အခန်း (၆၇၅-၆၇၆)
Vol. 56 Ch. 675-676
အခန်း ၆၇၅ ကုအန်၏ ဝင်စားခြင်း
ကျယ်ပြောလှသော မဟာကမ္ဘာတစ်ထောင်ကို ဖြတ်သန်းတိုက်ခတ်လာသည့် ဤသို့သော ထူးဆန်းသည့် စွမ်းအားမျိုးကို ကောင်းကင်နန်းတော် က သတိပြုမိသင့်သည် မဟုတ်ပါလား...
ကုအန်က တိတ်ဆိတ်စွာ တွေးတောနေမိ၏။ သူသည် ကောင်းကင်နန်းတော် မည်သည့်နေရာတွင် ရှိမှန်း အတိအကျ မသိသော်လည်း အမတနတ်ဘုရားများနှင့် ပိုမို ထိတွေ့ဆက်ဆံလာရသည်နှင့်အမျှ အမတနတ်ဘုရားများသည် နေရာတိုင်းတွင် ရှိနေသည်ဟု သူ အမြဲတမ်း ခံစားနေရသည်။
ထို့ပြင် ကောင်းကင်နန်းတော် ၏ စွမ်းအားက ပို၍ပင် လွှမ်းမိုးနိုင်စွမ်း ရှိပြီး သတ္တဝါအားလုံး၏ ဆန္ဒများကို ဂရုမစိုက်ဘဲ အုပ်စိုးနေသည်ဟု ခံစားရ၏။
လျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းသော စွမ်းအားနှင့် ပတ်သက်၍မူ ကုအန်က သိပ်ပြီး ဂရုမစိုက်လှပေ။
ယင်းက ကောင်းကင်ဝိညာဉ် မဟာကမ္ဘာသို့ ပျံ့နှံ့လာမည် ဆိုလျှင်ပင် သူ့ကို အန္တရာယ် မပေးနိုင်သရွေ့ ယင်းမှာ သက်ရှိအားလုံးအတွက် ကျင့်ကြံခြင်း၏ နောက်ထပ် အဆင့်တစ်ဆင့်သာ ဖြစ်ပေလိမ့်မည်။
အတန်ကြာပြီးနောက်...
အစားအသောက်များ အားလုံး အေးစက်သွားသောအခါမှသာ ကျန်းချုံး၏ အာရုံက ဝင်္ကပါ စာလိပ်ထံမှ နောက်ဆုံးတွင် ခွာထွက်သွားတော့၏။
သူမက ကုအန်ကို ကြည့်၍ အာမေဍိတ်သံဖြင့် ပြောလိုက်သည်။ "ဒါက တကယ်ပဲ လူသားတွေ ဖန်တီးနိုင်တဲ့ ဝင်္ကပါ တစ်ခုလား... အရမ်းကို ကျယ်ပြန့်ပြီး ရှုပ်ထွေးလွန်းတယ်... ဖော်ပြထားတဲ့ အစွမ်းတွေကို ကြည့်ရတာ ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမတွေလောက်ကို ကြောက်စရာ ကောင်းနေတယ်..."
ဤဝင်္ကပါသာ ပေါက်ကြားသွားပါက သွေးထွက်သံယိုမှုများ သေချာပေါက် ဖြစ်ပေါ်လာလိမ့်မည်ဟု သူမ ခံစားရပြီး အခြား တစ်စုံတစ်ယောက်ကသာ သူမအား ပေးခဲ့လျှင် သူမ လက်ခံရဲမည် မဟုတ်ပေ။
"ကျွမ်းကျင်ပိုင်နိုင်ဖို့ဆို နှစ်ပေါင်းများစွာ ကြာလိမ့်မယ်... မင်းဘာသာမင်း အရင် လေ့လာကြည့်လိုက်ပါဦး..." ကုအန်က ရယ်မော၍ တိုးညင်းစွာ ပြောလိုက်၏။
သူ ပေးခဲ့သောအရာမှာ ဝင်္ကပါ သက်သက် မဟုတ်ဘဲ ၎င်းတွင် ပါဝင်သော တာအိုနည်းစနစ် များမှာ ကျန်းချုံးအတွက် နှစ်ပေါင်း တစ်သန်းတိုင်တိုင် နားလည်သဘောပေါက်ရန် လုံလောက်ပေသည်။
ကျန်းချုံးက ခေါင်းညိတ်လိုက်ပြီး စာလိပ်ကို သူမ၏ သိုလှောင်ကွင်း အတွင်းသို့ သိမ်းဆည်းလိုက်၏။ ထို့နောက် ကုအန်ကို အံ့အားသင့်မှုများနှင့် နက်ရှိုင်းသော မေတ္တာများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကြည့်ကာ သက်ပြင်းချလိုက်သည်။
"ရှင် ပေးခဲ့တဲ့ အရာတွေက ပြန်ဆပ်ဖို့ ပိုပိုပြီး ခက်ခဲလာတယ်... ရိုးရိုးသားသား ပြောရရင် တော်တော်လေး ဖိအား များတာပဲ"
"အဲဒါဆိုလည်း ငါ့ကို ပြန်ပေးလေ..." ကုအန်က စိတ်အနှောင့်အယှက် ဖြစ်ဟန်ဖြင့် မေးလိုက်၏။ သူက ကျန်းချုံး အကြောင်းကို ကောင်းကောင်း သိနေသည် မဟုတ်ပါလား...ဤမိန်းကလေးက အကြောင်းပြချက် တစ်ခု ရှာ၍ သူ့အား စနောက်ချင်ရုံ သက်သက်သာ ဖြစ်၏။
ကျန်းချုံးက သဘောကျစွာ ရယ်မောလိုက်သည်။ "အဲလိုတော့ မရဘူးလေ... ပေးပြီးသား ပစ္စည်း ပြန်ပေးရိုးထုံးစံရှိလို့လား"
ထို့နောက် သူမက စကားစကို ပြောင်းလိုက်ပြီး ပန်းပေါင်းစုံ ဂိုဏ်း အတွင်း ဖြစ်ပျက်နေသော ကိစ္စများကို စတင် ပြောပြနေ၏။ ဂိုဏ်းအတွင်း အမြင့်ဆုံး ရာထူးရှိသူ တစ်ဦးအနေဖြင့် သူမက သဘာဝကျကျပင် အကြီးအကဲ တစ်ယောက်၏ အမြင်ဖြင့် ပြောဆိုနေခြင်း ဖြစ်ပြီး ကုအန်မှာ သူတို့ နှစ်ယောက် မိသားစု ကိစ္စများကို ဆွေးနွေးနေရသကဲ့သို့ ခံစားရသည်။
ကုအန်က ငြီးငွေ့မှု မဖြစ်မိဘဲ ဆန့်ကျင်ဘက်အနေဖြင့် အလွန် စိတ်ဝင်စားနေကာ ရံဖန်ရံခါ မေးခွန်းများပင် မေးလိုက်သေး၏။
နာရီဝက်ခန့် ကြာပြီးနောက်....
"ဒါနဲ့... ရှင် လုလင်ကျွင်းကို မှတ်မိသေးလား... သူက ရှင့်ရဲ့ တတိယ ဆေးတောင်ကြားမှာ တစ်ခါ နေဖူးတယ်လေ... သူက တက်လှမ်းသူ တစ်ယောက်ပဲ... သူ တည်ထောင်ခဲ့တဲ့ ကောင်းကင်တက်လှမ်းခြင်း ဂိုဏ်းက တော်တော်လေး အခြေအနေ ကောင်းနေပြီ... "
ကျန်းချုံးက လုလင်ကျွင်း အကြောင်းကို ပြောလာသောအခါ သူမ၏ လေသံက ရွှင်လန်းနေပြီး တစ်ချိန်တည်းမှာပင် ကုအန်၏ မျက်နှာအမူအရာကိုလည်း အကဲခတ်နေ၏။
လွန်ခဲ့သော အချိန်ကြာမြင့်စွာက အန်ရှင်း ပြောခဲ့ဖူးသည့် စကားကို သူမ မှတ်မိနေသေးသည်။ လုလင်ကျွင်းက ကုအန်ကို သူမ၏ တာအိုလက်တွဲဖော် အဖြစ် သတ်မှတ်ချင်နေကြောင်း အန်ရှင်းက ပြောခဲ့ဖူး၏။
ကုအန်၏ အစစ်အမှန် သရုပ်မှန် ပေါ်လွင်သွားချိန်မှစ၍ လုလင်ကျွင်းမှာ ကုအန်နှင့် အဆက်အသွယ် ပြတ်တောက်သွားပုံ ရသည်။ ကုအန်က သူမကို မတွေ့ချင်၍ မဟုတ်ဘဲ သူမက ကုအန်ကို တွေ့ရန် မဝံ့မရဲ ဖြစ်နေခြင်းသာ ဖြစ်၏။
လွန်ခဲ့သော နှစ်များအတွင်း ကျန်းချုံးသည်လည်း လုလင်ကျွင်းနှင့် ဆက်ဆံရေး ရှိခဲ့ပြီး သူမ၏ ထံတွင် မွေးရာပါ မာနတစ်ခု ရှိနေသည်ဟု ကျန်းချုံး ခံစားခဲ့ရသည်။ ဤမိန်းမက ကုအန်သည် ထိုမျှလောက် အစွမ်းထက်သော သက်ရှိ တစ်ဦး ဖြစ်နေသည်ကို လက်မခံနိုင်ပုံ ရ၏။
သို့သော်လည်း လုလင်ကျွင်း ယနေ့ထက်တိုင် အသက်ရှင်နေသေးပြီး ကောင်းကင်တက်လှမ်းခြင်း ဂိုဏ်းမှာလည်း ထိုမျှလောက် ကောင်းမွန်စွာ တိုးတက်လာခဲ့ခြင်းမှာ ကုအန်၏ လျှို့ဝှက် ကူညီထောက်ပံ့မှုများကြောင့် ဖြစ်မည်ဟု ကျန်းချုံးက သံသယရှိနေမိသည်။
လုလင်ကျွင်း၏ အခြေအနေများကို သူမ ပြောပြပြီးသွားသော်လည်း ကုအန်၏ မျက်နှာပေါ်တွင် မည်သည့် အရိပ်အယောင်မှ မတွေ့ရချေ။
ကုအန်က လုလင်ကျွင်းနှင့် ပတ်သက်၍ လုံးဝ ဂရုမစိုက်ပုံ ရ၏။
ကုအန်က အပြုံးတစ်ခု ပြသလိုက်ပြီး ပြောလိုက်သည်။
"တကယ်တော့ မင်းနဲ့ စကားပြောရတာ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်... ဝူရှီမှာဆိုရင် ဒီလိုမျိုးတွေ ငါ မမြင်ရဘူးလေ..."
သူက လုလင်ကျွင်းကို စိတ်မဝင်စားကြောင်း မြင်သောအခါ ကျန်းချုံးက မနေနိုင်ဘဲ မေးလိုက်၏။ "ရှင်က အမြဲတမ်း ကျင့်ကြံနေတာပဲလား... မငြီးငွေ့ဘူးလား..."
ကုအန်က အဘယ်ကြောင့် အဓိပတိ ဂိုဏ်းမှ ထွက်ခွာခဲ့သနည်း ဆိုသည်ကို သူမ တစ်ခါမျှ နားမလည်နိုင်ခဲ့ပေ။ အကယ်၍ သူက အဓိပတိ ဂိုဏ်းကို မနှစ်သက်လျှင် အခြား ဂိုဏ်းတစ်ခု သို့မဟုတ် အခြား မြို့တစ်မြို့သို့ ပြောင်းရွှေ့ နေထိုင်နိုင်ပါလျက်နှင့် အဘယ်ကြောင့် လူသူကင်းမဲ့သော တောင်ပေါ်တွင် ပုန်းအောင်းနေရသနည်း။ နောက်ဆုံးတွင်ကျင့်ကြံခြင်း အတွက်သာ ဖြစ်ရမည်ဟု သူမ တွေးတောမိသည်။
"ငါ့ဘဝက မင်းထင်ထားတာထက် အများကြီး ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်" ကုအန်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။
ကျန်းချုံးက မယုံကြည်နိုင်သည့်အလား မျက်ခုံးပင့်လိုက်သည်။
ကုအန်က ရယ်မောလိုက်ပြီး ပြောလိုက်၏။ "ငါ့အတွက်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းသုံးသောင်း ကာလက မင်း ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေထက် အများကြီး ပိုပြီး နှေးကွေးပါတယ်... လွန်ခဲ့တဲ့ နှစ်တစ်ရာကို ဥပမာ ပေးရရင်... လူသားကမ္ဘာမှာ ဧကရာဇ် တစ်ပါးအတွက် ငါက နှစ်ပေါင်း ခြောက်ဆယ်လောက် သက်တော်စောင့် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဧကရာဇ် လေးပါးကို ကူညီပေးခဲ့တယ်..."
သူက အမှန်တရားကို ပြောနေခြင်း ဖြစ်သည်။ မကြာသေးမီက နှစ်ပေါင်း တစ်သောင်း အတွင်း သူသည် သာမန်လူသား ကမ္ဘာတွင် အမျိုးမျိုးသော သရုပ်မှန်များဖြင့် နေထိုင် ဖြတ်သန်းရသည်ကို နှစ်သက်ခဲ့၏။ ဆေးပင်များ သွားရောက် ခူးဆွတ်သည့် အချိန်မှလွဲ၍ သူသည် အမြဲတမ်း သူ၏ မူလ ခန္ဓာကိုယ်ကို အသုံးပြု၍ ဖြတ်သန်းခဲ့ပြီး မည်သည့် သရုပ်မှန်တွင်မဆို သူ၏ ကျင့်စဉ်စွမ်းအင်များကို တစ်ခါမျှ အသုံးမပြုခဲ့ပေ။ သူကိုယ်တိုင်လည်း ဒဏ်ရာရခဲ့ပြီး အိုမင်းရင့်ရော်လာခဲ့၏။
ဤသည်က ဝင်စားခြင်း၏ အခြား ပုံစံတစ်မျိုး မဟုတ်ပါလား...
ကုအန် ဤသို့ လုပ်လိမ့်မည်ဟု ကျန်းချုံး တစ်ခါမျှ မျှော်လင့်မထားခဲ့ပေ။ မဟာကမ္ဘာ တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်လောက်အောင် အစွမ်းထက်သော သတ္တဝါ တစ်ဦးက သာမန်လူသား ကမ္ဘာတွင် သာမန်လူများနှင့်အတူ အာဏာနှင့် အကျိုးအမြတ်အတွက် လုယက်နေသည်ဟု တွေးလိုက်မိသောအခါ သူမမှာ အဓိပ္ပာယ်မဲ့သည်ဟု ခံစားရသလို အနည်းငယ် စိတ်ဝင်စားဖို့လည်း ကောင်းနေသည်ဟု ထင်မြင်မိ၏။
သူမလည်း စမ်းကြည့်သင့်သလား...
မည်သို့ပင်ဆိုစေကာမူ သူမက ပန်းစုဆောင်းခြင်း ဂိုဏ်းကို ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲရန် မလိုအပ်တော့ချေ။
ထို့နောက် ကုအန်က ဆက်ပြောနေပြီး ကျန်းချုံးက နားထောင်နေ၏။ သူမ ဇာတ်လမ်းများ ပို၍ ကြားရလေလေ ကုအန် လုပ်ဆောင်နေသည့် အရာများက ငြီးငွေ့မှုကြောင့် မဟုတ်ဘဲ ကျင့်ကြံခြင်း၏ ပုံစံတစ်မျိုး ဖြစ်ကြောင်း သူမ ပို၍ ခံစားလာရလေလေ ဖြစ်သည်။
...
နေမင်းကြီးက တောက်ပစွာ သာယာနေပြီး ကောင်းကင်ယံတွင် တိမ်တစ်လိပ်မျှ မရှိဘဲ ကြည်လင်နေ၏။
တောင်တန်းများအထက်တွင် ကျင့်ကြံသူ မြောက်မြားစွာက ၎င်းတို့၏ ဓားများပေါ်တွင် လေကဲ့သို့ မြန်ဆန်စွာ ပျံသန်းနေကြသည်။ သူတို့ စုစည်းလာမှုကြောင့် တောင်တန်းများနှင့် တောအုပ်များကို ပြင်းထန်စွာ တုန်ခါသွားစေသော ကြီးမားသည့် စွမ်းအားတစ်ရပ်ကို ဖြစ်ပေါ်စေ၏။
လူအုပ်ကြီးထဲတွင် လူငယ်နှစ်ဦးက ၎င်းတို့၏ ဓားများပေါ်တွင် ယှဉ်တွဲ၍ ပျံသန်းနေကြသည်။
သူတို့ထဲမှ အနက်ရောင် ဝတ်စုံဝတ် လူငယ်က သူ၏ အဖော်ဘက်သို့ လှည့်၍ စိတ်လှုပ်ရှားစွာ မေးလိုက်၏။ "လုံလင်... ဒီတစ်ခါ ငါတို့ ဘယ်လို မိစ္ဆာမျိုးနဲ့ တွေ့ရမယ် ထင်လဲ..."
လုံလင် ဟု ခေါ်သော လူငယ်မှာ အပြာရောင် ဝတ်စုံကျပ်ကို ဝတ်ဆင်ထားပြီး အနက်ရောင် ဝတ်စုံဝတ် လူငယ်ထက်ပင် ပိုမို ခန့်ညားကာ ထူးခြားသော အမူအရာ ရှိသည်။
လုံလင်က ရှေ့သို့ ကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပြသကာ ပြောလိုက်၏။ "နှစ်သောင်းချီ အသက်ရှင်နေတဲ့ မဟာမိစ္ဆာကြီး တစ်ကောင်လို့ ငါ ကြားတယ်... အဲလိုမှ မဟုတ်ရင် ဂိုဏ်းက ဒီလောက် တပည့် အများကြီးကို စေလွှတ်မှာ မဟုတ်ဘူးလေ..."
"နှစ်သောင်းချီ အသက်ရှင်နေတဲ့ မဟာမိစ္ဆာကြီး... ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်မလဲ..." အနက်ရောင် ဝတ်စုံဝတ် လူငယ်မှာ ရုတ်တရက် စိုးရိမ်လာ၏။
လုံလင်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။ "ယန်နျန်... မင်း ကြောက်နေရင်လည်း အခု ပြန်သွားလို့ နောက်မကျသေးပါဘူး..."
ထိုစကားကို ကြားသောအခါ ယန်နျန် ဟု အမည်ရသော လူငယ်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး ပြောလိုက်၏။ "ငါက ဘယ်လိုလုပ် ကြောက်ရမှာလဲ... တခြား တပည့်တွေအတွက် ငါ စိုးရိမ်နေတာပါ... ငါတို့ ချန်းယန် ဂိုဏ်းသာ ဒီတိုက်ပွဲမှာ ရှုံးသွားရင် အကျိုးဆက်တွေက မှန်းဆလို့တောင် ရမှာ မဟုတ်ဘူး..."
လုံလင်က ရှေ့သို့ ငေးကြည့်နေပြီး စကားတစ်ခွန်းမျှ မဆိုဘဲ ပြုံးနေ၏။
သူတို့ နှစ်ယောက်တည်း မဟုတ်ဘဲ သူတို့ ပတ်ဝန်းကျင်ရှိ ချန်းယန် ဂိုဏ်းမှ အခြား တပည့်များကလည်း လာမည့် တိုက်ပွဲ အကြောင်းကို ဆွေးနွေးနေကြသည်။
ချန်းယန် ဂိုဏ်းသည် တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ထောင်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ကြီးပေါ်တွင် သြဇာလွှမ်းမိုးနိုင်သော ဂိုဏ်းတစ်ခုအဖြစ် သတ်မှတ်ခံထားရသော်လည်း သူတို့သည် နှစ်သောင်းချီ အသက်ရှင်နေသော မိစ္ဆာတစ်ကောင်နှင့် တစ်ခါမျှ မရင်ဆိုင်ခဲ့ဖူးချေ။
"ဒါနဲ့ လုံလင်... စီနီယာ အစ်ကို တစ်ယောက်ဆီက ကြားတာ... မင်း မိသားစုက မင်းကို ရှာတွေ့သွားပြီ ဆို... ဟုတ်လား..." ယန်နျန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
သူနှင့် လုံလင် နှစ်ယောက်စလုံးက ငယ်စဉ်ကတည်းက မိဘမဲ့များ ဖြစ်ကြပြီး တောင်ပေါ်ရှိ အဘိုးအို တစ်ဦး၏ ပြုစုပျိုးထောင်မှုအောက်တွင် ကြီးပြင်းလာခဲ့ကြခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူတို့ နှစ်ယောက်စလုံး ချန်းယန် ဂိုဏ်းသို့ ဝင်ရောက်ခွင့် ရခဲ့ပြီး လုံလင်တွင် အလွန် ကောင်းမွန်သော ဝိညာဉ်အမြစ် တစ်ခု ရှိကြောင်း တွေ့ရှိခဲ့ရ၏။ ယန်နျန်မှာ လုံလင်၏ ထောက်ပံ့မှုကြောင့် ယခု လက်ရှိ အဆင့်အတန်းကို ရရှိထားခြင်း ဖြစ်သည်။
လုံလင်သည် မိဘမဲ့ တစ်ယောက် မဟုတ်ဘဲ သူ၏ မိသားစုက သူ့ကို လိုက်လံ ရှာဖွေနေမည်ဟု သူ တစ်ခါမျှ မျှော်လင့်မထားခဲ့ပေ။ သူက မနာလို ဖြစ်မိသော်လည်း လုံလင်အတွက် ဝမ်းသာပေးမိ၏။
"အင်း... ငါ့မိဘတွေက ငါ့ကို စွန့်ပစ်ခဲ့တာ မဟုတ်ဘူးလို့ သူတို့က ပြောတယ်... တာဝန်တစ်ခု ထမ်းဆောင်နေရင်းနဲ့ သေဆုံးသွားလို့ ငါ့ကို နေရာတစ်ခုမှာ ချန်ထားခဲ့ရတာတဲ့... ငါ့မိဘတွေ ချန်ထားခဲ့တဲ့ ကျောက်စိမ်းဆွဲကြိုးက တကယ်တော့ အဆင့်မြင့် ဝိညာဉ်ရတနာ တစ်ခု ဖြစ်နေတာ... အဲဒီကနေတစ်ဆင့် ငါ့မိသားစုက ငါ့ကို ရှာတွေ့သွားတာလေ... သူတို့က ငါ့ကို ပြန်လာစေချင်နေကြတယ်... ငါလည်း စဉ်းစားနေတုန်းပါပဲ..." လုံလင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ယန်နျန်က ဆက်လက် စူးစမ်းလိုက်၏။ "မင်း မိသားစုက အစွမ်းထက်လား... ချန်းယန် ဂိုဏ်းနဲ့ ယှဉ်ရင် ဘယ်လိုနေလဲ..."
"အစွမ်းထက်မှာပေါ့... သူတို့က ဂိုဏ်းက အထက်လူကြီးတွေကိုတောင် သဘောတူအောင် ပြောထားပြီးပြီ... အထက်လူကြီးတွေလည်း အကျိုးအမြတ် အများကြီး ရထားပုံပေါ်တယ်... ငါ့ကို ပြန်လာဖို့ အတင်း တိုက်တွန်းနေကြတယ်..." လုံလင်က ပြောလိုက်သည်။
ထိုအဖြေကို ကြားသောအခါ ယန်နျန်မှာ ပို၍ပင် မနာလို ဖြစ်သွားရ၏။
သူ့တွင် အဘယ်ကြောင့် ထိုသို့သော နောက်ခံမျိုး မရှိရသနည်း။ သူတို့ ကျင့်ကြံခြင်း မစတင်မီက လုံလင်ကို သူက ကာကွယ်ပေးခဲ့ရသော်လည်း ကျင့်ကြံခြင်း စတင်ပြီးချိန်မှစ၍ အခန်းကဏ္ဍများ ပြောင်းလဲသွားကာ ယခုအခါ လုံလင်က သူ့ကို စောင့်ရှောက်နေရပြီ ဖြစ်သည်။
ယန်နျန်က လုံလင်ကို ကျေးဇူးတင်သော်လည်း သူ၏ ရင်ထဲတွင် မနာလိုစိတ်များ တဟုန်းဟုန်း တောက်လောင်လာသည်ကို မထိန်းချုပ်နိုင်ခဲ့ချေ။
ကောင်းကင်ဘုံက လုံလင်ကို မျက်နှာသာပေးပြီး အမြဲတမ်း ကံကောင်းမှုများနှင့် ကြုံတွေ့စေသည်ဟု သူ ခံစားရသည်။ သူကမူ ထောက်ပံ့မှု မရှိဘဲ ကျန်ရစ်ခဲ့ပြီး လုံလင်၏ အကူအညီ ရှိနေလျှင်ပင် ပြဿနာများက သူ့ကို အမြဲတမ်း လာရောက် ရှာဖွေနေတတ်၏။
"အဲလိုဆိုရင် ဘာစဉ်းစားစရာ လိုသေးလို့လဲ..." ယန်နျန်က သူ၏ မနာလိုစိတ်ကို ထိန်းချုပ်၍ အတင်း ပြုံးကာ မေးလိုက်သည်။
"ငါတို့ နောက်တိုက်ပွဲမှာ ဘယ်လို တိုက်ရမလဲ ဆိုတာကိုပဲ စဉ်းစားရအောင်..." လုံလင်က မေးခွန်းကို ရှောင်လွှဲ၍ ပြောလိုက်၏။
လုံ မိသားစုက ပြင်ပလူများကို လက်မခံသောကြောင့် သူ ချီတုံချတုံ ဖြစ်နေရခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်များအတွင်း ယန်နျန်၏ သဘောထား အပြောင်းအလဲများကို သူ အာရုံခံမိပြီး ဤကိစ္စဖြင့် သူ့ကို ဒေါသမထွက်စေချင်ခဲ့ပေ။
ဒါပေမဲ့လည်း...
ထိုမိသားစုဝင်၏ စကားများကို တွေးလိုက်မိရုံဖြင့် လုံလင်၏ မျက်လုံးများထဲတွင် တမ်းတမှု အရိပ်အယောင်များ ပေါ်လာသည်ကို သူ မတားဆီးနိုင်ခဲ့ချေ။
လုံ မိသားစုတွင် မဟာယာန အဆင့်ထက် ကျော်လွန်သော သက်ရှိများ ဖြစ်ကြသည့် အမတနတ်ဘုရား များ ရှိသည်ဟု ဆိုကြသည်။ ယင်းက သေမျိုးနယ်ပယ်ထက် ကျော်လွန်နေသော တည်ရှိမှုများပင် ဖြစ်၏။
အခန်း ၆၇၆ မိတ်ဟောင်းဆွေဟောင်းများ ဆုံတွေ့ခြင်း
တောင်တန်းများက တစ်ခုနှင့်တစ်ခု ထပ်နေပြီး မြေပြင်က နဂါးကျောရိုးများ ဖိကပ်ထားသကဲ့သို့ ရှိ၏။ ထိုသို့သော တောင်ကြောတစ်ခုပေါ်တွင် ကုအန်က ချောက်ကမ်းပါးတစ်ခု၏ အရှေ့၌ ရပ်နေပြီး အန်ရှင်းက သူ့အနီးတွင် တရားထိုင်ကာ ကျင့်ကြံနေသည်။
"စတင်နေပြီလား..."
ကုအန်က အဝေးသို့ လှမ်းကြည့်ရင်း ဤသို့ တွေးတောလိုက်၏။
သူ ကျန်းချုံးကို ဝင်္ကပါ စာလိပ် ပေးခဲ့သည်မှာ နှစ်ပေါင်း ခုနစ်ထောင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
နှစ်ပေါင်း ခုနစ်ထောင် ကုန်လွန်သွားခဲ့ပြီးနောက် ထိုလျှို့ဝှက်ဆန်းကြယ်၍ ထူးဆန်းသော စွမ်းအားက မဟာကမ္ဘာတစ်ထောင် အတွင်းသို့ နောက်ဆုံးတွင် စိမ့်ဝင်လာခဲ့ပြီ ဖြစ်၏။
၎င်း၏ ထိုးဖောက်ဝင်ရောက်လာမှု နည်းလမ်းက ကမ္ဘာ့ဂိတ်တံခါးမှတစ်ဆင့် မဟုတ်ဘဲ မဟာကမ္ဘာတစ်ထောင်၏ တာအိုနိယာမများ အတွင်းသို့ တိုက်ရိုက် ဝင်ရောက်လာခြင်း ဖြစ်သည်။ ဤသည်က တားဆီး၍ မရနိုင်သော ကျူးကျော်မှု နည်းလမ်းတစ်ခု ဖြစ်ပြီး ၎င်း၏ စိမ့်ဝင်လာသော လမ်းကြောင်းကို အပြည့်အဝ ခြေရာခံ၍ မရနိုင်ချေ။ အနည်းဆုံး ကောင်းကင်ဝိညာဉ် နတ်ဘုရားပင်လျှင် ခြေရာခံနိုင်စွမ်း မရှိပေ။
ကုအန် ရှိနေသော တိုက်ကြီးပေါ်တွင် လုံ မိသားစု၏ သွေးဆက်တစ်ခုကို သူ မြင်တွေ့ခဲ့ရသည်။ ထိုလူငယ်၏ အမည်မှာ လုံလင် ဖြစ်ပြီး သူ၏ အချစ်ဆုံး သူငယ်ချင်းမှာ ထိုထူးဆန်းသော စွမ်းအား၏ ဝင်ရောက်စီးနှင်းမှုကို ခံခဲ့ရ၏။ ထိုသူငယ်ချင်းသည် အနာဂတ်တွင် တစ်နေ့တခြား မနာလိုစိတ်များ ပိုမို ပြင်းထန်လာကာ ကြမ်းတမ်းခက်ထန်လာမည် ဖြစ်ပြီး လုံလင်၏ ဘဝတွင် ပြဿနာများစွာကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ကုအန်က ဝင်ရောက် စွက်ဖက်ရန် ရည်ရွယ်ချက် မရှိပေ။ လုံလင်နှင့် သူ၏ ဆက်ဆံရေးက အလွန် ကွာဝေးလွန်းလှပြီး သူစိမ်းတစ်ယောက်နှင့် တူညီနေ၏။ အကယ်၍ သူက လုံ မိသားစု၏ သွေးဆက်တိုင်းကို လိုက်လံ ကာကွယ်ပေးနေရမည် ဆိုလျှင် အလွန် ပင်ပန်းလွန်းပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုသွေးဆက်များ၏ အရေအတွက်မှာ သန်းတစ်ထောင်ထက်ပင် ကျော်လွန်နေပြီ ဖြစ်ပြီး အများစုမှာ နာမည်များပင် ပြောင်းလဲထားကြသည်။
ယန်နျန် ဟု အမည်ရသော ထိုလူငယ်က လမ်းမှားသို့ ရောက်ရှိသွားနိုင်သော်လည်း သူက လုံလင်၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိမည် မဟုတ်ချေ။
ထိုထူးဆန်းသော စွမ်းအား၏ ကျူးကျော်ဝင်ရောက်မှု မရှိလျှင်ပင် လူသားကမ္ဘာတွင် ညီအစ်ကိုများနှင့် အချစ်ဆုံး သူငယ်ချင်းများက မနာလိုစိတ်ကြောင့် တစ်ယောက်ကို တစ်ယောက် ဖျက်ဆီးကြသည်မှာ ဆန်းကြယ်သော ကိစ္စရပ်တစ်ခု မဟုတ်ပေ။
"ဆရာ... လူသားကမ္ဘာကို နောက်ထပ် ကပ်ဘေးတစ်ခု ကျရောက်လာပြန်ပြီလား..."
အန်ရှင်း၏ အသံ ထွက်ပေါ်လာပြီး ကုအန်က ခေါင်းလှည့်ကြည့်လိုက်ရာ သူမက မျက်မှောင်ကျုတ်လျက် မျက်လုံးများ ဖွင့်လာသည်ကို တွေ့လိုက်ရ၏။
ကုအန်က မေးလိုက်သည်။ "မင်း ဘာတွေ မြင်လိုက်ရလို့လဲ..."
"ကျွန်မရဲ့ အမတဧကရာဇ် မျက်လုံးက အနှောင့်အယှက်ပေးနေတဲ့ မိစ္ဆာစွမ်းအားတစ်ခုကို အာရုံခံမိတယ်... ပြီးတော့ ကျွန်မရဲ့ အနာဂတ် ကိုယ်ပွားကလည်း လူသားကမ္ဘာဟာ မကြာခင်မှာ တစ်ခါမှ မကြုံဖူးတဲ့ ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ပြောနေတယ်... ဒီကပ်ဘေးက တခြား မဟာကမ္ဘာတွေကိုပါ လွှမ်းခြုံသွားလိမ့်မယ်တဲ့..."
အန်ရှင်းက စိုးရိမ်တကြီး ပြောလိုက်၏။ သူမ၏ အနာဂတ် ကိုယ်ပွားက အကြောင်းအကျိုး ဆင့်ကဲဖြစ်စဉ်မှတစ်ဆင့် ပေါ်ထွက်လာခြင်း ဖြစ်ပြီး အမှန်တကယ် ဖြစ်လာမည်ဟု အတည်မပြုနိုင်သော်လည်း ယင်းက အနာဂတ်၏ အဓိက အပြောင်းအလဲများကို အရိပ်အမြွက် ပြသနေဆဲ ဖြစ်သည်။
ကုအန်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး အန်ရှင်း၏ ကျင့်ကြံခြင်း ရလဒ်များအပေါ် အတော်လေး ကျေနပ်သွားသည်။
အန်ရှင်း၏ အမတဧကရာဇ် မျက်လုံးက စွမ်းအားများကို ဝါးမျို၍ သူမ၏ ကိုယ်ပိုင် စွမ်းအားအဖြစ် ပြောင်းလဲနိုင်ရုံသာမက သူမ၏ အတိတ်နှင့် အနာဂတ် ကိုယ်ပွားများထံမှလည်း စွမ်းအားများကို ငှားယူနိုင်စွမ်း ရှိသည်။ ဤသည်က ကောင်းကင်နဂါး ဝင်စားခြင်း ဓမ္မပုံရိပ် နှင့် အနည်းငယ် ဆင်တူ၏။ သို့သော်လည်း သူမ ဆင့်ခေါ်လိုက်သော အနာဂတ် ကိုယ်ပွားမှာ အကြောင်းအကျိုး တရားမှတစ်ဆင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အနာဂတ် ကိုယ်ပွား ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ၎င်းနှင့် ဆက်နွှယ်နေသော အနာဂတ်မှာ ပျောက်ကွယ်သွားမည် ဖြစ်သဖြင့် ဤနေရာရှိ အကြောင်းအကျိုး အဆက်အစပ်များမှာ ရှုပ်ထွေးလှသည်။ သို့သော်လည်း သူမ၏ အနာဂတ် ကိုယ်ပွားကို ဆင့်ခေါ်ခြင်းဖြင့် စကြဝဠာ၏ အနာဂတ် အပြောင်းအလဲများကို ကြိုတင် ဟောကိန်းထုတ်နိုင်စွမ်း ရရှိလာပေမည်။
ထို့အပြင် အမတဧကရာဇ် မျက်လုံးက မွေးရာပါ အားကောင်းသော ဖိနှိပ်နိုင်စွမ်းကို ပိုင်ဆိုင်ထား၏။
ယခင်က ထျန်ဟောင်နှင့် ယှဉ်ပြိုင် တိုက်ခိုက်ခဲ့စဉ်က သူမသည် ထျန်ဟောင်ကို ပုံရိပ်ယောင် နယ်ပယ်တစ်ခု အတွင်းသို့ ဆွဲသွင်းခဲ့ပြီး သူ၏ တာအိုစိတ်နှလုံးကို အတင်းအဓမ္မ ချေမှုန်းပစ်ခဲ့သည်။
အမတဧကရာဇ် မျက်လုံး၏ ပုံရိပ်ယောင် နယ်ပယ်အတွင်း၌ ထျန်ဟောင်၏ အာရုံများမှာ လှည့်စားခံခဲ့ရပြီး အတွင်း၌ ကြုံတွေ့ရသမျှ အရာအားလုံးကို အစစ်အမှန် ဖြစ်ရပ်များအဖြစ် ထင်မှတ်သွားစေခဲ့သည်။
အမတဧကရာဇ် မျက်လုံးတွင် ကြီးမားလှသော စွမ်းအားများ ပါဝင်နေပြီး ယင်းက အန်ရှင်းကို ပိုမို အစွမ်းထက်လာစေရန် ကူညီပေးလိမ့်မည် ဖြစ်သည်။
အန်ရှင်းက တာအိုဧကရာဇ် တစ်ပါး မဖြစ်လာလျှင်ပင် အမတဧကရာဇ် မျက်လုံး ရှိနေသရွေ့ တာအိုဧကရာဇ် တစ်ပါးနှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိနေဆဲ ဖြစ်၏။
"မှန်တယ်... လာမယ့် ကပ်ဘေးတွေက မဟာကမ္ဘာ အမျိုးမျိုးဆီကို ရောက်လာလိမ့်မယ်... ဒါပေမဲ့ ဒီကပ်ဘေးရဲ့ နယ်ပယ်က အကန့်အသတ် မရှိ ကျယ်ပြန့်လွန်းတော့ နှိမ်နင်းဖို့အတွက် ပိုပြီး အစွမ်းထက်တဲ့ သတ္တဝါတွေကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မယ်... ဒါကြောင့် မင်း သိပ်ပြီး စိုးရိမ်နေစရာ မလိုပါဘူး..." ကုအန်က ပြန်ဖြေလိုက်သည်။
တာအိုဧကရာဇ် အကြောင်းကို တွေးလိုက်မိသောအခါ သူ၏ အတွေးများက မဟာတာအို လမ်းစဉ်ဆီသို့ အလိုလို လွင့်မျောသွားတော့၏။
သူ၏ မိတ်ဟောင်းဆွေဟောင်း အများအပြားက တာအိုဧကရာဇ် အဆင့်ကို ရရှိရန် စတင် လိုက်လံ ကြိုးပမ်းနေကြပြီ ဖြစ်သည်။
ကျိရှောင်ယု၊ ကျန်းပုခု၊ ထျန်ဟောင်၊ ကျူရှီး...
မဟာတာအို လမ်းစဉ်က မဟာကမ္ဘာတစ်ထောင် ထက်ပင် များစွာ ပို၍ ကျယ်ပြန့်ပြီး ၎င်းအတွင်း၌ ရေတွက်၍ မရနိုင်သော ကျင့်ကြံသူများက ကြိုးပမ်းအားထုတ်နေကြသည်။ ဤလူအနည်းငယ်နှင့် ဆုံတွေ့ရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ကျိရှောင်ယုက ရှောင်လန်နှင့် ဆုံတွေ့သွားခဲ့သည်။ အားလုံးက ယွမ်စုန်ကျီ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် ဖြစ်၏။
ယွမ်စုန်ကျီက ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ၏ အင်အားများကို စုစည်းရန်နှင့် အပြန်အလှန် ကူညီဖေးမရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ကုအန်က အန်ရှင်းအား တာအိုနိယာမများကို ပိုမို ကောင်းမွန်စွာ နားလည်သဘောပေါက်စေရန် လမ်းညွှန်ပေးနေစဉ်မှာပင် ကျိရှောင်ယုနှင့် ရှောင်လန်တို့ကိုပါ စောင့်ကြည့်နေခဲ့၏။
အန်ရှင်း၏ အာရုံများ ထွေပြားနေခြင်း ရှိမရှိ မသေချာသော်လည်း မကြာမီမှာပင် သူမသည် ဉာဏ်အလင်းရရှိခြင်း အတွင်း၌ နစ်မြောသွားကာ ပြင်ပကမ္ဘာကြီးကိုပင် မေ့လျော့သွားတော့သည်။
...
မှောင်မိုက်နေသော စကြဝဠာ ဟင်းလင်းပြင် အတွင်း၌ လူသူကင်းမဲ့သော ဥက္ကာပျံတစ်ခုက တိတ်ဆိတ်စွာ လွင့်မျောနေပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း တည်ရှိနေ၏။
ခန်းမတစ်ခု အတွင်း၌ တာအိုခုံရုံး မှ ကျင့်ကြံသူများက ဧရာမ ဗုဒ္ဓရုပ်ပွားတော်ကြီး တစ်ဆူ၏ အရှေ့တွင် တရားထိုင်နေကြသည်။
ရှောင်လန်က ထိုရုပ်ပွားတော်ကြီးကို ငေးကြည့်ရင်း အတွေးထဲ နစ်မြောနေ၏။
"ဒီဗုဒ္ဓက လင်တောင်က ပဲ... ဒီကျောင်းတော်ရဲ့ ပိုင်ရှင်က တစ်ချိန်တုန်းက လင်တောင်ရဲ့ ကိုးကွယ်ယုံကြည်သူ တစ်ယောက် ဖြစ်ခဲ့ဖူးတယ်... ဗုဒ္ဓဘာသာကျင့်ကြံသူ တစ်ယောက်ရဲ့ ရင်ထဲမှာတော့ လင်တောင် ဆိုတာ အမြင့်မြတ်ဆုံး သန့်စင်တဲ့ နယ်မြေပဲ..."
အသံတစ်သံ ထွက်ပေါ်လာပြီး ရှောင်လန်၏ အတွေးများကို ဖြတ်တောက်လိုက်၏။
ရှောင်လန်က ခေါင်းလှည့်ကြည့်လိုက်ပြီး အလျင်အမြန် မတ်တပ်ရပ်ကာ အရိုအသေ ပေးလိုက်သည်။
သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ခမ်းနားထည်ဝါသော ကျိရှောင်ယုက သူမထံသို့ ချဉ်းကပ်လာ၏။
ယခုအခါ ကျိရှောင်ယုက ပြန်လည်မွေးဖွားခြင်း တာအိုဧကရာဇ် ဆိုသည့် သရုပ်မှန်ဖြင့်သာ အများဆုံး သွားလာလှုပ်ရှားလေ့ ရှိသည်။ သူမ၏ ကျင့်စဉ်အဆင့်က ယွမ်စုန်ကျီကို မမီနိုင်သော်လည်း ယွမ်စုန်ကျီက သူမအား တာအိုမိတ်ဆွေ ဟု ခေါ်ဝေါ်၍ လေးစားစွာ ဆက်ဆံသောကြောင့် တာအိုခုံရုံး၏ ပါရမီရှင်များကလည်း သူမအပေါ် ကြီးမားသော လေးစားမှုများ ထားရှိကြ၏။
ရှောင်လန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "စီနီယာ... လင်တောင်က တကယ်ပဲ အဲဒီလောက် အစွမ်းထက်တာလား... အဲဒါက ဘယ်နေရာမှာ ရှိတာလဲ..."
ပြန်လည်မွေးဖွားခြင်း တာအိုဧကရာဇ် နှင့် တွေ့ဆုံပြီးချိန်မှစ၍ ဝင်စားခြင်း တာအိုဧကရာဇ်က သူမ၏ သံသယများကို အမြဲတမ်း ရှင်းလင်းပေးခဲ့ပြီး သူမအပေါ် အလွန် ကြင်နာစွာ ဆက်ဆံခဲ့သောကြောင့် ပြန်လည်မွေးဖွားခြင်း တာအိုဧကရာဇ် အပေါ် သူမ၏ ရင်ထဲတွင် ခိုင်မာသော စေတနာများ ဖြစ်ပေါ်လာခဲ့သည်။
ကျိရှောင်ယုက ဧရာမ ဗုဒ္ဓရုပ်ပွားတော်ကြီးဆီသို့ အကြည့်များကို ပြန်လွှဲလိုက်ပြီး ပြောလိုက်၏။ "လင်တောင်က ရှာတွေ့ဖို့ ခက်ခဲတယ်... ငါလည်း ကြားပဲ ကြားဖူးတာပါ... ဒါပေမဲ့ သေချာတာ တစ်ခုကတော့ လင်တောင်ဟာ မဟာကမ္ဘာတစ်ထောင်ရဲ့ အထက်မှာ ရှိနေပြီး လင်တောင်ရဲ့ ဗုဒ္ဓ စွမ်းရည်တွေက ငါတို့ မှန်းဆလို့ ရနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်နေတယ် ဆိုတာပါပဲ..."
"မှန်တယ်... လင်တောင်က တကယ်ကို အစွမ်းထက်တယ်... ငါ မူလ လာခဲ့တဲ့ မဟာကမ္ဘာတစ်ထောင်မှာ လင်တောင် ဗုဒ္ဓဘာသာ ဂိုဏ်းက တပည့်တစ်ယောက် ပေါ်ထွက်လာဖူးတယ်... သူက ရေတွက်လို့ မရနိုင်တဲ့ သတ္တဝါတွေကို တစ်ယောက်တည်း ကယ်တင်ခဲ့ပြီး ပြင်ပကောင်းကင် မိစ္ဆာဆိုးကို နှိမ်နင်းခဲ့တယ်... သူ ထွက်ခွာသွားပြီးတဲ့ နောက်မှာတောင် သူ့အကြောင်း ဒဏ္ဍာရီတွေ အများကြီးက လူသားကမ္ဘာမှာ ဆက်လက် တည်ရှိနေခဲ့တယ်..."
ယွမ်စုန်ကျီက ပြုံး၍ သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း လျှောက်လာခဲ့သည်။ ဧရာမ ဗုဒ္ဓရုပ်ပွားတော်ကြီးကို ကြည့်နေသော သူ၏ အကြည့်များတွင် တမ်းတမှုများ ပြည့်နှက်နေ၏။
ရှောင်လန်၏ ရင်ထဲတွင် တောင့်တမှုများ ပြည့်နှက်သွားသည်။
ပိုင်ရှင်မဲ့ ဖြစ်နေသော ဤကျောင်းတော်က သူတို့ကို ခိုလှုံရာ ပေးစွမ်းနိုင်ပြီး ယင်းကို လင်တောင်၏ သာမန် ယုံကြည်ကိုးကွယ်သူ တစ်ဦးက တည်ဆောက်ခဲ့ခြင်း ဖြစ်၏။ လင်တောင်မှ ဗုဒ္ဓများသည် မည်မျှတောင် အစွမ်းထက်လိုက်မည်နည်း။
မဟာတာအို လမ်းစဉ်ပေါ်တွင် ဖြတ်သန်းခဲ့ရသော နှစ်များအတွင်း ရှောင်လန်၏ အမြင်အာရုံများက များစွာ ကျယ်ပြန့်လာခဲ့သည်။ သို့သော်လည်း သူမ ကြားရသော အံ့ဖွယ်ကိစ္စများက သူမကို အံ့အားသင့်စေဆဲပင် ဖြစ်၏။
ယွမ်စုန်ကျီက ကျိရှောင်ယုဘက်သို့ လှည့်၍ မေးလိုက်သည်။ "နောက်ပြိုင်ဘက်ကို ရွေးပြီးပြီလား..."
မဟာတာအို လမ်းစဉ်ပေါ်ရှိ အင်အားစုများမှာ မဟာကမ္ဘာတစ်ထောင် ရှိ ကြယ်များထက်ပင် ပို၍ များပြားလှသည်။ တာအိုခုံရုံး ကဲ့သို့ပင် အင်အားစု အများအပြားက တာအိုဧကရာဇ် တစ်ပါး ဖန်တီးရန် ရောက်ရှိလာကြခြင်း ဖြစ်သဖြင့် သူတို့က အဆက်အသွယ်များ ပြုလုပ်ကြပြီး အင်အားစုများအကြား ရန်ငြိုးမဖွဲ့ဘဲ ကိုယ်စီ စွမ်းရည်များကို အသုံးပြု၍ တိုက်ခိုက်မည့် အချိန်နှင့် နေရာကို သတ်မှတ်လေ့ ရှိကြ၏။
ကျိရှောင်ယုနှင့် ရှောင်လန် နှစ်ယောက်စလုံးက တာအိုဧကရာဇ် ဖြစ်လာရန် ယှဉ်ပြိုင်နေကြခြင်း ဖြစ်သော်လည်း ကျိရှောင်ယုက ကျင့်စဉ်အဆင့် ပိုမို မြင့်မားသဖြင့် သူမက ဦးဆောင်လမ်းပြနေခြင်း ဖြစ်သည်။ လက်ရှိတွင် တာအိုခုံရုံး က သူမကို ထောက်ပံ့ပေးနေပြီး ရှောင်လန်အတွက် အတွေ့အကြုံများ ပိုမို လွယ်ကူစွာ ရရှိစေရန် ကူညီပေးနေ၏။
ကျိရှောင်ယုက တည်ငြိမ်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်... သူက ချန်းရှား မဟာကမ္ဘာက ပါရမီရှင် တစ်ယောက်ပဲ... သူ့ရဲ့ ကျင့်စဉ်အဆင့်က ကျွန်မနဲ့ အရမ်း ဆင်တူတယ်..."
ယွမ်စုန်ကျီက ဆက်လက် မေးခွန်းထုတ်ရန် ပြင်လိုက်စဉ် ရုတ်တရက် ခန်းမတစ်ခုလုံး တုန်ခါလာတော့၏။
ကျောင်းတော်၏ အပြင်ဘက်မှ လွှမ်းမိုးနိုင်စွမ်းရှိသော ဖိအားတစ်ခု ထွက်ပေါ်လာသဖြင့် တရားထိုင်နေကြသော တာအိုခုံရုံး မှ ကျင့်ကြံသူများမှာ လန့်ဖြန့်သွားကြပြီး မတ်တပ်ရပ်ကာ တင်းမာစွာဖြင့် အသင့်ပြင်လိုက်ကြသည်။
ယွမ်စုန်ကျီက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ နတ်ဘုရားအာရုံကို တာအိုဟင်းလင်းပြင် ဆီသို့ ဖြန့်ကျက်လိုက်၏။
ဟင်းလင်းပြင် နက်ရှိုင်းသော နေရာတွင် ရုပ်သွင်နှစ်ခုက တိုက်ခိုက်နေကြပြီး တောက်ပသော နေမင်းနှစ်စင်းကဲ့သို့ ဝင်တိုက်မိကြသည်ကို သူ တွေ့လိုက်ရသည်။ ယင်းက တာအိုနိယာမများကို တုန်ခါသွားစေပြီး ထိုကြီးမားလှသော ဖိအားကြောင့် သူတို့ ထိုင်နေသည့် ဥက္ကာပျံမှာ အဆက်မပြတ် တုန်ယင်နေ၏။
"အဲဒါက..."
ယွမ်စုန်ကျီက သူတို့ထဲမှ တစ်ယောက်ကို မှတ်မိပုံရပြီး သူ၏ မျက်နှာအမူအရာက ထူးထူးခြားခြား မှုန်ကုပ်သွားသည်။
တာအိုခုံရုံး မှ ကျင့်ကြံသူများမှာ ပို၍ပင် တင်းမာလာကြ၏။ ယွမ်စုန်ကျီသည် ယခင်က အမတနတ်ဘုရားများနှင့် ရင်ဆိုင်ခဲ့ရစဉ်က ဤသို့သော အမူအရာမျိုး တစ်ခါမျှ မပြသခဲ့ဖူးချေ။ အပြင်ဘက်တွင် အမတနတ်ဘုရားများထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါ ရှိနေနိုင်မည်လား။