← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း။၁၁၅

နာရီဝက်ခန့် ကြာပြီးနောက်...

ရှူး... ရှူး... ရှူး

လေဟုန်ကို ခွဲလိုက်သည့် အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလိုပင် ချန်မိသားစု အကြီးအကဲ တစ်စုသည် အဝေးမှနေ၍ ညကောင်းကင်ယံကို ကြယ်တံခွန်များပမာ ဖြတ်သန်းကာ ရောက်ရှိလာကြတော့သည်။ သူတို့၏ ပျံသန်းခြင်း အလင်းတန်းများမှာ မြေပြင်သို့ ဆင်းသက်လိုက်သည်နှင့် ပျောက်ကွယ်သွားပြီး ချန်မိသားစု အကြီးအကဲ ဆယ်ဂဏန်းကျော်အဖြစ် ပြောင်းလဲသွား၏။

“ဒါ... ဒါက...”

သတ္တမတောင်ထိပ်သခင် ဦးဆောင်သော အကြီးအကဲများသည် ကွင်းပြင်ကို ကြည့်လိုက်မိရာ သူတို့၏ မျက်လုံးများမှာ အံ့သြတုန်လှုပ်မှုကြောင့် ကျဉ်းမြောင်းသွားကြသည်။

မီတာ တစ်ရာခန့် ကျယ်ဝန်းသော ထိုကွင်းပြင်အတွင်း၌ သွေးများမှာ မြစ်ပမာ စီးဆင်းနေသည်မှာ ကြာပြီဖြစ်ပြီး ပြတ်တောက်နေသော ခြေလက်အင်္ဂါများမှာ နေရာအနှံ့ ပြန့်ကျဲနေကာ ဦးနှောက်အမြှေးများနှင့် အူများမှာလည်း ဟိုတစ်စ ဒီတစ်စ လွင့်စင်နေတော့သည်။ သူတို့အထဲတွင် အလောင်း ဆယ်ဂဏန်းကျော်မှာ ဦးခေါင်းများ ပေါက်ကွဲထွက်နေပြီး သူတို့၏ သေဆုံးမှုမှာ တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလှသည်။

အနည်းငယ် ဝေးသော နေရာတွင်မူ...

ကျန်းဟီး၏ ဦးခေါင်းမှာ ရွှံ့နွံများကြားတွင် လဲလျောင်းနေပြီး သူ၏ မျက်နှာမှာ ရုပ်ပျက်ဆင်းပျက် တွန့်လိမ်လျက် မျက်လုံးများ ပြူးကျယ်ကာ ရှေ့သို့ ဒေါသတကြီး စိုက်

ကြည့်နေဆဲပင်။ သူ၏ မျက်တွင်းများ အောက်တွင်မူ ပါးပြင်ထက်၌ သွေးမျက်ရည် စွန်းထင်းမှုများက ထင်ရှားစွာ ကျန်ရစ်နေ၏။

ဤမြင်ကွင်းကို မြင်လိုက်ရသော သတ္တမတောင်ထိပ်သခင်၏ ရင်ထဲ၌ မယုံကြည်နိုင်လောက်အောင် တုန်လှုပ်သွားရပြီး ချန်ကျီရှင်းကို ကြည့်လိုက်မိသည်။ ကျန်းမိသားစု၏ ဤခေါင်းဆောင်မှာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ် တတိယအဆင့်ရှိသော ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်ရာ သူကိုယ်တိုင်ပင်လျှင် ကျန်းဟီးကို အနိုင်ယူနိုင်ရန် အာမမခံနိုင်ပေ။ သို့သော် ယခုမူ ထိုသူမှာ ခေါင်းဖြတ်ခံရပြီး သေဆုံးနေ၏။

“တတိယသခင်လေး...”

သတ္တမတောင်ထိပ်သခင်၏ လည်ချောင်းမှာ တစ်ချက် လှုပ်ရှားသွားပြီး မိသားစုခေါင်းဆောင်ကြီးက ချန်ကျီရှင်းကို ဘာလို့ ဒီလောက်အထိ အလေးအနက်ထားနေရတာလဲဟူသော အချက်ကို သူ ရိပ်မိသွားတော့သည်။

“ကျန်းမိသားစု ပျက်စီးသွားပြီ။ ကျန်တဲ့ အသေးအဖွဲ ကိစ္စတွေကိုတော့ မင်းတို့ပဲ ကိုင်တွယ်လိုက်တော့”

ချန်ကျီရှင်းသည် လျှောက်လှမ်းထွက်ခွာသွားပြီး သူ၏ လွင့်ပျံပန်းမန် ဓားချီမျှင်လေးများကို တောင်နက်တောအုပ် တစ်ခုလုံးအတွင်းသို့ ပိုးမွှားလေးများပမာ လျင်မြန်စွာ စေလွှတ်လိုက်သည်။ ရွှီဖန်မှာ အဝေးသို့ ထွက်ပြေးသွားလောက်ပြီဟု သူ၏ ရင်ထဲ၌ သိနေသော်လည်း မကျေနပ်နိုင်ဘဲ ထပ်မံ စုံစမ်းစစ်ဆေးလိုခြင်းပင်။

မကြာမီမှာပင် ချန်ကျီရှင်းသည် သူတို့၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားခဲ့သည်။ တစ်ခဏအတွင်းမှာပင် ထိုနေရာရှိ လူအားလုံးမှာ ဆူညံသွားကြတော့၏။

“တ... တတိယသခင်လေးက တစ်ယောက်တည်းနဲ့ ကျန်းမိသားစု တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တာလား”

“ကျန်းဟီးက ဝါရင့်တဲ့ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့်က ပုဂ္ဂိုလ်တစ်ယောက်ပဲ။ သူက ကိုယ်ခန္ဓာဖောက်ထွင်းခြင်း၊ စိတ်ဝိညာဉ်ခြေမှုန်းခြင်းနဲ့ တိတ်ဆိတ်ငြိမ်းချမ်းခြင်းဆိုတဲ့ အစွမ်းထက် အလင်းတန်းတွေကို ထုတ်လွှတ်နိုင်တဲ့ တကယ့် ရန်သူတော်ကြီးလေ အခုတော့ သူက ဒီမှာတင် အသတ်ခံလိုက်ရပြီလား”

“ဒါ... ဒါက တကယ့်ကို တတိယသခင်လေးရဲ့ လက်ချက်လား ဒါမှမဟုတ် တခြားတစ်ယောက်ယောက်လား”

အကြီးအကဲများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိရာ သူတို့၏ မျက်ဝန်းများတွင် အံ့သြတုန်လှုပ်မှုများကိုသာ မြင်တွေ့နေရသည်။

“အကယ်လို့ ဒါက တကယ့်ကို တတိယသခင်လေးရဲ့ လက်ချက်ဆိုရင် ဆိုလိုတာက တတိယသခင်လေးဟာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ရောက်နေပြီပေါ့ ဟုတ်လား”

နတ်ဘုရားခရီးသွားနယ်ပယ်ရှိ အကြီးအကဲတစ်ဦးမှာ အသက်ကို ပြင်းပြင်းရှူလိုက်မိပြီး သူ၏မျက်နှာတွင် အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။

တတိယသခင်လေးက အသက် ဘယ်လောက်ရှိသေးလို့လဲ။ အသက် တစ်ဆယ့်နှစ်နှစ်တောင် မပြည့်သေးဘူးလေ။

ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်သို့ ရောက်ရှိခြင်းမှာ သမိုင်းတစ်လျှောက် မကြုံဖူးသော ကိစ္စပင်။

“မဖြစ်နိုင်တာ ဒါက လုံးဝ မဖြစ်နိုင်ဘူး။ ဒီလောက် ငယ်ရွယ်တဲ့ အသက်အရွယ်နဲ့ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ရောက်တဲ့သူဆိုတာ ရှေးဟောင်းသမိုင်းမှာတောင် မှတ်တမ်းမတင်ဖူးဘူး။ ကျွန်တော့်အထင်တော့ တတိယသခင်လေးမှာ မိသားစုခေါင်းဆောင်ကြီး ပေးအပ်ထားတဲ့ စစ်

မှန်သောကိုယ်ပိုင်နယ်ပယ်ကို သတ်နိုင်တဲ့ ဓမ္မရတနာ အဆောင်တစ်ခုခုရှိနေလို့ ဖြစ်လိမ့်မယ်” နောက်ထပ် အကြီးအကဲတစ်ဦးက သံသယဖြစ်စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။

အကြီးအကဲများမှာ တစ်ယောက်တစ်ပေါက် တီးတိုးပြောဆိုနေကြစဉ်မှာပင်...

“တော်ကြစမ်း”

သတ္တမတောင်ထိပ်သခင်က အသံခပ်နိမ့်နိမ့်ဖြင့် အော်လိုက်ရာ အကြီးအကဲများ၏ တီးတိုးစကားသံများ ရပ်တန့်သွားတော့သည်။ သူက တည်ကြည်လေးနက်စွာ ဆက်ပြောသည်။

“မင်းတို့ရဲ့ အဆင့်အတန်းကို မင်းတို့ သတိထားကြစမ်း။ တတိယသခင်လေးက လက်ရှိမှာ မိသားစုရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်သလို နောင်တစ်ချိန်မှာ မိသားစုကို ဦးဆောင်မယ့်သူလည်း ဖြစ်နိုင်တယ်။ မဟုတ်ကဟုတ်က ခန့်မှန်းချက်တွေ လျှောက်မပြောကြနဲ့”

ဤစကားကို ကြားသောအခါ အကြီးအကဲများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် နှုတ်ဆိတ်သွားကြတော့သည်။

တစ်ဖက်တွင်မူ သတ္တမတောင်ထိပ်သခင်၏ မျက်ဝန်းများတွင် ဝေခွဲမရသည့် အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။

“ဘယ်ဘက်က ရပ်တည်ရမလဲဆိုတာ ရွေးချယ်ရမယ့်အချိန် ရောက်ပြီထင်တယ်...”

သတ္တမတောင်ထိပ်သခင်၏ ရင်ထဲ၌ သိမြင်နားလည်မှုတစ်ခု ပေါ်ပေါက်လာသည်။

ယခင်က သူသည် ပထမတောင်ထိပ်သခင် ချန်ထျန်းရှုံနှင့် အမြဲတမ်း ရင်းနှီးခဲ့သူ ဖြစ်သည်။ ချန်ထျန်းရှုံသည်လည်း ချန်ကျီရှင်းကို သူ၏ မျက်စိထဲက ဆူးတစ်ချောင်းအဖြစ် အမြဲမြင်ခဲ့ပြီး သူ၏သား ချန်ကျောက်ရှန့်ပျောက်ဆုံးသွားမှုမှာ ချန်ကျီရှင်းနှင့် အသေအချာ ပတ်သက်နေသည်ဟု ယုံကြည်ထားသူ ဖြစ်သည်။

ဇီဝေတောင်တန်းပေါ်တွင် အကြိမ်ကြိမ် ဒေါသတကြီး ဖြစ်ပွားခဲ့ပြီးနောက် မိသားစုခေါင်းဆောင်ကြီးက ချန်ကျီရှင်းကို အကာအကွယ်ပေးရန် ဆုံးဖြတ်ထားသည်ကို မြင်သောအခါ သူသည် ဇီဝေတောင်တန်းမှ ဒေါသတကြီး ထွက်ခွာသွားခဲ့သည်။ ချန်ထျန်းရှုံသည် ချန်တောက်ယန်ကို အနိုင်ယူနိုင်ရန်အတွက် တစ်စုံတစ်ဦး၏ ကျောထောက်နောက်ခံကို သွားရောက်ရှာဖွေနေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

နောင်တစ်ချိန်တွင် ချန်ထျန်းရှုံနှင့် ချန်ကျီရှင်းတို့အကြား အပြတ်အသတ် ရင်ဆိုင်ရမည့် အချိန်တစ်ခု ရောက်လာပေလိမ့်မည်။

ယခင်က သူသည် ဝေခွဲမရဖြစ်ခဲ့ပြီး ချန်ထျန်းရှုံဘက်သို့ပင် ယိုင်ခဲ့မိသည်။ ချန်ထျန်းရှုံသာ နောက်ဆုံးတွင် အောင်နိုင်သူဖြစ်ပြီး ဇီဝေချန်မိသားစုကိုပါ အုပ်ချုပ်လိမ့်မည်ဟု သူ အခိုင်အမာ ယုံကြည်ခဲ့ဖူးသည်။

သို့သော် ယခုမူ...

“ချန်ထျန်းရှုံနဲ့ ပတ်သက်မှုတွေကို ဖြတ်တောက်ပြီး တတိယသခင်လေးဘက်မှာ အမှန်တကယ် ရပ်တည်နိုင်ဖို့ နည်းလမ်းရှာရမယ်”

သတ္တမတောင်ထိပ်သခင်၏ မျက်ဝန်းများတွင် ပြတ်သားသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားတော့သည်။

...

...

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့၏။

ချန်ကျီရှင်းသည် တောင်နက်တောအုပ်ကြီး၏ အထက်ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။

“မျှော်လင့်ထားတဲ့အတိုင်းပဲ... သူ ထွက်ပြေးသွားပြီ”

ချန်ကျီရှင်း၏ မျက်နှာအမူအရာမှာ ဝေခွဲမရဘဲ မှောင်မှိုင်နေသည်။

သူသည် ကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်လိုက်တစ်ဦးဖြစ်သည့် ရွှီဖန်ကို ကြောက်ရွံ့နေခြင်းတော့ မဟုတ်ပေ။ ထိုလူ၏ ရွှေလက်ချောင်းစွမ်းရည်မှာ အနည်းငယ် လက်ဝင်လှသောကြောင့်သာ ဖြစ်သည်။ အကယ်လို့ ထိုလူသာ အခြားသော ကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်လိုက်တွေနဲ့ ချိတ်ဆက်မိသွားမယ်ဆိုရင်တော့ တကယ့်ကို ပြဿနာကြီးလာနိုင်သည်။

“ထားလိုက်ပါတော့”

ချန်ကျီရှင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ဤကိစ္စကို တွေးတောနေခြင်းမှာ အပိုသာဖြစ်ပြီး သူ၏ ခွန်အားကို မြှင့်တင်ခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း သူ နားလည်လိုက်

သည်။ သူကိုယ်တိုင် လုံလောက်အောင် သန်မာနေမှသာ ကျန်ရှိသမျှ အရာအားလုံးမှာ အပေါ်ယံ ပုံရိပ်ယောင်များသာ ဖြစ်သွားပေလိမ့်မည်။

“စစ်မှန်သောကိုယ်ပိုင်နယ်ပယ် ဒုတိယအဆင့်ကို ချိုးဖျက်ရမယ့် အချိန်ရောက်ပြီ”

ချန်ကျီရှင်းသည် အဝေးက လပြည့်ဝန်းကြီးကို စိုက်ကြည့်လိုက်ရာ သူ၏မျက်ဝန်းများတွင် အရောင်အဝါများ လက်ခနဲ ဖြစ်သွားသည်။ သူသည် ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏အရှိန်အဝါကို ဖုံးကွယ်ရန်အတွက် အစီအရင်အမြောက်အမြားကို ချမှတ်လိုက်သည်။

ထို့နောက် ချန်ကျီရှင်းသည် တင်ပျဉ်ခွေ အသာအယာ ထိုင်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်၏။ သူသည် သူ၏ စိတ်အခြေအနေကို တည်ငြိမ်အောင် စတင် ထိန်းညှိလိုက်သည်။ သူ၏ အသက်ရှူသံမှာ မှန်ကန်လာပြီး မျက်နှာအမူအရာမှာလည်း ပို၍ပင် အေးချမ်းလာတော့သည်။

သူသည် စိတ်ထဲရှိ အတွေးများကို ဖယ်ထုတ်ကာ သဘာဝလောကကြီးကို စတင် အာရုံပြုလိုက်သည်။ တိုက်ခတ်နေသော လေကြမ်းများ၊ မြင့်မားစွာ သာနေသော လမင်းကြီး၊ ပုစဉ်းရင်ကွဲများ၏ အော်မြည်သံနှင့် ကြွေကျနေသော သစ်ရွက်များ...

သူ၏ စိတ်သည် မကြုံစဖူး တည်ငြိမ်အေးချမ်းသွားတော့သည်။

ရှူး... ရှူး... ရှူး။

နတ်ဘုရားကိုးပါးကျင့်စဉ်ကို စတင် လှုံ့ဆော်လိုက်ရာ သူ၏ စစ်မှန်သောစွမ်းအင်များမှာ လှည့်ပတ်လာတော့သည်။ ထိုအချိန်မှာပင် မရေမတွက်နိုင်သော ဓားတာအိုဆိုင်ရာ သိမြင်နားလည်မှုများမှာလည်း သူ၏စိတ်အတွင်းသို့ စီးဝင်လာတော့သည်။

နတ်ဘုရားကိုးပါးကျင့်စဉ်၏ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အတွင်း အဆင့်ကျော်ဖြတ်ခြင်းမှာ အခြားကျင့်စဉ်များနှင့် မတူညီဘဲ ထူးခြားလှသည်။

သာမန်ကျင့်စဉ်များတွင်မူ စစ်မှန်သောစွမ်းအင်များ စုဆောင်းရန်အတွက် ဝိညာဉ်စွမ်းအင်များကို စုပ်ယူရုံမျှဖြင့် အဆင့်တက်လှမ်းနိုင်သော်လည်း နတ်ဘုရားကိုးပါးကျင့်စဉ်မှာမူ ထိုသို့မဟုတ်ပေ။ အဆင့်ငယ်တစ်ခုချင်းစီကို ကျော်ဖြတ်တိုင်း နတ်ဘုရားခရီးသွားနယ်ပယ်မှ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်သို့ တက်လှမ်းသကဲ့သို့ပင် ပြန်လည်ခံစားရလေ့ရှိသည်။

၎င်းသည် များပြားလှသော စစ်မှန်သောစွမ်းအင်များ လိုအပ်ရုံသာမက လုံးဝသစ်လွင်သော မဟာတာအိုတစ်ခု၏ သိမြင်နားလည်မှုကိုလည်း လိုအပ်သည်။

“ဓားတာအိုဆိုတာ ဘာလဲ...”

ချန်ကျီရှင်းသည် သူ့ကိုယ်သူ ခပ်တိုးတိုး မေးခွန်းထုတ်လိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် မရေမတွက်နိုင်သော ပုံရိပ်များမှာ သူ၏စိတ်ထဲ၌ လျှပ်ခနဲ ဖြတ်သန်းသွားကြသည်။ သူမတူအောင် တုနှိုင်းမဲ့လှသော အမျိုးသမီးဓားနတ်ဘုရားမသည် သူမကိုယ်သူမ ယုံကြည်မှုအပြည့်ဖြင့် ဓားတစ်ချက်တည်းဖြင့်ပင် ကမ္ဘာကြီးကို လွှမ်းမိုးချုပ်ကိုင်ထားသည်ကို မြင်တွေ့ရသည်။

ထို့ပြင် မြစ်ကိုဖြတ်ကူးလျက် သီချင်းဆိုနေသော ဝတ်ရုံစိမ်းဝတ် ဓားသမားတစ်ဦး၊ မြစ်ရေပြင်ကို ဓားဖြင့်ပိုင်းဖြတ်ကာ လှိုင်းတံပိုးပေါင်းသောင်းခြောက်ထောင်ကို တားဆီးထားသော ဓားသမားတစ်ဦး... စသည်ဖြင့် မြောက်မြားစွာသော ပုံရိပ်များကို မြင်တွေ့နေရသည်။

ရှေးယခင်မှသည် ယခုခေတ်တိုင်အောင် မရေမတွက်နိုင်သော ဓားတာအိုမဟာဆရာကြီးများမှာ သူ၏စိတ်ထဲ၌ ဓားကျင့်စဉ်များကို လေ့ကျင့်ပြနေကြသကဲ့သို့ပင်။ ဤပုံရိပ်များအားလုံးသည် ချန်ကျီရှင်း လေ့လာခဲ့ဖူးသော ဓားသိုင်းကျမ်းများနှင့် ဘဝမှတ်တမ်းများမှ ဖြစ်ကြပြီး ယခုမူ ချန်ကျီရှင်း၏ ဓားတာအို အောင်မြင်ဖြစ်ထွန်းရန်အတွက် မြေသြဇာကောင်းများအဖြစ် ပြောင်းလဲသွားကြသည်။

ဝုန်း

ရုတ်တရက် ချန်ကျီရှင်း၏ ခန္ဓာကိုယ်အတွင်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ဓားပုံသဏ္ဌာန်ရှိသော မဟာတာအိုမျိုးစေ့တစ်ခုမှာ လျင်မြန်စွာ စုစည်းလာပြီးနောက် သူ၏ တန်ထျန်းနတ်ဘုရားပင်လယ်ထက်တွင် ဝဲပျံနေတော့သည်။

ဓားတာအိုမျိုးစေ့အောင်မြင်စွာ ဖြစ်တည်လာခြင်းပင်။

ဤသည်မှာ ချန်ကျီရှင်းအနေဖြင့် စစ်မှန်သောကိုယ်ပိုင်နယ်ပယ် ဒုတိယအဆင့်သို့ ခြေတစ်လှမ်း လှမ်းနိုင်ခဲ့ပြီဟု ဆိုလိုခြင်းပင်။ နောက်ထပ် လုပ်ဆောင်ရမည့်အဆင့်မှာ ဓားတာအိုပေါ်တွင် အခြေခံထားသော ကောင်းကင်နှင့်မြေကြီး ပုံရိပ်ယောင်မြေပုံကို စုစည်းရန်ပင်။ ထိုသို့ လုပ်ဆောင်နိုင်မှသာ အသွင်ပြောင်းလဲမှု အပြီးသတ်ကာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ် ဒုတိယအဆင့်သို့ တကယ့်ကို ရောက်ရှိနိုင်မည် ဖြစ်သည်။

“ဒါဆိုရင် ငါ့ရဲ့ ဒုတိယမြောက် ပုံရိပ်ယောင်မြေပုံက ဘယ်လိုမျိုး ဖြစ်သင့်သလဲ”

ချန်ကျီရှင်းသည် ခေါင်းကိုမော့ကာ မျက်လုံးများကို အသာအယာ ဖွင့်လိုက်သည်။ သူ၏မျက်ဝန်းများတွင် တွေးတောဆင်ခြင်နေသည့် အရိပ်အယောင်များ ရှိနေသည်။ ဓားတာအိုနှင့် ပတ်သက်၍ ချန်ကျီရှင်းတွင် သိမြင်နားလည်မှုများစွာ ရှိနေသဖြင့် ပုံရိပ်ယောင်မြေပုံအတွက် ရွေးချယ်စရာများလည်း များပြားလှသည်။ ဥပမာအားဖြင့် ရှေးဟောင်းဓားနတ်ဘုရားများ၏ လွင့်ပျံပန်းမန်မြေပုံကဲ့သို့သော အရာများ ဖြစ်သည်။

“ဒါပေမဲ့ အဲဒါက သူများတွေရဲ့ လမ်းစဉ်ပဲ ငါ့ရဲ့လမ်းစဉ် မဟုတ်ဘူး”

“ငါသာ လုပ်မယ်ဆိုရင် တခြားသူတွေနဲ့ မတူဘဲ ထူးခြားနေရမယ်”

ချန်ကျီရှင်းသည် သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူသည် ပုံရိပ်ယောင်မြေပုံကို ချက်ချင်း စုစည်းရန် မလောဘဲ သတ္တမတောင်ထိပ်သခင်နှင့် အခြားသူများအား အရင်ထွက်ခွာသွားကြရန် ဆက်သွယ်ရေးမန္တန်ဖြင့် အကြောင်းကြားလိုက်ပြီးနောက် နက်နဲစွာ ပြန်လည်တွေးတောနေမိတော့သည်။

နေထွက်လိုက်၊ နေဝင်လိုက်နှင့် ကြယ်တာရာများပင် ပြောင်းလဲသွားခဲ့ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ခုနစ်ရက်တိုင်တိုင် ကုန်ဆုံးသွားခဲ့သည်။ ချန်ကျီရှင်းမှာမူ လေဒဏ်မိုးဒဏ်ကို ဂရုမစိုက်ဘဲ ကျောက်ရုပ်တစ်ရုပ်အလား မြေပြင်ပေါ်တွင် တင်ပျဉ်ခွေလျက် ရှိနေဆဲပင်။

ယနေ့တွင်မူ ကောင်းကင်ယံမှ မိုးများ သည်းထန်စွာ ရွာသွန်းနေတော့သည်။ ထူထပ်လှသော တိမ်တိုက်များကြားတွင် လျှပ်စီးများ လက်ခနဲဖြစ်သွားပြီး တစ်ခါတစ်ရံတွင် နားကွဲမတတ် ပြင်းထန်လှသော မိုးခြိမ်းသံများ ထွက်ပေါ်လာတော့သည်။

“ငါ နားလည်သွားပြီ”

ချန်ကျီရှင်းသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် ခေါင်းကို မော့ကြည့်လိုက်ရာ သူ၏ အကြည့်များမှာ ကောင်းကင်ယံကို ဓားတစ်လက်အလား ထိုးဖောက်သွားတော့၏။

ဟင်းလင်းပြင်အတွင်း၌...

ရှေးယခင်မှ ယနေ့ခေတ်တိုင်အောင် ရှိခဲ့သမျှ ဓားတာအို မဟာဆရာကြီးများ၏ ပုံရိပ်များမှာ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ အချို့မှာ ဓားကိုစီးနင်းလျက် လေဟုန်စီးနေကြပြီး၊ အချို့မှာ ဓားကိုကိုင်စွဲကာ ကောင်းကင်ကြီးကို မေးခွန်းထုတ်နေကြသလို၊ အချို့မှာမူ ဓားတစ်ချက်ဖြင့် ကောင်းကင်ကို ခွဲထုတ်နေကြသည်။

ဝုန်း

နားကွဲမတတ် ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာတော့၏။

ချက်ချင်းဆိုသလိုပင် ထိုဓားတာအို မဟာဆရာကြီးများ၏ ပုံရိပ်များမှာ အစိတ်စိတ်အမွှာမွှာ ကြေမွပျောက်ကွယ်သွားတော့သည်။ ထိုနေရာတွင် ဓားတစ်လက်ကို ကိုင်စွဲထားသော ဝတ်ရုံဖြူဝတ် ပုံရိပ်တစ်ခု အစားထိုး ပေါ်ပေါက်လာခဲ့၏။ ထိုဝတ်ရုံဖြူဝတ် ပုံရိပ်မှာ နတ်ဘုရားအလင်းတန်းများ ဖုံးလွှမ်းနေသဖြင့် သူ၏ ရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။

ဝေဝါးနေသော ထိုနတ်ဘုရားအလင်းတန်းများကြားမှ ထိုပုံရိပ်သည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ရာ ချန်ကျီရှင်းနှင့် တစ်ပုံစံတည်း တူညီသော မျက်နှာတစ်ခု ပေါ်ထွက်လာတော့သည်။

“ကောင်းကင်ပျံနတ်ဘုရား”

ဝတ်ရုံဖြူဝတ် ပုံရိပ်မှာ ဓားဖြင့် အောက်သို့ ပိုင်းဖြတ်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် လွင့်ပျံပန်းမန်ဓားချီ၊ လေမုန်တိုင်းဓားချီ၊ မြစ်ရှည်ဓားချီနှင့် ကြယ်တာရာဓားချီတို့မှာ ရေတွက်၍ မရနိုင်အောင် များပြားလှသည်။ မရေမတွက်နိုင်သော ဓားချီများ စုစည်းသွားကြပြီး ရှေးယခင်မှ ယခုတိုင် မည်သူမျှ မမြင်ဖူးသေးသော ကောင်းကင်ပျံနတ်ဘုရားဓားချက်အဖြစ် ပြောင်းလဲသွားတော့သည်။

ကောင်းကင်ယံရှိ ထူထပ်လှသော မည်းမှောင်နေသည့် တိမ်တိုက်ကြီးမှာ ဤဓားချက်ကြောင့် ကြီးကျယ်ခမ်းနားစွာ အပိုင်းပိုင်း ပြတ်တောက်သွားခဲ့ရသည်။ အန်းကျန်းမြို့အတွင်းရှိ မရေမတွက်နိုင်သော သတ္တဝါများမှာလည်း ထူးဆန်းသော ဖြစ်ရပ်ကြီးကို မြင်တွေ့လိုက်ရသဖြင့် ကောင်းကင်သို့ တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်မိကြတော့၏။

နောက်တစ်ခဏတွင် ကောင်းကင်ယံရှိ ထူးခြားဖြစ်စဉ်များအားလုံးက ချန်ကျီရှင်း၏ တန်ထျန်းနတ်ဘုရားပင်လယ်အတွင်းရှိ ဓားတာအိုမျိုးစေ့ထံသို့ တိတ်ဆိတ်စွာ ပြန်လည်ဝင်ရောက်သွားကြသည်။ ချန်ကျီရှင်းသည် မတ်တပ်ရပ်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်တွင် သာယာသော အပြုံးတစ်ခု ပေါ်ပေါက်လာတော့၏။

စစ်မှန်သောကိုယ်ပိုင်နယ်ပယ် ဒုတိယအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောစွမ်းအင်များသာမက ကြွက်သားအင်အား၊ စွမ်းရည်နှင့် အရှိန်အဟုန်တို့မှာပါ နှစ်ဆခန့် မြင့်တက်လာသည်ကို သူ ခံစားလိုက်ရသည်။ ဤအဆင့်ငယ်ကို ချိုးဖျက်နိုင်ခြင်းမှာ သူ၏ စွမ်းဆောင်ရည်အားလုံးကို ဘက်ပေါင်းစုံမှ မြှင့်တင်ပေးလိုက်ခြင်းပင်။

၎င်းအပြင် အရေးအကြီးဆုံးသော အချက်မှာ သူ၏ လက်ထဲတွင် တကယ့် လူသတ်

လက်နက်တစ်ခု ထပ်မံ ရရှိလာခြင်းပင်။

ဓမ္မပုံရိပ် ကောင်းကင်ပျံနတ်ဘုရား….

“အကယ်လို့ ဒီအချိန်မှာ ဟောက်ရီဓားဂိုဏ်းက ဓားတာအိုမဟာဆရာကြီး ကျောက်ချိန်ရှန်းနဲ့ တွေ့မယ်ဆိုရင် ဓားတစ်ချက်တည်းနဲ့တင် သူ့ကို ငါ အနိုင်ယူနိုင်မှာပဲ”

ချန်ကျီရှင်းသည် သူ၏ ခွန်အားကို တိတ်ဆိတ်စွာ ဆန်းစစ်လိုက်ရင်း ရှားရှားပါးပါး စိတ်အေးချမ်းမှုကို ခံစားလိုက်ရသည်။

“ကဲ... အခုတော့ ပြန်ရမယ့်အချိန် ရောက်ပြီ”

“တူကူးနီတစ်ယောက် နတ်ဘုရားဆွဲငင်အားကျောက်တုံးတွေကို ဝယ်ယူတဲ့ကိစ္စ ဘယ်လိုနေလဲ မသိဘူး”

“ဓားတာအိုကလည်း အောင်မြင်သွားပြီဆိုတော့ ဆွဲငင်အားကို အခုဆိုရင် အလျင်အမြန် မြှင့်တင်နိုင်တော့မှာပဲ”

ချန်ကျီရှင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ဇီဝေချန်မိသားစု ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

ဝုန်း…

ချန်ကျီရှင်းသည် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ကောင်းကင်ယံသို့ ချက်ချင်း ပျံတက်သွားပြီး ကျယ်ပြောလှသော ကောင်းကင်ကြီးအတွင်း ပျောက်ကွယ်သွားတော့သည်။

...

...

နာရီအနည်းငယ် ကြာပြီးနောက်...

ချန်ကျီရှင်းသည် ဇီဝေတောင်တန်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ တောင်တံခါးသို့ ရောက်သည်နှင့် တံခါးစောင့်နေသော ကင်းသမားတစ်ဦးမှာ သူ့ကို မြင်လိုက်ရသဖြင့် မျက်နှာဝင်းပသွားပြီး အပြေးအလွှား ချဉ်းကပ်လာခဲ့သည်

“တတိယသခင်လေး... နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ”

“ပင်မတောင်ထိပ်ကို အမြန်သွားပါဦးခင်ဗျာ။ မိသားစုခေါင်းဆောင်ကြီးက ဆွေးနွေးစရာ အရေးကြီးကိစ္စတွေ ရှိနေလို့ပါ”

အခန်း။ ၁၁၆

ချန်ကျီရှင်း ပင်မတောင်ထိပ်သို့ ရောက်ရှိလာသောအခါ...

ခန်းမဆောင်ကြီးမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး ချန်တောက်ယန် တစ်ဦးတည်းသာ အေးစက်လှသော ကျောက်သားထိုင်ခုံပေါ်တွင် ထိုင်နေသည်။ သူသည် သူ၏ နားထင်ကို အသာအယာ နှိပ်နယ်နေပြီး အတန်ငယ် ပင်ပန်းနွမ်းနယ်နေပုံရ၏။ ချန်တောက်ယန်သည် အချိန်အတော်များများတွင် ဤအေးစက်သော ကျောက်ထိုင်ခုံပေါ်၌ တစ်ဦးတည်း တိတ်ဆိတ်စွာ ထိုင်နေတတ်ပြီး ဇီဝေတောင်တန်း တစ်ခုလုံးကို ငေးကြည့်နေလေ့ရှိသည်။

“အဘိုး”

ချန်ကျီရှင်းသည် အနားသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားရင်း ခပ်တိုးတိုး ခေါ်လိုက်သည်။

“ပြန်ရောက်လာပြီလား”

ချန်တောက်ယန်သည် မျက်လုံးများကို ဖွင့်ကာ ချန်ကျီရှင်းကို ကြည့်လိုက်သည်။ ထို့နောက် စိတ်သက်သာရာရစေမည့် အပြုံးတစ်ခုကို ဖော်ပြလျက် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒီတစ်ခေါက်တော့... မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ သစ္စာဖောက်တွေကို ဒီလိုပဲ ကိုင်တွယ်ရမှာပဲ”

သူသည် ကျောက်မိုင်းကိစ္စတွင် ချန်ကျီရှင်း လုပ်ဆောင်ခဲ့သမျှကို သိရှိပြီးဖြစ်ကြောင်းမှာ ထင်ရှားလှသည်။

“ခုနက တောင်တံခါးစောင့်က အဘိုး ကျွန်တော်နဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိတယ်လို့ ပြောတယ်။ အဲဒါ ဘာများလဲဟင်”

ချန်ကျီရှင်းသည် ချန်တောက်ယန်၏ ဘေးတွင် ထိုင်လိုက်ရင်း ပြုံးလျက် မေးလိုက်သည်။

“အင်း... ဒါကို တစ်ချက်လောက် ကြည့်လိုက်ဦး”

ချန်တောက်ယန်က ခေါင်းညိတ်လိုက်ပြီး သူ၏ အင်္ကျီလက်အိတ်ထဲမှ စာအိတ်တစ်အိတ်ကို ထုတ်ကာ ချန်ကျီရှင်းထံသို့ ကမ်းပေးလိုက်သည်။

“ဒါကို ကျန်းဟီးရဲ့ အလောင်းပေါ်မှာ တွေ့ခဲ့တာ”

“အို”

ချန်ကျီရှင်းသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး စာအိတ်ကို ဖွင့်ကြည့်လိုက်သည်။ ခဏအကြာတွင်...

ချန်ကျီရှင်းသည် ထိုစာအိတ်ကို ချန်တောက်ယန်ထံ ပြန်ပေးလိုက်ပြီး သူ၏ မျက်နှာမှာ တဖြည်းဖြည်း မည်းမှောင်လာကာ “ဒါက ချင်းပြည်နယ် မုန့်မိသားစုက ကျန်းမိသားစုဆီ ပို့ထားတာလား”

“ဟုတ်တယ်”

ချန်တောက်ယန်၏ မျက်နှာမှာ ယခင်ကထက် ပို၍ပင် တည်ကြည်လေးနက်နေတော့သည်။ ချန်ကျီရှင်း၏ မျက်ဝန်းများမှာလည်း ဖြည်းဖြည်းချင်း ကျဉ်းမြောင်းသွားတော့၏။

စာထဲတွင် ပါရှိသော အကြောင်းအရာမှာ ရိုးရှင်းလှသည်။ ကျန်းမိသားစုသည် မုန့်မိသားစုထံသို့ လျှို့ဝှက်စွာ သစ္စာခံခဲ့ပြီး လက်အောက်ခံ မိသားစုတစ်ခု ဖြစ်လာခဲ့ကြောင်း ထို့နောက် ချန်မိသားစု၏ ကျောက်မိုင်းများကို စောင့်ကြည့်ရန်နှင့် ချန်မိသားစုကို ကျူးကျော်မည့် မုန့်မိသားစု၏ လုပ်ဆောင်ချက်များကို ပူးပေါင်းကူညီရန် သဘောတူညီထားကြောင်းများပင်။

တစ်နည်းအားဖြင့်ဆိုသော် ရွှီဖန်သာ ပေါ်မလာခဲ့လျှင်ပင် ကျန်းမိသားစု၏ သစ္စာဖောက်မှုမှာ အချိန်စောင့်ရန်သာ လိုတော့ခြင်းပင်။ ထို့ပြင် ရွှီဖန်နှင့် ပတ်သက်သည့် ဖြစ်ရပ်သာ မရှိခဲ့ပါက ဇီဝေချန်မိသားစုအနေဖြင့် ကျန်းမိသားစု၏ မရိုးသားသော အကြံအစည်များကို သိရှိနိုင်လိမ့်မည် မဟုတ်ပေ။ ထိုအချိန်ကျမှသာ ကျန်းမိသားစုကြောင့် ဖြစ်ပေါ်လာမည့် ဒုက္ခများမှာ ယခုထက်ပင် ပို၍ ကြီးမားနိုင်သည်။

“အဘိုး... အဘိုး ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ”

ချန်ကျီရှင်းက မေးလိုက်သည်။

မုန့်မိသားစုနှင့် ချန်မိသားစုတို့၏ ဆက်ဆံရေးမှာ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းက ရန်ဘက်များ ဖြစ်ခဲ့ကြသည်။ သို့သော် နှစ်ဖက်စလုံးရှိ ထာဝရရှင်သန်ခြင်းနယ်ပယ်အဆင့်ရှိ ပုဂ္ဂိုလ်များ ပျောက်ကွယ်သွားပြီးနောက်ပိုင်းတွင် အငြင်းပွားမှုများမှာ တဖြည်းဖြည်း လျော့နည်းသွားခဲ့သည်။

ချန်ကျီရှင်း၏ ငယ်စဉ်ဘဝက မုန့်တုန်းချွန်းရောက်လာပြီး ချန်ထျန်းလျန်ကို သတ်ရန် ကြိုးစားရာမှ ချန်ထျန်းလျန်၏ လက်ချက်ဖြင့် အသေဆိုးနှင့် သေဆုံးသွားခဲ့ရသည့် ဖြစ်ရပ်မှလွဲ၍ ကျန်ရှိသော နှစ်များအတွင်း မိသားစုနှစ်ခု၏ ဆက်ဆံရေးမှာ အေးစက်နေသော်လည်း တွင်းရေနှင့် မြစ်ရေ မရောယှက်သကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် မနှောင့်ယှက်ဘဲ နေခဲ့ကြသည်။ ယခုမူ မုန့်မိသားစုသည် ချန်ကျီရှင်းကို ဒုတိယအကြိမ်မြောက် ပစ်မှတ်ထားလာခြင်းပင်။

“ကျီရှင်း... ငါ ငယ်ငယ်တုန်းကဆိုရင် အရက်သေစာအတွက် ငွေတွေကို အလဟဿ သုံးဖြုန်းခဲ့တယ်။ မဆင်မခြင် ပြုမူခဲ့တယ်။ ငါ့လုပ်ဆောင်ချက်တွေရဲ့ နောက်ဆက်တွဲ ရလဒ်တွေကို ဘယ်တုန်းကမှ ထည့်မတွက်ခဲ့ဘူး။ ရဲတင်းလွန်းပြီး မိုက်ရူးရဲ ဆန်ခဲ့တယ်။ ကိုယ့်ရဲ့ စိတ်အလိုကိုပဲ ဖြည့်ဆည်းဖို့ ကြိုးစားခဲ့တာပေါ့”

ချန်တောက်ယန်သည် တိုက်ရိုက်ပြန်မဖြေဘဲ အဝေးတစ်နေရာသို့ ငေးကြည့်လိုက်ရာ သူ၏အကြည့်များမှာ ထူးထူးခြားခြား နူးညံ့သိမ်မွေ့သွားပြီး အတိတ်က ပုံရိပ်ဟောင်းများကို ပြန်လည်အမှတ်ရကာ ပြုံးနေသကဲ့သို့ပင်။

“အဲဒီအချိန်တုန်းက ငါ အမှားတွေအများကြီး လုပ်ခဲ့မိတယ်။ ချန်မိသားစုအတွက် ဒုက္ခတွေအများကြီး ပေးခဲ့မိတာပေါ့။ အဲဒါကြောင့် ဒီနေ့အထိ ပြင်ပလောကမှာ ငါတို့မိသားစုရဲ့ နာမည်ဂုဏ်သတင်းက သိပ်မကောင်းလှဘူး”

“နောက်ပိုင်း ငါ မိသားစုခေါင်းဆောင် ဖြစ်လာတဲ့အထိ ဒီရာထူးမှာ နှစ်ပေါင်း ရာနဲ့ချီပြီး နေလာခဲ့တာပေါ့”

“မိသားစုခေါင်းဆောင် ဖြစ်လာပြီးတဲ့နောက်မှာတော့ ငါ့စိတ်ထဲမှာ အတွေးတွေ အများကြီး ဝင်လာခဲ့တယ်။ ငါ ဘာပဲလုပ်ချင်လုပ်ချင် မြင်မရတဲ့ ဘောင်တွေက ငါ့ကို ချည်နှောင်ထားသလိုပဲ။ အမြဲတမ်း နောက်ဆက်တွဲရလဒ်တွေနဲ့ အခြေအနေအရပ်ရပ်ကို ထည့်တွက်နေရတာပေါ့”

“တဖြည်းဖြည်းနဲ့ ငါက ပိုပိုပြီး သတိကြီးလာခဲ့တယ်။ အမှားလုပ်မိမှာကို ကြောက်လာခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်တောင် မမှတ်မိတော့သလိုပဲ တစ်ခါတစ်လေ ငါ့ရဲ့ အရင်က ပုံစံလေး ဘယ်ရောက်သွားပါလိမ့်လို့ တွေးမိသေးတယ်”

“ဟူး... လူတွေက အိုမင်းလာတယ်။ ပုခုံးပေါ်က ဝန်ထုပ်ဝန်ပိုးတွေက ပိုလေးလာတယ်။ အဲဒီအထဲမှာ စိတ်ဓာတ်တွေပါ ပျောက်ဆုံးသွားသလိုပဲ”

ချန်တောက်ယန်သည် ပြုံးလိုက်ရင်း သူ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သူသည် ချန်ကျီရှင်းဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏အပြုံးမှာ တဖြည်းဖြည်း ရက်စက်တည်ကြည်သော အသွင်သို့ ပြောင်းလဲသွားတော့၏။ အလွန်အမင်း အန္တရာယ်ရှိသော အရှိန်အဝါတစ်ခုမှာ ချန်တောက်ယန်ထံမှ အလိုအလျောက် ထွက်ပေါ်လာ၏။

“ငါက ပြဿနာတွေ မရှာချင်ခဲ့ပါဘူး။ ငါတို့ ချန်မိသားစုသာ အေးအေးချမ်းချမ်း တိုးတက်နေမယ်ဆိုရင် တခြားဘာမှ အရေးမကြီးဘူးလို့ ထင်ခဲ့တာ”

“ဒါပေမဲ့ ဒီလောကမှာ ငါ့ရဲ့ သည်းခံနိုင်စွမ်းကို ထပ်ခါတလဲလဲ လာစမ်းနေတဲ့သူတွေ ရှိနေစမြဲပဲ”

“သူတို့က ငါ့ကို အိုသွားပြီလို့ ထင်နေကြတယ်။ အသုံးမကျတော့ဘူးလို့ ထင်နေကြတယ်။ ငါ့ကို မြင်းပေါ်ကနေ ဆွဲချပြီး သူတို့ခြေထောက်အောက်မှာ နင်းခြေပစ်ချင်နေကြတာပေါ့”

ချန်ကျီရှင်း၏ ရင်ထဲ၌ အနည်းငယ် တုန်လှုပ်သွားမိသည်။ နှစ်ပေါင်း ရာချီအောင် မည်သည့်တိုက်ပွဲမှ မဆင်နွှဲဘဲ ဇီဝေတောင်တန်းမှ အပြင်မထွက်သလောက် ဖြစ်နေသော ဤချန်မိသားစုခေါင်းဆောင်ကြီးမှာ ယခုမူ အမှန်တကယ်ပင် ဒေါသထွက်နေ၏။

“ငါ နှစ်ပေါင်း ရာနဲ့ချီပြီး မြိုသိပ်ထားခဲ့တဲ့ အရာတွေရှိတယ်။ နှစ်ပေါင်း ရာနဲ့ချီပြီး သည်းခံပေးခဲ့တဲ့ လူတွေရှိတယ်”

“မုန့်မိသားစုက ဒီလောက်တောင် သေချင်နေမှတော့ ငါကပဲ သူတို့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ရတာပေါ့”

ဝုန်း

ချန်ကျီရှင်း၏ ရှေ့မှောက်ရှိ ချန်တောက်ယန်၏ ပုံရိပ်မှာ လုံးဝ ပြောင်းလဲသွားတော့သည်။ သူသည် အိပ်ပျော်နေသော အိုမင်းသည့် ကျားသစ်တစ်ကောင် နိုးထလာသကဲ့သို့ပင်။ သူ၏ အေးစက်သော မျက်လုံးများကို ဖွင့်ကာ ကမ္ဘာကြီးကို စိုက်ကြည့်လိုက်သည်။

ကျားအိုသော်လည်း လူကိုတော့ စားနိုင်သေးသည်။

“မှောင်မိုက်ခြင်းအဖွဲ့ ဘယ်မှာလဲ။ မဟူရာအကြီးအကဲတွေကော ဘယ်မှာလဲ”

ချန်တောက်ယန်သည် မတ်တပ်ရပ်လိုက်သည်။

ရှူး... ရှူး... ရှူး

ကျောက်ထိုင်ခုံ၏ နောက်ကွယ်မှ သန်မာထက်မြက်လှသော ပုံရိပ် ဆယ်ဂဏန်းကျော် ထွက်ပေါ်လာပြီး ချန်တောက်ယန်၏ ရှေ့တွင် ဒူးထောက်လိုက်ကြသည်။

“ကျွန်တော်မျိုးတို့ ရောက်ရှိနေပါပြီ”

ချန်တောက်ယန်က ခေါင်းညိတ်လိုက်ရာ သူ၏ နက်မှောင်သော မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းများ ပေါ်လာတော့၏။

“မုန့်မိသားစုက ဇီဝေချန်မိသားစုဆီ လက်ဆန့်တန်းရတာကို ဒီလောက်တောင် ဝါသနာပါနေမှတော့ ငါကပဲ သူတို့လက်တွေကို ဖြတ်ပစ်မယ်။ သူတို့သွားတွေကိုလည်း ရိုက်ချိုးပစ်မယ်”

“ဆယ်ရက်အတွင်းမှာပဲ... ဘယ်လိုနည်းလမ်းနဲ့ဖြစ်ဖြစ် ဘယ်လောက်ပဲ ကုန်ကျကုန်ကျ၊ ကောင်းကင်နဲ့မြေကြီးပဲ ပြောင်းပြန်ဖြစ်ဖြစ် သွေးတွေပဲ မြစ်ပမာစီးစီး... ငါမြင်ချင်တာက မုန့်မိသားစုရဲ့ မျိုးဆက်အားလုံးနဲ့ ပြင်ပမှာရှိတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေအားလုံး ပျက်စီးသွားတာကိုပဲ”

ဤစကားကို ကြားသောအခါ...

“အမိန့်တော်အတိုင်းပါ”

နိဗ္ဗာန်နယ်ပယ် တစ်ဝက်အဆင့်ရှိ မဟူရာအကြီးအကဲများ ဦးဆောင်သော မှောင်မိုက်ခြင်းအဖွဲ့ဝင် အားလုံးသည် ညီညာလှသော ဟိန်းဟောက်သံဖြင့် တုံ့ပြန်လိုက်ကြသည်။ နောက်တစ်ခဏတွင် အကြီးအကဲများသည် သူတို့၏ ဝတ်ရုံလက်အင်္ကျီများကို ဝှေ့ယမ်းလိုက်ရာ အဖွဲ့ဝင်များအားလုံးကို ငုံ့လျှိုးသွားစေပြီး ဟင်းလင်းပြင်ကို ထိုးဖောက်ကာ ပျောက်ကွယ်သွားကြတော့သည်။

ချန်တောက်ယန်သည် အဝေးက ကောင်းကင်ယံကို ကြည့်လိုက်ရာ သူ၏မျက်ဝန်းများတွင် အေးစက်လှသော တိုက်ပွဲဝင်လိုစိတ်များ လက်ခနဲ ဖြစ်သွားတော့သည်။

ကစားချင်ကြတယ်ပေါ့လေ။

ချန်တောက်ယန်အနေနဲ့ဆိုရင်တော့ သူတို့နဲ့အတူတူ ဒီကစားပွဲကြီးထဲ ဆင်းကစားပေးဖို့ အသင့်ဖြစ်နေပြီပဲ….

...

...

ခဏအကြာတွင် ချန်ကျီရှင်းသည် ပင်မတောင်ထိပ်၏ ခန်းမဆောင်ကြီးထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်။ ယနေ့၏ နေရောင်ခြည်မှာ ထူးထူးခြားခြား တောက်ပလွန်းလှသဖြင့် သူသည် လက်ဖြင့် မျက်လုံးကို အလိုအလျောက် ကာကွယ်လိုက်မိသည်။ အမည်မသိ တောင်လေပြည်တစ်ခုက ချန်ကျီရှင်း၏ ဆံနွယ်များနှင့် ဝတ်ရုံကို လွင့်ပျံစေခဲ့၏။

ချန်တောက်ယန်၏ ယနေ့ဆုံးဖြတ်ချက်ကြောင့် ချန်မိသားစုနှင့် မုန့်မိသားစုတို့သည် တိုက်ပွဲခေါ်သံကို တရားဝင် ထုတ်လွှင့်လိုက်ပြီဖြစ်ကြောင်း သူ၏ရင်ထဲ၌ နားလည်ထားသည်။ နှစ်ပေါင်းတစ်ထောင်ကျော် ကြာမြင့်ခဲ့သော ဤမိသားစုနှစ်ခုကြားမှ ကံပါလာသည့် ထိပ်တိုက်

ရင်ဆိုင်ပွဲမှာ ယခုဘဝတွင် အမှန်တကယ်ပင် စတင်ပေါ်ပေါက်လာခဲ့သည်။

ချန်ကျီရှင်းအပါအဝင် မည်သူမျှ ဤတိုက်ပွဲကြီး၏ ရလဒ်ကို မသိနိုင်ကြပေ။ သို့သော် လွန်ခဲ့သော ဘဝ၌မူ မုန့်ဟယ်တုန်းဦးဆောင်သော မုန့်မိသားစု၏ လက်ချက်ဖြင့် ဇီဝေချန်မိသားစုမှာ ငြင်းမရအောင်ပင် ပျက်စီးခဲ့ရဖူးသည်။

“ဒီဘဝမှာတော့ ငါလည်း မရှုံးစေရဘူး။ ချန်မိသားစုလည်း မရှုံးစေရဘူး”

ချန်ကျီရှင်းက တိုးညှင်းစွာ ရေရွတ်လိုက်ရာ သူ၏မျက်ဝန်းများတွင် ပြင်းထန်လှသော ယုံကြည်မှုများ ထွက်ပေါ်လာသည်။ သူ့လက်ထဲတွင် ရွှေလက်ချောင်းများစွာ ရှိနေပါလျက်နှင့် မုန့်မိသားစုကို ရှုံးနိမ့်ဦးမည်ဆိုလျှင်တော့ တို့ဖူးတစ်တုံးနှင့်သာ ကိုယ့်ကိုယ်ကိုယ် ထုသတ်လိုက်ရုံရှိတော့မည်ပင်။

...

...

နောက်ရက်အနည်းငယ်အတွင်း...

နိဗ္ဗာန်နယ်ပယ်တစ်ဝက်ရှိ အစွမ်းထက်လှသော မဟူရာအကြီးအကဲ နှစ်ဦး၏ ဦးဆောင်မှုအောက်တွင် မုန့်မိသားစုအပေါ် တိုက်ခိုက်မှုများကို လျင်မြန်စွာ စတင်လိုက်တော့သည်။ ချင်းပြည်နယ် မုန့်မိသားစု၏ ကျောက်မိုင်းကြောများမှာ အလျင်အမြန် ဖျက်ဆီးခံလိုက်ရ၏။

အပြင်သို့ ရောက်ရှိနေသော မုန့်မိသားစုတပည့်များမှာ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလိုက်ရပြီး သူတို့၏ ရုပ်အလောင်းများကို တောရိုင်းမြေပြင်များပေါ်တွင် ပစ်ထားခဲ့ကြသည်။ မုန့်မိသားစု၏ လက်အောက်ခံ မိသားစုများမှာလည်း တစ်ခုပြီးတစ်ခု အမြစ်ပြတ် သုတ်သင်ခံလိုက်ရတော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် အရှေ့ပိုင်းလျှို့ဝှက်နယ်မြေတစ်ခုလုံးမှာ သွေးချောင်းစီးပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မုန်တိုင်းကြီးတစ်ခုအတွင်းသို့ ကျရောက်သွားတော့သည်။

ချင်းပြည်နယ် မုန့်မိသားစုဆိုသည်မှာ တစ်ချိန်က ထာဝရရှင်သန်ခြင်းနယ်ပယ်ကျင့်ကြံသူများ ရှိခဲ့ဖူးသော ထာဝရရှင်သန်ခြင်းမိသားစုတစ်ခု ဖြစ်ခဲ့ဖူးသည်။ မိသားစု၏ အင်အားကြီး ပုဂ္ဂိုလ်များ ပျောက်ကွယ်သွားမှုကြောင့် အနည်းငယ် ကျဆင်းသွားခဲ့သော်လည်း မုန့်မိသားစု၏ အခြေခံအုတ်မြစ်မှာ အံ့သြလောက်အောင် ခိုင်မာနေဆဲပင်။

သူတို့သည် ထိပ်တန်းအဆင့် ဂိုဏ်းကြီးတစ်ခု မဟုတ်တော့သော်လည်း အရှေ့ပိုင်းလျှို့ဝှက်နယ်မြေ၏ နာမည်ကျော်ကြားပြီး အင်အားကြီးမားသော အဖွဲ့အစည်းများထဲတွင် ပါဝင်နေဆဲဖြစ်ကာ အထင်သေး၍မရပေ။

မကြာမီမှာပင် အရှေ့ပိုင်းလျှို့ဝှက်နယ်မြေအတွင်းရှိ မရေမတွက်နိုင်သော သတ္တဝါများမှာ အံ့အားသင့်ကုန်ကြပြီး မုန့်မိသားစုကို တိုက်ခိုက်နေသူများမှာ မည်သူဖြစ်နိုင်ကြောင်း ခန့်မှန်းနေကြတော့သည်။

မဟူရာအကြီးအကဲများနှင့် အခြားသူများ၏ အမည်မှန်များ ထွက်ပေါ်လာသောအခါ သို့မဟုတ် မဟူရာအကြီးအကဲများ ကိုယ်တိုင်က မှောင်မိုက်ခြင်းအဖွဲ့ကို ထုတ်ဖော်ပြသလိုက်သောအခါ...

ဝုန်း

အရှေ့ပိုင်းလျှို့ဝှက်နယ်မြေတစ်ခုလုံးမှာ ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သကဲ့သို့ ပြင်းထန်လှသော လှိုင်းလုံးကြီးများ ထကြွလာတော့သည်။

ဇီဝေချန်မိသားစုနှင့် ချင်းပြည်နယ် မုန့်မိသားစုကဲ့သို့ မိသားစုနှစ်ခုစလုံးသည် တစ်ချိန်က ထာဝရရှင်သန်ခြင်းနယ်ပယ်အဆင့်ရှိ ပုဂ္ဂိုလ်ထူးများကို မွေးထုတ်ပေးခဲ့ဖူးသည့် ထာဝရရှင်သန်ခြင်းမိသားစုများ ဖြစ်ကြသည်။ သူတို့၏ ရန်ငြိုးမှာ မိသားစုကို စတင်တည်ထောင်ခဲ့သည့် ဘိုးဘေးများလက်ထက်ကတည်းက အခြေတည်ခဲ့ခြင်းပင်။ သူတို့၏ အင်အားချင်းမှာလည်း ထိပ်တိုက်ရင်ဆိုင်လျှင် တစ်ဖက်နှင့်တစ်ဖက် အရှုံးအနိုင် မခွဲခြားနိုင်လောက်အောင် တူညီလှသည်။

ဤမျှ ကြီးမားလှသော အင်အားစုကြီးနှစ်ခု ရုတ်တရက် ထိပ်တိုက်တွေ့ကြလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။ မျက်တောင်တစ်ခတ်အတွင်းမှာပင် အရှေ့ပိုင်းလျှို့ဝှက်နယ်မြေတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားခဲ့ရပြီး ပြည်နယ် ၁၃ ခုစလုံးကို လွှမ်းမိုးသွားမည့် မုန်တိုင်းကြီးတစ်ခု စတင်အခြေတည်လာတော့သည်။

လူအများမှာ ဇီဝေချန်မိသားစုနှင့် မုန့်မိသားစုတို့အကြား ကမ္ဘာပျက်မတတ် ပြင်းထန်လှသော တိုက်ပွဲကြီးကို မြင်တွေ့ရတော့မည်ဟု စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသော်လည်း မည်သူမျှ မထင်မှတ်ထားသည့် အရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ချင်းပြည်နယ် မုန့်မိသားစုသည် ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်လွှဲကာ သူတို့၏ တောင်တံခါးများကို ပိတ်ဆို့၍ တုံ့ပြန်

တိုက်ခိုက်ရန် ငြင်းဆန်လိုက်ခြင်းပင်။

ဤသည်က လူအများကို အံ့အားသင့်စေသလို အနည်းငယ် စိတ်ပျက်သွားစေသည်။ အကယ်၍ ဤမိသားစုကြီးနှစ်ခုသာ တကယ့်ကို တိုက်ပွဲဝင်ကြမည်ဆိုလျှင် ၎င်းသည် ကျင့်ကြံခြင်းလောကတွင် နှစ်ပေါင်း ရာနှင့်ချီ၍ မမြင်ဖူးသော ခမ်းနားသည့် ဖြစ်ရပ်ကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

ထိုသို့သော ရှုပ်ထွေးမှုများကြားမှာပင် မုန့်မိသားစု၏ မျိုးဆက်သစ်တပည့်တစ်ဦးဖြစ်သည့် မုန့်ဟယ်တုန်းဆိုသူမှာ နာမည်ကျော်ကြားလာခဲ့သည်။ အသက် ၁၆ နှစ်သာ ရှိသေးသော ထိုသူသည် နတ်ဘုရားခရီးသွားနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ရာ တကယ့် ပါရမီရှင်တစ်ဦးပင်။

အမှန်စင်စစ် ပါရမီရှင်ဆိုသည်မှာ နှစ်တိုင်း ပေါ်ထွက်နေကျဖြစ်သဖြင့် ဤမျှနှင့် လူအများ၏ အာရုံစိုက်မှုကို အပြည့်အဝ ရရှိရန် မလုံလောက်ပေ။ သူ့ကို တကယ့်ကို ထင်ပေါ်ကျော်ကြားသွားစေသည့် အချက်မှာ ချန်မိသားစု၏ တိုက်ခိုက်မှုများကို သူ ပြန်လည်ရင်ဆိုင်ခဲ့သည့် တိုက်ပွဲများကြောင့်ပင်။

ပထမတိုက်ပွဲတွင် မုန့်ဟယ်တုန်းသည် နတ်ဘုရားခရီးသွားနယ်ပယ်အတွင်း ပြိုင်ဘက်ကင်းကြောင်း သက်သေပြခဲ့သည်။ သူသည် မီးလျှံတာအိုကို အသုံးပြုကာ ချန်မိသားစု၏ နတ်ဘုရားခရီးသွားနယ်ပယ် ကျွမ်းကျင်သူ ခြောက်ဦးကို တစ်ကိုယ်တည်း သတ်ဖြတ်နိုင်ခဲ့သည်။

ဒုတိယတိုက်ပွဲတွင်မူ မုန့်ဟယ်တုန်းသည် သူ့ထက် အဆင့်မြင့်သောသူကို စိန်ခေါ်နိုင်ခဲ့သည်။ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ရှိ ကျွမ်းကျင်သူတစ်ဦး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် သူသည် အကွက်ပေါင်း တစ်ရာကျော်အထိ မရှုံးနိမ့်ဘဲ ခုခံနိုင်ခဲ့သည်။ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်နှင့် နတ်ဘုရားခရီးသွားနယ်ပယ်ကြားက ကွာဟချက်မှာ နတ်ဘုရားနှင့် လူသားကဲ့သို့ ကွာခြားလှသော်လည်း မုန့်ဟယ်တုန်းကမူ နတ်ဘုရားခရီးသွား ကိုယ်ခန္ဓာဖြင့်ပင် ခုခံနိုင်ခဲ့ခြင်းက လူအများကို အံ့အားသင့်စေခဲ့သည်။

တတိယတိုက်ပွဲတွင်မူ မုန့်ဟယ်တုန်းသည် နိဗ္ဗာန်နယ်ပယ်တစ်ဝက်ရှိ မဟူရာအကြီးအကဲများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ လူတိုင်းက မုန့်ဟယ်တုန်း သေပြီဟု ထင်မှတ်နေချိန်တွင် သူ၏ ကိုယ်ပေါ်မှ လျှို့ဝှက်ဆန်းပြားသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး သူ့ကို လျင်မြန်စွာ ထွက်ပြေးလွတ်မြောက်စေခဲ့သည်။ ထို့နောက် ဆေးဘုရင်ချိုင့်ဝှမ်းမှ တစ်ကိုယ်တော်ကျင့်ကြံနေသော နိဗ္ဗာန်နယ်ပယ်အဆင့်ရှိ ပုဂ္ဂိုလ်ကြီးကိုယ်တိုင် ထွက်ပေါ်လာပြီး သူ့ကို ဆေးဘုရင်ချိုင့်ဝှမ်းအတွင်း၌ ကိုယ်တိုင်ကိုယ်ကျ အကာအကွယ် ပေးခဲ့သည်။

ဤတိုက်ပွဲမှာ အလွန်တရာ အံ့သြစရာ ကောင်းလှသည်။ မုန့်ဟယ်တုန်း၏ သန်မာမှုနှင့် သူ၏ မယုံကြည်နိုင်လောက်သော ကံတရားကို လူအများက ချီးကျူးနေကြတော့သည်။ နတ်ဘုရားခရီးသွားနယ်ပယ် အဆင့်မျှဖြင့် လုပ်ကြံမှုများစွာကို ကျော်ဖြတ်နိုင်ခဲ့ရုံသာမက နိဗ္ဗာန်နယ်ပယ် ပုဂ္ဂိုလ်ကြီးတစ်ဦး၏ အကာအကွယ်ကိုပင် ရရှိခဲ့ခြင်းမှာ တကယ့်ကို ထူးခြားလှသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် မုန့်ဟယ်တုန်းသည် အရှေ့ပိုင်းလျှို့ဝှက်နယ်မြေ၏ ကောင်းကင်ယံတွင် အရှိန်အဝါ အတောက်ပဆုံးသော ကြယ်သစ်တစ်ပွင့် ဖြစ်လာခဲ့သည်။ သူ၏ အနာဂတ်မှာ အကန့်အသတ်မရှိ တိုးတက်လာတော့မည်ဟု လူတိုင်းက ယုံကြည်နေကြသည်။

ထို့နောက်တွင် ဤရှုပ်ထွေးမှုများမှာ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ရာ အရာအားလုံးမှာ မုန့်ဟယ်တုန်းကို နာမည်ကြီးလာစေရန်အတွက်သာ ဖြစ်ပျက်ခဲ့သကဲ့သို့ပင်။ သို့သော် အခြေအနေကို နားလည်သော ပညာရှိများကမူ မုန့်မိသားစု၏ သဘာဝအရ ဤကိစ္စကို ဤမျှနှင့် လက်လျှော့မည်မဟုတ်ကြောင်း သိကြသည်။ လက်ရှိ သည်းခံနေခြင်းမှာ ပို၍ကြီးမားသော ပေါက်ကွဲမှုတစ်ခုအတွက် အစပျိုးနေခြင်းသာ ဖြစ်ပေလိမ့်မည်။

ဇီဝေချန်မိသားစုနှင့် ချင်းပြည်နယ် မုန့်မိသားစုတို့၏ နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲမှာ မကြာမီမှာပင် ရောက်ရှိလာတော့မည် ဖြစ်သည်။ အရှေ့ပိုင်းလျှို့ဝှက်နယ်မြေ တစ်ခုလုံးတွင်မူ မုန်တိုင်းမလာမီ တိတ်ဆိတ်ခြင်းအလား စိုးရိမ်ထိတ်လန့်စရာ အခြေအနေများ ဖုံးလွှမ်းနေတော့သည်။

All Chapters