← Chapters

အခန်း (၁၀၀၉-၁၀၁၀)

Vol. 85 Ch. 1009-1010

အခန်း (၁၀၀၉-၁၀၁၀)

Vol. 85 Ch. 1009-1010

အခန်း ၁၀၀၉ –

အစားထိုးအဆောင် ... ။

အမှောင်ထုကြီးစိုးနေသော ဝမ်လျိုမြို့၏ညဉ့်ဦးယံသည် တိတ်ဆိတ်ပြီး ခြောက်ကပ်လျက် ရှိနေ၏။

မြေအောက် ပေတစ်ထောင်အနက်တွင် ပုံရိပ်တစ်ခုသည် လျှပ်စီးပမာ ပြေးလွှားနေ၏။ ထိုသူသည် အနက်ရောင်ဝတ်ရုံ၊ ပါးစပ်ချွန်ချွန်၊ ပါးချောင်ချောင်ဖြင့် မျောက်နှင့်တူသော ရုပ်သွင်ရှိသူဖြစ်သည်။

ဤမျှနက်ရှိုင်းသော မြေအောက်၌ ထိုသူ၏ရွေ့လျားမှုကို သာမန်ကျင့်ကြံသူတို့ သိရှိနိုင်စွမ်းမရှိချေ။

သို့သော် ထိုအနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်နှာတွင်မူ အစွမ်းကုန်ထိတ်လန့်နေခဲ့သည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။

“ သတင်းအချက်အလက် မှားနေတာပဲ တိမ်ပေါ်ပျံသန်းခြင်းအဆင့် ရတနာက အဲဒီလူရဲ့ ဝင်စားခြင်းစွမ်းအားကို မချိုးဖြတ်နိုင်ဘူး ...

... ငါအမြန်ပြန်ပြီး အမှောင်ဖုံးကွယ်ရေးသခင်ကို သတင်းပို့နိုင်မှ ဖြစ်တော့မယ် ... ။ ”

တစ်ကိုယ်တည်း ရေရွတ်နေစဉ် မျက်နှာအမူအရာသည် ရုတ်ခြည်းပျက်ယွင်းကာ ရွေ့လျားမှုကို ရပ်တန့်လိုက်ရ၏။

“ ဝုန်း ... ။ ”

ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်လက် မြေပြင်ကိုထိုးဖောက်ကာ သူ့ရှေ့သက်ဆင်းလာချေသည်။ အနက်ရောင် ဝတ်စုံနှင့်လူသည် စဉ်းစားရန်အချိန်မရှိတော့ဘဲ အသက်လုကာ လမ်းကြောင်းပြောင်း၍ လှည့်ပြေးတော့၏။

သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သော ချွေးများ စိုရွှဲနေကာ ဝိညာဉ်ပါ တုန်ခါနေသည်။ တစ်စက္ကန့်မျှ နောက်ကျသော် ထိုဓားချက်တွင် အမှုန့်ဖြစ်သွားမည် ဖြစ်ချေ၏။

“ ဒီလူ ငါ့ကိုတကယ်ပဲ ဘယ်လိုများ ခြေရာခံနိုင်ရတာလဲ။ ”

“ ဝုန်း ... ။”

သူ့ အတွေးမဆုံးမီမှာပင် နောက်ထပ် ဓားအလင်းတစ်လက် မြေပြင်ကိုဖောက်ကာ ကျဆင်းလာသဖြင့် ချက်ချင်းပင် လမ်းကြောင်း ပြောင်းလိုက်ရပြန်သည်။

“ ဝုန်း ... ။ ”

သို့သော် လမ်းတိုင်းတွင် ဓားအလင်းများသည် မိုးရေစက်များပမာ အဆက်မပြတ် ကျရောက်လာ၏။

အဆုံးတွင် မရှောင်တိမ်းနိုင်တော့ချေ။ အချင်းပေတစ်ထောင်ရှိသော မြေပြင်တစ်ခုလုံး အပိုင်းပိုင်းပြတ်တောက်သွားစေသည့် ဓားချက် တစ်ချက် ကျဆင်းလာခဲ့သည်။

“ ဝေါ့ ... ။ ”

သွေးတစ်လုတ်အန်ထုတ်လျက် ရင်ဘတ်ပေါ်တွင်သွေးစို့နေသော ဓားဒဏ်ရာ တစ်ချက် ပေါ်လာသည်။

မြေပြင်ပေါ်သို့ မော့ကြည့်လိုက်သောအခါ မြေပြင်သည် ကြီးမားသည့်ချောက်ကမ်းပါးကြီး တစ်ခုသဖွယ် ပြိုကျပျက်စီးနေခဲ့၏။

ထိုချောက်ကမ်းပါးအထက်တွင် ခန့်ညားထည်ဝါသောပုံရိပ်က လေထုအလယ် ရပ်တန့်ပြီး သူ့ကိုငုံ့ကြည့်နေသည်။

“ ဘာလို့ ဆက်မပြေးတော့တာလဲ။ ”

စုရီက ပြုံးလျက်မေးသည်။ အနက်ရောင်ဝတ်စုံနှင့်လူက အသက်ကို ခက်ခဲစွာရှူလျက်၊

“ မင်း ... မင်းရဲ့ ခွန်အားအစစ်အမှန်ကို ဘာလို့ အခုမှသုံးရတာလဲ။ ”

-ဟု ပြန်မေး၏။ တစ်ဖက်လူသာ စောစောက အစွမ်းကုန်ထုတ်သုံးခဲ့သော် သူသည်လွန်ခဲ့သော အချိန်ကတည်းကပင် အသက်ပျောက်နေမည် ဖြစ်ကြောင်း သူနားလည်သွားသည်။

“ ငါ သိချင်တာလေးတွေ ရှိနေသေးတယ်။ ”

စုရီက ရိုးသားစွာပင် ပြန်ဖြေကြားသည်။ အနက်ရောင်ဝတ်စုံနှင့်လူက ခေါင်းခါယမ်းပြီး၊

“ မင်းဘာမေးမလဲဆိုတာ ငါသိတယ် ဒါပေမဲ့ငါတို့အားလုံးက အမိန့်အရလုပ်ဆောင် နေရတာ မင်းသိချင်တဲ့ အမှန်တရားကို ငါလည်းမသိဘူး ...

... ငါတို့ရဲ့ စိတ်ဝိညာဉ်ကို မင်းရှာဖွေရင်လည်း အလကားပဲ ငါတို့ရဲ့ ဝိညာဉ်ထဲမှာ တားမြစ်တံဆိပ်တွေရှိတယ် မင်းထိလိုက်တာနဲ့ ပေါက်ကွဲသွားမှာ။ ”

“ ဒါဆို မင်းက ငါ့အတွက် ဘာအသုံးဝင်တော့မှာလဲ။ ”

“ ခဏလေး ... ။ ”

စုရီက ဓားကိုမြှောက်နေစဉ် ထိုသူက ထိတ်လန့်တကြား ဟန့်တား၏။

“ ငါ့ကိုဘယ်သူအမိန့်ပေးလဲ မင်းမသိချင်ဘူးလား။ ”

“ ပြောပါဦး ... မင်းရဲ့စကားက မင်းအသက်ကို ကယ်တင်နိုင်ကောင်း ကယ်တင် နိုင်လိမ့်မယ်။ ”

“ ငါတို့အားလုံးကို အမှောင်ဖုံးကွယ်ရေးသခင်က အမိန့်ပေးနေတာ အခု သူ ဝမ်လျိုမြို့မှာ ရှိနေတယ်။ ”

“ သူ့ကို ဘယ်လိုရှာရမလဲ။ ”

စုရီက ထပ်မေးသည်။ ဝမ်လျိုမြို့သည် ကြီးမားလှသဖြင့် တိကျသောသဲလွန်စမရှိသော် ရှာဖွေရန် မလွယ်ကူချေ။

ထိုသူသည် အနက်ရောင် ကျောက်စိမ်းတံဆိပ်တစ်ခုကို ထုတ်ယူလိုက်ကာ လှမ်းပေးလေသည်။

“ ဒီတံဆိပ်က အမှောင်ဖုံးကွယ်ရေးသခင်ရဲ့ တည်နေရာကို ညွှန်ပြပေးလိမ့်မယ်။ ”

စုရီက ကျောက်စိမ်းတံဆိပ်ကို စစ်ဆေးကြည့်လိုက်၏။ ထူးဆန်းသော နတ်ဆိုး ရူရ်များနှင့် သွေးနီရောင်တံခါးပုံသဏ္ဌာန် တံဆိပ်တစ်ခုပေပင်။

“ ငါသူ့ကိုတွေ့တာနဲ့ မင်းကို ထွက်သွားခွင့်ပေးမယ်။ ”

စုရီက တစ်ဖက်လူကို ဖမ်းဆီး ခေါ်ဆောင်သွားတော့သည်။

ဝမ်လျိုမြို့။ ညဉ့်နက်သန်းခေါင်တွင် မြို့တွင်းရှိလမ်းမများသည် တိတ်ဆိတ်ပြီး မှောင်မိုက်နေချေပြီ။

ခန့်ညားသော စံအိမ်တစ်ခုအတွင်းရှိ ရှေးဟောင်းသစ်ပင်ကြီး တစ်ပင်အောက်တွင် သလဲသီးရောင် စကတ်ဝတ်ထားသော မိန်းကလေးတစ်ဦး ထိုင်နေ၏။

သူမသည် အလွန်လှပကာ ချစ်စဖွယ်ကောင်းနေသော်လည်း ရောင်ဝါနှင့် အငွေ့အသက်သည် လူသားတစ်ဦးနှင့် မတူချေ။

“ ဝင်လာပါ။ ”

မိန်းကလေးက မော့မကြည့်ဘဲ ဖိတ်ခေါ်လိုက်သည်။ ခြံဝင်းတံခါးပွင့်သွားပြီး စုရီလှမ်းဝင်လာ၏။ မိန်းကလေးကို မြင်လိုက် သည်နှင့် စုရီမှ မျက်ခုံးပင့်သွားရသည်။

“ သေလွန်ဝိညာဉ်တစ်ကောင်လား ... ။ ”

“ မင်းက ဝင်စားခြင်းဥပဒေကို ပိုင်ဆိုင်ထားတဲ့ အဲဒီလူဖြစ်ရမယ် ထိုင်ပါ ငါမင်းကို စောင့်နေတာကြာပြီ။ ”

မိန်းကလေးက ပြုံးရွှင်စွာ နှုတ်ဆက်သည်။

“ ငါလာမှာကို မင်းသိနေတာလား။ ”

စုရီက စိုးရိမ်ခြင်းမရှိဘဲ သူမအနီးသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားတော့သည်။

“ မဟုတ်ဘူး မင်းသေသွားလိမ့်မယ်လို့ ထင်နေတာ ဒါပေမဲ့ ... မင်းမသေမှာကိုလည်း စိုးရိမ်လို့ ဒီမှာကိုယ်တိုင်စောင့်နေရတာ။ ”

စကားဆုံးသည်နှင့် အစာပြေချထားသော သလဲသီးများကို ပါးစပ်ထဲသို့ လောင်းထည့်ကာ အားရပါးရဝါးနေတော့၏။

“ ဒါဆို မင်းက အမှောင်ဖုံးကွယ်ရေးသခင်ပေါ့။ ”

စုရီက မေးလိုက်သည်။

“ ဟားဟားဟား ငါကသူတို့ထဲက တစ်ယောက်ပါ မင်းငါ့ကိုရာဇဝတ်သားတစ်ဦးလို မေးမြန်းနေတာ တကယ်ကို အနှောင့်အယှက် ဖြစ်စေတယ်။ ”

ထို့နောက် မိန်းကလေးက လက်ဖျောက်တီးလိုက်ရာ အရပ်လေးမျက်နှာမှ သေလွန်ဝိညာဉ်လေးကောင် ထွက်ပေါ်လာ၏။

သူတို့အားလုံးသည် အနက်ရောင် အလံများကို ကိုင်ဆောင်ထားပြီး အင်မော်တယ် ရောင်ဝါများ ထုတ်လွှတ်နေကြသည်။

“ ဝင်္ကပါလား ... ။ ”

စုရီက မျက်ခုံးပင့်လိုက်သည်။ မိန်းကလေးကခေါင်းညိတ်ကာ၊

“ ဒါက သာမန်အစီရင် မဟုတ်ဘူး။ တောင်နှင့်ပင်လယ်ကိုမြှုပ်နှံခြင်း အစီရင်ခံလို့ ခေါ်တယ် ရှေးခေတ်က တာအိုပေါင်းစည်းခြင်း အဆင့် ပညာရှင်တွေကိုတောင် သတ်နိုင်တဲ့ စွမ်းအားရှိတယ် ...

... အခုတော့ ရှေးခေတ်လောက် စွမ်းအားမကြီးတော့ပေမယ့်လည်း မင်းလိုလူကို နှိမ်နင်းဖို့တော့ လုံလောက်ပါတယ်။ ”

“ ဒါဆို စမ်းကြည့်ရအောင်။ ”

စုရီမှ ရုတ်တရက် တိုက်ခိုက်လိုက်၏။ ဓားအလင်းတစ်လက် မိန်းကလေးထံ ပြေးဝင် ထိမှန်သွားလေသည်။ သို့သော် မိန်းကလေး ပုံရိပ်သည် အဝါရောင် စက္ကူဆောင်တစ်ခုအဖြစ် ပြောင်းလဲကာ လောင်ကျွမ်းသွား၏။

“ အဆင့်မြင့်အစားထိုးအဆောင်လား။ ”

စုရီမှ ပြုံးလိုက်သည်။

“ သူ့ကိုသတ် ... ။ ”

မိန်းကလေးက ဝေးလံသောအမိုးပေါ်တွင် ပြန်လည်ပေါ်လာပြီး အမိန့်ပေး၏။ ခဏအတွင်း ခြံဝင်းတစ်ခုလုံးသည် တောက်ပသော နတ်ဆိုး ရူရ်များနှင့် ဖုံးလွှမ်းသွားကာ ကြယ်ကြွေကျခြင်း၊ တောင်များမြင့်တက်လာခြင်း စသည့် ဖြစ်စဉ်များ ပေါ်ပေါက်လာသည်။

“ သတိထား ... သူ့ကို တကယ်မသတ်မိစေနဲ့။ ”

ထိုမြင်ကွင်းထံ မိန်းကလေးက လက်ပိုက်ကာငေးကြည့်လျက် မောက်မာစွာ အမိန့်ပေးလိုက်သည်။ သို့သော် ဝင်္ကပါအတွင်းရှိ စုရီ၏ပုံရိပ်သည် ရုတ်တရက်ပေါက်ကွဲသွားကာ အပိုင်းပိုင်း ပြတ်တောက်လာတော့၏။

ဝိုင်းရံထားသော သေလွန်ဝိညာဉ်များမှာ အံ့အားသင့်သွားသည်။ အဝေးရှိ မိန်းကလေးမှ မျက်နှာပျက်ယွင်းလျက်၊

“ မဟုတ်ဘူး ... သူလည်း အစားထိုးအဆောင်တစ်ခုပဲ။ ”

-ဟု အော်ဟစ်ကာ ပတ်ဝန်းကျင်ထံ ဝေ့ကြည့်တော့၏။

ထိုစဉ် ခြံဝင်းအပြင်ဘက်မှ ထက်ရှလွန်းလှသော ဓားအရှိန်အဝါတစ်ခုသည် ကောင်းကင်ပေါ် ထိုးတက်လာခဲ့သည်။ ၎င်းတွင် ဝင်သားခြင်းဥပဒေများ ပါရှိချေပြီ။

“ ဒါ ... ဝင်စားခြင်း စွမ်းအားပဲ။ ”

“ မလုပ်နဲ့ ... ။ ”

သေလွန်ဝိညာဉ်လေးပါးသည် ထိတ်လန့်တကြား အစွမ်းကုန်ခုခံခဲ့သော်လည်း ဝင်စားခြင်းစွမ်းအားအောက်တွင် နှင်းခဲများ နေထိသကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် အရည်ပျော်ကာ ပြာအဖြစ်သို့ ပြောင်းလဲ သွားကြတော့သည်။

ဤနည်းဖြင့် တောင်နှင့်ပင်လယ် မြှုပ်နှံခြင်းအစီရင်သည်လည်း ပျက်ပြယ်ကာ ပျောက်ကွယ်သွားခဲ့၏။

အဝေးမှ ခေါင်မိုးပေါ်ရှိ မိန်းကလေးသည် ဒေါသနှင့်ထိတ်လန့်မှုကြောင့် တုန်ရင်လာသည်။ သူမ လှည့်စားခံလိုက်ရပြီဖြစ်၏။

“ ဘယ်လိုလဲ သူတို့ကတော့ ငါစမ်းသပ်ကြည့်ရုံနဲ့သေသွားကြပြီ ... မင်းကော ထပ်စမ်းကြည့်ချင်သေးလား။ ”

ကျောက်စိမ်းရောင်ဝတ်ရုံစများ တဖျပ်ဖျပ်ခတ်လျက် လက်နှစ်ဖက်နောက်ပို့ကာ စုရီက အမှောင်ထဲမှ လှမ်းထွက်လာတော့၏။

***

အခန်း ၁၀၁၀ -

ပန်းပဲရုံသို့ ... ။

အမျိုးသမီးငယ်၏ မျက်နှာသည် မည်းမှောင်သွားပြီး စုရီထံစိုက်ကြည့်တော့၏။ သည့်နောက် ရုတ်တရက် ရယ်မောလိုက်ကာ၊

“ ဟားဟားဟား ... မင်းက ငါ့ကို လိမ်နေတာပဲ ဒါကြောင့် ငါလည်း ဘာအဖြေမှ ပေးမှာမဟုတ်ဘူး။ ”

-ဟု ပြောကြားလာသည်။

စုရီက စကားမဆိုတော့ဘဲ မူလနေရာမှပျောက်ကွယ်သွား၏။ ခဏအကြာ၌ သလဲသီးရောင်စကတ်ဖြင့် အမျိုးသမီးထံသို့ ဝင်စားခြင်းစွမ်းအားများ ကိန်းဝပ်နေသည့် ဓားအလင်းတစ်လက် ကျရောက်လာသည်။

“ ဟမ့် ... ဒီလောက်လွယ်မယ်ထင်လား။ ”

မိန်းကလေးက လက်ဖဝါးပေါ်တွင် ရွှေရောင်ဓားတစ်လက် ဆင့်ခေါ်လျက်ဖြင့် ထိပ်တိုက်ခုခံလိုက်သည်။

“ ဝုန်း ... ။ ”

လက်နက်ချင်း ထိမှန်သံနှင့်အတူ နတ်ဘုရားအလင်းတန်းများ လွင့်စင်သွားသည်။ အမျိုးသမီးခမျာ မိုးကြိုးပစ်ခံရသကဲ့သို့ ပြင်းထန်စွာ လွင့်ထွက်သွားရ၏။

ဝင်စားခြင်းစွမ်းအားသည် အလွန်ပင် စွမ်းပကားကြီးမားလှချေပြီ။ စွမ်းအင်အလွှာကို ချိုးဖြတ်ကာ ခန္ဓာကိုယ်ထဲဝင်ရောက်လာ၏။

ခန္ဓာကိုယ်အတွင်း ပေါက်ကွဲမှု အသေးစားများဖြစ်ပေါ်လာကာ မျက်နှာပြင် ဖြူဖျော့လျပ် ဝိညာဉ်တစ်ခုလုံး ပူလောင်သည့် ဝေဒနာများ ခံစားလာရတော့၏။

သူမကိုယ်သူမ ပြန်လည် ထိန်းညှိနိုင်ခြင်းမရှိခင်မှာပင် စုရီသည် ထပ်မံ တိုက်ခိုက်လာပြန်သည်။

ဓားရောင်ဝါသည် မီးခိုးရောင် လှိုင်းလုံးကြီးအလား ပျံ့နှံ့လာသဖြင့် ပေါ့ဆခြင်း မပြုဝံ့တော့ဘဲ အဖြူရောင်အရိုးတံဆိပ်ကို ထုတ်ယူကာ အသက်သွင်းလိုက်၏။

“ ဝှစ် ... ။ ”

နတ်အလင်းများ ဖြာလျက်ဖြင့် လေထုအလယ်တွင် ပျောက်ကွယ်သွားခဲ့သည်။ စုရီမှ မျက်မှောင်ကြုတ်သွား၏။ များမကြာမီ ပေတစ်သောင်းခန့်အကွာတွင် ပြန်ပေါ်လာပြီး အေးစက်သောအကြည့်ဖြင့်၊

“ ဟမ့် ... လူယုတ်မာလေး ... နောက်တစ်ကြိမ်ပြန်တွေ့ရင် ငါ့ရဲ့ခွန်အား အစစ်အမှန်ကို ပြပေးမယ်။ ”

-ဟု ဆိုကာ လှည့်ထွက်ရန် ပြင်လိုက်သည်။

“ ဟမ့် ... ။ ”

“ ခိုးဝင်တိုက်ခိုက်တာလား။ ”

“ ဝုန်း ... ။ ”

သို့သော် ထိုစဉ်မှာပင် ကြေးဝါတံဆိပ် တစ်ခုသည် ကောင်းကင်မှ ကျဆင်းလာသဖြင့် အဖြူရောင်အရိုးဖြင့် ချက်ချင်း ခုခံလိုက်ရသည်။

ပြင်းထန်သော ပေါက်ကွဲမှုနှင့်အတူ နောက်သို့ လွင့်သွားရပြန်၏။ လီပေ့ရှန်သည် လေထုအလယ်ပေါ်လာပြီး ဝေရှန်းသည်လည်း ရောက်ရှိလာတော့သည်။

“ ဒါကို မှတ်ထားလိုက်မယ် ငါ့နာမည်က နင်ယုလောင် အနာဂါတ်မှာပြန်လာပြီး ... နင်တို့ နှစ်ယောက်လုံးကို သတ်ပစ်မယ်။ ”

စကားဆုံးသည်နှင့် မိန်းကလေးက ချက်ချင်းလှည့်ပြေးတော့သည်။ သို့သော်စုရီမှ ခွင့်မပြုချေ။ သူ့လက်ကိုမြှောက်ကာ (၉)လက်မ ဓားမြှောင်ကို ထုတ်ပြီး ပစ်ခတ်လိုက်တော့၏။

“ ရွှပ် ... ။ ”

ဤသည်မှာ ကျောက်စိမ်းကဲ့သို့ ချောမွေ့သောနတ်ဝါးဖြင့် သွန်းလုပ်ထားသည့် လနန်းတော်ဝါးဓား ပေပင်။ စစ်မှန်သောလူသား ဟုန်ယွင်ထံမှ လက်ဆောင်ရထားခြင်းဖြစ်၏။

လနန်းတော်ဝါးဓားသည် အစိမ်းရောင် အလင်းတန်းတစ်ခုအလား ကောင်းကင်ဖြတ်ပြီး ပျံသန်းသွားချေပြီ။ လမ်းတလျှောက် မီးလျှံများ တောက်ပလျက် ကောင်းကင်တစ်ခုလုံး ပြိုကျသွားသကဲ့သို့ ခံစားရစေ၏။

“ လူယုတ်မာ ... ။ ”

ပေတစ်ထောင်အကွာတွင် မိန်းကလေး တစ်ယောက်၏ နာကျင်စွာ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

တစ်ဆက်တည်းမှာပင် သူမအသွင် ပြန်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ဝက်ပျက်စီးကာ သွေးများ ရေတံခွန်အလား စီးကျနေခဲ့၏။

ကြည့်နေဆဲမှာပင် ခန္ဓာကိုယ်သည် တစ်စစီပဲ့ကြွေလျက် ဝိညာဉ်နှင့် ပျံဝဲနေသော အဖြူရောင်အရိုးသာ ကျန်ရစ်တော့သည်။

“ ဒါက တာအိုပေါင်းစည်းခြင်းအဆင့် ပညာရှင်တစ်ယောက်ရဲ့ တိုက်ခိုက်မှုနဲ့တောင် နှိုင်းယှဉ်လို့ရတယ်။ ”

ထိုမြင်ကွင်းကို ကြည့်နေသော လီပေ့ရှန်တစ်ယောက် တုန်လှုပ်စွာမှတ်ချက်ချ လိုက်လေသည်။ ဤရတနာသည် မိန်းကလေး ဟုန်ယွင်ကိုယ်တိုင် သန့်စင်ထားသော ရတနာ တစ်ပါးပေပင်။

စုရီကမူ ထိုအရာကို ဂရုမစိုက်အားပဲ မျက်မှောင်ကြုတ်လျက် မိန်းကလေးဝိညာဉ်ကို ကြည့်ကာ၊ ‘အသက်ရှင်သေးတာလား’ဟု ရေရွတ်လိုက်သည်။

သူမလက်ထဲရှိသော အဖြူရောင်အရိုးမှာ အလွန်အံ့ဖွယ်ကောင်းသော ရတနာဖြစ်ကြောင်း နားလည်လိုက်ချေပြီ။

“ ငါ့ကို လွှတ်ပေးရင် အမှန်အတိုင်း ပြောပြနိုင်တယ်။ ”

မိန်းကလေးဝိညာဉ်က လောင်းကစား မပြုဝံ့တော့ဘဲ စုရီနှင့်သူမအသက် အပေးအယူ လုပ်ရန် ကမ်းလှမ်းလာခဲ့သည်။

“ ပြောပါ ... ။ ”

စုရီက မေးဆက်ပြလိုက်၏။

“ ငါတို့အဖွဲ့ဟာ အပ်ချုပ်သမားလို့ခေါ်တဲ့ လူတစ်ယောက်နဲ့ မဟာမိတ်ဖွဲ့ထားတယ် သူက ဒီဝမ်လျိုမြို့မှာစောင့်ပြီး မင်းကိုဖမ်းပေးဖို့ အကူအညီတောင်ထားတယ်။ ”

“ အပ်ချုပ်သမားလား။ ”

စုရီက မျက်ဝန်းများ အေးစက်သွား၏။

“ ဟုတ်တယ် ဒုက္ခိတဝေကို ... ငါးစာအဖြစ်သုံးရင် မင်းကိုဖမ်းမိဖို့မခက်ဘူးလို့ သူ ပြောခဲ့တယ်။ ”

အမျိုးသမီးက ရှင်းပြသည်။

“ အဖိုးကြီးဝေ အသက်ရှင်သေးလား။ ”

“ ငါမသိဘူး ... ။ ”

“ မင်းရဲ့ နောက်ခံကဘာလဲ။ ”

“ ငါက အမှောင်ဖုံးကွယ်ရေးဂိုဏ်းက တစ်စုံတစ်ယောက်ပဲ ငါတို့ဂိုဏ်းက ရှေးခေတ်က အလွန်စွမ်းအားကြီးခဲ့သော နတ်ဆိုးဂိုဏ်းပါ ...

... ဒါပေမယ့် ဓမ္မအဆုံးခေတ်မှာ ပျက်စီးခဲ့ရတယ် အခုတော့ လူတိုင်းက သေလွန် ဝိညာဉ်တွေအဖြစ်သာ ကျန်ရစ်တော့တယ်။ ”

“ ကောင်းပြီ ... မင်းသွားနိုင်ပြီ။ ”

စုရီက မိန်းကလေးကို ထွက်သွားခွင့် ပေးလိုက်တော့သည်။ မိန်းကလေးဝိညာဉ်ခမျာ စိတ်သက်သာရာရသွားပြီး၊

“ ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် သခင်လေး။ ”

-ဟု အထပ်ထပ်အခါခါ ဦးညွှတ်ကာ ချက်ချင်း ပြေးထွက်သွားတော့၏။

“ သခင်လေး ... ဘာလို့ သူ့ကို လွှတ်ပေးလိုက်တာလဲ။ ”

လီပေ့ရှန်မှ နားမလည်ဖြစ်သွားသည်။ ဝေ့ရှန်းက ပြုံးလိုက်၏။

“ ဒါက သခင်လေးရဲ့ကိုယ်ကျင့်တရားပဲ သူလွှတ်ပေးမယ်ဆိုရင် သေချာပေါက်လွှတ်ပေး လိမ့်မယ် ဘယ်တော့မှ ကတိမဖျက်ဘူး။ ”

လီပေ့ရှန်တစ်ယောက် နားလည်သွားတော့သည်။ ကျင့်ကြံမှုလမ်းတွင် လူ့နှလုံးသားသည် နားလည်ရအခက်ခဲဆုံးပင် ဖြစ်ချေပြီ။ ဤကဲ့သို့သော ခိုင်မာသည့်လမ်းကို ရရှိနိုင်ရန်မှာ အလွန်ရှားပါးချေ၏။

“ ဝေလေး ... ကျိဟဲမြို့ကိုသွားရအောင် ... ။ ”

စုရီမှ လှမ်းထွက်လာခဲ့သည်။ လမ်းခရီး၌ ဖမ်းဆီးထားသော အနက်ဝတ်လူကို သူ့ကတိ အတိုင်းစုရီက ပြန်လွှတ်ပေးလိုက်၏။

ဤလူများသည် သူတို့၏ကျိန်စာများကို ချေဖြတ်ပေးမည်ဟူသော ကတိစကားများဖြင့် အပ်ချုပ်သမား၏ သွေးဆောင်ခံရသူများ ပေပင်။

စစ်မှန်သော ဒုက္ခသည် အပ်ချုပ်သမားတွင် ဖြစ်သည်။ သုံးရက်အကြာတွင် ဝမ်ကျိုးမြို့တော် အတွင်း အကြီးဆုံးမြို့ဖြစ်သော ခရမ်းရောင် မြစ်မြို့သို့ ရောက်ရှိလာသည်။ (ကျိဟဲမြို့)

ကောင်းကင်မြို့တော် ကြယ်နယ်မြေတွင် လက်နက်ထုလုပ်ရာ၌ သန့်ရှင်းသောမြေအဖြစ် သတ်မှတ်ခံရသော နတ်ဘုရားပန်းပဲရုံသည် ခရမ်းရောင်မြစ်မြို့တွင် တည်ရှိ၏။

အဝေးမှပင် ခရမ်းရောင်မြစ်မြို့၏ ရှေးဟောင်းအသွင်အပြင်နှင့် ထည်ဝါလွန်းသော ပုံစံကိုမြင်နိုင်နိုင်ချေပြီ။ မြို့ကောက်ကြောင်းထံ ငေးမောလျက် စုရီတစ်ယောက် အတိတ်ကို ပြန်အမှတ်ရကာ ပြုံးမိသွားသည်။

နတ်ဘုရားပန်းပဲရုံ အပြင်ဘက်တွင် ထူးဆန်းသော ကျောက်တုံးတစ်တုံးရှိလေ၏။ ထိုကျောက်တုံးသည် နတ်တောင်တစ်တောင် ထက်ပင် ပိုမိုလေးလံသည်။

ထိုစဉ်က နတ်ဘုရားပန်းပဲရုံပိုင်ရှင် ဝမ်ပူသည် ဤထူးဆန်းသောကျောက်တုံးကို ပင့်မြှောက်နိုင်သူတိုင်း နတ်လက်နက်တစ်ခု အခမဲ့သွန်းလုပ်နိုင်သည်ဟု ကြေငြာခဲ့ဖူး၏။

ထို့ကြောင့် လူအများသည် ဤသို့လာ၍စမ်းကြည့်သည်။ သို့သော် တုံ့ယွီ အဆင့် နယ်ပယ်ဘုရင်သည်ပင် ကျရှုံးခဲ့၏။

ဤအဖြစ်ပျက်သည် ကောင်းကင်မြို့တော် ကြယ်နယ်မြေတွင် လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့ပြီး လူသိများသော ဇာတ်လမ်းဖြစ်လာသည်။

လောကသခင်သည်လည်း သေမျိုးနယ်ပယ်ဓားကို သွန်းလုပ်ချင်သောအခါ ဤပန်းပဲရုံသို့ လာခဲ့၏။

လူအများက ထူးဆန်းသော ထိုကျောက်တုံးကို မတင်ကြည့်ရန်တိုက်တွန်း လာသဖြင့် စိတ်ဝင်စားစွာ မကြည့်မိသည်။ မမျှော်လင့်ဘဲ အလွယ်တကူ မတင်နိုင်ခဲ့၏။

ထို့ကြောင့် စောင့်ကြည့်နေသူအားလုံး အံ့အားသင့်သွားကြပြီး ဝမ်ပူကို လောကသခင် အတွက် လက်နက် အခမဲ့သွန်းလုပ်ပေးရန် တောင်းဆိုပေးခဲ့ကြသည်။

ဝမ်ပူမှ ပြုံးပြီး ကျောက်တုံးအောက်ခြေက စာတန်းကို ကြည့်ရန်အကြံပြု၏။ ကျောက်တုံး အောက်တွင် ကွမ်ကျိုးတစ်ယောက်တည်းသာ မတင်နိုင်၏ဟု ကြိုတင်ရေးသားထားသည်။ ယင်းကြောင့် လူတိုင်းပျော်ရွှင်စရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာခဲ့၏။

“ နှစ်တွေအရမ်းကြာခဲ့ပြီ ... အဲဒီအဖိုးကြီးဝမ်ပူရှိသေးလားလို့ ... ငါ တွေးမိပါတယ်။ ”

ထိုအရာကိုစဉ်းစားနေစဉ် စုရီသည် ခရမ်းရောင်မြစ်မြို့ထဲ လှမ်းဝင်လိုက်ပြီဖြစ်၏။ လမ်းမအတိုင်း ဖြည်းဖြည်းချင်း လျှောက်လှမ်း သွားလျက်ဖြင့် နတ်ဘုရားပန်းပဲရုံသို့ ဦးတည်လာခဲ့သည်။

မြို့အနောက်ဘက်ရှိ နတ်ဘုရား ပန်းပဲရုံထံသို့ရောက်သောအခါ စုရီမှရုတ်တရက် ရပ်လိုက်၏။

ပန်းပဲရုံတံခါးကို တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး နှစ်ပေါင်းများစွာတည်ရှိနေသော ထူးဆန်းသည့် ကျောက်တုံးသည် လုံးဝ ပျောက်ကွယ်နေချေပြီ။

“ သခင်လေး ဒီမှာတစ်ခုခု ဖြစ်သွားတာလား။ ”

ဝေရှန်းမှ တိတ်ဆိတ်နေသော ပန်းပဲရုံကို အကဲခတ်ကြည့်ကာ ပြောကြားလေသည်။ စုရီမှ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လျက် အနည်းငယ် တွေဝေနေခဲ့၏။

ပန်းပဲရုံအဝင်ဝတွင် မီးခိုးရောင်ဝတ်ရုံနှင့် ရှုပ်ပွနေသောလူရွယ်တစ်ယောက် ရှိနေသည်။ ထိုလူရွယ်သည် လှေကားပေါ် ကျောမှီချကာ မျက်လုံးများ မှိတ်ထားခဲ့၏။

***

All Chapters