အခန်း (၉၂၈-၉၃၀)
Vol. 62 Ch. 928-930
အခန်း (၉၂၈) ဓားတစ်သောင်းဌာနေပြန်၏ ချို့ယွင်းချက်များ
မဟာအကြီးအကဲသည် တာအိုရှင်ဝစီပိတ်ထက်ပို၍ လူခင်လူမင်ပေါ်များသည်။ သူ့အဆင့်တက်ပွဲကို ဂိုဏ်းတစ်ခုလုံး ပျော်ရွှင်စွာအောင်ပွဲခံကြသည်။
သုံးရက်ကြာပြီးနောက် ဂုဏ်ပြုပွဲက မှေးမှိန်သွားသည်။
"ဒါဆို ဒဏ္ဍာရီမွေခံဓားဆိုတာ အဲဒါလား"
ဝစီပိတ်က မွေခံဓားကိုပွတ်သပ်ရင်း လက်ကမချနိုင်အောင်ဖြစ်နေသည်။ သူ့တပည့်သည် တကယ်စွမ်းဆောင်ရည်ကောင်းသည်။ အရင်က ဓားရတနာတိုက်တွင် မွေခံဓား၏အသိအမှတ်ပြုမှုရဖို့ သူကြိုးစားခဲ့ဖူးသည်။ သို့သော် မအောင်မြင်ခဲ့။ ထိုထက်အဆင့်နိမ့်သည့် ဝိညာဉ်ဓားကိုသာ ရခဲ့သည်။
ကိုယ်ပိုင်ကမ္ဘာငယ်တစ်ခုရှိသည့် လုယန်၏ချင်ဖုန်ဓားကိုလည်း သူအလွန်လိုချင်ခဲ့သည်။
သူ့ဝိညာဉ်ဓားသည်လည်း သာမန်ပစ္စည်းမဟုတ်ပါ။ အဆင့်တက်နိုင်သည့် ဝိညာဉ်ဓားမျိုးဖြစ်သည်။ သူ့ကျင့်စဉ်အဆင့်တက်သည်နှင့် ဝိညာဉ်ဓားလည်း စွမ်းအားကြီးလာသည်။ လုံလောက်သည့်အထောက်အပံ့မျိုး ရင်းနှီးလိုက်လျှင် ပထမအဆင့်'မသေမျိုး'ရတနာအဆင့်သို့ ရောက်နိုင်ခြေရှိသည်။
"လျိုနင်ရွှမ်း မသေမျိုးတစ်ဝက်အဆင့်မရောက်ခင်မှာတောင် ဒီဓားက မသေမျိုးဓားအဆင့်ရောက်နေပြီလို့ ပြောကြတယ်။ တကယ်ထူးခြားတာပဲ"
ဝစီပိတ် နောင်တနည်းနည်းရမိသည်။ လျိုနင်ရွှမ်း ဓားမျှော်စင်သေသွားကြောင်း ကြားရသောကြောင့်ဖြစ်သည်။ ဒဏ္ဍာရီဓားသမားနှင့် သူလက်ရည်စမ်းခွင့်မရလိုက်။
သို့သော် ဓားမျှော်စင်အဓိပဓိ ပြန်ရှင်သန်လာပြီဖြစ်၍ သူလက်ရည်စမ်းခွင့်ရနိုင်သည်။
ယခုလောလောဆယ်တော့ မဖြစ်နိုင်သေး။ သူ့ကျင့်စဉ်အဆင့်က မလုံလောက်သေး။ သူ့ဓားအရည်အသွေးကလည်း အဆင့်မမီသေး။ ယခုထက်ပို၍ သူစွမ်းအားကြီးလာဖို့လိုသည်။
"ဓားပြိုင်ပွဲမှာ မင်းက ဓားတစ်သောင်းဌာနေပြန်ပညာကို ထုတ်သုံးခဲ့တယ်လို့ကြားသလားလို့"
"ဟုတ်ပါတယ်"
ဝစီပိတ် လုယန်ကို ကျေနပ်စွာကြည့်သည်။ သူမသင်ရဘဲ လုယန်ထိုပညာတတ်သွားမည်ဟု ထင်မထား။
"လုပ်ပါ၊ ငါ့ကိုတစ်ခါလောက် သရုပ်ပြပါဦး"
လုယန် ဓားနယ်မြေသန္ဓေကို ဖြန့်ကျက်လိုက်သည်။ ထို့နောက် အဆုံးစမဲ့ဓားရိပ်များ မြေပြင်နှင့်ကောင်းကင်တွင် ပေါ်လာသည်။ ငရဲတွင်းတစ်ခုလို ကြောက်စရာကောင်းသည်။
ချင်ဖုန်းဓားအစစ်ကို သူမြှောက်လိုက်သည်။ ထို့နောက် မြေပြင်နှင့်ကောင်းကင်မှ ဓားရိပ်များ ဓားနယ်မြေမှထွက်လာပြီး ချင်ဖုန်းဓားအစစ်နှင့် ပေါင်းစပ်သွားသည်။ ဓားစွမ်းအင်ရောင်က သုံးပေကျော်ထိုးထွက်လာသည်။
"ဓားနယ်မြေသန္ဓေနဲ့ ဓားတစ်သောင်းဌာနေပြန်ပညာလား။ လာပါ၊ ငါ့ကို ဒီဓားနဲ့တိုက်ခိုက်ပါ"
ဝစီပိတ်မျက်လုံးများ တောက်ပလာသည်။ ထိုဓားစွမ်းအားကို ကြုံဖူးချင်သည်။
လုယန်က ချက်ချင်းမာန်သွင်းအော်ဟစ်လိုက်သည်။ ဓားချီများက နဂါးတစ်ကောင်လို ထိုးထွက်လာသည်။ ရုတ်တရက် ချင်ဖုန်းဓားအစစ်အဖြစ်ပြောင်းပြီး ဝစီပိတ်ကိုခုတ်လိုက်သည်။
ဝစီပိတ်က လက်နှစ်ချောင်းကို ခပ်အေးအေးဆန့်ထုတ်ပြီး ချင်ဖုန်းဓားကိုညှပ်ဖမ်းလိုက်သည်။ အရှန်ပြင်းလာသည့်ဓားက ရုတ်တရက်ငြိမ်သွားသည်။ လုံးဝကျမလာတော့။
"ဟုတ်တယ်၊ ဒါက ဓားတစ်သောင်းပညာပါပဲ။ ငါသုံးတာကိုကြည့်ပြီး မင်းသင်ထားတာဖြစ်မယ်။ ဒါပေမယ့်ဒါက ဖြတ်လမ်းနည်းပါ"
လုယန်ရှေ့တွင် ထိုဓားပညာကို သူတစ်ကြိမ်သာသုံးဖူးသည်။ နှလုံးမဲ့ဂိုဏ်းနှင့် တိုက်ခိုက်စဉ်ကဖြစ်သည်။
တစ်ကြိမ်ကြည့်ရုံဖြင့် လုယန်က ထိုပညာကို အပြည့်အဝနားလည်သည်။ ဓားပါရမီတကယ်ထူးခြားလှသည်။
"ဖြတ်လမ်းနည်းလား..."
"ထိုင်ပါ၊ ငါဖြေးဖြေးချင်းရှင်းပြမယ်"
ကောင်းကင်ဂိတ်တောင်ထိပ်တွင် လုယန်နှင့်သူသာရှိသည်။
ယွမ်မုန်မုန်နှင့်ကန်ထန်က ဓားပညာကို စိတ်မဝင်စား။ ကန်ထန်က နေရာကောင်းတစ်ခုရွေး၍ ဗျတ်စောင်းတီးနေသည်။ ယွမ်မုန်မုန်က ဈေးတန်းမှယူလာသည့် စားစရာထုပ်ကိုဖြေ၍ မြစ်ဘေးကျောက်တုံးပေါ်တွင်လှဲပြီး ကန်ထန်၏ဗျတ်စောင်းသံစဉ်ကို နားထောင်နေသည်။
ဈေးတန်းမှ မုန့်ပေါင်းများကို လက်နက်အဖြစ်လည်းသုံးနိုင်သည်။ သို့သော် ယွမ်မုန်မုန်ကလည်း သက်သက်လွတ်သမားမဟုတ်။ ကူးဖြတ်ခြင်းအဆင့်တစ်ယောက်၏ မေးရိုးအင်အားက သာမန်မုန့်ပေါင်းကဲ့သို့ပင် စားနိုင်သည်။
ယွမ်ကျိကလည်း ဓားပညာကို စိတ်မဝင်စားသဖြင့် မြစ်ဘေးသို့သွား၍ ဗျတ်စောင်းသံကို နားထောင်သည်။
......
"မိန်ထိုက်နဲ့တိုက်ပွဲမှာ ဓားချီနဲ့ရင်ဆိုင်ရတဲ့အဆင့်ကို ရောက်သွားတယ်လို့ ငါကြားတယ်။ တိုက်ကွက်တွေအများကြီး ရင်ဆိုင်ကြပြီးတာတောင် အသာစီးမရကြဘူး။ နောက်ဆုံး ဓားတစ်သောင်းဌာနေပြန်တိုက်ကွက်နဲ့မှ မင်းနိုင်သွားတယ်တဲ့။
အဲဒီမှာ ပြဿနာတစ်ခုပေါ်လာတယ်။ မင်းရောမိန်ထိုက်ရော ဓားချီကိုအဆုံးစွန်ထိ ထုတ်သုံးထားကြတယ်။ ဒါပေမယ့် ဖန်တီးထားတဲ့ ဓားချီတွေရဲ့အဆုံးစွန်အင်အားပဲ။ ကိုယ့်အဆုံးစွန်အင်အားမဟုတ်ဘူး။ ကိုယ်ပိုင်အင်အားဆိုရင် တစ်ကြိမ်သုံးပြီးတာနဲ့ စွမ်းအားကုန်သွားမှာ။
မင်းရဲ့ ဓားတစ်သောင်းဌာနေပြန်ပညာမှာ ဖန်တီးထားတဲ့ဓားရိပ်တစ်သောင်းကို ချင်ဖုန်းဓားထဲပြန်ဆွဲခေါ်တယ်။ အဲဒီ့အချိန်ကျမှ မင်းရဲ့အဆုံးစွန်ဓားချီအဆင့်ကို ရောက်သွားတာ"
ဝစီပိတ်ပြောသည့် အဓိပ္ပါယ်ကို လုယန်နားလည်သည်။ ဓားတစ်သောင်းဌာနေပြန်ပညာက အမြင့်ဆုံးစွန်းအားအဆင့်သို့ တိုးမြင့်ပေးခြင်းဖြစ်သည်။
ထို့နောက် ဝစီပိတ်လေသံက ချက်ချင်းပြောင်းသွားသည်။
"ဒါပေမယ့် ဒါဟာလည်း ဓားတစ်သောင်းပညာရဲ့ စစ်မှန်တဲ့အနှစ်သာရမဟုတ်သေးဘူး။ ဓားတစ်သောင်းဌာနေပြန်ပညာဆိုတာ ဓားအမျိုးမျိုးရဲ့စွမ်းအားကို တစ်ခုတည်းစုစည်းရတာ။ ဒါမှအကန့်အသတ်ကျော်လွန်တဲ့ ဓားစွမ်းအားကို ထုတ်သုံးနိုင်တာ"
လုယန် ဓားမျှော်စင်အဓိပဓိနှင့် ယင်ထန်တို့တိုက်ပွဲကို ပြန်စဉ်းစားသည်။ ဓားရတနာတိုက်မှ ဝိညာဉ်ဓားအားလုံး အလင်းဓားထဲသို့ ပေါင်းစည်းသွားသည်။ ဝစီပိတ်ရှင်းပြနေသည်က ထိုအချက်ဖြစ်သည်။
"ဓားတစ်သောင်းဌာနေပြန်ပညာရဲ့ စွမ်းအားဆိုတာကို မင်းနားလည်အောင် ဆရာပြောပြမယ်။ ဓားတစ်သောင်းပညာက တစ်ခြားဓားတွေနဲ့ သဟဇာတဖြစ်အောင် အရင်လုပ်ရတယ်။ မင်းတိုက်ပွဲမှာ မင်းထုတ်သုံးတုန်းက ဒီအချက်ကို ကျော်သွားတယ်။ ဒါကြောင့် ဖြတ်လမ်းလို့ပြောတာ။
ဒီတော့ ချင်ဖုန်းဓားကို အဓိကဗဟိုအဖြစ်ထားပြီး တစ်ခြားဓားတွေရဲ့အသံနဲ့ တစ်သားတည်းဖြစ်အောင် ထိန်းညှိရတယ်။ ချင်ဖုန်းဓား စွမ်းအားအမြင့်ဆုံးအခြေအနေကိုရောက်မှ ထိန်းညှိနိုင်ရင် အကောင်းဆုံးပဲ.."
ဝစီပိတ်ပြောသည့်စကားက ရိုးရှင်းသည်။ သို့သော် နတ်မယ်လို တစ်ခြားလူတစ်ယောက်သာဆိုလျှင် နားရှုပ်သွားမည်။ သို့သော် လုယန်က ရှင်းလင်းစွာနားလည်သည်။
သူ့မျက်လုံးများအရောင်တောက်လာသည်။ ဓားတစ်သောင်းပညာ၏ အဓိပ္ပါယ်အစစ်ကို ထပ်ကာထပ်ကာသုံးသပ်နေသည်။
"ကျုပ်စမ်းကြည့်မယ်"
မွေခံဓားနှင့် ခုနစ်စဉ်ကြယ်ဓားစုများကို ဆက်တိုက်ထုတ်လိုက်သည်။ ဝစီပိတ်က ထိုမြင်ကွင်းကိုကြည့်၍ မနာလိုဖြစ်နေသည်။
ခြေခိုင်ခိုင်ရပ်လျက်သည်နှင့် လုယန်အောက်ဘက်မှမြက်ပင်များ ဓားချီရိုက်ခတ်သကဲ့သို့ လှိုင်းတွန့်များပေါ်လာသည်။ မွေခံဓားနှင့် ခုနစ်စဉ်ကြယ်ဓားလည်း အဆက်မပြတ်တုန်ခါနေသည်။ နောက်ဆုံးတွင် သူတို့တုန်ခါနှုန်းက ချင်ဖုန်းဓားနှင့်တူညီလာသည်။ ထို့နောက် တစ်သားတည်းပေါင်းစည်းသွားသည်။
"ယား"
လုယန် ဝစီပိတ်ဆီ ဓားတစ်ချက်ခုတ်လိုက်သည်။ ဓားချီက ရေတံခွန်လို ထိုးကျလာသည်။ ငွေရောင်အလင်းဖြတ်ခနဲလက်သွားပြီး ဝစီပိတ်က လက်နှစ်ချောင်းဖြင့် ထပ်ဖမ်းလိုက်သည်။
"သိပ်ကောင်းတယ်ကွာ"
ဝစီပိတ် တဟားဟားအော်ရယ်နေသည်။ နည်းနည်းသင်ပြရုံဖြင့် ဓားတစ်သောင်းပညာ၏ အနှစ်သာရကို လုယန်နားလည်သွားသည်။
သူ့လက်ကောက်ဝတ်ကို ဖျတ်ခနဲခါလိုက်သည်။ လုယန်နှင့်ချင်ဖုန်းဓား လွင့်ပျံသွားသည်။ သူ့ညာလက်ကို နောက်ပစ်လိုက်ပြီး လက်ညှိုးနှင့်လက်ခလယ်ကို ပွတ်နေသည်။
ဤဓားချက်၏စွမ်းအားက သူထင်ထားသည်ထက် ကျော်လွန်နေသည်။
လုယန် ကျွမ်းနှစ်ပတ်ပစ်ပြီး ကိုယ်ရှိန်သတ်လိုက်သည်။ မွေခံဓားနှင့် ခုနစ်စဉ်ကြယ်ဓားစုက အောက်တွင်ကျနေသည်။
ဝစီပိတ်က အပျော်ရိပ်သန်းနေသည့်မျက်နှာဖြင့် ရှေ့တိုးလာသည်။
"ကောင်းတယ်။ မင်းဇွဲကောင်းကောင်းနဲ့လေ့ကျင့်ရင် ဒီပညာကို တကယ်ကျွမ်းကျင်လာမှာ...ဟ ရှောင်လု"
မြေပေါ်ကျနေသည့် ဓားရှစ်လက်ကိုစိုက်ကြည့်၍ လုယန်အတွေးနစ်နေသည်ကို ဝစီပိတ်သတိထားမိသည်။
ခဏအကြာတွင် လုယန် ပြန်အသိဝင်လာပြီးမေးသည်။
"ဆရာ၊ ဒီပညာကိုသုံးရတာ နည်းနည်းမြင်သာထင်သာမဖြစ်လွန်းဘူးလား"
ဝစီပိတ်ခေါင်းငြိမ့်သည်။ ဓားတစ်သောင်းဌာနေပြန်ပညာသည် တကယ်ခမ်းနားထည်ဝါသည်။ အထူးသဖြင့် ဓားအမျိုးမျိုးကို ထိန်းညှိထားသည့်အချိန်ဖြစ်သည်။
တကယ်ကြည့်ကောင်းသည်။ ထို့ကြောင့်လည်း ဓားကျင့်ကြံသူများ နှစ်သက်ကြခြင်းဖြစ်သည်။
လုယန် ထပ်မေးသည်။
"ဒါပေမယ့် မြင်သာထင်သာဖြစ်လွန်းရင် ရန်သူကလည်း ဒီပညာသုံးတော့မယ်ဆိုတာကြိုသိပြီး တုန့်ပြန်ချိန်ရတဲ့သဘောပဲမဟုတ်လား"
"ဟုတ်တယ်။ ဒီပညာရဲ့ချို့ယွင်းချက်က အဲဒါပဲ"
ရန်သူကို ရှောင်တိမ်းချိန် တန်ပြန်တိုက်ခိုက်ချိန် ပေးထားသလိုဖြစ်နေသည်။
လုယန်စိတ်ထဲ အတွေးတစ်ခုပေါ်လာသည်။
"မွေခံဓားနဲ့ ခုနစ်စဉ်ကြယ်ဓားတွေကို ချင်ဖုန်းဓားရဲ့ ကမ္ဘာငယ်ထဲမှာ ဝှက်ထားလိုက်ရင် ဘယ်လိုနေမလဲ။ ဒီပညာထုတ်သုံးတဲ့အချိန်ကျရင် ဓားကိုးလက်က ဘယ်သူမှမမြင်ရဘဲ ပေါင်းစပ်သွားမယ်လေ။
ဓားဆိုဒီပညာထုတ်သုံးမယ်ဆိုတာ ရန်သူမသိအောင်။ အငိုက်ဖမ်းလို့ရတယ်မဟုတ်လား"
ဝစီပိတ်က ဘာမှပြန်မပြောဘဲ လုယန်ပုခုံးကို အသံတိတ်ပုတ်လိုက်သည်။
"မှတ်ထားပါ။ နောက်ဆို ဒီဓားပညာအကြောင်း တစ်ခြားလူတွေကို မင်းပြောတဲ့အခါ မင်းဆရာငါနဲ့ ဘာမှမဆိုင်ဘဲ ကိုယ့်ဘာသာနားလည်ခဲ့တာလို့ပြောပါ"
****************************
အခန်း (၉၂၉) ဓားပညာလှည့်ကွက်များ
လုယန်နည်းလမ်းကိုကြားပြီးနောက် ဝစီပိတ်စိတ်ထဲ လုယန်က သူ့တပည့်ဘဝမှ လွတ်ကင်းနေပြီးသလို ခံစားလိုက်ရသည်။ သူတတ်ထားသည့် ရှက်စရာတိုက်ခိုက်နည်းများ သင်ပေးနေစရာမလိုတော့။
ကိုယ်နှင့်သင့်တော်သည့် ဉာဏ်နီဉာဏ်နက်များသည့် တိုက်ခိုက်နည်းမျိုးစုံကို သူ့တပည့်က ပြည့်ပြည့်ဝဝပိုနားလည်သည်။ ပို၍လည်း စိတ်ရှင်းရှင်းဖြင့်သုံးနိုင်သည်။
ဆရာထက် တပည့်လက်စောင်းထက်နေသည်မှာ အမှန်ဖြစ်သည်။
ဤဓားပညာကိုသုံးလျှင် လုယန်သည် သူ့တပည့်ဟုတ်ဟုတ် မဟုတ်ဟုတ်ကိစ္စမရှိ။ အပြင်လူများအမြင်တွင် သူ့တပည့်ဟုသာ သတ်မှတ်ကြပေလိမ့်မည်။
အဆင့်မြင့်လိုက်သည့်နည်းလမ်းက တကယ်ထိရောက်သည်ဟု လုယန်ယူဆသည်။ ဓားတစ်သောင်းဌာနေပြန်ပညာ၏ ချို့ယွင်းချက်လည်း ပျောက်သွားသည်။ လူအများရှေ့တွင် ခုနစ်စဉ်ကြယ်ဓားစုကို သုံးမရသည့်ပြဿနာလည်း ဖြေရှင်းပြီးဖြစ်သွားသည်။
အပြင်လူများအမြင်တွင် ခုနစ်စဉ်ကြယ်ဓားစုသည် ဂိုဏ်းသခင်လုပိုင်ဆိုင်သည့်ဓားများဖြစ်သည်။ သူဆိုသည့်လုယန်နှင့် ဘာမှမဆိုင်။
ခုနစ်စဉ်ကြယ်ဓားစုကို ထုတ်သုံးခွင့်မရသဖြင့် သူစိတ်မပျော်ခဲ့။
ယခု ခဲတစ်လုံးဖြင့် ငှက်ပေါင်းများစွာပစ်ခွင့်ရခြင်းဖြစ်သည်။
လုယန် မွေခံဓားနှင့် ခုနစ်စဉ်ကြယ်ဓားစုတို့ကို ချင်ဖုန်းဓားကမ္ဘာငယ်ထဲတွင် ဝှက်လိုက်သည်။ ထို့နောက် ဓားတစ်သောင်းဌာနေပြန်ပညာကို ထပ်သုံးပြန်သည်။
အဆင်ပြေသည်။ အပြင်ပန်းကြည့်လျှင် ဘာမှထူးခြားဟန်မရှိ။ တာအိုရှင်ဝစီပိတ်ပင် ချီးကျူးရသည့်နည်းလမ်းဖြစ်သည်။
ဆရာချီးကျူးမှုရသော်လည်း လုယန်မာနထောင်လွှားခြင်းမရှိဘဲ ထိုပညာကိုပိုကျွမ်းကျင်အောင် အားသွန်ခွန်စိုက်လေ့ကျင့်သည်။ ဝစီပိတ်က ဘေးမှစောင့်ကြည့်၍ ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်နေသည်။ သူ့တပည့်၏စိတ်ဓာတ်က သူငယ်စဉ်ကထက် ပိုကောင်းသည်။
အရင်က ထိုသို့ပြောင်မြောက်သည့်လှည့်ကွက်မျိုး သူသာတွေးမိလျှင် ကိုယ်ဘာသာဆက်ကျင့်ကြံခြင်းထက် တစ်ခြားလူများအပေါ် လှည့်စားသုံးဖို့ အပြင်ထွက်ပြီးဖြစ်မည်။
ခုနစ်ရက် ကုန်လွန်သွားသည်။ ဓားတစ်သောင်းဌာနေပြန်ပညာကို လုယန်ကျွမ်းကျင်လာသည်။ ဓားတစ်ချက်ခုတ်ရုံဖြင့် ဓားတစ်သောင်းပညာလား သာမန်ဓားချက်လား ဝစီပိတ်ပင် မခွဲခြားနိုင်။ တစ်ခြားလူများအတွက်ဆို ပြောစရာပင်မလိုတာ့။
ဤခုနစ်ရက်အတွင်း ယွမ်ကျိ၊ ယွမ်မုန်မုန်နှင့် ကန်ထန်တို့ လာကြည့်လိုက် ပြန်သွားလိုက်လုပ်ကြသည်။ ယွမ်မုန်မုန်က ခဏထိုင်၍ပင် လုယန်ကျင့်ကြံသည်ကို ကြည့်နေသေးသည်။ သို့သော် ငြီးငွေ့လာသဖြင့် ဗျတ်စောင်းသံစဉ်ကိုသာ ပြန်သွားနားထောင်သည်။
အစားအသောက်ကောင်းများ ဂီတသံစဉ်များကြောင့် ယွမ်မုန်မုန် ဇိမ်ကျနေသည်။ သူ့ဇာတိမြေထက်ပင် ပိုသက်တောင့်သက်သာရှိသည်။
"ဒီလိုမှန်းသာသိခဲ့ရင် ငါလည်းအစောကြီးကတည်းက ရှောင်ကျိနဲ့အတူ လျှို့ဝှက်မြေကနေ ထွက်ခဲ့ပါတယ်"
ယွမ်မုန်မုန်ကက တေးသွားအတိုင်း စိတ်အားထက်သန်စွာ ရေရွတ်သည်။ သူ့အသံက သာယာနာပျော်ဖွယ်ရှိသည်။ တေးသွားနှင့်လည်း လိုက်ဖက်သဖြင့် ကန်ထန်ပင် သဘောကျသွားသည်။
"နင်သီချင်းဆိုတာ သင်ထားလား"
"မသင်ထားပါဘူး။ အပျော်ပဲဆိုတာပါ"
ကန်ထန် ပို၍အံ့အားသင့်သွားသည်။ ဤအချက်သည် ပါရမီသက်သက်ကြောင့်ဖြစ်မှန်း နားလည်သည်။
"အတူဆိုကြမလား။ ငါက သံစဉ်ကိုတီးမယ်။ နင်ကဆိုပေါ့"
ဂီတတီးခတ်ရင်း သီးချင်းအတူဆိုလျှင် သူ့ဂီတတာအိုလမ်းစဉ်အတွက် များစွာအကျိုးရှိသည်။ ယခုမှ တွဲဖက်တစ်ယောက်ကို တွေ့ရခြင်းဖြစ်သည်။
"ကောင်းပြီလေ"
ယွမ်မုန်မုန်ကလည်း ပျော်ရွှင်စွာလက်ခံသည်။
.......
အဆင့်မြင့်ဓားပညာလေ့ကျင့်မှု ပြီးဆုံးပြီးနောက် ချင်ဖုန်းဓားကို ကျေနပ်စွာသိမ်းလိုက်သည်။ သူ့ဆရာကိုနှုတ်ဆက်၍ မုန်ကျင်းကျိုးကို သွားတွေ့သည်။
"လောင်မုန်၊ အထဲမှာရှိလား။ ထွက်ခဲ့ကွာ။ နည်းနည်းလေ့ကျင့်ရအောင်"
မုန်ကျင်းကျိုးလှိုဏ်ဂူတံခါးဝသို့တန်းသွား၍ အော်ခေါ်သည်။
လောင်မာက တံခါးဝတွင် စောင့်ကြပ်နေသည်။ ကာကွယ်သူဆိုသည့်တာဝန်ကို အရေးမစိုက်ဘဲ လုယန်ကို အော်ခေါ်ခွင့်ပြုထားသည်။
နေစွမ်းအင်တိုးလာသည်နှင့် နေလှန်းထားသည့်မြက်ချောက်များ အရင်ထက်ပိုစားကောင်းလာသည်။ အခုရက်ပိုင်းအတွင်း မြက်လှမ်းရင်း သူအလုပ်များနေသည်။
ကာကွယ်သူအလုပ်ထက် မြက်ခြောက်ပုံများကိုကြည့်ရသည်ကို သူပိုစိတ်ကျေနပ်နေသည်။
"မင်းဘာတွေစွတ်အော်နေတာလဲကွ"
မုန်ကျင်းကျိုးက ရေခဲစည်ထဲမှထွက်လာစဖြစ်၍ တစ်ကိုယ်လုံးစိုရွှဲနေသည်။ လှုပ်ရှားနေသည့်စိတ်နှလုံးကို ရေခဲရေဖြင့် တည်ငြိမ်အောင်ထိန်းနေရခြင်းဖြစ်သည်။
"ပညာအသစ်နည်းနည်းလေ့လာထားတယ်။ မင်းနဲ့လေ့ကျင့်ချင်လို့ပါ"
လုယန်မျက်နှာက ပြုံးရွှင်နေသည်။
"ဪ အခုမင်းက တကယ်တိုက်ခိုက်နိုင်တယ်လို့ ယုံကြည်ချက်ရှိနေပုံပဲ"
မုန်ကျင်းကျိုး စိတ်ဝင်စားသွားသည်။ ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ခါလိုက်သည်။ ယန်ချီများကို ထိန်းချုပ်မထားတော့။ ကြောက်စရာယန်စွမ်းအင်များကြောင့် သူ့အဝတ်အစားနှင့်ဆံပင်များ ချက်ချင်းချောက်သွေ့သွားသည်။
မဟာဘိုးဘေးလက်အောက်တွင် တစ်နှစ်ကျော်လေ့လာခဲ့သည်။ နေစွမ်းအင်လည်း တိုးလာသည်။ သူ့ဝိညာဉ်မြစ်လည်း ပိုအားကောင်းလာသည်။ သူ့စွမ်းအားလည်း အဆများစွာတိုးတက်လာသည်။ လုယန်ကို သူလုံးဝမကြောက်။
"မင်းဘာလေ့လာထားတာလဲ"
မုန်ကျင်းကျိုးက လုယန်ကို မျက်လုံးစွေကြည့်၍မေးသည်။ ထိုသကောင့်သား သိပ်ရိုးပုံမပေါ်။
"ဓားပညာလေး နည်းနည်းပါးပါးပါ"
လုယန်က အလိုက်သင့်ပြန်ဖြေသည်။
မုန်ကျင်းကျိုးစကားကို သူမယုံကြည်သလို သူ့ကိုလည်း မုန်ကျင်းကျိုးက မယုံကြည်။
တိုက်ပွဲစတော့မည်ကိုသိသဖြင့် လောင်မာက မြက်ခြောက်များကိုသွားစုပြီး နေရာရှင်းပေးသည်။
လုယန်နှင့်မုန်ကျင်းကျိုး မြက်ပြင်ပေါ်တွင် ရပ်နေသည်။ လေပြေလှိုင်းများက မြက်ပြင်ကို ဖြတ်သန်းတိုက်ခတ်လာသည်။ သူတို့ဝတ်ရုံစများ တဖျတ်ဖျတ်လှုပ်ခါနေသည်။
မုန်ကျင်းကျိုး မာန်သွင်းအော်ဟစ်လိုက်သည်။ အားကောင်းသည့်ယန်ချီဖြင့် စွမ်းအင်ရောင်တည်ဆောက်သည်။ လက်သီးကို ရှေ့နောက်တစ်ဘက်စီထား၍ အသင့်ပြင်ပြီး လုယန်ကို သတိဖြင့်စောင့်ကြည့်နေသည်။
လုယန်က ခါးမှချင်ဖုန်းဓားကိုဆွဲထုတ်သည်။ ဓားအိမ်နှင့်ပွတ်တိုက်သံ မြည်လာသည်။ ဓားဦးထိပ်ကို မုန်ကျင်းကျိုးဆီ ထိုးချိန်လိုက်သည်။
"မုန်ကျင်းကျိုး၊ ငါ့လိုပါရမီရှင်ကိုတွေ့တာတောင် မင်းဘာလို့ဒူးမထောက်တာလဲ"
မုန်ကျင်းဒေါသထွက်သွားသည်။
"မင်းအဘိုးကိုပဲ ဒူးထောက်..."
သူ့စကားမဆုံးမီ ချက်ချင်းဒူးထောက်ကျသွားသည်။ သူ့မျက်နှာတွင် နားမလည်သည့်အရိပ်များ ပြည့်နေသည်။
မြက်ခြောက်စားနေသည့်လောင်မာပင် အံ့အားသင့်သွားသည်။ လုယန်သုံးလိုက်သည့်ပညာကို သူနားမလည်တော့။
လုယန်က အံ့ဩသွားသည့်မျက်နှာဖြင့်
"ဟေ့ကောင်၊ ငါက နောက်နေတာပါကွ။ မင်းဘာလို့တကယ်ဒူးထောက်လိုက်တာလဲ။ မလိုပါဘူး မလိုပါဘူး"
အတင်းဒူးထောက်ခိုင်းသည်။ ထိုအဖြစ်ကို မုန်ကျင်းကျိုး ကြုံးဖူးသည်။ မသေမျိုးသတ်ဓားစက်ဝန်း၏ အစွမ်းဖြစ်သည်။
သို့သော် လုယန်ဘယ်အချိန်က ဓားစက်ဝန်းပညာကို သုံးလိုက်မှန်း သူမသိ။
"ဘယ်လိုလဲ။ ငါဘယ်လိုလုပ်လိုက်လဲဆိုတာ မခန့်မှန်းနိုင်တော့ဘူးလား"
တွေးမရဖြစ်နေသည့် မုန်ကျင်းကျိုးမျက်နှာကိုကြည့်၍ လုယန်အတော်ကျေန်ပနေသည်။
မုန်ကျင်းကျိုး ရိုးသားစွာခေါင်းငြိမ့်သည်။ လုယန်အဖြေကို သူကြားချင်သည်။
"တကယ်တော့ ရိုးရိုးလေးပါကွာ။ ငါ့ချင်ဖုန်းဓားထဲမှာ ကမ္ဘာငယ်တစ်ခုရှိတယ်လေ။ အဲဒီ့ထဲမှာ မသေမျိုးသတ်ဓားစက်ဝန်းပညာကို ထုတ်သုံးလိုက်တယ်။ ပြီးတော့ ဓားတစ်သောင်းဌာနေပြန်ပညာကို အသက်သွင်းတယ်။ ဒီတော့ ငါ့ဓားနဲ့ထိုးချိန်ခံရတဲ့သူမှန်သမျှ ဒူးထောက်ရမှာပဲလေ"
မုန်ကျင်းကျိုး "..."
ဒါကိုမင်းက ဓားပညာလို့ ခေါ်တယ်ပေါ့...
လုယန် မသေမျိုးသတ်ဓားပညာသုံးလာမည်ကို သူကြိုတွက်ထားခဲ့သည်။ သို့သော် ထိုဓားပညာ ထိုမျှအဆင့်မြင့်လာမည်ဟု မထင်ခဲ့။
ထိုပညာမျိုးကို ဘယ်သူကာကွယ်နိုင်မည်နည်း။
လုယန် မသေမျိုးသတ်ဓားစက်ဝန်းပညာကို ပြန်ရုတ်သိမ်း၍ မုန်ကျင်းကျိုးကို ထရပ်ခွင့်ပေးလိုက်သည်။
"လာပါ၊ အခု အတည်တိုက်ကြစို့"
အောင်ပွဲလက်မှတ် ကြိုရထားသကဲ့သို့ လုယန်ရယ်မောနေသည်။ မုန်ကျင်းကျိုး အံတင်းတင်းကြိတ်နေသည်။
"ဒါကိုမြည်းကြည့်လိုက်စမ်း။ ထိုးဖောက်ဓားကွက်"
လုယန် အော်ဟစ်ကြုံးဝါး၍ ချင်ဖုန်းဓားကို ရှေ့သို့ထိုးလိုက်သည်။ ဓားဦးကလေထုကို လျှပ်စီးလိုဖြတ်သွားသည်။
မုန်ကျင်းကျိုး အေးစက်စက်လှောင်ပြုံးပြုံးသည်။ လုယန်သုံးသည့် ထိုးဖောက်ဓားကွက်ကို သူသိပြီးဖြစ်သည်။ သူ့ကိုတကယ်အထင်သေးနေခြင်းဖြစ်သည်။
ဓားချက်ကိုထိပ်တိုက်ရင်ဆိုင်ရန် ပြင်သည်။ သို့သော် ရုတ်တရက် တစ်ခုခုမူမမှန်သလို ခံစားရသဖြင့် ဘေးသိုချက်ချင်းခုန်ရှောင်လိုက်သည်။
သူရပ်နေခဲ့သည့်နေရာတွင် အက်ကြောင်းတစ်ခုပေါ်လာသည်။
ထိုစွမ်းအားသည် ထိုးဖောက်ဓားချက်စွမ်းအားမဖြစ်နိုင်။
မုန်ကျင်းကျိုး ချက်ချင်းတွေးမိလာသည်။ လုယန်က မသေမျိုးသတ်ဓားစက်ဝန်းကို လျှို့ဝှက်ထုတ်သုံးနိုင်သည်ဟု ပြောခဲ့သည်။ မသေမျိုးသတ်ဓားစက်ဝန်းကိုသုံးပြီးလျှင် ဓားတစ်သောင်းဌာနေပြန်ပညာကိုသုံးသည်ဟု ပြောခဲ့သည်။
သို့ဆိုလျှင် ဓားတစ်သောင်းဌာနေပြန်တစ်မျိုးတည်းသုံးလျှင်လည်း မဖြစ်နိုင်စရာမရှိ။
ယခုဓားချက်သည့် ထိုးဖောက်ဓားကွက်ပုံစံဟု ထင်ရသည်။ သို့သော်အမှန်တော့ ဓားတစ်သောင်းဌာနေပြန်ပညာသာဖြစ်သည်။
မုန်ကျင်းကျိုးနောက်ဘက်တွင် ရှေးဟောင်းစွမ်းအင်ရောင်တောက်ပနေသည့် ဗုဒ္ဓအရိပ်တစ်ခုပေါ်လာသည်။ လက်ကိုကွေး၍ သူ့ကိုကာကွယ်ပေးသည်။
ချင်ဖုန်းဓားက ရှေးဟောင်းဗုဒ္ဓလက်နှင့် တိုက်မိသည်။ ဗုဒ္ဓလက်ကို ထိုးဖောက်လုနည်းပါးဖြစ်သွားသည်။
"ဓမ္မခန္ဓာစွမ်းအားလား"
လုယန် တအံ့တဩရေရွတ်မိသည်။
မုန်ကျန်းဇီနှင့်အတူ လေ့လာနေချိန်တွင် ဓမ္မခန္ဓာပုံရိပ်အသုံးချနည်းကို တတ်မြောက်ခဲ့ဟန်တူသည်။
လုယန် နောက်တစ်ကြိမ်ဓားချက်ထုတ်သည်။ ဗုဒ္ဓလက်ကို နောက်တစ်ကြိမ်ထပ်ထိသည်။ သို့သော် ဤတစ်ကြိမ်တွင် ချင်ဖုန်းဓားက ဗုဒ္ဓလက်ကို မထိုးဖောက်နိုင်။ သာမန်ဓားချက်သာဖြစ်သည်။
မုန်ကျင်းကျိုးက ဗုဒ္ဓလက်ကို ရုတ်သိမ်းရန်ပြင်နေစဉ် လုယန်က နောက်ထပ်ဓားတစ်ချက်ထပ်ထိုးသည်။ ထိုဓားချက်က ဗုဒ္ဓလက်ဝါးကို ထိုးဖောက်မတတ်ဖြစ်သွားပြန်သည်။ မုန်ကျင်းကျိုးလန့်သွားသည်။ တစ်ခြားပညာများ ထုတ်မသုံးရဲတော့။
ဓားတစ်သောင်းဌာနေပြန်စွမ်းအားဖြစ်သည်။
မုန်ကျင်းကျိုး ချွေးပြန်လာသည်။ လုယန်၏ဗျူဟာကို သူရေးတေးတေးနားလည်လာသည်။
ဌာနေပြန်ဓားချက်နှင့် သာမန်ဓားချက်ကြား ဘာမှကွာခြားသလိုဖြစ်နေသည်။ ဓားချက်အလေးအပေါ့ကို ခန့်မှန်း၍မရ။
ဘယ်ဓားချက်ဖြင့်တိုက်ခိုက်မည်ကို ခန့်မှန်းမရသဖြင့် တစ်ချက်ပေါ့ဆသည်နှင့် ရှုံးသွားမည်။ ထို့ကြောင့် ဗုဒ္ဓလက်ဝါးဖြင့်သာ ဆက်ကာကွယ်နေရသည်။
လုယန် ဓားချက်ဆက်တိုက်ထုတ်သည်။ သာမန်ဓားချက်များကြားတွင် ဌာနေပြန်ဓားချက်တစ်ချို့ ညှပ်သုံးသည်။
ဓမ္မခန္ဓာပုံရိပ်ကို မုန်ကျင်းကျိုး အမြဲထိန်းမထားနိုင်သဖြင့် နောက်ဆုံးတွင် ဗုဒ္ဓလက်ပျက်စီးသွားပြီး အရှုံးပေးလိုက်ရသည်။
"ကဲပါ ကဲပါ မင်းနိုင်ပါတယ်"
မုန်ကျင်းကျိုး လုယန်ကို မကျေမနပ်ကြည့်သည်။
"ဒီလောက်အောက်တန်းကျတဲ့ လှည့်ကွက်မျိုးကို မင်းဘယ်ကသင်လာတာလဲ"
သူသာမဟုတ်။ ဝိညာဉ်ပြောင်းအခြေခံအဆင့်တွင် ဘယ်သူမှ ထိုဗျူဟာမျိုးကို ယှဉ်နိုင်မည်မဟုတ်။
လုယန်က အင်္ကျီကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ဆွဲဆန့်လျက် အလေးအနက်ပြောသည်။
"ငါ့ဆရာကပြောတယ်။ ဒီဓားပညာဟာ သူနဲ့ဘာမှမဆိုင်ဘဲ ငါ့ဘာသာနားလည်ထားတဲ့ပညာလို့ ပြောရမယ်တဲ့"
*****************************
အခန်း (၉၃၀) အရိုင်းမျိုးနွယ်၏ စွမ်းအားအကြီးဆုံးဘိုးဘေး
ပုံမှန်အတိုင်းတွေးလျှင် ထိုမျှအောက်တန်းကျသည့် လှည့်ကွက်က်မျိုးကို ဝစီပိတ်သင်ပေးသည်ဆိုသည်မှာ မဆန်းလှ။ သို့သော် လုယန်က အမှန်တရားအားလုံးကို ပြောနေခြင်းမဟုတ်ဟု မုန်ကျင်းကျိုးယူဆသည်။
"ဂိုဏ်းချုပ်က ဒီလိုတကယ်ပြောတာလား"
လုယန်စကားကို သူမယုံကြည်။
သံသယဝင်ခံရသဖြင့် လုယန် မကျေမနပ်ဖြစ်သွားသည်။ သူပြောခဲ့သည့်စကားက တကယ်အမှန်ဖြစ်သည်။
"ငါမင်းကိုလိမ်တယ်ဆိုရင် ကောင်းကင်ဆင်းရဲဖြတ်တဲ့အခါ လျှပ်စီးချက်တွေ ပိုခံရပါစေကွာ"
ပထမဆင့်ချန်ကောင်းကင်လျှပ်စီးကိုဖြတ်၍ ဝိညာဉ်ပြောင်းအဆင့်သို့ သူရောက်ခဲ့ပြီဖြစ်သည်။ ဝိညာဉ်ပြောင်းအဆင့်တွင်ကြုံရမည့် ကောင်းကင်စမ်းသပ်ချက်များက ခက်ခက်ခဲခဲမဟုတ်နိုင်တော့။
မုန်ကျင်းကျိုးက မျက်လုံးထောင့်ကပ်ကြည့်၍ စကားပြန်ပြောရန်ပြင်သည်။ ထိုစဉ် သူ့မျက်စိရှေ့မှ လုယန်ရုတ်တရက်ပျောက်သွားသဖြင့် သူအတော်လန့်သွားသည်။
"ဘယ်ရောက်သွားတာလဲ။ သူတကယ်ကောင်းကင်ပြစ်ဒဏ်ထိသွားတာများလား"
...
မဟာရှားနိုင်ငံတွင်းမှ လူသူကင်းဝေးသည့်တောင်တန်းတစ်ခုတွင် လူသုံးယောက် အပြင်းအထန်တိုက်ခိုက်နေသည်။ တောင်တန်းများတုန်ခါနေသည်။ ကောင်းကင်တွင် စွမ်းအင်လှိုင်းများပြည့်နေသည်။
"ဘုန်း"
အားနည်းသည့်လူနှစ်ယောက်က လွင့်ထွက်သွားပြီး တောင်းတန်းနှင့်ရိုက်မိ၍ တောင်နံရံတွင် ဖောက်ဝင်သွားသည်။
"အမလန်ထန်၊ အဆင်ပြေရဲ့လား"
အရိုးရိုင်း မျက်နှာရှုံ့မဲ့၍ တောင်နံရံချိုင့်ခွက်ထဲမှ ထွက်လာပြီး စိုးရိမ်တကြီးမေးသည်။ သူ့အရေပြားနှင့် အသားများက သိပ်အန္တရာယ်မရှိ။ သို့သော် လန်ထန်က သူနှင့်မတူနိုင်။
ဖဲကြိုးစရစ်ပတ်ထားသည့် လန်ထန်လည်း တောင်နံရံနောက်တစ်နေရာမှ ထွက်လာသည်။ သူ့ဖဲကြိုးစက တိုက်ခိုက်သည့်အားအများစုကို စုပ်ယူခဲ့သည်။ သူ့ဒဏ်ရာများလည်း သိပ်မပြင်းထန်လှ။
"မျိုးဆက်သစ်နှစ်ယောက်၊ မင်းတို့ ဝိညာဉ်ပြောင်းအဆင့်ရောက်ရုံနဲ့ စုစည်းခြင်းအခြေခံအဆင့်ကလူကို တိုက်နိုင်မယ်ထင်နေလား"
တစ်ဘက်လူက စုစည်းခြင်းအခြေခံအဆင့်စွမ်းအင်ရောင်ကို ထုတ်လွှတ်၍ သူတို့ကို ခပ်တင်းတင်းကြည့်နေသည်။
အရိုးရိုင်းနှင့် လန်ထင်တို့ စုစည်းခြင်းအခြေခံအဆင့်တစ်ယောက်နှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ဖူးခြင်းဖြစ်သည်။ သူတို့တိုက်ခိုက်စွမ်းအားကလည်း စုစည်းခြင်းအခြေခံဆင့်ကို စိန်ခေါ်ဖို့ အရည်ချင်းမီသည်။
သို့သော် တစ်ဘက်လူက 'စည်းမျဉ်း'စွမ်းအား မသုံးမှသာ ရနိုင်မည်။
အစပိုင်းတွင် သူတို့နှစ်ယောက် အတူပူးပေါင်းတိုက်ခိုက်၍ အသာစီးယူနိုင်ခဲ့သည်။ သို့သော် ပြိုင်ဘက်က စည်းမျဉ်းစွမ်းအားသုံးသည်နှင့် တိုက်ပွဲအခြေအနေက ပြောင်းပြန်ဖြစ်သွားသည်။ သူတို့နှစ်ယောက်လုံး အခက်ကြုံလာသည်။
"ငါတို့ သူ့ကိုမနိုင်လောက်ဘူး။ ဘယ်လိုလုပ်ကြမလဲ"
ဝိညာဉ်ပြောင်းအဆင့်တက်ပြီးနောက် အရိုးရိုင်းက မစ်ရှင်ခန်းမသို့သွား၍ မစ်ရှင်တစ်ခုရွေးလိုက်သည်။ နှလုံးမဲ့ဂိုဏ်းအကြောင်း သဲလွန်စရထားသည့်ကိစ္စဖြစ်သည်။ မစ်ရှင်ညွှန်းထားသည့် နေရာသို့ရောက်ချိန်တွင် လန်ထင်နှင့်သူတွေ့သည်။ လန်ထင်လည်း ထိုကိစ္စလာစုံစမ်းခြင်းဖြစ်သည်။
နှစ်ယောက်အတူပူးပေါင်း၍ ခြေရာခံကြသည်။ နှလုံးမဲ့ဂိုဏ်းသဲလွန်စများ တကယ်တွေ့ခဲ့သည်။ ထို့နောက် အခုသူတို့ရင်ဆိုင်နေရသည့် နှလုံးမဲ့ဂိုဏ်းအကြီးအကဲနှင့် တွေ့သည်။
သို့သော် ထိုအကြီးအကဲကို သူတို့နိုင်ခြေမရှိ။
နှလုံးမဲ့ဂိုဏ်းအကြီးအကဲက အခုသူတို့ရှေ့တွင် ရှိနေသည်။ သူတို့ထွက်ပြေးလျှင် ထိုအကြီးအကဲကို နောက်ထပ်ရှာတွေ့ဖို့ ခက်ခဲသွားမည်။
"တိုက်ခိုက်ကြတာပေါ့"
လန်ထင် အံတင်းတင်းကြိတ်လိုက်သည်။
အရိုးရိုင်းစိတ်ဓာတ်ကလည်း ပြတ်သားသည်။ တိုက်ခိုက်မည်ဆိုလျှင် တိုက်ခိုက်ရုံရှိသည်။ လန်ထင်ကို သိစိတ်အာရုံမှ သူလှမ်းပြောသည်။
"ဒီလူကို ခဏအာရုံလွှဲထားပါ အမလန်ထင်။ ကျုပ်ရဲ့မူလဝိညာဉ်နဲ့ စွမ်းအားအကြီးဆုံး အရိုင်းဘိုးဘေးကို ဆင့်ခေါ်နိုင်တဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ အဲလိုဆို အခြေအနေပြောင်းသွားနိုင်တယ်"
"ကောင်းပြီလေ"
အရိုးရိုင်းကို ယုံကြည်လိုက်ပြီး လန်ထင်ရှေ့တက်သွားသည်။
"သေမှာကိုမသိတဲ့ အရူးမျိုးဆက်လေးတွေပဲ"
နှလုံးမဲ့ဂိုဏ်းအကြီးအကဲက ဦးခေါင်းခွံငယ်များဖြင့် ဖန်တီးထားသည်ံ အရိုးဓားကိုကိုင်ထားသည်။ ထိုဓားလွှဲယမ်းလိုက်တိုင်း သရဲညည်းသံများ ပေါ်ထွက်လာည်။ တကယ့်ကြောက်စရာဝိညာဉ်ဖြစ်သည်။
နှလုံးမဲ့ဂိုဏ်းအကြီးအကဲကို လန်ထင် ထိပ်တိုက်ရင်မဆိုင်ရဲ။ အပြာရောင်ဖဲကြိုးစက တလူလူလွင့်နေသည်။ အပျော့ဖြင့် အမာကိုတိုက်ခိုက်သည်။ ဖဲကြိုးစက အကြီးအကဲလက်မောင်းကို ရစ်ပတ်သွားသည်။ ဓားလမ်းကြောင်းကိုလွှဲသည်။
လန်ထင်၏လှုပ်ရှားမှုများက ပေါ့ပါးသွက်လက်သည်။ လနန်းတော်တွင်ကနေသည့် နတ်သမီးတစ်ယောက်နှင့်တူသည်။ နှလုံးမဲ့ဂိုဏ်းအကြီးအကဲ၏ တိုက်ခိုက်မှုများမထိအောင် တားဆီးနိုင်သည်။
"ဒီနေရာမှာ ငါစည်းမျဉ်းသတ်မှတ်တယ် - အရိုးဓားက အားလုံးကိုဖြတ်တောက်နိုင်စေ"
ထူးဆန်းသည့် စွမ်းအားတစ်မျိုး အရိုးဓားမျက်နှာပြင်ပေါ်တွင် ဖုံးအုပ်သွားသည်။ လန်ထင်အားကိုးနေသည့် ဖဲကြိုးစက အစိတ်စိတ်အမွှာမွှာကြေမွသွားသည်။ ဖဲကြိုးစအနှောက်အယှက်မရှိတော့သည်နှင့် အကြီးအကဲက လန်ထင်ကို အသာစီးရသွားသည်။
အရိုးရိုင်းက မူလဝိညာဉ်ကိုထုတ်သည်။ လက်နှစ်ဘက်ကို ခပ်ကြမ်းကြမ်းပွတ်၍ မန္တာန်ရေရွတ်သည်။ ဝိညာဉ်ပြောင်းအဆင့်သို့ ရောက်ပြီးနောက် နတ်ဝိညာဉ်အဆင့်တွင် ကြုံရာဘိုးဘေးဆင့်ခေါ်ရသည့် ပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်။
"မသေမျိုးများ၏ ကောင်းချီးဖြင့် ကျုပ်တို့အရိုင်းဘိုးဘေးတွေထဲက စွမ်းအားအကြီးဆုံးဘိုးဘေးကို ကျုပ်အရိုးရိုင်း လေးလေးစားစားဖိတ်ခေါ်ပါတယ်"
သူ့မူလဝိညာဉ် အသွင်ပြောင်းသွားသည်။ တောက်ပသည့် နို့နှစ်ရောင်အလင်းတန်းတစ်ခု ထိုးကျလာသည်။ စွမ်းအားကြီးသည့် ဝိညာဉ်တစ်ခု ကောင်းကင်မှဆင်းလာပြီး အရိုးရိုင်း၏ မူလဝိညာဉ်နှင့် ပေါင်းစပ်သွားသည်။
အရိုင်းဘိုးဘေးက အထက်ကောင်းကင်ဆီ စူးစူးရဲရဲမော့ကြည့်ပြီး နှလုံးမဲ့ဂိုဏ်းအကြီးအကဲရှေ့သို့ ချက်ချင်းရောက်သွားသည်။
"ချွင်"
အရိုင်းဘိုးဘေးက သူ့လက်ထဲမှဓားဖြင့် အရိုးဓားကိုကာလိုက်သည်။
လန်ထင်က သူ့ကိုကယ်တင်လိုက်သည့် အရိုင်းဘိုးဘေးကို မယုံနိုင်ဟန်ဖြင့်ကြည့်နေသည်။
"အကိုလုယန်၊ အကိုဘယ်တုန်းက အရိုင်းဘိုးဘေးဖြစ်သွားတာလဲ"
အရိုးရိုင်းလည်း အံ့အားသင့်နေသည်။ သူ့မူလဝိညာဉ်က ဘာကြောင့်ရုတ်တရက်ကြီး လုယန်အသွင်သို့ ပြောင်းသွားသည်မသိ။
"ဘာရယ်"
လုယန်ကိုယ်တိုင်လည်း အူကြောင်ကြောင်ဖြစ်နေသည်။ သူက မုန်ကျင်းကျိုးနှင့် စကားနာထိုးရင်း အလုပ်များနေခဲ့သည်။ ဘာကြောင့်မျက်တောင်တစ်ခတ်အတွင်း ဤနေရာသို့ ရောက်လာသည်မသိ။
သူရောက်လာသည်နှင့် လန်ထင်အသက်ဘေးကြုံနေသည်ကို မြင်ရသည်။ ထို့ကြောင့် မတတ်သာတော့ဘဲ အရင်ဝင်တိုက်ခိုက်ရသည်။
"ဒီကိစ္စ လောလောဆယ်ထားလိုက်ဦး။ ဟိုလူက ဘယ်သူလဲ"
ပြိုင်ဘက်ထံမှ လူသတ်ရိပ်ကို သူအာရုံခံမိသည်။ မိတ်ဆွေချင်း ဓားရေးလေ့ကျင့်သည့်သဘော မဖြစ်နိုင်။
"နှလုံးမဲ့ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပါ"
"ဒါဆို သူ့ကိုအရင်ရှင်းကြစို့။ ကျန်တာတွေ နောက်မှဆွေးနွေးမယ်"
စည်းမျဉ်းစွမ်းအားဖြင့် အားဖြည့်ထားသည့် အရိုးဓားက အလွန်တရာထက်မြက်သည်။ ဘယ်အရာမဆို ဖြတ်တောက်နိုင်ပါသည်။
သို့သော် ချင်ဖုန်းဓားကိုတော့ မယှဉ်နိုင်။
ချင်ဖုန်းဓားသည် မသေမျိုးဓားတစ်လက်ဖြစ်သည်။ စုစည်းခြင်းအဆင့်တစ်ယောက် စည်းမျဉ်းစွမ်းအားဖြင့် ဖျက်ဆီးနိုင်သည့်အရာမဟုတ်။
"သေလိုက်စမ်း"
လုယန်မျက်လုံးတွင်လည်း လူသတ်ရိပ်ပေါ်လာသည်။ နှလုံးမဲ့ဂိုဏ်းသားကို ဘာမှညှာနေစရာမလို။ ဝိညာဉ်ကျန်လျှင်လုံလောက်သည်။
"ငါ့ဓားကိုမြည်းကြည့်"
လုယန်၏ဓားချက်ကို နှလုံးမဲ့ဂိုဏ်းအကြီးအကဲက မခိုးမခန့်ပြုံးကြည့်နေသည်။ ဘာမှထူးခြားသည့် ဓားကွက်မဟုတ်။ ထိုဓားပညာလောက်ဖြင့် သူ့ကိုလာတိုက်ခိုက်ရဲသည်။
"ဖျောင်း"
သို့သော် ထိုဓားချက်က သူ့အရိုးဓားကို နှစ်ပိုင်းဖြတ်လိုက်သည်။ စွမ်းအားက လျော့မသွားပဲ သူ့ကိုထိသည်။
သူ့ဘယ်ပုခုံးမှ ညာဘက်ခါးထိ ဓားဒဏ်ရာကြီး ပေါ်လာသည်။ သွေးများအဆက်မပြတ်ထွက်နေသည်။
လုယန်လည်း အံ့ဩသွားသည်။ ဤဓားချက်စွမ်းအားက သူထင်ထားသည်ထက် များစွာသာလွန်နေသည်။
သူဤနေရာသို့ရောက်လာကတည်းက ပြင်ပစွမ်းအားတစ်ခုတိုးလာသည်ကို သူခံစားမိသည်။ သူစွမ်းအားအမြင့်ဆုံးအတိုင်းအတာထက်ပင် လေးငါးဆသာလွန်နေသည်။
အခြေအနေအပြောင်းအလဲကြောင့် နှလုံးမဲ့ဂိုဏ်းအကြီးအကဲ လုံးဝအငိုက်မိသွားသည်။ စည်းမျဉ်းစွမ်းအားဖြင့် ဒဏ်ရာကုသရန်ကြိုးစားသည်။
သို့သော် မသေမျိုးတိုက်ပွဲများအပါအဝင် အဆင့်မြင့်တိုက်ပွဲများစွာ လက်တွေ့ကြုံဖူးထားသည့် လုယန်က သူ့အတွေးကိုရိပ်မိသည်။ အခွင့်အရေးလုံးဝမပေး။
နောက်တစ်ကြိမ် ဓားချက်ထုတ်လွှတ်သည်။ နှလုံးမဲ့ဂိုဏ်းအကြီးအကဲ ထိတ်လန့်သွားသည်။ စည်းမျဉ်းစွမ်းအားသုံးချိန်မရတော့။ သူ့ကိုယ်ပိုင်စွမ်းအားဖြင့် အမြန်ခုခံရသည်။
သို့သော် ဤဓားချက်က ဘာမှမထူးခြားသည့် သာမန်ဓားချက်သာဖြစ်နေသည်။
အဆင်ပြေပြီဟု တွေးနေချိန်မှာပင် လုယန်က သူ့မျက်နှာကို ရသာသုံးမျိုးမီးတောက် မှုတ်ထုတ်လိုက်သည်။
"အား"
မီးတောက်စစ်က သူ့မျက်နှာကို အဆက်မပြတ်လောင်ကျွမ်းနေသည်။ ဝေဒနာကြောင့် မချိတင်ကဲအော်ဟစ်၍ သူ့စွမ်းအားတစ်ချို့ကို မီးတောက်စစ်ထိန်းချုပ်ဖို့ သုံးလိုက်ရသည်။
လုယန် ဓားဖြင့်ဆက်ခုတ်သည်။ ရိုးရှင်းသည့် ဓားချက်များထဲတွင် ဓားတစ်သောင်းဌာနေပြန်ဓားချက်ကို လျှို့ဝှက်သုံးသည်။ နှလုံးမဲ့ဂိုဏ်းအကြီးအကဲ အငိုက်ဖမ်းတိုက်ခိုက်သည်။
"သွေးကောင်းကင်ကလဲ့စား"
နှလုံးမဲ့ဂိုဏ်းအကြီးအကဲ သံရှည်ဆွဲ၍ အော်ဟစ်လိုက်သည်။ အဆုံးမဲ့သွေးပင်လယ်တစ်ခု သူ့နောက်ဘက်တွင် ပေါ်လာသည်။ မရေမတွက်နိုင်သည့် ရုပ်ပျက်ဆင်းပျက်သရဲဝိညာဉ်များ ပြည့်နေသည်။ သွေးပင်လယ်တွင် ညည်းတွားနေသည်။ လက်ပေါင်းများစွာ ဆန့်ထွက်လာပြီး လုယန်ကိုဆွဲခေါ်ဖို့ ကြိုးစားသည်။
လုယန်က နှလုံးမဲ့ဂိုဏ်းအကြီးအကဲကို ချင်ဖုန်းဓားဖြင့်ချိန်ရွယ်ပြီး ခပ်တင်းတင်းအော်ငေါက်လိုက်သည်။
"ဒူးထောက်စမ်း"
နှလုံးမဲ့ဂိုဏ်းအကြီးအကဲ လုံးဝမခုခံနိုင်ဘဲ ဒူးထောက်ကျသွားသည်။ သူ့နောက်ဘက်မှ သွေးပင်လယ်လည်း ပျောက်ကွယ်သွားသည်။
"ဝှစ်"
အလွန်တရာမြန်ဆန်သည့် ဓားအလင်းတစ်ခု ဖြတ်သန်းသွားပြန်သည်။ နှလုံးမဲ့ဂိုဏ်းအကြီးအကဲ၏လည်ပင်းတွင် သွေးမျဉ်းကြောင်းလေးတစ်ခု ပေါ်လာသည်။
သွေးများစီးကျလာသည်။ ဦးခေါင်းပြတ်ကျ၍ မြေပေါ်တွင်လိမ့်လာပြီး လုယန်ခြေရင်းတွင် ရပ်သွားသည်။
လုယန် ချင်ဖုန်းဓားကိုပြန်သိမ်းပြီး အရိုးရိုင်းနှင့် လန်ထင်ဆီလှမ်းကြည့်သည်။
"ကဲ..ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ရှင်းပြပါဦး"
*********************************