← Chapters

အတိတ်ဆီမှလူတစ်ယောက်

Vol. 6 Ch. 572

အတိတ်ဆီမှလူတစ်ယောက်

Vol. 6 Ch. 572

ဗုဒ္ဓကျမ်းစာ ရွတ်ဖတ်သံ တိုးတိုးထဲတွင် စကြဝဠာ တစ်ခုလုံး ပါဝင်နေသည့်အလား ထင်မှတ်ရလေသည်။ စေတီတော် ထက်တွင် သက်တန့်ကွေးတစ်ခု ပေါ်လာလေသည်။ စေတီတော်မှ ရောင်ခြည်တော်များ ဖြာထွက်နေပြီး အလွန်မှ သပ္ပာယ်လွန်းလေသည်။ ထိုနေရာမျိုးတွင် ကိုယ်ကျင့်သီလနှင့် ပြည့်စုံသည့် ဘုန်းတော်ကြီးများသာ နေထိုင်နိုင်မည် ဖြစ်လေသည်။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်က သွေးနီရောင် ပင်လယ်ထဲသို့ ဆန်းလျန် ကျရောက် လာခဲ့လေသည်။ ထိုအချိန် တုန်းကပင်လယ်ထဲတွင် ပျောက်ဆုံးနေသည့် ဝိညာဉ်များကို လွတ်မြောက် စေသည့် ရောင်ခြည်တစ်ခု ပေါ်ထွက်လာခဲ့ ဖူးသည်ကို သူသတိရမိသည်။ ထိုရောင်ခြည်ကိုပင် အသုံးပြုကာ ဆန်းလျန်သည် သွေးနီရောင် ပင်လယ်ထဲမှ လွတ်မြောက်ပြီး လူပြန်ဝင်စားနိုင်ခဲ့ခြင်း ဖြစ်လေသည်။

ဆန်းလျန်သည် ရွှေရောင် အလင်းတန်းများကို မျှော်ကြည့် နေမိလေသည်။ ထိုရွှေရောင် အလင်းတန်းများကို မြင်သူတိုင်းလည်း သူကဲ့သို့ပင် ခံစားကြရမည် ဖြစ်လေသည်။

သို့သော် ဆန်းလျန်သည် ရွှေရောင် အလင်းတန်းများကို မျှော်ကြည့် နေသည့်တိုင် သူ့ခြေထောက်များ ကတော့ တစ်ချက်မှ ရွေ့လျားခြင်း မရှိပေ။

“မင်းက ကျုပ်ကိုမတွေ့ချင်ဘူးလား”

ထိုအသံသည် ဆန်းလျန်၏ စိတ်အာရုံတွင်သာ ထင်ဟပ်လာခြင်း ဖြစ်ပြီး အခြားသော ပြင်ပကမ္ဘာတွင် ကြားရဟန် မရှိပါ။

ဆန်းလျန်၏ စိတ်အာရုံထဲတွင် ဘုန်းတော်ကြီး တစ်ပါး၏ ပုံရိပ်ထင်ဟပ် လာလေသည်။ ထိုဘုန်းတော်ကြီးမှာ ငယ်ရွယ်ပြီး အလွန်မှ ကြည်ညိုဖွယ်ရာ ကောင်းလေသည်။ ပေါင်ယွဲ့ ဆရာတော်ကြီး ထက်ပင် အနည်းငယ်ပိုပြီး ကြည်ညိုဖွယ်ရာ ကောင်းနေသေးသည်။

ဘုန်းတော်ကြီး၏ ပုံရိပ်ဆန်းလျန်၏ စိတ်အာရုံတွင် ပေါ်လာခင်းမှာ ရိုးရှင်းခြင်းမရှိပါ။ ထိုဆရာတော်သည့် ဗုဒ္ဓဘာသာ ကျောင်းတော်များ၏ “အတွေးပြောင်းလဲခြင်း” တန်ခိုးစွမ်းအားကို အသုံးပြုထားခြင်း ဖြစ်လေသည်။

ဆန်းလျန်သည် ချက်ချင်းပင် သူ၏စိတ်ထဲတွင် လင်ပေါင်ထျန်းကျွင်း၏ ပုံရိပ်ကို မြင်ယောင် လိုက်လေသည်။

ထိုအခါ ဘုန်းတော်ကြီး၏ ပုံရိပ်သည် ချက်ချင်း ထွက်ခွာသွားပြီး ဆန်းလျန်က အတွေး အာရုံထဲတွင်ပင် ဓားတစ်လက် ဖန်ဆင်းကာ ဘုန်းတော်ကြီးကို ထိုးစိုက် ချလိုက်လေသည်။ ထိုခဏ အတွင်းမှာပင် ဘုန်းတော်ကြီး၏ ပုံရိပ်သည် သဲလွန်စမကျန် ပျောက်ကွယ် သွားလေတော့သည်။

လေပြင်းများ တိုက်ခတ်လာပြီး စေတီတော်ဆီမှ ခေါင်းလောင်းသံများ ထွက်ပေါ် နေလေသည်။ စေတီတော်တည်ရှိရာ တောင်ထိပ်တွင် မုန်တိုင်း တိုက်ခတ်နေဟန် ရှိလေသည်။ ဆန်းလျန်၏နားထဲတွင် ဘုန်းတော်ကြီးများ စုဝေးပြီး တရားစာ ရွတ်ဖတ်သံများကို ကြားနေရလေသည်။ ထိုတရားစာ ရွတ်ဖတ်သံ များကြောင့် ဆန်းလျန်၏ စိတ်နှလုံးထဲတွင် ပုံဖော်ထားသည့် လင်ပေါင်ထျန်းကျွင်း၏ ပုံရိပ်သည် ပျောက်ကွယ် သွားရလေသည်။

လင်ပေါင်ထျန်းကျွင်းသည် အလွန်မြင့်မြတ်သည့် ဖြစ်တည်မှု တစ်ခု ဖြစ်လေသည်။ ဆန်းလျန်သည် လင်ပေါင်ထျန်းကျွင်းကို အာရုံစူးစိုက် လိုက်သည်နှင့် ထိုက်ယီထျန်းရှန်း အဆင့်နတ်ဘုရား တစ်ပါး (သို့မဟုတ်) မဟာစကြဗောဓိသကျ တစ်ပါးအလား တန်ခိုးစွမ်းအားများ မြင့်မားလာလေ့ ရှိလေသည်။

ဆန်းလျန်ကပြုံးလိုက်ရင်း…

“ဒီနေ့တော့ နေ့ကောင်းရက်မြတ် မဟုတ်သေးဘူး၊ နောက်တစ်ခါမှပဲ တပည့်တော် လာလည်ပါ့မယ်”

တာ့ကြွယ် ကျောင်းတော်မှ သူ့ကိုပေးခဲ့သည့် မဟာယာန ကျမ်းစာသည် ထိုဘုန်းတော်ကြီးကို ထွက်ပေါ်လာစေသည့် အကြောင်းရင်းပင် ဖြစ်လေသည်။

ဆန်းလျန်သည် မည်သည့်နေရာတွင်မဆို ဆန်းလျန်ပင် ဖြစ်လေသည်။

သူက မဟာစကြာ ဗောဓိသကျ တစ်ပါးပါး (သို့မဟုတ်) မည်သည့် တန်ခိုးရှင်များမဆို သူ့ကို လွှမ်းမိုးချုပ်ကိုင်ရန် ကြိုးစားသည်ကို လိုလားသူ မဟုတ်ပါ။ သူ၏ကံကြမ္မာကို သူကပင် ဆုံးဖြတ်ချင်သူ ဖြစ်လေသည်။

စကားပြောပြီးသည်နှင့် ဆန်းလျန်သည် ချက်ချင်းပင် ထွက်ခွာ သွားလေသည်။

သို့သော် သူမည်သို့ပင် ထွက်ခွာပါစေ ရွှေရောင်အလင်းတန်းများနှင့် လေထဲတွင် ပျံသန်းနေသည့် တောင်ကြီးသည် သူနှင့်အနည်းဆုံး သုံးပေအကွာတွင်သာ ရှိနေလေသည်။

“ပင်လယ်ရေက အကန့်အသတ်မဲ့တယ်၊ ကမ်းခြေကတော့ မင်းရှေ့မှာရှိနေတယ်၊ မင်း ခေါင်းမမာချင် စမ်းပါနဲ့”

ဘုန်းတော်ကြီး၏ အသံကို ကြားလိုက်ရလေသည်။

ဆန်းလျန်သည် မည်မျှပင်ကြိုစားပါစေ ထိုနေရာမှ မလွတ်မြောက်နိုင်ဖြစ်နေရလေသည်။

ဆန်းလျန်သည် သူ့ကိုယ်သူ ရယ်ချင်စိတ်ပေါက်သွားမိလေသည်။

တာ့ရှားဧကရာဇ်သာ သူ ယခုကဲ့သို့ ထောင်ချောက် မိနေသည်ကိုသိလျှင် သူ့နောက်သို့ လိုက်မလာမိသည်ကို ဝမ်းမြောက်ဝမ်းသာဖြစ်နေမည် ဖြစ်လေသည်။

သို့သော် ဆန်းလျန်က ရယ်ချင်စိတ်ပေါက် သွားမိသည့်တိုင် မရယ်မောခဲ့ပါ။

“လူတစ်ယောက်ဟာ လွတ်မြောက်ဖို့ ကြိုးစားလေ မလွတ်မြောက် နိုင်လေပါပဲ၊ ဆရာတော်က ရှေ့မှာ ကမ်းခြေရှိနေတယ်လို့ ပြောတယ်၊ ဒါပေမဲ့ ကျုပ်ရှေ့မှာ တကယ်ရှိနေတာ ကမ်းခြေမဟုတ်ခဲ့ဘူး၊ ဒီတော့ ကျုပ်ကဘယ်ကိုသွား ရမှာလဲ”

“သိပ်ကောင်းတယ်၊ မင်းက ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး တော်တော်နားလည် ထားတဲ့သူပဲ၊ ဒါကို ကြည့်ခြင်းအားဖြင့် မင်းက ဗုဒ္ဓနဲ့ရေစက်ပါသူ တစ်ယောက်ပဲ၊ ဒါကြောင့် ကျုပ်ကမင်းကို မသွားခိုင်းတာပဲ”

ဆရာတော်၏ စကားသံက ငြင်းနိုင်စရာ မရှိပေ။

သို့သော် ဆန်းလျန်ဆိုသည်က ဆရာတော်ကို သူကိုယ်တိုင် တွေ့ချင်လျှင် တစ်လောကလုံးက တားဆီးနေသည့်တိုင် သွားတွေ့မှာဖြစ်ပြီး သူက မတွေ့ချင်ဘူး ဆိုလျှင်လည်း လုံး၀ တွေ့ဆုံလိမ့်မည် မဟုတ်ပါ။

ဆန်းလျန်သည် သူ၏ စိတ်အာရုံများ မပျံ့လွင့်စေရန် ထိန်းချုပ် ထားလေသည်။

သူသည် ရှေ့သို့ မသွားလိုပါက ထွက်ပြေးရန် လိုအပ်သည်။ သို့သော် ဘုန်းတော်ကြီး၏ တန်ခိုးစွမ်းအား များသည် တာ့ယိ၏ဇနီးဖြစ်သူ ဟန်အယ်၏ နဂါးငွေ့တန်း တန်ခိုးစွမ်းအားနှင့် အလွန်ဆင်တူ လေသည်။ သို့သော် ဟန်အယ် လောက်တော့ ပြီးပြည့်စုံခြင်း မရှိပေ။

ထို့ကြောင့် ဆန်းလျန်သည် ထိုတန်ခိုးစွမ်းအားကို ကျော်လွှားနိုင်ရန် နည်းလမ်း ရှာနေ ရလေသည်။

ဆန်းလျန် ကျင့်ကြံထားသည့် ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်သည် လောကတွင် အမြင့်ဆုံးကျင့်စဉ် တစ်ခုဖြစ်ပြီး သာမန် နတ်ဘုရားများ အနေဖြင့် ဆန်းလျန်ကို မည်သို့မှ ယှဉ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူက ထိုက်ရွှီးနည်းဗျူ ဟာကျင့်စဉ်ကို အသုံးပြုကာ ဘုန်းတော်ကြီး၏ တန်ခိုး စွမ်းအားများထဲမှ အားနည်းချက်ကို ရှာဖွေ လိုက်လေသည်။

ထိုအချိန်တွင်…

သွေးနီရောင် ပင်လယ်အထက်တွင် သွေးရောင်ကဲ့သို့ နီရဲနေသည့် တိမ်တိုက်တစ်ခု ပေါ်လာ လေသည်။

ထိုတိမ်တိုက်ထက်တွင် လူ (၁၂) ယောက် ရပ်နေကြလေသည်။ ထိုလူဆယ့်နှစ်ယောက်ထဲမှ တစ်ယောက်သည် ကြာပွတ်တစ်ခုကို လက်တွင် ကိုင်ထားပြီး သူ၏ပတ်လည်တွင် တာအိုတရား အငွေ့အသက်များက လှည့်ပတ် နေလေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုသူသည် အခြားလူ (၁၁)ယောက်ထက် သာလွန်သူ တစ်ယောက်ဖြစ်သည် မှာ ထင်ရှားနေလေသည်။

ထိုကြာပွတ်ကိုင်ထားသူသည် ဓားကိုင်ထားခြင်း မရှိပါ။ အခြားသူ (၁၁)ယောက်ကတော့ ဓားများကို ကိုင်ထားကြပြီး သူတို့ဆီမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်နေလေသည်။ သွေးနီရောင် ပင်လယ်ထဲမှ အလွန်ဒေါသ ပြင်းထန်ပြီး အငြိုးအတေး ကြီးမားသည့် ဝိညာဉ် တစ်ကောင်သည်ပင်လျှင် ထိုသွေးနီရောင် တိမ်တိုက် အနားသို့ ကပ်ရဲလိမ့်မည် မဟုတ်ပေ။

တိမ်တိုက်ထက်မှ ကြာပွတ် ကိုင်ထားသူသည် ပင်လယ်ကမ်းခြေကို ကြည့်လိုက်သည့် အခါတွင်တော့ ဆန်းလျန်ကို တွေ့မြင် သွားလေသည်။

ထိုအခါ…

ထိုသူမှာ အလွန်စိတ် လှုပ်ရှားသွားဟန် ရှိလေသည်။

“ဂိုဏ်းတူညီလေး ချန်ကျန့်မေ ပြောတာမှန်တယ်၊ ဂိုဏ်းတူညီလေး ဆန်းလျန် ဒီကို ရောက်နေတာပဲ”

ထိုသူ၏နောက်မှ ဓားသမား (၁၁)ယောက်မှာ ပုံသဏ္ဌာန် အမျိုးမျိုး ရှိသည့်တိုင် ကျင့်ကြံသည့် ဓားသိုင်းပညာသည် တစ်ခုတည်း ဖြစ်ပုံရလေသည်။ အဘယ်ကြောင့် ဆိုသော် သူတို့ (၁၁) ယောက်လုံးတွင် တန်ခိုးစွမ်းအားများက ဆက်စပ် နေသောကြောင့် ဖြစ်လေသည်။

သူတို့ထဲမှ တစ်ယောက်ကပြောလိုက်သည်။

“ဆရာဦးလေး… ဂိုဏ်းချုပ်က ဒီလောက် တန်ခိုးစွမ်းအား မြင့်မားတာ၊ ဘာလု့ ကျွန်တော်တို့ ဒီမှာ ရှိနေတာကို မရိပ်မိရတာလဲ”

“အင်း… ကြည့်ရတာ၊ ဂိုဏ်းတူညီလေး ဆန်းလျန် ဒုက္ခရောက်နေပုံပဲ၊ သွေးနီရောင် ပင်လယ်ထဲမှာ ဂိုဏ်းတူညီလေး ဆန်းလျန်ကို ဒုက္ခရောက်အောင် လုပ်နိုင်တာဆိုလို့ ဟိုဘုန်းတော်ကြီးပဲ ဖြစ်ရမယ်၊ ဂိုဏ်းတူတူလေးရေ… ခုတော့ မင်းရဲ့ဆရာ ကျုပ်ကို ဘာလို့ ဒီနေရာကို လွှတ်လိုက်ရသလဲ ဆိုတာ သဘောပေါက်သွားပြီ၊ သူက အခုလို ဖြစ်လာမယ် ဆိုတာကြိုပြီး သိထားပုံရတယ်၊ လာကြ လာကြ …. ဂိုဏ်းတူညီလေး ဆန်းလျန်ကို ကူညီဖို့ အစီအရင်စပြီး လုပ်ကြရအောင်…”

တာအိုဆရာက အေးဆေး တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။

ထို့နောက် တာအိုဆရာက ကြာပွတ်ကို တစ်ချက်လွှဲလိုက်ရာ ဓားသမား (၁၁)ယောက်သည် ပုံစံတကျ နေရာယူလိုက် ကြလေသည်။ ထိုအခါ သတ်ဖြတ်လိုသည့် အငွေ့အသက်များ မြင့်တက်လာပြီး သွေးနီရောင် တိမ်တိုက်မှာ ပြိုကွဲသွားပြီး ဓားပုံသဏ္ဌာန် တိမ်တိုက်တစ်ခု ဖြစ်ပေါ် သွားလေသည်။

ဓားပုံသဏ္ဌာန် တိမ်တိုက်သည် သိပ်သည်းသွားပြီး ဓားအလင်းရောင် (၁၁) ခု ပျံသန်း ထွက်ပေါ်လာကာ လေထဲတွင် ပေါင်းစပ် သွားလေသည်။

ခေါင်းဆောင် ဖြစ်သူ တာအိုဆရာက ကြာပွတ်ကို တစ်ချက်လွှဲလိုက်ပြီး ဂါထာတစ်ပုဒ်ကို ရွတ်ဖတ်လိုက်လေသည်။ ထို့နောက် ဆန်းလျန်ရှိရာသို့ ဦးတည်ပြီး ဓားဝိညာဉ် (၁၁)ခု ပေါင်းစပ်ထားသည့် ဓားဝိညာဉ် ပေါင်းစည်းမှုဖြင့် ဆန်းလျန်ရှိရာ နေရာဆီသို့ ထိုးစိုက် ချလိုက်လေသည်။

ထိုအချိန်တွင် ရွှေရောင်နဂါးကြီး တစ်ကောင် ထွက်ပေါ်လာပြီး ဓားဝိညာဉ် ပေါင်းစည်းမှုကို ကိုက်ချ လိုက်လေသည်။

တာအိုဆရာက နှုတ်ခေါင်းတစ်ချက် ရှုံ့လိုက်ရင်း…

“ဒါ ဟိုဘုန်းတော်ကြီးရဲ့ တာ့ဝေ့ကောင်းကင်နဂါးပဲ…”

ထို့နောက် တာအိုဆရာက ကြာပွတ်ကို လေထဲသို့ တစ်ချက် ရိုက်ချလိုက်လေသည်။ ထိုအခါ ဓားဝိညာဉ် ပေါင်းစည်း မှုသည် ရွှေနဂါးကြီးကို တစ်ပတ်ပတ် လိုက်ပြီး ချည်နှောင်ထား လိုက်လေသည်။

ထို့နောက် ဓားဝိညာဉ်ပေါင်းစည်းမှုသည် နဂါးကြီးကို ကျော်လွန်ပြီး ဆန်းလျန်ရှိရာသို့ ရောက်ရှိ သွားတော့သည်။

ရွှေရောင်အလင်းတန်းများ ပြိုကွဲသွားပြီး ဆန်းလျန်သည် ကောင်းကင်ထက်သို့ မော့ကြည့် လိုက်လေသည်။

သူ၏စိတ်ထဲတွင် အလွန်ရင်းနှီးနေသည့် ဓားဝိညာဉ်တန်ခိုး စွမ်းအားတစ်ခုကို ခံစားလိုက်ရပြီး ဓားပုံသဏ္ဌာန် မိုးတိမ်ထက်တွင် မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် အံ့သြခြင်းမက အံ့သြ သွားရလေတော့သည်။

***

All Chapters