ချောက်နက်၏ ဗဟိုချက်
Vol. 36 Ch. 357
ကောင်းကင်ဘုံချောက်နက် အတွင်းသို့ ဝင်ရောက်လာသော ကျုံးချင်သည် ရှေးဟောင်း တာအိုမြေပေါ်သို့ ခြေချလိုက်၏။
မြူခိုးများ လွင့်ပြယ်သွားသော်လည်း လောကကြီးမှာ မှုန်ဝါးဝါးမီးခိုးရောင် ဖြစ်နေဆဲပင်။
ထူးဆန်းသော အရှိန်အဝါတစ်ခုက သူ့အပေါ် သက်ရောက်နေပြီး သူ့ကို ဖိနှိပ်မှု ခံစားချက်တစ်ခုအား ပေးစွမ်းနေခဲ့သည်။
ကျုံးချင်ကို အံ့အားသင့်စေခဲ့သည့်အရာမှာ သူ ဝင်ရောက်လာချိန်တွင် မရေမတွက်နိုင်သော ညှိုးနွမ်းနေသည့် နွယ်ပင်များနှင့် အကိုင်းအခက်များက လှုပ်ရှားလာမည် သို့မဟုတ် တိုက်ခိုက်လာမည်ဟုပင် သူ မူလက ထင်မှတ်ထားခဲ့ခြင်း ပင်။
သို့သော် ထိုအရာများက မတိုက်ခိုက်ခဲ့ချေ။
နူးညံ့သော လေပြင်းတစ်ချက် တိုက်ခတ်သွားသည်နှင့်အမျှ ညှိုးနွမ်းနေသည့် အကိုင်းအခက်များက တုန်ယင်သွားပြီး နွယ်ပင်များက တရှဲရှဲ အသံမြည်သွားခဲ့သည်။
ကျုံးချင်သည် ထိုအပင်များအတွင်း၌ ကြီးထွားလာသော ခံစားချက်တစ်ခုကို ခံစားမိလေ၏။
ဤသည်မှာ အကြောက်တရားပင်။
သို့သော် ထိုအပင်များက မည်သည့်အရာကို ကြောက်နေကြသနည်း....
ကျုံးချင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
သူ၏စွမ်းအားသည် အထင်ကြီးလောက်စရာ ကောင်းသည်ဟု သူ သတ်မှတ်ထားသည်။ အရှေ့ပိုင်းဒေသတစ်ခုလုံးနှင့် မြောက်ပိုင်းဒေသ တခွင်ကို ကြည့်မည်ဆိုလျှင်ပင် သူ့ကို ရှားပါးပြီး ကြောက်မက်ဖွယ်ကောင်းသော ကျွမ်းကျင်သူ တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။
သို့သော် ထိုသစ်တောအတွင်း၌ ရှိနေသော အရာများက သူ့ကို သေစေနိုင်လောက်သော ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေနိုင်ကြောင်းကို သူ ခံစားမိသည်။
သူ၏ဆဋ္ဌမအာရုံက သူ့ကို ဘယ်တော့မှ မလိမ်ညာခဲ့ချေ။
လွတ်လပ်စွာ ရှေ့တိုးနောက်ဆုတ် ပြုလုပ်နိုင်သော ကိုယ်ပိုင်ကမ္ဘာငယ်လေးတစ်ခုကို ပိုင်ဆိုင်ထားခြင်းအပြင် ကျုံးချင် ဤနေရာသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာရသည့် အကြောင်းအရင်းမှာ သူ၏တပည့် ပိုင်လင်းကဲ့သို့ပင် သူ့ထံတွင်လည်း အင်မော်တယ်ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသောကြောင့်ပင်။
သူ၏အတွင်းစိတ် နက်ရှိုင်းသောနေရာတွင် ကျုံးချင်သည် သစ်တောအတွင်းရှိ မည်သည့်အရာကမဆို သူ့ကို တိုက်ခိုက်လာမည်ကိုပင် ဝိုးတဝါးမျှော်လင့်ထားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ တစ်ကြိမ်သေဆုံးခြင်းက သူ၏စွမ်းအားကို သိသိသာသာ တိုးတက်စေမည် ဖြစ်ပြီး ထိုအရာကို တွေ့ကြုံခံစားရန် သူ စိတ်အားထက်သန်စေခဲ့သည်။
သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ ထိုအရာများက အနည်းငယ်မျှ မလှုပ်ရှားခဲ့ခြင်းပင်။
သေချာစွာလေ့လာပြီးနောက် ကျုံးချင်သည် ပုံမှန်မဟုတ်သော အရာတစ်ခုကို ရှာတွေ့သွားပေ၏။
ထိုအရာမှာ သစ်တောအတွင်းရှိ သက်ရှိများက သူ၏ခြေထောက်အောက်ရှိ လမ်းကြောင်းကို ကြောက်ရွံ့နေပုံရခြင်းပင်။
မည်သည့်နေရာကလာမှန်း မသိရသော သူ၏ ခြေထောက်အောက်ရှိ လမ်းကြောင်းသည် လုံးလုံးလျားလျား မီးခိုးရောင် ဖြစ်နေပြီး ရှေးဟောင်းအပြောင်းအလဲများ၏ အရှိန်အဝါ တစ်ရပ်ကို ထုတ်လွှတ်နေခဲ့သည်။
ထိုလမ်းသည် အလွန် ကြာမြင့်သော အချိန်ကာလတစ်ခုကတည်းက တည်ရှိနေခဲ့ပုံရသည်။
ထို့ပြင် ကျုံးချင် တစ်လက်မ ရှေ့တိုးသွားသည်နှင့်အမျှ သူ၏ခြေထောက်အောက်ရှိ လမ်းကြောင်းမှာ တစ်လက်မ ပျောက်ကွယ်သွားခဲ့သည်။
ထိုလမ်းကြောင်းသည် သူ့ကို လမ်းညွှန်ရန် သက်သက်သာ တည်ရှိနေပုံ ရပေ၏။
ရှေးဟောင်းလမ်း ပျောက်ကွယ်သွားသည်နှင့်အမျှ အစောပိုင်းက ရှေးဟောင်းတာအို၏ အောက်တွင် ဦးညွှတ်နေခဲ့သော ရှေးဟောင်း သစ်ပင်များနှင့် နွယ်ပင်များ၏ အကြောက်တရားများ လျော့ပါးသွားခဲ့သည်။
ယခင်က လွင့်စင်သွားခဲ့သော မြူခိုးဖြူများပင်လျှင် ရှေးဟောင်းလမ်း၏ အနောက်တွင် ပြန်လည်၍ စုစည်းလာခဲ့သည်။
ထိုအရာက ကျုံးချင်ကို အံ့အားသင့်သွားစေပေ၏။
ကောင်းကင်ဘုံချောက်နက်မှမြူခိုးများ ပျောက်ကွယ်သွားခြင်းမှာ လေကြောင့် မဟုတ်ဘဲ ထို ရှေးဟောင်းလမ်းနှင့် ဆက်စပ်နေခြင်း ဖြစ်သလော ...
ထိုလမ်းက မည်သည့်နေရာသို့ ဦးတည်သွားနေသနည်း ....
အမည်မသိ အရာများက ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည်ဟု ဆိုကြသော်လည်း ဤအချိန်အခိုက်အတန့်တွင် ကျုံးချင်သည် စူးစမ်းချင်စိတ်ကိုသာ ခံစားနေရသည်။
သူ၏ များပြားလှသော ဝှက်ဖဲများက သူ့အား မည်သည့် အခြေအနေကိုမဆို မကြောက်မရွံ့ ဖြစ်စေခဲ့သည်။
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ကျုံးချင်သည် ရှေးဟောင်းလမ်းတလျှောက် ဆက်လက်၍ လျှောက်လှမ်းသွားပေ၏။
လမ်း၏အဆုံးတွင် မည်သည့်အရာ ရှိနေမည်ကို သူ မြင်တွေ့ချင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံချောက်နက်၏ဗဟိုချက်ရှိ အဆုံးမဲ့ချောက်နက် အတွင်း၌....
အမှောင်ထုအတွင်းတွင် ဖြတ်သန်းသွားသော ပုံရိပ်နှစ်ခုသည် ချော်ရည်ထွက်ပေါက်တစ်ခုသို့ နောက်ဆုံး၌ ရောက်ရှိလာပေ၏။
ဤနေရာ၌ ငရဲချော်ရည်များ ဆူပွက်နေပြီး ယိုယွင်းပျက်စီးခြင်းနှင့် သေမင်းအရှိန်အဝါတစ်ရပ်ဖြင့် ပြည့်နှက်နေကာ မီးတောက်များ မိုးကောင်းကင်သို့ မြင့်တက်နေခဲ့သည်။
အကယ်၍ ပြင်ပကမ္ဘာမှ အစွမ်းထက်သော ကျင့်ကြံသူများသာ ထိုအရာကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့မည်ဆိုပါက သူတို့သည် ယုံမှားသံသယဖြစ်ဖွယ် မရှိအောင်ပင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပေမည်။
ထိုအရာမှာ ငရဲတွင်သာ တည်ရှိသည်ဟု ကောလာဟလ ထွက်နေသော ငရဲချော်ရည်ပင်။ ထိုအရာကို အနည်းငယ်မျှ ထိတွေ့မိရုံဖြင့် လူတစ်ယောက်၏ရုပ်ခန္ဓာကိုယ်ကို ပြာကျသွားစေနိုင်ပြီး သူတို့၏နတ်ဘုရားစိတ်ဝိညာဉ်ကို လောင်ကျွမ်းစေကာ သူတို့ကို ဘယ်သောအခါမျှ ပြန်လည်ဝင်စားခြင်း မပြုနိုင်အောင် တားဆီးနိုင်သည်။
သူတော်စင်တစ်ပါးပင်လျှင် ထိုအရာကို မြင်ချိန်တွင် ခြေသုံးလှမ်း နောက်ဆုတ်သွားပေလိမ့်မည်။
သို့သော် ယခုအချိန်တွင် ငရဲချော်ရည်များသည် ကျယ်ပြန့်သော မြစ်ကြီးတစ်စင်းအလား လျှံကျနေကာ ကြမ်းတမ်းစွာ စီးဆင်းနေခဲ့သည်။
ထိုချော်ရည်များသည် ချောက်နက် အက်ကွဲကြောင်း တစ်ခုလုံးတွင် ပြည့်နှက်နေပေ၏။
မီးတောက်များ၏ အလင်းရောင်အောက်တွင် မျက်နှာနှစ်ခု ထွက်ပေါ်လာခဲ့သည်။
မျက်နှာတစ်ခုသည် ကြမ်းတမ်းသော တစ္ဆေတစ်ကောင်အလား အစွယ်များနှင့် မျက်လုံးသုံးလုံး ပါရှိပြီး အစိမ်းရောင်မျက်နှာရှိကာ တခြားတစ်ခုကမူ လုံးလုံးလျားလျား နီမြန်းနေပြီး အကြေးခွံများဖြင့် ဖုံးလွှမ်းနေကာ ခေါင်းပေါ်တွင် ချို နှစ်ချောင်း ပါရှိပေ၏။
ဤနှစ်ယောက်မှာ သရဲစိမ်းနှင့်မိုးခေါင်မီးတို့ပင်။
သူတို့နှစ်ယောက်လုံး ချော်ရည်ထွက်ပေါက် ရှေ့တွင် ဒူးထောက်လိုက်ကြပြီး သရဲစိမ်းက ကြည်လင်သော အသံဖြင့် ရိုသေလေးစားစွာ ပြောဆိုလိုက်သည်။
"အရှင့်ကို သတင်းပို့ပါတယ်... ကောင်းကင်ဘုံချောက်နက်ထဲကို တစ်ယောက်ယောက် ကျူးကျော် ဝင်ရောက်လာပါတယ်... သူ့ရဲ့ အရိုး သက်တမ်းကို အခြေခံပြီး ကြည့်ရင် သူက အသက်နှစ်ဆယ်ဝန်းကျင်လောက် ရှိတယ်..."
"ဒါပေမဲ့ သူ့ရဲ့ကျင့်ကြံမှုက တော်တော်လေး အထင်ကြီးစရာ ကောင်းတယ်... သူက အစွမ်းထက်တဲ့ ရတနာ တစ်ခုခုကို သယ်ဆောင်လာပုံရတယ်... ကျွန်တော်တို့တောင်မှ သူ့ရဲ့ အစစ်အမှန် နောက်ခံကို မခွဲခြားနိုင်ဘူး..."
"အခု သူ့အတွက် စမ်းသပ်မှု လမ်းကြောင်း တစ်ခုကို ကျွန်တော်တို့ ဖွင့်ပေးလိုက်ပါပြီ..."
"ဖြစ်နိုင်တာက သူ တော်တော်ဝေးဝေးကို ရောက်သွားနိုင်ပြီးတော့ အရှင် ချမှတ်ထားတဲ့ စမ်းသပ်မှုကို အောင်မြင်သွားနိုင်ခြေက အတိုင်းအတာ တစ်ခုအထိ ရှိပါတယ်... အဲဒီလိုဆိုရင် လူ့လောကမှာ အရှင်ရဲ့ကိုယ်စားလှယ် ဖြစ်လာပါလိမ့်မယ်..."
ထိုစကားများအဆုံးတွင် ချော်ရည်များ ဆူပွက်လာခဲ့သည်။
ထိတ်လန့်ဖွယ် အရှိန်အဝါတစ်ရပ်က ချော်ရည်များအတွင်းမှ မြင့်တက်လာပြီး မိုးကောင်းကင် တခွင်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ထိုအရှိန်အဝါသည် ကြီးမားကျယ်ပြန့်ပြီး ခမ်းနားထည်ဝါကာ ရှေးဟောင်းဆန်၍ လျှို့ဝှက်ဆန်းကြယ်လှသည်။
ဤသည်မှာ ငရဲချော်ရည်များအတွင်း၌ ရှေးဟောင်း မကောင်းဆိုးဝါးတစ်ကောင် နိုးထလာသည့်အလားပင်။
ထိုတည်ရှိမှု၏ အရှိန်အဝါတစွန်းတစကပင် ကောင်းကင်ကို ချေမှုန်းနိုင်ပြီး ကောင်းကင်ဘုံ ကို တုန်လှုပ်သွားစေနိုင်ပုံရသည်။
ထိုအရှိန်အဝါအောက်တွင် သရဲစိမ်းနှင့်မိုးခေါင်မီးတို့၏ခြေသလုံးများ တုန်ယင်နေပြီး သူတို့၏ ခန္ဓာကိုယ်များသည် မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်နေခဲ့ပေ၏။
ချော်ရည်များအတွင်းမှ ကျယ်ပြောပြီး ရှေးဟောင်းဆန်သောအသံတစ်သံ ထွက်ပေါ်လာကာ ချောက်နက်တစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။
"သူ အောင်မြင်သွားပြီးရင် ငါ့ကို ပြန်သတင်းပို့စမ်း..."
သရဲစိမ်းနှင့်မိုးခေါင်မီးတို့၏ စိတ်နှလုံးသားများမွန်းကြပ်သွားသည်။
"ဟုတ်ကဲ့ပါ အရှင်..."
ချောက်နက်အတွင်းရှိ လှုပ်ရှားမှုများအားလုံး လုံးလုံးလျားလျား ရပ်တန့်သွားပြီးနောက် သူတို့သည် ရိုသေလေးစားစွာ ဆုတ်ခွာသွားကြ၏။
...
ဤအချိန်အခိုက်အတန့်တွင် ကျုံးချင်သည် ချောက်နက်အတွင်း၌ ဖြစ်ပေါ်နေသော မြင်ကွင်းကို မသိရှိခဲ့ချေ။
သူသည် ရှေးဟောင်းတာအိုလမ်းတလျှောက် ကြိုးစားပမ်းစား ရှေ့သို့ဆက်သွားနေခဲ့သည်။
အမည်မသိ ခရီးဆုံးပန်းတိုင်တစ်ခုသို့ ဦးတည်နေသော ထိုရှေးဟောင်းတာအိုလမ်းသည် အဆုံးသတ်မရှိပုံ ရပေ၏။
ထိုလမ်းသည် ကောင်းကင်ဘုံကိုးထပ်သို့ ဦးတည်နေသော တာအိုလမ်း ဖြစ်နိုင်သလောဟု သူ သံသယဝင်မိသော အခိုက်အတန့်တစ်ခုပင် ရှိခဲ့သည်။
ဤသို့ဖြင့် ကျုံးချင်သည် မည်မျှကြာမြင့်ခဲ့ပြီမှန်း မသိရသော အချိန်ကာလတစ်ခုအထိ လမ်းလျှောက်နေခဲ့သည်။
နှစ်ရက် သို့မဟုတ် သုံးရက်...
ဤနေရာတွင် အချိန် ကုန်လွန်သွားမှုကို သူ မခံစားနိုင်သည့်အပြင် နေ့နှင့်ညကိုလည်း မခွဲခြားနိုင်ခဲ့ချေ။
နောက်ဆုံးတွင် ကျုံးချင်သည် ရှေးဟောင်း လမ်း၏အဆုံးသို့ ရောက်ရှိသွားပေ၏။
တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏စိတ်နှလုံးသား အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။
သူ၏ရှေ့ရှိ အဆုံးသတ်တွင် ခမ်းနားထည်ဝါသော ခန်းမကြီးတစ်ခု မားမားမတ်မတ် တည်ရှိနေသည်။
ထိုခန်းမကြီးတစ်ခုလုံးသည် တောက်ပပြီး ရှေးဟောင်းဆန်ကာ နတ်ဘုရားအလင်းတန်းများဖြင့် တလက်လက် တောက်ပနေခဲ့သည်။
ခန်းမကြီး၏နံဘေးပတ်ဝန်းကျင်တွင် ကျယ်ပြန့်သော အဖြူရောင်အလွှာကြီးတစ်ခု ရှိနေပေ၏။
ထိုအဖြူရောင်အလွှာသည် လေထုထဲတွင် မျောလွင့်နေခဲ့ကာ ရှေးဟောင်းအရှိန်အဝါတစ်ခုနှင့် ရိုးရှင်းပြီး နက်ရှိုင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ထားသည်။
ခန်းမကြီးတစ်ခုလုံးသည် ကောင်းကင်ဘုံနန်းတော်တစ်ခု သို့မဟုတ် နတ်ဘုရား ဘုရားကျောင်းတစ်ခုအလား သန့်ရှင်းမြင့်မြတ်ပြီး သာမန်ထက် လွန်ကဲသော ခံစားချက် တစ်ခုကို ပေးစွမ်းနေခဲ့သည်။ ထိုအရာမှာ လုံးလုံးလျားလျား ပုံရိပ်ယောင် မဟုတ်ကြောင်းကို ကျုံးချင် အတပ်ပြောနိုင်သည်။
သို့သော် အန္တရာယ်များဖြင့် ပြည့်နှက်နေပြီး မရဏနယ်မြေအဖြစ် လူသိများသော ကောင်းကင်ဘုံချောက်နက်တွင် ထိုကဲ့သို့ နန်းတော်တစ်ခု ပေါ်လာခြင်းမှာ လုံးလုံးလျားလျား ကိုက်ညီမှု မရှိပုံရသည်။
အကယ်၍ သာမန်လူတစ်ဦးသာ ဆိုပါက ထိုကိုက်ညီမှုမရှိသော မြင်ကွင်းကို မြင်ချိန်တွင် သူတို့သည် ယုံမှားသံသယဖြစ်ဖွယ် မရှိအောင်ပင် အလွန်အမင်း သတိထားပြီး အကဲခတ်နေကြပေမည်။
သို့သော် သူ၏ဝှက်ဖဲများကို ယုံကြည်မှု ရှိသော ကျုံးချင်သည် အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ ခန်းမကြီးအတွင်းသို့ တိုက်ရိုက်ဝင်ရောက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင်....
လေဟာနယ်အတွင်းတွင် မျက်လုံးနှစ်စုံက ကျုံးချင်၏လုပ်ရပ်များကို စောင့်ကြည့်နေပေ၏။
ကျုံးချင် ဝင်သွားသည်ကို မြင်ချိန်တွင် အသံတစ်သံက ပြောဆိုသည်။
"ဒီပထမဆုံး စမ်းသပ်မှုက လောဘကို စစ်ဆေးတာပဲ...ဒီခန်းမကြီးကို ဆရာက အဲဒီတုန်းက ရှေးဟောင်းနတ်ဘုရားတောင်ကနေ လုယူလာခဲ့တာ... ပြီးတော့ အဲဒီထဲမှာ မရေမတွက်နိုင်တဲ့ ရတနာတွေ ပါဝင်တယ်..."
"မြင့်မြတ်သုံးဖြာ သူတော်စင်ရေ နက်နဲသိမ်မွေ့ယင်ချီ ပြီးတော့ တာအို ပေါင်းစည်းခြင်းပန်းနဲ့ အင်မော်တယ် မက်မွန်ပင်တွေတောင် ရှိသေးတယ်..."
"ဒီပစ္စည်းတွေ တစ်ခုစီတိုင်းမှာ ကြီးမားတဲ့ မူလအစတစ်ခုစီ ရှိတယ်... တကယ်လို့ အဲ့ဒီအရာတွေထဲက တစ်ခုခုသာ ထွက်ပေါ်လာမယ်ဆိုရင် အလယ်ပိုင်းဒေသက အဲ့ဒီအဘိုးကြီးတွေတောင်မှ ရူးသွပ်သွားလောက်တယ်..."
"ဒါပေမဲ့ ဒီပစ္စည်းတွေထဲက တစ်ခုခုကို ယူလိုက်တာနဲ့ သေရေးရှင်ရေးတားမြစ်ချက်ရဲ့ စွမ်းအားကို အသက်သွင်းလိုက်သလို ဖြစ်သွားပြီးတော့ ယူတဲ့သူကို ချေမှုန်းပစ်လိမ့်မယ်..."
"အကောင်းဆုံး အပိုင်းကတော့ အမြင့်ဆုံး ရတနာ တစ်ခုစီတိုင်းမှာ သတိပေးချက်တစ်ခု မှတ်သားထားတာပဲ... 'ဒါကို ယူရင် မင်း သေလိမ့်မယ်' တဲ့..."
"နှစ်တစ်သောင်းအတွင်းမှာ စမ်းသပ်မှု လမ်းကြောင်းပေါ် တက်လာတဲ့သူတွေရဲ့ တစ်ဝက်က သူတို့ရဲ့စိတ်နှလုံးသားထဲက လောဘကို မဖိနှိပ်နိုင်ခဲ့လို့ ပထမဆုံး စမ်းသပ်မှုမှာပဲ ကျရှုံးသွားခဲ့တယ်... သူ အောင်မြင်နိုင်မယ်လို့ မင်း ထင်လား..."
ထိုစကားပြောဆိုလိုက်သူမှာ တခြားသူ မဟုတ်ဘဲ သရဲစိမ်းပင်။
မိုးခေါင်မီးက ပြန်ဖြေလိုက်သည်။
"သူ အောင်မြင်နိုင်မလား မအောင်မြင်နိုင်ဘူးလား ဆိုတာကို စောင့်ကြည့်ရင် သိရမှာပဲလေ...ဘာလို့ ဒီနေရာမှာ အခြေအမြစ် မရှိတဲ့ ခန့်မှန်းချက်တွေ လုပ်နေရတာလဲ...ဘယ်လောက်တောင် ပျင်းစရာ ကောင်းလိုက်လဲ..."
မျက်လုံးနှစ်စုံက သူ့ကို အဆက်မပြတ် စောင့်ကြည့်နေကြောင်း ကျုံးချင် မသိခဲ့ချေ။
သူ ခန်းမကြီးအတွင်းသို့ ဝင်ရောက်သွားသည်နှင့်အမျှ....
သူ၏ရှေ့ရှိ မြင်ကွင်းက သူ့ကို မျက်စိကန်းသွားလုနီးပါး ဖြစ်သွားစေခဲ့သည်။
သူ မည်သည့်အရာကို မြင်လိုက်ရသနည်း...
ခန်းမကြီးအတွင်း၌ အလင်းရောင်များ တလက်လက် တောက်ပနေပြီး နတ်ဘုရား အလင်းရောင်များ ထွက်ပေါ်နေကာ အမျိုးမျိုးသော အဖိုးတန်ရတနာများဖြင့် ပြည့်နှက်နေခဲ့သည်။
...