တိုက်ခိုက်ခြင်း
Vol. 6 Ch. 569
လေ့ကျင်းသည် ထိုက်ယီထျန်းရှန်း အဆင့် နတ်ဘုရားများ၏ တန်ခိုးစွမ်းအား မြင့်မားပုံနှင့် အရေးပါပုံများကို ကောင်းကောင်း နားလည်ထားသူ တစ်ယောက် ဖြစ်လေသည်။ ထိုအဆင့်သို့ သူမ၏ ဆရာသည်ပင်လျှင် ရောက်ရှိခြင်း မရှိသေးပေ။ တာ့ရှားပြည် တည်ထောင်ပြီးသည့် နောက်ပိုင်း စစ်ဝမ်မင့်တစ်ယောက်သာ ထိုက်ယီထျန်းရှန်း အဆင့်ထိ တက်ရောက် နိုင်ခဲ့လေသည်။
လေ့ကျင်းသည် တွေဝေနေရင်းမှ မေးခွန်းထုတ်လိုက်မိသည်။
“အဲဒါက ဦးရီးတော်အတွက် အန္တရယ်ရှိနိုင်လားဟင်…”
ကွမ်းလုန်ကျီက ခါးသက်စွာဖြင့် ပြုံးလိုက်ရင်း…
“ကျုပ်သိသလောက် ဆိုရင်တော့ … တာ့ရှားဧကရာဇ်ဟာ မပျက်စီးနိုင်တဲ့ ခန္ဓာကိုယ်ကို ရထားပေမယ့် သူ့ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေရှိတယ်၊ လူတစ်ယောက်လည်း ရှိနေသေးတယ်”
ကွမ်းလုန်ကျီသည် လူတစ်ယောက် ပိုင်ဆိုင်ထားသည့် မှော်အင်းသင်္ကေတ တစ်ခု အကြောင်းကို စဉ်းစား နေမိလေသည်။ ယခုအချိန်တွင် ကွမ်းလုန်ကျီသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများလည်း ပျောက်ဆုံး နေခဲ့ရပြီ။
အဘယ်ကြောင့်ဆိုသော် ထိုသူနှင့် ဆန်းလျန်ကြားတွင် ပတ်သက် ဆက်နွှယ်မှုရှိနေခဲ့သည့် အတွက် ကွမ်းလုန်ကျီသည် လမ်းပျောက်လျက်ရှိလေသည်။
လေ့ကျင်းက…
“ဒါဆို ကျွန်မ ဆရာနဲ့ ဦးရီးတော်နောက်ကို လိုက်သွားလိုက်ဦးမယ်…”
“မသွားနဲ့ ကျင်းအယ်၊ တာ့ရှားပြည်ရဲ့ကိစ္စတွေကို မင်းဝင်ပါနိုင်မယ်လို့ မထင်လိုက်ပါနဲ့၊ တာ့ရှားပြည်ဟာ မကြာခင် မှာပျက်စီးတော့မှာ၊ အဲဒီအချိန်မှာ မင်းလည်း ဒုက္ခရောက်နေမယ်ဆိုရင် ဘယ်သူမှ ကူညီမယ့်သူ ရှိမှာ မဟုတ်တော့ဘူး”
ကွမ်းလုန်ကျီက နူးညံ့သိမ်မွေ့သည့် အသံဖြင့် ပြောလိုက်လေသည်။
“ဘာဖြစ်လို့လဲ…”
လေ့ကျင်းက စိတ်ရှုတ်ထွေးစွာဖြင့် ပြန်မေး လိုက်လေသည်။
ကွမ်းလုန်ကျီသည် အပြင်းအထန် ချောင်းများဆိုးလာပြီး နာကျင်သည့် ဝေဒနာကို မနည်းတင်းခံ နေရလေသည်။
ပြီးမှ…
“မင်းပြန်တော့ ကျင်းအယ်၊ ဒီကိစ္စတွေကို နောက်မှပဲထပ်ပြီးပြောကြတာပေါ့…”
အဝေးဆီတွင် အလွန်ထူထပ် နက်မှောင်နေသည့် တောအုပ်တစ်အုပ်ကို တွေ့ရလေသည်။
တောအုပ်ထဲမှ သစ်ပင်များသည် ပေတစ်သောင်း အထက် မြင့်မားကြလေသည်။ ပေတစ်သောင်း မရှိလျှင်တောင် ပေတစ်ထောင် ရှိမည် ဖြစ်လေသည်။
ဆန်းလျန်သည် ထိုတောအုပ် အတွင်းရှိ သစ်ပင်တစ်ပင်ထက်တွင် ပေါ်လာလေသည်။
ထို့နောက် ချက်ချင်း ပျောက်ကွယ်သွားပြီး နောက်ထပ် သစ်ပင်တစ်ပင် ထက်တွင် ပေါ်လာပြန်လေသည်။
သစ်ပင်များသည် ထူထပ်လွန်းသည့် အတွက် ဆန်းလျန်၏ ခန္ဓာကိုယ်ကို ကောင်းစွာ ဖုံးကွယ် ထားနိုင်လေသည်။ သို့သော် တာ့ရှားဧကရာဇ်၏လက်မှ လွတ်မြောက်နိုင်ခြင်း မရှိသည်ကိုတော့ ဆန်းလျန် ကောင်းကောင်း သိထားလေသည်။
သစ်ပင်တစ်ပင်ထက်တွင် ကျားတစ်ကောင်နှင့် ဆင်တူသည့် နတ်သားရဲတစ်ကောင် အိပ်စက် နေလေသည်။ ဆန်းလျန်က ထိုသတ္တဝါကို တစ်ချက်ကြည့်လိုကပြီး ထိုသတ္တဝါရှိနေသည့် သစ်ပင်ရှေ့သို့ ရောက်ရှိ သွားလေသည်။ ထို့နောက် ဆန်းလျန်သည် ပျောက်ကွယ် သွားပြန်သည်။
တောနက်များထဲတွင် နတ်သားရဲများစွာ နေထိုင်ကြလေသည်။ ထိုကျားမျိုးနွယ် နတ်သားရဲမျိုးကို “ပီအန်း” ဟု ခေါ်လေသည်။ ကျားဖြစ်သော်လည်း နဂါးသွေးပါဝင်ပြီး တောနက်များတွင် လွတ်လွတ်လပ်လပ် နေထိုင်ရသည်ကို သူတို့က နှစ်သက်လေသည်။
ယခုတော့ ထိုသားရဲသည် အေးဆေးစွာ အိပ်စက်နေသည့်ဘဝကို နှောက်ယှက်သည့် လူတစ်ယောက် ရောက်ရှိလာသည့် အတွက် ပီအန်းသားရဲသည် အမျက်ဒေါသ ထွက်သွား ရတော့သည်။
သူက ဆန်းလျန်၏ တည်ရှိမှုကို အနံ့ခံကာ ရှာဖွေလိုက်လေသည်။
ထိုအချိန်မှာပင် သူ့ရှေ့မှ သစ်ပင်ကြီး တစ်ပင် လဲကျလာလေသည်။
ထိုသားရဲသည် အန္တရာယ် အငွေ့အသက်ကို ချက်ချင်းရလိုက်ပြီး ငြိမ်သက် နေလိုက်သည်။
သူ့ရှေ့တွင် ပေါ်လာသူမှာ အနက်ရောင်နှင့် ရွှေရောင် ပေါင်းစပ်ထားသည့် နဂါးဝတ်စုံကို ဝတ်ဆင်ထားသည့် ဧကရာဇ် တစ်ပါး ဖြစ်လေသည်။ သူက နတ်သားရဲကို အေးစက်သည့် မျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။ ထိုအခါ ချက်ချင်းပင် နတ်သားရဲသည် မြေပေါ်တွင် ဝပ်သွားပြီး ဧကရာဇ်ကို ခုခံတွန်းလှန်ခြင်း လုံးဝ မရှိတော့ပေ။
ဧကရာဇ်သည် ရှေ့သို့ ခြေတစ်လှမ်း တိုးသွားလိုက်ပြီး နတ်သားရဲ၏ ဦးခေါင်းကို နင်းထား လိုက်လေသည်။ သားရဲမဲ အလွန်အမင်း ကြောက်လန့်တုန်လှုပ် နေသည့်တိုင် ပြန်လည် တိုက်ခိုက်ရဲခြင်း မရှိပါချေ။
ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ်နေပြီး တာ့ရှားဧကရာဇ်၏ အသက်ရှူသံကိုသာ ကြားနေရလေသည်။
ထို့နောက် ပတ်ဝန်းကျင်တွင် သစ်ပင်ကြီးများ တစ်ပင်ပြီးတစ်ပင် လဲပြို ကုန်ကြလေသည်။ တောနက်ထဲမှ ငှက်များနှင့် တိရိစ္ဆန်များသည် ထူးဆန်းသည့် ဖြစ်ရပ်ကြောင့် ကြောက်ရွံ့တုန်လှုပ် နေကြလေသည်။
ရေနှင့် ပြုလုပ်ထားသကဲ့သို့ ကြည်လင်သည့် ခန္ဓာကိုယ်တစ်ခု ရုတ်တရက် ပေါ်လာပြီး ချက်ချင်းပင် ပြန်လည် ပျောက်ကွယ် သွားလေသည်။ ဧကရာဇ်သည်လည်း လေထုထဲသို့ ချက်ချင်းပင် ထိုးဖောက် ဝင်ရောက် သွားလေသည်။
တန်ခိုးစွမ်းအား မြင့်မားသူ လူသားနှစ်ယောက်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးရှိ သစ်ပင်များမှာ ဖုံများသဲများဖြင့် ဖုံးလွှမ်း ကုန်ကြလေသည်။
လျှင်မြန်ခြင်းမရှိသည့် သားရဲများနှင့် ငှက်များသည် အသက်သေဆုံး ကုန်ကြပြီး အသွင်ပြောင်းထားသည့် သတ္တဝါများမှာလည်း မူလပုံသဏ္ဌာန်များ အတိုင်း ပြန်ဖြစ်ကုန် ကြလေသည်။
ဆန်းလျန်နှင့် တာ့ရှားဧကရာဇ် နှစ်ယောက်လုံးသည် တောအုပ်ကို ပျက်စီးစေလိုခြင်း မရှိကြသည့်တိုင် တိုက်ခိုက်ရမည်ပဲ ဖြစ်လေသည်။
ဤသည်မှာ ဆန်းလျန်နှင့် တာ့ရှားဧကရာဇ်၏ နောက်ဆုံး တိုက်ပွဲလည်း ဖြစ်နိုင်လေသည်။ ထို့ကြောင့် သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် အကဲစမ်းကာ အားနည်းချက်ကို တွေ့အောင် ရှာနေကြခြင်း ဖြစ်လေသည်။
ဆန်းလျန်၏ ဘဝတွင် တာ့ရှားဧကရာဇ်ကဲ့သို့ပြိုင်ဘက်မျိုးနှင့် တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ တာ့ရှားဧကရာဇ်သည် တန်ခိုးစွမ်းအားများ အထွတ်ထိပ် ရောက်ရှိနေသူ တစ်ယောက် ဖြစ်လေသည်။
ဆန်းလျန်နှင့် တာ့ရှားဧကရာဇ် (၂)ယောက်လုံးသည် မတူညီသည့် လမ်းစဉ်နှစ်ခုမှာ တန်ခိုး စွမ်းအားများကို ပိုင်ဆိုင်လေသည်။
ယခုအချိန်တွင် ဆန်းလျန်သည် လူသားခန္ဓာမရှိတော့ပေ။ မူလဝိညာဉ်ခန္ဓာသာ ကျန်ရှိတော့သည်။
တာ့ရှား ဧကရာဇ်ကတော့ ရုပ်ခန္ဓာနှင့် ဝိညာဉ်ကို တစ်သားတည်းကျအောင် ပေါင်းစပ်ထားနိုင်သူ တစ်ယောက် ဖြစ်လေသည်။ ထို့ပြင် သူ၏ မပျက်စီးနိုင်သော ခန္ဓာကိုယ်သည် ရွှေခန္ဓာထက်ပင် ပိုပြီးအားကောင်းသေးသည်။
တာ့ရှားဧကရာဇ်သည် လေထဲတွင် နဂါးတစ်ကောင်အလား ရွေ့လျားနေသည့် ကြည်လင်သည့် ရေစီးကြောင်းကို စိုက်ကြည့် နေလေသည်။ ထို့နောက် သူက လေတစ်ချက် ချွန်လိုက်လေရာ လောကကြီးတစ်ခုလုံး တုန်လှုပ်လာတော့သည်။ တောအုပ်အတွင်းသို့ ကြီးမားသည့် တန်ခိုးစွမ်းအားများ သက်ရောက်လာပြီး သစ်ပင်များ၊ မြေကြီးများ၊ ရေများ အာလုံး တုန်ခါ သွားလေသည်။
ကြည်လင်သည့် ရေစီးကြောင်းသည် ဆန်းလျန်အဖြစ် အသွင်ပြောင်း သွားလေသည်။
ထိုအခါ တာ့ရှားဧကရာဇ်သည် ဆန်းလျန်ရှိရာသို့ ခုန်ဝင် တိုက်ခိုက်လိုက်လေသည်။ သို့သော် ထူးဆန်းသည်မှာ တာ့ရှားဧကရာဇ်ထံမှ စွမ်းအားနှစ်ခု ထွက်ပေါ်လာပြီး ထိုစွမ်းအားများသည် ဆန်းလျန်ကို အရှေ့နှင့်အနောက် အရပ်မျက်နှာ နှစ်ခုမှ ညှပ်ပြီး ဖိနှိပ်ထားလေသည်။
ဆန်းလျန်သည် သူ၏ရွှေပြဒါး အမြုတေမှ တန်ခိုးစွမ်းအားများကို ထုတ်ယူ အသုံးပြုလိုက်ပြီး မြေကြီးများပင် တုန်ခါ သွားရလေသည်။ သူ၏ဝိညာဉ် စွမ်းအားများသည် ပတ်ဝန်းကျင်တွင် အကန့်အသတ်မဲ့ ပျော်ဝင်သွားလေသည်။
ရေကဲ့သို့ ကြည်လင်နေသည့် ဆန်းလျန်၏ ခန္ဓာကိုယ်သည် နဂါးငွေ့တန်း အဖြစ် အသွင် ပြောင်းသွားလေသည်။ ထိုနဂါးငွေ့တန်းသည် တာ့ရှားဧကရာဇ် ရှိရာသို့ ဦးတည် ပျံသန်း သွားလေတာ့သည်။
ဆန်းလျန်၏ နဂါးငွေ့တန်း ဓားသိုင်းသည် နဂါးငွေ့တန်း ဓားသိုင်းကို တည်ထွင်သူ ဆရာသခင်နှင့်ယှဉ်လျှင် ခြေဖျားပင် မမီသေးပေ။ သို့တိုင်အောင် ပတ်ဝန်းကျင် တစ်ခုလုံးမှ သစ်ပင်များသည် ပြာမှုန့်အဖြစ်သို့ ကူးပြောင်း သွားကြလေသည်။
နဂါးငွေ့တန်းသည် တာ့ရှားဧကရာဇ်အနီးသို့ ရောက်ခါနီးတွင် ကောင်းကင်ထက်သို့ ရုတ်တရက် ပျံသန်းထွက်ခွာသွား လေသည်။ ထို့နောက် ကောင်းကင်ထက်မှ မူလနဂါးငွေ့တန်းနှင့် ချိတ်ဆက်မိသွားပြီး အလွန်အင်အားကြီးမားလာ ကာတာ့ရှား ဧကရာဇ်ထံသို့ ပြန်လည် ဦးတည်ဝင်ရောက် လာလေသည်။
သို့သော် တာ့ရှားဧကရာဇ်သည် နေရာမှ တစ်ချက်မှ မရွေ့ခဲ့ပါ။
သူ၏ခန္ဓာကိုယ်မှာ အလွန်ကြီးမားသည့် စွမ်းအားများ ထွက်ပေါ်နေပြီး မြေပြင်ထက်တွင် နက်ရှိုင်းသည့် အရာကြီးတစ်ခု ထွက်ပေါ် လာလေသည်။
တာ့ရှားဧကရာဇ်သည် ကြောက်မက်ဖွယ် ကောင်းသည့် ငလျင်စွမ်းအားကို စုပ်ယူပြီး အလွန်ကြီးမားသည့် နဂါးကြီး တစ်ကောင်အဖြစ် အသွင်ပြောင်းလိုက်ခြင်း ဖြစ်လေသည်။ ထို့နောက် ကြီးမားသည့် တန်ခိုးစွမ်းအား လှိုင်းလုံးကြီးများနှင့်အတူ နဂါးငွေ့တန်းဆီသို့ ပြေးဝင် သွားလေသည်။
တာ့ရှားဧကရာဇ်သည် ရန်သူကို တိုက်ခိုက်ရန်အတွက် သူ့တွင်ရှိသမျှ တန်ခိုးစွမ်းအား အားလုံးကို အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။
တာ့ရှားဧကရာဇ်၏ ပြင်းထန်လှသော တိုက်ခိုက်မှုနှင့် ရင်ဆိုင်လိုက်ရသည့် အခါ ဆန်းလျန်သည် တစ်ချက်လေးမှ သတိလက်လွတ် မဖြစ်ရဲပါချေ။ နဂါးငွေ့တန်းသည် မိုးရွာသကဲ့သို့ လေထုထဲတွင် ရုတ်တရက် ပျံ့နှံ့သွားလေသည်။
ထို့နောက် အလွန်ကြီးမားသည့် ပိုက်ကွန်ကြီးအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို အဆက်မပြတ် မနားတမ်း ရစ်ပတ် လိုက်လေတောသည်။
တာ့ရှားဧကရာဇ်၏ တန်ခိုးစွမ်းအား လှိုင်းလုံးကြီးများသည် နဂါးငွေ့တန်း မိုးရေများဖြင့် ဖန်ဆင်းထားသည့် ပိုက်ကွန်ကြီးကို ဖျက်ဆီးနိုင်ခြင်း မရှိပေ။
ဆန်းလျန်သည် တာ့ရှားဧကရာဇ်၏ စွမ်းအားစီးဆင်းမှုကို အာရုံခံကြည့်လိုက်ရင်း အခွင့်အရေးရလျှင် သုတ်သင် ပစ်နိုင်ရန်အတွက် အသင့်ပြင် ထားလိုက်လေတော့သည်။
***