ဒုတိယအကြိမ် နှုတ်ဆက်ခြင်း
Vol. 36 Ch. 355
ဤအချိန်အခိုက်အတန့်တွင် စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုသည်ယုံမှားသံသယဖြစ်ဖွယ် မရှိအောင်ပင် ဝမ်းသာပျော်ရွှင်နေခဲ့သည်။
ဤသည်မှာ ဘေးဒုက္ခတစ်ခုမှ အသက်ရှင် လွတ်မြောက်လာခြင်းကြောင့် စိတ်သက်သာရာရမှု ဖြစ်ပြီး စစ်ပွဲကို အနိုင်ရလိုက်ခြင်းကြောင့် ပို၍ပျော်ရွှင်သော အံ့အားသင့်မှုတစ်ခုပင်။
ကျုံးချင် ထွက်ပေါ်မလာမီက သူတို့သည် မျိုးနွယ်စု မျိုးတုံးပျောက်ကွယ်သွားမည့် အခြေအနေအတွက်ပင် သူတို့ကိုယ်သူတို့ ပြင်ဆင်ထားခဲ့ကြ၏။
မမျှော်လင့်ထားသောအရာက ဤမျှ ရုတ်တရက်ဆန်စွာ ရောက်လာလိမ့်မည်ဟု မည်သူက တွေးထင်ထားမည်နည်း။
ထို့ပြင် အောင်ပွဲက ဤမျှထိ လွယ်လင့်တကူ ရောက်လာခဲ့သလော...
အချိန်တခဏအတွင်းတွင် အောင်ပွဲခံနေသော အော်ဟစ်သံများက မိုးကောင်းကင်ယံတွင် တစ်လှိုင်းပြီးတစ်လှိုင်း ပဲ့တင်ထပ်နေခဲ့သည်။
ထိုအသံက သေဆုံးခြင်း၏ ဝမ်းနည်းပူဆွေးမှုကို လျော့ပါးသွားစေပြီး စစ်ပွဲ၏ အရိပ်အယောင်များကို များစွာဖယ်ရှားပေးနိုင်ခဲ့သည်။
ကျုံးချင်က သုညစည်းတံဆိပ်ကို သိမ်းဆည်းလိုက်ပြီး လှေဦးသို့ ပြန်သွားခဲ့၏။
သူက သူတို့အတွက်လည်း ဝမ်းသာနေခဲ့သည်။
ကျုံးချင်၏ပုံရိပ် ဆင်းသက်လာသည်နှင့်အမျှ....
စိတ်ဝိညာဥ်လင်းပိုင်သားရဲများ တစ်ကောင်ပြီး တစ်ကောင် သူ့ကို ဝိုင်းရံလာကြသည်။
သူတို့ကို ဦးဆောင်လာသူမှာ တခြားသူ မဟုတ်ဘဲ စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စု၏မင်းသမီးလေးပင်။
ယနေ့တွင် စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စု မင်းသမီးလေးသည် ကောင်းကင်ပြာရောင် သံချပ်ကာတစ်စုံကို ဝတ်ဆင်ထားပြီး ခြောက်ပေရှည်သော ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားပေ၏။
သူမထံမှ ဖော်ပြ၍ မရနိုင်သော သူရဲကောင်းဆန်ပြီး ရဲရင့်သော အရှိန်အဝါတစ်ရပ် ထွက်ပေါ်နေခဲ့သည်။
သူမ၏ တန်ဖိုးကြီး ရတနာများအလား မျက်လုံးဝိုင်းကြီးများသည် စကားပြောနေပုံရပြီး ကျုံးချင်ထံသို့ ဦးတည်နေသော ထိုမျက်လုံးများထဲရှိ အကြည့်တွင် ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
လှေပေါ်တွင် စိတ်ဝိညာဉ်လင်းပိုင် မင်းသမီးလေးက တည်ကြည်လေးနက်သော အမူအယာဖြင့် ပြောဆိုလိုက်သည်။
"ကျေးဇူးရှင်... အချိန်မီ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုက ထာဝရ ကျေးဇူးတင်နေမှာပါ...တကယ်လို့ အနာဂတ်မှာ ကျေးဇူးရှင်က ကျွန်မတို့ စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုရဲ့ အကူအညီကို လိုအပ်လာရင် ကျေးဇူးရှင်က စကားတစ်ခွန်း ပြောလိုက်တာနဲ့ တောင်တွေ မြစ်တွေ ထောင်ချီပြီး ဖြတ်ကျော်ရမယ်ဆိုရင်တောင် ကျွန်မတို့စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုက ရှင့်ကို ကူညီဖို့ သေချာပေါက် အပြေးလာခဲ့ပါ့မယ်..."
နူးညံ့သော ပင်လယ်လေက လှပသော အမျိုးသမီး၏ အပြာရောင် ဆံပင်ရှည်များကို လူးလွန့်သွားစေခဲ့ပေ၏။
သို့သော် လေက လွင့်စင်မသွားစေနိုင်သည့် အရာမှာ သူမ၏ကျေးဇူးတင်နေသော နှလုံးသားပင်။
ဤကတိစကားမှာ အမှန်တကယ်ကို တည်ကြည်လေးနက်လှသည်။
ထိုကတိစကားက ကျုံးချင်သည် စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စု၏ ခင်မင်ရင်းနှီးမှုကို ရရှိပြီးပြီဖြစ်ကြောင်း ဆိုလိုရုံသာမက...
ကျုံးချင် လိုအပ်သရွေ့ စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုသည် သူ့အတွက် မျိုးနွယ်စုဝင် အားလုံးကိုပင် စုစည်းပေးနိုင်ကြောင်းကိုလည်း ဆိုလိုခြင်းဖြစ်ပေ၏။
ကြင်နာတတ်သော မျိုးနွယ်စုများသည် ကျေးဇူးအနည်းငယ်ကို လက်ခံရရှိပြီးနောက် အဆတစ်ထောင် ပြန်လည်ပေးဆပ်လိုကြသည်။
စိတ်ဝိညာဉ်လင်းပိုင် မင်းသမီးလေး၏ ကတိစကားကို ရင်ဆိုင်ရချိန်တွင်....
ကျုံးချင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး... တရားမျှတအောင် ပြောရရင် မင်းတို့ အားလုံးက ငါ့ကို အရင် ကယ်ခဲ့တာလေ... အခု ငါက ကျေးဇူးဆပ်ရုံ သက်သက်ပါ..."
သို့သော် စိတ်ဝိညာဉ်လင်းပိုင် မင်းသမီးလေးက သဘောမတူခဲ့ချေ။
သူမက ခေါင်းခါယမ်းပြီး ပြောဆိုလိုက်၏။ "ကျေးဇူးရှင်ရဲ့စွမ်းအားနဲ့ဆိုရင် ကျွန်မတို့စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုက စောစောက ထွက်ပေါ်မလာခဲ့ရင်တောင် ရှင် သေချာပေါက် ဘေးကင်းပြီး ကျန်းမာနေမှာပါ... ကျေးဇူးရှင်ရဲ့ ထွက်ပေါ်လာမှုက ကျွန်မတို့ စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုအတွက် ကြီးမားတဲ့ အသက်ကယ် ကျေးဇူးပါပဲ... အဲ့ဒီနှစ်ခုကို ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်လို့ ရမှာလဲ... အခုကစပြီး ကျေးဇူးရှင်က ကျွန်မတို့ စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုရဲ့ ကျေးဇူးရှင် ဖြစ်သလို အရေးအကြီးဆုံး ဂုဏ်သရေရှိ ဧည့်သည်လည်း ဖြစ်တယ်..."
"တကယ်လို့ ကျေးဇူးရှင်က စိတ်မရှိဘူးဆိုရင် ကျွန်မက အိမ်ရှင်တာဝန်တွေကို ကျေပွန်နိုင်အောင် ကျွန်မရဲ့ စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုဆီကို ဧည့်သည်အဖြစ် လာလည်ဖို့ ဆန္ဒရှိမလား..."
သူမ စကားပြောနေစဉ်မှာပင် မျှော်လင့်နေသော အမူအယာဖြင့် ကျုံးချင်ကို ကြည့်လိုက်၏။
တစ်ချိန်တည်းမှာပင် သူမ၏စိတ်နှလုံးသားထဲတွင် ကြီးမားသော လှိုင်းလုံးများ ရိုက်ခတ်နေခဲ့သည်။
စိတဝိညာဉ်လင်းပိုင် မင်းသမီးလေးသည် ယခုကဲ့သို့ ဖြစ်လာမည်ဟု လုံးလုံးလျားလျား မမျှော်လင့်ထားခဲ့ချေ။
ထိုအချိန်က သူမ ကြင်နာစွာ 'ကယ်တင်' ခဲ့သော သူက သူမတို့၏စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုကို ဤမျှထိ ကြီးမားသော ဘေးဒုက္ခကြီးမှ ကင်းဝေးစေရန်နှင့် မျိုးနွယ်စု မျိုးတုံးပျောက်ကွယ်သွားမည့် ဘေးဒုက္ခမှ လွတ်မြောက်စေရန် ကူညီပေးလိမ့်မည်ဟု သူမ လုံးလုံးလျားလျား မမျှော်လင့်ထားခဲ့ချေ။
အမှန်တကယ်ပင် ကောင်းမှုသည် ကောင်းကျိုးကို ရရှိပြီး ဆိုးသွမ်းမှုသည် ဆိုးကျိုးကို ရရှိသည်။
စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုသည် ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့ပြီး ကောင်းသော မျိုးစေ့များ စိုက်ပျိုးခဲ့ရာ ယခုအချိန်တွင် သူတို့သည် နောက်ဆုံးတွင် ကောင်းကျိုးကို ရိတ်သိမ်းနိုင်လေပြီ။
စိတ်ဝိညာဉ်လင်းပိုင် မင်းသမီးလေး၏ စိတ်အားထက်သန်သော ဖိတ်ကြားမှုနှင့် စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုဝင်များ၏ မျှော်လင့်ချက်များ ရှိနေသော်လည်း ကျုံးချင်က ငြင်းပယ်လိုက်သည်။
သူက ပြောဆိုလိုက်၏။
"တောင်းပန်ပါတယ်... ငါက အရှေ့ပိုင်းဒေသ ကနေလာပြီးတော့ ဖရိုဖရဲနတ်ဆိုးပင်လယ်ကို ဖြတ်သန်းလာတာပါ... ငါ့ရဲ့ ခရီးဆုံး ပန်းတိုင်က အလယ်ပိုင်းဒေသပဲ... အခု ကောင်းကင်ဘုံချောက်နက်ကို ဖြတ်ကူးဖို့ ရည်ရွယ်ထားတယ်... ငါ အလျင်လိုနေလို့ ထပ်ပြီးအချိန်ဆွဲနေလို့ မရတော့ဘူး..."
စိတ်ဝိညာဉ်လင်းပိုင် မင်းသမီးလေး၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုအချို့ ရောယှက်နေသော စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။
"ကျေးဇူးရှင်က ကောင်းကင်ဘုံချောက်နက်ကို ဖြတ်ကူးချင်တာလား..."
ကောင်းကင်ဘုံချောက်နက်ဆိုသည်မှာ မည်ကဲ့သို့ နေရာမျိုး ဖြစ်သနည်း....
ထိုနေရာကို ဖရိုဖရဲနတ်ဆိုးပင်လယ်၏ တားမြစ်နယ်မြေအဖြစ် လူသိများသည်။
ထိုနေရာ၌ အသက်ရှင်ရန် အခွင့်အရေး တစ်ခုသာ ရှိပြီး သေဆုံးရန်အခွင့်အရေးကိုးခု ရှိသော အလွန်အမင်းအန္တရာယ်များသည့် နေရာတစ်ခုပင်။
မရေမတွက်နိုင်သော နှစ်များလျှောက်တွင် ပင်လယ်သတ္တဝါများသည် လှိုင်းတံပိုးများအလား အတက်အကျ ရှိနေခဲ့ကြ၏။
သို့သော် မည်သူမျှ ထိုတားမြစ်နယ်မြေ အတွင်းသို့ ခြေတစ်လှမ်းမျှပင် ဖြတ်ကျော်ဝင်ရောက်ဝံ့ခြင်း မရှိခဲ့ကြချေ။
ထိုနေရာ၏ ထိတ်လန့်ဖွယ်ကောင်းပုံမှာ သူတို့၏ စိတ်နှလုံးသားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ထိုဒေသသည် သူတို့၏ နားလည်မှုအရ မရဏနယ်မြေနှင့် တူညီသည်။
မရေမတွက်နိုင်သော နှစ်များတလျှောက်တွင် အလယ်ပိုင်းဒေသသို့ ရောက်ရှိရန် ကောင်းကင်ဘုံချောက်နက်ကို ဖြတ်ကူးရန် ရည်ရွယ်ခဲ့သူများ အမြောက်အများ ရှိခဲ့ပေ၏။
သို့သော် သမိုင်းတလျှောက်လုံးတွင် အောင်မြင်သောဖြစ်စဉ်ဟူ၍ တစ်ခုတစ်လေမျှ မရှိခဲ့ဖူးချေ။
စိတဝိညာဉ်လင်းပိုင် မင်းသမီးလေးက သူ့ကို ဖြောင့်ဖျချင်ခဲ့သော်လည်း ထိတ်လန့်တုန်လှုပ်မှု မရှိသော အမူအယာဖြင့် ခိုင်မာစွာ ခေါင်းညိတ်ပြနေသည့် ကျုံးချင်ကို မြင်ချိန်တွင်..
သူမက သူ့ကို ဖြောင့်ဖျရန်မှာ သူ၏ ဆုံးဖြတ်ချက် ခိုင်မာလွန်းနေကြောင်း သိလိုက်၏။
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် စိတ်ဝိညာဉ်လင်းပိုင် မင်းသမီးလေးက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ကျေးဇူးရှင်က စိတ်ပိုင်းဖြတ်ပြီးသားဆိုတော့ ကျေးဇူးရှင် ကြိုးပမ်းသမျှ အရာအားလုံး အောင်မြင်ပါစေ...ကောင်းကင်ဘုံချောက်နက် ရဲ့ တစ်ဖက်ကမ်းကို ဘေးကင်းစွာ ဖြတ်ကူးနိုင်ပါစေ....ပြီးတော့ အလယ်ပိုင်းဒေသကို အောင်မြင်စွာ ရောက်ရှိပါစေလို့ပဲ ဆုတောင်းပေးနိုင်ပါတယ်... ဒါပေမဲ့ ကျေးဇူးရှင်ရဲ့ နာမည်ကို မေးခွင့်ပြုပါ... စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုဝင်တွေ အားလုံးက အဲဒီနာမည်ကို နှလုံးသားထဲမှာ မှတ်သားထားပြီးတော့ ထာဝရ ကျေးဇူးတင်နေမှာပါ..."
ကုန်းပတ်ပေါ်တွင်ရှိနေသော ကျုံးချင်က သူ၏ နာမည်ကို ပြောပြလိုက်၏။
"ကျုံးချင်..."
သူက ဝိုင်အရက်ကို အေးအေးဆေးဆေး တစ်ငုံ သောက်လိုက်ပြီး သူ၏အကြည့်က ရှေ့သို့ ဦးတည်နေခဲ့သည်။
ကျုံးချင်က မေးမြန်းလိုက်သည်။
"မင်းသမီးလေး... ဒီကနေ ကောင်းကင်ဘုံချောက်နက်အထိ ဘယ်လောက်ဝေးသေးလဲဆိုတာ မေးလို့ ရမလား..."
လဲ့ဟိုင်မြို့တွင် ဝူလျှန်ဂိုဏ်းချုပ်က ကျုံးချင်အား မြေပုံတစ်ခု ပေးခဲ့သည်မှာ မှန်သော်လည်း ထိုမြေပုံတွင် အကြမ်းဖျင်းလမ်းကြောင်းသာ ပါရှိပြီး လမ်းကြောင်း၏အစိတ်အပိုင်း အများစုသည် မှားယွင်းနေပေ၏။
သူသည် ကောင်းကင်ဘုံချောက်နက်နှင့် မဝေးတော့ကြောင်း ကျုံးချင် သိသော်လည်း ကျန်ရှိနေသော အကွာအဝေး အတိအကျကို သူ မသိခဲ့ချေ။
စိတ်ဝိညာဉ်လင်းပိုင် မင်းသမီးလေးက တုံ့ပြန်အဖြေပေးသည်။
"ကျေးဇူးရှင်ကို အဖြေပေးရရင် ဒီနေရာက တကယ်တော့ ကောင်းကင်ဘုံချောက်နက်ကို သွားဖို့ အမြန်ဆုံးလမ်းကြောင်း ပါပဲ... ဒီလမ်းကြောင်းကို ဘယ်တော့မှ မတိုင်းတာဖူးလို့ အကွာအဝေး အတိအကျကိုတော့ မပြောပြနိုင်ဘူး... ဒါပေမဲ့ ကျွန်မတို့ နှစ်ကြိမ် တွေ့ဆုံခဲ့တာရယ် ကျေးဇူးရှင်ရဲ့ ခရီးစဉ်ရယ်အပေါ် အခြေခံပြီး ခန့်မှန်းရရင် ရှင်က ကောင်းကင်ဘုံချောက်နက်ကို နောက်ထပ်ငါးရက်လောက် နေရင် ရောက်သွားလိမ့်မယ်..."
ကျုံးချင်က ရေရွတ်လိုက်၏။
"ငါးရက်လား..."
ဤအချိန်ကာလသည် သူ၏ခန့်မှန်းချက်နှင့် သိပ်မကွာခြားလှချေ။
နှစ်ဖက်လုံး စကားအနည်းငယ် ပြောဆိုပြီးနောက်....
နောက်ဆုံးတွင် ကျုံးချင်က နှုတ်ဆက်လိုက်၏။
"မင်းသမီးလေး... တွေ့ဆုံခြင်းက ကံတရားပဲ... ကံတရားရဲ့ အတက်အကျတွေက နောက်ဆုံးတော့ ကြိုတင်သတ်မှတ်ထားပြီးသားပါ... ကျွန်တော်ကတော့ ခရီးဆက်ရတော့မယ်..."
ထိုအချိန်တွင် စိတဝိညာဉ်လင်းပိုင်မျိုးနွယ်စုဝင် အမြောက်အများက ခွဲခွာရန် ဝန်လေးမှုများကို ပြသလိုက်ကြသည်။
"ကျေးဇူးရှင်... ကျွန်မတို့ ခရီးစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလောက်အထိ လိုက်ပို့ပေးလို့ ရမလား..."
သူတို့အားလုံးသည် ခရီးအကွာအဝေးတစ်ခုအထိ အစောင့်အရှောက်အဖြစ် လိုက်ပါရန် တောင်းဆိုကြသည်။
ကျုံးချင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုက စစ်ပွဲကို ဖြတ်သန်းခဲ့ရတာလေ... အခု ပဋိပက္ခ ပြီးဆုံးသွားပြီ ဆိုပေမဲ့ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်လို့ ငါ ထင်တယ်...စောင့်ရှောက်လိုက်ပါဖို့ မလိုပါဘူး... မင်းတို့အားလုံး ဒီမှာပဲ ကျန်ခဲ့ကြပါ... နှုတ်ဆက်ပါတယ်..."
ကျုံးချင်၏အမိန့်အရ ညှို့ငင်ခြင်းသားရဲက လှေကိုထိန်းချုပ်ကာ ရှေ့သို့ခရီးဆက်သွားခဲ့သည်။
မရေမတွက်နိုင်သော စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုဝင်များက ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း သူတို့၏စိတ်နှလုံးသားများ ပြင်းပြင်းထန်ထန် ထိခိုက်သွားခဲ့သည်။
ကျုံးချင် ထွက်ပေါ်မလာခဲ့ပါက စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုတစ်ခုလုံး မျိုးတုံးပျောက်ကွယ်သွားမည့် ဘေးဒုက္ခကို ခံစားရပေလိမ့်မည်။
ဤမျှထိ ကြီးမားသော ကျေးဇူးတရားအတွက် တစ်ဖက်လူက မည်သည့်ဆုကြေးမျှ မတောင်းဆိုခဲ့ချေ။
သူတို့ မည်သို့ စိတ်သက်သာရာ ရနိုင်မည်နည်း...
ပင်လယ်ပြင်ပေါ်တွင် ကြည်လင်သော သီချင်းသံများ တစ်သံပြီးတစ်သံ ပဲ့တင်ထပ်လာခဲ့သည်။
သူတို့ကိုယ်တိုင် အစောင့်အရှောက်အဖြစ် မလိုက်ပါနိုင်သော်လည်း....
သူတို့သည် စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စု၏ တမူထူးခြားသော နည်းလမ်းဖြင့် သူ့ကို နှုတ်ဆက်နိုင်ကြသည်။
ထိုအသံများမှာ သာယာနာပျော်ဖွယ် ကောင်းလှပြီး ကောင်းချီးများ ဆုတောင်းများနှင့် ကျေးဇူးတင်မှုများကို သယ်ဆောင်လာခဲ့သည်။
ဤသည်က လောကတွင် အလှပဆုံး သီချင်း တစ်ပုဒ်နှင့် တူညီနေသည်။
ထိုသီချင်းသံက နိမိတ်မကောင်းမှုနှင့်ဆိုးယုတ်မှု အရှိန်အဝါများ အားလုံးကို သန့်စင်ပေးနိုင်ပြီး လူများကို သူတို့၏စိတ်ဝိညာဉ်များကို သန့်စင်ပေးကာ သူတို့၏စိတ်နှလုံးသားကို လန်းဆန်းစေသော ခံစားချက်တစ်ခုအား ပေးစွမ်းနိုင်ပေ၏။
ဤမြင်ကွင်းသည် သူတို့ ပထမဆုံးအကြိမ် နှုတ်ဆက်ခြင်းနှင့် တူညီနေပြီး ...
သူတို့၏ ဒုတိယအကြိမ် နှုတ်ဆက်ခြင်းပင်။
ဤခွဲခွာခြင်းနှင့် ပြန်လည်ဆုံတွေ့ခြင်းကြားတွင် ဖြစ်ပေါ်ခဲ့သော ဇာတ်လမ်းက စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုတစ်ခုလုံးကို တစ်သက်တာ မေ့မရနိုင်အောင် ဖြစ်စေခဲ့သည်။
နေဝင်ဆည်းဆာ၏အောက် ပင်လယ်ပြင်ပေါ်တွင်.....
စိတ်ဝိညာဉ်လင်းပိုင် မျိုးနွယ်စုဝင်တစ်ဦးက မင်းသမီးလေးကို မေးမြန်းလိုက်၏။
"မင်းသမီးလေး... ကျွန်မတို့နဲ့ ကျေးဇူးရှင်က နောက်တစ်ကြိမ် ပြန်ဆုံတွေ့ရအုံးမလား..."
စိတ်ဝိညာဉ်လင်းပိုင် မင်းသမီးလေးက ပင်လယ်ပြင်ပေါ်တွင် ကျော့ရှင်းလှပစွာ မတ်တတ်ရပ်နေခဲ့ပြီး သူမ၏ပုံရိပ်မှာ ဖော်ပြ၍ မရနိုင်လောက်အောင် တောက်ပပြီး စွဲမက်ဖွယ်ကောင်းသည်။
သူမ၏ သိမ်မွေ့သော မျက်နှာသွင်ပြင်သည် နေဝင်ဆည်းဆာ၏ ကြွင်းကျန်သော အလင်းရောင်ကြောင့် ပို၍တောက်ပပြီး သန့်ရှင်းမြင့်မြတ်သော အလင်းရောင်တစ်ခု ရှိနေခဲ့သည်။
သူမက တည်ကြည်ပြတ်သားသော အမူအယာဖြင့် ပြောဆိုလိုက်၏။
"ငါတို့ သေချာပေါက် ပြန်ဆုံတွေ့ရမှာပါ... ကျေးဇူးရှင်က လူကောင်းတစ်ယောက်ဆိုတော့ ကောင်းကင်ဘုံက သူ့ကို သေချာပေါက် ကာကွယ်ပေးမှာပါ... သူက ကောင်းကင်ဘုံချောက်နက်ကို ဖြတ်ကူးပြီး အလယ်ပိုင်းဒေသ ကို သေချာပေါက် ရောက်ရှိနိုင်လိမ့်မယ်... သူ အလယ်ပိုင်းဒေသကနေ ပြန်လာတဲ့ အချိန်က ငါတို့ ပြန်ဆုံတွေ့ရမယ့် အချိန်ပဲ..."
သူမ၏ အားကောင်းသော စကားများသည် တစ်နည်းအားဖြင့် ဆုတောင်းပေးခြင်းနှင့် တူသော ကောင်းချီးပေးမှုပုံစံတစ်မျိုးပင်။
သို့သော် 'ကံတရား' ဟူသော စကားလုံးမှာ အမှန်တကယ်ကို လျှို့ဝှက်ဆန်းကြယ်ဆုံး ဖြစ်ပေ၏။
တချို့လူများအတွက် တစ်ကြိမ်ခွဲခွာခြင်းက ဘဝတစ်သက်တာတွင် ဘယ်သောအခါမျှ ပြန်လည်မဆုံတွေ့ရတော့ခြင်းကို ဆိုလိုသည်။
အနာဂတ်တွင် မည်သည့်အရာများ ဖြစ်လာမည်ကို မည်သူက သိနိုင်မည်နည်း။
...