← Chapters

သူတို့နောက်ဆုံးတွေ့ကြပြီ

Vol. 001 Ch. 50

သူတို့နောက်ဆုံးတွေ့ကြပြီ

Vol. 001 Ch. 50

"မှတ်ထားကြ... ကျုပ်နာမည်... ရီဖူရှင်း...” ကောင်းကင်တွင် ပျံသန်းရင်းမှ ရီဖူရှင်းက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ၏အသံကား မြေပြင်မှလူများအားလုံး ကြားနိုင်အောင် ကျယ်လောင်လွန်းလှသည်။ ယန်းယန်ကျောင်းဆောင်မှ ကျောင်းသားများအတွက်မူ သူ၏စကားသံမှာ သရော်သံနှင့် တူလွန်းလှ၏။

တန်ဝမ်က ရီဖူရှင်း နောက်ဆုံးပြောခဲ့သော စကားအချို့အား ပြန်တွေးလိုက်သည်။ သူမ၏မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်တချို့ ဖြတ်သန်းသွားသည်။ သည်အဖြစ်အပျက်များက သူ တမင်လုပ်ခဲ့ခြင်းများလား သူမသံသယ ဝင်မိသည်။

ဟွာဂျီယူက သူ့အား လာရှာလိမ့်မည်... သူမက ရေရွတ်မိလိုက်သည်။ ထိုလှပသော မိန်းကလေးအား တွေးမိကာ သူမက ခေါင်းယမ်းလိုက်သည်။ သူမက အတွေးလွန်နေသည်လည်း ဖြစ်နိုင်သည်။ ရီဖူရှင်းကား အမြဲတမ်း ဟာသပြောနေတတ်သူ ဖြစ်၏။ သည်စကားများကလည်း ထိုဟာသများထဲမှ တစ်ခု ဖြစ်နိုင်သည်။

လေထဲတွင် ဒွန်ဟိုင်ကျောင်းတော်ကြီး တဖြည်းဖြည်း သေးငယ်သွားသည်ကို ကြည့်ရင်း ရီဖူရှင်းက သက်ပြင်းရှည်တစ်ချက် ချလိုက်သည်... “မြေခွေးမ... ငါရောက်နေပြီဆိုတာ နင့်ကို ပြောဖို့ ဒါ ငါတတ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲ...”

ယန်းယန်ကျောင်းဆောင်မှ ကျောင်းသားများ ရှုံးနိမ့်ခဲ့သော သတင်းက မကြာခင် ကျောင်းတော်တစ်ခုလုံး တောမီးပမာ ပျံ့နှံ့ခဲ့လေသည်။ အကယ်၍ သူတို့၏ရှုံးနိမ့်မှုမှာ ကျောင်းဆောင် အချင်းချင်း စိန်ခေါ်ပွဲကြောင့် ဖြစ်ခဲ့ပါက သူတို့က သည်မျှ အာရုံစိုက်ကြမည် မဟုတ်ပေ။ သို့သော်လည်း ထိုတိုက်ခိုက်မှုတွင် ပါဝင်သော ကျောင်းသားနှစ်ယောက်မှာ ကျောင်းတော်၏ ထိပ်တန်း ပါရမီရှင်များအဖြစ် သတ်မှတ်ခံထားရသောသူများ ဖြစ်ကြပြီး သူတို့နှစ်ယောက်လုံးမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည်။ သည်ကိစ္စကား ထိတ်လန့်ဖွယ် သတင်းတစ်ပုဒ်ဖြစ်၏။

ထို့အပြင် ပရိသတ်တချို့က တိုက်ပွဲအား ပြန်လည်ပုံဖော်ကာ ပြောရာတွင် ပိုမိုစိတ်ဝင်စားအောင် ချဲ့ကားပြောကြ၏။ သူတို့က တခြား ကျောင်းသားများအား ပြောရာတွင် ကောင်လေးတစ်ယောက်မှာ သားရဲကောင်ကြီးကဲ့သို့ သန်စွမ်းကာ ကြောက်မက်ဖွယ် စွမ်းအင်များ ပိုင်ဆိုင်ထားပုံရကြောင်း။ သူတို့က ထိုလူငယ်ကဲ့သို့ ပါရမီပါသောသူမှာ ဒွန်ဟိုင်ကျောင်းတော်အတွင်း ရှိရန် မဖြစ်နိုင်ကြောင်း။ အနာဂတ်တွင် ထိုလူငယ်မှာ အလွန် အောင်မြင် ကျော်ကြားလာမည် သေချာကြောင်း... စသော စကားများက ကျောင်းသားများအကြား ဆွေးနွေးစရာ လတ်တလော သတင်းများ ဖြစ်လာကြသည်။

သူတို့က နောက်လူငယ် တစ်ယောက်ကိုမူ အံ့သြဖွယ်ရော လူငယ်အဖြစ် သတ်မှတ်ထားကြသည်။ သူကား မှော်ပညာနှင့် သိုင်းပညာနှစ်မျိုးလုံးကို လေ့ကျင့်သော မှော်ထိန်းချုပ်သူဖြစ်သည်။ သူ၏မူလဝိညာဉ်မှာ နတ်ငှက်ဖြစ်ပြီး ပို၍ သိသာထင်ရှားစေသော အချက်မှာ သူ၏အမြန်နှုန်းနှင့် ကြံ့ခိုင်မှုကား ထိပ်တန်းအဆင့်ပင်။ သူက သူ့ထက် အဆင့်နှစ်ခု ပိုမြင့်သော မူယွန်ချိန်အား အလွယ်တကူ အနိုင်ယူခဲ့ခြင်းက သက်သေပြနေပေသည်။

ထို့အပြင် ထိုလူငယ်ကား အလွန် မောက်မာလှသည်။ သူ ထွက်သွားသောအခါ သူ၏နာမည်အား လူတိုင်းက မှတ်မိစေရန် အော်ပြောသွားသေးသည်။

လူတိုင်းက သူတို့၏ နောက်ကြောင်းအား လိုက်လံစုံစမ်းကြသည်။ အချို့က တန်ဝမ်ထံ လာမေးကြသည်။ ထိုလူငယ်နှစ်ဦးမှာ တန်ဝမ်နှင့် အတူပါလာခြင်း ဖြစ်ကြောင်းကို လူ အတော်များများက သတိထားမိကြပြီး ဖြစ်သည်။

ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ ကျောင်းသားများကလည်း သည်အကြောင်းများအား ပြောဆိုနေကြသည်။ အမှန်တကယ်တွင်ကား ထိုစွမ်းအားမြင့်သော ကျောင်းသား အတော်များများမှာ သည်အကြောင်းများကို အလေးထားကြသည် မဟုတ်ပေ။ သူတို့က အခြားသူများနှင့် နှိုင်းယှဉ်ရန်မူ သူတို့မှာ ပါရမီပါလွန်းလှသည်ဟု ကိုယ့်ကိုယ်ကိုယ် တွေးထားကြသည်။ ကျောင်းတော်အတွင်း သာမန် စိန်ခေါ်ပွဲများအား သေးငယ်သော ကိစ္စများဟုသာ တွေးထားကြ၏။ သို့သော်လည်း ထိုလူများထဲမှ အချို့မှာမူ ထိုသေးငယ်သော တိုက်ပွဲများအား မြိန်ရေရှက်ရေ ပြောဆိုရသည်ကို သဘောကျသူများ ရှိနေပေသည်။

ရှာယူယန်မှာ သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။ သူမကား အခြားလူများ၏ အကြောင်းအား စပ်စုတတ်ကာ သူငယ်ချင်းများအကြား ပြန်လည် ပြောဆိုရသည်ကို ပျော်သော ကောင်မလေးတစ်ဦး ဖြစ်သည်။

ကြယ်စင်ဧကရာဇ် ကျောင်းဆောင်၏ အပေါ်ဆုံးအထပ်တွင် ရှာယူယန်က အခန်းတွင်းသို့ ဝင်လာသည်။ သူမက ပြတင်းပေါက်ဘေးတွင် ကျောင်းတော်၏ မြင်ကွင်းများအား ကြည့်ရှုနေသော အလွန်လှပသော ကောင်မလေး တစ်ယောက်အား လှမ်းမြင်လိုက်သည်။ ထိုနေရာကား ကျောင်းတော်တစ်ခုလုံးကို မြင်နိုင်သော အနည်းငယ်သော နေရာများထဲမှ တစ်ခုဖြစ်သည်။

"ဟွာဂျီယူ ... အဲဒီနေရာမှာ နင်ရပ်နေတာကို မြင်လိုက်ရတော့ ငါရင်တွေ ခုန်လိုက်တာ....” ရှာယူယန်က နောက်ပြောင်လိုက်သည်... ဟွာဂျီယူက ပြုံးလျက် ပြန်ပြောလိုက်သည်... “တွေ့ဆုံပွဲတွေအကြောင်း လာမပြောနဲ့တော့... ငါဘယ်မှ မသွားဘူး...”

"ငါသိတယ်... ငါသိတယ်... ငါ့ရဲ့နတ်သမီးလေး... ငါတို့ စကားပြောလို့တောင်  မရဘူးလား...” ဟွာဂျီယူက နားလည်မှုလွဲကြောင်း သူမ သိလိုက်သည်။

"မနေ့က ရယ်စရာတစ်ခု ဖြစ်သွားတာ နင်သိလိုက်လား... ယန်းယန် ကျောင်းဆောင်က ကျောင်းသားတချို့ကို အပြင်ကလူတွေက ရိုက်သွားတယ်တဲ့... ပိုပြီး အံ့သြစရာ ကောင်းတာက အပြင်က လူတွေက သူတို့ထက် တန်ခိုး အဆင့်နိမ့်တယ်တဲ့... ဒွန်ဟိုင်မြို့တော်က တခြား ကျောင်းတော်က ကျောင်းသားတချို့ကို ငါတို့ဆီလွှတ်ပြီး ရန်စတာများလား...” ရှာယူယန်က မနေ့က အဖြစ်အပျက်များအား စိတ်လှုပ်ရှားစွာ စတင် ပြောလေတော့သည်။

"ငါမသိဘူးလေ...” ဟွာဂျီယူက ဖြေလိုက်သည်။ သူမကား ထိုအကြောင်းအရာများအား သိပ်စိတ်ဝင်စားပုံ မရပေ။

"လူတွေက ပြောတာတော့ သူတို့ နှစ်ယောက်လုံးက တကယ်ချောတယ်တဲ့... တစ်ယောက်က သားရဲလိုသန်မာပြီး ကြမ်းတမ်းတယ်... နောက်တစ်ယောက်က အတော်ကြီးကို ချောတာတဲ့... သူတို့တိုက်ပွဲကို ကြည့်ခဲ့ကြတဲ့ မိန်းကလေးတွေ အတော်များများက သူတို့နှစ်ယောက်ကို သဘောကျနေကြတယ် ကြားတယ်...” ရှာယူယန်က ဆက်ပြောနေသည်။

"ဒါဆို နင်က ဘယ်တစ်ယောက်ကို သဘောကျလဲ...” ဟွာဂျီယူက ပြုံးလျက် မေးလိုက်သည်။

"အဲဒီနေရာမှာ ငါမှမရှိခဲ့တာ... ရုပ်ချောတဲ့ ကောင်လေးက တော်တော် မောက်မာပုံရတယ်... သူ ထွက်သွားတဲ့အချိန် ငါတို့က သူ့နာမည်ကို မှတ်ထားသင့်တယ်လို့ အော်ပြောသွားသေးတယ်...” ရှာယူယန်က ရယ်မောလိုက်သည်... “ဒီကျောင်းတော်က ပါရမီရှင်တွေထက် ပိုပြီး ထူးချွန်တယ်လို့ သူတကယ် ထင်နေတာလား မသိဘူး...”

"နင့်ကို ကြည့်ရတာတော့ တော်တော် စိတ်ဝင်စားနေပုံရတယ်...” ဟွာဂျီယူက နောက်ပြောင်လိုက်သည်။

"နင်ကတော့ စိတ်ဝင်စားပုံမရဘူး... တန်ခိုးကျင့်တာကလွဲရင် ဘာမှလည်း မသိဘူး...” ရှာယူယန်က ပြန်ပက်လိုက်သည်... “ကောင်းပြီ... ကောင်းပြီ... နင်စိတ်မဝင်စားတာ ငါသိတယ်... နောက်မှတွေ့မယ်...”

သူမက လှည့်ထွက်သွားပြီး မိမိကိုယ်ကို ရေရွတ်လိုက်သည်... “ရီဖူရှင်း... ဒီနာမည်က မှတ်သားလောက်ပါပေတယ်...”

ဟွာဂျီယူက နာမည်အား ကြားလိုက်သည်။ သူမ၏ကိုယ်ခန္ဓာက ထိတ်လန့် အံ့အားသင့်ကာ တုန်ခါသွားသည်။ သူမက ရှာယူယန်အား လှမ်းမေးလိုက်သည်... “ခုနက နာမည်ကို ပြန်ပြောပါဦး...”

ရှာယူယန်က သူမအား ကြည့်ကာ ပြောလိုက်သည်... “ရီဖူရှင်း... ရုပ်ချောတဲ့ ကောင်လေးရဲ့ နာမည်...”

ဟွာဂျီယူက ထိုနာမည်အား တစ်ဖန် ကြားလိုက်သည်နှင့် စတင် ရယ်မောတော့သည်။ ရှာယူယန် အတွက်မူ ဟွာဂျီယူ ယခုကဲ့သို့ တောက်ပစွာ ရယ်မောသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ အံ့သြမှင်တက်လျက် ရှိသည်... “နင် ဘာဖြစ်တာလဲ...”

ဟွာဂျီယူကား သူမ၏မေးခွန်းကို ပြန်ဖြေရန် ရယ်မောမှုကို ရပ်တန့်၍ မရနိုင်သေးပေ။

"ဟင်း... သူ့နာမည်ကိုကြားပြီး ဒီလူငယ်ကို စိတ်ဝင်စား သွားတယ်လို့တော့ ငါ့ကို လာမပြောနဲ့...” ရှာယူယန်ကား အမှန်တကယ် စိတ်ဝင်စားနေသည်။

"မဟုတ်ဘူး...” ဟွာဂျီယူက နောက်ဆုံးတွင် ရယ်မောရာမှ ရပ်တန့်လိုက်သည်။ သူမက ထပ်မေးလိုက်သည်... “တိုက်ခိုက်တာက ကောင်လေး နှစ်ယောက်ပဲလား...”

"သူတို့က ကြယ်စင်မှူးအဆောင်က ကောင်မလေး တစ်ယောက်နဲ့ အတူလာတာ...” ရှာယူယန်က သူမအား လှမ်းပြောလိုက်သည်...။

"ကောင်းပြီ... မိန်းကလေး... ကျေးဇူးပဲ...” ဟွာဂျီယူက ပြန်ပြောလိုက်သည်။

"နောက်မှပြန်တွေ့မယ်...” ထို့နောက် ရှာယူယန် ထွက်သွားသည်။ ဟွာဂျီယူကား ပြုံးနေဆဲလျက်ကပင် ရေရွတ်လိုက်သည်... “လူတွေက သူ့ကို လူဆိုးလို့ပြောတာ မထူးဆန်းပါလူးလေ...”

ထို့နောက် သူမက သူမအား သယ်ဆောင်ရန် လေသဘာဝအား ခေါ်ယူလိုက်ကာ ပြတင်းပေါက်မှ ခုန်ဆင်းလိုက်သည်။ သူမ၏ဆင်းသက်ပုံကား နတ်သမီးတစ်ပါး ကောင်းကင်မှ မြေပြင်သို့ ဆင်းသက် လာသည့်အလား လှပလွန်းသည်။

***

ရီဖူရှင်း ထွက်သွားပြီးနောက် တန်ဝမ်ကား အလုပ်ရှုပ်လွန်းလှသည်။ အဘယ်ကြောင့်ဆိုသော် လူပေါင်းများစွာက ရီဖူရှင်းနှင့် ယူချင်းတို့၏ အကြောင်းအား လာရောက် မေးနေကြသော ကြောင့်ဖြစ်၏။ သည်ကောင်လေးများကား ကျောင်းတော်တစ်ခုလုံး၏ စိတ်ဝင်စားမှုကို နှိုးဆွနိုင်ခဲ့သည်။

ပို၍ ကသိကအောက် ဖြစ်စရာကား ကျောင်းတော်မှ မိန်းကလေးတချို့ သူမထံလာကာ ရီဖူရှင်းတို့နှင့် အောင်သွယ်ပေးရန် လာရောက် ပူဆာကြခြင်းပင်။ သူမက ထိုသို့ မလုပ်နိုင်ပေ။ ကု့ချင်းဥယျာဉ်ကိုသွား၍ ရီဖူရှင်းတို့အား ထိုမိန်းကလေးများနှင့် မိတ်ဆက်ပေးရမည်မှာ သူမအတွက် ရှက်စရာ ကောင်းလှသည်။

"တန်ဝမ် ... နင့်ကို မိန်းကလေးတစ်ယောက် လာရှာတယ်...” တန်ဝမ် စိတ်ညစ်သွားသည်။ သည်ကောင်လေး အကြောင်းအား တစ်ကြိမ်ပြီး တစ်ကြိမ် ပြောပြနေရသည်က သူမအတွက် မသက်သာ။

"သူတို့က ဘာလို့ ဒီလောက် သိချင်နေရတာလဲ...” တန်ဝမ်က စောဒက တက်လိုက်သည်။ သို့သော်လည်း သည် သူမအား လာရောက် အကြောင်းကြားသူက သည်မိန်းကလေးက စိတ်ဝင်စားရုံသက်သက် မဟုတ်ကြောင်း ရှင်းပြသည်။

"ဘယ်သူလဲ...” တန်ဝမ်က မေးလိုက်သည်။

"ကိုယ့်ဘာသာ သွားကြည့်လိုက်တော့...” တန်ဝမ်က အပြင်ကို ခိုးကြည့်လိုက်သည်။ သူမက အလွန်လှပသော မိန်းကလေးတစ်ဦး အပြင်ဘက်တွင် ရပ်စောင့်နေသည်ကို တွေ့ရ၏။

တန်ဝမ်က ယမန်နေ့က ရီဖူရှင်းပြောခဲ့သော စကားများအား ပြန်အမှတ်ရလာသည်။ သည်ကောင်မလေးကို မြင်ကာ စိတ်ထဲ လှုပ်ရှားသွားသည်။ ဤသို့ဆိုလျှင် ရီဖူရှင်းက လိမ်နေခြင်း မဟုတ်ကြောင်း သူမ ခန့်မှန်းမိချေပြီ။

"ဟိုင်း... ငါက ဟွာဂျီယူ...” သူမက ပြုံးလျက် မိတ်ဆက်လိုက်သည်။ တန်ဝမ်ကား သူမ၏အလှအပအား အလွန် ယုံကြည်မှုရှိသည်။ သို့သော် သူမ၏ရှေ့မှ ကောင်မလေးအား ကြည့်ကာ သိမ်ငယ်စိတ်များပင် ဝင်မိသည်။

"ငါက တန်ဝမ်..."

"ငါ့ကို ကောင်လေးဆီ ခေါ်သွားပေးပါလား...” ဟွာဂျီယူက ယဉ်ကျေးစွာ မေးလိုက်သည်။ တန်ဝမ်က သူမက မည်သူအား ရည်ညွှန်းသည်ကို သိလိုက်သည်... “အင်း ... ငါနဲ့လိုက်ခဲ့လေ...”

"ကျေးဇူး...” ဟွာဂျီယူက တန်ဝမ်၏နောက်မှ လိုက်သွားသည်။ ထိုမိန်းကလေးနှစ်ယောက် အတူတူ လျှောက်နေကြသည်ကို တွေ့ကာ လူအများက ယခင်က ရင်းနှီးခြင်း မရှိသော သူမတို့ နှစ်ယောက်အား ထူးဆန်းစွာ ကြည့်နေကြသည်။

"နင်နဲ့ သူနဲ့ သိလား...” တန်ဝမ်ကား စိတ်ဝင်စားမှုကို ထိန်းချုပ်မရတော့ဘဲ ဖွင့်ဟမေးလိုက်သည်။

"အင်း...” ဟွာဂျီယူ၏ စိတ်ကူးထဲသို့ ထိုကောင်လေး၏ ပုံရိပ်တစ်ဖန် ပြန်ပေါ်လာကာ သူမက ပြုံးလိုက်ပြန်သည်။

"ဒါဆို မနေ့က သူလိမ်တာ မဟုတ်ဘူးပေါ့...” တန်ဝမ်က ရေရွတ်လိုက်သည်။

"သူ ဘာပြောခဲ့တာလဲ...” ဟွာဂျီယူက သူမအား မေးလိုက်သည်။

တန်ဝမ်က သူမအား အတန်ကြာ ကြည့်ပြီးမှ ပြောလိုက်သည်... “သူပြောတာကတော့ နင်က သူ့ချစ်သူတဲ့...”

"အာ... ဒီကောင်လေး...” ဟွာဂျီယူက ရှက်ရွံ့သောကြောင့် မျက်နှာများ နီရဲသွားသည်။

တန်ဝမ်က ရီဖူရှင်းမှာ မနေ့က အဘယ်ကြောင့် ထိုသို့ အခြေအနေမျိုး ဖန်တီးခဲ့သည်ကို သိလိုက်သည်။ သူကား ကျောင်းတော်တွင် သူမအား လာရှာကြောင်း အသိပေးရန် တမင် ရည်ရွယ်ချက် ရှိရှိဖြင့် ပြုလုပ်ခဲ့ခြင်းပင်။

မည်မျှ ညဏ်များသည့် ကောင်လေးနည်း။

အမှန်ကား အကယ်၍ ဒွန်ဟိုင်ကျောင်းတော်မှ ကျောင်းသားများက တကယ့်အဖြစ်မှန်သာ သိခဲ့ကြလျှင် ကျောင်းသားများ မည်မျှ အသည်းကွဲကြမည်နည်း သူမ သိချင်လှသည်။

"မဟုတ်ဘူး... ငါဝန်မခံဘူး...” ဟွာဂျီယူက ငြင်းပယ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူမ၏မျက်နှာကား နီရဲနေသည်။ တန်ဝမ်က မည်သို့ ယုံပေးနိုင်မည်နည်း။

သူတို့က ဥယျာဉ်ထဲသို့ ဝင်လိုက်သည်နှင့် တန်လန်နှင့် ပက်ပင်းတိုးကြ၏။

"ဆရာမကို နှုတ်ဆက်ပါတယ်...” တန်ဝမ်က ပြောလိုက်သည်။

တန်လန်ကား ဟွာဂျီယူကို စိုက်ကြည့်နေဆဲ...။ သူမအား မြင်ကတည်းကပင် သူမ၏ဘဝတွင် အမှတ်ထင်ထင် ရှိစေသော ထိုတစ်စုံတစ်ယောက်အား လုံးဝ အမှတ်ရစေသည်။

"တန်အဒေါ်ကို နှုတ်ဆက်ပါတယ်...” ဟွာဂျီယူကလည်း နှုတ်ဆက်လိုက်သည်။

"ကောင်မလေး... နင်က သူမ ငယ်ငယ်တုန်းကနဲ့ တစ်ပုံစံတည်းပဲ...” တန်လန်အား အလွန် အံ့အားသင့်ရသည်။ တန်လန်က သူမ၏အမေအား ရည်ညွှန်းလိုက်သည်ကို သူမသိသည်။ သူမက တန်ဝမ်နှင့် စကားအများကြီး ပြောခဲ့ကြရာ အကြောင်းအရာ အတော်များများအား သိခဲ့ရ၏။

တန်ဝမ်ကလည်း ဟွာဂျီယူမှာ သူမဆရာ၏ အချစ်ပြိုင်ဘက် ဖြစ်သူနှင့် ဟွာဖန်းလူတို့၏သမီး ဖြစ်ကြောင်း သိခဲ့ရသည်။ သူမက ဟွာဂျီယူအား သည်နေရာသို့ ခေါ်သင့် မခေါ်သင့် တွေဝေနေဆဲပင်။ သူမက ရုတ်တရက် အပြစ်ရှိသလို ခံစားလိုက်ရကာ တစ်ခုခုပြောရန် ကြိုးစားလိုက်သည်... “ဆရာမ... တန်ဝမ်...”

"ဒါက နင့်အပြစ် မဟုတ်ဘူး... မိန်းကလေး... ဟွာဂျီယူကို သူ့အဖေဆီ ခေါ်သွားလိုက်...” တန်လန်က သက်ပြင်းချလိုက်သည်။

"ကျေးဇူး... တန်အဒေါ်...” ဟွာဂျီယူက တန်ဝမ်နှင့်အတူ ဥယျာဉ်ထဲသို့ ဝင်သွားလိုက်ပြီး တန်လန်က နောက်မှ လိုက်ပါသွားသည်။

တံခါးပေါက်ရှေ့တွင် ဟွာဖန်းလူကား နေပူဆာလှုံနေပုံရသည်။ ဘေးနားတွင်ကား ရီဖူရှင်းက ကု့ချင်းတီးခတ်နေသည်။ သူတို့က ဟွာဂျီယူအား မြင်သောအခါ ရီဖူရှင်းက ကု့ချင်းတီးနေသည်ကို ရပ်လိုက်သည်။ ဟွာဖန်းလူက နွေးထွေးစွာ ပြုံးလိုက်သည်။

"အဖေ...” ဟွာဂျီယူအား သူမ၏အဖေကို တွေ့သည်နှင့် ငိုတော့သည်။ တန်ဝမ်က သူမ၏အဖေ ဒဏ်ရာရထားပြီး အခြေအနေ ဆိုးရွားကြောင်း ပြောပြထားပြီး ဖြစ်သည်။ ပြန်တွေ့ရခြင်း၏ ပျော်ရွှင်မှုထက် သူမ၏အဖေကို သည်အခြေအနေတွင် မြင်တွေ့ရခြင်းက သူမအား အဆမတန် ဝမ်းနည်းစေသည်။

"ဟေး... ကောင်မလေး... မငိုနဲ့...” ဟွာဖန်းလူက သူ၏သမီးကို အသာအယာ ပွေ့ဖက်ကာ နှစ်သိမ့်လိုက်သည်။ သို့သော်လည်း သူကိုယ်တိုင်မူ မျက်ရည်များ ဝဲလာ၏။

ရီဖူရှင်းကား သူတို့၏ ပြန်ဆုံတွေ့သည့် မြင်ကွင်းအား ကြည့်ကာ ဘေးနားတွင် တိတ်ဆိတ်စွာ ရပ်နေသည်။

တန်လန်က တန်ဝမ်အား မေးလိုက်သည်... “သူတို့ ဒီမှာ ရှိတာ ဟွာဂျီယူက ဘယ်လို သိသွားတာလဲ...”

တန်ဝမ်က ဖြစ်စဉ်အား အကျဉ်းချုပ် ရှင်းပြလိုက်သည်။ တန်လန်ကား ရီဖူရှင်း၏လုပ်ရပ်အား ကြားကာ အံ့အားသင့်သွားသည်။ ထို့နောက် သူမက တန်ဝမ်အား ကြည့်ကာ သတိပေးလိုက်သည်... “ဒီကောင်လေးက ပြဿနာ ရှာတတ်တာပဲ... ဟွာဖန်းလူက သူ့ကို သတိထား စောင့်ကြည့်ဖို့ပြောတာ မထူးဆန်းတော့ဘူး... မိန်းကလေး... သူနဲ့ ဝေးဝေးနေ...”

"ဆရာမ... ဘာကို ပြောနေတာလဲ...” တန်ဝမ်က သူမ ဘာကို ဆိုလိုသည် နားမလည်ပေ။

"လှပတဲ့ မိန်းကလေးတွေက အန္တရာယ်ပဲ... ကောင်မလေး နှစ်ယောက်က ချောမောလွန်းတယ်... သူ့ဆရာ အမှားလုပ်ခဲ့တဲ့အတိုင်း အမှားမလုပ်ဖို့ မျှော်လင့်မိတာပဲ...” တန်လန်က သက်ပြင်းချလိုက်သည်။ သူမက ဟွာဖန်းလူ၏ လက်ရှိအခြေအနေမှာ ထိုမိန်းမကြောင့်ဟု မှတ်ယူထားသည်။ ယခု ဟွာဂျီယူမှာ ထိုမိန်းမ ငယ်စဉ်ကနှင့် ချွတ်စွပ်တူကာ ပို၍ပင် လှပသေးသည်။ နောင်နှစ် အနည်းငယ်တွင် သည်မိန်းကလေး အရွယ်ရောက်လာလျှင် သည်မိန်းကလေးကြောင့်ပင် ရီဖူရှင်းမှာ သူ၏ဆရာကဲ့သို့ ဒုက္ခရောက်လိမ့်မည်ကို သူမက စိုးရိမ်နေသည်။

မည်သို့ပင်ဆိုစေ သည်အရာကား မျိုးဆက်နှစ်ခုအကြား ထူးခြားလှသော တိုက်ဆိုင်မှု ဖြစ်ပေသည်။

***

All Chapters