အခန်း (၉၁၉-၉၂၁)
Vol. 62 Ch. 919-921
အခန်း (၉၁၉) စွမ်းအားကြီးသည့် ပဲဝါအရှင်
"ငါသေတာရှင်တာကို ဆုံးဖြတ်ရအောင် မင်းက ဒီလောကမှာပြိုင်ဘက်ကင်းတယ်လို့ တကယ်ထင်နေတာလား"
ယင်ထန် ထိုစကားတစ်ခွန်းသာ ပြောရသေးသည်။ ပဲပြာအရှင်၏ကန်ချက်ကြောင့် လွင့်ထွက်သွားသည်။ သံချပ်ကာအပြည့်သာ ဝတ်မထားလျှင် သက်တမ်းတစ်ဝက်စာလောက် ကုန်ဆုံးသွားနိုင်သည်။
စွမ်အားကြီးလွန်းသည်။
ယင်ထန် မယုံနိုင်အောင်ဖြစ်နေသည်။ တိုက်ခိုက်စွမ်းအားက ပြင်းထန်လွန်းသည်။ မသေမျိုးရတနာများ သူကိုင်ထားသည့်တိုင် ထိုစွမ်းအားမျိုး မထုတ်နိုင်။
ပဲပြာအရှင်က စကားများများပြောသူမဟုတ်။ ယင်ထန်၏မေးခွန်းကို ပြန်မဖြေ။ စကားတစ်ခွန်းမှမပြောဘဲ အဆက်မပြတ်တိုက်ခိုက်သည်။
ယင်ထန်နှင့် ပဲပြာအရှင်တိုက်ပွဲကိုကြည့်ရင်း ယွမ်မုန်မုန်စိတ်ထဲတွင် သူ့မသေမျိုးတစ်ဝက်အဆင့်ကျင့်စဉ်စွမ်းအားသည် အပြင်လောကတွင် ဘာမှအထင်ကြီးစရာမရှိကြောင်း နားလည်လာသည်။
သူနေထိုင်သည့် လျှို့ဝှက်နယ်မြေမှာသာ ကြွားလုံးထုတ်ကောင်းထုတ်နိုင်လိမ့်မည်။
ယင်ထန်မသေမျိုးပေါ်လာသည်က တိုက်ဆိုင်မှုဟု ဆိုနိုင်သည်။ သို့သော် ပဲပြာအရှင်ပေါ်လာသည့်ကိစ္စသည် တိုက်ဆိုင်မှုမဖြစ်နိုင်။ အပြင်လောကတွင် မသေမျိုးများ မှိုလိုပေါနေ၍သာဖြစ်မည်။
ဓားမျှော်စင်ကိုကာကွယ်ဖို့ သိစိတ်ဝိညာဉ်တစ်စချန်ထားခဲ့သည်မှာ သိပ်အရာမရောက်လှဟု ဓားမျှော်စင်အဓိပဓိတွေးမိသည်။ ဓားမျှော်စင်ကို ဘာကြောင့် မသေမျိုးများစွာ အာရုံစိုက်နေသည်မသိ။ ထိုအခြေအနေမျိုးကို ဘယ်သူကာကွယ်နိုင်မည်နည်း။
"ငါ့တင်းပုတ်ကိုမြည်းကြည့်စမ်း"
ယင်ထန်မသေမျိုး မာန်သွင်းအော်ဟစ်သည်။ သန့်စင်မှုတစ်ရာတင်းပုတ်ကိုလွှဲယမ်းလိုက်သည်။ သူဂုဏ်ယူရသည့် မသေမျိုးရတနာဖြစ်သည်။ တောင်းတန်းတစ်သိန်းဖြိုနိုင်လောက်အောင် အလေးချိန်စီးသည်။
ကူးဖြတ်ခြင်းအဆင့်မှဘယ်သူမဆို ထိုရိုက်ချက်ထိရုံဖြင့် သေသွားလိမ့်မည်။
ရုတ်တရက် ပဲပြာအရှင်လက်ထဲတွင် မသေမျိုးဓားကောက်တစ်လက်ပေါ်လာသည်။ လေဟာနယ်ပြိုပျက်သွားသည်။ အချိန်စီးကြောင်း ပရမ်းပတာဖြစ်လာသည်။
သို့သော် အမှန်တော့ ထိုလက်နက်သည် ဓားကောက်မဟုတ်။ ပဲပြာအရှင်၏ အဖျက်စွမ်းအားဖြင့် စုစည်းထားသည့် အလင်းတန်းတစ်ခုသာဖြစ်သည်။
အဖျက်ဓားကောက်က အရာအားလုံးကို ဖျက်ဆီးနိုင်သည်။ သန့်စင်မှုတစ်ရာတင်းပုတ်က ဓားကောက်ကို ရင်ဆိုင်တွေ့သည်နှင့် ချက်ချင်းပဲ့ထွက်သွားသည်။
ယင်ထန်ဘာမှမတုံ့ပြန်နိုင်မီ ပဲပြာအရှင်က လက်ကောက်ဝတ်ကိုအားဖြည့်၍ ဓားကောက်ထဲသို့အဖျက်စွမ်းအင်များ ထပ်မံထည့်သွင်းလိုက်သည်။ တင်းပုတ်က စပါးပင်ကဲ့သို့ ချက်ချင်းပြတ်ထွက်သွားသည်။ တင်းပုတ်ခေါင်းက မြေပြင်သို့ပြုတ်ကျသည်။ ထိုနေရာတွင် တွင်းနက်တစ်ခုဖြစ်သွားပြီး မြေပြင်တုန်ခါလာသည်။
ပဲပြာအရှင်က မသေမျိုးဓားကောက်ဖြင့် ဆက်တိုက်ခိုက်ရန် ချိန်ရွယ်လိုက်သည်။ ယင်ထန်က တင်းပုတ်လက်ကိုင်ရိုးဖြင့် အမြန်ကာလိုက်ရသည်။
"ဝှစ်၊ ဝှစ်"
ပဲပြာအရှင် ဓားနှစ်ချက်ခုတ်သည်။ တင်းပုတ်လက်ကိုင် သုံးပိုင်းဖြစ်သွားသည်။
"ခေါင်းသုံးလုံး လက်ခြောက်ခုစွမ်းအား"
ယင်ထန် မာန်သွင်းအော်ဟစ်လိုက်သည်။ သူ့လည်ပင်းမှ ခေါင်းနှစ်လုံးထိုးထွက်လာသည်။ နံရိုးအောက်နှင့် နောက်ကျောဘက်မှ လက်နှစ်ဘက်စီ ထွက်လာသည်။
ခေါင်းသုံးလုံးလက်ခြောက်ခုဖြင့် မသေမျိုးလက်နက် ခြောက်ခုကိုင်လိုက်သည်။ ဝိညာဉ်ဖျက်လှံ၊ ခရမ်းရွှေဘူးသီးခြောက်၊ ပင်လယ်ချုပ်တံဆိပ်...
ရတနာတိုင်းတစ်ခုချင်းစီက မသေမျိုးရွှေဖြင့်လုပ်ထားသည်။ မသေမျိုးသွေးတွင်စိမ်ထားသည်။ အပြင်လောကတွင် အဖိုးဖြတ်မရသည့် ရတနာများဖြစ်သည်။
ထိုလက်နက်တစ်ခုလောက်သာ ယွမ်မုန်မုန်ရလျှင် လျိုနင်ရွှမ်းနှင့်ရင်ဆိုင်ဖို့ ဓားမျှော်စင်အဓိပဓိ၏အကူအညီပင် မလိုလောက်။
ယင်ထန်မသေမျိုးက လက်နက်ခြောက်ခုကိုင်ထားသော်လည်း ပဲဝါအရှင် မျက်နှာမပျက်။ မသေမျိုးဓားကောက်ကို ပြန်သိမ်းပြီး ဖျက်ဆီးခြင်းအရိယဖလစွမ်းအားကို အသက်သွင်းလိုက်သည်။
သူ့ကိုယ်ပေါ်တွင် ပြင်းထန်သည့်မီးတောက်များပေါ်လာသည်။ ဗုဒ္ဓဂိုဏ်း၏ ကံကြမ္မာမီးတောက်နှင့် သဏ္ဌာန်တူသည်။ သရဲပေါင်းထောင်ချီ ငိုကြွေးနေသလိုရှိသည်။
ယင်ထန် မျက်မှောင်ကျုံ့သွားသည်။ ထိုမီးတောက်၏ဇစ်မြစ်ကို သူမသိ။ သို့သော် ပြင်းထန်သည့်အန္တရာယ်အငွေ့အသက်ကို ခံစားမိသည်။
ဖျက်ဆီးခြင်းအရိယဖလဖြင့်ဖန်တီးထားသည့် မီးနိုင်ငံကိုဖျက်ဆီးခဲ့သည့် ကမ္ဘာဖျက်မီးတောက်ဖြစ်သည်။
မီးတောက်စစ်စွမ်းအားတွင် ဤကမ္ဘာဖျက်မီးတောက်စွမ်းအားကို ဘယ်မီးတောက်မှမမီ။
သို့သော် ယင်ထန်က ကမ္ဘာဖျက်မီးတောက်အကြောင်းကိုမသိ။ သိခဲ့လျှင် ချက်ချင်းနောက်လှည့်ထွက်ပြေးပေလိမ့်မည်။
"သေလိုက်စမ်း"
ယင်ထန်မသေမျိုးက မသေမျိုးသွေးသန္ဓေများ ထွေးထုတ်လိုက်သည်။ သူ့လက်နက်ခြောက်ခုမှ စွမ်းအင်ရောင်များ တစ်ရှိန်ထိုးမြင့်တက်လာသည်။
ဝိညာဉ်ဖျက်လှံက မီးလူသားလိုဖြစ်နေသည့် ပဲပြာအရှင်ကိုထိသည်နှင့် ချက်ချင်းအရည်ပျော်ပြီး မသေမျိုးရွှေလုံးအဖြစ် အသွင်ပြောင်းသွားသည်။
"မဖြစ်နိုင်ဘူး"
ယင်ထန် တအံ့တဩအော်ဟစ်လိုက်သည်။ ထိုလက်နက်သည် မသေမျိုးလက်နက်ဖြစ်သည်။ ဘာကြောင့်ထိုသို့ ချက်ချင်းအရည်ပျော်သွားသည်မသိ။
"နင့်ရဲ့ပစ္စည်းသန့်စင်စွမ်းရည်က ယင်ထန်အစစ်ကို မမီဘူး။ မသေမျိုးရွှေတွေ အလဟဿဖြုန်းတီးနေတာပဲ"
ပဲပြာအရှင်ကပြောသည်။ မီးနိုင်ငံ၏ နောက်ဆုံးနှစ်ကာလများတွင် ယင်ထန်မသေမျိုးနှင့် သူတိုက်ခိုက်ခဲ့သည်။ ယင်ထန်က လက်နက်မျိုးစုံအသုံးပြုသည်။
ယခုသူ့ရှေ့မှ ယင်ထန်အတုထက် များစွာပိုစွမ်းအားကြီးသည်။
"ခရမ်းရွှေဘူးသီးခြောက်"
ယင်ထန် ဘူးသီးခြောက်အဖုံးကိုဖွင့်လိုက်သည်။ ကြောက်စရာစုပ်အားတစ်ခု ပေါက်လာသည်။ လေဟာနယ်တွန့်လိမ်သွားသည်။ ပဲဝါအရှင်ကို စုပ်ယရန်ကြိုးစားသည်။
ခရမ်းရွှေဘူးသီးခြောက်ထဲသို့ ရောက်သွားသူတိုင်း ချက်ချင်းခန္ဓာကိုယ်ကြေမွသွားလိမ့်မည်။
ပဲပြာအရှင်က အဖျက်စွမ်းအားဖြင့် လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်။ ဝုန်းခနဲ တစ်ချက်အသံမြည်ပြီးနောက် ခရမ်းရွှေဘူးသီးခြောက် အစိတ်စိတ်အမွှာမွှာကြေမွသွားသည်။
"ပင်လယ်ချုပ်မသေမျိုးတံဆိပ်"
"ရှစ်မြှောင့်ကြေးမုံ"
ယင်ထန်က မသေမျိုးလက်နက်များ တစ်ခုပြီးတစ်ခုထုတ်သည်။ သို့သော် ပဲပြာအရှင်အတွက် ကလေးကစားစရာလိုသာဖြစ်သည်။ သက်တောင့်သက်သာဖျက်ဆီးနိုင်သည်။
စွမ်းအားချင်းများစွာကွာခြားကြောင်း ယင်ထန်မသေမျိုး နာလည်လာသည်။ လျှပ်စီးအရိယဖလပိုင်ဆိုင်လျှင်ပင် ပဲပြာအရှင်ကို ယှဉ်နိုင်ဖို့မသေချာ။
ထွက်ပြေးရမည်...
ခြေတစ်လှမ်းဖြင့် မိုင်ပေါင်းသန်းချီ သူထွက်ပြေးနိုင်သည်။ ကမ္ဘာအဆုံးထိ သူထွက်ပြေးနိုင်သည်။
သို့သော် ပဲပြာအရှင်က ခြေတစ်ချက် အသာဆောင့်လိုက်သည်။ လေဟာနယ်စည်းမျဉ်းများ ချက်ချင်းဖရိုဖရဲဖြစ်လာသည်။ ဘယ်လိုစွမ်းအားသုံးသည်ဖြစ်စေ ယင်ထန်မသေမျိုး မလွတ်မြောက်နိုင်တော့။
"နင့်စွမ်းအားက အဲလောက်ပါပဲ"
ပဲပြာအရှင် ယင်ထန်နားသို့လှမ်းလာသည်။ ကြောက်လန့်တကြားကြည့်နေသည့် ယင်ထန်၏ဦးခေါင်းကို ဆွဲကိုင်သည်။ ကမ္ဘာဖျက်မီးတောက်စွမ်းအားက ယင်ထန်၏မသေမျိုးခန္ဓာနှင့်ဝိညာဉ်ကို လောင်ကျွမ်းသည်။ မီးကျွမ်းသည့်အလောင်းတစ်ခု ဖြစ်လာသည်။
သေခါနီးဆဲဆဲတွင် ပဲပြာအရှင်၏ဇစ်မြစ်ကို သူခန့်မှန်းမိလာသည်။ ထိုမိန်းမသည် လုယန်ပြောသည် ကောင်းကင်ရုံးတော်သခင်ဖြစ်ပေလိမ့်မည်။
လုယန်က သူ့ကို အကွက်ချလုပ်ကြံခဲ့ခြင်းဖြစ်သည်။
ပဲပြာအရှင်က ယန်ထန်အလောင်းကို ဘေးသို့လွှင့်ပစ်ပြီး လုယန်ကိုရှာသည်။
ထိုစဉ် ရုတ်တရက် သူကြက်သီးမွှေးညှင်းများထလာသည်။ ဘေးပတ်လည်မှ မြူခိုးများ မတည်မငြိမ်ဖြစ်လာသည်။ သူထွက်မပြေးလျှင် အသက်အန္တရာယ်ကြုံရတော့မည်ကို ခံစားမိသည်။
ယွမ်မုန်မုန်(ယွမ်ကျိ)ဆိုသည့် ကောင်းကင်ရုံးတော်ဂိုဏ်းချုပ် ရောက်လာခြင်းဖြစ်သည်။
ထောင်ချောက်...
အရှေ့ပင်လယ်ကိစ္စဖြစ်ပြီးကတည်းက လုယန်နှင့်အောင်းလင်းကို ဒုက္ခပေးဖို့ သူလက်တွန့်သွားသည်။ ယွမ်မုန်မုန်က ထိုနှစ်ယောက်ဖြင့် မျှားခေါ်မည်ကို သူစိုးရိမ်သည်။
ယခု သူစိုးရိမ်သည့်အတိုင်း တကယ်ဖြစ်လာသည်။
လုယန်ကိုရှာဖို့ ဆက်မတွေးတော့။ ချက်ချင်းနောက်လှည့်ထွက်ပြေးသည်။
ပဲပြာအရှင် ထွက်ပြေးသွားသည်ကိုကြည့်၍ ယွမ်ကျိရောက်လာပြီဖြစ်ကြောင်း လုယန်သိလိုက်သည်။
"ဟူး...တော်သေးတာပေါ့"
ယခုမှ လုယန် ချင်ဖုန်းဓားထဲမှ ထွက်ရဲသည်။ သို့သော် အတော်အားနည်းနေသဖြင့် လမ်းကောင်းကောင်မလျှောက်နိုင်။
ဒဏ်ရာရမထားသော်လည်း သူ့ကိုသတ်ချင်နေသည့် ယင်ထန်မသေမျိုးကို စကားဖြင့်အယုံသွင်းခဲ့ရသည့်အလုပ်က အလွန်စိတ်ဖိအားများသည်။ နည်းနည်းအမှားပါသွားသည်နှင့် သံသယဝင်ခံရမည်ကို သူကြောက်သည်။
ပဲပြာအရှင်ရောက်လာသည့်အချိန်တွင်လည်း သူစိတ်မအေးနိုင်ခဲ့။ ရင်တထိတ်ထိတ်နေရသည်။
ယခုမှ အခြေအနေထိန်းချုပ်နိုင်ပြီဖြစ်၍ စိတ်ကိုလျှော့ချလိုက်သည်။ စိတ်ပင်ပန်းမှုကြောင့် အိပ်ချင်စိတ်များ ကြီးစိုးလာသည်။
သို့သော် အိပ်၍မဖြစ်သေး။ လုပ်စရာတစ်ခုကျန်သေးသည်။
လုယန် ပြန်ပေါ်လာသည်ကိုကြည့်၍ အားလုံးဝမ်းသာသွားကြသည်။
"လုယန်၊ နင်အဆင်ပြေရဲ့လား"
ကျင့်စဉ်အဆင့်မြင့်ဆုံးဖြစ်သည့် ယွမ်မုန်မုန်က အရင်ဆုံးရောက်လာပြီး သူ့ကိုပြေးဖက်သည်။
"ဖြေးဖြေး...ဖြေးဖြေးလုပ်ပါ။ ကျုပ်သေတော့မယ်"
ယွမ်မုန်မုန်ဖက်ထားသည့်အားက ပြင်းလွန်းသဖြင့် လုယန် အရိုးကျိုးမတတ်ခံစားလိုက်ရသည်။
ယွမ်မုန်မုန် လန့်ဖျတ်သွားပြီး ချက်ချင်းလွှတ်ပေးသည်။
"ဆရာ"
ပျော်ရွှင်ရယ်မောသံများကြားတွင် မိန်ထိုက်၏ မချိတင်ကဲအော်ဟစ်သံကြောင့် အားလုံးအာရုံရောက်သွားကြပြန်သည်။
ဓားမျှော်စင်အဓိပဓိ၏ ဝိညာဉ်ခန္ဓာက တဖြေးဖြေးမှေးမှိန်လာသည်။ ယင်ထန်ပေါ်လာပြီးနောက် မိန်ထိုက်ကို ကာကွယ်လို၍ သူ့အသက်ကိုရင်းခဲ့သည်။
"မိန်ထိုက်၊ ငါမင်းကိုဆက်ပြီး မစောင့်ရှောက်နိုင်တော့ဘူး။ မင်းကိုယ်မင်းပဲ ဂရုစိုက်ရတော့မယ်"
"ဆရာ"
သူ့ဆရာနှင့် အခုမှ ခက်ခက်ခဲခဲပြန်ဆုံရခြင်းဖြစ်သည်။ သို့သော်ယခု အပြီးတိုင်ခွဲခွာရတော့မည်။
"ဝမ်းမနည်းပါနဲ့။ မွေးဖွားတာ သေဆုံးတာက သဘာဝပဲ။ ငါ့နောက်ကို နှစ်တွေအများကြီး မင်းလိုက်ခဲ့တာပဲ။ ဒီလောက်ရိုးရှင်းတဲ့ အမှန်တရားကို မင်းနားမလည်သေးဘူးလား"
ဓားမျှော်စင်အဓိပဓိက မိန်ထိုက်ကိုနှစ်သိမ့်ရင်း မျက်ရည်သုတ်ပေးရန်ကြိုးစားသည်။ သို့သော် ရုပ်ခန္ဓာကို ထိတွေ့နိုင်လောက်အောင် သူစွမ်းအားမကျန်တော့။
အားလုံး အသံတိတ်သွားသည်။ အသက်အန္တရာယ်ကြားမှ လွတ်မြောက်လာသည့်အပျော်စိတ်များ လျော့ပါးသွားကြသည်။
"ဓားမျှော်စင်အဓိပဓိ၊ ခင်ဗျားဝိညာဉ်ကို ထိန်းထားနိုင်တဲ့နည်းလမ်းတစ်ခုရှိပါတယ်"
လုယန်ကလှမ်းပြောရင်း ယွမ်မုန်မုန်နှင့်အတူ မိန်ထိုက်ဆီလျှောက်သွားသည်။
"ဘာနည်းလမ်းလဲ"
"အရိယဖလသန္ဓေကိုစွန့်လွှတ်ပြီး အလင်းဓားနဲ့ ပေါင်းစပ်လို့ရတယ်လေ"
လုယန်စကားကြောင့် ဓားမျှော်စင်အဓိပဓိ၏မျက်လုံးများ အရောင်တောက်လာသည်။
မှန်သည်။ သူဘာကြောင့် ထိုနည်းလမ်းကို မစဉ်းစားမိခဲ့သည်မသိ။
လျိုနင်ရွှမ်းသည် လူနှင့်ဓားတစ်သားတည်းပညာ၏ အမြင့်ဆုံးအဆင့်ကို ရောက်ခဲ့သည်။ သူလည်း ထိုသို့မလုပ်နိုင်စရာ အကြောင်းမရှိ။
ချက်ချင်းတင်ပျဉ်ခွေထိုင်၍ လူနှင့်ဓားပေါင်းစပ်ပညာအကြောင်း သူပြန်စဉ်းစားသည်။ လျိုနင်ရွှမ်းလုပ်ခဲ့သည့်နည်းလမ်းကို နည်းနည်းနားလည်လာသည်။
သိပ်မကြာမီ အလင်းဓားက အဆက်မပြတ်တုန်ခါလာပြီး ဓားမျှော်စင်အဓိပဓိ၏ဝိညာဉ်နှင့် ပေါင်းစပ်သွားသည်။
လူနှင့်ဓား တစ်သားတည်းပေါင်းစပ်ခြင်း...
အလင်းဓား၏စွမ်းအင်ကြောင့် အားနည်းနေသည့် ဓားမျှော်စင်အဓိပဓိ၏ဝိညာဉ်က တဖြေးဖြေးပြန်ထင်ရှားလာသည်။
"ဆရာ"
မိန်ထိုက်က အပျော်မျက်ရည်များဖြင့် အလင်းဓားကိုပွေ့ဖက်ရင်း ငိုနေသည်။
ဓားမျှော်စင်အဓိပဓိက ပြုံးစေ့စေ့ဖြင့် သူ့ကိုစနောက်သည်။
"အခု မင်းကဆရာဖြစ်သွားပြီလေ"
နောက်ဆုံးကိစ္စပြေလည်သွားပြီဖြစ်၍ လုယန် စိတ်ကိုလုံးလုံးလျှော့ချလိုက်သည်။ နေရာမှာပင် ချက်ချင်းအိပ်မောကျသွားသည်။ ယွမ်မုန်မုန် စိုးရိမ်တကြီးအော်ခေါ်နေသောလည်း သူနိုးမလာတော့။
အချိန်ဘယ်လောက်ကြာသွားသည်မသိ။ ယွမ်မုန်မုန်အသံကြောင့် သူပြန်နိုးလာသည်။ မျက်လုံးကို ကြိုးစား၍ဖွင့်ကြည့်သည်။ သူရင်းနှီးနေသည့်လူကို မြင်ရသည်။
အမယွမ်..
ယွမ်မုန်မုန်က ယွမ်ကျိ၏အင်္ကျီလက်ကိုဆွဲ၍ စိုးရိမ်တကြီးအော်ပြောနေသည်ကို သူဝိုးတဝါးမြင်ရသည်။
"ရှောင်ကျိ၊ လုယန်ကိုကယ်ပေးပါ။ သူက ငါနင့်အတွက်ရှာပေးထားတဲ့ ဓားဆရာပါ။ သူဒုက္ခရောက်လို့မဖြစ်ဘူး"
လုယန် ပြန်အိပ်မောကျသွားသည်။
ယွမ်မုန်မုန်...နောင်ဘဝကျရင် ကျုပ်ခင်ဗျားကို လုံးဝမကယ်ဘူး..
*********************************
အခန်း (၉၂၀) ဓားလာဝယ်သည့်ခရီးပါ
လုယန် ပြန်နိုးလာသည်။ သူ့ခေါင်းပေါ်တွင် ရင်းနှီးနေသည့် သစ်ပင်ရိပ်များကို မြင်ရသည်။ အမယွမ်ကသူ့ကို ကောင်းကင်ဂိတ်တောင်ထိပ်သို့ ပြန်ခေါ်လာခြင်းဖြစ်မည်။
ကျင့်ကြံ၍ပင်ပန်းလာသည့်အချိန်တိုင်း ဤသစ်ပင်ရိပ်တွင် သူမကြာခဏလဲလျောင်း၍ အပန်းဖြေခဲ့ဖူးသည်။
ကောင်းကင်ဂိတ်တောင်ထိပ်က အရင်လိုပင် လုံခြုံဘေးကင်းမှုကို ခံစားနေရဆဲဖြစ်သည်။
သူဘယ်လောက်ကြာအောင် သတိလစ်နေခဲ့မှန်းမသိ။ အိပ်မက်တစ်ခု သူမက်ခဲ့သည်။ အိပ်မက်ထဲတွင် အမယွမ်က သူ့တပည့်ဖြစ်နေသည်။ သူက ဓားပညာသင်ပေးနေသည်။
အိပ်မက်ဖြစ်၍သာ ကံကောင်းသေးသည်။
လုယန် သက်ပြင်းချပြီး ဘေးသို့ခေါင်းငဲ့ကြည့်လိုက်သည်။ အပြုံးအရယ်မရှိသည့်မျက်နှာဖြင့် ပန်းသီးတစ်လုံး အခွံနွှာပေးနေသည့် ယွမ်ကျိကိုမြင်လိုက်ရသည်။ နောက်ခံပတ်ဝန်းကျင်နှင့် စပ်ဟပ်ကြည့်လျှင် ထိုမျက်နှာက ပန်းချီကားတစ်ချပ်နှင့်တူနေသည်။
လုယန် ထိတ်လန့်တုန်လှုပ်သွားပြီး ချက်ချင်းထထိုင်သည်။
"အမယွမ်"
ယွမ်ကျိက မျက်ခွံလှန်ကြည့်၍ သူ့ကိုပန်းသီးလှမ်းပေးသည်။
"နိုးလာပြီလား။ ဓားမျှော်စင်ပျက်စီးတဲ့အချိန်က မင်းစိတ်ဖိစီးမှုတွေအများကြီးရခဲ့လို့ သတိလစ်သွားတာ။ ရက်နည်းနည်းလောက်တော့ မင်းအနားယူသင့်တယ်"
"ဟုတ်ကဲ့ ဟုတ်ကဲ့"
လုယန် ပန်းသီးကို အချိန်မပေါက်ကွဲနိုင်သည့် ရတနာတစ်ခုလိုသဘောထား၍ ဂရုတစိုက်လှမ်းယူသည်။
"ဓားမျှော်စင်က ပျက်စီးသွားတယ်ပေါ့"
ထိုစကားလုံးကို ယခုမှ သူသတိထားမိသည်။
ယွမ်ကျိကသူ့ကို ထူးဆန်းသည့်အကြည့်ဖြင့် ပြန်ကြည့်သည်။ သူ့မောင်လေးသည် ယခုမှသတိပြန်ရလာသဖြင့် ဦးနှောက်များပုံမှန်ဖြစ်သေးဟန်မတူ။
"အဆင့်မြင့်တိုက်ပွဲကြီးနှစ်ခု ဆက်တိုက်ဖြစ်တယ်။ ဓားမျှော်စင်က အစိတ်စိတ်အမွှာမွှာဖြစ်သွားတယ်။ အခုချိန် အဲဒီ့နေရာကို ဘယ်လိုစကားသုံးပြီး ရည်ညွှန်းရမှာလဲ။
ဓားတိုက်ထဲက ဝိညာဉ်ဓားတွေလည်း တိုက်ပွဲကြောင့် အများကြီးထိခိုက်သွားတယ်။ အားလုံးပြန်ပြုပြင်ဖို့ဆို အနည်းဆုံးနှစ်တစ်ရာလောက်တော့ ကြာမယ်ထင်တယ်"
ဓားမျှော်စင်အတွက် လုယန်နည်းနည်းစိတ်မကောင်းဖြစ်သွားသည်။ သူသွားလည်ချိန်မှာပင် ဓားမျှော်စင်ပြိုပျက်၍ ဝိညာဉ်ဓားများ ထိခိုက်သွားသည်။
"ဒါပေမယ့် ကောင်းတာတစ်ခုက မင်းသင်ပေးတဲ့နည်းလမ်းကြောင့် ဓားမျှော်စင်အဓိပဓိရဲ့ လက်ကျန်ဝိညာဉ်ကို ထိန်းထားနိုင်ခဲ့တယ်။ ဒါကြောင့် ဓားမျှော်စင်ကလူတိုင်း မင်းကိုအတော်ကျေးဇူးတင်နေကြတယ်"
ဓားမျှော်စင်အဓိပဓိ ရှင်သန်နေသရွေ့ မျှော်စင်ပြိုကျပြီး ဝိညာဉ်ဓားများဆုံးရှုံးသည့်ကိစ္စများက အသေးအဖွဲသာဖြစ်သည်။
"ဓားပွဲတော်မှာမင်းရခဲ့တဲ့ မွေခံဓားကို သူတို့က မင်းအတွက်ပေးလိုက်တယ်"
ယွမ်ကျိက ပန်းသီးအခွံနွှာခဲ့သည့်ဓားငယ်ကို ဖျတ်ခနဲခါလိုက်သည်။ ဓားသွားတွင် နက်မှောင်သေးသွယ်သည့် ဓားရိပ်တစ်ခုဖုံးလွှမ်းနေသည်။ ထို့နောက် ဓားငယ်က ပုံမှန်အရွယ်အစားအဖြစ် ရှည်ထွက်လာပြီး ဓားရိပ်ဖြင့်ပေါင်းစပ်သွားသည်။
မွေခံဓား...
ထိုဓားကို ယင်ထန်ရခဲ့သော်လည်း မသေမျိုးရတနာအဆင့်မရောက်သေးသဖြင့် ပဲပြာကိုတိုက်ခိုက်ဖို့ မသုံးခဲ့။ တိုက်ခိုက်ချိန်တွင် ဓားကိုဝေးဝေးသို့လွှင့်ပစ်ထားသဖြင့် မပျက်မစီးပဲကျန်နေခြင်းဖြစ်သည်။
လျိုနင်ရွှမ်းသေသွားသဖြင့် လုယန်က မွေခံဓားနှင့် ခုနစ်စဉ်ကြယ်ဓားစုတို့၏ ပိုင်ရှင်အစစ်ဖြစ်လာသည်။
မွေခံဓားကိုမြင်ရပြီးနောက် ဓားပွဲတော်သို့သွားခဲ့သည့် သူ့မူလရည်ရွယ်ချက်ကလည်း ဓားတစ်လက်ဝယ်ဖို့သာဖြစ်ကြောင်း ပြန်သတိရလာသည်။
နောက်ပိုင်းကိစ္စများက ထင်မှတ်မထားဘဲ ဖြစ်လာခြင်းသာဖြစ်သည်။
မွေခံဓားကို လုယန်သိမ်းလိုက်သည်။ လက်ရှိအခြေအနေက ထိုဓားအား သူ့ကိုသခင်အဖြစ် အသိအမှတ်ပြုခိုင်းဖို့ မသင့်တော်သေး။
"ကဲ ဒီအလောင်းက ဘယ်လိုပေါ်လာတာလဲဆိုတာ ဘယ်သူရှင်းပြမလဲ"
မီးကျွမ်းနေသည့်အလောင်းကို ယွမ်ကျိဆွဲထုတ်လိုက်သည်။ လူအသွင်ပင်မပေါ်တော့လောက်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်။
ပဲပြာက ရက်စက်လွန်းသည်။ ယင်ထန်မသေမျိုးအလောင်းကို သုံးစားမရအောင်ဖျက်ဆီးခဲ့သည်။ မှော်လက်နက်တစ်ခုပင် လုပ်၍မရနိုင်တော့။ ယွမ်ကျိစိတ်ထဲ အတော်နှမျောမိသည်။
"ဓားမျှော်စင်ကလူတွေက ဒီအလောင်းဟာ ယင်ထန်မသေမျိုးရဲ့ရုပ်ခန္ဓာလို့ ပြောတာလား...
"အင်း၊ ဒီတော့ နတ်မယ်သုံးသပ်ချက်အရ ယင်ထန်အစစ်က အလောင်းခွာပညာရော အလောင်းခွဲထုတ်ပညာရော ကောင်းကောင်းမသုံးနိုင်ခဲ့လို့ သူ့ရုပ်ခန္ဓာအလောင်းက သူ့ဘာသာအသိဉာဏ်ဝင်လာတယ်ပေါ့"
"ဟုတ်တယ်၊ နည်းလမ်းနှစ်မျိုးလုံးက စွမ်းအားရဖို့အတွက်သုံးတာ။ ယင်ထန်မသေမျိုးက အန္တရာယ်များတဲ့ ဒီနည်းလမ်းမျိုးသုံးပြီး ပဲပြာမသေမျိုးကို ရင်ဆိုင်ခဲ့တာဖြစ်မယ်လို့ ယူဆတယ်"
ယွမ်ကျိခေါင်းငြိမ့်သည်။ သူလည်း ထိုသို့ပင်ခန့်မှန်းထားသည်။ ဤအလောင်းသည့် ယင်ထန်အစစ်မဟုတ်သည်က သေချာသည်။
ယင်ထန်သာဆိုလျှင် သူရောက်သွားချိန်ထိ တောင့်ခံထားနိုင်လိမ့်မည်။ လွယ်လွယ်သေမည်မဟုတ်။ ဤယင်ထန်က အဆင့်တူများကို တိုက်ခိုက်သည့်အတွေ့အကြုံမရှိ။ ကျင့်စဉ်နိမ့်သူများကို လွှမ်းမိုးဖို့လောက်သာသိသည်။
"ယင်ထန်အလောင်းက မသေမျိုးရတနာတွေ အတော်များများဖန်တီးထားတယ်။ ယင်ထန်အစစ်ကိုရင်ဆိုင်ဖို့ ပြင်ဆင်နေခဲ့တာဖြစ်လိမ့်မယ်"
ယွမ်ကျိ နည်းနည်းနှမျောမိသည်။ တိုက်ပွဲတွင် မသေမျိုးရတနာအားလုံးကို ပဲပြာအရှင်က မသေမျိုးရွှေလုံးဖြစ်အောင် မီးရှို့အရည်ဖျော်ပစ်ခဲ့သည်။ တစ်ခုချင်းပြန်ခွဲမထုတ်နိုင်လျှင် အညံ့စားသတ္ထုလုံးတစ်ခုသာဖြစ်သည်။
သူသိသမျှလူများထဲတွင်လည်း ထိုသို့ခွဲထုတ်နိုင်သူဟူ၍ တစ်ယောက်မှမရှိ။
အဓိကပြဿနာက ယင်ထန်အစစ်အတွက် ကာကွယ်ပေးသူ မရှိခဲ့သောကြောင့်ဖြစ်သည်။
အန္တရာယ်များသည့်ပညာနှစ်မျိုးဖြင့် အလောင်းခွဲထုတ်လျှင် တစ်ယောက်ယောက်ကိုတော့ ကာကွယ်ဖို့ပြောထားခဲ့သင့်သည်။ သို့မှသာ ခွဲထုတ်မှုမအောင်မြင်သည့်တိုင် ယင်ထန်အလောင်း သိစိတ်ဝင်လာပြီးထွက်မသွားနိုင်အောင် တားဆီးနိုင်မည်။
ကိုးဆမသေမျိုးနှင့် ချီလင်မသေမျိုးတို့က ယင်ထန်ကို ဘာကြောင့်ကာကွယ်မပေးခဲ့ကြသနည်း။
သို့သော် ထိုအကြောင်းများကို ယွမ်ကျိထုတ်မပြော။ လုယန်ကို သိပ်မပတ်သက်စေချင်သောကြောင့်ဖြစ်သည်။
ထိုကိစ္စအကြောင်းတွေးတိုင်း ယွမ်ကျိစိတ်ပျက်ရသည်။ လုယန်ကို ရှေးဟောင်းမသေမျိုးတို့ကိစ္စများနှင့် မပတ်သက်မိစေရန် သူအကောင်းဆုံးကာကွယ်ခဲ့သည်။
သို့သော် သူဂရုမစိုက်မိသည့်အချိန်တွင် လုယန်က ထိုကိစ္စများနှင့် အမြဲသွားတိုးသည်။
လုယန်ကို မှော်ပညာများသင်ပေးစဉ်ကလည်း သူစိတ်ပျက်ခဲ့ရသည်။
"ပြောရရင် ကျုပ်ဒီတစ်ခါ ဘေးကင်းကင်းပြန်လာနိုင်တာ အမယွမ်ပေးတဲ့ ချင်ဖုန်းဓားကြောင့်ပါ"
လုယန် ရယ်ကျဲကျဲဖြင့်ပြောသည်။ ချင်ဖုန်းဓားထဲမှ ကမ္ဘာငယ်က သူ့အသက်ကို ကယ်တင်ခဲ့ခြင်းဖြစ်သည်။
"အမယွမ်၊ ကျုပ်တွေးမိတာတစ်ခုရှိတယ်။ ပဲပြာအရှင် အာရုံမခံနိုင်အောင် ယင်ထန်အရှင်လည်း ကျုပ်လိုပဲ ကမ္ဘာငယ်ထဲမှာ ပုန်းနေတာဖြစ်မယ်ထင်တယ်"
"ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာငယ်တွေက အများကြီးပဲလေ။ ဘယ်ကမ္ဘာထဲပုန်းနေလည်းဆိုတာ ရှာဖို့မဖြစ်နိုင်ဘူး"
နဂါးပုလဲလို ချင်ဖုန်းဓားလို ရွေ့လျားနိုင်သည့်ကမ္ဘာငယ်များက အတော်ရှားပါသည်။ သို့သော် လေဟာနယ်တွင် ပုံသေတည်ရှိနေသည့် ကမ္ဘာငယ်တို့က များလွန်းသည်။
ကမ္ဘာငယ်များသည် ကျင့်ကြံသူများဖန်တီးထားသည့် လျှို့ဝှက်နယ်မြေတစ်မျိုးဖြစ်သည်။ ရှေးဟောင်းခေတ်ကတည်းကစ၍ လျှို့ဝှက်မြေပေါင်းများစွာ ဖန်တီးခဲ့ကြသည်။
အထက်စကြာဝဠာထဲတွင် ရှာမတွေ့သေးသည့် ကမ္ဘာငယ်တို့လည်း မရေမတွက်နိုင်အောင်ရှိသည်။ ကျင့်ကြံသူများက ထိုကမ္ဘာငယ်မျိုးဖန်တီး၍ သူတို့အမွေအနှစ်များကို ချန်ထားခဲ့သည်။
တည်နေရာကို အများသိထုတ်မပြော။ အနာဂတ်ကျင့်ကြံသူများ ဖြေးဖြေးချင်းရှာတွေ့အောင်ထားသည်။
သူတို့စကားအရ ထိုအရာကို ကံရေစက်ဟုခေါ်သည်။
"အဲ လုယန်၊ နင်နိုးနေပြီလား"
ကြည်လင်သည့်စကားသံတစ်ခု ယွမ်ကျိနောက်မှ ပေါ်လာသည်။ ယွမ်မုန်မုန်က ဘေးမှကွေ့ပတ်လာသည်။ လက်ထဲတွင် လောလောလတ်လတ်လုပ်ထားသည့် ပန်းပွင့်သရဖူတစ်ခုကိုင်ရင်း လုယန်ကိုပြုံး၍ကြည့်နေသည်။
"ရှောင်ကျိခဏခဏပြောတဲ့ ဆရာတူမောင်လေးဆိုတာ နင်ဖြစ်နေမယ်လို့ထင်မထားဘူး။ ငါတို့က တကယ်ရေစက်ပါတာပဲ။ နင်သာတာအိုလမ်းစဉ်ဂိုဏ်းသားမှန်သိခဲ့ရင် ငါတို့ဟော့ပေါ့စားတဲ့အချိန်ကတည်းက နင့်ကိုလမ်းညွှန်ခိုင်းခဲ့မှာ"
လုယန်လည်း တွေးနေသည်။
...ခင်ဗျားပြောတဲ့အမဆိုတာ အမယွမ်ဖြစ်နေမယ်လို့ ကျုပ်လည်းမထင်ခဲ့မိဘူး။ အဲလိုမှန်းသာကြိုသိခဲ့ရင် ကျုပ်လည်းဟော့ပေါ့ကို တစ်ခြားဆိုင်မှာသွားစားခဲ့မှာ...
ယွမ်မုန်မုန်က ပန်းပွင့်သရဖူကို လုယန်ဦးခေါင်းထက်တွင် ညင်သာစွာတပ်ပေးလိုက်သည်။
"ဒါငါတို့နေတဲ့နေရာက ကံကောင်းခြင်းလက်ဆောင်ပါ"
လုယန် နည်းနည်းစိတ်ပျော့သွားသည်။ ယွမ်မုန်မုန်သည် သူ့ကိုမတော်တဆ ဒုက္ခပေးမိခဲ့ခြင်းသာဖြစ်သည်။ တမင်ရည်ရွယ်ခဲ့သည်မဟုတ်။ ထိုမိန်းကလေး၏စရိုက်က အတော်ကောင်းသည်။
ယွမ်မုန်မုန်က ဆက်ပြောသည်။
"နင်တကယ်အိပ်နိုင်တဲ့လူပဲ။ ရှောင်ကျိရဲ့ မောင်လေးတကယ်ပီသတယ်။ ရှောင်ကျိလည်း အိပ်လိုက်တာနဲ့ လုံးဝမနိုးတော့ဘူး။ နင့်ကို ဆရာအဖြစ်လက်ခံဖို့ ရှောင်ကျိကို ငါအကြံပေးခဲ့သေးတယ်။
ရှောင်ကျိက တုံ့ဆိုင်းဆိုင်းဖြစ်နေတယ်။ တကယ်တော့ ဆရာဆိုတာ ကြီးတာငယ်တာမဆိုင်ဘူး။ သူကနင့်ထက်အသက်ကြီးပေမယ့် သူ့ဓားပညာက နင့်လောက်မတော်ဘူးလေ။
ဒါကိုသူက အရမ်းမာနကြီးနေတယ်။ ငါ့အမြင်ပြောရရင်တော့ အဲဒါဘာရှက်စရာရှိလဲ။ ကလေးဘဝတုန်းက အိမ်မှာငါတို့တွေကစားတုန်းကဆို သူလည်းငါ့ကို အမေလို့ ခဏခဏခေါ်ခဲ့တာပဲ..."
လုယန် ထိတ်လန့်တုန်လှုပ်သွားသည်။ ဆက်နားမထောင်ရဲတော့။
ယွမ်ကျိ ဖြေးညှင်းစွာထရပ်၍ ယွမ်မုန်မုန်ပုခုံးကို လက်ဖြင့်ဖိပြီး ပြုံးလိုက်သည်။
"မုန်မုန်၊ ငါတို့ညီအမတွေ မဆုံဖြစ်တာအတော်ကြာပြီ။ နင်ကူးဖြတ်ခြင်းအဆင့်ရောက်နေမှန်း ငါမသိဘူး။ လာပါ၊ နေရာတစ်ခုရှာပြီး အတူလေ့ကျင့်ရအောင်"
**************************
အခန်း (၉၂၁) ထာဝရမျိုးဆက်သစ်
ညီအမနှစ်ယောက် အချင်းချင်းလက်ရည်စမ်းကြပြီးနောက် ယွမ်မုန်မုန် သိသိသာသာအပိုးကျိုးသွားသည်။ သို့သော် မကျေမနပ်ရေရွတ်နေသေးသည်။
"ခုထိနင့်မှာ အဲဒါကပြဿနာပဲ ရှောင်ကျိ။ နင်က သိက္ခာကိုအရေးစိုက်လွန်းတယ်။ ငါ့ဆီက နင်ပိုပြီးသင်ယူသင့်တယ်"
ယွမ်ကျိ ကိုယ့်နဖူးကိုယ်လက်ဖြင့်အုပ်လိုက်သည်။ အရင်က ယွမ်မုန်မုန်ကို လျှို့ဝှက်မြေမှ ခေါ်ထုတ်ခဲ့မိသည်ကို သူနည်းနည်းနောင်တရနေသည်။
ယွမ်ကျိ လုယန်ဆီပြန်လာသည်။ လုယန်က ခန္ဓာကိုယ်ကို ကုသနေဆဲဖြစ်နေသည်။
"နတ်မယ်၊ မုန်မုန်ရဲ့ မသေမျိုးအရိယဖလသန္ဓေကို ရှင်သတိထားမိမှာပါ။ သူ့ကို နည်းနည်းလမ်းညွှန်ပေးလို့ရမလား"
လုယန်၏ကိုယ်ထဲမှ လှပသည့်သဏ္ဌာန်တစ်ခု ဂုဏ်ယူဝင့်ကြွားရိပ်အပြည့်ဖြင့် ပျံထွက်လာသည်။ ဓားမျှော်စင်မှပြန်လာကတည်းက ချင်ဖုန်းဓားကမ္ဘာမှ သိစိတ်နယ်မြေသို့ သူပြန်ပြောင်းရွှေ့ခဲ့သည်။
ယွမ်မုန်မုန် လန့်သွားသည်။
"လုယန်၊ နင့်ဝိညာဉ်က ဘာလို့မိန်းမလိုပြောင်းသွားတာပဲ"
လုယန် "..."
ယွမ်ကျိက တရားဝင်မိတ်ဆက်ပေးသည်။
"အဲဒါ ရှေးဟောင်းမသေမျိုး ပဲဝါအရှင်ပါ။ သူက ထာဝရအရိယဖလပိုင်ရှင်ပဲ။ နင့်အရိယဖလသန္ဓေရဲ့ အမြင့်ဆုံးပုံစံပေါ့။
လက်ရှိမှာ သူက ရုပ်ခန္ဓာမတည်ဆောက်ရသေးလို့ ရှောင်လုရဲ့သိစိတ်နယ်မြေမှာ ခဏနေတာ"
"ရှေးဟောင်းမသေမျိုးလား"
ယွမ်မုန်မုန် အံ့အားသင့်သွားသည်။ အပြင်လောကတွင် မသေမျိုးများစွာရှိမှန်း သူသိသည်။ သို့သော် မသေမျိုးဆိုသည်မှာ အလွန်ရှားသည်ဟု ရှောင်ကျိကပြောဖူးသည်။
တမင်စနောက်ခဲ့ခြင်းလားမသိ။ သူ့ကို လမ်းဘေးဆိုင်တွင် ဟော့ပေါ့ကျွေးခဲ့သည့် လူတစ်ယောက်၏ကိုယ်ထဲမှာပင် မသေမျိုးဝိညာဉ်ရှိနေသည်။
"ပဲဝါအရှင်ကို ယွမ်မုန်မုန်ဂါရဝပြုပါတယ်"
အပြင်လောက၏ လောကဝတ်ပညာများကို သူ့အဖွားက သင်ပေးထားသည်။ ဝါစဉ်ကြီးသူကို လေးစားရကြောင်းသိသည်။
သူအရိုအသေပေးပုံက အတော်ပုံစံကျသည်။
"ရပါပြီ၊ ရပါပြီ၊ ငါမသေမျိုးက လောကဝတ်တွေကို သိပ်အရေးမစိုက်ဘူး။ ထပါ"
နတ်မယ်က လက်ယမ်းပြသည်။ တစ်ဘက်လူနားလည်ရုံဖြင့် လုံလောက်သည်ဟူသည့် သဘောဖြစ်သည်။
ယွမ်မုန်မုန်ကို သူတစ်ကြိမ်နှစ်ကြိမ်လှည့်ပတ်ကြည့်သည်။ လုယန်ထိုကောင်မလေးအပေါ် အရမ်းသဘောကောင်းလွန်သည့်အဖြစ်ကို သဘောမတွေ့သော်လည်း ထိုကောင်မလေးကို သူအတော်သဘောကျပါသည်။
"ဒီနေ့ခေတ်မှာ မသေမျိုးအရိယဖလသန္ဓေတည်ဆောက်တဲ့လူတွေ ရှိဦးမယ်လို့ထင်မထားဘူး။ ကောင်းတယ် ကောင်းတယ်။ ငါမသေမျိုး နင့်ကိုအတော်သဘောကျတယ်"
ရှေးဟောင်းခေတ်တွင် ထာဝရအရိယဖလသန္ဓေ၊ မသေမျိုးအရိယဖလသန္ဓေများ တည်ဆောက်သူများစွာရှိခဲ့သည်။ သို့သော် သူတို့စာရိတ္တကို နတ်မယ်သိပ်သဘောမကျ။
ယွမ်မုန်မုန်က သူ့လိုပင် စိတ်ဓာတ်ကောင်းသည်။
နတ်မယ်ချီးကျူးစကားကြောင့် ယွမ်မုန်မုန်ပျော်သွားသည်။ သူ့ကိုယ်သူ ထိုမျှထူးချွန်မည်ဟု ထင်မထား။
"အခုချိန်ကစလို့နင်ဟာ ထာဝရမျိုးဆက်ရဲ့ တ-ခေါင်းဆောင်ပဲ"
နတ်မယ်က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကြေငြာသည်။ သူ့မျိုးဆက်ထဲသို့ နောက်ထပ်လူတစ်ယောက် ဆွဲသွင်းလိုက်သည်။
"အဲ..ဪ"
ထာဝရမျိုးဆက်အကြောင်း ယွမ်မုန်မုန် သေချာမသိ။ သို့သော် သူ့ရာထူးနာမည်က အတော်နားထောင်၍ကောင်းသည်။
"ဒါနဲ့ ငါမသေမျိုးတည်ထောင်တဲ့ မဟာပဲဝါနိုင်ငံကို နင်ဝင်ချင်လား။ မဟာပဲဝါနိုင်ငံတော်ဟာ ကျယ်ပြန့်တယ်။ အရှေ့ပင်လယ် နတ်ဆိုးနယ်မြေနဲ့ အလယ်ပိုင်းတိုက်နယ်တွေအားလုံး ပဲဝါနိုင်ငံတော်ရဲ့ အစိတ်အပိုင်းတွေပဲ"
"ဝင်ချင်တယ်လို့ထင်ပါတယ်"
နတ်မယ်က ယွမ်မုန်မုန်အတွက် ရာထူးတစ်နေရာပေးဖို့ လုယန်ကိုလှည့်မေးသည်။
"ရှောင်ယန်၊ ရာထူးနေရာလွတ်တွေ ကျန်သေးလား"
လုယန်က လက်ထဲမှပန်းသီးကိုချ၍ လက်နှစ်ဘက်ဆုပ်ဦးညွှတ်သည်။
"လျှောက်တင်ပါတယ်အရှင်မ၊ ဝန်ကြီးချုပ်နေရာကလွဲရင် ကျန်တဲ့ရာထူးနေရာတွေအားလုံး လွတ်နေပါသေးတယ်"
နတ်မယ် အခက်တွေ့သွားဟန်ဖြင့် ခေါင်းငုံ့စဉ်းစားနေသည်။
"အင်း...ဒါဆိုသူ့ကို ယဉ်ကျေးမှုဝန်ကြီးအဖြစ် ခန့်မယ်"
ယွမ်မုန်မုန် တုံ့ဆိုင်းဆိုင်းဖြစ်သွားသည်။ ဘယ်လိုတုံ့ပြန်ရမှန်းမသိ။ သူဖတ်ဖူးသည့် ထူးထူးဆန်းဆန်း နန်းတွင်းစားသောက်ပွဲဓလေ့များကို ပြန်စဉ်းစားသည်။
"ကျေးဇူးတင်ပါတယ် အရှင်မ"
ယခု ထာဝရမျိုးဆက်နှင့် မဟာပဲဝါနိုင်အတွက် မသေမျိုးအသစ်တစ်ယောက် ထပ်ရလိုက်ပြီဖြစ်သည်။
ယွမ်ကျိက ဘေးတွင်အသံတိတ်ရပ်နေသည်။ သူ့မျက်လုံးထောင့်စွန်းကတော့ အနည်းငယ်တုန်ခါသွားသည်။
"ဒါဆို အရှင်မ..."
"ငါ့ကို ခေါင်းဆောင်လို့ခေါ်ပါ"
"ခေါင်းဆောင်၊ ကျွန်မရဲ့အရိယဖလသန္ဓေက..."
သူ့အရိယဖလသန္ဓေကို အသုံးပြုရာတွင် ယွမ်မုန်မုန်သိပ်မကျွမ်းကျင်။ နတ်မယ်၏လမ်းညွှန်မှုလိုအပ်သည်။
"ဪ ဒါကကျင့်ကြံရတာ အတော်ရိုးရှင်းပါတယ်။ စားသောက်ဖို့နဲ့ အပူအပင်ကင်းကင်းနေဖို့ပဲလိုတယ်။ ဒီအရိယဖလသန္ဓေက တဖြေးဖြေးခိုင်မာလာပါလိမ့်မယ်။
ကျင့်ကြံနေတုန်းမှာတော့ တစ်ခြားလူတွေကို ဒုက္ခပေးလို့မရဘူးပေါ့။ စည်းမျဉ်းဥပဒေတွေကိုလည်း လိုက်နာရမယ်။ ဒါကို မင်းတဖြေးဖြေးနားလည်လာမှာပါ"
ယွမ်မုန်မုန် ခေါင်းအမြန်ငြိမ့်၍ နတ်မယ်၏ညွှန်ကြားချက်ကို မှတ်သားသည်။
မသေမျိုးတစ်ယောက်၏စကားသည် နက်နဲသည့်အဓိပ္ပါယ်များပါဝင်သည်။ တစ်ခွန်းချင်းသေချာသုံးသပ်ဖို့လိုသည်။ အကျိုးရှိနိုင်မည့် အရာတစ်ခုတော့ ရှိရမည်။
"မင်းကို ငါတို့ထာဝရမျိုးဆက်အဖွဲ့ဝင်တွေနဲ့ အရင်ဆုံးမိတ်ဆက်ပေးမယ်။ ငါကတော့ ခေါင်းဆောင်ပေါ့။ ရှောင်ယန်က ဒုခေါင်းဆောင်။ အခုမင်းဝင်လာပြီး ငါ့ဆီကပညာသင်နေပြီ။ ဒီတော့ လုယန်က မင်းအကိုကြီးပေါ့"
တစ်ခုခုတော့ လွဲနေသလို ယွမ်မုန်မုန်ခံစားရသည်။ ရှောင်ကျိကို တပည့်ခံခိုင်းဖို့ သူရောက်လာခြင်းဖြစ်သည်။ ယခု သူကိုယ်တိုင် တပည့်ဖြစ်သွားသည်။
လုယန်ကလည်း သူ့အကိုကြီးဖြစ်လာသည်။
ရှောင်ကျိက တမင်အကွက်ကျစီစဉ်ခဲ့ခြင်းလားမသိ။
သံသယများစွာရှိသော်လည်း လုယန်ကို သူအရိုအသေပေးလိုက်သည်။
"ဂါရဝပြုပါတယ် အကိုကြီး"
စွမ်းအားကြီးသည့်ညီမတစ်ယောက် ထပ်ရလာသလို လုယန်ခံစားရသည်။
"မင်းအထက်မှာ အမကြီးနှစ်ယောက်ရှိသေးတယ်။ ဒါပေမယ့် သူတို့က အခုဒီမှာမရှိဘူး။ အချိန်တန်ရင် မင်းသူတို့နဲ့တွေ့ရပါလိမ့်မယ်။
ကဲ..ငါမင်းကို စတုတ္ထခေါင်းဆောင်နဲ့တွေ့ဖို့ ခေါ်သွားပေးမယ်"
ထာဝရမျိုးဆက်သုံးယောက် ဈေးလမ်းမှ အသားကင်ပင်မဆိုင်သို့ရောက်လာသည်။ အသားကင်ဆိုင်က ခါတိုင်းလိုပင် လူစည်ကားနေသည်။
ထာဝရအရှင်၏ ဦးဆောင်မှုဖြင့် အသားကင်ဆိုင်က ဟော့ပေါ့မဟာမိတ်နှင့်ပူးပေါင်းသည်။ အရင်ကတည်းက စွမ်းအားကြီးခဲ့သည့် မုန့်ဆိုင်အသင်းနှင့် တန်းတူယှဉ်နိုင်လာသည်။ ထိုအသင်းထက်ပင် ပိုသာသလိုဖြစ်လာသည်။
မုန်ဆိုင်အသင်းလို အင်အားတောင့်တင်းပြီး ဂိုဏ်းတပည့်များ အသိအမှတ်ပြုထားသည့် အဖွဲ့အစည်းပင် ဈေးလမ်းမှ အင်အားစုနှစ်ခုကိုယှဉ်နိုင်ဖို့ အတင်းကြိုးစားနေရသည်။
ယခု အသားကင်ဆိုင်နှင့် အောက်ကျို့ပူးပေါင်းပြီး အဓိကအင်အားစုဖြစ်သည့် ရနံ့တစ်ရာလက်ဖက်ရည်ဆောင်ကို အတူယှဉ်ပြိုင်ဖို့ သူတို့စဉ်းစားနေသည်။ သို့သော် နှစ်ပေါင်းများစွာ ကိုယ့်ဘာသာရပ်တည်လာသူများဖြစ်၍ ထိုသို့လုပ်ဖို့လည်း နောက်တွန့်နေသည်။
"ဒီအသားကင်ဆိုင်က ကျွန်မတို့ရဲ့ ဌာနချုပ်လား"
လမ်းတွင် လုယန်က ယွမ်မုန်မုန်ကို အသားကင်ဆိုင်အကြာင်း ရှင်းပြသည်။
ရှုပြည်နယ်တွင် လုယန်နှင့်အတူ စားသောက်ခဲ့စဉ်က မဟာရှားတစ်ခွင်မှ အသားကင်ဆိုင်ခွဲများအကြောင်း ယွမ်မုန်မုန် ကြားခဲ့ပြီးဖြစ်သည်။
သို့သော် ထိုလုပ်ငန်းသည် သူတို့ထာဝရမျိုးဆက်၏ လုပ်ငန်းဖြစ်မည်ဟု ထင်မထားခဲ့။
"ကြိုဆိုပါတယ် ဒုခေါင်းဆောင်။ သခင်ကောင်းနှင့်သခင်လျိုက အသားကင်နေရင်းမှ လုယန်ကို ဦးညွှတ်နှုတ်ဆက်ကြသည်။
သူတို့အခြေအနေက သိပ်မကောင်းလှ။ စိတ်နှစ်ကိုယ်နှစ်ကြိုးစားနေသ်ောလည်း အော်တိုအသားကင်မှော်စက်ဝန်းက အသုံးတွင်ကျယ်လာသဖြင့် အချိန်မရွေး သူတို့အလုပ်ပြုတ်သွားနိုင်သည်။
"ထာဝရအရှင်ကို ခေါ်လိုက်ပါ"
လုယန် ခပ်တည်တည်ညွှန်ကြားသည်။
သိပ်မကြာမှ သားသတ်ရုံမှ ထာဝရအရှင် အမြန်ပြန်ရောက်လာသည်။ အခန်းကောင်းတစ်ခုတွင် လုယန်တို့အတွက် နေရာစီစဉ်ပေးသည်။ နတ်မယ်လည်း သိစိတ်နယ်မြေမှထွက်လာသည်။ သူ့မျက်နှာ တည်ကြည်လေးနက်နေသည်။
"အရှက်မဲ့(ထာဝရအရှင်)၊ ပြီးခဲ့တဲ့နှစ်တွေအတွင်း မင်းဇွဲကောင်းကောင်းနဲ့စိတ်နှစ်ပြီး အသားကင်လုပ်ငန်းကြိုးစားလုပ်ခဲ့တာကို ငါမြင်ရတယ်"
"ခေါင်းဆောင်"
ထာဝအရှင် အတော်စိတ်လှုပ်ရှားလာသည်။ ယခု သူ့အားထုတ်မှုများ၏ အသီးအပွင့်ကို ခံစားရတော့မည်။ ခေါင်းဆောင်က သူ့ကိုအသိအမှတ်ပြုလာသည်။
"ဒါကြောင့်၊ ငါမင်းကို တ-ခေါင်းဆောင်အဖြစ်ကနေ စတုတ္ထခေါင်းဆောင်အဖြစ် ရာထူးတိုးပေးဖို့ ငါဆုံးဖြတ်လိုက်ပြီ"
"အဲ..."
သူတကယ်ရာထူးတိုးသွားခြင်းလော။ သို့သော် ဘာကြောင့် ထိုသို့မခံစားရသနည်း...
နတ်မယ်က ယွမ်မုန်မုန်ကို လက်ညှိုးထိုးပြ၍
"ယွမ်မုန်မုန်ကို ထာဝရမျိုးဆက်ရဲ့ တ-ခေါင်းဆောင်အဖြစ် သတ်မှတ်တယ်။ သူ့ကို ငါအတော်သဘောကျတယ်။ မသေမျိုးအနှစ်သာရကို သူနားလည်သလို ရှောင်ယွမ်နဲ့လည်း ညီအမကောင်းတစ်ယောက်ဖြစ်လို့ပဲ"
ထာဝရအရှင် "..."
ထာဝရမျိုးဆက်တွင် မျက်နှာလိုက်သည့်အဖြစ်များ ပြည့်နေသလိုလိုရှိသည်။
*****************************