← Chapters

တန်ပြန်တိုက်စစ်

Vol. 6 Ch. 570

တန်ပြန်တိုက်စစ်

Vol. 6 Ch. 570

အဆင့်မြင့် ကျင့်ကြံသူနှစ်ဦး တိုက်ခိုက်ကြသည့်အခါ တိုက်ပွဲသည် အလွန်ကြာမြင့် တတ်လေသည်။

သို့သော် သူနှင့် တာ့ရှားဧကရာဇ်၏ တိုက်ပွဲသည် ထိုမျှ အချိန်ကြာကြာ တိုက်ခိုက် ရမလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

နဂါးငွေ့တန်း ပိုက်ကွန်သည် တာ့ရှားဧကရာဇ်၏ တန်ခိုးစွမ်းအားများကို ဖိနှိပ် ထားနိုင်ခဲ့သော်လည်း တာ့ရှား ဧကရာဇ်က သူ၏ တန်ခိုးစွမ်းအားများကို ဖောက်ခွဲ ထုတ်လိုက်သည့် အချိန်တွင် တောင့်မခံနိုင်ခဲ့ပါ။

တာ့ရှားဧကရာဇ်၏ တန်ခိုးစွမ်းအားများသည် သူ၏ကိုယ်ထဲတွင် နက်ရှိုင်းစွာ တံဆိတ်ခတ် ထားသလို ဖြစ်နေသည့်အတွက် ဆန်းလျန်အနေဖြင့် ထိန်းချုပ်ရန် အခွင့်အရေးမရခဲ့ပေ။

အချိန်ကြာမြင့်စွာ တိုက်ခိုက် ခဲ့ကြသည့်တိုင် တာ့ရှားဧကရာဇ်နှင့် ဆန်းလျန် နှစ်ယောက်စလုံးမှာ အင်အားများ လျော့သွားခြင်း မရှိကြဘဲ အပြင်းအထန် ဆက်လက် တိုက်ခိုက်နေကြဆဲ ဖြစ်လေသည်။ သူတို့တိုက်ပွဲသည် တစ်ညတည်းနှင့် အဆုံးသတ်နိုင်ရန် လိုအပ်လေသည်။ သို့သော် ထိုသို့ဖြစ်လာရန်မှာ မသေချာပေ။

ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာသည် ရောင်စဉ်များ ဖြာထွက်နေပြီး လတစ်စင်းထွန်းလင်း နေသည့် အလားပင်ထင်မှတ် ရလေသည်။

တာ့ရှားဧကရာဇ်ထံမှလည်း အလွန်ပြင်းထန်သည့် တန်ခိုးစွမ်းအားများသည် အဆက်မပြတ် စီးဆင်းထွက်ပေါ်လျက် ရှိလေသည်။

တာ့ရှားဧကရာဇ်သည် အဆုံးမရှိသည့် တွင်းနက်ကြီး တစ်ခုအလား ဖြစ်နေပြီး ပတ်ဝန်းကျင်မှ တန်ခိုးစွမ်းအားများ အားလုံးကို စုပ်ယူနေလေသည်။ ဆန်းလျန်၏ မူလဝိညာဉ် ခန္ဓာကိုပင် တစ်ခါတစ်ရံတွင် စုပ်ယူရန် ကြိုးစားနေသည့် အလားပင် ဖြစ်တော့သည်။

ထို့ပြင် ဆန်းလျန်က မည်သည့် တန်ခိုးစွမ်းအားများဖြင့် တိုက်ခိုက်နေပါစေ တာ့ရှား ဧကရာဇ်ကလည်း မကုန်ခန်းနိုင်သည့် တန်ခိုးစွမ်းအားများဖြင့် အဆက်မပြတ် တိုက်ခိုက်နေဆဲ ဖြစ်လေသည်။ မည်သည့်အခါမှ မောပန်းနွမ်းနယ် သွားခြင်းမရှိသည့် မြစ်တစ်စင်းနှင့်ပင် ဆင်တူလေ၏။

ဆန်းလျန်သည် တာ့ရှားဧကရာဇ်ကို အနိုင်ယူရန်မှာ ထင်သလောက် မလွယ်ကြောင်း သဘောပေါက် သွားလေသည်။ ယွမ်ယန်ကိုကူညီနေသည့် နတ်မိစ္ဆာ မဟာတန်ခိုးရှင်သည်ပင်လျှင် တာ့ရှားဧကရာဇ်ကို မယှဉ်နိုင်သည်ကို မအံ့သြ တော့ပါ။

ဆန်းလျန်၏ ဝိညာဉ်စွမ်းအား မြှင့်တင်မှု ကျင့်စဉ်သည် လင်ပေါင်ထျန်းကျွင်းကိုသာ ဆင့်ခေါ်နိုင်ခြင်း မရှိပါက တာ့ရှား ဧကရာဇ်၏ တန်ခိုးစွမ်းအားများကြောင့် အချိန်တိုင်း ထိခိုက်မိနေသည့် သူ၏ မူလဝိညာဉ်ခန္ဓာကို ထိုမျှမြန်မြန် ပြန်လည်ပြုပြင်နိုင်မည်ပင် မဟုတ်ပေ။ သို့သော် တာ့ရှား ဧကရာဇ်နှင့် ဆက်လက် တိုက်ခိုက်မည်ဆိုပါက အချိန်ကြာ လာသည်နှင့်အမျှ ဆန်းလျန်ဘက်မှ ရှုံးနိုင်ချေများနေလေသည်။

သို့သော် အားသာချက်မှာ ဆန်းလျန်သည် ကိုယ်ပွား ဖန်ဆင်းထားခြင်း တစ်ခုဖြစ်သည့် အတွက် တာ့ရှားဧကရာဇ်ကို ရှုံးနိမ့်သွားလျှင်ပင် သူ၏ နတ်ဘုရားစွမ်းအား အနည်းငယ်သာ ထိခိုက်နိုင်ပြီး သူ၏မူလဇာစ်မြစ် ကတော့ ပျက်စီးသွားနိုင်မည် မဟုတ်ပေ။

ဆန်းလျန်က တာ့ရှားဧကရာဇ်ကို ပညာပေးချင်ရုံသာဖြစ်ပြီး တာ့ရှားဧကရာဇ်ကတော့ ဆန်းလျန်ကို နုတ်နုတ်စင်း ချင်နေမိလေသည်။ သို့သော် ဆန်းလျန် သိလိုက်ရသည်မှာ တာ့ရှားဧကရာဇ်ကို သတ်ရန်ထက် တာ့ရှားဧကရာဇ်ကို ပညာပေးရန်မှာ ပိုပြီးခက်ခဲသည် ဆိုသည့် အချက်ပင် ဖြစ်လေသည်။

ဆန်းလျန်သည် ကလေးငယ် တစ်ယောက်လို အပြစ်ကင်းစင်စွာ ပြုံးလိုက်ပြီး ….

“မင်းကြီးက ကျုပ်ကို တကယ်ပဲ သတ်ချင်နေတာလား…”

ထိုမျှ ပြင်းထန်စွာ တိုက်ခိုက်နေသည့် အချိန်မှာပင် ပြုံးပြီး စကားပြောနေနိုင်ဆဲ ဖြစ်သည့် ဆန်းလျန်ကိုကြည့်ပြီး ဆန်းလျန်မှ မည်မျှတည်ငြိမ်သူ ဖြစ်သည်ကို သဘောပေါက် သွားလေသည်။

ထို့ကြောင့် တာ့ရှားဧကရာဇ်သည် ပိုပြီး ပြင်းထန်စွာ ထပ်မံတိုက်ခိုက် လိုက်လေသည်။

တာ့ရှားဧကရဇာ်၏ ရုပ်ခန္ဓာသည် ရွှေတိုင်ကြီးတစ်ခု အလား သန်မာလွန်းလေသည်။ မည်သည့်အခါမှ ပြိုလဲနိုင်မည် မဟုတ်ဟု လူအများကို ခံစားရစေသည်။ သူ့ထံမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်လာပြီး လေထုတစ်ခုလုံးကို ထိတ်လန့်ဖွယ်ရာ ဖုံးအုပ် သွားလေသည်။

တစ်ချိန်တည်းမှာပင်…

သူ၏ဦးခေါင်းထက်တွင် နက်မှောင်သည့် ဓားတစ်လက် ပေါ်ထွက် လာလေသည်။

ထိုဓားဆီမှ တန်ခိုးစွမ်းအားများ ထွက်ပေါ်နေပြီး လေထု တစ်ခုလုံးသည် မုန်တိုင်း တိုက်ခတ်သည့်အလား တုန်ခါ သွားလေသည်။ ထိုစွမ်းအားများသည် ဆန်းလျန် ရပ်တည်နေသည့် ခြေထောက်အောက်ရှိ တိမ်တိုက်ကိုပင် အရည်ပျော် သွားစေသည့် အတွက် ဆန်းလျန်သည် လေထဲတွင် ဒီအတိုင်းပင် ရပ်တန့်နေရလေသည်။

ဆန်းလျန်သည် တာ့ရှားဧကရာဇ်ထံမှ မိစ္ဆာဓားကောက်ကြီး၏ အေးစိမ့်မှုကို ခံစား လိုက်ရလေသည်။ ထိုအေးစိမ့်မှု များထဲတွင် မုန်းတီး နာကြည်းမှုများလည်း ပါဝင်နေလေသည်။ မိစ္ဆာဓားကောက်ကြီးမှ မိစ္ဆာစွမ်းအားများသည် ဆန်းလျန်ကို တစ်စစီဖြစ်အောင် ခုတ်ထစ် ပစ်တော့်မည့် အလား ထင်မှတ်ရလေသည်။

စွန့်ပစ်ခံရသည်ဟူသော ခံစားချက်သည် အမုန်းတရားကို ဖြစ်ပေါ်စေလေသည်။

သို့သော် ဆန်းလျန်သည် မိစ္ဆာဓားကောက်ကြီးကို အာရုံစူးစိုက်ခြင်း မရှိပါ။ သူက တာ့ရှားဧကရာဇ်၏ မျက်ဝန်းများကိုသာ စိုက်ကြည့်နေလေသည်။

ဆန်းလျန်၏ အမေးကို တာ့ရှားဧကရာဇ်က နှုတ်ဖြင့်မဖြေဘဲ အလုပ်ဖြင့် သက်သေ ပြလိုက်ပြီ ဖြစ်လေသည်။

ဆန်းလျန်က ပြုံးလိုက်လေသည်။

သူ၏ စိတ်လက်များ ပေါ့ပါးနေပြီး တစ်ချိန်တည်းမှာပင် သူ၏ မူလဝိညာဉ် ခန္ဓာသည် မိုးမြေစွမ်းအာများနှင့် ဆက်သွယ်မှု ဖြတ်တောက် ပစ်လိုက်လေသည်။ ထိုအခါ သူ၏ မူလဝိညာဉ် ခန္ဓာသည် ပိုပြီးသိပ်သည်းသွား လေတော့သည်။

ဆန်းလျန်သည် သူ၏ တန်ခိုးစွမ်းအားများကို စုစည်းပြီးသွားသည်နှင့် တာ့ရှားဧကရာဇ်၏ ဓားချက်က သူ့ထံသို့ ဝင်ရောက် လာလေသည်။

တာ့ရှားဧကရာဇ်၏တိုက်ခိုက်မှုက ကျောက်သားအလား တည်ငြိမ်လေသည်။

တိုက်ကွက်များက ဆွဲဆောင်မှု မရှိသော်လည်း သတ်ဖြတ်ရန် ဆုံးဖြတ်ချက် ခိုင်မာနေသည့် အတွက် ပြင်းထန်လွန်းလှ သည်။

ဆန်းလျန်မှာ သူမည်မျှပင် ခုခံကာကွယ်ပါစေ ဓားဖြင့် အထိုးခံရတော့မည့် အလား ခံစား နေရလေသည်။

တာ့ရှားဧကရာဇ်၏ ဓားချက်မှာ “အကြောင်းတရား” ဖြစ်ပြီး ဆန်းလျန် ခံစားနေရသည့် ခံစားချက်က “အကျိုးတရား” ဖြစ်လေသည်။ အကြောင်းအကျိုး ဆိုသည်မှာ မိုးနှင့်မြေတွင် မပြောင်းလဲနိုင်သည့် နိယျာမတစ်ခုပင် ဖြစ်လေသည်။ တာ့ရှားဧကရာဇ်၏ မိစ္ဆာဓားသည် တာ့ရှားဧကရာဇ်၏ ဉာဏ်ပညာ၏ သက်သေ အထောက်အထားပင် ဖြစ်လေသည်။

ဆန်းလျန်သည် နဂါးငွေ့တန်း ဓားသိုင်းကို အသုံးပြုကာ ထိုမိစ္ဆာဓားကောက်ကြီးကို ကာကွယ် လိုက်လေသည်။ သူ၏ရေကဲ့သို့ ကြည်လင်နေသည့် လက်ဖဝါးနှစ်ဖက်ကို ဖြန့်ကြက်လိုက်ပြီး နဂါးငွေ့တန်း ဓားဝိညာဉ်ကို ကျယ်ပြန့်သည်ထက် ကျယ်ပြန့်အောင် ချဲ့ထွင်လိုက်သည်။

ထိုအခါ…. လေထုထဲတွင် နှင်းများကျဆင်းလာလေသည်။

တာ့ရှားဧကရာဇ်၏ နတ်မိစ္ဆာဓားကောက်ကြီးကလည်း ရပ်တန့်သွားခြင်း မရှိပါ။

သို့သော်… ဆန်းလျန်သည် နှင်းမှုံများကြားထဲတွင် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။

***

All Chapters