းယီအကြီးအကဲ ဖြစ်လေသည်။ ထျန်းယီသည် လူသား မျိုးနွယ်စုများ အားလုံးတို့၏ စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ပြီး လေးစားမှုကို ခံရသူ ဖြစ်လေသည်။
ထို့ပြင် ယင်းစန်းဒေသသည် စီးပွားရေးကောင်းမွန်သည့် ဒေသတစ်ခုဖြစ်သည့် အတွက် ဒေသအနှံ့အပြားရှိ ကုန်သည်များနှင့် အဆက်အသွယ် ရှိလေသည်။ ထိုအချက်ကလည်း ယင်းစန်းဒေသ အရှိန်အဟုန်ဖြင့် အင်အားကြီးလာရသည့် အကြောင်းတစ်ချက်ပင် ဖြစ်လေသည်။
ဤအချက်များကို ကြည့်ခြင်းအားဖြင့် ထျန်းယီသည် ထူးခြားသည့် တာအိုကျင့်ကြံသူ တစ်ယောက်ဖြစ်သလို စီးပွားရေးနှင့်စစ်ရေးဗျူဟာကို ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ကြောင်း သိသာလှလေသည်။
တာ့ရှားဧကရာဇ်သာ အင်အားကြီးမားသူ တစ်ယောက် မဟုတ်ပါက ယင်းစန်းသည် တာ့ရှားပြည်နေရာတွင် အစားထိုးပြီးသည်မှာ ကြာလှပြီ ဖြစ်လေသည်။
တာ့ရှားဧကရာဇ်မှာ အာဏာရှင် ဆန်လွန်းသူ ဖြစ်သည့်အတွက် အများပြည်သူက ကြိုက်နှစ်သက်ကြခြင်း မရှိသည့်တိုင် တာ့ရှားဧကရာဇ်ကို ကြောက်ရွံ့ ကြရသည့်အတွက် အာဏာရှင်စနစ်က တည်မြဲနေရခြင်း ဖြစ်တော့၏။
ဆန်းလျန်ကပြုံးလိုက်ရင်း…
"ကျုပ်က အဲဒီလိုလုပ်လို့ မရဘူးလား…"
ကွမ်းလုန်ကျီ၏မျက်နှာတွင် စိတ်ရှုတ်ထွေးမှုများ အထင်းသား ပေါ်လွင်လာလေသည်။
"တကယ်တော့ ကျင့်စဉ်လမ်းမှာ ကျုပ်က မင်းလောက် မတော်ပါဘူး ဆန်းလျန်…”
ဆန်းလျန်က တိုင်းပြည်တစ်ပြည် တည်ထောင်မည်ဆိုလျှင် ထိုအချက်က ဆန်းလျန်၏ ကျင့်စဉ်လမ်းနှင့်လည်း ပတ်သက်နေလေသည်။ ထို့ပြင် သူက တာ့ရှားပြည်ကို စီးပွားရေးရော စစ်ရေးအရပါ ကူညီပေးမည် မဟုတ်ပေ။ ထို့ပြင် သူက ကိုယ်ပိုင်လမ်း သစ်ထွင်လိုခြင်း ဖြစ်လေသည်။ ဆန်းလျန်က အခြားသူများ မလုပ်သည့် လမ်းသစ် တစ်ခုကို တီထွင်လိုခြင်း ဖြစ်လေသည်။
ယင်းစန်းဒေသသည် တာ့ရှားပြည်ကို အစားထိုးမည့် ကိစ္စသည် ကံတရားအတိုင်း ဖြစ်လေသည်။ ထိုကံတရား ဖြစ်တည်လာရသည်မှာ ထျန်းယီကလည်း ကံတက် နေသောကြောင့် ဖြစ်လေသည်။
ဆန်းလျန်ကတော့ တာ့ရှားပြည်နှင့် ယင်းစန်းဒေသထက် အင်အားကြီးမားသည့် တိုင်းပြည် တစ်ခုကို တည်ထောင် လိုလေသည်။
ဆန်းလျန်၏ အတွေးများကို သိနေသည့် ကွမ်းလုန်ကျီ၏ နှလုံးသားသည် မထိခိုက်ဘဲ မနေနိုင်ခဲ့ပေ။
ဆန်းလျန်က ပေါ့ပေါ့ပါးပါးဖြင့်ပင်…
“ကျုပ်ရဲ့စကားတွေကတစ်ဆင့် ကျုပ်ရဲ့အတွေးတွေကို သိနိုင်တဲ့သူဆိုလို့ ခင်ဗျားပဲ ရှိတယ် ဆရာကွမ်းလုန်ကျီ…”
ဆန်းလျန်က စကားဆက်ပြောလိုက်သည်။
“တာ့ရှားပြည် ပျက်စီးသွားတာနဲ့ ခင်ဗျားက ကိုယ့်ကိုယ်ကိုယ်လည်း တာ့ရှားနဲ့အတူ စတေးခံဖို့ ဆုံးဖြတ်ထားတဲ့ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကိုတော့ ကျုပ်မလေးစားဘဲ မနေနိုင်ပါဘူးဗျာ…”
ကွမ်းလုန်ကျီက…
“ဆန်းလျန်… မင်း ကျုပ်အတွက် စိတ်မကောင်း ဖြစ်စရာ မလိုပါဘူး၊ နောက်ဆုံးတော့ တာ့ရှားဧကရာဇ်လည်း ကျုပ်ကို နားလည်သွားမှာပါ၊ ဒါပေမဲ့ ကျုပ်နားမလည်တာ တစ်ခုရှိတယ်၊ မင်းက ဘာဖြစ်လို့ ရုတ်တရက်ကြီး တိုင်းပြည်တစ်ခု တည်ထောင်ဖို့ စဉ်းစားမိရတာလဲ၊ ကံတရားအကြောင်းနဲ့ လောကနိယျာမတွေကို မင်းလည်း နားလည်ထားတဲ့ သူတစ်ယောက်ပဲလေ….”
“ဆရာကွမ်လုန်ကျီ၊ ခင်ဗျားက တာအိုဆရာ တစ်ယောက်ရဲ့ တာအိုကျင့်စဉ် လမ်းအကြောင်းကို နားလည်ချင်နား လည်လိမ့်မယ်၊ ဒါပေမဲ့ နတ်ဘုရားတစ်ပါးရဲ့ တာအို ကျင့်စဉ်လမ်းကတော့ တာအိုဆရာတစ်ယောက်ရဲ့ တာအိုကျင့်စဉ်လမ်းနဲ့ တူနိုင်မှာ မဟုတ်ဘူး၊ ဒါကိုတော့ ခင်ဗျားနားလည်နိုင်မှာ မဟုတ်ဘူး”
ဆန်းလျန်က ပေါ့ပေါ့ပါးပါးပင် ပြန်ပြော လိုက်လေသည်။
ကွမ်းလုန်ကျီက…
“ဒါဖြင့် မင်းဘယ်လို ရှင်းပြပေးနိုင်မလဲ…”
“ဆရာကွမ်းလုန်ကျီ နတ်ဘုရားတစ်ပါးဟာ စစ်မှန်တဲ့ လမ်းစဉ်နဲ့ နတ်ဘုရား ဖြစ်လာတာလား၊ မှားယွင်းတဲ့ လမ်းစဉ်နဲ့ နတ်ဘုရား ဖြစ်လာတာလား ဆိုတဲ့ အချက်ကို ခင်ဗျားဘယ်လို သိနိုင်မှာလဲ၊ လောကမှာ မဖြစ်နိုင်ဘူး ဆိုတာ မရှိပေမယ့် အသိဉာဏ် နည်းနည်းလေးနဲ့တော့ တာအိုလမ်းစဉ်ကို ဖန်တီးနိုင်မှာ မဟုတ်ဘူး၊ ကျုပ်သွားမယ့် လမ်းမှာ တောင်မြင့်ကြီး တစ်ခု ကာရံနေတယ်ဆိုပါတော့…၊ ကျုပ်ဆန်းလျန်ဆိုတဲ့ လူက တောင်ကိုကျော်ပြီး ပျံသန်းသွားမှာ မဟုတ်သလို တောင်ကို ဖြတ်ပြီးတော့လည်း ခရီးနှင်မှာ မဟုတ်ဘူး၊ အဲဒီတောင်ကို ဥမင်တူးပြီး ကျုပ်ကိုယ်ပိုင်လမ်းကို ဖော်ထုတ်မယ့်သူပဲ”
သူ၏ ကံတရားမည်သို့ရှိမည်လည်း ဆန်းလျန်လည်း မသိပါ။ သို့သော် ယင်းစန်းဒေသသည် တာ့ရှားပြည် နေရာတွင် အစားထိုးမည် ဆိုသည်ကတော့ သေချာသည့် ကံတရားတစ်ခု ဖြစ်လေသည်။ အားလုံးပြောပြီးသည့် နောက်တွင်တော့ သူသည် သမိုင်းတွင် အစိတ်အပိုင်း တစ်ခု ဖြစ်လာတော့မည်ကို သူသိလိုက်လေသည်။
သူက အသူရာချောက်၏ ကံတရားကို ချိုးဖျက်ပြီး ဖြစ်တည်မှု ပဓာနကျခြင်းကို လူသားများအား ခံစားစေလိုခြင်း ဖြစ်လေသည်။
ထို့ပြင် သူ့လုပ်ရပ်များကြောင့် မည်သည့်အကျိုးဆက်များ ဖြစ်လာမည်ကို သူ စဉ်းစား ထားခဲ့ခြင်း မရှိပါ။ သူတတ်နိုင် သမျှအကောင်းဆုံး ကြိုးစားသွားမည်ပဲ ဖြစ်လေသည်။
အမှန်တော့ တာ့ယိ၏ နေဆယ်စင်းကို မြားဖြင့် ပစ်ခွင်းခဲ့သည့် မြင်ကွင်းကို တွေ့မြင်ခဲ့ရခြင်း မရှိပါက ဆန်းလျန်သည် ယခုကဲ့သို့ ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချနိုင်ခဲ့မည် မဟုတ်ပေ။
ဆုံးဖြတ်ချက်ချရန် အတွက် သူသည် ကြောက်ရွံ့ နေခဲ့မိမည်သာ ဖြစ်လေသည်။
***