← Chapters

အခန်း (၉၂၅-၉၂၇)

Vol. 62 Ch. 925-927

အခန်း (၉၂၅-၉၂၇)

Vol. 62 Ch. 925-927

အခန်း (၉၂၅) မှော်စက်ဝန်းဖွင့်ခြင်း

နေကိုကြည့်၍ အချိန်ဖတ်နိုင်သည့်အခွင့်အရေးကို မီးနိုင်ငံပြည်သူများသာ ခံစားခွင့်ရသည်။ မီးနိုင်ငံပျက်စီးသည်နှင့် နေပေါ်မှ အချိန်ပြသင်္ကေတလည်း ပျောက်ကွယ်သွားသည်။

အရင်က နေဆီသို့ယွမ်ကျိလာလျှင် ဝူယော်၏ မသေမျိုး‌ရွှေသံကြိုးက အမြဲတမ်းတားဆီးခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင်မတူတော့။

ယွမ်ကျိ လက်ဝါးကိုဖျတ်ခနဲခါလိုက်သည်။ လေဟာနယ်ကိုရိုက်ခတ်ပြီး လှိုင်းတွန့်များပေါ်လာသည်။ အသက်ဝင်လာသလိုရှိသည်။ မိုးကုတ်စက်ဝန်းဆီမှလာနေသည့် အသံတစ်ခုကို လုယန်နှင့်ယွမ်မုန်မုန်တို့ ကြားရသည်။ ကြည်လင်ရှင်းလင်းသည်။ ဘာအဓိပ္ပါယ်မှန်းတော့မသိ။

မမြင်နိုင်သည့်စွမ်းအားတစ်ခု ယွမ်ကျိလက်ဝါးထဲတွင် စုဝေးလာသည်။ သော့တစ်ချောင်းအသွင် တဖြေးဖြေးပေါ်လာသည်။

ထိုသော့က မသေမျိုးသံကြိုးကို အာရုံခံမိသည်နှင့် သူ့ဘာသာပျံထွက်သွားပြီး သံကြိုးနှင့်ရိုက်ခတ်သည်။

မသေမျိုးသံကြိုး တုန်ခါသွားသည်။ ဝူယော်၏စကားသံ ပေါက်ကွဲထွက်လာသည်။ အားကောင်းသည့် သူ့အသံလှိုင်းကို အာကာသလေဟာနယ်ပင် မတားဆီးနိုင်။

"ငါမင်းကို ...."

မယုံနိုင်လောက်အောင်ညစ်ညမ်းသည့်စကားလုံးများ ဆက်တိုက်ထွက်လာသည်။ ယခုချိန် ဝူယော်သာ ယွမ်ကျိရှေ့တွင်ပေါ်လာလျှင် ဘာမှမပြောခင် အရင်ဆုံးမျက်နှာကို လက်ဝါးဖြင့်ရိုက်ခံရလိမ့်မည်။

မှော်စက်ဝန်းဖွင့်လျှင် ထိုအဖြစ်မျိုးကြုံရမည်မှန်းသိလျှင် လုယန်နှင့်ယွမ်မုန်မုန်ကို ယွမ်ကျိလုံးဝခေါ်လာမည်မဟုတ်။

သူစိတ်တိုလာလျှင် 'မက်မွန်သီးပုပ်'ဆိုသည့်စကားလုံးသာ ပြောတတ်သည်။ အပြင်လူတို့စရိုက်က တကယ်ကွဲပြားသည်။ ဆဲဆိုသည့်စကားလုံးများကလည်း ထူးခြားပြီး အမျိုးအစားစုံသည်။

ဆဲဆိုနေသည်က တော်တော်နှင့် ပြီးမည်မဟုတ်သဖြင့် လုယန်နှင့်ယွမ်မုန်မုန်ကို နောက်ထပ်အသံလုံမှော်စက်ဝန်းတစ်ခု ထပ်ကာလိုက်သည်။ ထာဝရမျိုးဆက်သုံးယောက်လုံး ဘာမှမကြားရတော့။

ဆဲသံရပ်သွားသည်နှင့် မသေမျိုးရွှေသံကြိုးက တဖြေးဖြေးမှေးမှိန်ပျောက်ကွယ်သွားသည်။

နှစ်နှစ်သိန်းကြာပိတ်ဆို့ထားသည့် နေစွမ်းအား ပေါက်ကွဲထွက်လာသည်။ ကောင်းကင်ပြင်တစ်ခွင် အော်ဟစ်ရိုက်ခတ်သည်။ နေမီးတောက်အစစ် အရှိန်မြင့်လာသည်။ ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူများပင် ထိုစွမ်းအားနှင့်ရင်ဆိုင်လျှင် ပြာကျသွားပေလိမ့်မည်။

နေပတ်လည်တွင်ရှိနေသည့် နေမင်းဂိုဏ်းသားတို့ အလောင်းများလည်း ဤမီးတောက်ဒဏ်ကို မခံနိုင်ကြတော့ဘဲ တစ်စမကျန် လောင်ကျွမ်းပျောက်ကွယ်သွားသည်။

နေစွမ်းအား ဖြန့်ကျက်ပျံ့နှံ့သွားသည်။ ကျင့်ကြံသူများစွာ ထိုစွမ်းအင်ရိုက်ခတ်မှုကို ခံစားမိကြသည်။

နေမင်းစွမ်းအားကို အထူးအလေးပေးကျင့်ကြံသူများ ပို၍ခံစားမိသည်။ နေစွမ်းအားမြင့်တက်လာသည်ကို သူတို့အာရုံခံမိကြသည်။ မယုံနိုင်လောက်အောင် သိပ်သည်းပြင်းထန်သည်။ သူတို့ကျင့်စဉ်စွမ်းအင်များ အလိုလိုလည်ပတ်လာသည်။ နေစွမ်းအင်ကို လောဘတကြီးစုပ်ယူသည်။ စွမ်းအင်သွေးကြောများ ကျယ်ပြန့်လာသည်။ ခန္ဓာကိုယ်ကို အားဖြည့်သည်။

တစ်ချို့ကျင့်ကြံသူများက ထိုအခွင့်အရေးကိုသုံး၍ အဆင့်တက်ကြသည်။ ပိတ်ဆို့မှုများကို ကျော်ဖြတ်သည်။ ကျင့်စဉ်စွမ်းအား တိုးမြှင့်ကြသည်။

မုန်ကျင်းကျိုး၏ခန္ဓာကိုယ် တုန်ခါလာသည်။ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့။ မြောက်ပိုင်းနယ်မြေမှယူလာသည့် ရေခဲရေများ တစ်ပုံးပြီးတစ်ပုံးလောင်းမှ သူ့ကိုယ်ထဲမှမြင့်တက်လာသည့်ဆန္ဒကို ယာယီထိန်းချုပ်နေသည်။

"ဘာတွေဖြစ်နေတာလဲကွာ"

သူ့တစ်ကိုယ်တော်ဝိညာဉ်မြစ်က နေစွမ်းအားကို လောဘတကြီးစုပ်ယူနေသည်။ သူ့ကိုယ်တွင်းဆန္ဒများ တဖြေးဖြေးပိုပြင်းထန်လာသည်။

"ဆက်မစုပ်ယူပါနဲ့တော့။ ကျုပ်ဆက်ပြီးသည်းမခံနိုင်တော့ဘူး"

မုန်ကျင်းကျိုးငိုချင်သော်လည်း မျက်ရည်ထွက်မလာ။ သူ့အိမ်တော်တွင် နေခဲ့စဉ်က ထိုမျှထူးဆန်းသည့်အခြေအနေမျိုး တစ်ခါမှမကြုံဖူး။ ဂိုဏ်းသို့ပြန်လာမှ ကြုံရခြင်းဖြစ်သည်။ ဘာကြောင့်ထိုသို့ဖြစ်သည်မသိ။

သူ့ဝိညာဉ်မြစ် အားကောင်းလာခြင်းသည် ဘက်ပေါင်းစုံတိုးတက်လာခြင်းဖြစ်သည်။ ဝိညာဉ်ပြောင်းအခြေခံအဆင့်စွမ်းအား တည်ငြိမ်သွားသည်။ ဒန်ထန်ထဲမှ စွမ်းအင်ကန် လက်ခံနိုင်စွမ်းတိုးလာသည်။ စွမ်းအင်သွေးကြောများ၊ ချီများ၊ သွေးများ၊ ဝိညာဉ်စွမ်းအား၊ မူလဝိညာဉ်တို့ ပြောင်းလဲလာသည်။

"ဒါမျိုးကို ငါမလိုအပ်ဘူးကွ။ သောက်လခွမ်းပဲ"

မုန်ကျင်းကျိုး ချက်ချင်းတင်ပျဉ်ခွေထိုင်၍ ဗုဒ္ဓစိတ်ငြိမ်မန္တာန်ကို ရွတ်ဖတ်သည်။ လောကဆန္ဒကို အရောင်ဆိုးထားသည့်အရိုးစုအဖြစ် သုံးသပ်သည်။ အဆင့်မြင့်ဘုန်းကြီးတစ်ယောက်၏ စိတ်မျိုးသွင်းသည်။

...

"ကိုးဆမသေမျိုး၊ နင်ရှိနေလား"

နတ်မယ် နေဆီသို့ အော်ခေါ်သည်။

အင်ပါယာချန်၏ မှော်စက်ဝန်းသံကြိုးများမှလွဲ၍ ဘာမှတုံ့ပြန်မှုမရှိ။

နတ်မယ် မျက်မှောင်ကျုံ့သွားသည်။ အင်ပါယာချန်၏ မှော်စက်ဝန်းကာထားသဖြင့် သူ့အသံက နေဆီသို့မရောက်နိုင်။

"ဒါဆိုရင်တော့ အင်ပါယာချန်ကိုတွေ့မှပဲ ပထမမှော်စက်ဝန်းကို ဖွင့်ခိုင်းရတော့မှာပေါ့"

ယွမ်ကျိ ထိုသို့ဖြစ်မည်မှန်း ကြိုတွက်ထားသော်လည်း ကံစမ်းကြည့်ခြင်းဖြစ်သည်။

"ဒါနဲ့အမယွမ်၊ အခု အင်ပါယာချန်ရဲ့ မှော်စက်ဝန်းတစ်ခုပဲ ကျန်တော့တာဆိုတော့ ကျင့်ကြံသူတွေသူ့ကိုဆုတောင်းလိုက်ရင် နေစွမ်းအင်အားလုံးကို မရနိုင်လောက်ဘူးလား"

လုယန် မေးလိလုက်သည်။

ယွမ်ကျိ ခေါင်းခါသည်။

"အလုပ်မဖြစ်နိုင်ဘူး။ ယုံကြည်မှုစွမ်းအားစုဆောင်းတာ လုံလောက်နေပြီထင်တယ်။ ဒါမှမဟုတ် တစ်ခြားအကြောင်းတစ်ခုရှိလို့လားပဲ။ အင်ပါယာချန်က ယုံကြည်မှုစွမ်းအားကို ဆက်ပြီးမစုပ်ယူတော့ဘူး။

နေကိုထိန်းချုပ်ပြီး ယုံကြည်မှုစွမ်းအင်စုပ်ယူတဲ့နည်းကို သူမသုံးတော့ဘူး။ ဒီသံကြိုးတွေက နေကိုပိတ်ဆို့ထားရုံသက်သက်ပဲ"

ယွမ်မုန်မုန်က ဘာမှဝင်မပြော။ နတ်မယ်၊ လုယန်နှင့် ရှောင်ကျိတို့ ဆွေးနွေးနေသည့်အကြောင်းအရာများက မြင့်လွန်းသည်ဟု ယူဆသည်။ သူလုံးဝနားမလည်။

သူတတိယခေါင်းဆောင်သာဖြစ်ရသည်မှာ မထူးဆန်းလှ။ သူ့ဗဟုသုတက နည်းလွန်းသေးသည်။

ထိုအကြောင်းတွေးရင်း အနာဂတ်ပန်းတိုင်တစ်ခုကို မြင်လာသဖြင့် နတ်မယ်ကို ဝမ်းသာအားရမေးသည်။

"ခေါင်းဆောင်၊ ကျွန်မ တိုးတက်အောင် ကြိုးစားလေ့လာရင် ဒုခေါင်းဆောင်ဖြစ်လာခွင့်ရှိလား"

နတ်မယ်က ယွမ်မုန်မုန်ကို တစ်ချက်ကြည့်သည်။

"မင်းအဲလို ပုန်ကန်မယ့်အတွေးတွေ ဆက်တွေးနေရင် စတုတ္ထခေါင်းဆောင်နေရာကို ရာထူးချခံရမယ်"

"ဪ"

လုယန်နှင့်ယွမ်မုန်မုန်ကို ကောင်းကင်ဂိတ်တောင်ထိပ်တွင် ထားခဲ့ပြီးနောက် ယွမ်ကျိက ဘယ်သူ့ကိုမှ အသိမပေးဘဲ နန်းမြို့တော်သို့ တစ်ယောက်တည်းထွက်သွားသည်။ အင်ပါယာရှားနှင့်တွေ့သည်။

"သေမိန့်ကျအကျဉ်းသားတွေကို အစမ်းသပ်ခံအဖြစ်သုံးချင်တာလား"

အင်ပါယာရှားက ယွမ်ကျိကို တအံ့တဩကြည့်သည်။ ယွမ်ကျိ ထိုသို့တောင်းဆိုဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

"ခန့်မှန်းချက်တစ်ခုကို အတည်ပြုချင်လို့ တစ်ယောက်ပဲစသုံးမှာပါ"

အင်ပါယာရှားက သဘောထားကြီးကြီးဖြင့် လက်တစ်ဘက်ဝှေ့ယမ်းပြီး တရားစီရင်ရေးဌာနသို့ အမိန့်တစ်ခုထုတ်လိုက်သည်။ သေမိန့်ကျအကျဉ်းသားတစ်ယောက်ကိုရွေးပြီး ယွမ်ကျိလက်ထဲလွှဲပေးသည်။

နောက်ထပ်အကျဉ်းသားဘယ်လောက်လိုလို ကိစ္စမရှိကြောင်းပြောသည်။

ယွမ်ကျိက အကျဉ်းသား၏ ကျင့်စဉ်စွမ်းအားကို ပိတ်ဆို့ပြီး စကားမပြောနိုင်အောင်လည်း ထိန်းချုပ်သည်။ ထို့နောက် မြို့‌တော်အပြင်ဘက် တောင်ကုန်းတစ်ခုပေါ်မှ တဲတစ်လုံးသို့ခေါ်သွားသည်။

ယွမ်ကျိက အကျဉ်းသားကို သမိုင်းကြောင်းတစ်ခုပြောပြသည်။

"မီးနိုင်ငံအကြောင်း မင်းသိလား"

ဆယ့်ငါးမိနစ်ခန့်ကြာအောင်ပြော၍ စောင့်နေသော်လည်း သူမျှော်နေသည့်လူက ပေါ်မလာ။ အူကြောင်ကြောင်ဖြစ်နေသည့် အကျဉ်းသားကို ချန်ထားခဲ့၍ စိတ်ပျက်လက်ပျက် သူထွက်လာသည်။

ထို့နောက် သူ့ကိုယ်သူဖုံးကွယ်၍ တောင်ခြေတစ်နေရာတွင် စောင့်နေသည်။ သို့သော် ဘယ်သူမှပေါ်မလာ။

နာရီဝက်ကြာပြီး‌နောက် တဲဆီသို့ပြန်သွားသည်။ ခေါင်မိုးတွင် အပေါက်ကြီးတစ်ခုဖြစ်နေသည်။ ထို့အပေါက်အောက်တည့်တည့်တွင် သေမိန့်ကျအကျဉ်းသား မီးကျွမ်းပြာကျနေသည်။ လေထုက သေခြင်းအရိပ်များပြည့်နေသည်။

တရားစီရင်ရေးဌာနသို့ ပြန်သွား၍ နောက်ထပ်အကျဉ်းသားတစ်ယောက် ဆွဲခေါ်လာသည်။ အရင်နည်းလမ်းအတိုင်း သမိုင်းဇာတ်လမ်းပြောသည်။

တစ်နာရီကြာအောင် တဲထဲတွင်စောင့်နေသော်လည်း ဘယ်သူမှပေါ်မလာ။ ထို့ကြောင် မတတ်သာပဲ သူထွက်လာရသည်။

တဲဆီနောက်တစ်ကြိမ် ပြန်သွားသည်။ နောက်ထပ်အပေါက်တစ်ပေါက်ရှိနေသည်။ ဒုတိယအကျဉ်းသားလည်း သေနေသည်။

"ငါ့ပုန်းနေတာတောင် အနီးအနားမှာ ငါရှိနေတာကို သူကအာရုံခံနိုင်သေးတာလား"

ယွမ်ကျိ တီးတိုးရေရွတ်၍ တတိယအကျဉ်းသားကို သွားခေါ်သည်။

သူ့ခန့်မှန်းချက်ကို အတည်ပြုလိုခြင်းဖြစ်၍ နည်းလမ်းကိုမပြောင်း။ သမိုင်းဇာတ်လမ်းပြောသည်။ အရိပ်ထဲတွင် ပုန်းနေသည်။ သို့သော် ဘာမှထူးခြားမလာ။

တောင်းတန်းမှထွက်လာပြီး နောက်ထပ်ပြန်သွားချိန်တွင် တောင်ထိပ်တစ်ခုလုံး ပြင်ညီဖြစ်နေသည်ကိုတွေ့ရသည်။ တဲရောအကျဉ်းသားပါမရှိတော့။ မှတ်စုတစ်ခုသာ ကျန်နေခဲ့သည်။

"နင်ဘယ်တော့မှရပ်မှာလဲ"

*************************

အခန်း (၉၂၆) ကြံရာမရ

ပဲပြာအရှင်ချန်ခဲ့သည့်စာကိုကိုင်ရင်း ယွမ်ကျိ အတွေးနစ်နေသည်။

"ပဲပြာမသေမျိုးက သူ့အကြောင်းသိလူတွေကို ချက်ချင်းသတ်တယ်။ ဒါပေမယ့် အောင်းလင်းနဲ့ ရှောင်လုကို သတ်ဖို့မကြိုးစားတော့ဘူး။ အောင်းလင်းကိစ္စကတော့ ရှင်းတယ်။ မီးနိုင်ငံမှာ ပဲပြာက သူ့ကိုသတ်ဖို့ကြိုးစားတော့ နဂါးလက်ကောက်က ခုခံကာကွယ်ခဲ့တယ်။

အခု လက်ကောက်က စွမ်းအားပြည့်သွင်းထားတယ်။ လေဟာနယ်ကို ကူးဖြတ်နိုင်တယ်။ အလစ်တိုက်ခိုက်တာပဲဖြစ်ဖြစ် ထောင်ချောက်ဆင်တာပဲဖြစ်ဖြစ် အောင်းလင်းကိုသတ်ဖို့ခက်ခဲမှန်း သူသိလို့ပဲ။

ဒါပေမယ့် ဘာလို့ရှောင်လုကို ဆက်ဒုက္ခမပေးတာလဲ။ ‌သူ့ကို တန်ပြန်တိုက်ခိုက်ခံရမယ်ဆိုတာ သိနေလို့လား"

ယွမ်ကျိ ခဏစဉ်းစားပြီးနောက် ထိုစိတ်ကူးကို ပယ်လိုက်သည်။ ရှောင်လုသာ အန္တရာယ်များမှန်းသိလျှင် ဓားမျှော်စင်တွင် သူလှုပ်ရှားခဲ့မည်မဟုတ်။

"အရင်က နတ်မယ်ရဲ့ကံကြမ္မာကို အမွေခံထားလို့ အန္တရာယ်ကို အလိုလိုရှောင်နိုင်တဲ့သဘောလား။ ဓားမျှော်စင်မှာတုန်းက သူသာ ရှောင်လုကိုအရင်ခေါ်ထုတ်ပြီး ယင်ထန်ကိုအလောင်းကို နောက်မှစာရင်းရင် သူကံဆိုးခဲ့မှာ။

ဟုတ်တယ်၊ အဲဒါပဲဖြစ်မယ်။ အတိတ်ကနတ်မယ်ရဲ့ ကံကြမ္မာကို သူရထားတာ။ ဒါဟာ သာမန်ကိစ္စမဟုတ်ဘူး"

သူ့ခန့်မှန်းချက်ကို စမ်းသပ်ရန် လေးယောက်မြောက်အကျဉ်းသားကို ခေါ်လာပြီး သူ့ဘေးတွင် လျှို့ဝှက်ကမ္ဘာငယ်တစ်ခု ဖန်တီး၍ ပုန်းနေလိုက်သည်။

ပုံမှန်သဘောအရ ပဲပြာအရှင်သည် သူရှိနေသည်ကို အာရုံခံနိုင်မည်မဟုတ်။ သို့သော် သူကမ္ဘာငယ်ထဲ ပုန်းနေချိန်တစ်လျှောက်လုံး ပဲပြာအရှင်က လုံးဝမလှုပ်ရှား။

ကမ္ဘာငယ်မှထွက်၍ အဝေးတစ်နေရာသို့ရောက်မှသာ ပဲပြာက အကျဉ်းသားကိုသတ်သည်။

"ဒါက ကံကြမ္မာနဲ့ဆိုင်တဲ့ ကိစ္စပဲ"

ယွမ်ကျိ ကောက်ချက်ချလိုက်သည်။

"ပဲပြာအရှင်ကို ရှင်းထုတ်ချင်ရင် သူ့ထက်ကံကြမ္မာပိုအားကောင်းတဲ့လူကို အားကိုးဖို့ပဲရှိတယ်"

ယွမ်ကျိ ပဲပြာအရှင်ကိစ္စ အရေးမစိုက်တော့ဘဲ တောင်တန်းမှထွက်သွားသည်။

နေစွမ်းအားမြင့်တက်လာသည်ကိုသာ လောကကြီးကသိကြသည်။ သို့သော် အကြောင်းရင်းကို သိသူရှားသည်။

ထို'ရှား'သူများထဲတွင် နေမင်းဂိုဏ်းလည်းပါသည်။

"နေစွမ်းအားမြင့်တက်လာတာ မှော်စက်ဝန်းတစ်ခု ပွင့်သွားလို့ပဲဖြစ်ရမယ်"

နေမင်းဂိုဏ်းအကြီးအကဲများ ဝမ်းသာနေကြသည်။ သို့ဆိုလျှင် နေမင်းက သူတို့အားထုတ်နေသည့် နေစွမ်းအင်လုပ်ငန်းကို အသိအမှတ်ပြုသည့်သဘောဖြစ်သည်။

စွမ်းအားမြင့်သူတစ်ယောက်က နေမှော်စက်ဝန်းကို ချိုးဖျက်လိုက်သည်က သေချာသည်။ သို့သော် ပြဿနာလည်းရှိသည်။ ဘာကြောင့် မှော်စက်ဝန်းကို သူတို့နေစွမ်းအင်ထုတ်ကုန်လုပ်ငန်း အရှိန်မြှင့်ချိန်တွင် ဖွင့်လိုက်သနည်း။

‌လောကတွင် တိုက်ဆိုင်မှုဆိုသည်မှာမရှိ။ ကောင်းကင်ဆန္ဒတစ်ခုတော့ အမြဲပါသည်။

"ဒါဟာ ကောင်းကင်ဆန္ဒပဲ။ နေစွမ်းအင်လုပ်ငန်းကို စိတ်နှစ်ကိုယ်နှစ်လုပ်ဖို့ နေမင်းက ငါတို့ကိုပြောနေတာ"

မြို့တ်ောထဲတွင် ဈေးကွက်စုံစမ်းမှုများ ချောမွေ့စွာပြီးသွားပြီး အသက်အန္တရာယ်များ ရင်ဆိုင်ခဲ့ရသော်လည်း မူပိုင်ယိ၏ဆွဲဆောင်မှုကြောင့် ဂိုဏ်းနှစ်ခု နေစွမ်းအင်ပစ္စည်းများ စတင်ထုတ်လုပ်ရန် သဘောတူညီချက်ရလာသည်။ နန်းမြို့တော်တွင် ဈေးကွက်စဖြန့်ကြမည်ဖြစ်သည်။

ယခုသူတို့ထုတ်လုပ်သည့် ပစ္စည်းများကြားတွင် နေစွမ်းအင်မီးအိမ်များ၊ နေစွမ်းအင်ရေနွေးစက်များ များစွာပေါ်ပြူလာဖြစ်သည်။

"ပြန်စဉ်းစားကြည့်ရင် နေမီးအိမ်တွေ အောင်အောင်မြင်မြင့်‌ဈေးကွက်ဖြန့်နိုင်တာ ဖယောင်းတိုင်တွေအများကြီး ထူးထူးဆန်းဆန်းဝယ်သွားတဲ့လူရဲ့ ကျေးဇူးကြောင့်ပဲ။ ဈေးကွက်လိုအပ်ချက် အများကြီးမြင့်တက်လာတယ်။ ဒါကြောင့် သာမန်လူတွေက စမ်းသုံးတဲ့အနေဖြင့် နေစွမ်းအင်ထုတ်ကုန်တွေကို ဝယ်ကြတာ"

နေမင်းဂိုဏ်းအဆင့်မြင့်ဂိုဏ်းဝင်တစ်ယောက်က သုံးသပ်သည်။ သူတို့လုပ်ငန်း တကယ်အချိန်အခါကိုက်ဖြစ်နေသည်။

အရင်က နေမင်းဆီရောက်ဖို့ နေ့စဉ်ကြိုးစားရင်း ဂိုဏ်းဝင်များစွာ သေဆုံးခဲ့ကြရသည်။ ယခု နေစွမ်းအင်လုပ်ငန်းဖွံ့ဖြိုးလာသဖြင့် အရာအားလုံးတိုးတက်လာသည်။

"ပြီးတော့ ကိုးငရဲဂိုဏ်းကလည်း ငါတို့နဲ့အလေးအနက်ထားပြီး ပူးပေါင်းတယ်။ ငါတို့ထုတ်ကုန်တွေကို ဈေးကွက်မြှင့်ဖို့ ကြိုးစားကြတယ်"

ဂိုဏ်းချုပ် ချီတာဖန်းက ပြောသည်။ အထူးသဖြင့် မူပိုင်ယိနှင့် ကျောက်ရိုးတို့က ဈေးကွက်ကို မနားတမ်းလေ့လာခဲ့သည်။ အိပ်မက်ရေပွက်ကိုသုံး၍ အမြန်နှုန်းမြှင့် ကြော်ငြာပေးခဲ့သည်။

နတ်ဆိုးဂိုဏ်းနှစ်ခုကြား စိတ်ရင်းဖြင့်ပူးပေါင်းမှုမျိုး အရင်ကလုံးဝမရှိခဲ့ဖူး။

'နေမင်းမှော်စက်ဝန်းပွင့်တဲ့ကိစ္စက ရှေးဟောင်းကောင်းကင်ရုံးတော်နဲ့များ ပတ်သက်နေမလား'

ဂိုဏ်းချုပ်ချီစိတ်ထဲ ထိုအတွေး ရုတ်တရက်ဝင်လာသည်။

သက်သေတော့မရှိ။ သို့သော် ထိုအတွေးက သူ့ခေါင်းထဲ တဖြေးဖြေးခိုင်မာလာသည်။

ကောင်းကင်ရုံးတော်နှင့် စောစောပူးပေါင်းခဲ့ခြင်းသည် တကယ်ကံကောင်းသည်ဟု တွေးမိသည်။ ကောင်းကင်ရုံးတော်အကူအညီကြောင့် နေမင်းဂိုဏ်းအပေါ် သူ့လွှမ်းမိုးနိုင်မှုလည်း တဖြေးဖြေးကြီးထွားလာသည်။

ယခု နေမင်း၏ပထမမှော်စက်ဝန်းပွင့်သွားသဖြင့် နေမင်းဂိုဏ်းတပည့်အားလုံး၏စွမ်းအားလည်း များစွာတိုးပွားလာသည်။ သူသည်ပင် ကူးဖြတ်ခြင်းအဆင့်သို့ တက်နိုင်တော့မည်ဟု ခံစားနေရသည်။

"နင်က အမယွမ်နေတဲ့ ဇာတိမြေကပဲလား"

ကန်ထန်က ယွမ်မုန်မုန်ကို လှည့်ပတ်ကြည့်၍ စိတ်ဝင်တစားမေးသည်။ မျက်လုံးကို အဝတ်နက်ဖုံးထားသဖြင့် ဘာမှမမြင်နိုင်သော်လည်း မြင်ရသည်နှင့် ဘာမှမခြား။

ဂီတတာအိုတွင် ဉာဏ်အလင်းရှာရန် သူအပြင်လောကသို့ ထွက်ခဲ့သည်။ ယခုသူပြန်ရောက်ချိန်တွင် ကောင်းကင်ဂိတ်တောင်ထိပ်၌ လူသစ်တစ်ယောက် ရောက်နေသည်ကို တွေ့ရသည်။

သေချာမေးကြည့်မှ အမှန်တကယ် အမယွမ်နှင့်ဇာတိမြေအတူတူဖြစ်ကြောင်း သိရသည်။

အမယွမ်က သူ့ဇာတိမြေအကြောင်း ပြောလေ့မရှိ။ လျှို့ဝှက်မြေတစ်ခုတွင် ‌မွေးဖွားခဲ့ပြီး သူ့ဆရာဝစီပိတ်က ခေါ်ထုတ်လာကြောင်းသာ သူသိထားသည်။ ထို့ပြင် ဘာမှမသိ။

"ကဲ ပြောပြပါဦး။ အမယွမ်ရဲ့ဇာတိမြေက ဘယ်မှာလဲ။ ဘယ်လိုနေရာမျိုးလဲ"

ကန်ထန်က မေးသည်။ သူ့လေသံက ဗျတ်စောင်းတီးနေချိန်လို တည်ငြိမ်မှုမရှိ။

လုယန်လည်း ဘာမှမပြောဘဲ ဘေးမှရပ်ကြည့်နေသည်။ သူလည်း အမယွမ်၏ နောက်ခံအကြောင်းကို သိချင်သည်။

သို့သော် အမယွမ်ဒေါသဖြစ်မည့် အရှက်ရစရာကိစ္စများကိုတော့ မသိချင်။

ယွမ်မုန်မုန်က ခေါင်းခါသည်။ ပြောလိုဟန်တူသော်လည်း ပါးစပ်အတင်းပိတ်ထားသည်။ လျှို့ဝှက်မြေအကြောင်း ဘယ်သူ့ကိုမှမပြောရဟု ရှောင်ကျိက သတိပေးထားသည်။ အထူးသဖြင့် နတ်မယ်နှင့် ရှောင်လုကိုမပြောရဟုဆိုသည်။

"ကဲပါ ညီမမုန်မုန်၊ ပြောပြလိုက်ပါ"

လုယန်က ညင်သာစွာတိုက်တွန်းသည့်စကားကြောင့် ယွမ်မုန်မုန် တစ်ချက်တွေသွားသည်။ သို့သော် သူ့စိတ်ဓာတ်က ခိုင်မာသည်။ ဘာမှမပြော။ လုယန်နှင့်ကန်ထန် အကြပ်ရိုက်သွားသည်။

"ရှောင်လု၊ ဓားမျှော်စင်မှာ ပြဿနာဖြစ်ခဲ့တယ်လို့ကြားတယ်။ မင်းတို့အဆင်ပြေရဲ့လား"

ရုတ်တရက် အချိန်အတော်ကြာမကြားခဲ့ရသည့် စကားသံတစ်ခု ပေါ်လာသဖြင့် လုယန်ရောကန်ထန်ပါ လန့်ဖျတ်သွားကြသည်။

သူတို့ဆရာ တာအိုရှင်ဝစီပိတ်...

ပြန်မလာသည်မှာ နှစ်နှစ်ကြာပြီဖြစ်သည်။

နတ်ဆိုးနယ်မြေတွင် ဝစီပိတ်နေခဲ့သည်။ ဓားမျှော်စင်သတင်းကို ကြားသည်။ လုယန်က ယင်ထန်မသေမျိုးကို အချိန်ဆွဲ၍ ထိန်းထားခဲ့ကြောင်းကြားသည်။ နောက်ပိုင်း မသေမျိုးနှစ်ယောက် တိုက်ခိုက်ကြသည်။ ထို့နောက် လုယန် သတိလစ်လဲကျသွားသည်ဟု ဆိုသည်။ ထို့ကြောင့် သူချက်ချင်း ပြန်လာခဲ့သည်။

သူယခု ကူးဖြတ်ခြင်းအဆင့်ရောက်နေပြီဖြစ်၍ အရင်က သူ့ကိုတိုက်ခိုက်လိုသည့် လူအတော်များများ လာမရှာကြတော့။ အပြန်ခရီးက ချောမွေ့သည်။

ချုန်းချီခေါင်းဆောင်ကျင်းချွဲ့လည်း သူနှင့်အတူမနေတော့။ နေစွမ်းအင်မီးအိမ်များ ခေတ်စားလာသဖြင့် သူတို့ဝယ်ထားသည့် ဖယောင်းတိုင်များကို လျှော့ဈေးဖြင့်သာ ရောင်းရသည်။ အကြီးအကျယ် အရှုံးပေါ်သည်။

ထိုကိစ္စဖြေရှင်းဖို့ ကျင်းချွဲ့က သူနှင့်အတူမနေနိုင်တော့ဘဲ ချုန်းချီမျိုးနွယ်ဆီ အမြန်ပြန်သွားရသည်။

ဝစီပိတ်ကောင်းကင်ဂိတ်တောင်ထိပ်တစ်ဝက်သို့ ရောက်ချိန်တွင် ရုပ်သွင်ကိုမမြင်ရသေးသောလည်း တောင်ထိပ်တွင် လုယန်၏စွမ်းအင်‌ရောင် လှုပ်ရှားနေသည်ကို အာရုံခံမိသည်။ ထို့ကြောင့် စိတ်သက်သာရာရသွားသည်။

"ရှောင်လု၊ မင်းအဆင်ပြေတာမြင်ရတာ ဝမ်းသာပါတယ်ကွာ"

ဝစီပိတ် တောင်ထိပ်သို့ရောက်လာသည်။ သို့သော် နောက်ထပ်စကားမပြောနိုင်မီ မြန်ဆန်သည့်တိုက်ခိုက်မှုတစ်ခု သူ့ဆီပြေးဝင်လာသဖြင့် အမြန်ရှောင်တိမ်းလိုက်ရသည်။

"ရှောင်ကျိကိုခေါ်သွားတာ ရှင်ပဲ။ ဒါတောင် ရှင်ကမျက်နှာလာပြရဲသေးတယ်ပေါ့"

ဝစီပိတ်ကိုမြင်သည်နှင့် ယွမ်မုန်မုန် ဒေါသမထိန်းနိုင်တော့ဘဲ ချက်ချင်းတိုက်ခိုက်သည်။

ဝစီပိတ်သာ ပေါ်မလာလျှင်၊ ရှောင်ကျိကို အပြင်လောက၏ဆန်းကျယ်မှုများကိုသာ ပြောမပြခဲ့လျှင်၊ လျှို့ဝှက်မြေမှ ရှောင်ကျိထွက်သွားမည်မဟုတ်။ သူနှင့်ရှောင်ကျိ နှစ်ပေါင်းရာချီ ခွဲခဲ့ရမည်မဟုတ်။

မုန်စရာကောင်းသည့်လူ...

ဝစီပိတ် အခြေအနေကို သေချာနားမလည်တော့။ ဘာကြောင့် ကိုယ်မြေပေါ်ပြန်ရောက်မှ အလစ်တိုက်ခိုက်ခံရသည်မသိ။

ကောင်းကင်ဂိတ်တောင်ထိပ်တွင် သူ့ကိုအလစ်တိုက်ခိုက်ရလောက်အောင် ဘယ်သူအတင့်ရဲနေသနည်း...

*********************************

အခန်း (၉၂၇) နောက်ထပ်အဖြွ့ဝင်သစ်

သမိုင်းတလျှောက် မက်မွန်လျှို့ဝှက်မြေမှ ထွက်သွားသူများသည် ဘယ်တော့မှပြန်မလာကြ။ ရှောင်ကျိနှင့်ခွဲရစဉ်က သူဝမ်းနည်းပက်လက်ငိုခဲ့သည်။ ထာဝရနှုတ်ဆက်ရပြီဟု ထင်ခဲ့သည်။

ရှောင်ကျိ လျှို့ဝှက်မြေမှထွက်သွားအောင် လုပ်ခဲ့သူသည် ဤယဲ့ဝမ်လီဖြစ်သည်။

ယွမ်မုန်မုန်ကို ဝစီပိတ် တစ်ခါသာတွေ့ဖူးသည်။ ထိုစဉ်က ယွမ်မုန်မုန် ဆယ်နှစ်ပင်မပြည့်သေး။ ထို့ကြောင့် ငယ်ရုပ်ကို သူရုတ်တရက်မမှတ်မိ။

တွေ့တွေ့ချင်းပြန်ပြောသည့်စကားကို ပြန်စဉ်းစားကြည့်မှ သူနားလည်သွားသည်။

"ဪ...အဲဒီတုန်းက အတင်းငိုနေတဲ့ကောင်မလေးက မင်းပေါ့"

"ဒီစကားမျိုးပြောရဲသေးတယ်ပေါ့"

ယွမ်မုန်မုန် ဒေါသအိုးပေါက်ကွဲသွား ဘာမှထပ်မစဉ်းစားဘဲ ခန္ဓာကိုယ်ဖောက်ခွဲလိုက်သည်။ ဝစီပိတ်အငိုက်မိသွားသည်။

ဘယ်လောက်တိုက်ပွဲအတွေ့အကြုံရှိသည်ဖြစ်စေ ဘယ်သူမှထိုတိုက်ခိုက်မှုမျိုးကို ရှောင်နိုင်မည်မဟုတ်။

ယွမ်မုန်မုန်က နတ်မယ်ထံမှ ပညာအခြေခံလောက်သာ လေ့လာရသေးသည်။ ကောင်းကင်ဂိတ်တောင်ထိပ် အထက်ကောင်းကင်တွင် ပေါက်ကွဲသံများ ဆက်တိုက်ပေါ်လာသည်။

ဝစီပိတ် စွမ်းအင်လှိုင်းကြောင့် ကြိုးပြတ်သည့်စွန်တစ်ခုလို လွင့်ထွက်သွားသည်။

ယွမ်မုန်မုန် ပညာအခြေခံလေ့လာထားသဖြင့် လုယန်နည်းနည်းစိတ်သက်သာရာရသွားသည်။ မဟုတ်လျှင် သူ့ဆရာကို အလစ်တိုက်ခိုက်ဖို့ ခက်ခဲလိမ့်မည်။

"ဆရာက ဒီလိုဖြစ်ဖို့ ဝဋ်ကြွေးပါလာတာပဲ"

လုယန် ဝင်ကူညီဖို့စိတ်ကူးမရှိဘဲ မျက်ကန်းဗေဒင်ဆရာတစ်ယောက်လေသံဖြင့် ရေရွတ်သည်။

ကန်ထန်လည်း သူ့အမြင်ကို ထောက်ခံသည်။

"ဆရာက ကူးဖြတ်ခြင်းအဆင့်ရောက်ပြီလေ။ လူတစ်ချို့နဲ့ အငြှိုးအတေးရှိတာ မဆန်းပါဘူး"

အပြင်လောကတွင် ဂီတတာအိုကိုရှာဖွေသည့်ခရီးက ကန်ထန်အတွက် အကျိုးထူးခဲ့သည်။ သူရောက်ခဲသည့်နေရာမှ အစားအသောက်တစ်မျိုး ဝယ်လာခဲ့သည်။

အစေ့နည်းသည့် ဖရဲသီးဖြူဖြစ်သည်။ အရည်ရွှမ်း၍ ချိုသည်။ ဗျတ်စောင်းကြိုးဖြင့် ဖရဲသီးကို ရှစ်စိတ်ခွဲပြီး သူ့ဆရာတူမောင်လေးကို တစ်စိတ်ပေးသည်။ မောင်နှမနှစ်ယောက် အရသာခံ၍စားကြသည်။

ကောင်းကင်ဂိတ်တောင်ထိပ်မှ ဆူဆူညံညံအသံဗလံများကြောင့် ဂိုဏ်းတပည့်များ လှမ်းကြည့်ကြသည်။ အဆက်မပြတ်လွင့်ထွက်နေသည့် ဝစီပိတ်ကိုလက်ညှိုးထိုးပြီး တစ်ဘက်လူဘယ်သူဖြစ်မည်ကို ခန့်မှန်းကြသည်။

"အံ့ဩစရာပဲ။ ငါတို့တာအိုလမ်းစဉ်ဂိုဏ်းမှာ ဒီလိုစွမ်းအားရှင်မျိုး ရှိသေးတယ်ပေါ့"

ဂိုဏ်းတပည့်များ စိတ်အားတက်ကြွစွာ ဆွေးနွေးနေကြသည်။ အားလုံးက ထိုစွမ်းအားရှင်ကို သိချင်နေသည်။

အကျဉ်းထောင်တောင်ထိပ်မှ ဘိုးဘေးဆရာလား။ ကျမ်းစာတိုက် အကြီးအကဲထောင်ရန်လား။ သူတို့လှုပ်ရှားလျှင်ပင် ထိုမျှစွမ်းအားမပြင်းထန်လောက်။

ထိုစဉ် ယွမ်ကျိအမြန်ပြန်လာသည်။ ယွမ်မုန်မုန် ဒေါသတကြီးခန္ဓာကိုယ်ဖောက်ခွဲနေသည်ကို မြင်ရသည်။ ဝစီပိတ်က ငြိမ်းသေတော့မည့် ဖယောင်းတိုင်မီးလိုဖြစ်နေသည်ကိုကြည့်၍ သူမျက်ခုံးလှုပ်သွားသည်။

"ကဲ ကဲ မုန်မုန် တော်ပါတော့။ ဒီလောက်ဆိုရပါပြီ"

ယွမ်ကျိက သူတို့နှစ်ယောက်ကြားတွင်ရပ်၍ ယွမ်မုန်မုန်ကိုတားသည်။ ဝစီပိတ် ဓားချီအကာအကွယ်ကို သိမ်းလိုက်သည်။

ရှောင်ကျိရောက်လာသဖြင့် ယွမ်မုန်မုန် နှာခေါင်းတစ်ချက်ရှုံ့သည်။ ဆက်မတိုက်ခိုက်တော့။ ဝစီပိတ်လည်း စိတ်သက်သာရာရသွားသည်။ ယွမ်မုန်မုန်ကို သူဘယ်လိုရင်ဆိုင်ရမှန်း သူတကယ်မသိ။

သူပြန်တိုက်ခိုက်လျှင် ကိုယ်ကအမှားလုပ်ထားသူဖြစ်၍ ပြဿနာပိုကြီးသွားမည်။

ပြန်မတိုက်ခိုက်လျှင်လည်း ထိုဖောက်ခွဲမှုမျိုးကို ရေရှည်ခံနိုင်မည်မဟုတ်။

ထိုခဏမှာပင် မိုးခြုန်းသံတစ်ခု ကြားလိုက်ရပြန်သည်။ ယွမ်မုန်မုန်နောက်တစ်ကြိမ် ထပ်ဖောက်ခွဲတော့မလားဟု သူတွေးလိုက်သည်။

သို့သော် ထိုအသံက အဝေးမှလွင့်ပျံလာခြင်းဖြစ်သည်။ သူကောင်းကောင်းရင်းနှီးနေသည်။

"ကောင်းကင်ဆင်းရဲပဲ။ ဘယ်သူကူးဖြတ်ခြင်းအဆင့်ကို တက်မှာလဲ"

ဝစီပိတ် အသံလာရာဆီလှမ်းကြည့်၍ မျက်လုံးမှေးစင်းသွားသည်။ ထိုနေရာသည် သူ့အကိုကြီး ကျင့်စဉ်ဝင်နေသည့် ချောက်နက်နေရာဖြစ်သည်။

"မဟာအကြီးအကဲ အဆင့်တက်တော့မှာပဲ"

လုယန်လည်း သဘောပေါက်သည်။ ခေါင်းတလားများရှိနေသည့် ထိုနေရာကို သူရောက်ခဲ့ဖူးသည်။

တစ်နှစ်ကျော် တံခါးပိတ်ကျင့်ကြံပြီးနောက် မဟာအကြီးအကဲ ကောင်းကင်ဆင်းရဲဖြတ်ကျော်တော့မည်။

တာအိုလမ်းစဉ်ဂိုဏ်းတပည့်များလည်း ချောက်နက်ဆီသို့ အပြေးသွားကြည့်ကြသည်။

လုယန်တို့လည်း အမြန်သွားသည်။

ချောက်နက်၏အထက်ကောင်းကင်က မည်းမှောင်နေသည်။ လျှပ်စီးစွမ်းအင်ဖိအားက ချောက်နက်ပေါ်တွင် ဝဲပျံနေသည်။

ကောင်းကင်လျှပ်စီးက ဝစီပိတ်ရင်ဆိုင်ခဲ့ရသလောက် မပြင်းထန်သော်လည်း တန်းတူနီးပါးရှိသည်။ ကူးဖြတ်ခြင်းတစ်ဝက်အဆင့်ကျင့််ကြံသူ ပီသသည်။

ချောက်နက်အောက်ဘက်မှ ခေါင်းတလား တုန်ခါလာသည်။ ခေါင်းတလားရှေ့တွင်ချထားသည့် မသေမျိုးမက်မွန်သီးလည်း အစေ့သာကျန်တော့သည်။ ရုတ်တရက် ဖြူရော်နေသည့်လက်တစ်ဘက် ခေါင်းတလားထဲမှထွက်လာသည်။

ခေါင်းတလားဖုံးအစွန်းကို ဆုပ်ကိုင်သည်။ လက်ခုံမှသွေးကြောများ ဖောင်းထလာသည်။

ဝုန်းခနဲအသံမြည်လျက် ခေါင်းတလားပွင့်သွားသည်။ မဟာအကြီးအကဲ ချောက်နက်အထက်သို့ ပျံတက်လာပြီး ကောင်းကင်လျှပ်စီးကို ရင်ဆိုင်သည်။ ထိတ်လန့်ဟန်လုံးဝမရှိဘဲ ခေါင်းငိုက်စိုက်ဖြင့် အိပ်မောကျနေသည်။

"မဟာအကြီးအကဲက အိပ်ပျော်နေပုံပဲ။ သူအဆင်ပြေပါ့မလား"

လုယန် စိုးရိမ်တကြီးမေးလိုက်သည်။

"အဆင်ပြေပါတယ်။ ငါ့အကိုက အိပ်မက်တာအိုကို ကျင့်ကြံတာလေ။ အိပ်ပျော်နေတဲ့အချိန်မှာ သူကအားအင်အပြည့်ဆုံးပဲ။ လက်တွေ့လောကထဲကရန်သူတွေက သူ့အိပ်မက်နယ်မြေမှာ ပုံစံအမျိုးမျိုးနဲ့ပေါ်လာတယ်။

ငါ့အကိုက အိပ်မက်ထဲမှာ ရန်သူကိုတိုက်ခိုက်တယ်။ သူရုပ်ခန္ဓာကလည်း အိပ်မက်ထဲကအတိုင်း လှုပ်ရှားတယ်"

ဝစီပိတ်က ရှင်းပြသည်။ မဟာအကြီးအကဲ အိပ်ရင်းလမ်းလျှောက်၍ သူ့ကိုဆုံးမခဲ့သည့်အဖြစ်များကို သူမမေ့သေး။

မဟာအကြီးအကဲ ကောင်းကင်ဆင်းရဲဖြတ်သည့်ကိစ္စက အရေးကြီးသည်။ ဒုတိယအကြီးအကဲ တတိယအကြီးအကဲ...ဆဋ္ဌမအကြီးအကဲပင် ရောက်လာသည်။

ကလေးဘိုးဘေးဆရာနှင့် ထောင်ရန်တို့လည်း ရောက်လာသည်။

"ဘုန်း"

ပထမဆုံးကောင်းကင်လျှပ်စီးက ချောက်နက်အောက်မှ ထွက်လာမည်ဟု ဘယ်သူမှထင်မထားကြ။ ကောင်းကင်မှလျှပ်စီးက ဟန်ပြသာဖြစ်သည်။

မြေပြင်မှလျှပ်စီးက မဟာအကြီးအကဲ၏မျက်နှာဆီ တည့်တည့်ထိုးတက်သွားသည်။ မျက်လုံးပိတ်လျက်သားဖြင့် မဟာအကြီးအကဲ လက်ဝါးဖြင့်ရိုက်ချသည်။ ကောင်းကင်ဆင်းရဲကို ရုပ်ခန္ဓာစွမ်းအားသက်သက်ဖြင့် ရင်ဆိုင်သည်။

မရေမတွက်နိုင်သည့်လျှပ်စီးများက နွယ်ပင်များပမာ အောက်ဘက်မှတက်လာပြီး မဟာအကြီးအကဲကို ထိန်းချုပ်သည်။ မဟာအကြီးအကဲ မာန်သွင်းအော်ဟစ်လိုက်သည်။ သူ့ကြွက်သားများဖောင်းကြွလာသည်။ ဝါဇရကျည်ပွေ့ကိုင်ထားသည့် အရဟတ်ပုံရိပ်ပေါ်လာပြီး လျှပ်စီးထိန်းချုပ်မှုကြားမှ ရုန်းထွက်သည်။

လုယန် ရင်တထိတ်ထိတ်ဖြင့်ကြည့်နေသည်။

သူသေချာမြင်နေရသည်။ မဟာအကြီးအကဲ၏အရေပြားများ ပွင့်ထွက်သွားသည်။ ဒဏ်ရာများက နက်ရှိုင်းပြီး အရိုးများပေါ်လာသည်။ သို့သော် ဘာမှမခံစားရသကဲ့သို့ ဒဏ်ရာကိုမမှုဘဲ ကောင်းကင်လျှပ်စီးကို အတင်းပြန်တိုက်ခိုက်သည်။

"သူအိပ်ပျော်နေတဲ့အချိန်ဆို အဲလိုပါပဲ။ လုံးဝမခုခံဘဲ အတင်းတိုက်ခိုက်တာ။ နာကျင်မှုကိုလည်း မခံစားနိုင်ဘူး"

ဝစီပိတ် ထပ်ရှင်းပြသည်။

မဟာအကြီးအကဲ ဘယ်လိုအိပ်မက်မျိုးမက်နေသည်တော့မသိ။ သူ့မျက်နှာက တင်းမာခက်ထန်နေသည်။ ပန်းချီကားထဲမှ နတ်ဆိုးများကို သုတ်သင်ရှင်းလင်းနေသည့် အရဟတ်တစ်ယောက်နှင့်တူသည်။

"ငါပြောလိုက်မယ်။ ငါဟာ အသန်မာဆုံးဖုတ်ကောင်ပဲ။ အလောင်းနတ်ဆိုးအဆင့်ထိ ကျင့်ကြံထားတာ။ မင်းတို့လို ရုပ်ပျက်ဆင်းပျက်အရိုးစုတွေ ငါထက်ပိုစွမ်းအားမကြီးနိုင်ပါဘူး"

မဟာအကြီးအကဲက ရုတ်တရက် အော်ဟစ်လိုက်သည်။

"ဒီသင်္ချိုင်းဟာ ငါ့နယ်မြေပဲ။ ဘယ်သူမှယူသွားဖို့ စိတ်မကူးနဲ့"

"လက်မခံဘူးလား။ ဒါဆိုရင် လက်သီးနဲ့ပဲ စကားပြောတာပေါ့"

လုယန် "..."

မဟာအကြီးအကဲ၊ ခင်ဗျားဘာအိပ်မက်တွေများ မက်နေတာလဲ...

အဆင့်ကိုးကောင်းကင်လျှပ်စီးကို ရင်ဆိုင်ပြီးချိန်တွင် ချောက်နက်အထက်နှင့်အောက်ဘက်မှ လျှပ်စီးများပျောက်ကွယ်သွားသည်။ လေထဲမှ မဟာအကြီးအကဲပေါ်သို့ နေရောင်အလင်းထိုးကျလာသည်။

ဒဏ်ရာဗရပွနှင့် စစ်နတ်ဘုရားတစ်ယောက်လိုဖြစ်နေသည်။ ထို့နောက် သူ့မျက်လုံးများ ဖြေးညှင်းစွာပွင့်လာသည်။ အလောင်းနတ်ဆိုးအဖြစ် ခံစားခဲ့ရသော်လည်း သူ့မျက်နှာက တည်ကြည်နေသည်။

"အမလေး...နာလိုက်တာကွာ"

နောက်ဆက်တွဲခံစားရသည့် ဝေဒနာကြောင့် အကြီးအကဲ လက်တွေ့အခြေအနေကို ချက်ချင်းသဘောပေါက်သွားသည်။ သူ့ကိုယ်ပေါ်တွင်ကျန်ခဲ့သည့် လျှပ်စီးစွမ်းအင်များက အဆက်မပြတ်ဒဏ်ရာကုပေးနေသည်။

ယခုမှ ကောင်းကင်ဆင်းရဲဖြတ်ကျော်ခဲ့ကြောင်း သူနားလည်လာသည်။

ယခုသူသည် ကူးဖြတ်ခြင်းအဆင့်သို့ ရောက်လာပြီဖြစ်သည်။

"အကိုကြီး၊ ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်"

ဝစီပိတ်က အရင်ဆုံးဂုဏ်ပြုစကားဆိုသည်။ ထို့နောက် လောင်ပါးတို့လူစုလည်း ပျံသန်းရောက်ရှိလာသည်။

တာအိုလမ်းစဉ်ဂိုဏ်းတစ်ခုလုံး ပျော်ရွှင်စရာပတ်ဝန်းကျင်တစ်ခု ဖြစ်လာသည်။ နောက်ထပ်ကူးဖြတ်ခြင်းအဆင့်တစ်ယောက် တိုးလာခြင်းသည် တကယ်ပျော်ရွှင်ထိုက်သည့် အခါသမယပင်ဖြစ်သည်။

"အကိုကြီး၊ ရှောင်ချင်(ချင်ကျိုးနန်)က ဖုတ်ကောင်နဲ့ဂူသင်္ချိုင်းတွေ ဘာကြောင့်သဘောကျခဲ့တာလဲ"

အကြီးအကဲထောင်ရန်က ရှန်ထန်းယိကို ထူးဆန်းသည့်မျက်နှာဖြင့်မေးသည်။ ထိုကိစ္စတွင် ရှန်ထန်းယိစနစ်ပါမည်ဟု သူသံသယဝင်မိသည်။

ရှန်ထန်းယိ ချောင်းချောက်တစ်ချက်ဆိုးသည်။ မဟာအကြီးအကဲငယ်စဉ်က ဖုတ်ကောင်းဇာတ်တလမ်းများဖြင့် သူခြောက်လှန့်ခဲ့သည့်အဖြစ်ကို ထုတ်မပြောချင်။ သူ့လုပ်ရပ်ကြောင့် မဟာအကြီးအကဲက ဖုတ်ကောင်များကိုမကြောက်တော့ဘဲ ပို၍စိတ်ဝင်စားသွားခဲ့သည်။

***************************

All Chapters