အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
အခန်း။ ၁၁၃
“စိတ်ချပါ ဖေဖေ ကျွန်တော် အရာအားလုံးကို ရှင်းရှင်းလင်းလင်း နားလည်ပြီးသားပါ”
ကျန်းခိုင်ဖုန်းက ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး “ဒီရက်ပိုင်းအတွင်း စီနီယာရွှီရဲ့ လိုလားချက်မှန်သမျှကို ဖြည့်ဆည်းပေးဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားနေပါတယ်။ ကျွန်တော့်ရဲ့ ညီမလေးကိုတောင် သူ့အနားမှာ အနီးကပ် ပြုစုလုပ်ကျွေးဖို့ သူအလိုရှိတာမှန်သမျှ ဖြည့်ဆည်းပေးဖို့ ကျွန်တော် ဖျောင်းဖျနိုင်ခဲ့တယ်လေ”
သူ စကားပြောနေစဉ်မှာပင် ဘယ်နေရာက လွင့်လာသည်မသိသော ကြည်လင်ဖြူစင်သည့် ပန်းပွင့်ဖတ်လေးများမှာ ဝဲလည်ကာ ဝေ့ဆင်းလာသည်ကို သတိထားမိလိုက်သည်။
ကျန်းခိုင်ဖုန်းက ဂရုမစိုက်ဟန်ဖြင့် ခေါင်းခါယမ်းလိုက်ပြီး ဆက်ပြောသည်။
“ကျွန်တော် ညီမလေးကို မှာထားပြီးပြီ စီနီယာရွှီရဲ့ ရင်သွေးကို ရအောင်ယူဖို့ပေါ့။ သူမမှာ သူ့ကလေး ကိုယ်ဝန်ရှိလာတာနဲ့... ဟဲဟဲ... စီနီယာရွှီကို ငါတို့ရဲ့ လှေပေါ်မှာ အသေအချာ ချည်နှောင်ထားနိုင်ပြီပေါ့ဗျာ”
ဤစကားကို ကြားသောအခါ ကျန်းဟီး၏ မျက်ဝန်းများ တောက်ပသွားပြီး အားရပါးရ ရယ်မောလိုက်တော့သည်။
“ဟားဟား... ခိုင်ဖုန်း မင်း ဒီတစ်ခါတော့ တော်တော်ပါးနပ်တာပဲ တကယ့်ကို ကောင်းမွန်တဲ့ အစီအစဉ်ပဲ တကယ့်ကို ထူးကဲတယ်”
ခေတ္တမျှ အကြာတွင်...
“ဒါနဲ့ စီနီယာရွှီ ဘယ်မှာလဲ။ ဒီညနေပိုင်းကစပြီး သူ့ကို မတွေ့ရသေးဘူး မဟုတ်လား”
ကျန်းဟီးက တစ်စုံတစ်ခုကို သတိရဟန်ဖြင့် ပြုံးလျက် မေးလိုက်သည်။
“ကျွန်တော်လည်း မသိဘူးဗျ။ ဒီနေ့ မွန်းလွဲပိုင်းက ညီမလေးက စီနီယာရွှီကို ရေချိုးပေးပြီးကတည်းက သူ ပျောက်သွားတာပဲ။ ချန်မိသားစု ရောက်လာတာကို မြင်လို့ သတင်းအချက်အလက်တွေ သွားစုံစမ်းနေတာများလား မသိဘူး”
“အင်း... အဲဒါပဲ ဖြစ်ရမယ်”
ကျန်းဟီးက ခေါင်းညိတ်လိုက်ပြီး ကွင်းပြင်တွင် တင်ပျဉ်ခွေ ကျင့်ကြံနေကြသော ကျန်းမိသားစု တပည့်များကို ကြည့်ကာ စိတ်သက်သာရာရမှုကို ခံစားနေမိသည်။
ကျန်းမိသားစုမှာ နှစ်ပေါင်းများစွာ အညတရ ဖြစ်နေခဲ့ရသည်။ ယခုမူ သူ၏ ဦးဆောင်မှုအောက်တွင် နောက်ဆုံး၌ ထွန်းကားလာတော့မည်ပင်။
“ဟဲဟဲ... ငါ ကွယ်လွန်သွားပြီးရင်တောင် ကျန်းမိသားစုရဲ့ နောင်လာနောက်သားတွေက ငါ့ရဲ့ ဒီနေ့ လုပ်ဆောင်ချက်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကျောက်တိုင်တစ်ခုလောက်တော့ စိုက်ထူပေးကြမှာပဲ မဟုတ်လား”
ကျန်းဟီးသည် သူ၏ မုတ်ဆိတ်မွေးကို ပြုံးလျက် ပွတ်သပ်နေမိသည်။ သူ၏ ယခုကဲ့သို့ စွန့်စားလုပ်ဆောင်မှုမှာ ရဲတင်းလွန်းလှသည်ဟု ထင်ရသော်လည်း လက်ရှိနှင့် အနာဂတ် မျိုးဆက်များအတွက် အမှန်တကယ် အကျိုးရှိစေမည်ဟု ခံစားနေရသည်။
ကျန်းမိသားစု တစ်ခုလုံးသည် သူ၏ ဤခြေလှမ်းကြောင့် ကြီးပွားချမ်းသာလာနိုင်သည်။
“ခိုင်ဖုန်း... ကင်းလှည့်တာကို နှစ်ယောက်တစ်တွဲ ဆက်ပြီး စီစဉ်ဖို့ မမေ့နဲ့ဦး”
“စီနီယာရွှီ ရှိနေတယ်ဆိုပေမဲ့ သတိထားတာ အကောင်းဆုံးပဲ။ ကြိုတင်ပြင်ဆင်ထားတာက ကောင်းတဲ့အရာပဲ...”
ဝုန်း
ကျန်းဟီး၏ စကားမှာ ရုတ်တရက် ရပ်တန့်သွားပြီး ရှေ့တည့်တည့်သို့ မော့ကြည့်လိုက်မိသည်။
ရှေ့ရှိ မြင့်မားလှသော တောအုပ်ကြီးအတွင်းမှ ပြင်းထန်လှသော လေဟုန်ခွဲသံတစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။
ရှေးဟောင်း သစ်ပင်ကြီးများမှာ တစ်ပင်ပြီးတစ်ပင် ပြင်းထန်စွာ ပြိုလဲသွားကြရာ တစ်စုံတစ်ရာသော ရှေးဦး ဧရာမ သတ္တဝါကြီးတစ်ကောင် လျင်မြန်စွာ ချဉ်းကပ်လာနေသကဲ့သို့ပင်။
“ဒါ... ဒါက ဘာလဲ”
ကျန်းဟီး၏ ရင်ခုန်သံမှာ တစ်ချက်မျှ တုန်ခါသွားပြီး သူက အော်ဟစ်လိုက်သည်။
“သတိထားကြ...”
သူ့စကားပင် မဆုံးသေးမီ...
ဘုန်း ဘုန်း…
ကင်းလှည့်နေသော ကျန်းမိသားစု တပည့်နှစ်ဦးမှာ ဧရာမ အရာဝတ္ထုတစ်ခုဖြင့် ရိုက်ပုတ်ခံလိုက်ရသကဲ့သို့ နောက်သို့ ပြင်းထန်စွာ လွင့်ထွက်သွားပြီး ရှေးဟောင်းသစ်ပင် အမြောက်အမြားကို ဝင်တိုက်ကာ ကျန်းဟီး၏ နောက်ကွယ်ရှိ တောင်နံရံတစ်ခုပေါ်သို့ ဖျောက်ခနဲမြည်အောင် ရိုက်မိသွားတော့သည်။ သူတို့၏ ခန္ဓာကိုယ်များမှာလည်း အသားစများအဖြစ် ပြိုကွဲသွားတော့၏။
ကျန်းဟီးမှာ ရင်ထဲ ထိတ်ခနဲ အေးစိမ့်သွားပြီး အလျင်အမြန်ပင် မျက်လုံးကို ပင့်ကြည့်လိုက်သည်။
ဂျောက်….
သစ်ကိုင်းခြောက်များကို နင်းလျှောက်လာသည့် အသံတစ်ခု ပဲ့တင်ထပ်လာသည်။
တောက်ပနေသော လပြည့်ဝန်းကြီးအောက်တွင်...
ဆီးနှံအလား ဖြူဖွေးသော ဝတ်ရုံကို ဆင်မြန်းထားပြီး မှင်ရောင်အလား နက်မှောင်သော ဆံကေသာနှင့် ပြိုင်ဘက်ကင်းသော ချောမောသည့် မျက်နှာပိုင်ရှင် လူငယ်တစ်ဦးက တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။
ထိုသူ၏ မျက်နှာတွင် မည်သည့် အမူအရာမျှ မရှိဘဲ ကျဉ်းမြောင်းသော မျက်ဝန်းအစုံတွင်မူ အေးစက်သော အရိပ်အယောင်များသာ ရှိနေသည်။
“ဘယ်သူက ကျန်းဟီးလဲ”
ချန်ကျီရှင်း၏ အသံမှာ တိုးညှင်းသော်လည်း မည်သည့် ခံစားချက်မျှ ကင်းမဲ့နေသည်။
“မိုက်ရိုင်းလှချည်လား”
ကျန်းမိသားစုမှ နတ်ဘုရားခရီးသွားနယ်ပယ်ရှိ အကြီးအကဲသုံးဦးမှာ ခဏမျှ မှင်တက်သွားပြီးနောက် ချက်ချင်းပင် တုံ့ပြန်လိုက်ကာ ဒေါသတကြီး အော်ပြောလိုက်ကြသည်။
ဘုန်း….
အကြီးအကဲ သုံးဦးစလုံး တစ်ပြိုင်နက်တည်း ရှေ့သို့ တိုးထွက်လာကြပြီး ဝေဟင်သို့ မြင့်မားစွာ ခုန်တက်လျက် ကျောပိုးထားသော လကွေးဓားရှည်များကို ဆွဲထုတ်ကာ ချန်ကျီရှင်းအား အရပ်မျက်နှာ သုံးခုမှ ဝိုင်းရံတိုက်ခိုက်လိုက်ကြသည်။
“ဓားသိုင်း အရိပ်ခြေဖျက်ခြင်း”
ကျန်းမိသားစု အကြီးအကဲ သုံးဦးစလုံး တစ်ပြိုင်နက် အော်လိုက်ကြရာ သူတို့၏ ဆံပင်များမှာ လေထဲတွင် လွင့်ပျံနေပြီး ဓားသွားများမှာ ချန်ကျီရှင်း၏ မျက်နှာဆီသို့ တည့်တည့်မတ်မတ် ဦးတည်နေတော့သည်။ လကွေးဓားသွားများထံမှ အနက်ရောင် အလင်းတန်းများ လက်ခနဲ ပေါ်ထွက်လာပြီး ဓားချက်မထိမှီမှာပင် ပြင်းထန်လှသော ဓားအရှိန်အဝါများက ပတ်ဝန်းကျင်ရှိ သစ်ပင်များကို အပိုင်းပိုင်း ပြတ်တောက်သွားစေခဲ့သည်။
တုပ်တုပ်မျှမလှုပ်ဘဲ ရပ်နေသော ချန်ကျီရှင်းကို ကြည့်ပြီး ကျန်းမိသားစု အကြီးအကဲ သုံးဦး၏ မျက်နှာတွင် ရက်စက်သော အပြုံးများ ပေါ်ပေါက်လာတော့သည်။ ဤဓားတစ်ချက်တည်းကိုပင် ခုခံရန် ခက်ခဲလှသည်ဖြစ်ရာ သုံးယောက်ပေါင်း တိုက်ကွက်ကိုမူ သူတို့ထက် အင်အားကြီးသူပင်လျှင် အရှက်တကွဲ အကျိုးနည်း ဖြစ်ရပေမည်။
စွပ်... စွပ်... စွပ်
ကြည်လင်ပြတ်သားသော အသံ သုံးချက် ထွက်ပေါ်လာသည်။
ဓားချက်များမှာ ချန်ကျီရှင်း၏ ဘယ်ဘက်ပုခုံး၊ ညာဘက်လည်ပင်းနှင့် ရင်ဘတ်တည့်တည့်သို့ ထိမှန်သွားခဲ့၏။ သို့သော်လည်း ကျန်းမိသားစု အကြီးအကဲ သုံးဦးစလုံး မှင်တက်သွားကြတော့သည်။
ဝတ်ရုံဖြူဝတ် လူငယ်လေး အပိုင်းပိုင်းပြတ်သွားမည့် မြင်ကွင်းမှာ ပေါ်မလာခဲ့ဘဲ သူတို့၏ ဓားသွားများမှာ မာကျောလှသော ကြယ်တံခွန်သံမဏိခဲကြီးကို သွားရိုက်မိသကဲ့သို့ ခံစားလိုက်ရသည်။ ချန်ကျီရှင်းမှာ မည်သည့်ဒဏ်ရာမျှ မရရှိခဲ့သည့်အပြင် တန်ပြန်လာသော အရှိန်ကြောင့် သူတို့၏ လက်များပင် ထုံကျဉ်သွားခဲ့ရသည်။
“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
အကြီးအကဲ သုံးဦး၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် အပ်ဖျားခန့်အထိ ကျဉ်းမြောင်းသွားတော့သည်။
“တကယ်ကို အားနည်းလွန်းတဲ့ ခွန်အားပဲ”
ချန်ကျီရှင်းသည် မည်သည့်အမူအရာမျှ မပြဘဲ သူ၏ ညာဘက်ခြေထောက်ဖြင့် ပြင်းထန်လှသော ဝိုက်ကန်ချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
ဂျောက်…
အရိုးများ ကြေမွသွားသည့်အသံမှာ ပဲ့တင်ထပ်သွားတော့၏။
ကျန်းမိသားစု အကြီးအကဲ သုံးဦးစလုံးမှာ ထိုကန်ချက်တစ်ချက်တည်းဖြင့်ပင် ခါးမှနေ၍ နှစ်ပိုင်း ပြတ်ထွက်သွားကြသည်။ နွေးထွေးလှသော သွေးနီရောင်များမှာ သုံးပေခန့်အထိ ပန်းထွက်သွားခဲ့ရသည်။ သူတို့၏ ကိုယ်အထက်ပိုင်းများမှာ ရွှံ့နွံထဲတွင် လူးလှိမ့်နေကြပြီး အောက်ပိုင်း ခြေထောက်များမှာမူ တဆတ်ဆတ် တုန်ခါနေဆဲပင်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် နတ်ဘုရားခရီးသွားနယ်ပယ်အဆင့်ရှိ ကျန်းမိသားစု အကြီးအကဲ သုံးဦးစလုံးမှာ မယုံကြည်နိုင်လောက်သော မျက်လုံးများဖြင့် အသက်ပျောက်သွားကြတော့သည်။
ထိုအခိုက်အတန့်မှာပင်...
ကွင်းပြင်တစ်ခုလုံးရှိ ကျန်းမိသားစု တပည့် အယောက်ပေါင်းများစွာမှာ မျက်နှာများ သေလူကဲ့သို့ ဖြူဖျော့သွားကြပြီး ချန်ကျီရှင်းကို ကြည့်နေမိကြသည်။ သူတို့သည် တိုက်စစ်ဆင်ရာတွင် အပေးအယူ အလွန်မျှတလှသော အကြီးအကဲ သုံးဦးပင်။ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦးပင်လျှင် ကောင်းကင်နှင့်မြေကြီး ပုံရိပ်ယောင်ကို အသုံးမပြုဘဲ သူတို့ကို ချက်ချင်း နှိမ်နင်းရန် ခက်ခဲပေလိမ့်မည်။
“ငါ ထပ်မေးမယ်... ကျန်းဟီး ဘယ်မှာလဲ။ ပြီးတော့ ရွှီဖန်ကော ဘယ်မှာလဲ”
ချန်ကျီရှင်း၏ မျက်နှာမှာ အေးစက်တည်ငြိမ်နေဆဲပင်။ သူသည် လက်ချောင်း ငါးချောင်းကို အသာအယာ ဆုပ်ကိုင်လိုက်ရုံသာ ရှိသေးသည်။ လူအုပ်ထဲမှ ကျန်းမိသားစု တပည့်တစ်ဦးမှာ ပြင်းထန်သော ဆွဲအားတစ်ခုကြောင့် ဝေဟင်သို့ လွင့်ပျံလာပြီး သူ၏ ဦးခေါင်းမှာ ချန်ကျီရှင်း၏ လက်ထဲသို့ အလိုအလျောက် ရောက်ရှိလာတော့သည်။
“မင်းတို့တွေက တော်တော်လေး စည်းလုံးကြတာပဲ မဟုတ်လား ဟမ်”
ချန်ကျီရှင်းက လက်ချောင်းများကို အသာအယာ ဖျစ်ညှစ်လိုက်သည်။
ဘုန်း…
ထိုတပည့်၏ ဦးခေါင်းမှာ အမြင့်မှ ပြုတ်ကျသွားသော ဖရဲသီးတစ်လုံးကဲ့သို့ ချက်ချင်းပင် ကြေမွသွားတော့သည်။
“ဘယ်သူမှ စကားမပြောသေးဘူးလား”
ချန်ကျီရှင်းက လက်ချောင်းများကို ထပ်မံ ဆုပ်ကိုင်လိုက်ပြန်ရာ နောက်ထပ် ကျန်းမိသားစု တပည့်တစ်ဦးမှာ လွင့်ထွက်လာပြီး သူ၏ဦးခေါင်းမှာလည်း ချန်ကျီရှင်း၏ လက်ထဲ၌ သစ်ကြားသီးခွံကဲ့သို့ အပိုင်းပိုင်း ကြေမွသွားခဲ့ရပြန်သည်။
ချန်ကျီရှင်းက သူ၏လက်ချောင်းများကို တတိယအကြိမ်မြောက် ဆန့်ထုတ်လိုက်သည်ကို မြင်သောအခါ...
“အားးးး”
ကျန်ရှိနေသော ကျန်းမိသားစု တပည့်များမှာ နောက်ဆုံး၌ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ကြတော့သည်။
မြင်ကွင်းတစ်ခုလုံးမှာ ဖရိုဖရဲ ဖြစ်သွားတော့သည်။
“ဘယ်သူမှ စကားမပြောကြသေးဘူးလား။ ကောင်းပြီလေ... ဒီအတိုင်းပဲ ဆက်ပြီး တိတ်တိတ်လေး နေပေးကြပါဦး”
ချန်ကျီရှင်းက လက်ကိုမြှောက်ကာ လေထဲတွင် အသာအယာ တစ်ချက် ထောက်ပြလိုက်သည်။ ထိတ်လန့်တုန်လှုပ်စွာ ထွက်ပြေးနေသော ကျန်းမိသားစု တပည့်တစ်ဦး၏ ဦးခေါင်းမှာ ရုတ်တရက် ပေါက်ကွဲထွက်သွားတော့၏။
“တစ်ယောက်”
“နှစ်ယောက်”
“သုံးယောက်”
.....
“ခုနစ်ယောက်”
“ရှစ်ယောက်”
ချန်ကျီရှင်းသည် မည်သည့်အမူအရာမျှ မရှိဘဲ ရှေ့သို့ လှမ်းလျှောက်လာရင်း လက်ညှိုးဖြင့် အသာအယာ ဝှေ့ယမ်းပြရုံဖြင့် ကျန်းမိသားစု တပည့်များ၏ ဦးခေါင်းများမှာ သွေးမြူမှုန်များအဖြစ် တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်ကုန်ကြသည်။
“တော်တော့”
နောက်ဆုံးတွင်မူ ဒေါသအဟုန် ပြင်းထန်လှသော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ တုန်လှုပ်ချောက်ချားနေသော လူအုပ်ကြီးကို တိုးဝှေ့ကာ ကျန်းဟီးသည် ရှေ့သို့ တစ်လှမ်းတက်လာပြီး ချန်ကျီရှင်းကို သေမတတ် စိုက်ကြည့်လိုက်တော့သည်။
“မင်း... မင်းက ဘယ်သူလဲ”
ကျန်းဟီး၏ မျက်လုံးများမှာ သွေးရောင်သန်းနေပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော မိသားစုတပည့်များ၏ အလောင်းများကို ကြည့်ကာ ရင်ထဲတွင် သွေးစိမ်းရှင်ရှင် ထွက်မတတ် နာကျင်ခံစားနေရသည်။
“မင်းက ကျန်းဟီးလား။ ငါတို့ ချန်မိသားစုဝင် ၁၃ ယောက်ကို သတ်ခဲ့တဲ့သူက မင်းပဲ မဟုတ်လား”
ချန်ကျီရှင်းက အေးစက်စွာ ပြောလိုက်သည်။
ကျန်းဟီးမှာ ခေတ္တမျှ မှင်တက်သွားပြီးမှ ချက်ချင်းပင် ရိပ်မိသွားကာ ဒေါသတကြီးဖြင့် “မင်းက ချန်မိသားစု တတိယတောင်ထိပ်က ချန်ကျီရှင်းလား” ဟု မေးမြန်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ၏ နတ်ဘုရားအသိဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲစစ်ဆေးလိုက်ရာ ချန်ကျီရှင်း တစ်ဦးတည်းသာ ရှိနေသည်ကို မြင်သောအခါ ကျန်းဟီး၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့၏။
“ကောင်းပြီ... ကောင်းပြီ... မင်းလို ကောင်လေးတစ်ယောက်တည်းနဲ့ ငါတို့ ကျန်းမိသားစုကို လာပြီး ပြဿနာရှာရဲတယ်ပေါ့လေ”
ကျန်းဟီး၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းများ လက်ခနဲ ဖြစ်သွားသည်။ ဤလမ်းကို ရွေးချယ်ခဲ့ပြီးမှတော့ နောက်ပြန်လှည့်စရာ မရှိတော့ဘဲ အဆုံးအထိ တိုက်ပွဲဝင်ရတော့မည်ဖြစ်ကြောင်း သူ နားလည်ထားသည်။
နောက်တစ်ခဏတွင်...
ပြတ်သားလှသော သတ်ဖြတ်လိုစိတ်များ သူ၏မျက်ဝန်းတွင် ဖြတ်သန်းသွားပြီး မြေပြင်ကို ပြင်းထန်စွာ နင်းလျက် ကောင်းကင်ယံသို့ ပျံတက်ကာ ချန်ကျီရှင်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
“ငါက မင်းတို့ ချန်မိသားစုဝင်တစ်ယောက်ကို သတ်ခဲ့ပြီးပြီ။ နောက်တစ်ယောက်ကို သတ်ဖို့လည်း မကြောက်ဘူး”
“သေပေတော့”
ဟင်းလင်းပြင်အတွင်း၌ စစ်မှန်သောကိုယ်ပိုင်နယ်ပယ် တတိယအဆင့်ရှိသော ကျန်းဟီး၏ အရှိန်အဝါများမှာ ပေါက်ကွဲထွက်လာတော့သည်။ သူ၏ လက်နှစ်ဖက်မှာ မန္တန်များကို လျင်မြန်စွာ ရွတ်ဆိုလျက် လက်ကွက်များ ဖော်လိုက်သည်။
“ဓမ္မပုံရိပ် လမင်းစက်ဝန်း သုံးထပ်”
“ဟား”
ဘုန်း….
စကားသံဆုံးသည်နှင့် တပြိုင်နက်...
ဧရာမ အနက်ရောင် မြူခိုးများမှာ ကောင်းကင်တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားပြီး ချန်ကျီရှင်းကို ကျန်းဟီး၏ ဓမ္မပုံရိပ်ကမ္ဘာအတွင်းသို့ ဆွဲခေါ်သွားတော့သည်။
ကျန်းဟီးသည် မန္တန်ရွတ်ဆိုနေသည့် ပုံစံဖြင့် ဒူးထောက်နေပြီး သူ၏နောက်ကွယ်တွင်မူ မတူညီသော အရောင်သုံးမျိုးရှိသည့် ဧရာမ လမင်းကြီး သုံးစင်းမှာ တရွေ့ရွေ့ မြင့်တက်လာသည်ကို မြင်တွေ့ရပေလိမ့်မည်။
“လူငယ်လေး... ပြင်ပလောကကြီးက မင်းတို့ ဇီဝေချန်မိသားစုပိုင်တဲ့ နေရာလို့ ထင်နေတာလား။ လူတိုင်းက မင်းကို အလျော့ပေးနေရမယ်လို့ ထင်နေတာလား”
ကျန်းဟီးက အေးစက်စွာ ရယ်မောလိုက်ရင်း သူ၏လက်အတွင်းရှိ မန္တန်များကို ထပ်မံ ပြောင်းလဲလိုက်ပြန်သည်။
“ရွှေလမင်း... ကိုယ်ခန္ဓာဖောက်ထွင်း အလင်းတန်း”
မျက်တောင်တစ်ခတ်အတွင်းမှာတင် ကျန်းဟီး၏ ညာဘက်ရှိ ရွှေရောင်လမင်းထံမှ ဟင်းလင်းပြင်ကို ထိုးဖောက်ကာ ပန်းကန်လုံးအဝခန့် အလွန်တရာ တောက်ပလှသော အလင်းတန်းကြီးတစ်ခုသည် ချန်ကျီရှင်းထံသို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်တော့သည်။
“အားနည်းချက်တွေ အပြည့်ပဲ”
ချန်ကျီရှင်း၏ နက်မှောင်သော ဆံကေသာများမှာ လေထဲတွင် ဝဲလွင့်နေပြီး သူသည် အောက်သို့ လက်သီးဖြင့် တစ်ချက် ထိုးချလိုက်သည်။
မူး…
နွားနတ်ဆိုး၏ ဟိန်းဟောက်သံမှာ ပဲ့တင်ထပ်သွားတော့၏။ ထိုအလင်းတန်းသည် ချန်ကျီရှင်းထံသို့ မထိမှီမှာပင် သူ၏ လက်သီးအရှိန်ကြောင့် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ရသည်။ ထိုလက်သီးချက်၏ တုန်ခါမှုလှိုင်းမှာ ရှေ့သို့ ဆက်လက်ပြေးဝင်သွားပြီး ရွှေရောင်လမင်းကြီးကိုပါ မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် တိုက်ရိုက် ရိုက်ခွဲပစ်လိုက်တော့သည်။
“ဟမ်”
ကျန်းဟီး၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသော်လည်း သူက အေးစက်စွာ ပြန်လည်ရယ်မောလိုက်ရင်း “မင်း တစ်ယောက်တည်း လာရဲတာ မဆန်းပါဘူး။ အစွမ်းအစ အနည်းငယ်တော့ ရှိသားပဲ။ ဒါပေမဲ့ ဒါက မင်းရဲ့ အကန့်အသတ်ပဲ”
“ငွေရောင်လမင်း... နတ်ဘုရားချေမှုန်းခြင်း အလင်းတန်း”
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ အလယ်ရှိ ငွေရောင်လမင်းကြီးမှာ စွမ်းအင်များကို စုစည်းလာတော့သည်။ သို့သော် အလင်းတန်း ပစ်လွှတ်နိုင်ခြင်း မရှိသေးမီမှာပင်...
ဘုန်း….
ဘုန်း ဘုန်း….
ဆက်တိုက်ဆိုသလို ပေါက်ကွဲသံ နှစ်ချက် ထွက်ပေါ်လာသည်။ ချန်ကျီရှင်းမှာ စိတ်မရှည်သော အမူအရာဖြင့် နောက်ထပ် လက်သီးချက် နှစ်ချက်ကို ထိုးချလိုက်ရာ ဒုတိယနှင့် တတိယမြောက် လမင်းကြီးများမှာလည်း တိုက်ရိုက် ကြေမွသွားခဲ့ရတော့သည်။
ထို့နောက် ကျန်းဟီးမှာ မျက်စိတစ်မှိတ်အတွင်း ဝေဝါးသွားသလို ခံစားလိုက်ရပြီး မူလနေရာတွင် ရှိနေသော ချန်ကျီရှင်းမှာ သူ၏ ရှေ့တည့်တည့်သို့ ရုတ်တရက် ရောက်ရှိလာတော့သည်။ ထိတ်လန့်တုန်လှုပ်နေသော ကျန်းဟီး၏ အကြည့်အောက်တွင်...
“မင်းက ငါမြင်ဖူးသမျှထဲမှာ အားအနည်းဆုံး စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ပဲ”
ချန်ကျီရှင်းသည် သူ၏ ညာဘက်ခြေထောက်ကို ကောင်းကင်ယံကို ခွဲထုတ်မည့် ဧရာမ ပုဆိန်ကြီးတစ်လက်အလား မြှောက်လိုက်ပြီး ကျန်းဟီး၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ နင်းချလိုက်တော့သည်။
ဖူး….
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဓမ္မပုံရိပ်တစ်ခုလုံး အပိုင်းပိုင်းပြတ်ကာ ပျက်စီးသွားတော့၏။
ကျန်းဟီးမှာ စုတ်ပြတ်နေသော အိတ်တစ်လုံးအလား လွင့်ထွက်သွားပြီး ကမ်းပါးနံရံတစ်ခုကို ဝင်တိုက်ကာ အရှေ့ဘက်သို့ ပြန်လည်ခွေကျလျက် ကမ်းပါးရှေ့တွင် ဒူးထောက်လျက်သား ဖြစ်သွားတော့သည်။ သူ၏ အတွင်းကလီစာများနှင့် အရိုးစုများမှာ ဤကန်ချက်ကြောင့် ကြေမွသွားခဲ့ရပြီး ရင်ဘတ်မှာလည်း လုံးဝ ချိုင့်ဝင်သွားကာ ပါးစပ်မှ သွေးများ အဆက်မပြတ် အန်ထွက်နေတော့သည်။
“ဖေဖေ”
ဤသည်ကို မြင်သောအခါ ကျန်းခိုင်ဖုန်းမှာ ချက်ချင်းပင် ဒေါသအဟုန် ထွက်ပေါ်လာပြီး သူ၏မျက်လုံးများမှာလည်း ပေါက်ထွက်မတတ် ဖြစ်သွားတော့သည်။ သူသည် ရှေ့သို့ အပြေးအလွှား သွားရောက်ကာ ကျန်းဟီးကို ထိန်းမပေးလိုက်၏။
“မြန်မြန်... စီနီယာရွှီဆီကို အမြန်သွားပြီး အကူအညီတောင်းလိုက်စမ်း”
ကျန်းဟီးသည် ဖြူဖျော့တုန်ရီနေသော မျက်နှာဖြင့် ကျန်းခိုင်ဖုန်းကို တွန်းထုတ်လိုက်ပြီး တစ်လှမ်းချင်း ချဉ်းကပ်လာနေသော ချန်ကျီရှင်းကို စိုက်ကြည့်နေမိသည်။
“ဖေဖေ... ဖေဖေကရော...”
ကျန်းခိုင်ဖုန်းမှာ ရှိုက်ကြီးတငင် ငိုကြွေးရင်း မျက်ရည်များ ဝဲလာတော့သည်။
“သွားစမ်း”
ကျန်ရှိသမျှ ခွန်အားအားလုံးကို အသုံးချကာ ကျန်းဟီးက ဟိန်းဟောက်လိုက်ပြီး ကျန်းခိုင်ဖုန်းကို အားဖြင့် တွန်းထုတ်လိုက်သည်။
“ချန်ကျီရှင်း... ချန်မိသားစုဝင်တွေကို ငါ သတ်ခဲ့တာ။ ဒီတာဝန်ကို ငါ တစ်ယောက်တည်း ယူမယ်။ ကျန်တဲ့ ကျန်းမိသားစုဝင်တွေကိုတော့ အသက်ချမ်းသာပေးပါ...”
ကျန်းဟီးသည် ချန်ကျီရှင်းကို အော်ဟစ်ပြောဆို လိုက်သည်။ သို့သော် သူ၏ စကားပင် မဆုံးသေးမီမှာပင်...
ချန်ကျီရှင်းက သူ၏ခြေထောက်ကို မြှောက်ကာ ကျန်းဟီး၏ လက်မောင်းပေါ်သို့ နင်းချလိုက်သည်။ ထို့နောက် သူက အားအနည်းငယ်ကို အသုံးချကာ ကျန်းဟီး၏ လက်မောင်းကို အမှုန့်ဖြစ်သွားသည်အထိ တဖြည်းဖြည်း ချေမွပစ်လိုက်တော့သည်။
“အားးးး”
ကျန်းဟီး၏ အော်ဟစ်သံများကြားမှာပင် ချန်ကျီရှင်းက ခေါင်းမော့လိုက်ပြီး အဝေးသို့ ရောက်ရှိနေသော ကျန်းခိုင်ဖုန်းကို ကြည့်ကာ မည်သည့်ခံစားချက်မျှ မရှိဘဲ ပြောလိုက်သည်။
“ငါ မင်းကို ရွှီဖန်ကို သွားရှာဖို့အတွက် အမွှေးတိုင်တစ်ဝက်စာအချိန်ပေးမယ်”
“အဲဒီလိုမှမဟုတ်ရင်... မင်းရဲ့ မိသားစုဝင်အားလုံးရဲ့ အလောင်းတွေကို ကောက်ဖို့သာ ပြင်ထားလိုက်တော့”
အခန်း။ ၁၁၄
ကျန်းခိုင်ဖုန်းသည် တည်ငြိမ်အေးဆေးလှသော ဝတ်ရုံဖြူဝတ်လူငယ်ကို ကြည့်လိုက်မိရာ သူ၏နဖူးပြင်ထက်တွင် အေးစက်သော ချွေးစက်များ အဆက်မပြတ် စီးကျလာတော့သည်။
သူ့ထက်ပင် ငယ်ရွယ်ပုံရသော ဤတတိယတောင်ထိပ်၏ သားဖြစ်သူမှာ တကယ့်ကို ရက်စက်ကြမ်းကြုတ်လှပြီး သူ၏ လုပ်ဆောင်ချက်များမှာလည်း အလွန်တရာ အဆိပ်ပြင်းလှသည်။ ကျန်းခိုင်ဖုန်းသည် မည်သို့မျှ တွန့်ဆုတ်မနေတော့ဘဲ လှည့်ထွက်ကာ အပြေးအလွှား ထွက်ခွာသွားတော့သည်။ မကြာမီမှာပင် သူသည် လူအားလုံး၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားခဲ့၏။
တစ်ခဏအတွင်းမှာပင် ကွင်းပြင်တစ်ခုလုံးမှာ သေလူကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ချန်ကျီရှင်းသည် ကျောက်တုံးစိမ်းတစ်ခုပေါ်တွင် ထိုင်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။ ကျန်းဟီးမှာမူ မြေပြင်ပေါ်တွင် ရွှံ့နွံပမာ ခွေကျနေပြီး ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ အဆက်မပြတ် ထွက်နေတော့သည်။ ချန်ကျီရှင်း၏ ကန်ချက်မှာ သူ၏ အတွင်းကလီစာများနှင့် အရိုးများကို ကြေမွသွားစေရုံသာမက သူ၏ တန်ထျန်းနတ်ဘုရားပင်လယ်ကိုပါ ဖျက်ဆီးပစ်လိုက်ခြင်းပင်။
“စစ်မှန်သောကိုယ်ပိုင်နယ်ပယ်... ဒီလောက်ငယ်ငယ်လေးနဲ့ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ရောက်နေတာလား...”
ကျန်းဟီးသည် မျက်လုံးများကို လှန်ကြည့်ကာ ချန်ကျီရှင်းကို အားယူကြည့်လိုက်မိသည်။ ယနေ့အစောပိုင်းက စီနီယာရွှီ ပြောခဲ့သော ဤတတိယတောင်ထိပ်သား၏ ထူးခြားပုံများကို သူ ရုတ်တရက် သတိရသွားသည်။ ထိုစဉ်က သူသည် စီနီယာရွှီ အပိုတွေ ပြောနေသည်ဟု ထင်မှတ်ကာ အလေးအနက် မထားခဲ့ပေ။
ယခုမူ...
“ဇီဝေချန်မိသားစုကတော့ ထာဝရရှင်သန်ခြင်း နဂါးစစ်စစ်တစ်ကောင်ကို မွေးထုတ်ပေးလိုက်ပြီ ထင်တယ်...”
သူ၏ ရင်ထဲ၌ တုန်လှုပ်ချောက်ချားသွားတော့သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့၏။
အစောပိုင်းက တိတ်ဆိတ်နေသော ကျန်းမိသားစုဝင်များမှာ အမွှေးတိုင်တစ်ဝက်စာအချိန် ပြည့်ခါနီးလာသောအခါ စတင် လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။
“စီနီယာရွှီ... ကျွန်တော်တို့ကို စွန့်ပစ်သွားတာတော့ မဟုတ်ဘူးမလား”
“မဟုတ်တာ မဖြစ်နိုင်တာ စီနီယာရွှီလို ဖြောင့်မတ်တဲ့သူမျိုးက ငါတို့ကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး”
“ဟုတ်တယ် စီနီယာရွှီက အဲဒီလိုလူမျိုး မဟုတ်ပါဘူး”
“ဟင်း... စီနီယာရွှီရဲ့ တိုင်းတာလို့မရတဲ့ အစွမ်းတွေနဲ့ဆိုရင် သူရောက်လာတာနဲ့ နတ်ဘုရားလက်နက်တွေ ဆင်းသက်လာပြီး ချန်ကျီရှင်းကို လက်ဖျောက်တစ်ချက်တီးရုံနဲ့ ပြာဖြစ်သွားအောင် လုပ်လိုက်မှာ”
ကျန်းမိသားစုဝင်များမှာ ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုနေကြသော်လည်း အမွှေးတိုင်မှာ ကုန်ခါနီးအထိ မည်သူမျှ ပေါ်မလာသောအခါ သူတို့၏ တည်ငြိမ်မှုများ လုံးဝ ပျက်ပြားသွားတော့သည်။
“တကယ်ကြီးလား”
“ငါတို့က စီနီယာရွှီရဲ့ စကားကို နားထောင်လို့သာ ဇီဝေချန်မိသားစုကို ဆန့်ကျင်ခဲ့တာလေ အခုတော့ သူက ဘာမှမလုပ်ဘဲ ထားခဲ့တာလား”
“ကောင်းကင်ကြီး ပြိုကျလာရင်တောင် သူက တားပေးမယ်လို့ ကတိပေးခဲ့တာလေ သူ ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ”
ချက်ချင်းပင် ကျန်းမိသားစု တစ်ခုလုံးမှာ ဖရိုဖရဲ ဖြစ်ကုန်တော့သည်။ ကျန်းဟီး၏ မျက်ဝန်းများတွင်လည်း အစစ်အမှန် ထိတ်လန့်မှုများ ပေါ်ပေါက်လာတော့၏။ အမွှေးတိုင်တစ်ဝက်စာ အချိန်ပြည့်သွားချိန်မှာပင် အားငယ်တုန်လှုပ်နေသော ပုံစံဖြင့် လူတစ်ဦး လမ်းလျှောက်ဝင်လာသည်။
“ဖေဖေ... ကျွန်တော် ရွှီဖန်ကို ရှာမတွေ့ဘူး”
ကျန်းခိုင်ဖုန်းက အားတင်းကာ ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင်...
“ဘာ”
ကျန်းမိသားစုဝင်အားလုံး၏ မျက်နှာများမှာ ချက်ချင်းပင် သေလူကဲ့သို့ ဖြူဖျော့သွားကြတော့သည်။ ကျန်းဟီးမှာမူ မျက်နှာပျက်သွားကာ ပါးစပ်မှ သွေးများ အရှိန်အဟုန်ဖြင့် အန်ထွက်သွားတော့၏။
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ကျန်းဟီးသည် တုန်ရီနေသော လက်များဖြင့် ချန်ကျီရှင်းကို ကြည့်လိုက်ရာ သူ၏မျက်နှာတွင် အတိုင်းအဆမဲ့သော မျှော်လင့်ချက်ကင်းမဲ့မှုများ အရိပ်ထင်လာတော့သည်။
“တတိယ... တတိယသခင်လေး... ဒီနေ့ကိစ္စတွေအားလုံးက ကျွန်တော်တစ်ယောက်တည်းရဲ့ အမိန့်ကြောင့် ဖြစ်ရတာပါ။ ကျန်းမိသားစုဝင်တွေကတော့ ခိုင်းတာကို လုပ်ရုံသက်သက်ပါပဲ။ ကျွန်တော်မျိုးရဲ့ အသက်နဲ့ပဲ အပြစ်ပေးဆပ်ပါ့မယ်။ ကျန်တဲ့သူတွေကိုတော့ အသက်
ချမ်းသာပေးပါခင်ဗျာ”
ကျန်းဟီး၏ မျက်နှာမှာ ပြာနှမ်းသွားပြီး ဘာမျှော်လင့်ချက်မှ မရှိတော့သည့် အသွင်ဖြစ်နေသည်။
သူ ကျူးလွန်ခဲ့သော အပြစ်များအရ အသက်ရှင်ရန် လုံးဝ မဖြစ်နိုင်တော့ကြောင်း သူ နားလည်ထားသည်။ ဟန်ဆောင်ကာ မာန်တက်နေခြင်းမှာလည်း အဓိပ္ပာယ်မရှိတော့သဖြင့် ပွင့်ပွင့်လင်းလင်း တောင်းပန်ကာ နောင်လာနောက်သားများကို ကယ်တင်နိုင်ရန်သာ သူ ကြိုးစားနေတော့သည်။ သူတို့သာ အသက်ရှင်နေဦးမည်ဆိုလျှင် ကျန်းမိသားစုအတွက် မျှော်လင့်ချက် ရှိနေဦးမည်ပင်။
“ရွှီဖန်ကို ရှာမတွေ့ရင် မင်းတို့ မိသားစုတစ်ခုလုံးကို သတ်မယ်လို့ ငါပြောခဲ့တာ... ငါက နောက်ပြောင်နေတာလို့ မင်း ထင်နေတာလား”
လပြည့်ဝန်းကြီးအောက်တွင် ချန်ကျီရှင်းသည် မည်သည့်ခံစားချက်မျှ မရှိသော မျက်နှာဖြင့် ကျောက်တုံးစိမ်းပေါ်မှ ထရပ်လိုက်သည်။ သံချေးတက်နေသော ရှေးဟောင်းသံမဏိဓားတစ်လက်မှာ ချက်ချင်းပင် အိမ်ထဲမှ ထွက်ပေါ်လာတော့၏။
“နေဦး”
ရုတ်တရက် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ နောက်တစ်ခဏတွင် အရပ်ရှည်ပြီး သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်၊ မှိုင်းညို့သော တိမ်တိုက်အလား မျက်ခုံးအစုံနှင့် ရွှေချည်မျှင်များ၊ ကျောက်စိမ်းများ ဆင်မြန်းထားသော မိန်းကလေးတစ်ဦးသည် ကျန်းမိသားစုဝင်များကြားမှ ပြေးထွက်လာခဲ့သည်။
သူမသည် အဝါနုရောင် ဝတ်စုံရှည်ကို ဆင်မြန်းထားပြီး မျက်နှာတွင် မိတ်ကပ်တစ်စက်မျှ မပါသော်လည်း ပြိုင်ဘက်ကင်းသော အလှတရားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ယခုအချိန်တွင် သူမ၏ မျက်ဝန်းများမှာ နီမြန်းကာ မျက်ရည်များ ဝဲနေသဖြင့် ကြည့်ရသူအဖို့ ပို၍ပင် သနားစဖွယ် ကောင်းနေတော့သည်။
“ညီမလေး မင်း ဒီကို ဘာလာလုပ်တာလဲ”
“ရှန့်အာ... နောက်ကို ပြန်ဆုတ်စမ်း ဒါ မင်းနဲ့ မဆိုင်ဘူး”
ကျန်းဟီးနှင့် ကျန်းခိုင်ဖုန်းတို့၏ မျက်နှာများမှာ ချက်ချင်း ပျက်သွားကြပြီး အသံခပ်အုပ်အုပ်ဖြင့် ဟန့်တားလိုက်ကြသည်။
“ဖေဖေ အစ်ကို အကယ်လို့ သမီးသာ ထွက်မလာဘူးဆိုရင် လူတိုင်း အသက်ရှင်နိုင်မယ် ထင်နေတာလား”
ကျန်းရှန့်အာ၏ မျက်နှာလေးတွင် ခေါင်းမာသော အရိပ်အယောင်များ ပေါ်ပေါက်လာပြီးနောက် သူမသည် လှည့်၍ ချန်ကျီရှင်းကို မကြောက်မရွံ့ စိုက်ကြည့်လိုက်တော့သည်။
“တခြားသူတွေကသာ ရှင့်ကို ကြောက်ကြလိမ့်မယ် ဒါပေမဲ့ ကျွန်မ မကြောက်ဘူး”
သူမသည် ချန်ကျီရှင်းထံသို့ တစ်လှမ်းချင်း လျှောက်လာပြီး သူ၏ရှေ့တွင် မတ်မတ် ရပ်လိုက်သည်။
“သူတို့ကို အသက်ချမ်းသာပေးပါ။ ကျွန်မကို ကြိုက်သလို စီရင်နိုင်ပါတယ်။ ကျွန်မကို ကျွန်
တစ်ယောက်လို ခိုင်းမလား ဒါမှမဟုတ် အပိုင်းပိုင်း ခုတ်ထစ်ပစ်မလား အကုန်လုံးကို ကျွန်မ လက်ခံနိုင်ပါတယ်”
“ဒီအပြစ်အားလုံးကို ကျွန်မ တစ်ယောက်တည်းပဲ ပေးဆပ်ပါရစေ”
ထိုမိန်းကလေးသည် ခေါင်းကိုမော့လိုက်ရာ သူမ၏ နှာခေါင်းလေးမှာ ချန်ကျီရှင်း၏ မေးစေ့အောက်သို့ ရောက်နေသည်။ သူမသည် တည်ငြိမ်အောင် ကြိုးစားနေသော်လည်း သွယ်လျသော ကိုယ်ခန္ဓာမှာမူ အနည်းငယ် တုန်ရီနေရှာသည်။
“တော်တော်လေး ကြည်လင်တဲ့ မျက်ဝန်းတွေပဲ မိုးသောက်ယံနှင်းစက်တွေကြားက ပွင့်စပန်းလေးတစ်ပွင့်လိုပဲ”
ချန်ကျီရှင်းသည် သူ၏လက်ကို မြှောက်ကာ မိန်းကလေး၏ ဖြူစင်နုနယ်သော မေးစေ့လေးကို အသာအယာ ပင့်လိုက်သည်။ ကျန်းရှန့်အာမှာ ချန်ကျီရှင်း၏ ထွက်သက်ငွေ့များကို ခံစားလိုက်ရသဖြင့် ပို၍ပင် တုန်ရီသွားတော့၏။ သို့သော် သူမသည် စိတ်ကို တင်းထားကာ မျက်တောင်မခတ်ဘဲ ချန်ကျီရှင်းကို ကြည့်လျက် ကြောက်ရွံ့မှု မရှိကြောင်း ပြသရန် ကြိုးစားနေသည်။
“လှပတဲ့အရာတစ်ခုဟာ ဘယ်လိုအခြေအနေမျိုးမှာ အပြီးပြည့်စုံဆုံး အထွတ်အထိပ်ကို ရောက်သွားတတ်လဲ ဆိုတာ မင်း သိလား”
ချန်ကျီရှင်းက မည်သည့်အမူအရာမျှ မရှိဘဲ ပြောလိုက်သည်။ ကျန်းရှန့်အာ၏ လှပသော မျက်နှာလေးတွင် ဇဝေဇဝါ ဖြစ်သွားသော အရိပ်အယောင်များ ပေါ်လာတော့၏။
“အဲဒါကတော့...”
“အဲဒီအရာ ဖျက်ဆီးခံလိုက်ရတဲ့ အချိန်မှာပဲ”
ဘုန်း….
ကျန်းရှန့်အာ၏ မေးစေ့ကို ပင့်ထားသော ချန်ကျီရှင်း၏ လက်မှာ သူမ၏ သွယ်လျလှသော လည်ပင်းလေးကို ရုတ်တရက် ဆုပ်ကိုင်လိုက်တော့သည်။ ထို့နောက် သူသည် ခွန်အားကို ချက်ချင်းပင် အသုံးချလိုက်တော့၏။
ဖောက်….
ကျန်းရှန့်အာ၏ ဦးခေါင်းမှာ ရုတ်တရက် ပေါက်ကွဲထွက်သွားတော့သည်။
ချန်ကျီရှင်းသည် သူ၏လက်ကို လွှတ်လိုက်ပြီး ခေါင်းမပါတော့သော ကျန်းရှန့်အာ၏ ရုပ်အလောင်းကို အမှိုက်တစ်ခုလို သဘောထားကာ အဝေးသို့ လွှင့်ပစ်လိုက်သည်။ သူ၏မျက်နှာမှာမူ အပြောင်းအလဲမရှိ တည်ငြိမ်နေဆဲပင်။ ဤမိန်းကလေးသည် သူမကိုယ်သူမ အထင်ကြီးလွန်းပြီး ချန်ကျီရှင်းကို အထင်သေးခဲ့မိသည်။
ချန်ကျီရှင်းနှင့် ရင်ဆိုင်ရလျှင် ချန်မိသားစု၏ သွေးကြွေးကို သွေးဖြင့်သာ ပြန်လည်ပေးဆပ်ရမည်ပင်။
“အား တိရစ္ဆာန်ထက် ယုတ်မာတဲ့ကောင်”
“မင်းကို ငါသတ်မယ်”
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျန်းဟီးနှင့် ကျန်းခိုင်ဖုန်းတို့၏ မျက်လုံးများမှာ ပြူးထွက်လာပြီး သွေးမျက်ရည်များပင် ကျလုနီးပါး ဖြစ်သွားတော့သည်။ ကျန်းခိုင်ဖုန်းသည် ဘေးရှိ ဓားရှည်ကို ဆွဲကိုင်ကာ ချန်ကျီရှင်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့၏။
“အားးး မင်းကို ငါသတ်မယ် တိရစ္ဆာန်ကောင် မင်းကို ငါသတ်မှာ”
ကျန်းခိုင်ဖုန်းသည် ချန်ကျီရှင်းကို ရူးသွပ်စွာ ခုတ်ပိုင်းလိုက်ရာ သတ္တုချင်း ထိမှန်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
သန်မာလှသော လက်ကြီးတစ်ဖက်က ကျန်းခိုင်ဖုန်း၏ လက်ကောက်ဝတ်ကို ရုတ်တရက် ဖမ်းဆုပ်လိုက်သည်။
“ဓားကို ဒီလိုမျိုး မသုံးရဘူး”
ချန်ကျီရှင်းသည် သူ၏ ညာလက်ကို လိမ်ချိုးကာ ကျန်းခိုင်ဖုန်းထံမှ ဓားရှည်ကို လုယူလိုက်ပြီးနောက် အောက်သို့ တည့်တည့်မတ်မတ် လွှဲရိုက်လိုက်တော့သည်။
“သေချာကြည့်ထား ငါ တစ်ခါပဲ သင်ပေးမယ်”
ရွှပ်…
တို့ဖူးကို လှီးဖြတ်လိုက်သကဲ့သို့ပင် ကျန်းခိုင်ဖုန်းမှာ ချက်ချင်းပင် နှစ်ပိုင်း ပြတ်သွားတော့သည်။
သူ၏ သားသမီးများ ရှေ့မှောက်တင် သေဆုံးသွားသည်ကို မြင်လိုက်ရသော ကျန်းဟီးမှာ ဆက်လက်၍ မထိန်းချုပ်နိုင်တော့ဘဲ မျက်ဝန်းများမှ သွေးမျက်ရည်များ အဆက်မပြတ် စီးကျလာတော့သည်။
“တိရစ္ဆာန်ကောင် မင်း ဝဋ်လည်လိမ့်မယ် ချန်မိသားစုလည်း သေချာပေါက် ဝဋ်လည်ရလိမ့်မယ် ဟားဟား”
ကျန်းဟီးသည် ရူးသွပ်သွားသူပမာ ရယ်မောရင်း ငိုကြွေးနေတော့သည်။
ရွှပ်…
အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ကျန်းဟီး၏ ဦးခေါင်းမှာ ပြတ်ထွက်ကာ လေထဲတွင် ဝဲပျံသွားပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။ စကားသံအားလုံး ရုတ်ခြည်း ရပ်တန့်သွား၏။ သူ၏ မျက်လုံးများမှာ ပြူးကျယ်လျက် မကျေမနပ်ဖြင့် သေဆုံးသွားခဲ့ရသည်။ သူ၏ မျက်တွင်းများအောက်တွင်မူ နီရဲလှသော သွေးမျက်ရည်လိုင်း နှစ်ကြောင်းမှာ ထင်ရှားစွာ ကျန်ရစ်နေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စိတ်ဓာတ်ခိုင်မာသည့် ကျန်းမိသားစု တပည့်အချို့မှာ ချက်ချင်းပင် ထ၍ ထွက်ပြေးကြသော်လည်း သာမန်တပည့်များမှာမူ ခြေထောက်များ ပျော့ခွေကာ မျက်နှာများ ဖြူဖျော့လျက် မြေပြင်ပေါ်သို့ လဲကျကုန်ကြတော့သည်။
ဖောက်….
ထွက်ပြေးနေသော ကျန်းမိသားစု တပည့်မှာ ကွင်းပြင်အတွင်းမှ မီတာအနည်းငယ်မျှသာ လှမ်းရသေးသည်။ သစ်ပင်အကိုင်းအခက်ပေါ်မှ အနက်ရောင် အရိပ်တစ်ခုသည် အောက်သို့ ခုန်ဆင်းလာပြီး သူ့အပေါ်သို့ ပြင်းထန်စွာ ဖိချလိုက်တော့သည်။
ထို့နောက် ဓားမြှောင်တစ်စင်းမှာ ထိုတပည့်၏ ခန္ဓာကိုယ်အတွင်းသို့ ပြင်းထန်စွာ ထိုးစိုက်ခံလိုက်ရပြီး သူ၏ အတွင်းကလီစာများနှင့် တန်ထျန်းနတ်ဘုရားပင်လယ်ကို ဖျက်ဆီးပစ်လိုက်သည်။
“မင်း....”
ကျန်းမိသားစု တပည့်မှာ ခေါင်းမော့ကြည့်လိုက်ရာ ထုံထိုင်းအေးစက်သော မျက်နှာပေး၊ အသက်ဓာတ်ကင်းမဲ့ကာ သေလူကဲ့သို့သော အကြည့်များရှိသည့် လူငယ်တစ်ဦးနှင့် ဆုံလိုက်ရသည်။ ကျန်းမိသားစု တပည့်၏ မျက်ဆုံများမှာ ပြာဝေသွားပြီး တစ်စုံတစ်ခုကို ဖမ်းဆုပ်လိုဟန်ဖြင့် လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်မိသည်။
ထိုတပည့်၏ လက်မောင်းမှာ မတတ်သာဘဲ မြေပြင်ပေါ်သို့ အသက်မဲ့စွာ ကျဆင်းသွားတော့သည်။
သွေးအိုင်ထဲမှ ပြန်လည်မတ်တပ်ရပ်လိုက်သော ထိုလူငယ်လေးသည် ချန်ကျီရှင်းကို မေးခွန်းထုတ်သလို ကြည့်လိုက်သည်။
“အမြစ်ပြတ် သုတ်သင်လိုက်”
ချန်ကျီရှင်းက စကားလေးလုံးကို ခပ်တိုးတိုး ပြောလိုက်၏။
နောက်တစ်ခဏတွင် ချန်ကျီရှင်းသည် ကျန်းမိသားစုတပည့်များ ရှိရာဘက်သို့ လှည့်မကြည့်တော့ဘဲ တစ်ဖက်သို့ မျက်နှာလွှဲလိုက်တော့သည်။ သူသည် သူ၏ဝတ်ရုံဖြူမှ အစအနတစ်ခုကို အသာအယာ ဆွဲဖြတ်ကာ ရှည်လျားသော လက်ချောင်းများပေါ်ရှိ သွေးစွန်းမှုများကို သုတ်လိုက်သည်။
သူသည် ခေါင်းမော့လျက် အဝေးမှ လပြည့်ဝန်းကြီးကို စိုက်ကြည့်နေမိရာ သူ၏မျက်နှာမှာ ဝေခွဲမရဘဲ မှောင်မှိုင်နေသည်။ ကျန်းမိသားစုဆိုသည်မှာ သူ၏အမြင်တွင် လှိုင်းကြီးလေထန်အောင် မလုပ်နိုင်သော အနာရောဂါ အသေးစားလေးတစ်ခုမျှသာ ဖြစ်သည်။
သူ တကယ် သတ်ချင်နေသည်မှာ ရွှီဖန်ပင်။
ဤလူကိုသာ အမြစ်မဖြတ်နိုင်ပါက နောင်တစ်ချိန်တွင် ကြီးမားသော ခြိမ်းခြောက်မှုကြီး ဖြစ်လာပေလိမ့်မည်။ ဤလူကိုသာ မရှင်းလင်းနိုင်ပါက ချန်ကျီရှင်းအနေဖြင့် နေ့ရောညပါ အေးအေးချမ်းချမ်း အိပ်စက်နိုင်မည်မဟုတ်ပေ။
ဇွပ်... ဇွပ်... ဇွပ်
ချန်ကျီရှင်း၏ အနောက်ဘက်တွင်မူ လူသားအသားစများထဲသို့ ဓားသွားများ တိုးဝင်သွားသည့် အသံများ ပဲ့တင်ထပ်နေတော့သည်။ ပြင်းထန်လှသော သွေးညှီနံ့များမှာ ညနေခင်း လေပြည်နှင့်အတူ အဝေးသို့ လွင့်ပါးသွားခဲ့၏။
ကျန်းမိသားစု တပည့်များမှာ အိုမင်းသူမှသည် ငယ်ရွယ်သူအထိ တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်ကြသည်။ ကျိန်စာတံဆိပ်လူငယ်မှာမူ ခံစားချက်ကင်းမဲ့သော စက်ရုပ်တစ်ရုပ်အလား အသက်ပေါင်းများစွာကို တည်ငြိမ်စွာ ရုတ်သိမ်းနေတော့သည်။
သို့သော် သူ၏ အရှိန်အဝါမှာမူ အံ့သြဖွယ် အရှိန်အဟုန်ဖြင့် သိသိသာသာ မြင့်တက်လာနေ၏။
အကယ်၍ ဆင်းရဲဒုက္ခလမ်းစဉ်သည် နာကျင်မှုကို အာဟာရအဖြစ် အသုံးချကာ မိမိကိုယ်ကိုသန်မာအောင် လုပ်ဆောင်ခြင်းဖြစ်ပါက ချန်ကျီရှင်းကိုယ်တိုင် ထိပ်တန်း နတ်ဆိုးဂိုဏ်းကျင့်စဉ်များစွာကို လေ့လာပြီးနောက် ဖန်တီးထားသော ဤသေလူတို့၏ကျမ်းစာမှာမူ သွေးနှင့် သတ်ဖြတ်ခြင်းများဖြင့် ပြုစုပျိုးထောင်ရသော ပန်းတစ်ပွင့်ပင်။
ခဏအကြာတွင်...
ချန်ကျီရှင်း၏ အနောက်ဘက်တွင် မည်သည့်အသံမျှ ထပ်မံထွက်ပေါ်မလာတော့ပေ။ ကျိန်စာတံဆိပ်လူငယ်သည် ချန်ကျီရှင်း၏ နောက်ကွယ်တွင် တိတ်ဆိတ်စွာ ရပ်နေပြီးနောက် အမှောင်ထုအတွင်းသို့ ပြန်လည် ပျောက်ကွယ်သွားတော့သည်။
...
...
ထိုအချိန်မှာပင် မိုင်ပေါင်းရာချီဝေးသော တောင်နက်တောအုပ်၏ အလွှာအထပ်ထပ်ကို ဖြတ်ကျော်လျက် တောင်ခြေလမ်းတစ်ခုပေါ်တွင် သားရေဝတ်ရုံဝတ် အဘိုးအိုတစ်ဦးသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ လမ်းလျှောက်လာနေသည်။ သူ လမ်းလျှောက်နေစဉ်မှာပင် သူ၏ ကိုယ်ပေါ်ရှိ တွန့်လိပ်နေသော အရေပြားများမှာ အရည်ပျော်နေသော ဖယောင်းများကဲ့သို့ ကွာကျလာတော့၏။
မကြာမီမှာပင် အိုမင်းသော အရေပြားများအားလုံး ကွာကျသွားခဲ့သည်။ ထိုနေရာတွင် ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးအစုံနှင့် တောက်ပသော မျက်ဝန်းများရှိသည့် ချောမောလှပသော လူငယ်လေးတစ်ဦး အစားထိုး ပေါ်ပေါက်လာတော့သည်။
“နှမြောစရာပဲ”
ရွှီဖန်က အနည်းငယ် နောင်တရဟန်ဖြင့် ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။ ကျန်းမိသားစုမှာ သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့သလို ခိုင်းစေရသည်မှာလည်း အဆင်ပြေလှသည်။ အကယ်၍ အနာဂတ်လမ်းခွဲတိုင်းတွင် ကျန်းမိသားစုကို ဦးဆောင်ကာ ထွက်ပြေးခြင်းမှာ နောက်ဆုံး၌ သေဆုံးခြင်းဖြင့်သာ အဆုံးသတ်မည်ဟု မပြသခဲ့ပါက သူသည် ကျန်းမိသားစုကို သေချာပေါက် ခေါ်ဆောင်သွားမိမှာ အသေအချာပင်။
“ဇီဝေတောင်တန်းက ချန်ကျီရှင်း...”
ရွှီဖန်သည် ဤအမည်ကို ခပ်တိုးတိုး ရေရွတ်လိုက်ရာ သူ၏မျက်ဝန်းများမှာ ဝေခွဲမရဘဲ လက်ခနဲ ဖြစ်သွားသည်။ မည်သည့် အနာဂတ်လမ်းခွဲတွင်မဆို ဤလူသည် သူ၏ အဓိကရန်သူဖြစ်လာမည်မှာ ထင်ရှားလှသည်။
“ဒီတစ်ခေါက်တော့ ငါ ရှုံးနိမ့်သွားတယ်လို့ပဲ သတ်မှတ်လိုက်ပါ့မယ်။ ဒါပေမဲ့ နောက်တစ်
ကြိမ်ကျရင်တော့.....”
ရွှီဖန်၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းများ ဖြတ်သန်းသွားသည်။
“ဒီနေ့ ရှုံးနိမ့်မှုအတွက် အဆပေါင်း တစ်ဆယ်လောက် ပြန်ပြီး ပေးဆပ်ခိုင်းရမယ်”
သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း မျက်ဝန်းများတွင် တွေးတောဆင်ခြင်နေသည့် အရိပ်အယောင်များ ပေါ်လာတော့သည်။
“ကျန်းမိသားစုက ခိုလှုံရာအဖြစ် သေးငယ်လွန်းတယ်။ လေဒဏ်မိုးဒဏ်ကို မခံနိုင်ဘူး။ ရေရှည်မှာ တည်ငြိမ်တဲ့ တိုးတက်မှုရှိဖို့ဆိုရင် သင့်တော်တဲ့ ကျောထောက်နောက်ခံတစ်ခုကို ရှာဖို့ လိုအပ်မယ်။ အနည်းဆုံးတော့ ဇီဝေချန်မိသားစုထက် ပိုကြီးမားတဲ့ အဖွဲ့အစည်းမျိုး ဖြစ်ရမယ်”
စဉ်းစားနေရင်းပင် သူသည် အဖြေကို ရှာတွေ့သွားပုံရကာ သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာတော့သည်။