← Chapters

ကျဆုံးခြင်း

Vol. 6 Ch. 567

ကျဆုံးခြင်း

Vol. 6 Ch. 567

ကွမ်းလုန်ကျီသည် တစ်ခဏမျှ တိတ်ဆိတ် နေလေသည်။

နောက်ဆုံးတွင်တော့ သူက စကား ပြောလိုက်လေသည်။

“မင်း လမ်းသစ် ထွင်ချင်တယ်ဆိုရင်တော့ နည်းလမ်းတွေက အများကြီးပါပဲ၊ ဒါပေမဲ့ မင်းရဲ့ တန်ခိုးစွမ်းအားက လမ်းသစ်ထွင်ဖို့ မလုံလောက်သေးဘူး”

ဆန်းလျန်က…

“ဒါဆိုရင် ထိုက်ယီထျန်းရှန်း အဆင့်ရောက်ဖို့အတွက် ဘယ်လိုများ လုပ်ရမလဲ၊ ကျုပ်အများကြီး ကြိုးစားကြည့်ခဲ့ ပေမယ့် လမ်းစတစ်ခု ပျောက်နေသလိုပဲ”

“တာအိုဝါဒက ထိုက်ယီထျန်းရှန်းအဆင့်နဲ့ ဗုဒ္ဓဘာသာက မဟာစကြာဗောဓိသကျအဆင့်က အတူတူပါပဲ၊ အမည်နာမတွေ ကွဲလွဲတာပဲရှိတာ၊ ဒါပေမဲ့ ဒီအဆင့်ကို ရောက်ဖို့ဆိုတာ ကိုယ်တိုင် ကျင့်ကြံနိုင်မှုနဲ့ပဲ ဆိုင်တယ်၊ လောကမှာ အဲဒီအဆင့်တွေ ရောက်အောင် ကျင့်ကြံနိုင်ဖို့က အင်မတန်ခက်တယ်၊ ဒီတော့ ကျုပ်လည်းမင်းကို ကူညီပေးနိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ကျုပ်ကူညီနိုင်မယ် ဆိုရင်တောင် ကူညီမှာ မဟုတ်ဘူး"

ကွမ်းလုန်ကျီက ပြန်ပြောလိုက်လေသည်။

ဆန်းလျန်က ကွမ်းလုန်ကျီ၏ စကားများကို နားထောင်နေရင်း ယင်နှင့်ယန် မီးအိမ်ကို အာရုံစူးစိုက် နေလေသည်။

"ကြည့်ရတာ ခင်ဗျားက ကျုပ်ကို မကူညီချင်ဘူးပဲ…"

ကွမ်းလုန်ကျီက…

"ဒီလိုဖြစ်လာမှတော့ ကျုပ်ကို ခွင့်လွှတ်ဖို့ပဲ ပြောချင်ပါတယ် ဆန်းလျန်၊ ဒါပေမဲ့ မင်း ရည်ရွယ်တဲ့ လမ်းကို လျှောက်လို့ မဖြစ်နိုင်ဘူး၊ ဒီလိုလုပ်ရင် လူပေါင်းများစွာ သေကြေ ပျက်စီးကြရလိမ့်မယ်၊ လူတစ်ယောက်ရဲ့ တစ်ကိုယ်ကောင်းစိတ် တစ်ခုအတွက်နဲ့ လူအများ ဒုက္ခရောက်ရတယ် ဆိုတာ မဖြစ်သင့်ဘူး"

ဆန်လျန်သည် တာ့ရှားပြည်နှင့် ယင်းစန်းဒေသနှင့် စွမ်းအားတူညီသည့် တိုင်းပြည် တစ်ပြည် တည်ထောင်မည်ဆိုလျှင် ရုတ်တရက် တည်ထောင်လိုက်သည့် တိုင်းပြည်အတွက် သွေးထွက်သံယိုမှုများနှင့် စတေးခံရခြင်းပေါင်းများစွာရှိလာ လိမ့်မည် ဖြစ်လေသည်။ ထို့ပြင် အသူရာ ချောက်သည် ကြိုတင်ခန့်မှန်း၍ မရနိုင်သည့် နေရာတစ်ခု ဖြစ်လေသည်။ ထို့ကြောင့် ကံကြမ္မာကို ပြောင်းလဲခြင်းအတွက် လူပေါင်းမည်မျှ စတေးခံရမည်ကို မည်သူမှ မသိနိုင်ပေ။

လွန်ခဲ့သည့် အချိန်တုန်းက ဆန်းလျန်သည် လောကစံချိန်ထက် သာလွန်သည့် သူတစ်ယောက်အဖြစ် ကွမ်းလုန်ကျီက ထင်မြင်ခဲ့လေသည်။ ထို့နောက်တွင်တော့ ဆန်းလျန်၏ သူရဲကောင်းဆန်ခြင်း များကိုလည်း စိတ်လှုပ်ရှားဖွယ်ရာ တွေ့မြင်ခဲ့ရလေသည်။ ထိုအချက်ကပင် ဆန်းလျန်၏ ဘဝတစ်လျှောက်လုံးကို ပြောင်းလဲစေသည့် အရာပင် ဖြစ်လေသည်။

ကွမ်းလုန်ကျီသည် ရှေ့ဖြစ်အရာများကို ခန့်မှန်းနိုုင်သည့်တိုင် အတိတ်နှင့်အနာဂတ်ကို အတိတကျ သိရှိနိုင်စွမ်းရှိသူ တစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် ဆန်းလျန် မည်သည့် အဖြစ်အပျက်များ ကြုံတွေ့ခဲ့ရသည်ကို မသိနိုင်ပေ။ သို့သော် တော်ဝင်ကျောင်းတော်တွင် ဆန်းလျန်နှင့် အတူနေထိုင်ခဲ့ဖူးသည့် အတွက် ဆန်းလျန်၏ စိတ်ထားကို ခန့်မှန်းနိုင်လေသည်။

ဆန်းလျန်သည် အခြားသော နတ်မိစ္ဆာ မဟာတန်ခိုးရှင်များ၊ မိုးကောင်းကင် နတ်ဘုရားများနှင့် မတူကွဲပြားသူ တစ်ယောက် ဖြစ်လေသည်။

ဆန်းလျန်သည် အချိန်တိုအတွင်းမှာပင် ကြီးမားသည့် ပြောင်းလဲမှုမျိုး ကိုလည်း ပြုလုပ်ပစ်နိုင်သူ တစ်ယောက် ဖြစ်လေသည်။ လေ့ကျင်းကို အချိန်တိုတိုနှင့် တန်ခိုးစွမ်းအားများ ရရှိအောင် သင်ကြားပေးနိုင်ခဲ့ခြင်းက သက်သေပင် ဖြစ်လေသည်။

ဆန်းလျန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း…

"ဆရာကွမ်းလုန်ကျီ၊ ကျုပ် ဆန်းလျန်က မျှတမှုရှိတဲ့သူပါ…"

ကွမ်းလုန်ကျီက သက်ပြင်း တစ်ချက်ချလိုက်ရင်း…

"ဒါပေမဲ့ မင်းရဲ့ဆုံးဖြတ်ချက်ကို ကျုပ်အားမပေးနိုင်ဘူး၊ ဒီတစ်ခါတော့ ကျုပ်ဟာ မကောင်းမှုကို ပြုရတော့မယ် ထင်ပါရဲ့"

ဆန်းလျန်က…

"အစကတည်းက ခင်ဗျားနဲ့ လက်ရည် စမ်းချင်နေတာပါ…"

ထို့နောက် ကွမ်းလုန်ကျီသည် ရှည်လျားသည့် လေချွန်သံ တစ်ချက်ကို ပြုလိုက်လေသည်။

ထိုအခါ တာ့ရှား စစ်စခန်းတစ်ခုလုံး အနည်းငယ် လှုပ်ခါသွားပြီး ယင်နှင့်ယန်မီးအိမ်မှ ကြုံးဝါးသံ တစ်ချက်ထွက်ပေါ် လာပြီး မီးအိမ်သည် ဆန်းလျန်ရှေ့သို့ ရောက်လာလေသည်။ အလင်းရောင် နှစ်ခုဖြစ်သည့် အနီရောင်အလင်းတန်းနှင့် အဖြူရောင် အလင်းတန်းများသည် နဂါးနှစ်ကောင် အလား ဆန်းလျန်၏ ပခုံးထက်သို့ ကျရောက်လာလေသည်။

ကွမ်းလုန်ကျီက သူ၏လက်များကို တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် အလွန်ကြီးမားသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာကာ မီးအိမ်မှ အလင်းတန်းနှစ်ခုသည် အလွန်အားကြီးသည် တန်ခိုးစွမ်းအား လှိုင်းကြီးများ အဖြစ် ပြောင်းလဲသွားလေတော့သည်။

သေခြင်းနှင့် ရှင်ခြင်းမီးအိမ်မှ အနီရောင် အလင်းတန်းသည် သေခြင်းတရားကို ကိုယ်စားပြုပြီး အဖြူရောင် အလင်းတန်းကတော့ ရှင်သန်ခြင်းကို ကိုယ်စားပြုလေသည်။ သို့သော် ထိုအလင်းတန်း နှစ်ခုကို တွဲဖက်အသုံးပြုပါက ထိုမီးအိမ်မှ အပြင်းထန်ဆုံး စွမ်းအားကို ဖော်ထုတ်နိုင်မည် ဖြစ်လေသည်။

ယင်နှင့်ယန်က ဆန့်ကျင်ဘက်ဖြစ်သလို သေခြင်းနှင့် ရှင်ခြင်းကလည်း ဆန့်ကျင်ဘက် ဖြစ်လေသည်။ ဘဝရှိလျှင် သေခြင်းတရားလည်း ရှိမည် ဖြစ်လေသည်။ သေခြင်းတရားရှိလျှင် ဘဝလည်း ရှိမည် ဖြစ်လေသည်။

သို့သော် ယင်နှင့်ယန်၊ သေခြင်းနှင့်ရှင်ခြင်းကို ပေါင်းစပ် အသုံးပြုလိုက်ပါက ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအားက အံ့သြစရာ ကောင်းလှလေသည်။

ဆန်းလျန်က လက်ခုပ်တစ်ချက် တီးလိုက်ရင်း…

"စိတ်ဝင်စားစရာပဲ…"

ထိုအချိန်တွင် …

အေးစက်သည့်အသံတစ်သံ ထွက်ပေါ်လာလေသည်။

"ဆန်းလျန်… မင်းက ငါကိုယ်တော်ရဲ့ ပိုင်နက်ထဲကို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် လုပ်လို့ရမယ်များ ထင်နေလား"

တာ့ရှားဧကရာဇ် နေထိုင်ရာ တဲနန်းဆီမှ အလွန်ကြီးမားသည့် အရိပ်ကြီးတစ်ခု ထွက်ပေါ် လာလေသည်။

ထိုအရိပ်ကြီးမှာ မည်မျှကြီးမားသည်လဲ ဆိုလျှင် ကောင်းကင်ထိအောင် ထိုးဖောက်နေသည့် အလား ထင်မှတ်ရလေသည်။ ထိုအရိပ်ကြီးထံမှ ဖိအားတစ်ခု ထွက်ပေါ်နေပြီး စစ်စခန်းမှ စစ်သည်တော်ပေါင်း များစွာမှာ ထိုဖိအားဒဏ်ကို မခံနိုင်ဘဲ သတိလစ် မေ့မြော ကုန်ကြလေသည်။

ဆန်းလျန်က တစ်ချက် ရယ်မော လိုက်လေသည်။

"မင်းကြီး… ဒီအချိန်ကို ရောက်လာဖို့ စောင့်နေခဲ့တာ မဟုတ်လား"

အမှန်တော့ တာ့ရှားစစ်စခန်းသို့ ရောက်ရှိလာသည့် ဆန်းလျန်သည် ကိုယ်ပွားတစ်ခုသာ ဖြစ်လေသည်။

တိုက်ပွဲတွင် သေဆုံးခဲ့လျှင်တောင်မှ သူ၏ မူလဇာစ်မြစ်ကို ထိခိုက်နိုင်မည် မဟုတ်ပေ။

ကွမ်းလုန်ကျီသည် သူ့ကို သေခြင်းနှင့်ရှင်ခြင်း မီးအိမ် အသုံးပြုကာ တိုက်ခိုက် ခဲ့ပြီးသည့်နောက် ယခုတော့ တာ့ရှားဧကရာဇ် ထွက်ပေါ်လာပြီ ဖြစ်လေသည်။

ထိုသို့ဖြစ်လာမည်ကို ဆန်းလျန်က မျှော်လင့်ထားပြီးသား ဖြစ်လေသည်။

တာ့ရှားစစ်စခန်းသို့ ဝင်ရောက်ခဲ့ပြီ ဆိုကတည်းက ဖြစ်နိုင်ချေများအားလုံးကို ဆန်းလျန်သည် သုံးသပ်ခဲ့ပြီးသား ဖြစ်လေသည်။

ကွမ်းလုန်ကျီကတော့ သနားစရာ ကောင်းလှသူ တစ်ယောက်ဖြစ်လေသည်။

သူသည် လူသားခန္ဓာကိုယ်ဖြင့် နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်လိုက်သည့် အတွက် သူ၏နှလုံးသည် ဒဏ်မခံနိုင်ဘဲ ပျက်စီး သွားခဲ့လေသည်။

သေခြင်းနှင့်ရှင်ခြင်းမီးခွက်မှ အလင်းတန်းများ ထွက်ပေါ်လာသည်နှင့် ဆန်းလျန်က တစ်ချက် ရယ်မောလိုက်ရင်း ကြာပန်း ပုံသဏ္ဌာန် သင်္ကေတတစ်ခုကို ဖန်ဆင်း လိုက်လေသည်။ ထိုကြာပန်းသင်္ကေတမှ နေနှင့်လပြိုင်တူထွန်းလင်း သည့်စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ အလင်းတန်းနှစ်ခုသည် ထိုတန်ခိုးစွမ်းအားနှင့် ထိခိုက်မိသည်နှင့် ရွှေရောင်ကျီးကန်းနှင့် ကျောက်စိမ်းယုန် အဖြစ် ပြောင်းလဲသွားကာ အချင်းချင်း တိုက်မိပြီး ကွဲပျက် သွားရလေသည်။

ဆန်းလျန်ဖန်ဆင်းထားသည့် ကြာပန်းသင်္ကေတသည် ဗုဒ္ဓဘာသာမှ နေနှင့်လ အမှတ်အသား ဖြစ်လေသည်။ နေနှင့်လ၏ ကြီးကျယ် ခမ်းနားမှုသည် သက်ရှိသတ္တဝါများ အားလုံးကို ဆွဲဆောင် နိုင်လေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးသည် ခေတ္တရပ်တန့် သွားသည့်အလား ထင်မှတ်ရလေ၏။

ထိုသို့ရပ်တန့်သွားသည့်အချိန်ခဏကို ဆန်းလျန်က အသုံးချလိုက်လေသည်။

ထိုအချိန်လေး အတွင်းမှာပင် ဥက္ကာပျံ တစ်စင်းအလား ထွန်းလင်းနေသည့် နတ်ဘုရား မြားတစ်စင်း ဝင်ရောက် လာလေသည်။

ကွမ်းလုန်ကျီ၏မျက်နှာမှာ ချက်ချင်း သွေးစုတ်သွားပြီး သွေးများကို အန်ထုတ်လိုက်ကာ သေခြင်းနှင့်ရှင်ခြင်း မီးအိမ်မှ အလင်းတန်းများမှာလည်း ပျောက်ကွယ် သွားလေသည်။

မီးအိမ်သည် ပျက်စီးသွားဟန် ရှိလေသည်။

တာ့ရှားဧကရာဇ် ရောက်လာတော့မှ ဆန်းလျန်၏ လက်ထဲတွင် ကိုင်ထားသည့် လေးသည် ပျောက်ကွယ် သွားခဲ့လေသည်။

အိပ်မက်ကမ္ဘာမှ နိုးထခဲ့ပြီးသည့်တောက် ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာထဲတွင် နေမင်း ဖြိုခွင်းမြား၏ အစွမ်းသတ္တိများက ကြွင်းကျန် နေခဲ့လေသည်။ ထို့ကြောင့် သူ့အတွက်တော့ သေခြင်းနှင့်ရှင်ခြင်း မီးအိမ်သည် ကြောက်စရာ လက်နက် တစ်ခုမဟုတ်ခဲ့ပေ။

တာ့ရှားဧကရာဇ်က…

"မင်းကို သတ်မယ်ဆိုရင်တောင်မှ သူ့ကို မကယ်နိုင်တော့ဘူး၊ ဒါပေမဲ့ မင်းအသက်ရှင် နေမယ် ဆိုရင် ငါကိုယ်တော် နောင်တရမိလိမ့်မယ်"

"မင်းကြီးက ကွမ်းလုန်ကျီကို သတ်ချင်နေတာ မဟုတ်ဘူးလား၊ ကျုပ်နဲ့ ထျန်းယီကို ထည့်မတွက်ပါနဲ့၊ ဒါဆိုရင် သေခြင်းနဲ့ရှင်ခြင်း မီးအိမ်က မင်းကြီးအပိုင်ပါ၊ ဒီမီးအိမ်နဲ့ဆိုရင် ရဟန်းမင်းကြီး အသက်ပြန်ရှင်ဖို့ အခွင့်အလမ်း ရချင်ရမှာ…"

ဆန်းလျန်က ရယ်မောရင်းပြောလိုက်လေသည်။

တာ့ရှားဧကရာဇ်က အေးစက်စွာ ရယ်မောလိုက်ရင်း…

"ငါကိုယ်တော်က ကွမ်းလုန်ကျီကို မသတ်ချင်ပါဘူး၊ သူ့ကို သိစေချင်တာ၊ လောကကြီးမှာ ငြိမ်းချမ်းရေးဆိုတဲ့ အရာ ကိုအာဏာနဲ့ပဲ ထိန်းထားနိုင်တယ်၊ လူတစ်ယောက်ဟာ အာဏာရှိတဲ့ သူကို နာခံရမယ်၊ မနာခံနိုင်ဘူး ဆိုရင်တော့ နာခံတဲ့အထိ သေအောင် သတ်ပစ်ရတယ်၊ ဒါကြောင့်လည်း ငါကိုယ်တော်ရဲ့ တာ့ရှားပြည်ဟာ နှစ်ပေါင်းထောင်နဲ့ ချီပြီးအဓွန့်ရှည်နေခဲ့တာပဲ"

"မနာခံတဲ့သူတွေကို သုတ်သင်ပစ်မယ် ဆိုရင်တောင် မင်းကြီး ကျုပ်ကို သုတ်သင်ပစ်လို့ မရပါဘူး၊ ပြီးတော့ လောကကြီး တစ်ခုလုံးက လူတွေကိုရော သုတ်သင်ပစ်လို့ ရမယ်များ ထင်နေလား"

ဆန်းလျန်က သိမ်မွေ့စွာပင် ပြောလိုက်သည်။

သူ၏အင်္ကျီလက်များသည် လေထဲတွင် လွင့်ပျံ နေကြလေသည်။

တာ့ရှားဧကရာဇ်က ထပ်မံစကားပြောခြင်း မရှိတော့ပါ။ သူ၏ လက်သီးချက်က ဆန်းလျန်ဆီသို့ အရှိန်ပြင်းစွာဖြင့် ဝင်ရောက် လာလေတော့သည်။

ဆန်းလျန်သည် ချက်ချင်းပင် ကြည်လင်သည့် အလင်းတန်းတစ်ခု အသွင် ပြောင်းလဲသွားပြီး ကောင်းကင်ထက်သို့ ပျံသန်း ထွက်ခွာသွားကာ တိမ်တိုက်များနှင့် ရောနှော သွားလေတော့သည်။

***

All Chapters