အခန်း (၉၂၂-၉၂၄)
Vol. 62 Ch. 922-924
အခန်း (၉၂၂) လေ့လာခြင်း
ထာဝရဂိုဏ်း၏ ယုံကြည်မှုစွမ်းအားဖြင့် မွေးဖွားလာသည့် ထာဝရအရှင်သည် စိတ်ကူးအကြံအစည်ထက်မြက်သည်ဟု နာမည်ကြီးသည်။ သူ့မျက်နှာအမူအရာကို ထိန်းချုပ်နိုင်စွမ်းရှိသည်။
ဥပမာဆိုရလျှင် ယခုသူရာထူးတိုးသွားသော်လည်း အလွန်အမင်းပျော်ရွှင်မှုမျိုးကို သူထုတ်မပြ။
"ဂါရဝပြုပါတယ် တ-ခေါင်းဆောင်"
လေးစားမှုအပြည့်ဖြင့် သူဦးညွှတ်အရိုအသေပြုသည်။ ထာဝရမျိုးဆက်၏ အုပ်ချုပ်မှုစနစ်က တင်းကြပ်သည်။ လုံးဝစည်းကျော်၍မရ။
ယွမ်ကျိ၏ညီမဖြစ်၍ သူ့ထက်ရာထူးမြင့်နေမှသာ သင့်တော်မည်။
ယခု ထာဝရမျိုးဆက်တွင် မသေမျိုးတစ်ယောက်။ လီဟော်ရန်ကို အနိုင်ယူခဲ့သည့်လုယန်နှင့် မသေမျိုးတစ်ဝက်နှစ်ယောက်ရှိလာသည်။
တစ်နည်းဆိုရသော် ထာဝရမျိုးဆက်တွင် အနိမ့်ဆုံးကျင့်စဉ်အဆင့်သည် မသေမျိုးတစ်ဝက်ဖြစ်သည်။ အင်အားတောင့်တင်းခိုင်မာသည်ဟု ဆိုနိုင်သည်။ လောကအဖွဲ့အစည်းများထဲတွင် သူတို့နှင့်ယှဉ်နိုင်သူ အတော်ရှားလိမ့်မည်။
"ငါတို့ထာဝရမျိုးဆက်တွေအားလုံး အတူဆုံဖြစ်ခဲတယ်။ ဒီတော့ တိုက်ခိုက်တဲ့အခါ အရိယဖလသန္ဓေကို ဘယ်လိုသုံးရသလဲဆိုတာ ငါမင်းတို့ကိုသင်ပေးမယ်"
ထာဝရအရှင် "..."
နေရလုသွားသည့် ယွမ်မုန်မုန်ကိုကြည့်၍ ထာဝရအရှင် ရင်နာနေသည်။ ထိုကောင်မလေးသည် အရိယဖလသန္ဓေ တည်ဆောက်ပြီးစသာဖြစ်သည်။ ဘယ်လိုအသုံးချရမှန်းမသိသေး။
ယွမ်မုန်မုန်ရောက်မလာခင်က သူတို့မျိုးဆက်သုံးယောက် အကြိမ်ကြိမ်ဆုံးခဲ့သည်။ ထိုစဉ်က ဘာကြောင့်သူ့ကို ခေါင်းဆောင်က အရိယဖလသန္ဓေအသုံးချနည်း သင်မပေးခဲ့သနည်း။
"အရိယဖလသန္ဓေစွမ်းအားနဲ့တိုက်ခိုက်ရင် ရိုက်ခတ်မှုက အတော်ပြင်းလိမ့်မယ်။ နေရာကောင်းတစ်ခု ရှာဖို့လိုလိမ့်မယ်"
"ကျုပ်ရဲ့ချင်ဖုန်းဓားထဲ ဝင်ကြမလား"
ကမ္ဘာတစ်ခုရှိနေသဖြင့် ပိုအဆင်ပြေသွားသည်။ မဟုတ်လျှင် ဂိုဏ်း၏ ထိပ်တန်းအဆင့် လျှို့ဝှက်နယ်မြေတစ်ခု ငှားရတော့မည်။ ထိုအတွက် ဝိညာဉ်ကျောက်လုံလောက်မည်မထင်။
"သွားစို့လေ"
ခေါင်းဆောင်၏ထောက်ခံမှုဖြင့် လုယန် ချင်ဖုန်းဓားကိုထုတ်ပြီး တ-ခေါင်းဆောင်နှင့် စတုတ္ထခေါင်းဆောင်ကို အထဲသို့ဖိတ်ခေါ်သည်။
"နေရာက အတော်ကျယ်တာပဲ"
ယွမ်မုန်မုန် ကမ္ဘာငယ်ထဲဝင်၍ လက်နှစ်ဘက်ကိုဖြန့်ပြီး မြက်ခင်းထဲတွင် ပျော်ရွှင်စွာလှည့်ပတ်နေသည်။ ထိုကမ္ဘာငယ်က သူ့ဇာတိမြေလိုပင် လှပနေသည်။ ဆောင်းဦးရာသီဖြစ်၍ မက်မွန်ရနံ့များ နှာသီးဝတွင် ဝေ့ဝဲနေသည်။
ထိုမြင်ကွင်းကိုကြည့်၍ ထာဝရအရှင် လန့်ဖျတ်သွားသည်။ ကမ္ဘာငယ်တစ်ခုပါဝင်သည့်ဓားသည် အဆင့်အတန်းမနိမ့်နိုင်။ အနည်းဆုံး မသေမျိုးတစ်ဝက်အဆင့်ရတနာဖြစ်မည်။ မသေမျိုးရတနာပင် ဖြစ်နိုင်သည်။ နောက်ခံခိုင်မာသည့် ဒုခေါင်းဆောင်အဆင့်အတန်းနှင့် တကယ်လိုက်ဖက်သည်။
သူ့အနေဖြင့် တစ်သက်လုံးအသားကင်ရောင်းလျှင်ပင် ထိုဓားမျိုးဝယ်နိုင်မည်မဟုတ်။
"အဟမ်း၊ သင်တန်းစမယ်"
နတ်မယ် ချောင်းတစ်ချက်ဟန့်လိုက်သည်။ ယွမ်မုန်မုန်နှင့် ထာဝရအရှင် မြက်ခင်းပေါ် ချက်ချင်းထိုင်၍ နတ်မယ်ကိုမော့ကြည့်နေသည်။ အသိပညာလိုလားသည့် စိတ်အားထက်သန်ရိပ်များ သူတို့မျက်နှာတွင် ပေါ်လွင်နေသည်။
ကွာခြားသည့်တစ်ချက်က ယွမ်မုန်မုန်သည် နုနယ်သည့်သွင်ပြင်ရှိသဖြင့် ကြည့်ရသည်မှာ မျက်စိပသာဒဖြစ်သည်။ ထာဝရအရှင်က အိုမင်းရွတ်တွပုံစံဖြစ်၍ အတော်ကြောင်တက်တက်နိုင်သည်။
လုယန်က သင်တန်းတက်စရာမလိုဟု ခံစားရသဖြင့် ခပ်လှမ်းလှမ်းသို့လျှောက်သွားပြီး မွေခံဓားကိုထုတ်၍ သခင်တံဆိပ်ကပ်ရန် စဉ်းစားသည်။
လျိုနင်ရွှမ်းသေသွားသော်လည်း မွေခံဓားတွင် သိစိတ်ရှိနေသေးသည်။ ထိုဓား၏ အသိအမှတ်ပြုမှုကိုရဖို့ လွယ်ကူသည်မဟုတ်။
လုယန်ခဏစဉ်းစားပြီးနောက် မွေခံဓားကို မြေပေါ်တွင်ထိုးစိုက်၍ ခုနစ်စဉ်ဓားစုကို ထုတ်သည်။ မွေခံဓားဘေးပတ်လည်တွင် ဝိုင်းစိုက်သည်။ ထိုမွေခံဓားကို ဖျောင်းဖျစေလို၍ဖြစ်သည်။
ဓားရှစ်လက်က တဝီဝီအသံမြည်၍ အကျိတ်အနယ် ဆွေးနွေးပြောဆိုနေကြသည်။ ကြယ်ဓားခုနစ်လက်နှင့် စိတ်ချင်းချိတ်ဆက်ထားသဖြင့် သူတို့ပြောနေသည့်စကားကို လုယန် နည်းနည်းရိပ်စားမိသည်။
"မွေခံဓားအကိုကြီး၊ လုယန်နောက်ကိုသာလိုက်ပါ။ သူ့မှာ ဓားဆေးကန်ရှိတယ်။ ကျုပ်ပြောတာယုံပါ။ ကန်ထဲမှာ တစ်ခါစိမ်လိုက်တာနဲ့ အဲဒီ့ခံစားချက်ကို အကိုတစ်သက်လုံးမေ့တော့မှာမဟုတ်ဘူး"
"လျိုနင်ရွှမ်းက ဘာတွေများအဲလောက်ကောင်းနေလို့လဲ။ အကိုခန္ဓာကိုယ်ကို သူပိုင်ဆိုင်ခဲ့လို့ မမေ့နိုင်တာလား"
"လျိုနင်ရွှမ်းက အခုသေပြီပဲ။ သူ့ကိုမေ့လိုက်ပါ။ ကျုပ်တို့ဓားတွေဟာ အမြဲတမ်းရှေ့ကိုပဲကြည့်သင့်တယ်"
"လုယန်ကိုသာ အညံ့ခံလိုက်ပါ"
မွေခံဓား ဘာပြန်ပြောသည်ကို လုယန်အာရုံမခံနိုင်သော်လည်း တုန်ခါမှုပြင်းထန်နေရာမှ နည်းနည်းငြိမ်သွားသဖြင့် ဖျောင်းဖျမှုက အတော်ထိရောက်ပုံရှိသည်ဟု ထင်မိသည်။
တစ်ဘက်တွင် နတ်မယ်ကလည်း မသေမျိုးအတွေးအမြင်များကို ပို့ချနေသည်။
"ခန္ဓာကိုယ်ဖောက်ခွဲတာဟာ ငါတို့ထာဝရမျိုးဆက်ရဲ့ အဓိကအကျဆုံးစွမ်းရည်ပဲ။ မဖြစ်မနေသင်ယူရမယ်။ အရင်တုန်းက ဒီပညာရဲ့စွမ်းအားကိုအမြင့်ဆုံးရောက်ဖို့ နည်းလမ်းတွေအများကြီးငါလေ့လာခဲ့တယ်။ ငါ့ရန်သူတွေကို ဘယ်လောက်ထိခိုက်အောင်လုပ်နိုင်တယ်ဆိုတာ မသိသေးဘူး။
ဒါပေမယ့် သူတို့စတေးခဲ့တာ ထိုက်တယ်ပါတယ်။ ခန္ဓာကိုယ်ဖောက်ခွဲပညာကို ပြည့်စုံတဲ့အဆင့်ရောက်အောင် သူတို့ကူညီခဲ့ပေးခဲ့တာ။
တ-ခေါင်းဆောင်၊ ဟိုတိုက်ပွဲမှာတုန်းက နင်တစ်ချိန်လုံးတိုက်ခိုက်ခံခဲ့ရတာ ငါသတိထားမိတယ်။ ပြန်တိုက်ခိုက်နိုင်စွမ်းနည်းတယ်။ အဲဒါ ခန္ဓာကိုယ်ဖောက်ခွဲပညာကို မတတ်သေးလို့ပဲ"
ယွမ်မုန်မုန် ခေါင်းငြိမ့်သည်။ မှန်သည်။ ကိုယ့်ဘာသာဖောက်ခွဲခြင်းသည် တိုက်ခိုက်နည်းတစ်ခုဖြစ်ကြောင်း တစ်ခါမှမစဉ်းစားမိခဲ့။ သူ့မိသားစုမှသင်ထားသည့် မှော်ပညာများကိုသာသုံးခဲ့ရသည်။
"စတုတ္ထခေါင်းဆောင်၊ သူ့ကို လက်တွေ့သရုပ်ပြလိုက်ပါ"
ထိုစကားကြောင့် ဝါစဉ်ကြီးသူအဖြစ် အစွမ်းပြချိန်တန်ပြီဟု ထာဝရအရှင်တွေးလိုက်သည်။
လီနှစ်ဆယ်ခန့် သူပြေးသွားပြီး ဝိညာဉ်သုံးခု လိပ်ပြာခုနစ်ပါးဖြစ်အောင် ခွဲထုတ်သည်။ ဝိညာဉ်တစ်ဝက်ခန့် ဝုန်းခနဲဖောက်ခွဲလိုက်သည်။
ယွမ်မုန်မုန် သေချာအာရုံစိုက်၍ ကြည့်နေသည်။ ထာဝရအရှင်၏ ဝိညာဉ်တစ်ဝက်က ပူဖောင်းတစ်ခုလိုဖောင်းကားလာပြီး ပေါက်ကွဲသွားသည်။ ကြောက်စရာဝိညာဉ်စွမ်းအားများ နေရာစုံသို့ပြန့်နှံ့သည်။ ဆယ်လီပတ်လည်အတွင်း ပေါက်ကွဲအားသက်ရောက်သည်။
ထို့နောက် ဝိညာဉ်က သူ့ဘာသာပြန်စုစည်းပြီး အပြည့်အဝပြန်ဖြစ်လာသည်။
"အတော်စွမ်းအားကြီးတာပဲ"
ယွမ်မုန်မုန်၏မျက်လုံးများ အရောင်တောက်လာသည်။ လောကသစ်တစ်ခု တံခါးပွင့်လာသလို ခံစားရသည်။ အရင်က သူ့တိုက်ခိုက်နည်းများသည် အတော်ရိုးစင်းလွန်းကြောင်း ချက်ချင်းနားလည်လာသည်။
ဂုဏ်ယူသည့်အပြုံးဖြင့် ပြန်လျှောက်လာသည့် ထာဝရအရှင်ကို နတ်မယ်လက်ညှိုးထိုးပြသည်။
"ကြည့်၊ ခုနကလုပ်ရပ်ဟာ တကယ့်အမှားကြီးပဲ။ ခန္ဓာကိုယ်ဖောက်ခွဲပြီး တစ်နေရာတည်းမှာ မလှုပ်မယှက်ရပ်နေတယ်။ ပြီးတော့ ဝိညာဉ်ပြန်စုစည်းတယ်။ ဒီပေါက်ကွဲမှုကြောင့် ကိုယ့်ရန်သူ သေသွားမယ်ဆိုတာ အာမခံနိုင်လို့လား။ ဝိညာဉ်ပြန်စုစည်းတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ကိုယ့်ကိုပြန်တိုက်ခိုက်မလာနိုင်ဘူးလား။
ဟုတ်ပြီ၊ ဒါဆို ဘယ်လိုလုပ်မလဲ...ပေါက်ကွဲတဲ့လှိုင်းအရှိန်နဲ့ အတူလိုက်သွားရမယ်။ ရွေ့လျားရင်းနဲ့ ဝိညာဉ်ပြန်စုစည်းရမယ်။ ပေါက်ကွဲတဲ့အရှိန်ကုန်တာနဲ့ ဝိညာဉ်ပြန်တည်ဆောက်ပြီးသားဖြစ်ရမယ်။ ဒါမှ နောက်တစ်ကြိမ်ဖောက်ခွဲဖို့ အသင့်ဖြစ်မယ်။ ရန်သူကို အသက်ရှူချိန်မပေးနဲ့။ ပြီးတော့ ဖောက်ခွဲတဲ့အချိန် မြေပေါ်မှာရပ်မနေနဲ့။ ကောင်းကင်မှာပျံနေရမယ်။ ဒါမှ ဖောက်ခွဲစွမ်းအား အမြင့်ဆုံးကိုရောက်မယ်။
ဖြန့်ကျက်ဖောက်ခွဲတဲ့ နည်းလမ်းတွေကိုတော့ လောလောဆယ် နင်တို့နားလည်ဦးမှာမဟုတ်ဘူး။ နင်တို့တို့နှစ်ယောက် ငါအခုသင်ခဲ့တာကို အရင်ပြန်သုံးသပ်ပြီး အဝေးမှာသွားလေ့ကျင့်ပါ။ ခန္ဓာဖောက်ခွဲမှုအခြေခံတွေကို မြန်မြန်ကျွမ်းကျင်အောင် ကြိုးစားကြပါ"
"ဟုတ်ကဲ့"
ယွမ်မုန်မုန် စိတ်အားထက်သန်မှုအပြည့်ဖြင့် အဝေးသို့ထွက်သွားပြီး ခန္ဓာကိုယ်ဖောက်ခွဲသည်။ ထို့နောက် ကျယ်လောင်သည့် အသံတစ်ခုထွက်လာသည်။ အသံလှိုင်းက လှိမ့်ဝင်လာသည်။
မြေပြင်တွင်စိုက်ထားသည့် မွေခံဓားကို လုယန်ဆုပ်ကိုင်ထားသော်လည်း မြေပြင်တလျှောက် လျှပ်တိုက်လွင့်ပါသွားသည်။
အားလှိုင်းများပျောက်ကွယ်သွားပြီးနောက် ပေါက်ကွဲခဲ့သည့်နေရာမှ တောအုပ်တစ်ခု မီးသွေးအဖြစ်ပြောင်းသွားသည်။ တောင်တန်းများစိစိညက်ညက်ကြေသွားသည်။ တွင်းနက်ဖြစ်သွားသည့်နေရာသို့ မြစ်ရေများနောက်ပြန်စီးဝင်၍ ကန်တစ်ခုဖြစ်လာသည်။
ယွမ်မုန်မုန်၏ ခန္ဓာကိုယ်ဖောက်ခွဲမှုက လက်တွေ့လောကအပေါ် တိုက်ရိုက်သက်ရောက်သည်။
"ငါ့ကမ္ဘာလေးတော့ သွားပါပြီ"
လုယန် စိတ်ပျက်လက်ပျက်အော်လိုက်သည်။ သူနှစ်ကြိမ်သာ လာလည်ရသေးသည့် ရောင်စုံကမ္ဘာလေးက မျက်တောင်တစ်ခတ်အတွင်း အပျက်အစီးပုံဘဝရောက်သွားသည်။
ခန္ဓာကိုယ်ဖောက်ခွဲ၍ သက်ရောက်လာမည့်အခြေအနေကို နတ်မယ်တကယ်မေ့နေခဲ့သည်။ လုယန်ကို သူအမြန်ဖျောင်းဖျ၍ ပြန်တည်ဆောက်ဖို့ နည်းလမ်းစဉ်းစားသည်။
"ဪ..ကိစ္စမရှိပါဘူး။ ခဏနေရင် ငါသူတို့နှစ်ယောက်လုံးကို သစ်ပင်စိုက်မှော်ပညာသင်ပေးလိုက်မယ်"
**************************
အခန်း (၉၂၃) ကံဆိုးသူကုန်သည်အသင်း
ယွမ်မုန်မုန်နှင့် ထာဝရအရှင်တို့ တစ်ယောက်တစ်လှည့် ခန္ဓာကိုယ်ဖောက်ခွဲနေသံများက ကျယ်လောင်လွန်းသဖြင့် လုယန်စိတ်ပျက်လက်ပျက် အော်ဟစ်သံကို သူတို့မကြားကြ။ စိတ်လွတ်ကိုယ်လွတ် လေ့ကျင့်နေကြသည်။
နတ်မယ်ထံမှ လေ့လာရသည်မှာ ကိုယ့်ဘာသာစမ်းတဝါးဝါး နည်းလမ်းရှာနေသည်ထက် ပိုကောင်းသည်ဟု ထာဝရအရှင်ခံစားရသည်။ နတ်မယ်က စကားလုံးနည်းနည်းဖြင့် သူ့ကိုဉာဏ်အလင်းပြနိုင်သည်။
စောစောစီးစီးသာ သင်ခွင့်ရခဲ့လျှင် မဟာယုဒုတိယနိုင်ငံ့ဆရာနှင့် အသေအကြေနွှဲခဲ့စရာမလို။ တိုက်ပွဲစကတည်းက သူသတ်နိုင်ခဲ့လိမ့်မည်။
"ဝုန်း ဝုန်း ဝုန်း"
မသေမျိုးတစ်ဝက်နှစ်ယောက် ခန္ဓာကိုယ်ဖောက်ခွဲပညာကို တဖြေးဖြေးကျွမ်းကျင်လာသလို အဆက်မပြတ်ပေါက်ကွဲမှုကြောင့် ကမ္ဘာငယ်လည်း တုန်ခါလာသည်။
ဖောက်ခွဲမှုများ ငါးရက်ဆက်တိုက်ကြာခဲ့ပြီဖြစ်သည်။
ထိုငါးရက်အတွင်း လုယန်လည်း ခုနစ်စဉ်ကြယ်ဓားစုကို အကြောင်းပြု၍ မွေခံဓားပေါ်တွင် သခင်တံဆိပ်ခတ်နှိပ်နိုင်ခဲ့သည်။
သစ်သားကိုယ်ပွားတစ်ခုဖန်တီးပြီး မွေခံဓားကိုပေးသည်။ သူကိုယ်တိုင်က ချင်ဖုန်းဓားကိုကိုင်၍ ဓားရေးလေ့ကျင့်ကြသည်။ မွေခံဓား၏ခံစားချက်နှင့် ရင်းနှီးလာစေရန် ကြိုးစားသည်။
မိုင်ငါးဆယ်အကွာတွင် ခန္ဓာကိုယ်ဖောက်ခွဲလေ့ကျင့်နေသည့် မသေမျိုးတစ်ဝက်နှစ်ယောက်နှင့်ယှဉ်လျှင် လုယန်၏ ဓားသိုင်းဟန်များက ပိုကြည့်ကောင်းသည်။
မိန်ယွဲ့ဓားနှင့်ယှဉ်လျှင် မွေခံဓားက ပိုပေါ့ပါးသည်။ ပိုထက်မြက်သည်။ သိစိတ်ဝိညာဉ်နည်းသဖြင့် ထိန်းချုပ်ကိုင်တွယ်ရ ပိုလွယ်ကူသည်။
"တကယ်ကောင်းတဲ့ဓားပဲ"
လုယန် ပြုံးပျော်နေသည်။ ဓားကျင့်ကြံသူဖြစ်၍ ဓားကိုသူနှစ်ခြိုက်သည်။ အထူးသဖြင့် အရည်အသွေးမြင့်သည် မွေခံဓားလို ဓားမျိုးကိုသဘောကျသည်။
မသေမျိုးလက်နက်များအပေါ် လုယန်မီခိုစိတ်ဝင်မလာစေရန် မွေခံဓားကိုလည်း ယွမ်ကျိက အလွှာလိုက်ချိတ်ပိတ်ထားသည်။ လက်ရှိမွေခံဓားသည် လုယန်နှင့် သင့်တော်သည့်အဆင့်မျိုးဖြစ်သည်။
ယွမ်မုန်မုန်နှင့် ထာဝရအရှင်တို့လည်း ပညာလေ့လာကြပြီးနောက် ကမ္ဘာငယ်ကို မူလအနေအထားတိုင်းဖြစ်အောင် မြေကိုပြင်၍ သစ်ပင်များစိုက်ကြသည်။
ယွမ်မုန်မုန်က မကြာခဏ သစ်ပင်များလှဲချမိတတ်သဖြင့် ဇာတိမြေတွင် သစ်ပင်စိုက်ပညာကို သင်ထားပြီးဖြစ်သည်။
ထာဝရအရှင်ကလည်း ထာဝရဂိုဏ်းဝင်အားလုံး၏မှတ်ဉာဏ်များ ပိုင်ဆိုင်သူဖြစ်၍ ထိုပညာကိုတတ်ကျွမ်းသည်။
နတ်မယ်ပင် သင်ပေးစရာမလို။
နောက်ထပ်နေ့တစ်ပိုင်းကြာအောင် ကမ္ဘာငယ်ကို ပြုပြင်ရှင်းလင်းကြသည်။ သူတို့လက်ရှိကျင့်စဉ်အဆင့်အရ ထိုအလုပ်များကို မြန်မြန်ပြီးအောင်လုပ်နိုင်သည်။ သို့သော် ဒုခေါင်းဆောင်က ခပ်တင်းတင်းကြည့်နေသဖြင့် သေချာစစ်ဆေးပြီး ပြုပြင်ကြရခြင်းဖြစ်သည်။
ကမ္ဘာငယ် မူလအတိုင်းပြန်ဖြစ်ပြီးနောက် လုယန်စိတ်ကျေနပ်သွားသည်။
"လောလောဆယ် ဒီလောက်ပဲနားရအောင်။ နင်တို့က အခြေခံအဆင့်ပဲရှိသေးတော့ စိတ်ရှိသလို ခန္ဓာမဖောက်ခွဲနိုင်သေးဘူး။ တစ်ကြိမ်နဲ့တစ်ကြိမ် ဖောက်ခွဲတဲ့ကြားမှာ အချိန်နည်းနည်းယူရသေးတယ်။
တိုက်ပွဲအတွေ့အကြုံများတဲ့ ရန်သူမျိုးနဲ့ကြုံရင် နင်တို့အခက်တွေ့နိုင်သေးတယ်"
လေ့ကျင့်မှု မလွန်ကဲသင့်ကြောင့်း ဆက်တိုက်ဖောက်ခွဲနေ၍လည်း သိပ်အကျိုးမရှိကြောင်း နတ်မယ်ကရှင်းပြသည်။
"ဟုတ်ကဲ့"
ကမ္ဘာငယ်မှ ပြန်ထွက်လာပြီးနောက် ထာဝရအရှင်က အသားကင်ဆိုင်တွင် နေခဲ့သည်။ လုယန်နှင့်ယွမ်မုန်မုန်က ဆိုင်မှထွက်ခဲ့ကြသည်။
ညနေချိန်ဖြစ်၍ ဈေးလမ်းတွင် လူအစည်ဆုံးအချိန်ဖြစ်သည်။ ဈေးဆိုင်ျားဆီမှလွင့်ပျံလာသည့် အစားအသောက်နံ့ကြောင့် ယွမ်မုန်မုန်မျက်လုံးများ အရောင်လက်လာသည်။
ယွမ်မုန်မုန်တွင် ကျိုးဆောင်မှတ်များမရှိသဖြင့် ရှုပြည်နယ်မှာကဲ့သို့ပင် လုယန်ကသာ သူ့ကိုအဖော်ပြု၍ အစားအသောက်များ ဝယ်ပေးရသည်။
သူတို့နှစ်ယောက်ကို ဈေးလမ်းလမ်းမှ လူအတော်များများ အာရုံစိုက်နေကြသည်။ ယွမ်မုန်မုန်ကို တစ်ခါမှမမြင်ဖူးကြသောကြောင့်ဖြစ်သည်။
"လောင်လု၊ မင်းဒီမှာ ဘာတွေလုပ်..."
မုန်ကျင်းကျိုးက လမ်းတစ်ဘက်မှလျှောက်လာပြီး နှုတ်ဆက်ရန်ပြင်ချိန်တွင် လုယန်နှင့်ပြောဆိုရယ်မောနေသည့် မိန်းမလှကိုသတိထားမိသွားသည်။
...ငါနေ့တိုင်း ဘိုးဘေးရဲ့လမ်းညွှန်မှုနဲ့ ပင်ပင်ပန်းပန်းလေ့ကျင့်နေတဲ့အချိန်မှာ မင်းကမိန်းမလှတွေနဲ့ တစ်နေကုန်လျှောက်သွားနေတယ်ပေါ့..
"ဟေ့ လောင်မုန်၊ ပြန်ရောက်ပြီလား။ မင်းလည်း ဝိညာဉ်ပြောင်းအဆင့်ကို ရောက်နေပြီပေါ့"
လုယန်လည်း မုန်ကျင်းကျိုးကိုမြင်သဖြင့် ပုံမှန်အတိုင်း နှုတ်ဆကလိုက်သည်။
မုန်ကျင်းကျိုးက ခပ်ကြွားကြွားပြုံး၍
"ဝိညာဉ်ပြောင်းအဆင့်ဆိုတာ အေးဆေးပါကွာ။ ဒါနဲ့ သူကဘယ်သူလဲ"
"ယွမ်မုန်မုန်တဲ့။ အမယွမ်ရဲ့သူငယ်ချင်းပါ"
မုန်ကျင်းကျိုး ခဏမင်သက်မိသွားသည်။
ယွမ်မုန်မုန်...
သို့ဆိုလျှင် ယွမ်ကျိက သူ့သူငယ်ချင်းနာမည်ကို နာမည်တုအဖြစ် သုံးနေခြင်းဖြစ်သည်။
"အကိုကြီး၊ ဒါကဘယ်သူလဲ"
"ငါ့ညီပါ၊ မုန်ကျင်းကျိုးတဲ့"
မုန်ကျင်းကျိုး နောက်တစ်ကြိမ်ဆွံ့အသွားပြန်သည်။ ယွမ်မုန်မုန်က အကိုကြီးဟု ခေါ်နေသည်။ ထိုနှစ်ယောက် ဘယ်လိုပတ်သက်နေသည်မသိ။
သို့မဟုတ် ထိုယွမ်မုန်မုန်သည် အသက်နှစ်ဆယ်ပင်မပြည့်သေးခြင်းလော...
တစ်နှစ်ကျော်လောက်သာ ဂိုဏ်းမှသူထွက်သွားခဲ့သော်လည်း အခြေအနေအားလုံးက ပြောင်းလဲသွားသယောင်ထင်ရသည်။
သုံးယောက်သား စားသောက်ဆိုင်တစ်ခုတွင် ဝင်ထိုင်ကြသည်။ အစားအသောက်ကောင်းတစ်ချို့မှာ၍ မုန်ကျင်းကျိုးက ဧည့်ခံသည်။
"ဓားမျှော်စင် ပျက်စီးသွားတဲ့သတင်း ငါကြားတယ်။ အဲဒါ မင်းနဲ့ပတ်သက်နေတယ်မဟုတ်လား"
"ပေါက်တတ်ကရတွေမပြောစမ်းပါနဲ့။ ငါက ဓားပွဲတော်တက်ဖို့သွားတာပါ။ ဓားမျှော်စင်ပျက်စီးတာက မသေမျိုးတွေ တိုက်ခိုက်ကြလို့ပါ။ အဲဒါငါနဲ့ဘာဆိုင်လို့လဲ"
လုယန်က အခိုင်အမာပြန်ပြောသည်။
မုန်ကျင်းကျိုး နှာခေါင်းရှုံ့သည်။ လုယန်စကားကို သူမယုံ။ မသေမျိုးနှစ်ယောက် ဓားမျှော်စင်တွင် တိုက်ခိုက်ကြသည့်သတင်း၊ လုယန်က ဓားမေးမြန်းပွဲတွင် အနိုင်ရခဲ့သည့်သတင်းများ အပြင်လောကတွင် ပျံ့နှံ့နေသည်။
ထိုအခြေအနေနှစ်ခု အဆက်အစပ်မရှိသယောင် ထင်ရသော်လည်း လုယန်နှင့် သေချာပေါက်ပတ်သက်ကြောင်း သူကောင်းကောင်းသိသည်။
ဟန်လုပ်၍ သူရယ်လိုက်သည်။
"ဒီတစ်ခါ ရွှေစီးပွားကုန်သည်အသင်း ဘယ်လောက်အထိနာသွားလဲ မင်းမသိဘူးမဟုတ်လား"
"ကုန်သည်အသင်း..."
လုယန် တွေးရကြပ်သွားသည်။ ထိုကိစ္စနဲ့ ကုန်သည်အသင်းဘာဆိုင်သနည်း..
"မင်းမသိဘူးမဟုတ်လား။ ဓားမျှော်စင်သခင်က မျှော်စင်အတွက် ကုန်သည်အသင်းကနေ အာမခံစာချုပ်တစ်ခုဝယ်ထားတာလေ။ ဓားမျှော်စင်ပျက်စီးတော့ ကုန်သည်အသင်းက အာမခံလျော်ကြေးထုတ်ပေးရတာပေါ့။
လျှော်ကြေးက အရမ်းများတာ။ ရှုပြည်နယ်က ကုန်သည်အသင်းခွဲဥက္ကဌ စိတ်သောကရောက်ပြီး အိပ်ရေးပျက်လို့ ပိန်ကျသွားတယ်တဲ့။
စာချုပ်စည်းမျဉ်းအရ လူသားတွေကြောင့် မျှော်စင်ပြိုကျတာဆိုတော့ သူတို့အာမခံကြေးထုတ်ပေးရတယ။ ပြီးမှ လျော်ကြေးပြန်တောင်းဖို့ တာဝန်ရှိတဲ့လူကို သွားရှာရမှာ။ ဒီတစ်ခါ သူတို့သွားရှာရဲမလား ကြည့်ရဦးမှာပေါ့"
ကုန်သည်အသင်းအနေဖြင့် ပဲပြာအရှင်ကိုသွားတွေ့လျှင် ရူးနေ၍သာဖြစ်မည်။
"ဒါနဲ့ ဓားမျှော်စင်ပြဿနာထဲမှာ ဒီယွမ်မုန်မုန်..အဲ..ဒီအမရောပါလား"
ယွမ်မုန်မုန်ကို မုန်ကျင်းကျိုး ဘယ်လိုခေါ်ရမှန်းမသိဖြစ်နေသည်။
"ပါတယ်လေ"
မုန်ကျင်းကျိုး နားလည်သွားသည်။
"ဒါဆိုသူက ယွမ်ကျိဆိုတဲ့နာမည်ပြောပြီး လျိုနင်ရွှမ်းနဲ့ တိုက်ခိုက်ခဲ့တာပေါ့။ အခု အပြင်လောကမှာ အမယွမ်က ကူးဖြတ်ခြင်းအဆင့် ဒါမှမဟုတ် မသေမျိုးတစ်ဝက်အဆင့်ရောက်နေပြီလိလု့ ပြောနေကြတာ မဆန်းတော့ပါဘူး"
ဓားမျှော်စင်တိုက်ပွဲကြောင့် လျှို့ဝှက်သတင်းများစွာ ပေါ်လာသည်။ လူအမျိုးမျိုးလက်ဆင့်ကမ်းပြောပြီးမှ မုန်ကျင်းကျိုး ကြားခဲ့ရသဖြင့် ဇာတ်လမ်းကလည်း ကွဲပြားနေသည်။ တကယ်ပါဝင်ပတ်သက်သူကို မေးမှသာ အဖြစ်အပျက်ကို အမှန်အတိုင်းသိနိုင်မည်။
"ဘိုးဘေးမုန်ကျန်းဇီက မင်းကို ဘယ်လိုတွေလေ့ကျင့်ပေးလဲ"
လုယန် မေးလိုက်သည်။
မုန်ကျင်းကျိုးမျက်နှာတွင် ထိတ်လန့်ရိပ်ပေါ်လာသည်။ မနှစ်မြို့စရာအတိတ်အကြောင်းကို ပြန်ပြောချင်ပုံမပေါ်။
ခဏစကားပြောကြပြီးနောက် လုယန်နှင့်ယွမ်မုန်မုန်တို့ ကောင်းကင်ဂိတ်တောင်ထိပ်သို့ပြန်သည်။
"ပြန်လာပြီလား"
ယွမ်ကျိက အင်ပါယာထိုင်ခုံတွင် ထိုင်နေသည်။ သူတို့ကို စောင့်နေဟန်ရှိသည်။
"အမယွမ်က...ကျုပ်တို့ကိုစောင့်နေတာလား"
"ဝူယော်က နေကိုဘယ်လိုချိတ်ပိတ်ခဲ့သလဲဆိုတာ ကွမ်းရှန်ဟိုင်က ငါ့ကိုရှင်းပြပြီးပြီ။ ချိတ်ပိတ်မှော်စက်ဝန်းကို ဘယ်လိုချိုးဖျက်ရမယ်ဆိုတာလည်း ပြောပြတယ်။ ငါအခု အဲဒီ့မှော်စက်ဝန်းကို သွားဖျက်မလို့။ မင်းလိုက်ကြည့်ချင်လား"
တစ်နှစ်ကျော်နှိပ်စက်ခံရပြီးနောက် ကွယ်ရှန်ဟိုင် ဆက်တင်းမခံနိုင်တော့ဘဲ အရေးကြီးသည့် သတင်းအချက်အလက်အလက်တစ်ချို့ကို ထုတ်ပြောလာသည်။ ထိုသို့ထုတ်မပြောလျှင် ယွမ်ကျိက ဝိညာဉ်မှတ်ဉာဏ်ရှာဖွေတော့မည်ကို သူနားလည်သည်။
လုယန်မျက်လုံးများ အရောင်လက်သွားသည်။ နှစ်ပေါင်းသိန်းချီအတွင်း မြင်ရခဲသည့် မြင်ကွင်းမျိုးဖြစ်၍ သူကြည့်ချင်သည်။
"သွားကြမယ်လေ"
"ကျွန်မလည်း အကိုကြီးနဲ့အတူလိုက်မယ်"
ယွမ်မုန်မုန်က ဝင်ပြောသည်။
******************************
အခန်း (၉၂၄) စကြာဝဠာသို့အဝင်
ရှေးဟောင်းခေတ်တွင် ရွှေကျီကန်းများမှ ပြောင်းလဲလာသည့် နေမင်းနှင့်မတူ။ ရှေးဟောင်းခေတ်နောက်ပိုင်းမှ နေမင်းသည့် အဓိပဓိယန်စွမ်းအားကို ကိုယ်စားပြုသည်။ အဆုံးမဲ့စွမ်းအားကို ပိုင်ဆိုင်သည်။
ကျင့်ကြံသူများက နေမင်းကိုအားကိုး၍ လေ့ကျင့်ကြသည်။ ထို့ကြောင့်လည်း နေမင်းဂိုဏ်းဟု ပေါ်လာခြင်းဖြစ်သည်။
မဟာချန်ခေတ်တွင် ကောင်းကင်သခင် ပထမချန်အင်ပါယာက နေမင်းကိုမှော်စက်ဝန်းဖြင့် ကာခဲ့သည်။ သူ့ကိုယ်ပိုင်အဖြစ် ကြွေးကြော်ခဲ့သည်။
မဟာယု၏ ပထမနိုင်ငံတည်အင်ပါယာဝူယော်က ထိုအဖြစ်ကိုသိချိန်တွင် နောက်ထပ်မှော်စက်ဝန်းတစ်ခု ထပ်ကာခဲ့သည်။
ထို့ကြောင့် ချန်အင်ပါယာရော ဝူယော်ပါ နေမင်းကို မရနိုင်တော့။
ဝူယော်က ဖလှယ်ခြင်းအရိယဖဖြင့် အပြင်လောကသို့ ထွက်သွားပြီဟု ယူဆထားသည်။ ထို့ကြောင့် ဝူယော်၏မှော်စက်ဝန်းကို ဘယ်တော့မှ ပြန်မဖွင့်နိုင်တော့လောက်ဟု လုယန်ယူဆခဲ့သည်။ သို့သော် ကွမ်းရှန်ဟိုင်က ထိုမှော်စက်ဝန်းဖွင့်သည့်နည်းကို သိနေသည်။
"ကွမ်းရှန်ဟိုင်စကားအရ ချန်အင်ပါယာဟာ မဟာချန်ပြည်သူတွေ သူ့ကိုကိုးကွယ်လာအောင် နေစွမ်းအင် လစွမ်းအင်ထုတ်လွှတ်တာကို လျှော့ပါးသွားဖို့ မှော်စက်ဝန်းကာခဲ့တာလို့ပြောတယ်"
ယွမ်ကျိက ရှင်းပြသည်။
"အဲဒီတုန်းက ကျင့်ကြံသူတစ်ယောက် နေမင်းအကူအညီနဲ့ လေ့ကျင့်ချင်တယ်ဆိုရင် အင်ပါယာချန်ကို ကိုးကွယ်ရတယ်။ ကိုးကွယ်ပြီးရင် မှော်စက်ဝန်းရဲ့ စွမ်းအင်မျှင်တစ်ခုပွင့်သွားတယ်။ နေစွမ်းအားလစွမ်းအားက အဲဒီ့ကျင့်ကြံသူဆီထိုးကျလာတယ်။ ကိုးကွယ်မှုပျက်သွားရင် စွမ်းအင်မျှင်လည်း ပြန်ပိတ်သွားတယ်။
ဒါကြောင့် အင်ပါယာချန်ဟာ နေနဲ့လကို ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ဒဏ္ဍာရီဖြစ်လာတာ"
မဟာချန်ခေတ်တွင် ယုံကြည်မှုစွမ်းအားသည် အဓိကကျင့်စဉ်နည်းလမ်းဖြစ်သည်။ ဘုံကျောင်းများ ရုပ်ထုများ နေရာတိုင်းရှိသည်။ ယုံကြည်မှုစွမ်းအားရဖို့ နည်းလမ်းစုံသုံးကြသည်။ ခေတ်ကာလပြောင်းလာပြီး ကျင့်ကြံနည်းများ ပြောင်းလဲသွားသည်။ ဘုံကျောင်းများ ရုပ်ထုများလည်း ပျောက်ကွယ်သွားသည်။
"ဝူယော် နန်းတက်ပြီးတော့ နေဆီကိုသွားဖို့ အကြိမ်ကြိမ်ကြိုးစားတယ်။ ဒါပေမယ့် ချန်အင်ပါယာရဲ့ မှော်စက်ဝန်းကို မချိုးဖျက်နိုင်ဘူး။ ဒါကြောင့် သူလည်းမှော်စက်ဝန်းတစ်ခု ထပ်တည်ဆောက်တယ်။ ချန်အင်ပါယာ နေဆီကိုမရောက်နိုင်အောင် တားဖို့ပေါ့။
ဒီတော့ မှော်စက်ဝန်းနှစ်ထပ်ဖြစ်လာတယ်။ နေစွမ်းအားလစွမ်းအား ထုတ်လွှတ်နှုန်း အများကြီးလျော့သွားတယ်"
ထိုအကြောင်းသည် ဘယ်သမိုင်းမှတ်တမ်းတွင်မှ ရှာမတွေ့နိုင်သည့် လျှို့ဝှက်ချက်ဖြစ်သည်။
"အခု ဝူယော်ရဲ့မှော်စက်ဝန်းကို ဖွင့်ဖို့သွားတာက နေလစွမ်းအား နည်းနည်းထပ်ရပြီး အဲဒီ့စွမ်းအားနှစ်မျိုးနဲ့ ကျင့်ကြံတဲ့လူတွေ အကျိုးရှိအောင်လို့ပါ"
ယွမ်ကျိက လုယန်နှင့်ယွမ်မုန်မုန်ကို ဦးဆောင်၍ နေဆီသို့ပျံသန်းရင်း ဇာတ်ကြောင်းတစ်ခုလုံး ပြောပြနေခြင်းဖြစ်သည်။
"နေက အဲလောက်တန်ဖိုးရှိလို့လား။ ဘာလို့လူတိုင်းက လုယူချင်နေကြတာလဲ"
ယွမ်မုန်မုန်က မေးသည်။ သူစဉ်းစားမရ။ သူ့ဇာတိဖြစ်သည့် လျှို့ဝှက်မြေတွင် နေလုံးဝမရှိ။ ထို့ကြောင့် နေ၏အရေးပါမှုကို နားမလည်။
လက်ရှိကျင့်စဉ်အဆင့်အရ အထက်ကောင်းကင်ကိုဖြတ်သန်း၍ လုယန်ခရီးသွားနိုင်သည်။ ယွမ်ကျိလိုတော့ သက်တောင့်သက်သာမရှိနိုင်။ အထက်အာကာသတွင် ခက်ခဲသည့်အခြေအနေများစွာ ရင်ဆိုင်ရလိမ့်မည်။
ယွမ်မုန်မုန်က အာကသအခြေအနေကို အရေးမစိုက်။ သို့သော် ဟိုကြည့်ဒီကြည့်စပ်စုတတ်သူဖြစ်၍ ပျံသန်းရှိန်နှောင့်နှေးမည်။
ထို့ကြောင့် ယွမ်ကျိက သူတို့နှစ်ယောက်ကို အလင်းပေါက်စွမ်းအင်လုံးထဲထည့်၍ ခေါ်သွားရသည်။
ပျံသန်းနေရင်း တောက်ပသည့်ကြယ်များစွာ လုယန်မြင်ရသည်။ မရေမတွက်နိုင်အောင် များလွန်းသည်။ ကြယ်တစ်လုံးတွေ့လျှင် ထိုကြယ်ဆီသို ယွမ်ကျိက တိုက်ရိုက်ပျံသန်းသွားသည်။
တိုက်မိတော့မည်ဟု လုယန်ထင်လိုက်ချိန်တွင် ထိုကြယ်က ပုံရိပ်ယောင်တစ်ခု ဖြစ်နေပြန်သည်။
တစ်ချို့ကြယ်များကတော့ ပုံရိပ်ယောင်မဟုတ်။ ယွမ်ကျိ ဘေးမှကွေ့ပတ်သွားရသည်။
"အဲ..ဒါက ရှောင်ယွမ်ရဲ့ ရွှေသန္ဓေမဟုတ်လား"
ပုံမှန်မဟုတ်သည့် သူ့ရှေ့မှကြယ်တစ်လုံးကို နတ်မယ်သတ္တိပြုမိသည်။ ရှေးဟောင်းခေတ်မှ ကြွင်းကျန်ခဲ့သည့်ကြယ်မဟုတ်။ ယွမ်ကျိ၏ သန္ဓေစွမ်းအားများပြည့်နေသည်။
"ရှောင်ကျိရဲ့ ရွှေသန္ဓေက ဒီလောက်တောင်ကြီးတယ်ပေါ့"
ယွမ်မုန်မုန် အံ့ဩသွားပြန်သည်။
"ကြီးတယ်လို့ ထင်ရလို့ပါ။ စွမ်းအားအရဆိုရင် ငါ့ပြိုင်ဘက်ကင်းသန္ဓေထက် မသာပါဘူး"
"ပြိုင်ဘက်ကင်းသန္ဓေဆိုတာဘာလဲ"
"ထာဝရမျိုးဆက်တွေပဲ တည်ဆောက်နိုင်တဲ့ ရွှေသန္ဓေပေါ့။ သူ့စွမ်းအားက ပထမအဆင့်ရွှေသန္ဓေတွေထဲမှာတောင် ထိပ်တန်းအဆင့်ပဲ။ နင့်လက်ရှိကျင့်စဉ်အဆင့်က မြင့်လွန်းနေတာ ဆိုးတာပဲ။ ပြိုင်ဘက်ကင်းသန္ဓေတည်ဆောက်လို့ မရတော့ဘူး"
"အံ့ဩစရာပါလား"
ယွမ်မုန်မုန်မျက်လုံးများ အရောင်တောက်လာသည်။ သူတို့ထာဝရမျိုးဆက်က တကယ်စွမ်းအားကြီးလှသည်။
ကောင်းကင်ထက်မှကြယ်များသည် ယွမ်ကျိ၏ ရွှေသန္ဓေများဖြစ်ကြောင်း လုယန်သိထားသည်။ သို့သော် ကိုယ်တွေ့မြင်ရချိန်တွင် အံ့ဩမိဆဲဖြစ်သည်။ ယွမ်ကျိ၏ ရွှေသန္ဓေ ဘယ်လောက်ကြောက်စရာကောင်းကြောင်း ကိုယ်တိုင်မြင်မှ နားလည်လာသည်။
အောက်ဘက်မြေပြင်ကိုပင် အရေးမစိုက်လိမ့်မည်မထင်။
အာကာသကောင်းကင်က မှောင်မည်းအေးစက်နေသည်။ ဟာလာဟင်းလင်းဖြစ်နေသည်။ အဆုံးကိုမမြင်ရ။ ကျင့်စဉ်အဆင့်မြင်သူတစ်ယောက်ပင် အာကသာ၏ကျယ်ပြန့်မှုနှင့်ယှဉ်လျှင် အမှုန်အမွှားကဲ့သို့ ခံစားရပေလိမ့်မည်။
"ဒီလိုအာကာသလေဟာနယ်ကိုရောက်တော့ အရင်အချိန်တွေကို ပြန်သတိရမိတယ်"
နတ်မယ်စကားကြောင့် လုယန်၏အတွေးများ ပြတ်တောက်သွားသည်။
"အရင်တုန်းက ယင်ထန်တို့က အုပ်ချုပ်တဲ့ကြယ်ကမ္ဘာတွေက မရေမတွက်ိုင်အောင်များတယ်။ ကြယ်တစ်ခုနဲ့တစ်ခုလည်း အဝေးကြီးပဲ။ သွားရလာရတာ အတော်အဆင်မပြေဘူး။
ဒါကြောင့် ခရီးတိုအောင် ကြယ်တွေကို သူတို့ခဏခဏနေရာပြောင်းတယ်။ အဲလိုမဟုတ်ရင်လည်း ကြယ်တွေကြားမှာ လေဟာနယ်လမ်းကြောင်း တည်ဆောက်ကြတယ်"
အချိန်အတော်ကြာပြီးနောက် မီးလုံးကြီးတစ်ခုကို လုယန်မြင်လိုက်ရသည်။ မြင့်မားသည့်အပူဓာတ်က အာကာသထဲသို့ ထိုးထွက်နေသည်။ ယွမ်ကျိသာ အကာအကွယ်ပေးမထားလျှင် ထိုအပူဓာတ်မြင့်ပင် သူမီးလောင်၍သေသွားနိုင်သည်။
နေစွမ်းအားနှင့်ပတ်သက်၍ နေမင်းဂိုဏ်းသားများစွာ ကိုယ်တိုင်စမ်းသပ်ကြည့်ခဲ့ပြီးဖြစ်သည်။ နေပတ်လည်တွင် လွင့်မျောနေသည့် မီးကျွမ်းထားသည့် လူ့အလောင်းများကို မြင်နေရသည်။
ယွမ်ကျိက အပူရှိန်ကို အရေးမစိုက်ဘဲ ရှေ့ဆက်တိုးသွားသည်။ သို့သော် နေပတ်လည်တွင်ရှိနေသည့် ရွှေသံကြိုးတစ်ချောင်းက သူ့ကိုလမ်းပိတ်ထားသည်။
ထိုရွှေသံကြိုးတွင် မှော်သင်္ကေတများ စူးရှတောက်ပနေသည်။ ထိုစွမ်းအင်ရောင်ကြောင့်ပင် နေမှထွက်ပေါ်နေသည့် အပူဓာတ်က ပိုကြောက်စရာကောင်းနေသည်။ မှော်စွမ်းအင်ရောင်ထဲတွင် လောက၏စွမ်းအင်နိယာမမျိုးစုံပါသည်။
တစ်ချက်ကြည့်ရုံဖြင့် သိစိတ်နယ်မြေတစ်ခုလုံး ပေါက်ထွက်သွားနိုင်သည့် အသိပညာမျိုးစုံ စိတ်အာရုံသို့ ပြေးဝင်လာသည်။
ယွမ်ကျိကာကွယ်ပေးထားသဖြင့် ထိုမှော်စွမ်းအင်အသိများ လုယန်ခေါင်းထဲသို့ မဝင်နိုင်။ လွတ်လွတ်လပ်လပ် အကဲခတ်နိုင်သည်။
"ခေါင်းဆောင်၊ ဒီမှော်သင်္ကေတတွေက ဘာတွေလဲ"
ယွမ်မုန်မုန် အတော်ကြာအောင် ကြည့်နေသော်လည်း နားမလည်သဖြင့် ခေါင်းဆောင်ကိုလှည့်မေးသည်။
နတ်မယ်က သူ့လက်ထောက်နှစ်ယောက်ကို ရှင်းပြသည်။
"ဘာအကြောင်းအရာမှ မပါပါဘူး။ ဒီသင်္ကေတတွေအားလုံးက ချန်အင်ပါယာကို ဝူယော်ာက ဆဲဆိုထားတာတွေပါ။ သူဘယ်လို ဆဲထားတယ်ဆိုတာ ငါဖတ်ပြဖို့လိုသေးလား"
နတ်မယ်က ဆဲဆိုရမည်ကိုရှက်ဟန်ဖြင့် နည်းနည်းတုံ့ဆိုင်းနေသည်။
"မလိုပါဘူး။ မလိုပါဘူး"
လုယန် အမြန်ပြောလိုက်သည်။
"ဒါပေမယ့် ဒီနေလုံးကိုဖန်တီးခဲ့တာ ကိုးဆမသေမျိုးဆိုတာ သေချာတယ်။ ရှေးဟောင်းခေတ်က ရွှေကျီးကန်းတွေတောင် ဒီလိုစွမ်းအားရှိတဲ့နေမျိုးကို မဖန်တီးနိုင်ဘူး။ နောက်ပြီး လစွမ်းအားကိုလည်း အထဲမှာအညီအမျှထည့်ထားသေးတယ်"
မီးနိုင်ငံခေတ်တွင် ကိုးဆမသေမျိုးက ယင်ထန်အရိယဖလသုံး၍ နေနှင့်လကို ဖန်တီးခဲ့သည်ဟု အောင်းလင်းကပြောသည်။ အချိန်ကုန်သက်သာစေရန် နေနှင့်လကို တစ်ခုတည်းဖန်တီးခဲ့သည်ဟုဆိုသည်။
ထို့ပြင် အချိန်လည်ပတ်မှုအပြောင်းအလဲကို လူအများမသိလျှင် နေ့စဉ်ဘဝတွင် အခက်တွေ့မည်စိုး၍ နေမျက်နှာပေါ်တွင် နာရီနှင့်လက်တံများကို တိုက်ရိုက်ရေးဆွဲခဲ့သည်။ ထို့ကြောင့် အချိန်လည်ပတ်မှုကို လူတိုင်းမြင်နိုင်သည်။
ထိုအချိန်ကို လည်ပတ်မှုတိကျအောင် အချိန်မသေမျိုးက သေချာစီစဉ်ခဲ့သည်။
*******************************