အခန်း (၁၀၁၃-၁၀၁၄)
Vol. 85 Ch. 1013-1014
အခန်း ၁၀၁၃ -
ဓားသွန်းလုပ်ခြင်း ... ။
စုရီ၏ စိတ်ဝိညာဉ်ပင်လယ်အတွင်း၌ အပြာရောင်နတ်အလင်းများ ရစ်သိုင်းနေသော အမျိုးသားဝိညာဉ်သည် အော်ဟစ်ရယ်မော နေခဲ့သည်။
ကျောက်စိမ်းသရဖူ ဆောင်းထားပြီး အပြာရောင်ဝတ်ရုံများ တဖျပ်ဖျပ်လွင့်နေကာ မာနထောင်လွှားသည့် အရှိန်အဝါကို ထုတ်လွှတ်နေ၏။
သူသည် ဝမ်းသာအားရဖြင့် ဤမျှအစွမ်းထက်သောအခွင့်အရေးမျိုး သူ့ရှေ့ ဆိုက်ရောက်လာခြင်းကို မျှော်လင့်ထားပုံ မပြချေ။
“ ဒါဟာ ကောင်းကင်ကပေးတဲ့ လက်ဆောင်ပဲ ဟားဟားဟား ... ဟမ့်၊ နေဦး ဒါက တကယ်ပဲ အသိစိတ်ပင်လယ်လား။ ”
ရုတ်တရက် အပြာရောင်ဝတ်ရုံဝတ် အမျိုးသား၏ရယ်သံ ချက်ချင်းရပ်တန့်သွား၏။ တစ်ခုခုမှားနေကြောင်း သတိထားမိချေပြီ။
သူသည် အဆုံးအစမဲ့နေသည့် သမုဒ္ဒရာကြီးပေါ်တွင် ရပ်နေသကဲ့သို့ ခံစားလာ ရခြင်းဖြစ်သည်။
လှိုင်းလုံးများသည် တဟုန်ထိုး မြင့်တက်နေပြီး ပတ်ဝန်းကျင်မှာ မျက်စိတဆုံး ကျယ်ပြောနေ၏။
“ ကွေ့ယီအဆင့်ကျင့်ကြံသူက ဒီလောက်ကြီးမားနဲ့ စိတ်ဝိညာဉ်ပင်လယ်မျိုးကို ပိုင်ဆိုင်နိုင်တာလား။ ”
ပတ်ဝန်းကျင်ကို စစ်ဆေးပြီးနောက် အံ့အားသင့်စွာ ရေရွတ်မိသည်။ ယခင်ဘဝ၌ ကောင်းကင်ဘုံနယ်ပယ် အထွတ်အထိပ်ဖြစ်ပြီး အင်မော်တယ်အဖြစ် တက်လှမ်းရန် ခြေတစ်လှမ်းမျှသာလိုခဲ့၏။
ထို့ကြောင့် ထူးခြားသော စိတ်ဝိညာဉ်ပင်လယ်များစွာကို မြင်ဖူးခဲ့၏။ သို့သော် ယခုမြင်ကွင်းသည် မယုံနိုင်စရာ ကောင်းနေချေပြီ။
“ ဒါဟာ ပြန်လည်ဝင်စားခြင်းကို ထိန်းချုပ်နိုင်သူတွေရဲ့ အထူးအရည်အချင်း တွေများလား။”
တွန့်ဆုတ်မနေတော့ဘဲ တံဆိပ်များ ဖော်ဆောင်လိုက်ရာ အပြာရောင်အလင်းများ ပေါက်ကွဲထွက်လာပြီး ပိုက်ကွန်အဖြစ် ပြောင်းလဲသွား၏။
ထို့နောက် အပြာရောင်ပိုက်ကွန်သည် စိတ်ဝိညာဉ်ပင်လယ်ကြီးတစ်ခုလုံးကို ဖုံးလွှမ်း သွားတော့သည်။
“ အဟား ... ဒီနေရာကို သိမ်းပိုက်ပြီးရင် ဒီကောင်ရဲ့ဝိညာဉ်ကိုသန့်စင်ပြီး ဝင်စားခြင်း လျှို့ဝှက်ချက်တွေကို ငါယူရမယ်။ ”
အပြာရောင်ဝိညာဉ်က အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။ သို့သော် အပြာရောင် ပိုက်ကွန်သည် ပေါက်ကွဲထွက်သွားပြီး တုန့်ပြန်မှုများခံလိုက်ရတော့၏။
“ ဘောင်း ... ။ ”
“ အဟွတ် အဟွတ် ... ။ ”
တစ်ဆက်တည်းမှာပင် ကောင်းကင်မှ မြေကြီးအထိ ဆန့်တန်းနေသော ဧရာမ တာအို ဓားကြီးတစ်လက် ထွက်ပေါ်လာသည်။
ဓားပေါ်တွင် ရှေးဟောင်းနဂါးကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သည့် သံကြိုးများဖြင့် ရစ်ပတ်ထား၏။
“ ဒါ ... ဒါက ငါ့ဝိညာဉ်ကို ဖိနှိပ်နေတဲ့ ကောင်းကင်ရတနာများလား မဟုတ်နိုင်ဘူး ကောင်းကင်ရတနာဆိုရင်တောင် ဒီလောက် ကြောက်စရာ မကောင်းနိုင်ပါဘူး။ ”
ထိုဓားကိုကြည့်ရုံမျှဖြင့် သူ့ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှ ကြောက်ရွံ့မှုများသည် ဖြစ်ပေါ်လာသည်။ ပုရွက်ဆိတ်တစ်ကောင်မှ နတ်ဘုရားတစ်ပါးကို မော့ကြည့်နေရသလို ပေပင်။
“ ကောင်းကင်ဘုံက မင်းကို ငါ့ရဲ့စိတ်ဝိညာဉ်ပင်လယ်ထဲ ပို့ပေးလိုက်တာပဲ။ ”
ထိုစဉ် စကားသံနှင့်အတူ စုရီသည် ပြုံးလျက်ပေါ်လာ၏။ အပြာဝတ်အမျိုးသားခမျာ အန္တရာယ်ကို သိရှိလိုက်သဖြင့် လျှပ်စီးကဲ့သို့ ပြေးဝင်တိုက်ခိုက်တော့သည်။
“ သေလိုက်တော့ ... ။ ”
“ ရွှပ် ... ။ ”
“ ဝုန်း ... ။ ”
သို့သော် စုရီမှ လက်ညှိုးဖြင့်သာ အသာအယာထိုးညွှန်လိုက်တော့၏။ ဓားအလင်း တစ်လက် ပြေးဝင်လာပြီး အပြာရောင်ဝိညာဉ်မှ ဧရာမပေါင်တူဖြင့် ထုနှက်ခံလိုက်ရသည့် အလား လွင့်ထွက်သွားလေသည်။
“ မင်းငါ့ကို လှည့်စားခဲ့တာပဲ။ ”
အပြာရောင်ဝိညာဉ်သည် ချက်ချင်းပင် ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော် စုရီ၏ စိတ်ဝိညာဉ်ပင်လယ်သည် ဆူပွက်လာပြီး ဓားစွမ်းအင်များဖြင့် ချုပ်နှောင်လာ၏။
“ ခရစ် ... ။ ”
“ ဘောင်း ... ။ ”
အံကြိတ်လျက် တိုက်ပွဲဝင် ကောင်းကင်လက်စွပ်ကို ထုတ်သုံးလိုက် သော်လည်း ဓားစွမ်းအင်အောက်တွင် ခဏချင်း ကြေမွသွားရသည်။
“ မလုပ်နဲ့ ... ငါ ... ငါ အညံ့ခံပါ့မယ်။ ”
အပြာရောင်ဝိညာဉ်ခမျာ ကြောက်လန့်တကြား တောင်းပန်တော့သည်။ သို့သော် သူ့စကားမဆုံးခင်မှာပင် အော်ဟစ်သံ နှင့်အတူ အပိုင်းအစများအဖြစ် ပြန့်ကျဲသွား၏။
အပိုင်းအစများကြားမှ ထိုသူ၏ အတိတ်မှတ်ဉာဏ်များကို စုရီမြင်လိုက်ရသည်။ ဤဝိညာဉ်အမည်မှာ ဝမ်ယွမ်ဟီဖြစ်၏။
‘မျက်နှာတစ်ထောင် နတ်ဆိုး’ဟု လူသိများသော အဝါရောင်တောင်တန်း၏ အကြီးအကဲတစ်ဦးပေပင်။
သူသည် ဝမ်ပူ၏ခန္ဓာကိုယ်ကို လုယူသိမ်းပိုက်ခဲ့ခြင်းပေပင်။ ထိုအရာကို သိလိုက်ရချိန်တွင် စုရီမှ သက်ပြင်းချ လိုက်တော့သည်။
“ ဝမ်ပူ ... ငါ မင်းအတွက် လက်စားချေပေးလိုက်ပြီ အေးအေးချမ်းချမ်း အနားယူပါ။ ”
ထို့နောက် စုရီက အဆုံးသတ် ဥပဒေစဉ်းမျဉ်းများဖြင့် သေဆုံးနေသောဝမ်ပူ၏ ခန္ဓာကိုယ်အပေါ် သိုင်းခြုံပစ်လိုက်သည်။
များမကြာခင် မှုန်ဝါးနေသော ဝမ်ပူဝိညာဉ်အသွင်အပြင် ထွက်ပေါ်လာပြီး ပြုံးပြလျက် ကောင်းကင်ပေါ် ပျံတက်ကာ လွင့်ပါးပျောက်ကွယ်သွား၏။
ဤသည်မှာ ဝမ်ပူ၏ အကြွင်းအကျန် ဆန္ဒဝိညာဉ်ဖြစ်သည်။ ယနေ့မဖယ်ရှားသော် အချိန်ကြာလာပါက နာကျဉ်းမှုဝိညာဉ်အဖြစ် ပြောင်းလဲလာနိုင်၏။
ထို့နောက် လျှို့ဝှက်ဆန်းကြယ်သော မီးဖိုကြီးထံသို့ ချဉ်းကပ်သွားသည်။ မီးဖိုထဲတွင် ဝမ်ယွမ်ဟီသွမ်းလုပ်နေသော ဓားသန္ဓေသား တည်ရှိနေသည်။
“ ဒါက အခွင့်အရေးပဲ ... ဒီပစ္စည်းတွေကိုသုံးပြီး ငါ့ရဲ့သေမျိုးနယ်ပယ် ဓားကို အဆင့်မြှင့်တင်ရမယ်။ ”
စုရီတစ်ယောက် သန္ဓေသားပုံသွင်းခြင်း (၁၂)မျိုးဟုခေါ်သော ရှေးဟောင်း နည်းစနစ်ကို ပြန်လည်သတိရလာခဲ့သည်။
ထိုနည်းစနစ်သည် သာမန်အားဖြင့် ပုံသွင်း၍မရသော ဖရိုဖရဲ နတ်ဘုရားပစ္စည်းများ ကိုပင် အရည်ပျော်စေနိုင်သည့် စွမ်းအားရှိ၏။
များမကြာခင် သူပိုင်ဆိုင်ထားသော ရွှန်ဟွမ်ရွှေနွယ်ပင်နှင့် အခြားသော အဖိုးတန် ရတနာများစွာကို ထုတ်ယူလိုက်သည်။
ပါဝင်ပစ္စည်းများလုံလင်သည်နှင့် သန့်စင်သောမီးတောက်ကိုးခု၏ အကူအညီဖြင့် သေမျိုးနယ်ပယ်ဓားကို ပြန်လည်သွန်းလုပ်ရန် ပြင်ဆင်လိုက်တော့၏။
“ သွားစမ်း ... ။ ”
စုရီက နတ်အာရုံစုစည်းကာ သေမျိုးနယ်ပယ်ဓားကို အံ့ဖွယ်မီးဖိုအတွင်းသို့ ပစ်သွင်းပြီး ဓားသန္ဓေသားဖြင့် ပေါင်းစပ်ရန် စတင်လိုက်တော့သည်။
ဆယ်ရက်အကြာတွင် လျှို့ဝှက် ဆန်းကြယ်သောမီးဖိုသည် အလင်းတန်းများစွာ ထိုးတက်လာပြီး ခန်းမကြီးကို တောက်ပနေစေ၏။
မီးဖိုအတွင်းတွင် အလင်းစက်ဝန်း ရာပေါင်းများစွာ ပျံဝဲနေသည်။ ၎င်းတို့သည် ကွဲပြားသောအရောင်ရှိနေပြီး ရောင်စုံ နေမင်းများကဲ့သို့ဖြစ်၏။
အလင်းစက်ဝန်း အားလုံးသည် ထူးခြားပြီးအစီရင်သဖွယ် အလယ်ဗဟိုရှိ အလင်းစက်ဝိုင်းကို ကာကွယ်ပေးနေ၏။
ထိုအလင်းစက်ဝန်းသည် အရည်ပျော်နေသော သေမျိုးနယ်ပယ်ဓား စက်ဝန်းဖြစ်လေသည်။
အခြားအလင်းစက်ဝိုင်းများသည် ရွှမ်ဟွမ်ရွှေနွယ်ပင်၊ ကောင်းကင်လှိုင်း ဓားသန္ဓေသား၊ တောင်ပိုင်း တောင်ထွတ် တံဆိပ်နှင့် အခြားသော နတ်ဘုရားရတနာ ရာပေါင်းများစွာတို့ ဖြစ်လေသည်။
ဤဆယ်ရက်အတွင်း ထိုသို့သောနတ်ဘုရားပစ္စည်းများ အားလုံးကို အရည်ဖျော်ရန် များစွာနွမ်းနယ်စေ၏။
ရိုးရှင်းပုံရသော အလင်းစက်ဝန်းများတွင် နားမလည်နိုင်သည် အမိန့်တော်များ၊ ရူရ်များနှင့် ပြည့်နှက်နေချေပြီ။
လက်ရှိအချိန်တွင် သူ့ကျင့်ကြံမှုသည် ကနဦးနတ်ဝိညာဉ်အဆင့်နှင့် ယှဉ်နိုင်နေခဲ့ သော်လည်း လုပ်ငန်းစဉ်တွင် သူ့ဝိညာဉ်သည် အလွန်ပင်ပန်းနွမ်းနယ်လာ၏။
အသက်ပြင်းပြင်း ရှူထုတ်လျက် ဆေးတချို့သောက်သုံးကာ ချက်ချင်းတရားထိုင် လိုက်ရသည်။
သုံးရက်အကြာတွင် သူ့ကျင့်ကြံမှု အထွတ်အထိပ်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ထရပ်ကာ ခန်းမထဲက ထွက်ခွာလာခဲ့၏။
မြေအောက်လှိုဏ်ဂူ တံခါးဝ၌ တားမြစ်ဝင်္ကပါတစ်ခုကို တည်ထောင်ရန် အလံငယ်လေးခုဖြင့် ခင်းကျင်းလိုက်သည်။
ဤအလံငယ်လေးခုသည် သလဲသီးစကတ်ဝတ်ထားသော အမျိုးသမီးထံမှ ရရှိခဲ့သော တိုက်ပွဲအကြွင်းအကျန်ဖြစ်၏။
တောင်နှင့်ပင်လယ်ပျက်သုဉ်းခြင်း အစီရင်ဟုခေါ်ဆိုပြီး တိမ်ပေါ်ပျံသန်းအဆင့်ရှိ သတ်ဖြတ်ခြင်းအစီရင်တစ်ခုပေပင်။
၎င်း၏စွမ်းအားသည် နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးကို နှိမ်နင်းရန်လုံလောက်၏။ အချိန်များ တရွေ့ရွေ့ကုန်လွန်နေသည်။ စုရီက ပန်းပဲရုံအတွင်းမှ ပြန်မထွက်လာသည်မှာ လပေါင်းများစွာတိုင်နေချေပြီ။
ဤကာလအတွင်း ကမ္ဘာကြီးသည် ရှုပ်ထွေးပြီး တုန်လှုပ်သော အဖြစ်အပျက်များစွာ ထွက်ပေါ်လာနေ၏။
ကြယ်လွင်ပြင်တစ်လျှောက်ရှိ အန္တရာယ်များသော တားမြစ်နယ်မြေများတွင် သေလွန်ဝိညာဉ်များ၊ တံဆိပ်ခတ်ထားသော ဝိညာဉ်များနိုးထလာပြီး ပြင်ပကမ္ဘာသို့ လျှောက်လှမ်းလာကြ၏။
သေလွန်ဝိညာဉ်တိုင်းသည် ရှေးဦးခေတ်မှ မျိုးဆက်များဖြစ်ကာ ခေတ်ပြိုင်မျိုးဆက်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ရွေးချယ်ခဲ့ကြသည်။
ဤနည်းဖြင့် ၎င်းတို့၏နယ်မြေကို အလျင်အမြန်တိုးချဲ့နိုင်ကြကာ တပည့်များပင် စုဆောင်းလာခဲ့ကြ၏။
အချို့သူများသည် ထိပ်တန်းသန့်ရှင်းသော တောင်များနှင့် ကောင်းချီးမြေများကို တိုက်ရိုက် သိမ်းပိုက်ကာ ကိုယ်ပိုင်ဂိုဏ်းများ ပြန်လည် တည်ထောင်လာကုန်သည်။
“ နောက်ဆုံးတော့ ခေတ်သစ်တစ်ခု ရောက်လာပြီ ငါတို့အဲဒီမျိုးဆက်ဟောင်းတွေနဲ့ ပူးပေါင်းပြီး ကျင့်ကြံနိုင်ရင် ကောင်းကင်ဘုံကို မရောက်နိုင်မှာ စိုးရိမ်စရာ မရှိဘူး။ ”
“ ဟမ့် ကမ္ဘာကြီးက ရှုပ်ထွေးနေပါတယ် ... မင်းဆန္ဒရှိသလိုဖြစ်ရင်တော့ အကောင်းဆုံးပဲ ကြည့်ရတာ အဲဒီမျိုးရိုးတွေက ကမ္ဘာကြီးကို အုပ်စိုးဖို့ ကံကြမ္မာရှိနေပုံရတယ်။ ”
ကြယ်လွင်ပြင်တစ်ခုလုံး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေတော့၏။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ထိုမျိုးရိုးများနှင့် ပူးပေါင်းကုန်သည်။
ဆိုလိုသည်မှာ ခေတ်ပြိုင် ကျင့်ကြံသူ အင်အားစုများသည် နေ့စဉ်နှင့်အမျှ ထိုသေလွန် ဝိညာဉ်များထံ၌ လက်အောက်ခံများ ဖြစ်လာကြတော့သည်။
“ အဲဒီဝိညာဉ်တွေက ရှေးခေတ်တည်းက အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကြောက်စရာလွန်းတဲ့ သတ္တဝါတွေပဲ ...
... အခုတော့ သူတို့ရဲ့ အင်အားကိုချဲ့ထွင်ဖို့ တပည့်တွေစုဆောင်းနေကြတယ် ကမ္ဘာကြီးက ရှုပ်ထွေးလာနေပြီ။ ”
အင်အားစုကြီးငယ်များသည် ထိုရှေးဟောင်းမျိုးဆက်များ ရုတ်တရက်နိုးထ ပေါ်ပေါက်လာခြင်းကြောင့် အဆုံးမဲ့သွေးထွက် သံယိုမှုများ ယူဆောင်လာလိမ့်မည်ဟု ယုံကြည်နေကြ၏။
သို့သော် သူတို့ ခုခံသည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ ခေတ်သစ်တစ်ခုသည် အလျင်အမြန် နီးကပ်လာနေပြီဖြစ်ကြောင်း လူတိုင်းနားလည်လာသည်။
ယနေ့မှစ၍ ကမ္ဘာကြီးသည် သူရဲကောင်းများကြား ပြင်းထန်သော ယှဉ်ပြိုင်မှုများဖြင့် မငြိမ်မသက် ဖြစ်လာပေတော့မည်။
ထိုသို့သော ဆူပူအုံကြွမှုများနှင့် နှိုင်းယှဉ်ပါက တာအိုကာကွယ်သူ မျိုးနွယ်စု ခြောက်ခု၊ အုပ်စိုးရှင်ကိုးပါးနှင့် ကြယ်တာရာ ဘီလူးများအားလုံးသည် အလွန်တရာ တည်ငြိမ်နေချေပြီ။
သူတို့သည် နှစ်ပေါင်းများစွာတည်းက ယနေ့အတွက် လုံလောက်သော ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်၏။
ဤနှစ်ဝက်အတွင်း အထူးခြားဆုံး သတင်းသည် ကျုံးမျိုးနွယ်မှ ကျုံးတျန်းကွမ်၏ သတင်းဖြစ်သည်။
ကျုံးမိသားစုသည် သူတို့ဘိုးဘေးကျိုး တျန်းကွမ်သည် ကောင်းကင်ဘုံသို့ တက်လှမ်း နိုင်ခဲ့ပြီး အင်မော်တယ်တားမြစ်မြေမှ ပြန်လာနိုင်ပြီဟု ကြေငြာခဲ့သည်။
ဤသတင်းသည် ကြီးမားသော ငလျင်လှုပ်ခတ်မှုကို တိုက်ရိုက်ဖြစ်ပေါ်စေခဲ့ပြီး မရေမတွက်နိုင်သော အဓိကအင်အားစုများမှာ သတိကြီးစွာထားလာကြ၏။
အဘယ့်ကြောင့်ဆိုသော် ယနေ့ခေတ်ကြီးတွင် ကောင်းကင်ဘုံလမ်းသို့ တက်လှမ်းနိုင်သူသည် ထိုဘိုးဘေးကျုံးသည်သာ ပထမဆုံးလူဖြစ်နေသည်။
သေလွန်ဝိညာဉ်များနှင့် နိုးထလာသော ဝိညာဉ်များသည်ယခင်ဘဝ၌ ကောင်းကင်ဘုံသို့ တက်လှမ်းထားပြီးဖြစ်၏။
ထို့ကြောင့် ကောင်းကင်ဘုံသည် ကြောက်မက်ဖွယ် ခွန်အားကိုပေးစွမ်းနေသော သတ္တဝါများတည်ရာဖြစ်ကြောင်း သိရှိထားကြသည်။
အလားတူပင် ကျုံးတျန်းကွမ်တစ်ယောက် ပြန်လည်ရောက်ရှိလာခြင်းသည် ဤလောက၌ ပျောက်ဆုံးနေသောလမ်းကြောင်း ပြန်လည် ရောက်ရှိလာခြင်းကို ကိုယ်စားပြု၏။
“ စီနီယာကျုံးက ဒီခေတ်မှာ ပထမဆုံး ကောင်းကင်ဘုံကို ရောက်နိုင်တဲ့ အင်မော်တယ် တစ်ပါးပါပဲ။ ”
“ မှတ်တယ် ခေတ်ပြိုင်အင်မော်တယ်တွေ အများကြီး မလွဲမသွေ ပေါ်ထွက်လာမယ်ဆိုတာ ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ ”
“ ရှေးဟောင်း ကာကွယ်သူ မျိုးနွယ်စုဝင်တွေရဲ့ အုတ်မြစ်ဟာ မယုံနိုင်ဖွယ် ကောင်းအောင် အစွမ်းထက်နေတယ် ... ။ ”
ဤဆွေးနွေးမှုများသည် ကြယ်များ ပြည့်နှက်နေသော ကောင်းကင်တစ်ခွင်သို့ပင် ပျံ့နှံ့နေ၏။
“ တကယ်တော့ ကွမ်ကျိုးဟာ အဲဒီ နတ်ဝိညာဉ်အဆင့် သေလွန်ဝိညာဉ်တွေအပေါ် ဖျက်ဆီးပစ်နိုင်လောက်အောင် အစွမ်းထက် ရင်တောင်မှ ...
... အချိန်ကြာလာတာနဲ့ ပိုပိုပြီး အစွမ်းထက်တဲ့ ဝိညာဉ်တွေ မလွဲမသွေ ပေါ်ထွက်လာပေလိမ့်မယ် ... ။”
“ ဟမ့် ... သူက တကယ်ပဲ တရားမျှတမှုအကြောင်း ပြောနေတာလား ဒီကနေ့မှာ ကာကွယ်သူ မျိုးနွယ်စုတွေနဲ့ ကြယ်တာရာဘီလူးတွေလည်း သူ့ကို ရန်လိုနေကြတယ်။ ”
“ ငါ့အမြင်အရတော့ ခေတ်တစ်ခု ပြီးဆုံးသွားပြီ ထင်ပါတယ်။ ”
အလားတူပင် ထိုကာလအတွင်း စုရီ၏အကြောင်း ဆွေးနွေးမှုများသည်လည်း အပြောအများဆုံးသော အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။
အကြောင်းပြချက်အနေဖြင့် ရိုးရှင်းလှ၏။ ဝင်စားခြင်းစွမ်းအားသည် သေလွန်ဝိညာဉ်များ အတွက် သဘာဝရန်သူပေပင်။
တစ်ဖက်တွင် ထိုအဖြစ်အပျက်များကို မသိနိုင်ဘဲ စုရီသည် ဓားသွန်းလုပ်ခြင်း၌သာ အာရုံစိုက်ထားလေသည်။
“ ချွင် ... ချွင် ။ ”
အချိန်များကုန်လွန်သွားပြီး နောက်ထပ် တစ်လခွဲ ထပ်မံကုန်လွန်သွား၏။ ထိုနေ့တွင် ကျီဟဲမြို့ကောင်းကင်ယံမှ ထူးဆန်းသော ဓားမြည်သံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
“ အဲဒါဘာလဲ။ ”
မြို့သူမြို့သားများအားလုံးသည် ချက်ချင်း တုန်လှုပ်သွားကြပြီး သူတို့လုပ်နေသောအရာကို ရပ်တန့်ကာ ကောင်းကင်ပေါ် မော့ကြည့်၏။
ကြည်လင်သော အပြာရောင် ကောင်းကင်အောက်တွင် ပြာလဲ့လဲ့ရွှေရောင် မိုးကြိုးတိမ်တိုက်များ စုဖွဲ့နေသည်။
အစပိုင်းတွင် ထိုအပြာရောင် မိုးကြိုးတိမ်တိုက်သည် မိုင်ဆယ်မိုင်ပတ်လည် မျှသာ ဖုံးလွှမ်းနေ၏။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ အပြာရောင်ရွှေမိုးကြိုး တိမ်တိုက်များစွာသည် ပိုမိုထူထဲကြီးမားလာသည်။ မိုးကြိုးများအပြင် မီးလျှံများသည် တိမ်တိုက်များအတွင်း၌ ကခုန်နေတော့၏။
ဖျက်ဆီးတတ်သော အရှိန်အဝါသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ပျံ့နှံ့နေခဲ့ကာ ကျီဟဲမြို့ကို ဖုံးလွှမ်းထားချေပြီ။
တစ်ချိန်တည်းမှာပင် စုရီအတွက် အရေးအကြီးဆုံးအချိန်ကို ရင်ဆိုင်နေခဲ့ရသည်။ အောင်မြင်မှုနှင့်ကျရှုံးမှုသည် မျဉ်းတစ်ကြောင်း တည်းသာ ခြားနေတော့၏။
***
အပိုင်း ၁၀၁၄ –
ဓားတစ်လက်နှင့် သေလွန်ဝိညာဉ်များ။
ဤကာလအတွင်း အမှားအယွင်း အနည်းငယ်ကိုမျှ မခံနိုင်ချေ။ မဟုတ်သော် ကြိုးစားထားသမျှ အချည်းနှီးဖြစ်သွားနိုင်၏။
“ သွား ... ။ ”
“ ဝုန်း ... ။ ”
နောက်ဆုံးကျန်ရှိနေသော ပါဝင်ပစ္စည်းများကို မီးဖိုထဲသို့ပစ်ထည့်လိုက်ပြီး နှလုံးသွေးတစ်စက်ထုတ်ယူကာ အမိန့်တစ်ခု လျင်မြန်စွာ ရေးဆွဲလိုက်သည်။
“နှလုံးသားဝိညာဉ် အမိန့်။ ”
ခဏအကြာတွင် ဆန်းကြယ်သော တံဆိပ်တစ်ခု လေထဲပေါ်လာ၏။ ထိုတံဆိပ်၌ နှလုံးသွေး၊ စိတ်စွမ်းအင်နှင့် ဝိညာဉ်တို့ကို စုစည်းကာ ရေးဆွဲထားခြင်းဖြစ်သည်။ ဓားအတွက် အဓိကဝိညာဉ်ဖြစ်၏။
ဤသို့ဖြင့် ဓားပြီးစီးသွားသောအခါ မိမိ၏စိတ်ဆန္ဒနှင့် ကျင့်ကြံမှုခွန်အားများသည် တစ်သားတည်း ဖြစ်သွားပေမည်။
ထိုတံဆိပ်ကို ရေးဆွဲပြီးသောအခါ စုရီမျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများ ဖြစ်ပေါ် လာခဲ့သည်။
တံဆိပ်တစ်ခုတည်းနှင့်ပင် သူ၏ ကျင့်ကြံမှုထက်ဝက် ကုန်ဆုံးသွားခြင်းဖြစ်၏။ အလွန်ပင် ကြောက်စရာကောင်းချေပြီ။
အဆုံး၌ အသက်ပြင်းပြင်းရှူလျက်၊
“ ကောင်းကင်က ဝိညာဉ်ကိုပေးတယ်၊ ငါကအသက်ကိုပေးတယ် ... အရာအားလုံးကို သက်သေပြဖို့ နိုးထပါ။ ”
-ဟု အော်ဟစ်ကာ တံဆိပ်ကို အလင်းစက်ဝန်းထဲ ပစ်သွင်းလိုက်တော့သည်။
“ ဘရူး ... ဘရူး ... ။ ”
ဓားသန္ဓေသားသည် ရုတ်တရက် နိုးထလာသည့်အလား နှလုံးခုန်သံကြီးများဖြင့် တုန်ခါလာတော့၏။
ထိုတုန်ခါမှုသည် နတ်ဘုရားများ စည်တီးနေသကဲ့သို့ပြင်းထန်လှပြီး မီးဖိုကြီးကို ပြိုလဲမတတ် ဖြစ်လာစေသည်။
ခန်းမအတွင်းရှိ အလောင်းများနှင့် ပစ္စည်းများသည်လည်း ထိုဓားအရှိန်အဝါကြောင့် ကြေမွကုန်ကြ၏။
“ ခရစ် ... ။ ”
အဆုံးတွင် မီးဖိုကြီးသည် ထိုစွမ်းအားကိုမခံနိုင်တော့ဘဲ ကွဲအက်တော့မည့် အခြေအနေသို့ ဆိုက်ရောက်လာ၏။
“ ဒါ ... ။ ”
စုရီတစ်ယောက် စိုးရိမ်သွားသည်။ ဤသည်မှာ မှားယွင်းမှုတစ်ခု မဟုတ်ခဲ့ချေ။ သန့်စင်ရာတွင် ကောင်းမွန်လွန်းသဖြင့် မီးဖို၏ ခံနိုင်ရည်ထက် ကျော်လွန်သွားခြင်းဖြစ်၏။
တစ်ချိန်တည်းမှာပင် ပြင်ပတွင် ရွှေရောင်မိုးတိမ်များ ကောင်းကင်အနှံ့ပျံ့လွင့်ပြီး လျှပ်စီးများ အရပ်မျက်နှာအသီးသီးဆီသို့ ပြန့်ကားနေတော့သည်။
နတ်အလင်းများနှင့် ရောင်စုံမိုးစက်များမှာ ကောင်းကင်မှ တဖွဲဖွဲကျဆင်းလျက် ဖြစ်စဉ်များ ဝိုးတဝါး လိုက်ပါနေ၏။
ပန်းမန်များနှင့် လ၊ နေ၊ ကြယ်တို့ကို ရှေးခေတ်လူသားများမှ ရှိခိုးကိုးကွယ်နေသည့် ပုံရိပ်များပေပင်။ ကောင်းကင်ဂီတသံများကဲ့သို့ သာယာသော ကျမ်းစာရွတ်ဆိုသံများသည် လေထုအလယ် ပျံ့လွင့်လာ၏။
“ ဒီမှာ ဘာတွေဖြစ်နေတာလဲ။ ”
ဤသို့အံ့မခန်း မြင်ကွင်းများသည် ရက်ပေါင်းအတော်ကြာ စုရုံးရောက်ရှိနေသော လူအများကို ဆူညံသွားစေတော့၏။
“ ဒါဟာ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခု ပေါ်ထွန်းလာတာများလား။ ”
အများစုသည် အံ့သြတကြီးဖြင့် ပွင့်ပွင့်လင်းလင်း အော်ဟစ်ဆွေးနွေးလာသည်။ လူအချို့သည်သာလျှင် မြို့အပြင်မှနေပြီး ထိုဖြစ်စဉ်များထံ စောင့်ကြည့်နေ၏။
ထိုလူများထဲတွင် ရှေးဟောင်း ကျိုးမျိုးနွယ်သည်လည်း အပါအဝင်ဖြစ်သည်။ ခေါင်းဆောင်မှာ ဆံပင်ဖြူဖြူနှင့် လူငယ်တစ်ဦး အသွင် ကျိုးထျန်းလီပေပင်။ ကျိုးမိသားစု၌ အဆင့်မြင့် အကြီးအကဲဖြစ်၏။
“ ဒီလိုနိမိတ်တွေအရဆိုရင် ပေါ်လာမယ့် ရတနာဟာသာမန်မဟုတ်နိုင်တဲ့ ... ကောင်းကင် အဆင့် လက်နက်တစ်ပါးပဲ။ ”
ကျိုးထျန်းလီက ဖြစ်စဉ်များထံ ငေးကြည့်မှတ်ချက်ပေးလိုက်သည်။ လွန်ခဲ့သည့် တစ်နှစ်ခန့်က ဤပန်းပဲရုံထဲသို့ဝင်သွားသည့် လူအများသေဆုံးသွားကြောင်း သိရှိထား၏။
ယင်းသည် ကျောက်တုံးဝိညာဉ် ဝမ်ယွင်ဟဲလက်ချက်ဖြစ်ကြောင်း မှန်းဆထား နိုင်ကြသည်။
“ ငါတို့ ကျိုးမိသားစုဝင်တွေကို သတ်ဝံ့တဲ့လူတွေကို ဒီနေ့ဘယ်လိုနည်းနဲ့မှ အလွတ်မပေးနိုင်ဘူး။ ”
ကျိုးကျန်းလီမှ ကြေငြာလိုက်သည်။ ဤတစ်ကြိမ်တွင် မိသားစုအတွင်းထိပ်တန်း ကျင့်ကြံသူများသာမက ရှေးဟောင်းမိစ္ဆာဂိုဏ်းမှ သေလွန်ဝိညာဉ်အိုကြီး ခြောက်ဦးကိုလည်း ခေါ်ဆောင်လာခဲ့ကြ၏။
ထိုသေလွန်ဝိညာဉ်အိုကြီးများ၏ ခေါင်းဆောင်မှာ ကျူးထုံဖြစ်ပြီး မသေဆုံးမီ၌ အလွန်ပင် တန်ခိုးကြီးမား သူ ပေပင်။
“ သွားရအောင် ... အစီရင်ကို ဖျက်ဆီးပြီး အထဲကလူကိုဖမ်းကြမယ် ဒါပေမယ့်မှတ်ထားပါ ရတနာကတော့ ငါ့အပိုင်ပဲ။ ”
ကျူးထုံးက ကျိုးကျန်းလီကို အေးစက်စွာသတိပေး ပြောကြားလိုက်သည်။ ကျိုးထျန်းလီခမျာ ဒေါသထွက်သွားသော်လည်း ခေါင်းညိတ်သဘောတူလိုက်ရ၏။
“ ကောင်းပြီ ... သွားရအောင်။ ”
ထို့နောက်တွင် သူတို့အဖွဲ့သည် အရှိန်အဝါများလွှတ်ထုတ်လျက် ပန်းပဲရုံဆီသို့ တိုက်ရိုက်ပျံသန်းသွားကြတော့သည်။
“ ဟမ့် ... ဟိုမှာကြည့်စမ်း အဲဒါကျိုးမိသားစုဝင်တွေမဟုတ်လား သူတို့တွေ ရတနာကို လုယူကြတော့မယ်ထင်တယ်။ ”
ကျီဟဲမြို့အတွင်းမှ လူတိုင်းသည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အော်ဟစ်သံများဖြင့် ကောင်းကင်ပေါ် မော့ကြည့်လာကြတော့သည်။
“ ဘရူး ... ။ ”
တစ်ချိန်တည်းမှာပင် ထူးခြားဆန်းပြားသော ဖြစ်ရပ်ဆန်းများနှင့်အတူ မီးဖိုကြီးသည် ပြင်းစွာ ဟိန်းဟောက်နေပြီး အလင်းများသည် ဆူပွက်နေတော့သည်။
မီးဖိုအတွင်း၌ အရောင်အသွေး စုံလင်လှသော အလင်းစက်ဝန်းကြီးတစ်ခုသာ ကျန်ရှိနေချေပြီ။
၎င်းသည် ပန်းကန်လုံးတစ်လုံး အရွယ်အစားခန့်ရှိပြီး နံနက်ခင်း၏ အာရုဏ်ဦး အလင်းရောင်ကဲ့သို့ တောက်ပနေ၏။
ထိုအလင်းစက်လုံး၏ ပတ်ပတ်လည်တွင် ဆန်းကြယ်လှသောသင်္ကေတများ ရစ်သိုင်းပြီး ထူးခြားသောစည်းချက်များ ထုတ်လွှတ်နေ၏။
ယင်းသည် အလွန်ပင် ထူးခြား ဆန်းပြားလှလေသည်။ လောက၏ ဥပဒေများ အားလုံး သိမ်းကျုံးယူထားသကဲ့သို့ စွမ်းအားများ ပြည့်နှက်နေတော့၏။ အချိန်မရွေး သက်ရှိကြီး တစ်ကောင် မွေးဖွားတော့မည်အလားပေပင်။
မီးဖိုရှေ့တွင်မူ စုရီသည် တည်ငြိမ်စွာ ထိုင်နေပြီး လက်နှစ်ဖက်ဖြင့် လျင်မြန်စွာ တံဆိပ်များ ရေးသွင်းနေ၏။
တစ်ဆက်တည်းမှာပင် စိတ်ဝိညာဉ်သည် မီးတောက်နှင့်မီးဖိုကိုထိန်းချုပ်ကာ သန္ဓေသား အပေါ် ဆက်တိုက် သန့်စင်နေခဲ့သည်။
သူ့နတ်အာရုံသည် အလွန်အားကောင်း လှသဖြင့် ကောင်းကင်ရှိ ရွှေရောင်မိုးတိမ်များ၊ လျှပ်စီးများနှင့် ထစ်ချုန်းသံများ ပေါ်ပေါက် လာသည်ကို ခံစားနိုင်၏။
နတ်ဘုရားရတနာတစ်ပါး ဖြစ်တည်လာသော် သဘာဝအတိုင်းပင် တာအို တေးသံများ လိုက်ပါလာပေမည်။ သန္ဓေသား အဆင့်ဖြင့် ဤမျှရုန်းရင်းဆန်ခတ်ဖြစ်စေ သည်မှာ ကျေနပ်စရာဖြစ်၏။
လောကသခင်ဘဝတွင်ပင် သေမျိုးနယ်ပယ်ဓားကို သန့်စင်ရာ၌ ဤမျှ ထူးခြားမှုများ မပြခဲ့ချေ။
သည့်နောက် လက်နက်သွန်းလုပ်ခြင်း လုပ်ငန်းစဉ်သည် အရေးကြီးဆုံးသောအချိန်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် အတွေးများဖြတ်ကာ အာရုံပြန်စိုက်လိုက်ရသည်။
ထိုစဉ် ဓားသွန်းလုပ်နေသော စုရီတစ်ယောက် ရုတ်တရက် စိတ်ဝိညာဉ်တွင် တင်းခနဲဖြစ်သွားသည်။
“ ဝုန်း ... ။”
တစ်ဆက်တည်းမှာပင် မီးဖိုကြီးပေါက်ကွဲသွားကာ ဓားတစ်လက်သည် ကောင်းကင်ပေါ် ပျံတက်သွားတော့၏။
ဤသည်မှာ သေမျိုးနယ်ပယ်ဓားနှင့် ကွဲပြားနေသော စိမ်းရွှေရောင် ဓားတစ်လက် ပေပင်။
ဓားသွားနှင့်အရိုးတွင် သဘာဝအတိုင်း ထူးခြားသော ရောင်ဝါများပင် ပါရှိနေတော့၏။ ထိုဓားပျံတက်သွားသည်နှင့် အဖျက် စွမ်းအားများ ပြန့်ကားလာ၏။
၎င်း၏အရှိန်အဝါမှာ ကောင်းကင်ကို ထောက်ထားသည့် နတ်တောင်ကြီးတစ်တောင် ကဲ့သို့ အလွန်ပင် လေးလံနေချေပြီ။
“ ဝုန်း ... ။”
များမကြာခင် နတ်အလင်းများ ပေါက်ကွဲထွက်လာပြီး မီးဖိုကြီးအစိပ်အမွှာမွှာ ဖြစ်သွားတော့၏။
လေထုအလယ်ရှိဓားသည် ထိုမီးဖိုအပိုင်းအစများနှင့် ကိုးရောင်ခြယ် နတ်မီးတောက်များကို တစ်ပြိုင်နက်တည်း ဝါးမြိုပစ်လိုက်တော့သည်။
တစ်ဆက်တည်းမှာပင် ဓားသည် ထပ်မံအသွင်ပြောင်းသွားကာ ကိုယ်ထည်တွင် မီလျှံကိုးပါးအသွင် ပေါ်ထွက်လာ၏။
ဤဖြစ်ရပ်များအားလုံးသည် စုရီ၏ ထိန်းချုပ်မှုပြင်ပသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ထိုဓားသည် မွေးဖွားလာသည်နှင့် မီးဖိုကို ဖျက်ဆီးကာ နတ်မီးတောက်များအပေါ် ဝါးမြိုပေါင်းစပ်လိုက်ခြင်းပေပင်။
ဤဖြစ်စဉ်သည် စုရီကိုပင် အလွန် အံ့အားသင့်သွားစေ၏။ ကြည့်နေဆဲမှာပင် ဓားသည် မြေအောက်လှိုဏ်ဂူထဲမှဖောက်ကာ ပြင်ပသို့ ပျံထွက်သွားလေသည်။
စုရီသည်လည်း အလျင်အမြန် ပြေးလိုက်သွားခဲ့သည်။ ဤဓားတွင် ဓားဝိညာဉ် မရှိသေးသော်လည်း အသက်ဓါတ်များသည် ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းချေ၏။
ထိုအချိန်တွင် အဝေးမှ ပျံသန်းလာသော ကျိုးထျန်းလီသည် လျှပ်စီးများရစ်သိုင်းနေသည့် အနက်ရောင်ပေါင်တူကြီးကို ဆွဲထုတ်လိုက်၏။
ဤသည်မှာ မိုးကြိုးဝါးမြိုခြင်း ပေါင်တူဖြစ်သည်။ အင်မော်တယ်အဆင့် ရတနာဖြစ်ချေ၏။
ပေါင်တူကြီးထွက်လာသည်နှင့် လူအများအပြား မျက်နှာပျက်သွားကြကာ ချက်ချင်း အဝေးသို့ ဆုတ်ခွာကုန်သည်။
“ ဖျက်ဆီးစမ်း ... ။ ”
ကျိုးထျန်းလီက အော်ဟစ်လိုက်ရာ ပေါင်တူကြီးသည် လျှပ်စီးမုန်တိုင်းကြီးသဖွယ် မြေပြင်ရှိပန်းပဲရုံဆီသို့ အရှိန်အဟုန်ဖြင့် ကျဆင်းသွားတော့သည်။
“ ချွင် ... ။ ”
သို့သော် ထိုစဉ်မှာပင် ခန့်ညားလှသော စူးရှသောဓားမြည်သံတစ်သံ ဟိန်းထွက်လာ၏။ စိမ်းရွှေရောင်အလင်းတန်းတစ်ခု ဝင်းလက်ခဲ့ပြီး ပေါင်တူကြီးကို ထိမှန်သွားသည်။
“ ဝုန်း ... ။”
အင်မော်တယ်အဆင့် ရတနာဖြစ်သော အနက်ရောင်တူကြီးသည် စက္ကူကဲ့သို့ အစိပ်စိပ် အမွှာမွှာ ရုတ်ချည်းကွဲအက်သွားသဖြင့် လူတိုင်း မှင်တက်သွားကြ၏။
“ ဒါ ... ။ ”
စွမ်းအင်အကြွင်းအကျန်လှိုင်းများ ငြိမ်သက်သွားသောအခါ လေထုအလယ်တွင် နေမင်းကြီးအလား တောက်ပနေသော ဓားတစ်လက်ကို မြင်လိုက်ရသည်။
ဓားသွားပေါ်မှ ဖျက်ဆီးခြင်းဥပဒေသည် ရေတံခွန်ကဲ့သို့ စိမ့်ကျနေကာ၊ ခရမ်းရောင်မြစ် တစ်မြို့လုံးကို ထက်ရှသောအရှိန်အဝါများဖြင့် လွှမ်းမိုးထားတော့၏။
“ ဒီလက်နက် ငါ့အပိုင်ပဲ။ ”
ရုတ်တရက် သေလွန်ဝိညာဉ်အိုကြီး ကျူးထုံးသည် ရှေ့သို့လှမ်းတက်ကာ ဓားအပေါ် လက်လှမ်းလိုက်လေသည်။ သို့သော် ဓားသည် တုန်ခါသွားပြီး သူလက်ဖဝါးကို အလွယ်တကူ ချေဖျက်ပစ်လိုက်တော့၏။
“ ဟားဟားဟား ... ။ ”
ထိုတုန့်ပြန်မှုကြောင့် ကျူးထုံးခမျာ လောဘဖြင့် မျက်ဝန်းများတောက်ပလာပြီး အော်ဟစ်ရယ်မောလိုက်လေသည်။
“ မြန်မြန်လာကြ၊ ဒီရတနာကို အတူတူ ဖမ်းရအောင်။ ”
သူ့အမိန့်ကြောင့် အခြားသော သေလွန်ဝိညာဉ်အိုကြီး ငါးဦးသည်လည်း မနေနိုင်တော့ချေ။ ခြောက်ယောက်သား ဓားကို ဝိုင်းဝန်းနှိမ်နင်းကြလေသည်။
သို့သော် အံ့သြစရာကောင်းသည်မှာ သူတို့ခြောက်ယောက်လုံး ပေါင်းသော်မှ ဓားကို လုံးဝ မထိန်းချုပ်နိုင်ခြင်းပေပင်။
ထိုမြင်ကွင်းကို ကျိုးထျန်းလီတစ်ယောက် အဝေးကနေကြည့်ပြီး အံကြိတ်ထားလိုက်ရ၏။ ကျိုးမိသားစုသည်သာ ဤရတနာပိုင်ဆိုင်သော် ကာကွယ်သူလက်နက် ဖြစ်လာနိုင်ပေမည်။
“ ငါ့ရဲ့ဓားကို မင်းတို့လိုကောင်တွေက ထိဝံ့သလား။ ”
ထိုစဉ်ရုတ်တရက် တည်ငြိမ်သော အော်ဟစ်မေးမြန်းသံတစ်သံ ထွက်ပေါ်လာ၏။ ယင်းသည် ကျယ်လောင်ခြင်း မရှိသော်လည်း လူတိုင်း၏နားထဲတွင် ရှင်းလင်းစွာ ကြားလိုက်ရသည်။
“ သတိထား ... သူက လက်နက်ပိုင်ရှင်ဖြစ်နိုင်တယ်။ ”
ကျိုးထျန်းလီမှ သေလွန်ဝိညာဉ်များကို အော်ဟစ် သတိပေးလိုက်၏။ များမကြာခင် ပန်းပဲရုံအတွင်းမှ ကျောက်စိမ်းရောင်ဝတ်လုံနှင့် လူငယ်တစ်ဦးလှမ်းထွက်လာခဲ့သည်။
“ ဟမ့် ... လူငယ်တစ်ယောက်လား။ ”
လူတိုင်း အံ့သြသွားကြ၏။ သူတို့ အတွေးထဲတွင် ဤလက်နက်သွန်းလုပ်သူသည် တန်ခိုးကြီးသော သေလွန်ဝိညာဉ်အိုကြီးတစ်ပါး ဖြစ်နေလိမ့်မည်ဟု ထင်ထားခဲ့ခြင်းပေပင်။
“ နျဲ့ချောင် ... မင်း အဲဒီကောင်လေးကို ဖြေရှင်းလိုက်။ ”
ကျိုးထုံက အဝါရောင်ဝတ်စုံဝတ် သေလွန်ဝိညာဉ်အမျိုးသမီးဖြစ်သူ နျဲ့ချောင်ထံ အမိန့်ပေးလိုက်သည်။ နျဲ့ချောင်က စုရီထံ လှည့်ကြည့်ကာ မျက်ခုံးပင့်လိုက်၏။
“ ဟမ့် ... ကွေ့ယီအဆင့် အသက် (၂၀)အရွယ်လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလိုရတနာမျိုးကို သွန်းလုပ်နိုင်မှာလဲ။ ”
တဆက်တည်းမှာပင် သူမနှလုံးသားထဲ သံသယများဝင်လျက် ကျိုးထျန်းလီထံလှည့်ပြီး အမိန့်ပေးလိုက်တော့၏။
“ သူ့ကို မြန်မြန်သတ်ပစ်လိုက်။ ”
ကျိုးထျန်းလီတစ်ယောက် မျက်မှောင်ကြုတ်သွားသည်။ သူသည် သတိရှိသူ ဖြစ်၏။ ထိုသေလွန်အမျိုးသမီးသည် သူ့ကို အသုံးချနေမှန်း နားလည်သဖြင့် ဘေးမှ အဖိုးအိုထံလှည့်ကြည့်ကာ၊
“ ဦးလေး ... သွားကြည့်ပါ တစ်ခုခု မသင်္ကာရင် ချက်ချင်းပြန်ဆုတ်ခဲ့။ ”
-ဟု ထပ်ဆင့် အမိန့်ပေးလိုက်၏။
ဆံပင်ဖြူဖြူနှင့် အဘိုးကြီးက ခေါင်းညိတ်လိုက်ပြီး လေထုအလယ်ရှိ စုရီကို မော့ကြည့်လိုက်သည်။
တစ်ဖက်လူသည် မည်သူ့ကိုမျှ ဂရုပင်မစိုက်ဘဲ ဝိုင်အိုးမော့သောက်လျက်ဖြင့် သေလွန်ဝိညာဉ်အိုများထံ ကြည့်နေ၏။
ထိုစဉ် ဆံပင်ဖြူအဖိုးကြီးသည် ထိတ်လန့်တကြားဖြင့် တစ်စုံတစ်ရာကိုချက်ချင်း မှတ်မိသွားတော့သည်။
“ ခေါင်းဆောင် ... သူ ... သူက နန်းတော်သခင် ကွမ်ကျူးပဲ။”
တစ်ဆက်တည်းမှာပင် ခြေလှမ်းများ တုံ့ခနဲဖြစ်သွားပြီး ကျောရိုးထဲစိမ့်တက်လာကာ ပြန်လည်ဆုတ်ခွာလိုက်၏။ သူ့စကားကြောင့် ကျိုးထျန်းလီသည်လည်း မျက်လုံးပြူးလျက် အသက်ရှူကြပ်သွားသည်။
နန်းတော်သခင် ကွမ်ကျူးဟူသော ထိုအမည်သည် မှော်ဆန်လှပြီး လူတိုင်းအပေါ် နတ်တောင်ကြီးလို အလေးချိန်ပေး၏။
အဝါရောင်ဝတ်စုံဝတ် အမျိုးသမီးနှင့် ကျူးထုံတို့ကဲ့သို့ သေလွန်ဝိညာဉ်များသည်ပင် ကြောင်တစ်ကောင်၏အမြီးကို နင်းမိလိုက် သကဲ့သို့ တုန်သွားကာ လှည့်ကြည့်လာသည်။
“ ဒါ ဝင်စားသူလား။ ”
ဝင်စားခြင်းသံသရာစွမ်းအားကို ပိုင်ဆိုင်ထားသော တစ်စုံတစ်ယောက်အပေါ် သူတို့ မကြောက်ဘဲ မနေနိုင်ချေ။
ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းတိတ်ဆိတ်လျက် တိုက်ပွဲသည်လည်း ရပ်တန့်သွားတော့၏။
“ ဘာလို့ရပ်လိုက်တာလဲ ဆက်လုပ်ပါ။ ”
စုရီက ပြုံးကာ မေးဆက်ပြလိုက်သည်။ ဤဓား၏စွမ်းပကားကို သေလွန်ဝိညာဉ်များနှင့် စမ်းသပ်ရန် အကောင်းဆုံးသော အခွင့်အရေးကြီးပေပင်။
***