← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း။ ၁၁၉

“ဟင်”

ရှောင်ပင်း၏ မျက်နှာသည် ထိုစကားကြောင့် ရုတ်တရက် ပျက်ယွင်းသွားပြီး သူ၏ ခါးကြားရှိ မီးတောက်အဆောင်စာရွက်ကို အလျင်အမြန် ဆွဲထုတ်ရန် ကြိုးပမ်းလိုက်သည်။

ဝုန်း….

ချန်ကျီရှင်းသည် ရှောင်ပင်း၏ ပုခုံးကို လျင်မြန်စွာ ဖမ်းကိုင်လိုက်ပြီး ခြေလှမ်းတစ်လှမ်း အသာအယာ လှမ်းလိုက်ရုံဖြင့် ထိုသခင်လေးကို မကာ ချောက်လှမ်းမြစ်၏ ဝဲယာတစ်ဖက်တစ်ချက်ရှိ တောအုပ်များဆီသို့ ပျံသန်းသွားတော့သည်။

ခဏအကြာတွင် ချန်ကျီရှင်းသည် လှေနက်ကလေးပေါ်သို့ တစ်ဦးတည်း ပြန်လည်ရောက်ရှိလာခဲ့သည်။ သူ၏လက်ထဲတွင် အမှတ်အသား တိုကင်တစ်ခု တိုးလာပြီး သူ၏စိတ်ထဲတွင်မူ ရှောင်ပင်း၏ နောက်ကြောင်းရာဇဝင် အကျဉ်းချုပ်ကို ရရှိသွားပြီဖြစ်သည်။

ခရီးတစ်လျှောက်လုံးတွင် သူသည် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေအတွင်းသို့ မည်သည့်

အထောက်အထားဖြင့် ဝင်ရောက်ရမလဲဟု စဉ်းစားနေခဲ့ခြင်းပင်။ သူ သေချာပေါက် သိထားရမည်မှာ ဤတစ်ခေါက် သန့်စင်ရာနယ်မြေသို့ ဝင်ရောက်ခြင်းသည် ရွှီဖန်နှင့် မုန့်ဟယ်တုန်းတို့ကို ထောင်ဖမ်းသတ်ဖြတ်ရန်နှင့် အကြီးအကဲ ဖူရှုး၏ ကံကြမ္မာကို လုယူရန်အတွက် ကြိုတင်စီမံကိန်းများ ချမှတ်ရန်ဖြစ်သည်။

ထို့ကြောင့် သူသည် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေတွင် အဆင့်အတန်းတစ်ခု ရှိရန် လိုအပ်သည်။ နှစ်ပေါင်းများစွာ အထီးကျန်ကျင့်ကြံရင်း တခြားသူများ၏ စိတ်ဝိညာဉ်စွမ်းအင်များကို လျှို့ဝှက်ဝါးမြိုနေသော အကြီးအကဲ ဖူရှုးဆိုသည်မှာ သာမန်တပည့်တစ်ဦးအနေဖြင့် တွေ့ဆုံရန် လုံးဝမဖြစ်နိုင်သောသူပင်။ ထို့ကြောင့် အနည်းဆုံးအားဖြင့် သူသည် သန့်စင်ရာနယ်မြေမှ အထူးအလေးထားခြင်းခံရသည့် အကြီးတန်းတပည့်ခေါင်းဆောင်တစ်ဦး ဖြစ်ရန် လိုအပ်သည်။

တစ်ချိန်တည်းမှာပင် သူသည် ရွှီဖန်ကိုလည်း သတ်ဖြတ်လိုခြင်းပင်။ သုံးရက်အကြာက ကိုယ့်ကိုကိုယ်နှင့် စကားပြောနိုင်သည့် ရွှီဖန်၏ ရွှေလက်ချောင်းစွမ်းရည်ကြောင့် ရွှီဖန်ကို တိုက်ရိုက်တိုက်ခိုက်၍ မရနိုင်ပေ။ ထိုသို့လုပ်ပါက သေချာပေါက် ကျရှုံးပေလိမ့်မည်။

ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေတွင် ရာထူးကြီးကြီးရယူပြီး ကြိုတင်စီမံမှသာလျှင် ဥပမာ တပည့်အားလုံးကို ကျင့်ကြံခြင်းစမ်းသပ်မှုအဖြစ် စေလွှတ်ခြင်းဖြင့် ရွှီဖန်ကို မည်သို့မျှ ထွက်ပြေး၍မရသော ပိတ်မိနေသည့် ကမ္ဘာငယ်လေးအတွင်းသို့ ပို့ဆောင်နိုင်မည်ဖြစ်သည်။ ပထမသုံးရက်တွင် အရာအားလုံး ပုံမှန်အတိုင်းဖြစ်နေစေပြီး ရွှီဖန်အတွက် အခွင့်အရေးများပင် ဖန်တီးပေးထားနိုင်သည်။ သို့သော် နောက်ဆုံးသုံးရက်သို့ ရောက်ရှိချိန်တွင် ရွှီဖန်အနေဖြင့် သူ၏ အနာဂတ်ကိုယ်ခန္ဓာက သုံးရက်အကြာတွင် သေဆုံးတော့မည်ကို သိရှိသွားသည့်တိုင်အောင် ထိုစမ်းသပ်မှုနယ်မြေအတွင်းမှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

ဤအရာအားလုံး ဖြစ်မြောက်ရန်အတွက် သူသည် သန့်စင်ရာနယ်မြေအတွင်း အဆင့်အတန်းတစ်ခု ရရှိရန် လိုအပ်သည်။

အဆင့်အတန်းရရှိရန် အမြန်ဆုံးနည်းလမ်းမှာ မိမိ၏ ပါရမီကို ထုတ်ဖော်ပြသခြင်းပင်။ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေက သူ့ကို အလေးမထားဘဲ မနေနိုင်လောက်အောင် ထူးချွန်ထက်မြက်သည့် ပါရမီကို ပြသရန်ဖြစ်သည်။

သို့သော်လည်း အကယ်၍ သူသာ တပည့်သစ်တစ်ဦးအနေဖြင့် တိုက်ရိုက်ဝင်ရောက်မည်ဆိုပါက ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှ လူများက သူ့အထောက်အထားကို သေချာပေါက် စုံစမ်းစစ်ဆေးပေလိမ့်မည်။ သူ၏ ဇစ်မြစ်မှစ၍ သူယခင်က ကျင့်ကြံခဲ့သော နည်းစနစ်များနှင့် နတ်ဘုရားစွမ်းရည်များအထိ အရာအားလုံးကို အသေးစိတ် စစ်ဆေးခံရမည်ဖြစ်သည်။ ချန်ကျီရှင်းအနေဖြင့် အမှန်တရားကို ဖုံးကွယ်ရန် မတတ်နိုင်သည်မဟုတ်ဘဲ ချန်မိသားစုကို အကူအညီတောင်း၍ အထောက်အထားအတု ဖန်တီးခိုင်းခြင်းက ပို၍ ရှုပ်ထွေးပြီး လက်ဝင်လှသည်။

အရာရာ ရှုပ်ထွေးလာသည်နှင့်အမျှ အမှားအယွင်းများလည်း ဖြစ်ပေါ်လာနိုင်သည်။

ထို့ကြောင့် သူ ဇဝေဇဝါဖြစ်နေစဉ်မှာပင် ဤရှောင်ပင်းဆိုသူ ပေါ်လာခြင်းပင်။

အဖေဖြစ်သူ၏ ခြေရာကိုနင်းမည့် အစေခံတပည့်တစ်ဦးပင်။

အစေခံတပည့်ဆိုသည်မှာ အဆင့်အတန်းနိမ့်ပါးသော်လည်း ခိုင်မာသော မျိုးရိုးနောက်ခံရှိသည်မှာ ငြင်းမရပေ။ ဤသည်မှာ ချန်ကျီရှင်း၏ ယခင်ဘဝက အစိုးရဝန်ထမ်းစာမေးပွဲများနှင့် ဆင်တူလှသည်။ ထိုခေတ်က ဝန်ထမ်းဖြစ်ရန် နည်းလမ်းနှစ်မျိုးရှိ၏။

ပုဂ္ဂိုလ်တစ်ဦးမှာ တရားဝင်စာမေးပွဲများမှတစ်ဆင့် အောင်မြင်ကျော်ဖြတ်ခြင်းဖြစ်သည်။ ထိုသူများသည် နိုင်ငံရေးအရ စိစစ်မှုနှင့် နောက်ကြောင်းရာဇဝင် စစ်ဆေးမှုများကို ပြင်းပြင်းထန်ထန် ခံယူရသည်။ အခြားတစ်နည်းမှာမူ မိဘ၏ ရာထူးနေရာကို ဆက်ခံခြင်းပင်။

ယခင်ဘဝ၏ သမိုင်းတွင် ဤစနစ်ကို နောက်ပိုင်း၌ ဖျက်သိမ်းခဲ့သော်လည်း ယခုသူ့အခြေအနေနှင့်မူ အလွန်ပင် တူညီနေတော့သည်။ သူသည် ရှောင်ပင်း၏ နေရာတွင် အစားထိုးဝင်ရောက်ကာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေအတွင်း ခြေချရုံသာဖြစ်ပြီး ကျန်ရှိသည်များကို မိသားစု၏ အကူအညီဖြင့် ပေါင်းစပ်ညှိနှိုင်းလိုက်လျှင် သူသည် အစစအရာရာတွင် ရှောင်ပင်းအစစ် ဖြစ်သွားပေလိမ့်မည်။

ချန်ကျီရှင်း ဤသို့တွေးတောနေစဉ် လှေနက်ကလေးပေါ်ရှိ လှေထိုးသားနှင့် ဇနီးမောင်နှံတို့မှာ ထိတ်လန့်သွားကြပြီး သတိကြီးစွာဖြင့် မေးလိုက်ကြသည်။

“အ... အမတအရှင် ရှောင်ပင်းက ဘယ်ရောက်သွားတာလဲခင်ဗျာ”

“ရှောင်ပင်းလား။ ငါက ရှောင်ပင်းလေ မဟုတ်ဘူးလား”

ချန်ကျီရှင်းက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။ ထို့နောက် သူ၏ညာလက်ကို ချက်ချင်းဝှေ့ယမ်းလိုက်၏။

တစ်ခဏအတွင်းမှာပင် စိတ်ဝိညာဉ်စွမ်းအင်များမှာ လှိုင်းလုံးပမာ ထွက်ပေါ်လာပြီး ထိုသုံးဦး၏ စိတ်ထဲသို့ စီးဝင်ကာ သူတို့၏ မှတ်ဉာဏ်များကို ဖျက်ဆီးပစ်လိုက်တော့သည်။ သာမန်လူသားများ၏ အားနည်းလှသော စိတ်ဓာတ်စွမ်းအားကို လှည့်စားရန်မှာ သူ့အတွက် အလွန်ပင် လွယ်ကူလှသည်။ တစ်ခဏချင်းမှာပင် ထိုသုံးဦးမှာ ကြောင်တောင်တောင်ဖြစ်သွားပြီး မျက်နှာတွင် ဇဝေဇဝါအမူအရာများ ပေါ်လာတော့သည်။

“ဟင် ငါ ဘာလို့ မြေပြင်ပေါ် ရောက်နေတာလဲ။ အား... ရင်ဘတ်ထဲက အောင့်လိုက်တာ”

လူငယ်ပညာရှိသည် သူ၏ရင်ဘတ်ကို ဖိကာ နားမလည်နိုင်စွာဖြင့် ထရပ်လိုက်ပြီး ဇနီးဖြစ်သူ၏ ဘေးတွင် အမြန်ပြန်ထိုင်ကာ ဂရုတစိုက် မေးမြန်းနေတော့သည်။ လှေထိုးသားမှာလည်း ခေတ္တမျှ မှင်သက်သွားပြီးနောက် လှေဦးတွင် ပြန်လည်ရပ်ကာ တံငါသည်သီချင်းကို အေးအေးလူလူ သီဆိုရင်း လှေကို ဆက်လက်ထိုးခတ်သွားတော့သည်။

...

...

ကောင်းကင်နှင့် မြစ်ရေပြင်ကြားတွင် မြူခိုးများမှာ အဆုံးအစမရှိ ဖုံးလွှမ်းနေပြီး တိမ်တိုက်များမှာ မြေပြင်၏ အရိပ်များနှင့် ရောယှက်နေတော့သည်။

တစ်ရက်နှင့် တစ်ည လှေစီးပြီးနောက်တွင် လူငယ်ဇနီးမောင်နှံမှာ လမ်းခုလတ်၌ လှေပေါ်မှ ဆင်းသွားကြသည်။ နောက်ထပ် နှစ်နာရီ၊ သုံးနာရီခန့်အကြာ အရုဏ်တက်ချိန်တွင်မူ...

လှေထိုးသားသည် မြစ်ဝ၌ လှေကို ရပ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

“သခင်လေးရှောင်... ဒါ ဖုန်းပေါ်ဆိပ်ကမ်းပါပဲ။ ဘယ်ဘက်ကို မိုင်အနည်းငယ် သွားမယ်ဆိုရင် ဖုန်းပေါ်မြို့ကို ရောက်ပါလိမ့်မယ်။ ညာဘက်ကို မိုင် ၄၀ လောက် ဆက်သွားမယ်ဆိုရင်တော့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို ရောက်ပါလိမ့်မယ်ခင်ဗျာ”

“ကောင်းပါပြီ ကျေးဇူးအများကြီးတင်ပါတယ် လှေထိုးသားကြီး”

ချန်ကျီရှင်းသည် ရှောင်ပင်းထံမှ ရထားသော ရွှေပြားတစ်ပြားကို လှေထိုးသားထံ ပစ်ပေးလိုက်သည်။ လှေထိုးသားမှာ အလွန်အမင်း ဝမ်းသာသွားပြီး ပါးစပ်နားရွက်ချိတ်မတတ် ပြုံးလျက် ချန်ကျီရှင်းကို ကျေးဇူးတင်စကားများ တတွတ်တွတ် ပြောနေတော့သည်။ ထို့နောက် လှေနက်ကလေးကို လှော်ခတ်ကာ နံနက်ခင်းမြစ်ပြင်၏ မြူခိုးများထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

ချန်ကျီရှင်း၏ မျက်ဝန်းများမှာ အရောင်တောက်နေပြီး ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေဆီသို့ ခြေလှမ်းကျဲကျဲဖြင့် ဦးတည်လိုက်သည်။

လမ်းခရီးတွင် ချန်ကျီရှင်းသည် ကျင့်ကြံမှုစွမ်းရည်ရှိသော လူငယ်ပါရမီရှင် အများအပြားကို တွေ့ဆုံခဲ့သည်။ အချို့မှာ အသက် ၂၀ ခန့်သာ ရှိသေးသော်လည်း ဟင်းလင်းပြင်အသွင်ပြောင်းကိုယ်ခန္ဓာအဆင့်သို့ ရောက်ရှိနေသည့် အစွမ်းထက်သူများ ဖြစ်ကြသည်။ ဆယ်ကျော်သက်အရွယ်နှင့် ဤမျှကျင့်ကြံနိုင်ခြင်းမှာ တကယ့်ကို ထူးချွန်သည်ဟု ဆိုရပေမည်။

ဤလူစု၏ ပန်းတိုင်မှာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေပင်။ လမ်းတစ်လျှောက်တွင်လည်း သူတို့အချင်းချင်း ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ တပည့်သစ်ခေါ်ယူမည့်အကြောင်းကို တီးတိုးဆွေးနွေးနေကြတော့သည်။

ခဏအကြာတွင် ခန့်ညားထည်ဝါပြီး မြင့်မားလှသော တောင်ထိပ်ကြီးတစ်ခုသည် ချန်ကျီရှင်း၏ ရှေ့မှောက်၌ ပေါ်လာတော့သည်။ တောင်ထိပ်တစ်ခုလုံးမှာ တိမ်တိုက်များကို ဖောက်ထွက်နေပြီး တောက်ပသော နတ်ဘုရားအလင်းတန်းများ ဝန်းရံဖြာထွက်နေ၏။ နို့နှစ်ရောင် ဂလက်ဆီတစ်ခုအလား ထင်မှတ်ရသော နတ်ဘုရားရေတံခွန်ကြီးမှာ တောင်ထိပ်မှ စီးကျလာပြီး တောင်ကြီးကို တောင်ဘက်တောင်ထိပ်နှင့် မြောက်ဘက်တောင်ထိပ်ဟူ၍ နှစ်ခြမ်းခွဲထားသည်။

တောင်ဘက်တောင်ထိပ်မှာ စိတ်ဝိညာဉ်ကျင့်ကြံခြင်းကို အထူးပြုသော ဂိုဏ်းဖြစ်ပြီး မြောက်

ဘက်တောင်ထိပ်မှာမူ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုကျင့်ကြံခြင်းကို အထူးပြုသည်။ ထိုတောင်ထိပ်နှစ်ခုကို နတ်ဘုရားရေတံခွန်က ခြားနားထားသော်လည်း ရေတံခွန်ကို ဖြတ်ကျော်ထားသည့် သက်တန့်တံတားကြီးတစ်ခုဖြင့် ဆက်သွယ်ထားသည်။ တောင်နှင့် မြောက် တောင်ထိပ်နှစ်ခုမှာ မဟာတာအိုလမ်းစဉ်အတွက် အမြဲတစေ အားပြိုင်နေကြသော်လည်း သူတို့သည် ခွဲခြား၍မရသော တစ်ခုတည်းသော အစုအဖွဲ့ပင်။

အဝေးရှိ တောင်တံခါးကြီး၏ အောက်ဘက်တွင် မြင့်မားသော စင်မြင့်တစ်ခု ရှိနေ၏။ စင်မြင့်ပေါ်တွင် ဆံပင်ဖြူဖြူနှင့် သက်ကြီးရွယ်အို လေးဦးမှာ စီတန်းထိုင်နေကြသည်။ အချို့က ကလောင်တံများကို ကိုင်ထားကြပြီး အချို့က စမ်းသပ်ကျောက်တုံးများကို ဆုပ်ကိုင်ထားကြကာ အခြားတစ်ဦးမှာမူ ချန်ကျီရှင်း တစ်ခါမျှ မမြင်ဖူးသည့် အရာတစ်ခုကို ကိုင်ထားသည်။ ၎င်းမှာ မွေးရာပါပါရမီ၊ အရိုးတည်ဆောက်ပုံနှင့် စရိုက်လက္ခဏာတို့ကို စစ်ဆေးရန် အသုံးပြုခြင်း ဖြစ်ပေလိမ့်မည်။

စင်မြင့်အောက်တွင်မူ ရှည်လျားလှသော လူတန်းကြီးတစ်ခု ဖြစ်ပေါ်နေပြီဖြစ်သည်။ အရပ်ရပ်မှ ရောက်ရှိလာကြသော လူငယ်ပါရမီရှင်များမှာ စနစ်တကျ တန်းစီရင်း စမ်းသပ်မှုကို စောင့်ဆိုင်းနေကြသည်။

ချန်ကျီရှင်းက ခေါင်းကို အသာအယာ ခါယမ်းလိုက်မိသည်။ ဤသည်မှာ မျိုးရိုးမြင့်

မိသားစုနှင့် သန့်စင်ရာနယ်မြေဂိုဏ်းတို့ကြားရှိ ကွာခြားချက်ပင်။ ဂိုဏ်းတစ်ခုသည် နေရာအနှံ့မှ ထူးချွန်သူများကို လက်ခံနိုင်သဖြင့် အရာအားလုံးကို လွှမ်းခြုံနိုင်သည်။ သို့သော် မျိုးရိုးမြင့်မိသားစုတစ်ခုမှာမူ သူတို့၏ သွေးသားစစ်မှန်မှုနှင့် အမွေအနှစ်ကို ထိန်းသိမ်းရန်အတွက် ပြင်ပလူများကို လက်ခံခဲလှသည်။ လက်ခံလျှင်ပင် သူတို့၏ အဆင့်အတန်းမှာ တိုက်ရိုက်မျိုးဆက်များနှင့် မည်သို့မျှ ယှဉ်နိုင်မည်မဟုတ်ပေ။ ဖွံ့ဖြိုးတိုးတက်မှုနှုန်းအရဆိုလျှင် မျိုးရိုးမြင့်မိသားစုမှာ ဂိုဏ်းတစ်ခု၏ နောက်တွင် အဝေးကြီး ကျန်ရစ်နေပေလိမ့်မည်။

နောက်တစ်ခဏတွင် ချန်ကျီရှင်းသည် လူအုပ်ထဲသို့ တိုးဝင်လိုက်သည်။ နေမြင့်လာချိန်တွင် သူသည် လူအုပ်နှင့်အတူ လိုက်ပါလာရင်း နောက်ဆုံး၌ စင်မြင့်ရှေ့သို့ ရောက်ရှိလာခဲ့၏။

“မင်းက တောင်ဘက်တောင်ထိပ်အတွက် လျှောက်မှာလား ဒါမှမဟုတ် မြောက်ဘက်တောင်ထိပ်အတွက်လား”

မျက်လုံးအနည်းငယ် ပင့်တက်နေပြီး ဆံပင်ဖြူဖွေးနေသော အဘိုးအိုတစ်ဦးက ချန်ကျီရှင်းကို ပျင်းရိပျင်းတွဲဖြင့် ကြည့်လိုက်သည်။

“အကြီးအကဲ... ကျွန်တော်မျိုးက အဖေဖြစ်သူရဲ့ ကိုယ်စား ဂိုဏ်းထဲမှာ အလုပ်အကျွေးပြုဖို့ လာတာပါခင်ဗျာ”

ချန်ကျီရှင်းက ပြုံးလျက် ပြောလိုက်သည်။

“အလုပ်အကျွေးပြုဖို့လား ဒါဆို အစေခံတာဝန်တွေကို ပြောတာလား”

အဘိုးအိုက မျက်ခုံးပင့်လိုက်ပြီးနောက် စိတ်မရှည်သလို လက်ကာပြလိုက်သည်။

“သွား သွား သွား... ဒီနေရာက တပည့်တွေ လက်ခံတဲ့နေရာပဲ။ အစေခံတွေဆိုရင် ဟိုဘက်ကို သွားလိုက်”

အဘိုးအိုက အဝေးရှိ တံခါးငယ်လေးတစ်ခုဆီသို့ ညွှန်ပြလိုက်သည်။ ထိုတံခါးငယ်လေး၏ ရှေ့တွင်လည်း စားပွဲတစ်လုံး ရှိနေ၏။ အဝါရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ဝတုတ်တုတ် တာအိုကျင့်ကြံသူတစ်ဦးမှာ စားပွဲပေါ် မှောက်လျက် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။

ချန်ကျီရှင်း ရှေ့သို့ လှမ်းသွားပြီး စားပွဲကို ခေါက်ကာ ပြောလိုက်သည်။

“မင်္ဂလာပါ... ကျွန်တော့်နာမည် ရှောင်ပင်းပါ။ အဖေရဲ့ တာဝန်တွေကို လွှဲပြောင်းရယူဖို့ လာတာပါ”

ခဏအကြာတွင် ဝတုတ်တုတ် တာအိုကျင့်ကြံသူမှာ ချန်ကျီရှင်း၏ မိတ်ဆက်စာကို အနည်းငယ် စစ်ဆေးပြီး မေးခွန်းအချို့ မေးမြန်းလိုက်သည်။ ထို့နောက် ချန်ကျီရှင်းထံသို့ သော့တွဲတစ်ခု ပေးအပ်ကာ ကိုယ့်လမ်းကိုယ်ရှာသွားရန် ပြောပြီးနောက် ပြန်လှည့်၍ ဆက်လက် အိပ်မောကျသွားတော့သည်။

အထွေထွေကိစ္စရပ်များဌာနကို တောင်ခြေရင်းရှိ ဝါရောင်တံခါးငယ်လေး၏ အနောက်ဘက်တွင် တည်ဆောက်ထားပြီး အုတ်နီခဲဖြင့် ဆောက်လုပ်ထားသော အိမ်တန်းရှည်ကြီးများကို တွေ့မြင်ရသည်။ ထိုနေရာမှာ အစေခံများ နေထိုင်ရာ အရပ်ပင်။

ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေတွင် တပည့်ပေါင်း ထောင်နှင့်ချီ၍ ရှိသော်လည်း အများစုမှာ အစေခံတပည့်များသာ ဖြစ်ကြသည်။

တောင်ပေါ်ရှိ တပည့်များစွာ၊ တောင်ထိပ်သခင်များနှင့် အကြီးအကဲများ၏ နေ့စဉ်လူမှုဘဝကို စောင့်ရှောက်ရန်၊ ဆေးဘက်ဝင်အပင်ဥယျာဉ်များကို ပြုစုရန်၊ တိရစ္ဆာန်များကို ထိန်းကျောင်းရန်၊ ရေခပ်ရန်နှင့် ထမင်းချက်ရန်အတွက် တစ်စုံတစ်ဦး လိုအပ်ပေရာ ထိုတာဝန်များအားလုံးမှာ ဤအစေခံတပည့်များ၏ ပုခုံးပေါ်သို့ ကျရောက်လာခြင်းပင်။

အစေခံတပည့်များမှာ ပင်ပင်ပန်းပန်း လုပ်ကိုင်နေရသည်ဟု ထင်ရသော်လည်း ဤသည်မှာ အခြားသူများစွာ အိပ်မက်မက်ရသည့် ရာထူးမျိုးဖြစ်သည်။ ဂိုဏ်းမှ နေစရိတ်၊ စားစရိတ် အခမဲ့ပေးသည့်အပြင် တစ်လလျှင် ဝိညာဉ်ကျောက်တုံး သုံးတုံး ရရှိသေးသည်။ အကယ်၍ ကံကောင်းထောက်မ၍ တောင်ပေါ်မှ အကြီးအကဲများက လက်ထောက်ရွေးချယ်ရန် ဆင်းလာချိန်တွင် သူတို့နောက်သို့ လိုက်ပါခွင့်ရပါက တောင်ဘက် သို့မဟုတ် မြောက်ဘက်တောင်ထိပ်များသို့ ရောက်ရှိကာ ဆုလာဘ်များစွာ ရရှိနိုင်သည်။

၎င်းအပြင် အစေခံတပည့်များမှာ လေ့လာရန် အခြေခံကျင့်စဉ်များကိုလည်း ရရှိကြသည်။ ထူးခြားသော အောင်မြင်မှုများ မရရှိနိုင်သော်လည်း ခန္ဓာကိုယ်ကို သန်စွမ်းစေကာ ဤနေရာရှိ ထူထပ်လှသော ဝိညာဉ်စွမ်းအင်များကြောင့် အသက် ၁၀၀ အထိ နေထိုင်ရန်မှာ အလွန်ပင် လွယ်ကူလှသည်။ အကယ်၍ အိုမင်းမစွမ်းဖြစ်လာ၍ အစေခံအဖြစ် ဆက်လက်မနေလိုပါက အနားယူခွင့် တောင်းဆိုနိုင်သည်။ အစေခံဘဝဖြင့် နှစ်ရှည်လများ စုဆောင်းခဲ့သော ဝိညာဉ်ကျောက်တုံးများမှာ သာမန်လောကရှိ ရွှေပြား သန်းနှင့်ချီ၍ တန်ဖိုးရှိသဖြင့် ချမ်းသာကြွယ်ဝသူတစ်ဦးအဖြစ် မျိုးဆက်နှင့်ချီ၍ ကောင်းမွန်စွာ နေထိုင်သွားနိုင်သည်။

ချန်ကျီရှင်းသည် ဝတုတ်တုတ်တာအိုကျင့်ကြံသူ ပေးလိုက်သော နံပါတ်အတိုင်း လမ်းညွှန်ချက်များကို လိုက်ကြည့်ရင်း နောက်ဆုံးတွင် အခန်းတစ်ခု၏ ရှေ့၌ ရပ်လိုက်သည်။

ဒေါက်... ဒေါက်... ဒေါက်...

ချန်ကျီရှင်းသည် အခန်း၏ သစ်သားတံခါးကို ခေါက်လိုက်သည်။

“ဘယ်သူလဲ မွန်းတည့်ချိန်ကြီးကို ဘာလို့ တံခါးလာခေါက်နေတာလဲ”

အတွင်းမှ စိတ်မရှည်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ချန်ကျီရှင်း တံခါးကိုတွန်းဖွင့်ကာ ဝင်လိုက်၏။ အခန်းမှာ ၄၀ သို့မဟုတ် ၅၀ စတုရန်းမီတာခန့်သာ ကျယ်ဝန်းပြီး ခုတင်လေးလုံးနှင့် သစ်သားဗီရို၊ စားပွဲစသည့် ပရိဘောဂအချို့ ရှိသည်။ ခုတင်လေးလုံးပေါ်တွင် လူသုံးဦး လှဲလျောင်းနေကြသည်။

ဆံပင်ကျဲကျဲနှင့် အနည်းငယ် ပွေရှုပ်မည့်ပုံစံရှိသော ပိန်ပိန်ပါးပါး အဘိုးကြီးတစ်ဦးက ချန်ကျီရှင်းကို ဖော်ရွေစွာ ပြုံးပြသည်။ ကျန်နှစ်ဦးမှာမူ ချန်ကျီရှင်းကို အေးစက်စွာ တစ်ချက်ကြည့်ရုံသာ ကြည့်ပြီး ကျောခိုင်းကာ ဘာမှမပြောတော့ပေ။

“အော်... မင်းက ရှောင်လင်းရဲ့ သားလား။ ရှောင်ပင်း ဟုတ်တယ်မလား။ မင်းအဖေ ပြောပြလို့ မင်းအကြောင်း ကြားဖူးပါတယ်။ အဖေ့နေရာမှာ အလုပ်ဝင်ဖို့ ရောက်လာတာပေါ့”

အဘိုးကြီးက သူ၏ သွားဝါကြီးများကို ဖြဲပြရင်း ရယ်မောလိုက်သည်။

“ဟုတ်ပါတယ်ခင်ဗျာ။ အဘိုးကရော...”

ချန်ကျီရှင်းသည် ထိုသွားဝါဝါအဘိုးကြီးနှင့် ခဏမျှ စကားစမြည်ပြောပြီးနောက် အနားယူရန် အကြောင်းပြချက်ပေးကာ နေလိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။ ချန်ကျီရှင်းသည် အထွေထွေကိစ္စရပ်များဌာနတွင်သာ နေထိုင်ပြီး တစ်ခါတစ်ရံ သွားဝါဝါအဘိုးကြီးနှင့် စကားပြောသည်မှလွဲ၍ ဘာမှထူးထူးခြားခြား မလုပ်ပေ။ ကျန်ရှိသော အခန်းဖော်နှစ်ဦးမှာလည်း သူ့ကို အေးစက်စွာ ဆက်ဆံကြသဖြင့် သူလည်း ကျေနပ်နေမိသည်။ ဤတစ်ခေါက် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေသို့ ဝင်ရောက်ရာတွင် လူအများနှင့် ပတ်သက်မှု နည်းလေ ကောင်းလေပင်။

သို့သော်လည်း ဤရက်များအတွင်း ချန်ကျီရှင်းမှာ လုံးဝ အပျင်းထူနေခဲ့ခြင်း မဟုတ်ပေ။ သူသည် တပည့်သစ်စာရင်းကို တိတ်တဆိတ် စစ်ဆေးကြည့်ရာတွင် ရွှီဖန်ဆိုသည့် အမည်ကို ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

ဒီကောင် ဒီနေရာကိုရောက်နေပြီပဲ။

ယနေ့တွင် ချန်ကျီရှင်းသည် အခန်းထဲ၌ တစ်ကိုယ်တည်း ထိုင်ကာ ကျင့်ကြံနေခဲ့သည်။ ဤရက်ပိုင်းအတွင်း သူသည် သူ၏ ပါရမီကို ထုတ်ဖော်ပြသရန်နှင့် အထက်လူကြီးများ၏ အာရုံစိုက်မှုကို ခံရရန်အတွက် သဘာဝကျပြီး မသင်္ကာစရာမကောင်းသည့် အခွင့်အရေးတစ်ခုကို ရှာဖွေနေခဲ့သည်။

သို့သော် ကံမကောင်းလှပေ။ အထွေထွေကိစ္စရပ်များဌာနဆိုသည်မှာ နတ်ဘုရားဂိုဏ်း၏ အထက်တန်းလွှာများ ဝေးစွ ခွေးတစ်ကောင်တောင် လာခဲသည့် နေရာဖြစ်သည်။ သူကိုယ်တိုင် တောင်ဘက် သို့မဟုတ် မြောက်ဘက်တောင်ထိပ်များသို့ သွားရောက်ကာ ပါရမီပြရန် စဉ်းစားခဲ့သော်လည်း ထိုသို့လုပ်ခြင်းမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သကဲ့သို့ ဖြစ်နေမည်ကို စိုးရိမ်နေမိသည်။

“ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေရဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက်ယောက်ရဲ့ အာရုံစိုက်မှုကို ရအောင် ဘယ်လိုလုပ်ရမလဲ...”

ချန်ကျီရှင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

ရုတ်တရက်...

ကျွီ...

တံခါးမှာ ဝုန်းခနဲ ပွင့်သွားပြီး သွားဝါဝါအဘိုးကြီးမှာ အပြေးအလွှား ဝင်လာကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်

“ရှောင်ပင်း... မင်း ဒီမှာ ဘာထိုင်လုပ်နေတာလဲ။ နတ်သမီးက ငါတို့ အထွေထွေကိစ္စရပ်များဌာနကို အခြွေအရံ ရွေးချယ်ဖို့ ရောက်နေပြီ မင်း ဘာလို့ အမြန်မသွားတာလဲ”

“နတ်သမီး လီရန်လား”

ချန်ကျီရှင်းက မျက်ခုံးပင့်လိုက်သည်။

“ဒါပေါ့ နတ်သမီး လီရန်ကလွဲလို့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှာ တခြားဘယ်နတ်သမီး ရှိဦးမှာလဲ”

သွားဝါဝါအဘိုးကြီးက ချန်ကျီရှင်းကို မျက်စောင်းထိုးရင်း စိတ်တိုတိုဖြင့် ပြောလိုက်သည်။

“တခြား အစေခံတပည့်တွေ အကုန်လုံး ဟိုမှာ ရောက်နေပြီ မင်းလည်း မြန်မြန်သွားဦး အကယ်၍ နတ်သမီး လီရန် ရဲ့ ရွေးချယ်ခြင်းကို ခံရမယ်ဆိုရင်တော့... မင်းအတွက် ကောင်းကင်ဘုံကို တိုက်ရိုက် တက်လှမ်းနိုင်သလို ဖြစ်သွားမှာပဲ”

အခန်း။ ၁၂၀

ချန်ကျီရှင်းအနေဖြင့် ဘာမှထပ်မမေးနိုင်ခင်မှာပင်...

သွားဝါဝါအဘိုးကြီးက စကားတစ်ခွန်းမှမဆိုဘဲ ချန်ကျီရှင်းကို အထွေထွေလုပ်ငန်းဆောင်တာကွင်းပြင်ဆီသို့ အတင်းဆွဲခေါ်သွားတော့သည်။ ကွင်းပြင်၌ လူပင်လယ်ကြီးဖြစ်နေပြီး လူအုပ်ကြီးမှာ တိုးမပေါက်အောင် စည်ကားလှသည်။ အဝေးရှိ ကွင်းပြင်အလယ်တွင် စင်မြင့်တစ်ခုကို အခိုင်အမာ တည်ဆောက်ထားသည်ကို မြင်တွေ့ရ၏။

ထိုစင်မြင့်ပေါ်တွင် လူသုံးဦး ရပ်နေကြသည်။

ဘယ်ဘက်အစွန်ဆုံးတွင်ရှိသောသူမှာ ကြက်သွန်ဖြူပုံစံနှာခေါင်း၊ တြိဂံပုံစံမျက်ဝန်းများရှိပြီး ပုကွကွ ဝတုတ်တုတ်ကိုယ်လုံးနှင့် လည်ပင်းတွင် အဆီပြင်များ ထပ်နေသည့် ဝတ်ရုံဝါဝတ် တာအိုကျင့်ကြံသူဖြစ်ကာ... သူသည် ချန်ကျီရှင်း အထွေထွေကိစ္စရပ်များဌာနသို့ စတင်ခြေချစဉ်က တွေ့ခဲ့ရသောသူပင်။

ဤရက်အနည်းငယ်အတွင်း အထွေထွေကိစ္စရပ်များဌာနအကြောင်း လေ့လာထားမှုအရ ချန်ကျီရှင်းသည် ထိုသူ၏ အထောက်အထားကို သိရှိထားပြီးဖြစ်သည်။ ထိုသူ၏ နာမည်ရင်းကို မည်သူမှ အသေအချာမမှတ်မိကြသော်လည်း သူသည် အထွေထွေကိစ္စရပ်များဌာနတစ်ခုလုံးကို အုပ်ချုပ်ကွပ်ကဲရသူဖြစ်ပြီး လူအများက သူ့ကို စီမံခန့်ခွဲသူယွီဟု ရိုသေစွာ ခေါ်ဝေါ်ကြသည်။

သို့သော်လည်း သွားဝါဝါအဘိုးကြီးက ထိုသူ့အကြောင်းပြောတိုင်း ဒေါသဖြင့် အံကြိတ်လေ့ရှိပြီး ဆဲဆိုသံများကိုလည်း မထိန်းနိုင်ဖြစ်တတ်သည်။ ထိုသူသည် နှလုံးသားမရှိသော ခေါင်းပုံဖြတ်သူဖြစ်ပြီး သူ၏လက်ထဲရှိ အာဏာအနည်းငယ်ကို အသုံးပြုကာ သူတို့လို အစေခံများကို နှိပ်စက်နေသူဖြစ်သည်ဟု ပြောသည်။

ပွဲတော်ရက်များတွင် ထိုသူ့ထံသို့ လက်ဆောင်ပဏ္ဏာများယူမလာဘဲ ချော့မော့မြှောက်ပင့်စကား မပြောဆိုနိုင်သူမှန်သမျှမှာ နောက်ချေးသယ်ခြင်းနှင့် မြေကျင်းတူးခြင်းကဲ့သို့သော ပင်ပန်းဆင်းရဲလှသည့် အလုပ်ကြမ်းများကိုသာ တာဝန်ပေးအပ်ခြင်း ခံရလေ့ရှိသည်။

သွားဝါဝါအဘိုးကြီး ပြောပြချက်အရဆိုလျှင်...

ရှေးဟောင်းတံဆိပ်စာသား ဆယ်ခုပိုင်ဆိုင်သည့် ပညာရှင်တစ်ဦးပင် ဖြစ်ပါစေ ယွီဘာဖီကို မျက်နှာချိုသွေးဖို့ လက်ဆောင်ပဏ္ဏာ မပါလာဘူးဆိုရင်တော့ အဲဒီလူက နောက်ချေးသယ်ရမယ့်ကံကနေ လွတ်မှာမဟုတ်ဘူးတဲ့။

ထိုစကားကြောင့် ချန်ကျီရှင်း၏ မျက်နှာပေးဟာ အနည်းငယ် ထူးဆန်းသွားပြီး သွားဝါဝါအဘိုးကြီးက တစ်ခုခုကို အရိပ်အမြွက် ပြောနေသလို ခံစားလိုက်ရသည်။

“သွားပါပြီ... ဒီယွီဘာဖီ ရှိနေမှတော့ သူက သူ့လူယုံတွေကိုပဲ အကြံပြုတော့မှာပေါ့”

သွားဝါဝါအဘိုးကြီးက မျက်နှာပျက်ပျက်နဲ့ ဒေါသတကြီး ပြောလိုက်သည်။

“ဒီယွီဘာဖီဆိုတဲ့ကောင်... ပြီးခဲ့တဲ့နှစ်က သူ့ကို လက်ဆောင်မပေးမိလို့ ငါ့ကို သုံးလတောင် နောက်ချေးသယ်ခိုင်းခဲ့တာ”

ချန်ကျီရှင်းသည် မည်သည့်စကားမျှ ပြန်လည်ပြောကြားခြင်းမရှိဘဲ စင်မြင့်ထက်ရှိ ကျန်ရှိနေသော လူနှစ်ဦးကို မော့ကြည့်လိုက်သည်။

အလယ်တွင် ရှိနေသောသူမှာ ထူးခြားသည့် အလှအပနှင့် ကိုယ်လုံးကိုယ်ပေါက်ရှိသည့် အမျိုးသမီးငယ်တစ်ဦးပင်။ သူမသည် ခရမ်းနုရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ပါးလွှာသော မိတ်ကပ်ခြယ်သမှုနှင့်အတူ သူမ၏ အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ချောမွေ့နေကာ ဆံနွယ်ရှည်များသည်လည်း တိမ်တိုက်များပမာ ဝေ့ဝဲနေသည်။ သူမ၏ မျက်ခုံးများသည် အဝေးမှ တောင်တန်းများကဲ့သို့ ထင်ရှားပြီး မျက်ဝန်းများသည် ကြည်လင်သော ရေပြင်ကဲ့သို့ ရှိနေသော်လည်း အရာအားလုံးကို ထိုးဖောက်မြင်နိုင်စွမ်းရှိသည့် အေးစက်စက် အငွေ့အသက်တစ်ခု ကိန်းအောင်းနေသည်။ ထိုနေရာတွင် ရပ်နေရုံမျှဖြင့် သူမထံမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ ဆူညံပွက်လောရိုက်နေသည့် အထွေထွေကိစ္စရပ်များဌာနနှင့် လုံးဝဥဿုံ ဆန့်ကျင်ဘက် ဖြစ်နေတော့သည်။

“သူက လီရန်လား”

ချန်ကျီရှင်းက သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။

“ရှောင်လေးရာ... လူတစ်ယောက်က ဘယ်လိုတောင် ယုတ်မာနိုင်ရတာလဲ။ လက်ထဲမှာ အာဏာလေး နည်းနည်းရှိတာနဲ့ တခြားသူတွေကို ဒုက္ခပေးဖို့ အစွမ်းကုန် ကြိုးစားတော့တာပဲ။ အောက်ခြေလူတန်းစားတွေဟာ အာဏာလေး နည်းနည်းရလာပြီဆိုရင် တခြားအောက်ခြေလူတွေကို လူတကာထက်ပိုပြီး ရက်ရက်စက်စက် နှိပ်စက်တတ်ကြတယ်ဆိုတာ... တကယ်ကို ဟုတ်တာပဲ...”

သွားဝါဝါအဘိုးကြီးက စိတ်ပါလက်ပါ ပြောဆိုနေရင်း ချန်ကျီရှင်း၏ မေးခွန်းကြောင့် အံ့ဩသွားကာ စကားကိုရပ်လိုက်ပြီး ရယ်မောလျက် “ဒီလောက် အလှအပနဲ့ တည်ငြိမ်မှုမျိုး ရှိတာ... နတ်သမီး လီရန် ကလွဲလို့ ဘယ်သူရှိဦးမှာလဲ” ဟု ပြောလိုက်သည်။

သူက ချန်ကျီရှင်း၏ မျက်လုံးရှေ့တွင် လက်ကို ဝေ့ယမ်းပြပြီး ပြုံးလျက် “ရှောင်လေး... အကြာကြီး စိုက်မကြည့်နဲ့ဦး။ မဟုတ်ရင် မင်းရဲ့ အဆင့်အတန်းကို မေ့သွားပြီး မဖြစ်သင့်တဲ့ စိတ်ကူးတွေ ယဉ်မိနေဦးမယ်။ ဒီလို ကောင်းကင်ဘုံက သမီးတော်တွေဆိုတာ ငါတို့လို အစေခံတွေ လက်လှမ်းမီနိုင်တဲ့ သူတွေမဟုတ်ဘူး။ စကားပုံတောင် ရှိတယ်မဟုတ်လား... ထူးထူးခြားခြား ထက်မြက်တဲ့သူတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ တွေ့လိုက်ရရင် နောက်ပိုင်းတွေ့သမျှ လူတွေအားလုံးဟာ မြေမှုန့်တွေလိုပဲ အရောင်မှိန်သွားတတ်တယ် ဆိုတာလေ” ဟု ဆက်ပြောလိုက်သည်။

“အဘိုးဟွမ်က တော်တော်နှံ့စပ်တာပဲ”

ချန်ကျီရှင်းက သူ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး သွားဝါဝါအဘိုးကြီးကို ထူးဆန်းသောအမူအရာဖြင့် တစ်ချက်ကြည့်လိုက်သည်။

ဒီအဘိုးကြီးကတော့ တကယ့်လူပဲ။

“ဒါပေါ့ ငါ အဘိုးဟွမ်က တစ်သက်လုံး နေရာအနှံ့မရောက်ဖူးပေမဲ့ စာအုပ်တွေတော့ အများကြီးဖတ်ဖူးတယ်။ စာဖတ်လေလေ လောကရဲ့ အမှန်တရားတွေကို ပိုနားလည်လေလေပဲ”

သွားဝါဝါအဘိုးကြီးက တဟဲဟဲ ရယ်မောလိုက်သည်။

ချန်ကျီရှင်းက ခေါင်းခါယမ်းလိုက်ပြီးနောက် ညာဘက်အစွန်ဆုံးတွင်ရှိသော မှင်ရောင်ဝတ်ရုံနက် ဝတ်ဆင်ထားသည့် ချောမောသောလူငယ်ကို ညွှန်ပြလိုက်သည်။

“ဒါနဲ့ သူကရော ဘယ်သူလဲ”

“သူ့နာမည်က ကွမ်းထျန်းယွီတဲ့။ တောင်ဘက်တောင်ထိပ်ရဲ့ စစ်မှန်သောတပည့်သုံးယောက်ထဲက တစ်ယောက်ပေါ့။ မင်းက အသစ်ဆိုတော့ နားလည်မှာမဟုတ်ဘူး၊ ဒီနေ့တော့ ဒီအဘိုးကြီးကပဲ ရှင်းပြပေးရတာပေါ့”

သွားဝါဝါအဘိုးကြီးက နှာခေါင်းနှိုက်ပြီး နှာချေးကို လုံးကာ ရှေ့သို့ တောက်ထုတ်လိုက်သည်။ ထို့နောက် သူ၏လက်ချောင်းများကို အင်္ကျီလက်ဖြင့် သုတ်လိုက်ပြီး လည်ချောင်းတစ်ချက် ရှင်းလိုက်သည်။

“ငါတို့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို တောင်ဘက်နဲ့ မြောက်ဘက်တောင်ထိပ်ဆိုပြီး နှစ်ခြမ်းခွဲထားတယ်”

“တောင်ဘက်တောင်ထိပ်က စိတ်ဝိညာဉ်ကို အဓိကထားကျင့်ကြံပြီး မြောက်ဘက်တောင်ထိပ်ကတော့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ကျင့်ကြံတာပေါ့”

“တောင်ဘက်တောင်ထိပ်က ယုံကြည်တာကတော့ လူသားရဲ့ အင်အားက အကန့်အသတ်ရှိပေမဲ့ စိတ်ဓာတ်စွမ်းအားကတော့ အကန့်အသတ်မရှိဘူးတဲ့”

“မြောက်ဘက်တောင်ထိပ်ကတော့ ကျင့်ကြံခြင်းဆိုတာ ဒုက္ခပင်လယ်ကြီးလိုပဲ။ ခန္ဓာကိုယ်

ကတော့ အဲဒီပင်လယ်ကို ဖြတ်ကျော်မယ့် ရတနာလှေကြီးပေါ့။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က မဟာတာအိုရဲ့ အစပဲလို့ ယူဆကြတယ်”

“ဒါပေမဲ့ ဒီလို မဟာတာအို အငြင်းပွားမှုတွေဟာ နေ့တိုင်း နောက်ချေးသယ်နေရတဲ့ ငါတို့လို လူမမည်လေးတွေနဲ့တော့ ဘာမှမဆိုင်ပါဘူး။ ငါတို့ သိဖို့လိုတာက တစ်နေ့ကို နောက်ချေး ဘယ်နှစ်ခေါက် သယ်ရမလဲဆိုတာပါပဲ”

“...”

ချန်ကျီရှင်းက သူ၏နားထင်ကို ဖိလိုက်ရင်း “အဘိုးဟွမ် နောက်ချေးအကြောင်း ခဏထားပြီး လိုရင်းကိုပဲ ပြောလို့မရဘူးလား”

“လူငယ်တွေကတော့ စိတ်မရှည်လိုက်ကြတာ”

အဘိုးဟွမ်က နှာခေါင်းကို တစ်ချက်ရှုံ့လိုက်ရင်း ဆက်ပြောသည်။

“တောင်ဘက်နဲ့ မြောက်ဘက် တောင်ထိပ်နှစ်ခုလုံးရဲ့ အင်အားစုဖွဲ့ပုံက တောင်ထိပ်သခင် တစ်ဦးစီနဲ့ စစ်မှန်သောတပည့်သုံးဦးစီနဲ့ ဖွဲ့စည်းထားတာ”

“ကွမ်းထျန်းယွီနဲ့ နတ်သမီးလီရန်တို့ နှစ်ယောက်လုံးက တောင်ဘက်တောင်ထိပ်ရဲ့ စစ်မှန်သောတပည့် သုံးယောက်ထဲမှာ ပါဝင်ပေမဲ့ နတ်သမီးလီရန်ရဲ့ ပါရမီက အရမ်းထူးချွန်လွန်းလို့ တောင်ဘက်တောင်ထိပ်ရဲ့ နတ်သမီးဆိုတဲ့ ဘွဲ့ထူးကို သီးသန့် အပ်နှင်းခံထားရတာပေါ့”

“အဆင့်အတန်းအရဆိုရင် နတ်သမီးလီရန်က ကျန်တဲ့ စစ်မှန်သောတပည့် နှစ်ယောက်

ထက်တောင် အထက်မှာရှိတယ်။ ဒါပေမဲ့ အဆင့်အတန်းက တစ်ပိုင်း အစွမ်းအစက တစ်ပိုင်းပေါ့လေ”

“ငါ သိသလောက်တော့ ဒီကွမ်းထျန်းယွီက စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီ။ ဒါဟာ စစ်မှန်သောတပည့်တွေထဲမှာတောင် တကယ့်ကို ထိပ်တန်းအဆင့်ပဲ”

ဤနေရာသို့ ရောက်သောအခါ အဘိုးဟွမ်က မနာလိုဝန်တိုမှုများကို မဖုံးဖိနိုင်တော့ဘဲ “အသက် ၃၀ တောင် မပြည့်သေးဘဲ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ရောက်နေပြီဆိုတော့ တကယ့်ကို အံ့မခန်းပါပဲ”

“လူချင်းတူတူ လက်ခြေချင်းတူတူကို ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ။ သူက အသက် ၂၀ ကျော်မှာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကိုရောက်ပြီး ဂုဏ်သရေရှိ တာအိုမျိုးစေ့တပည့်ဖြစ်နေချိန်မှာ... ငါကတော့ အသက် ၈၀ ကျော်တဲ့အထိ တစ်နေ့ကို ပေါင် ၈၀၀ ကျော်တဲ့ နောက်ချေးတွေကို သယ်နေရတုန်းပဲ။ တွေးမိတိုင်း ဒေါသထွက်ဖို့ကောင်းလိုက်တာ အဲဒီ ယွီဘာဖီကို နောက်တစ်ခါ ထပ်ဆဲဦးမှပဲ”

ချန်ကျီရှင်းက ထိုစကားကိုကြားသော် နားလည်မှုရှိရှိ ပြုံးလိုက်ပြီး စင်မြင့်ထက်သို့ ပြန်ကြည့်လိုက်သည်။

စင်မြင့်ပေါ်တွင်...

ဝတုတ်တုတ် စီမံခန့်ခွဲသူယွီက မျက်နှာတွင် အပြုံးတစ်ခု အမြဲချိတ်ထားလျက် “နတ်သမီးနဲ့ တပည့်ကြီးကွမ်း... အခြွေအရံ ရွေးချယ်ချင်တယ်ဆိုရင် ဒါက မခက်ပါဘူး။ ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ။ အလုပ်ကြိုးစားပြီး ရိုးသားတဲ့သူတွေကို ရအောင် ရွေးပေးပါ့မယ်...”

စကားမဆုံးသေးမီမှာပင် ကွမ်းထျန်းယွီက ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးကို တွန့်လိုက်ပြီး အေးစက်စွာ ဖြတ်ပြောလိုက်သည်။

“ငါ့ရဲ့ ဂျူနီယာညီမလေး ဘာရွေးချယ်မလဲဆိုတာ သူနဲ့ပဲ ဆိုင်တယ်။ မင်းက ကြားထဲက ဝင်ပါနေဖို့ လိုလို့လား”

ထိုစကားကြောင့် စီမံခန့်ခွဲသူယွီ၏ အပြုံးမှာ ခဲသွားပြီး တဟားဟားဖြင့် အသံခြောက်ကြီးဖြင့် အကြိမ်ကြိမ် တောင်းပန်ကာ ဘာမှ ထပ်မပြောဝံ့တော့ပေ။

ထို့နောက် ကွမ်းထျန်းယွီက လီရန်ဘက်သို့ လှည့်ကာ နူးညံ့သောအပြုံးဖြင့် “ညီမလေး... အခြွေအရံဆိုတာ လက်ဖက်ရည်လာချပေးတဲ့ သာမန်အစေခံတွေနဲ့ မတူဘူး။ သူတို့က နောင်တစ်ချိန်မှာ ညီမလေးရဲ့ ဘေးနားကနေ အနီးကပ် ကူညီပေးရမယ့်သူတွေ။ ပထမဆုံး အစွမ်းအစကို ကြည့်ရမယ်။ ပြီးရင် အလားအလာ၊ နောက်ဆုံးနဲ့ အရေးကြီးဆုံးကတော့ သစ္စာရှိမှုပဲညီမလေးအတွက် အသက်ပေးဝံ့တဲ့သူမျိုးဆိုတာ ရှာရခက်လွန်းတယ်”

ခေတ္တရပ်ပြီး ကွမ်းထျန်းယွီက ဆက်ပြောသည်။

“ငါ့အမြင်မှာတော့ ဒီ အထွေထွေကိစ္စရပ်များဌာနဆိုတာ သာမန်ကာလျှံကာ လူညံ့တွေနဲ့ပဲ ပြည့်နေတာ။ တကယ် အလားအလာရှိတဲ့သူဆိုရင် တပည့်ဖြစ်သွားတာ ဒါမှမဟုတ် တခြား စစ်မှန်သောတပည့်တွေဆီ ရောက်သွားတာ ကြာလှပြီ”

“ဒါကြောင့် ငါ့ဆီက အခြွေအရံတွေကိုပဲ ညီမလေးဆီ လွှဲပေးတာ ပိုကောင်းမယ်ထင်တယ်။ သူတို့က ငါနဲ့အတူ တိုက်ပွဲတွေအများကြီး ဖြတ်သန်းလာတဲ့ ယုံကြည်ရသူတွေပဲ”

ခရမ်းရောင် နန်းတွင်းဝတ်စုံနှင့် လီရန်က ထိုစကားကို ကြားသော် အနည်းငယ် ပြုံးလိုက်သည်။ သူမ၏ အသံမှာ ချိုမြိန်လှသော ငှက်ငယ်လေးတစ်ကောင်၏ တေးဆိုသံကဲ့သို့ပင် “စီနီယာအစ်ကိုကြီးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မနဲ့ သင့်တော်မယ့် အခြွေအရံတွေကို ကိုယ်တိုင်ပဲ ရွေးချယ်ချင်ပါတယ်ရှင်”

ထိုသို့ပြောပြီးနောက် လီရန်က ရှေ့သို့ တစ်လှမ်းတိုးကာ ပြုံးလျက် ကြေညာလိုက်သည်

“အားလုံးပဲ... အကယ်၍ အသက် ၃၀ ကျော်နေသူတွေ ဒါမှမဟုတ် ကျင့်ကြံမှုအဆင့်က ဝိညာဉ်ပြုစုပျိုးထောင်ခြင်းနယ်ပယ်အောက်မှာ ရှိနေသူတွေဆိုရင် ကျေးဇူးပြုပြီး နောက်ဆုတ်ပေးကြပါရှင်”

All Chapters