အခန်း (၅၇၁-၅၇၃)
Vol. 39 Ch. 571-573
အခန်း (၅၇၁) မိစ္ဆာသိုင်းဆရာကြီး။ ကောင်းကင်သို့ ပျံတက်သွားသော မြားတစ်စင်း။ (၃)
"ဝုန်း"
ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခု ပေါက်ကွဲထွက်လာပြီး စူးချန်ခုန်းသည် သူ၏ လက်မောင်းတစ်ခုလုံး ထုံကျင်သွားသလို ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်မှာလည်း ထိန်းမနိုင်ဘဲ နောက်သို့ လွင့်ထွက်သွားကာ သစ်တောအတွင်းရှိ သစ်ပင်ကြီး လေးငါးပင်ကို ရိုက်မိကျိုးပဲ့စေပြီးမှသာ ရပ်တန့်သွားတော့သည်။
“ဒီထန်ယို့က... တကယ်ကို ကြောက်ဖို့ကောင်းလိုက်တာ။ သူ့ရဲ့ အတွင်းအား၊ မိစ္ဆာစွမ်းအားနဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုတွေက အထွတ်အထိပ်ကို ရောက်နေတာပဲ။”
သူ၏ ဘယ်ဘက်လက်မောင်းမှ နာကျင်ကိုက်ခဲမှုကို ခံစားရင်း စူးချန်ခုန်း၏ စိတ်မှာ လေးလံသွားလေ၏။
ထန်ယို့သည် လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက 'မူလဓာတ်ငါးပါးသိုင်းပညာရှင်' အဆင့်သို့ ရောက်ရှိခဲ့သူဖြစ်ပြီး ယခုအခါ အဆင့်မြင့် နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ထားပြီး ဖြစ်သဖြင့် သူ၏ ခန္ဓာကိုယ်မှာ အားနည်းချက် လုံးဝမရှိတော့ပေ။ သူ၏ အတွင်းအားမှာလည်း ခိုင်မာပြီး မိစ္ဆာစွမ်းအားမှာလည်း အလွန်ပင် ကြီးမားလှသည်။ သူ၏ သာမန်တိုက်ခိုက်မှု တစ်ခုသည်ပင် သာမန် 'မူလဓာတ်ငါးပါးသိုင်းပညာရှင်'တစ်ဦး အစွမ်းကုန် ထုတ်သုံးလိုက်သော အင်အားနှင့် ညီမျှနေသည်။
ချီကန်း ကဲ့သို့သော အခြား 'မူလဓာတ်ငါးပါးသိုင်းပညာရှင်'များမှာမူ သူ၏ ရှေ့တွင် ကလေးငယ်လေးများကဲ့သို့ အားနည်းနေပေလိမ့်မည်။
"ဒိတ် ဒိတ် ဒိတ်"
စူးချန်ခုန်း၏ နှလုံးခုန်သံမှာ ပြင်းထန်လာပြီး မီတာ ရာနှင့်ချီသော အကွာအဝေးအထိ ပဲ့တင်ထပ်သွားသည်။ သူ၏ နှလုံးသားအတွင်းရှိ နတ်ဘုရားသွေးများမှာ ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး သူ၏ အရပ်အမောင်းမှာ ပိုမိုမြင့်မားလာကာ ကြွက်သားများ ဖောင်းကားလာသည်။ အပူရှိန်ကြောင့် နီမြန်းလာသော သူ၏ အရေပြားနှင့် ဖောင်းကြွလာသော အကြောများမှာ လူသားနှင့်မတူသော ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါများကို ရူးသွပ်စွာ ထုတ်လွှတ်နေတော့သည်။
"ဟူး... ဟူး..."
စူးချန်ခုန်းသည် အေးစက်သော လေထုကို ပြင်းပြင်းရှူသွင်းလိုက်ရာ သူ၏ မျက်ဝန်းများတွင် သွေးရောင်များ ယှက်သန်းလာသည်။
"ဟေး... ဒါက အဲဒီကောင်လေး အရင်က သုံးခဲ့တဲ့ နည်းလမ်းပဲ။" ဝတ်ရုံနက် အကြီးအကဲသည် စူးချန်ခုန်း၏ တောရိုင်းတိရစ္ဆာန်ကဲ့သို့ ကြမ်းတမ်းသော အရှိန်အဝါကို ခံစားမိသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ စူးချန်ခုန်းသည် ဤနည်းလမ်းဖြင့် သူတို့သုံးဦး၏ ဝိုင်းရံတိုက်ခိုက်မှုကို လွယ်ကူစွာ ခုခံနိုင်ခဲ့ပြီး ချီကန်းကိုပင် လျင်မြန်စွာ သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
"ဟင်.. ဒီနည်းလမ်းက စိတ်ဝင်စားဖို့ ကောင်းသားပဲ... နတ်ဘုရားစွမ်းရည်တွေရဲ့ အခြေခံ အငွေ့အသက် ပါနေတယ်။ ဒီအင်အားက နှလုံးနဲ့ သွေးကနေ လာတာ မဟုတ်လား။"
ထန်ယို့သည် သူ့ရှေ့တွင် ဘီလူးငယ်တစ်ဦးအလား ပြောင်းလဲသွားပြီး တောရိုင်း တိရစ္ဆာန်တစ်ကောင်ကဲ့သို့ အပူရှိန်များ ထုတ်လွှတ်နေသော စူးချန်ခုန်းကို ကြည့်ကာ သူ၏ နည်းစနစ်များနောက်ကွယ်မှ လျှို့ဝှက်ချက်ကို ဆန်းစစ်ရင်း ရေရွတ်လိုက်သည်။
ဝုချင်းရှီ၊ မျောက်ဝံနတ်ဆိုး လေဟာနယ်ဖမ်းဆုပ်ခြင်း။
သူ၏ နှလုံးသားရှိ နတ်ဘုရားသွေးများကို လှုံ့ဆော်ကာ ဧရာမ ဝေလငါး ခန္ဓာကိုယ်အတတ်ကို အသုံးပြုလိုက်ပြီးနောက် စူးချန်ခုန်းသည် များပြားလှသော သဘာဝဝိညာဉ်စွမ်းအင်များကို စုစည်းကာ သူ၏ စိတ်ဝိညာဉ်ကို ပုံဖော်လိုက်သည်။
သူ၏ နောက်ကျောတွင် ရွှေရောင်အမွှေးအမျှင်များရှိသော မျောက်ဝံကြီးတစ်ကောင်၏ ပုံရိပ်ယောင် ပေါ်လာသည်။ ၎င်း၏ ရှည်လျားသော လက်မောင်းများကို ဖြန့်ကားလိုက်ပြီး ကြီးမားသော လက်ဝါးများကို စုစည်းကာ လေထုကို ဖမ်းယူလိုက်သည်။ ဤသည်မှာ ‘မျောက်ဝံနတ်ဆိုး’ ကို လေ့လာခြင်းဖြင့် ရရှိခဲ့သော သေစေနိုင်သည့် တိုက်ကွက်ပင် ဖြစ်သည်။
"ဂျောက် ဂျောက်"
ထန်ယို့ ရပ်နေသော နေရာရှိ လေထုမှာ စတင်ပုံပျက်လာပြီး မမြင်နိုင်သော ကြီးမားသည့် လက်နှစ်ဖက်ဖြင့် ညှစ်ထားသကဲ့သို့ ဘေးတစ်ဖက်တစ်ချက်စီမှ ပြင်းထန်သော ဖိအားများ သက်ရောက်လာသည်။
'ဒီတာ့ဝူဖုန်းက အသက်ငယ်ပေမယ့် နည်းစနစ်တွေက အများကြီးပဲ... အားလုံးကလည်း နက်ရှိုင်းတဲ့ အဆင့်မှာ ရှိနေတယ်။ တကယ့်ကို အာဂလူပဲ။ ငါနဲ့တောင် မခြားဘူး။'
သံမဏိကိုပင် ကြိတ်ခြေနိုင်သည့် ထိုဖိအားအောက်တွင် ထန်ယို့မှာမူ ထိခိုက်မှုမရှိဘဲ အနည်းငယ်သာ မျက်မှောင်ကြုတ်လိုက်သည်။
ယေဘုယျအားဖြင့် သိုင်းပညာရှင်တစ်ဦးသည် ဓားသိုင်း သို့မဟုတ် လက်သီးသိုင်းကဲ့သို့သော ကဏ္ဍတစ်ခုတွင်သာ ထူးချွန်လေ့ရှိပြီး အခြားနယ်ပယ်များတွင် အားနည်းလေ့ရှိသည်။ လူတစ်ယောက်၏ စွမ်းအင်မှာ ကန့်သတ်ချက်ရှိသဖြင့် အရေအတွက်ထက် အရည်အသွေးကိုသာ ဦးစားပေးရခြင်း ဖြစ်သည်။
သို့သော် စူးချန်ခုန်းမှာမူ သိုင်းပညာ အမြောက်အမြားကို အလွန်မြင့်မားသော နယ်ပယ်သို့ ရောက်အောင် လေ့ကျင့်ထားသည်မှာ သိသာလှသည်။ ဓားသိုင်းတွင်လည်း သူသည် 'ဓားဝိညာဉ်' ကို ရရှိထားပြီး သူ၏ အတွင်းအားမှာလည်း ခန္ဓာကိုယ်ကို ပြောင်းလဲစေနိုင်သည့် အဆင့်သို့ ရောက်နေသည်။ ထို့အပြင် စိတ်ဝိညာဉ်ကို ပုံဖော်နိုင်သည့် ဆန်းကြယ်သော သိုင်းပညာကိုပါ တတ်မြောက်ထားသေးသည်။
ဒါက တကယ့်ကို ထိပ်တန်းမိစ္ဆာပင် ဖြစ်သည်။
ထိုသို့သော ထိပ်တန်းမိစ္ဆာများကို မိမိအကျိုးအတွက် အသုံးချ၍ မရပါက အနာဂတ်တွင် ဘေးအန္တရာယ် မဖြစ်စေရန် အမြစ်ပြတ် ဖျက်ဆီးပစ်ရန်သာ ရှိတော့သည်။
"ဓားခုတ်ချက်"
မျောက်ဝံနတ်ဆိုး၏ လေဟာနယ်ဖမ်းဆုပ်ခြင်းဖြင့် ထန်ယို့ကို ချုပ်နှောင်ထားစဉ် ဧရာမဝေလငါး ခန္ဓာကိုယ်အတတ်ကို အသုံးပြုထားသော စူးချန်ခုန်း၏ နဖူးပေါ်တွင် နီမြန်းသော တိုက်ပွဲအမှတ်အသားများ လက်ခနဲ ပေါ်လာသည်။ သူက အော်ဟစ်လိုက်ပြီး ခြေလှမ်းအကျယ်ကြီးဖြင့် အကွာအဝေးကို ချက်ချင်း ကျဉ်းမြောင်းလိုက်ပြီး ကြွက်သားများ တင်းမာနေသော လက်မောင်းဖြင့် နတ်ဘုရားသွေးများ စီးဆင်းနေသည့် မီးငရဲဓားကို အရှိန်ပြင်းစွာ လွှဲယမ်းလိုက်သည်။
ဓားအတွင်းတွင် ဖိသိပ်ထားသော ဓားဝိညာဉ်မှာ ကောင်းကင်နှင့် မြေကြီးကိုပင် ပိုင်းဖြတ်တော့မည့်အလား ပြင်းထန်စွာ ကျရောက်လာသည်။
"ဝုန်း"
ပြင်းထန်လှသော ဓားချက်မှာ ထန်ယို့၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားပြီး မြေပြင်မှာ တုန်ခါသွားကာ ပေ ၂၀ မှ ၃၀ အထိ ရှည်လျားသော မြေကွဲကြောင်းကြီး ဖြစ်ပေါ်သွားသည်။ ၎င်းမှာ နတ်ဘုရားတစ်ပါး၏ ဓားဖြင့် ခုတ်ပိုင်းလိုက်သကဲ့သို့ပင်။
"ဗြိ"
အဝတ်စုတ်ပြဲသံကဲ့သို့ အသံအနည်းငယ် ထွက်ပေါ်လာပြီး ထန်ယို့၏ ခန္ဓာကိုယ်ကို ကာကွယ်ထားသော ပါးလွှာသော အလွှာတစ်ခု စုတ်ပြဲသွားသည်။ ၎င်းမှာ သူ၏ မိစ္ဆာစွမ်းအားဖြင့် ဖန်တီးထားသော အကာအကွယ် ဖြစ်သည်။ စူးချန်ခုန်း၏ အစွမ်းကုန် အားထုတ်မှုကြောင့် ထိုအကာအကွယ်မှာ စုတ်ပြဲသွားသော်လည်း ထိုမျှသာ ဖြစ်သည်။
မိစ္ဆာစွမ်းအား အကာအကွယ်ကို ထိုးဖောက်ရန်အတွက် စူးချန်ခုန်း၏ ဓားစွမ်းအား အားလုံး ကုန်ခမ်းသွားခဲ့ပြီး ထန်ယို့ကတော့ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မရရှိခဲ့ပေ။
'အဆင့်မြင့် နတ်ဆိုးအမြုတေနဲ့ ပေါင်းစပ်ထားတဲ့ မူလဓာတ်ငါးပါး သိုင်းပညာရှင်က... တကယ်ကို အစွမ်းထက်လွန်းတယ်။ ဒီအတိုင်း ထွက်ပေါ်နေတဲ့ မိစ္ဆာစွမ်းအား တစ်ခုတည်းနဲ့တင် သာမန် မူလဓာတ်ငါးပါး သိုင်းပညာရှင်တစ်ယောက် အစွမ်းကုန် တိုက်ခိုက်ရင်တောင် ထိုးဖောက်ဖို့ ခက်ခဲလိမ့်မယ်။ သူက မူလဓာတ်ငါးပါး သိုင်းပညာရှင်တွေကို ခြေမှုန်းနိုင်သူ... မဟာသိုင်းဆရာကြီးအဆင့် တိုက်ခိုက်ရေးသမားလို့တောင် သတ်မှတ်လို့ရတယ်။'
ဤမြင်ကွင်းကို ကြည့်နေသော ဝတ်ရုံနက် အကြီးအကဲမှာလည်း စိတ်ထဲတွင် မနာလိုမှုများ ပေါ်လာသည်။
အဆင့်မြင့် နတ်ဆိုးအမြုတေများမှာ အသက်ခြွေအသင်းအတွင်းမှာပင် အကန့်အသတ်ဖြင့်သာ ရှိသည်။ ထို့ပြင် ၎င်းတို့နှင့် ပေါင်းစပ်နိုင်ရန်အတွက် သတ်မှတ်ချက်များမှာ အလွန်မြင့်မားလှသည်။ မိမိ၏ သိစိတ်ပင်လယ်အတွင်း၌ ချီငါးပါးကို လှည့်ပတ်နိုင်သော ဆရာကြီးများသာ ပေါင်းစပ်မှုကို အောင်မြင်နိုင်ခြေ ရှိသည်။
(ချီငါးပါး သို့မဟုတ် မူလဓာတ်ငါးပါး = ရေ၊မီး၊မြေ၊သတ္တု၊သစ်သား)
ထိုသို့မဟုတ်ဘဲ အတင်းအဓမ္မ ပေါင်းစပ်ရန် ကြိုးစားသူတိုင်းမှာ သေဆုံးရန်သာ ရှိသည်။
အဆင့်မြင့် နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ထားသော မိစ္ဆာစစ်သည်များမှာ သာမန်လူတို့၏ စိတ်ကူးထက် များစွာ ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မပေါင်းစပ်မီကတည်းက 'မူလဓာတ်ငါးပါး သိုင်းပညာရှင်' များ ဖြစ်နေကြသောကြောင့် ဖြစ်သည်။
မိစ္ဆာစွမ်းအား၊ မသေနိုင်သော ခန္ဓာကိုယ်နှင့် မိစ္ဆာအတတ်များကြောင့် သူတို့သည် တစ်ကျော့ပြန် မွေးဖွားလာသကဲ့သို့ပင်။ 'သိုင်းဝိဇ္ဇာသူတော်စင်' အောက်တွင် သူတို့မှာ ပြိုင်ဘက်ကင်းသလောက်ပင် ဖြစ်သည်။
ချီကန်းကို သတ်နိုင်ခဲ့သည့် 'တာ့ဝူဖုန်း' ပင်လျှင် ထိပ်တန်းမိစ္ဆာစစ်သည်ဖြစ်သူ ထန်ယို့အား မည်သို့မျှ ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။ သူသည်လည်း အဆင့်မြင့် နတ်ဆိုးအမြုတေနှင့် မပေါင်းစပ်ထားသရွေ့ အရေးနိမ့်ရန်သာ ရှိတော့သည်။
"နှလုံးသားတစ်ထောင်၊ စိတ်ဝိညာဉ်လက်ဝါးတိုက်ကွက်"
စူးချန်ခုန်း၏ ဓားခုတ်ချက်ကို အသာလေး ခုခံပြီးနောက် ထန်ယိုသည် နတ်ဆိုးမျောက်ဝံ၏ ချုပ်နှောင်မှုမှ ရုန်းထွက်လိုက်သည်။ သူ၏ ဘယ်ဘက်လက်ဝါးမှာ ပုံရိပ်ယောင်များစွာဖြင့် ထွက်ပေါ်လာပြီး လက်ဝါးပေါင်း တစ်ထောင်မှာ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည့်နှယ်။ ရိုးရှင်းပုံရသော ဤလက်ဝါးရိုက်ချက်မှာ အမှန်တကယ်တွင် အဆုံးမဲ့ ပြောင်းလဲမှုများ ပါဝင်သော ပြင်းထန်သည့် စွမ်းအားတစ်ခုဖြစ်ကာ စူးချန်ခုန်းထံသို့ အနီးကပ် ရိုက်ခတ်လာတော့သည်။
အခန်း (၅၇၂) မိစ္ဆာသိုင်းဆရာကြီး။ ကောင်းကင်သို့ ပျံတက်သွားသော မြားတစ်စင်း။ (၄)
ဒေါသတကြီးလှိုင်းလုံးများ ကမ်းခြေကို ရိုက်ခတ်ခြင်း။
ဤလက်ဝါးရိုက်ချက်ကို ရင်ဆိုင်ရာတွင် စူးချန်ခုန်းသည် သူ၏ စစ်မှန်သော ချီစွမ်းအင်နှင့် သွေးစွမ်းအင်အားလုံးကို စုစည်းလိုက်ရသည်။ သူ၏ ဘယ်ဘက်လက်ဝါးသည် သဘာဝ၏ ဝိညာဉ်စွမ်းအင်ကို အသုံးချကာ ဟိန်းဟောက်နေသော ဒီရေလှိုင်းကြီးတစ်ခုကို ဖန်တီး၍ ခုခံရန် ကြိုးစားလိုက်သည်။
"ဘုန်း"
တိုက်မိသည့်ခဏတွင် ပြင်းထန်သော လက်ဝါးအားစိုက်မှုသည် ပေါက်ကွဲထွက်သွားပြီး ပတ်ဝန်းကျင်ရှိ မြေကြီးနှင့် သစ်ပင်များသည် အမှုန့်ဖြစ်ကာ လွင့်စင်သွားသည်။ သူတို့နှစ်ဦး၏ ပေသုံးဆယ်အတွင်း ရှိနေသူတိုင်းသည် သံမဏိခန္ဓာကိုယ် ရှိစေကာမူ အပိုင်းပိုင်း ပြတ်ထွက်သွားမည်ဖြစ်သည်။
"ဂျွတ်... ဂျွတ်... ဂျွတ်"
တိုက်မိသည့် တစ်ပြိုင်နက်တွင် တားဆီးမရသော ကြောက်မက်ဖွယ် စွမ်းအားတစ်ခု စီးဝင်လာသည်။ အရိုးကျိုးသံများနှင့်အတူ စူးချန်ခုန်း၏ သံမဏိထက် မာကျောသော ဘယ်ဘက်လက်မောင်းသည် ထိုဒဏ်ကို မခံနိုင်ဘဲ ကျိုးသွားခဲ့သည်။ ကြွက်သားများ စုတ်ပြဲကာ သွေးများ ပန်းထွက်လာ၏။
"ဝုန်း"
ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ စူးချန်ခုန်းသည် နောက်သို့ လွင့်ထွက်သွားပြီး သစ်ပင်များကို တစ်ပင်ပြီးတစ်ပင် တိုက်မိကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး သွေးများ အဆက်မပြတ် အန်ထုတ်နေတော့သည်။
"ကွာဟချက်က... ကြီးလွန်းတယ်" စူးချန်ခုန်းသည် တုန်တုန်ရင်ရင်ဖြင့် ပြန်ထရပ်ရင်း ထိတ်လန့်သွားမိသည်။
အသက်ခြွေအဖွဲ့အစည်း၏ အကြီးအကဲဖြစ်သူ ထန်ယို့သည် အကြီးအကဲ မဖြစ်လာမီကပင် နာမည်ကျော် လူစွမ်းကောင်းတစ်ဦး ဖြစ်ခဲ့ပြီး စူးချန်ခုန်း ကိုင်တွယ်နိုင်စွမ်းထက် ကျော်လွန်နေခဲ့သည်။ ကဏ္ဍတိုင်းတွင် အပြတ်အသတ် ရှုံးနိမ့်မှုပင် ဖြစ်သည်။
"နှမြောစရာပဲ... သေမျိုးတွေမှာ အကန့်အသတ် ရှိတာကိုး။ ငါ့ကို လုံးဝ မယှဉ်နိုင်ဘူး။ ဒါပေမဲ့ မင်းရဲ့ အသားကတော့ တော်တော် အရသာရှိမှာပဲ။"
ထန်ယို့သည် စူးချန်ခုန်းကို အလွယ်တကူ အနိုင်ယူပြီးနောက် သက်ပြင်းချကာ သူ၏ နီတာရဲလျှာဖြင့် နှုတ်ခမ်းကို လျက်လိုက်သည်။ သူ၏ မျက်နှာတွင် သွေးဆာနေသော အမူအရာ တစ်ခု ထင်ဟပ်လာသည်။ သူ အနှစ်သက်ဆုံး အလုပ်မှာ အရိုးအကြောများကို လေ့ကျင့်ခန်း လုပ်ပြီးနောက် အားရပါးရ စားသောက်ခြင်းပင် ဖြစ်သည်။
စူးချန်ခုန်းသည် မြေပြင်မှ ထရပ်လိုက်ပြီး သူ၏နောက်ကွယ်တွင် ဝိညာဉ်စွမ်းအင်များကို စုစည်းကာ လူဝံကြီးပုံရိပ်ယောင် တစ်ခုကို ဖန်တီးလိုက်ပြန်သည်။ ၎င်းကို မြင်သောအခါ ထန်ယို့က မျက်မှောင်ကြုတ်ကာ "ခုထိ ခုခံနေတုန်းလား။ ငါ ဒါကို ငြီးငွေ့နေပြီ။" ဟု ဆိုလိုက်သည်။
ထန်ယို့ကို ရင်ဆိုင်ရာတွင် စူးချန်ခုန်း၌ နောက်ဆုံးလက်နက် တစ်ခု ရှိပါသေးသည်... ၎င်းမှာ ထွက်ပြေးခြင်းပင်။
ရွှီး
မျောက်ဝံကြီးပုံရိပ်ယောင်သည် စူးချန်ခုန်း၏ ကျောပေါ်တွင် ပါလာသော ရွှေရောင်လေးကို ဆွဲယူလိုက်ပြီး ထူထဲကာ လေးလံလှသော မြားနက်တစ်စင်းကို ထုတ်ယူလိုက်သည်။
မျောက်ဝံကြီးသည် လေးကြိုးကို လပြည့်ဝန်းအလား အပြည့်အဝ ဆွဲလိုက်သော်လည်း ထန်ယို့ကို မချိန်ဘဲ ဆန့်ကျင်ဘက် အရပ်သို့ ချိန်လိုက်သည်။
"မကောင်းတော့ဘူး။"
ထိုခဏတွင် ထန်ယို့၏ မျက်နှာ ပျက်သွားသည်။ သူ တစ်ခုခုကို ရိပ်မိသွားပြီး ယခင်က တည်ငြိမ်မှုများ ပျောက်ကွယ်ကာ စူးချန်ခုန်း၏ လည်ပင်းကို ဖမ်းရန် အမြန်ဆုံး ပြေးဝင်သွားသော်လည်း နောက်ကျသွားခဲ့လေပြီ။
"ရွှီး"
မျောက်ဝံကြီးပုံရိပ်ယောင်သည် လေးကြိုးကို လွှတ်လိုက်သည်။ မြားသည် ဆန့်ကျင်ဘက် အရပ်သို့ လွင့်ထွက်သွားပြီး စူးချန်ခုန်းသည်လည်း ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားကာ ထန်ယို့၏ ဖမ်းဆုပ်မှုမှာ လေထဲတွင်သာ ကျန်ရစ်ခဲ့သည်။ စူးချန်ခုန်းသည် မြားနောက်သို့ လိုက်ပါကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး ဝေးရာသို့ လွင့်ထွက်သွားတော့သည်။
မျောက်ဝံကြီးပုံရိပ်ယောင်သည် ကြိုးကြာငှက်ပုံစံသို့ ပြောင်းလဲသွားပြီး အတောင်ပံများကို ဖြန့်ကာ စူးချန်ခုန်း၏ ပခုံးများကို အရှိန်ပြင်းစွာဖြင့် ဆွဲခေါ်သွားသည်။
"သူ... သူ ပျံသွားတာလား။"
ဝတ်ရုံရှည်နှင့် အဘိုးအိုသည် ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အကာ အံ့အားသင့်နေမိသည်။
မြေပြင်ပေါ်တွင် မွေးဖွားလာသော သတ္တဝါတိုင်း အထူးသဖြင့် လူသားများအတွက် ပျံသန်းခြင်းသည် အမြင့်ဆုံး မျှော်လင့်ချက် ဖြစ်သည်။ လူတိုင်းသည် ကောင်းကင်တွင် လွတ်လပ်စွာ ပျံသန်းလိုကြသည်။
သို့သော် ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်ပြီး လေထဲတွင် ပျံသန်းနိုင်ရန်အတွက် ပျံသန်းနိုင်သော သားရဲတိရစ္ဆာန်များကို စီးနင်းခြင်း မဟုတ်ပါက သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ ရောက်မှသာ ဖြစ်နိုင်သည်။ စူးချန်ခုန်းသည် ထိုအဆင့်သို့ မရောက်သေးသည်မှာ သိသာပါလျက်နှင့် မည်သို့ ပျံထွက်သွားသနည်း။
အမှန်စင်စစ် စူးချန်ခုန်းသည် ကိုယ်တိုင် မပျံသန်းနိုင်ပါ။ အနီးကပ် ကြည့်မည်ဆိုလျှင် သူနှင့် လွင့်ထွက်သွားသော မြားကို နတ်ပိုးချည်မျှင် အတော်များများဖြင့် ချိတ်ဆက်ထားသည်ကို တွေ့ရမည်ဖြစ်သည်။
ဒါက အသက်ဘေးမှ လွတ်မြောက်ရန် ဖန်တီးထားသော စူးချန်ခုန်း၏ နည်းလမ်းဖြစ်သည်။ သူ၏ မြားအတတ်သည် အဆင့် ၁၀ သို့ ရောက်ရှိသွားသောအခါ မြားပစ်ခြင်းသည် သတ်ဖြတ်ရန်သာမက ထွက်ပြေးရန်အတွက်ပါ အသုံးချနိုင်ကြောင်း သူ တွေးမိခဲ့သည်။
စူးချန်ခုန်း၏ အကြံမှာ ရိုးရှင်းပါသည်။ မိမိကိုယ်ကို နတ်ပိုးချည်မျှင်ဖြင့် မြားတွင် ချိတ်ဆက်ပြီး ထိုမြားကို အရှိန်အပြည့်ဖြင့် ပစ်လွှတ်ကာ မြား၏ အရှိန်ဖြင့် မိမိကိုယ်ကို ဆွဲခေါ်သွားစေခြင်းပင်။
သို့သော် ဤသို့ ဖြစ်မြောက်ရန် မြား၏ အဟုန်သည် အလွန်ပြင်းထန်ရမည်ဖြစ်ပြီး မြားကိုယ်တိုင်ကလည်း အတော်အတန် လေးလံရမည်ဖြစ်သည်။ အသံထက် မြန်သော ကျည်ဆန်လေး တစ်ခုသည် လူတစ်ယောက်ကို ဆွဲခေါ်သွားနိုင်စွမ်း မရှိပေ။
ထို့ကြောင့် စူးချန်ခုန်းသည် ဝိညာဉ်လမ်းစဉ်ဂိုဏ်းတွင် ရှိစဉ်က အလွန်လေးလံသော အနက်ရောင် သတ္တုများဖြင့် မြားအချို့ကို သွန်းလုပ်ခဲ့သည်။ ၎င်းတို့သည် သာမန်မြားနှင့် တူသော်လည်း အလွန်လေးလံလှသည်။ စူးချန်ခုန်း၏ မြားပစ်စွမ်းအား၊ နတ်ပိုးချည်မျှင်များနှင့် ပေါင်းစပ်လိုက်သောအခါ ယခုကဲ့သို့ ပျံသန်းနိုင်သော အကျိုးကျေးဇူးကို ရရှိစေခြင်း ဖြစ်သည်။
စူးချန်ခုန်းသည် လေထဲတွင် မြားများကို အဆက်မပြတ် ပစ်လွှတ်ကာ ဆက်တိုက် ပျံသန်းနိုင်ရန် ကြိုးစားခဲ့ဖူးသော်လည်း တုံ့ပြန်မှု စွမ်းအားကြောင့် မအောင်မြင်ခဲ့ပေ။ မြေပြင်မှ ပစ်လွှတ်မှသာ အရှိန်ကို အပြည့်အဝ ရရှိနိုင်ခြင်း ဖြစ်သည်။
စူးချန်ခုန်းသည် ဤနည်းလမ်းကို သူ၏ နောက်ဆုံးထွက်ပေါက်အဖြစ် သိမ်းဆည်းထားခဲ့ပြီး ယခုကဲ့သို့ အလွန်အမင်း အစွမ်းထက်သော ရန်သူ ထန်ယို့နှင့် တွေ့မှသာ အသက်လုရန် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ရလဒ်မှာ သိသာထင်ရှားလှသည်။ ထန်ယို့သည် ချက်ချင်း ရိပ်မိသွားသော်လည်း တစ်လှမ်း နောက်ကျသွားခဲ့ပြီဖြစ်သည်။
"ရွှီး"
ပစ်လွှတ်လိုက်သော မြားသည် ကောင်းကင်ယံတွင် သက်တန့်ရောင်စဉ်တစ်ခုအလား ဖြစ်သွားပြီး စူးချန်ခုန်းကို လေထဲသို့ ဆွဲခေါ်သွားသည်။ အသံထက် အဆပေါင်းများစွာ မြန်သော အရှိန်နှင့် ပြင်းထန်သော လေတိုးနှုန်းသည် သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ်ကို စုတ်ပြဲသွားစေနိုင်သည်။
စူးချန်ခုန်းသည် ကြိုးကြာငှက်ဟန်ကို အသုံးပြုကာ သူ၏ ကိုယ်အလေးချိန်ကို တတ်နိုင်သမျှ လျှော့ချ၍ ပျံသန်းခြင်း အရသာကို ခံစားနေတော့သည်။
"လိုက်"
ထန်ယို့သည် မိုးကုတ်စက်ဝိုင်းတွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော သက်တန့်ရောင်စဉ်ကို ကြည့်ရင်း ယခင်က တည်ငြိမ်မှုများ လုံးဝ ပျောက်ကွယ်သွားပြီး အော်ပြောလိုက်ကာ စူးချန်ခုန်း ပျောက်သွားသော ဘက်သို့ အရှိန်အဟုန်ဖြင့် လိုက်ပါသွားတော့သည်။
"လိုက်..သူ့ကို အလွတ်မပေးနဲ့" ဝတ်ရုံရှည်နှင့် အဘိုးအိုသည်လည်း ချက်ချင်း သတိဝင်လာပြီး နောက်မှ လိုက်သွားသည်။ အကယ်၍ ယခုတစ်ကြိမ်သာ လွတ်သွားပါက စူးချန်ခုန်းသည် သတိကြီးစွာဖြင့် ပုန်းအောင်းနေမည်ဖြစ်ရာ နောက်တစ်ကြိမ် ရှာဖွေရန် မလွယ်ကူတော့ကြောင်း သူ ကောင်းကောင်း နားလည်လေသည်။
အခန်း (၅၇၃) ဧရာမတောင် သွေးမျိုးဆက် နတ်ဘုရားစွမ်းရည်များ။ ဝူကျိအင်ပါယာ၏ စာပေရနံ့တောင်။ (၁)
မူလနယ်ပယ်၏ အတော်ဆုံး ပညာရှင်များပင်လျှင် မိမိတို့၏ ခန္ဓာကိုယ် အရှိန်သက်သက်ဖြင့် အသံထက်မြန်သော အရှိန်ကို မကျော်လွန်နိုင်ကြပေ။
သို့သော် စူးချန်ခုန်း၏ မြားများသည် အသံထက် အဆပေါင်းများစွာ မြန်သော အရှိန်ကို အလွယ်တကူ ရရှိစေနိုင်သည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ထိုလေးလံသော မြားသည် စူးချန်ခုန်းကို သုံးလေးမိုင်ခန့် အကွာအဝေးအထိ ဆွဲခေါ်သွားခဲ့ပြီး အရှိန်ကုန်သွားသောအခါမှသာ ကောင်းကင်ယံမှ ပြန်လည် ကျဆင်းလာခဲ့သည်။
စူးချန်ခုန်းသည် ချက်ချင်းပင် ကြိုးကြာငှက်ခြေလှမ်းကို အစွမ်းကုန် အသုံးချလိုက်ရာ အတောင်ပံဖြန့်ထားသော ကြိုးကြာဖြူ ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာပြီး သူ့ကို မြေပြင်ပေါ်သို့ ပေါ့ပါးစွာနှင့် ဘေးကင်းစွာ ဆင်းသက်စေသည်။
ထို့နောက် တွန့်ဆုတ်မနေဘဲ သူ၏ လက်မောင်းတစ်ဖက်မှာ ကျိုးနေသဖြင့် လေးကို ဆွဲရန် အဆင်မပြေသော်လည်း ကြိုးကြာဖြူ ပုံရိပ်ယောင်သည် မျောက်ဝံကြီး ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွားပြန်သည်။
ထိုပုံရိပ်ယောင်က လေးကို ဆွဲ၍ နောက်ထပ် မြားတစ်စင်းကို ပစ်လွှတ်လိုက်ပြန်သည်။ နတ်ပိုးချည်မျှင်ဖြင့် ချိတ်ဆက်ထားသော ထိုလေးလံသော မြားသည် စူးချန်ခုန်းကို ကောင်းကင်ယံသို့ တစ်ဖန် မြှင့်တင်ပေးလိုက်ပြီး သက်တန့်ရောင်စဉ် တစ်ခုအလား စက္ကန့်ပိုင်းအတွင်း မိုင်ပေါင်းများစွာကို ဖြတ်ကျော်သွားစေပြန်၏။
ဤသို့ဖြင့် သူသည် မြားတစ်စင်းပြီး တစ်စင်း ပစ်လွှတ်ကာ မရပ်မနားဘဲ ဝေးရာသို့ ထွက်ပြေးခဲ့သည်။
"ဒါ... ဒါက ဘာလဲ။ ကြယ်တံခွန်လား။"
ထိုညတွင် နိုင်ငံနှစ်ခု၏ နယ်စပ်တွင် အနားယူနေကြသော ခရီးသွားများသည် ကောင်းကင်ယံ၌ ခဏတာ ဖြတ်သန်းသွားသော သက်တန့်ရောင်စဉ်ကို မြင်တွေ့ကြရာ အားလုံး ဆွံ့အသွားကြသည်။ သူတို့ မြင်လိုက်ရသည်မှာ ကောင်းကင်ယံကို ဖြတ်ကျော်သွားသော ကြယ်တံခွန်ကဲ့သို့ ရောင်စုံအလင်းတန်းတစ်ခုသာ ဖြစ်သည်။
ထန်ယို့သည် သူ၏ ခြေလှမ်းကို အစွမ်းကုန် မြှင့်တင်ထားပြီး အရှိန်ပြင်းလွန်းသဖြင့် အသံပေါက်ကွဲသံများပင် ထွက်ပေါ်နေသော်လည်း ထိုသက်တန့်ရောင်စဉ်သည် မြင့်တက်လိုက် ကျဆင်းလိုက်နှင့် မျက်စိရှေ့မှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကိုသာ လက်မှိုင်ချကြည့်နေရတော့သည်။
"သေစမ်း သေစမ်း သေစမ်း"
သူတို့ကြားရှိ အကွာအဝေးမှာ ပိုမို ဝေးကွာသွားပြီး စူးချန်ခုန်း၏ တည်ရှိမှုကို ထန်ယို့ မခံစားရတော့ပေ။ ထို့ကြောင့် သူသည် အချည်းနှီးဖြစ်သော လိုက်လံမှုကို ရပ်တန့်လိုက်ရပြီး ဒေါသတကြီးဖြင့် အကြိမ်ကြိမ် အော်ဟစ်နေတော့သည်။
သူကိုယ်တိုင် လှုပ်ရှားခဲ့ပါလျက်နှင့် ထိုလူငယ်လေးမှာ သူ၏လက်ထဲမှ လွတ်မြောက်သွားခဲ့သည်။ ဒါက ထန်ယို့အတွက် လက်ခံရန် အလွန်ခက်ခဲသော ကိစ္စပင် ဖြစ်သည်။
"တကယ်လို့ အကြီးအကဲထန်သာ ပေါ့ဆမနေဘဲ ကစားချင်တဲ့ စိတ်ကို ထိန်းချုပ်ထားခဲ့ရင်... တာ့ဝူဖုန်း လွတ်သွားဖို့ အခွင့်အရေး လုံးဝ ရှိမှာ မဟုတ်ဘူး။"
ဝတ်ရုံနက်နှင့် လူသည် စိတ်ထဲမှ တွေးနေသော်လည်း ထန်ယို့၏ ဒေါသကို ကြောက်သဖြင့် အပြင်ထုတ်၍ မပြောရဲပေ။
တစ်ချိန်တည်းမှာပင် ဝတ်ရုံနက်နှင့် လူသည် အားကိုးရာမဲ့သလို ခံစားရသည်။ စူးချန်ခုန်းတွင် ဤကဲ့သို့သော လျှို့ဝှက်လက်နက် ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သူ၏ အမြင်တွင် ထန်ယို့က စူးချန်ခုန်းကို ပိတ်ဆို့ထားသဖြင့် သူသည် အမိခံရတော့မည်ဟု ထင်ခဲ့သည်။ သို့သော် စူးချန်ခုန်းမှာ အမှန်တကယ်ပင် ကောင်းကင်သို့ ပျံတက်ကာ လွတ်မြောက်သွားခဲ့ချေပြီ။
အတန်ကြာ ဒေါသထွက်ပြီးနောက် ထန်ယို့သည် နောက်ဆုံးတွင် ပြန်လည် တည်ငြိမ်သွားသည်။ သူ၏ တင်းမာသော မျက်နှာတွင် အေးစက်မှုများ ဖုံးလွှမ်းနေပြီး အသံနက်ကြီးဖြင့် ပြောလိုက်သည် "ဒီတာ့ဝူဖုန်းက တော်တော်ပါရမီပါတဲ့သူပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် အစွမ်းထက်နေတာ။ ငါ့လက်ထဲကတောင် လွတ်သွားခဲ့ပြီ။ သူ့ကို ဒီအတိုင်း လွှတ်ထားလိုက်ရင်... နောင်မှာ ငါတို့အတွက် ဘေးဒုက္ခ ဖြစ်လာလိမ့်မယ်။
သူက ဝူကျိအင်ပါယာဘက်ကို ဦးတည်သွားပုံပဲ။ အဲဒီမှာ ငါတို့ အဖွဲ့က လူတွေလည်း ရှိတယ်... သွားကြမယ်။"
ထန်ယို့သည် နောက်ထပ် စကားတစ်ခွန်းမှ မဆိုဘဲ ဝူကျိအင်ပါယာ ရှိရာ အရပ်သို့ ဦးတည် ထွက်ခွာသွားတော့သည်။ ဝတ်ရုံနက်နှင့် လူသည်လည်း ထန်ယို့၏ ဇွဲနပဲကြီးမှုကို သိသဖြင့် သက်ပြင်းချကာ နောက်မှ လိုက်သွားရလေသည်။ ထန်ယို့သည် တစ်စုံတစ်ဦးကို သတ်ရန် တာဝန်ယူပြီးပါက မအောင်မြင်မချင်း လက်လျှော့မည့်သူ မဟုတ်ပေ။
မဟုတ်ပါက သူသည် အကြီးအကဲများ ကောင်စီတွင် ဝေဖန်ခံရမည်ဖြစ်ပြီး အသင်းခေါင်းဆောင် သို့မဟုတ် ဒုခေါင်းဆောင်၏ အထင်သေးမှုကို ခံရမည် ဖြစ်ရာ ဒါကို သူ အဖြစ်မခံနိုင်ပေ။
ဝတ်ရုံနက်နှင့် လူသည် တာ့ဝူဖုန်းက ဝူကျိအင်ပါယာသို့ အဘယ်ကြောင့် သွားသည်ကို မသိသော်လည်း ထိုနေရာတွင်လည်း အသင်း၏ ဌာနခွဲတစ်ခု ရှိနေသည်။ သူတို့ ဝူကျိအင်ပါယာသို့ ရောက်ရှိပြီး တာ့ဝူဖုန်း၏ တည်နေရာကို သိရသည်နှင့် တစ်ပြိုင်နက် သူ့ကို အပြတ်ရှင်းရမည်ဖြစ်ပြီး ထပ်မံ လွတ်မြောက်ခွင့် ပေးမည်မဟုတ်ပေ။
စူးချန်ခုန်းဘက်တွင်မူ မြားပေါင်း တစ်ရာ့ငါးဆယ်ကျော်ကို ဆက်တိုက် ပစ်လွှတ်ခဲ့ပြီး ခဏအတွင်း မိုင်ပေါင်း ခြောက်ရာမှ ခုနစ်ရာခန့်အထိ ပျံသန်းလာခဲ့ရာ စွမ်းအင်များစွာ ကုန်ခမ်းသွားသဖြင့် နောက်ဆုံးတွင် လေးကို ပြန်သိမ်းလိုက်သည်။
"သွားစို့"
သူသည် ထန်ယို့နှင့် အတော်ဝေးဝေးသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း စူးချန်ခုန်းသည် ရပ်မနေဘဲ အခြား အရပ်မျက်နှာတစ်ခုသို့ အရှိန်အဟုန်ဖြင့် ဆက်လက် ထွက်ခွာခဲ့သည်။
မိုင်ပေါင်း တစ်ထောင်ကျော်ခန့် ခရီးပေါက်ပြီးမှသာ စူးချန်ခုန်းသည် အရှိန်လျှော့လိုက်ပြီး သက်ပြင်းချလိုက်သည် "အခုဆိုရင်တော့ သူ လိုက်မမီလောက်တော့ပါဘူး..."
သို့သော် စိတ်အနည်းငယ် လျော့ချလိုက်သည်နှင့် စူးချန်ခုန်းသည် သူ၏ ဘယ်ဘက်လက်မောင်းမှ ပြင်းထန်သော နာကျင်မှုများကို ခံစားလိုက်ရသည်။
ယခင် ထန်ယို့နှင့် တိုက်ပွဲတွင် စူးချန်ခုန်းသည် လုံးဝ အသာစီး အပေးခံလိုက်ရသည်။ လက်သီးနှင့် လက်ဖဝါး တိုက်ရိုက် ရင်ဆိုင်ရာတွင် သူ၏ ဘယ်ဘက်လက်မောင်းမှာ လုံးဝ ကြေမွသွားခဲ့ပြီး ကြွက်သားများ စုတ်ပြဲကာ သွေးများဖြင့် ရဲရဲနီနေသည်။
ထန်ယို့၏ ကြောက်မက်ဖွယ်ကောင်းမှုသည် လက်ရှိ စူးချန်ခုန်း၏ စွမ်းဆောင်ရည်ထက် များစွာ သာလွန်နေသည်။ သူသည် အလေးအနက် မထားဘဲနှင့် စူးချန်ခုန်းကို အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ကံကောင်းသည်မှာ ထန်ယို့က စူးချန်ခုန်း၏ အကန့်အသတ်ကို ဒါမျှသာဟု ထင်ကာ ပေါ့ဆသွားသဖြင့် စူးချန်ခုန်းသည် သူ၏ အသက်ကယ်နည်းစနစ်ကို အသုံးချကာ အောင်မြင်စွာ လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူသည် ဤနည်းလမ်းကို အစကတည်းက အသုံးပြုခဲ့ပါက ထန်ယို့က စူးချန်ခုန်း၏ အစွမ်းကို မသိသေးဘဲ အာရုံစိုက်နေချိန် ဖြစ်သဖြင့် အောင်မြင်ချင်မှ အောင်မြင်လိမ့်မည်။
"ဒီတစ်ခါတော့ ငါ လွတ်မြောက်နိုင်ခဲ့ပေမဲ့ ငါ့ရဲ့ လျှို့ဝှက်ချက်ကို သုံးလိုက်ရပြီ။ နောက်တစ်ခါ သူ့ကို ထပ်တွေ့ရင် သူ ငါ့ကို လွတ်မြောက်ခွင့်ပေးဖို့ ပေါ့ဆတော့မှာ မဟုတ်ဘူး။" ဟု စူးချန်ခုန်းက ကောင်းကောင်း နားလည်ထားသည်။ ဤနည်းပရိယာယ်ကို တစ်ကြိမ်သာ အသုံးပြု၍ ရနိုင်ပြီး နောက်တစ်ကြိမ် ဆုံတွေ့ပါက ထန်ယို့သည် စူးချန်ခုန်းကို အသက်ရှူချိန်ပင် ပေးမည်မဟုတ်ပေ။
"ငါ... သူ့ရဲ့ အလောင်းကို အပိုင်းပိုင်းဖြစ်အောင် လုပ်ပစ်ရမယ်။"
စူးချန်ခုန်း၏ စိတ်ထဲတွင် နာကျည်းမှုများနှင့်အတူ ထန်ယို့ကို သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပြင်းထန်လာခဲ့သည်။ ယနေ့တွင် သူသည် အလွန်အမင်း ဒုက္ခရောက်ခဲ့ပြီး နောက်ဆုံးလက်နက်သာ မရှိခဲ့ပါက သေဆုံးသွားနိုင်ပေသည်။ နောင်တစ်ချိန်တွင် ထန်ယို့ကို ကြီးကြီးမားမား ပြန်ပေးစေရမည်ဟု သူ၏ စိတ်ထဲတွင် ကျိန်ဆိုလိုက်သည်။
သူသည် အသက်ခြွေအသင်း၏ အကြီးအကဲ ဆိုစေကာမူ စူးချန်ခုန်းက သူ့ကို သေအောင် ရိုက်သတ်မည်သာ ဖြစ်သည်။
စူးချန်ခုန်းသည် နတ်ပိုးချည်ချီစွမ်းအင်ကို လှည့်ပတ်လိုက်ပြီး နတ်ပိုးမျှင်များအဖြစ် ပြောင်းလဲကာ ကျိုးကြေနေသော သူ၏ ဘယ်ဘက်လက် အရိုးများကို ပြန်လည် ဆက်ပေးလိုက်ပြီး စုတ်ပြဲနေသော ကြွက်သားများကိုလည်း ပြန်လည် ချုပ်ပေးလိုက်သည်။ သူသည် ဒဏ်ရာများကို ဆက်လက် ကုသနေသည်။ ဤကဲ့သို့သော ဒဏ်ရာမျိုးသည် သူ၏အတွက် တစ်ရက် နှစ်ရက်အတွင်း ပြန်လည် ကောင်းမွန်လာမည် ဖြစ်သည်။
"ထွမ်မုဟယ် ဘယ်လိုနေမလဲ မသိဘူး... ငါ ဝူကျိအင်ပါယာဆီ အရင်သွားပြီး စာပေရနံ့တောင်ပေါ်က လီမိသားစုဆီကို သွားလည်ရမယ်..."
စူးချန်ခုန်းသည် ထွမ်မုဟယ်၏ အခြေအနေကို မသေချာသော်လည်း ထွမ်မုဟယ်ကို အရင်ထွက်ပြေးရန် ပြောခဲ့ပြီး ဖြစ်သဖြင့် သူ၏ တာဝန် ကျေပွန်ခဲ့ပြီ ဖြစ်သည်။ အကယ်၍ ထွမ်မုဟယ်သည် ကံဆိုးမှုနှင့် ကြုံတွေ့ခဲ့ရလျှင်ပင် သူ၏ အပြစ် မဟုတ်တော့ပေ။