ဒီကောင်လေးက အရမ်းထူးဆန်းတယ်
Vol. 36 Ch. 359
ချောက်နက်၏ အနက်ရှိုင်းဆုံးအပိုင်းတွင်....
သရဲစိမ်းနှင့်မိုးခေါင်မီးတို့သည် ငရဲချော်ရည် ထွက်ပေါက်သို့ နောက်တစ်ကြိမ် ရောက်ရှိလာကြ၏။
သူတို့နှစ်ယောက်သား ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်တွင် ဝပ်တွားလိုက်ကြသည်။
သရဲစိမ်းက ရိုသေလေးစားစွာ သတင်းပို့လိုက်သည်။
"အရှင်... သရဲစိမ်းမှာ သတင်းပို့စရာ ရှိပါတယ်..."
သူ၏အသံ တိတ်သွားသည်နှင့်အမျှ ငရဲချော်ရည်များ ဆူပွက်လာခဲ့သည်။
ချော်ရည်များအတွင်းမှ မျက်လုံးတစ်စုံ ထွက်ပေါ်လာပေ၏။
ထိုအရာမှာ မည်ကဲ့သို့ မျက်လုံးမျိုး ဖြစ်သနည်း....
ထိုမျက်လုံးများသည် နက်ရှိုင်းပြီး ကျယ်ပြန့်ကာ ရှေးဟောင်းဆန်ပြီး လောကဓံကို ခံထားရပုံရသည်။
ထိုမျက်လုံးများအတွင်းတွင် နေ လနှင့် ကြယ်များ လည်ပတ်နေသည့်အလားပင်။
ထိုမျက်လုံးများ၏အကြည့်အောက်တွင် သူတို့၏စိတ်နှလုံးသားများ တုန်ယင်နေပြီး သူတို့အပေါ် ကျရောက်နေသောဖိအား ပို၍ပြင်းထန်လာခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ရှေးဟောင်းဆန်ပြီး နက်ရှိုင်းသော အသံတစ်သံ ပဲ့တင်ထပ်လာခဲ့သည်။
"စမ်းသပ်မှု ရလဒ်တွေ ထွက်ပြီလား..."
မိုးခေါင်မီးက အလျင်အမြန် ပြန်ဖြေလိုက်၏။
"အရှင်ကို သတင်းပို့ပါတယ်... စမ်းသပ်မှုမှာ မမျှော်လင့်ထားတဲ့ အပြောင်းအလဲတချို့ရှိခဲ့တယ်..."
"အဲ့ဒီလူက 'လောဘ' အဆင့်မှာ စိန်ခေါ်မှုကို အောင်မြင်တာရော ကျရှုံးတာရော မရှိခဲ့ပါဘူး..."
"သူ... သူက ခန်းမကြီး တစ်ခုလုံးကို တိုက်ရိုက် ယူသွားပါတယ်..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်နေရာတဝိုက်လုံး ဖော်ပြ၍ မရနိုင်သော တိတ်ဆိတ်မှုတစ်ခု အတွင်းသို့ ကျဆင်းသွားပေ၏။
ထိုနက်ရှိုင်းသောအကြည့်မှာ အနည်းငယ် ရပ်တန့်သွားပြီး ထိုသတင်းကြောင့် အံ့အားသင့်သွားပုံရသည်။
အချိန်အတော်ကြာပြီးနောက် ငရဲချော်ရည် အတွင်းမှ ရိုင်းစိုင်းပြီး အထိန်းအကွပ်မဲ့သော ရယ်မောသံတစ်သံ ပဲ့တင်ထပ်လာခဲ့သည်။
"စိတ်ဝင်စားစရာပဲ... တကယ့်ကို စိတ်ဝင်စားစရာပဲ..."
ရှည်လျားသော ရယ်မောသံသည် ဖန်ဆင်းရှင်၏ အသံအလား မှောင်မိုက်ပြီး နက်ရှိုင်းသော တောင်ကြားအတွင်း မြည်ဟီးနေပြီး ချော်ရည်များအတွင်းတွင် မရေမတွက်နိုင်သော မိုးကြိုးများ ပေါက်ကွဲနေသည့်အလားပင်။
ထိုအသံက ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေပြီး လူအများ၏စိတ်ဝိညာဉ်ကို ထိတ်လန့်သွားစေနိုင်သည်။
ငရဲချော်ရည်အတွင်းမှ ထိုရှေးဟောင်းဆန်ပြီး မြင့်မြတ်သောအသံက ဆက်လက်၍ ပဲ့တင်ထပ်နေပေ၏။
"ဒီအဘိုးကြီးက မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်လာခဲ့တာ... အဲ့ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးတစ်ယောက်ကို မတွေ့ရတာ တော်တော်ကြာပြီ..."
"မင်းတို့နှစ်ယောက်က သူ့အတွက် ဒုတိယအဆင့် စမ်းသပ်မှုကို ချက်ချင်းစီစဉ်ပေးလိုက်...ပုံမှန်မဟုတ်တာ တစ်ခုခု ရှိရင် ငါ့ကို ချက်ချင်း သတင်းပို့စမ်း..."
"ဟုတ်ကဲ့ပါ အရှင်..."
သူတို့နှစ်ယောက်သား ရိုသေလေးစားစွာ ဆုတ်ခွာသွားပြီးနောက် ချော်ရည်အတွင်းရှိ နက်ရှိုင်းသောမျက်လုံးများ နောက်တစ်ကြိမ် ပျောက်ကွယ်သွားခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် ကျုံးချင်သည် လေဟာနယ်အတွင်းတွင် ရောက်ရှိနေပေ၏။
သူ၏ပတ်ဝန်းကျင်ရှိ မီးခိုးရောင်သန်းနေပြီး ကျယ်ပြန့်သော လေဟာနယ်ကို သူ ကြည့်လိုက်သည်။
ရတနာ များစွာ ရရှိခဲ့ခြင်းကြောင့် သူ ဝမ်းသာပျော်ရွှင်နေခဲ့သော်လည်း ဤနေရာမှ သူ မည်သို့ ထွက်ခွာသွားရမည်နည်း....
ဤအချိန်တွင် ကောင်းကင်ဘုံချောက်နက်၏ နံဘေးပတ်ဝန်းကျင်ရှိ မြူခိုးများ ပျောက်ကွယ်သွားခြင်းမှာ ပုံမှန် မဟုတ်ကြောင်းကို သူ လုံးလုံးလျားလျား သေချာပြောနိုင်လေပြီ။
ထို့ပြင် ယခုအချိန်တွင် သူသည် ကောင်းကင်ဘုံချောက်နက်အတွင်းတွင် ရှိနေဆဲပင်။
ထို့ပြင် ဤကောင်းကင်ဘုံချောက်နက်တွင် သဘာဝဘေးအန္တရာယ်များအပြင် လူသားများ၏ ဝင်ရောက်စွက်ဖက်မှု လက္ခဏာများလည်း ရှိနေပုံရသည်။
သို့သော် မည်သူ ဖြစ်နိုင်မည်နည်း...
ထိုလူသည် သူ စုဆောင်းရန်အတွက် ဤမျှထိများပြားသော တန်ဖိုးကြီးရတနာများကို ချန်ထားရလောက်အောင် ကြင်နာလွန်းလှသည်။
ရိုးရိုးသားသား ပြောရလျှင် ဤအခိုက်အတန့်တွင် ကျုံးချင်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့ပေ၏။
သူသည် ကျယ်ပြန့်သော လေဟာနယ်အတွင်းတွင် လှည့်ပတ်သွားလာနေခဲ့သော်လည်း ထွက်ပေါက် တစ်ခုကို ရှာမတွေ့ခဲ့ချေ။
တစ်ချိန်တည်းမှာပင်...
ထွက်သွားပြီးနောက် ပြန်ရောက်လာသော သရဲစိမ်းနှင့်မိုးခေါင်မီးတို့သည် ကျုံးချင်အတွက် ဒုတိယအဆင့်ကို အသက်သွင်းလိုက်ကြသည်။
သရဲစိမ်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ လေဟာနယ်အတွင်း၌ ရှေးဟောင်းတာအိုလမ်း ပြန်လည်၍ ထွက်ပေါ်လာခဲ့သည်။
တခြားတစ်ဖက်တွင် ကျုံးချင်သည် သူ၏ခြေအောက်တွင် ရုတ်တရက် ထွက်ပေါ်လာသော လမ်းကြောင်းကို အတွေးနက်စွာဖြင့် ကြည့်နေလေ၏။
ရှေးဟောင်းတာအိုလမ်းက ရုတ်တရက် ပျောက်ကွယ်သွားပြီး ရုတ်တရက် ပြန်ပေါ်လာခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် ထိုကောင်းကင်ဘုံချောက်နက်အတွင်းရှိ တည်ရှိမှုတစ်ခုထံတွင် အကြံအစည်တစ်ခုခု ရှိနေကြောင်းကို သူ ပို၍ယုံကြည်သွားခဲ့သည်။
သူ အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ရှေးဟောင်းတာအိုလမ်းပေါ်သို့ တိုက်ရိုက်ခြေချလိုက်၏။
တစ်ဖက်လူက မည်ကဲ့သို့ လှည့်ကွက်များ ကစားနေစေကာမူ အချိန်က အဖြေများကို ပေးသွားလိမ့်မည်ဖြစ်ပြီး သူ များစွာတွေးတောနေခြင်းက အသုံးဝင်မည် မဟုတ်ချေ။ ရှေးဟောင်းတာအိုလမ်း ပြန်လည်၍ ထွက်ပေါ်လာပြီ ဖြစ်သဖြင့် ဤတစ်ကြိမ်တွင် သူ့ကို မည်သည့်အရာများက စောင့်ကြိုနေမည်ကို သူ ကြည့်ချင်ခဲ့သည်။
အကယ်၍ ယခင်ရှေးဟောင်းတာအိုလမ်းက ကျုံးချင်ကို အထက်သို့ လမ်းညွှန်ခဲ့သည်ဆိုပါက...
ယခုအချိန်တွင် ထိုလမ်းက သူ့ကို အောက်သို့ လမ်းညွှန်နေခြင်းပင်။
ဤတစ်ကြိမ်တွင် လမ်းသည် ယခင်ကလောက် မရှည်လျားတော့ချေ။
အချိန်ဆယ့်ငါးမိနစ်ခန့်သာ လမ်းလျှောက်ပြီးနောက် စိမ်းလန်းစိုပြည်သော ခရမ်းဝါးတော တစ်ခုကို သူ မြင်တွေ့လိုက်ရသည်။
ဤဝါးတောမှာ ခရမ်းရောင်ဖြစ်ပြီး လျှပ်စီးတန်းများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
ထိုအရာသည် သာမန်ထက် သာလွန်ထူးကဲပုံ ရပေ၏။
ဝါးတောသည် မကြီးမားဘဲ ကျန်းတစ်ရာခန့်သာ ရှိနေသည်။
ကျုံးချင်က ဝါးတောအတွင်းသို့ ရိုးရှင်းစွာ ဝင်ရောက်သွားခဲ့သည်။
လေဟာနယ် အတွင်းတွင်....
သရဲစိမ်းက ကျုံးချင် ဝင်သွားသည်ကို ကြည့်နေခဲ့ကာ သူ၏အကြည့် အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
သူက မိုးခေါင်မီးကိုကြည့်ကာ အပြုံးနှင့် ပြောဆိုလိုက်၏။
"ငါတို့ ညီအစ်ကို နှစ်ယောက်က တစ်ချိန်လုံး ငန်းတွေကို အမဲလိုက်နေတာ... အခုတော့ ငန်းတစ်ကောင်ရဲ့ မျက်လုံးဖောက်တာကို ခံရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ..."
"ဒီလောက် လောဘကြီးတဲ့ လူတစ်ယောက်က ဒီ မှော်ဝါးဝင်္ကပါကို အောင်မြင်နိုင်မယ်လို့ မင်း ထင်လား..."
"ဒါက ပြောဖို့ခက်တယ်..."
မိုးခေါင်မီး၏မျက်လုံးအကြည့်သည် တည်ကြည်လေးနက်နေပေ၏။
"မှော်ဝါးဝင်္ကပါဆိုတာ ရှေးဟောင်းအံ့ဖွယ် ဝင်္ကပါတစ်ခုဖြစ်ပြီးတော့ အရင်တုန်းက မရေမတွက်နိုင်တဲ့ အစွမ်းထက် ကျွမ်းကျင်သူတွေကိုတောင် ပိတ်လှောင်နိုင်ခဲ့တာ..."
"အဲဒါက အခြေခံအနေနဲ့ စိတ်ခံစားမှု ခုနစ်ပါး ကို အသုံးပြုပြီး မီးတောက်အဖြစ် စိတ်ဆန္ဒ ခြောက်ပါးကို အသုံးပြုထားတာ..."
"အဲ့ဒါက လူတစ်ယောက်ရဲ့ လိုအင်ဆန္ဒတွေကို မရေမတွက်နိုင်အောင် ချဲ့ကားပေးပြီးတော့ သူ့ရဲ့ နှလုံးသား နက်ရှိုင်းတဲ့နေရာက အလိုချင်ဆုံး အရာတွေကို ဖော်ထုတ်ပေးတယ်..."
"နောက်ဆုံးတော့ အဆုံးမဲ့ စိတ်အားထက်သန်မှု မီးတောက်တွေအဖြစ် ပြောင်းလဲသွားတယ်..."
"ဒါ့ပြင် ဆွဲဆောင်မှုရှိတာပဲ ဖြစ်ဖြစ် ဖြူစင်တာပဲ ဖြစ်ဖြစ် သန့်ရှင်းမြင့်မြတ်တာပဲဖြစ်ဖြစ် ညှို့ငင်တာပဲဖြစ်ဖြစ်... လောကမှာ အလှပဆုံး အမျိုးသမီးတွေကို ဒီဝင်္ကပါက ဖန်တီးပေးနိုင်တယ်..."
"လူတစ်ယောက်ရဲ့ နှလုံးသားကို လှုပ်ရှားစေနိုင်တဲ့ အရာတစ်ခုကတော့ အမြဲတမ်း ရှိနေတာပဲ..."
" ခိုင်မာတဲ့စိတ်ဓာတ် ရှိသူတွေတောင်မှ သူတို့ရဲ့ လိုအင်ဆန္ဒတွေ လှုပ်ရှားမခံရဘူးဆိုရင်တောင် တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ ခက်ခဲတယ်... လောင်ကျွမ်းနေတဲ့ လိုအင်ဆန္ဒ မီးတောက် အောက်မှာ ဒီလောက် ပြိုင်ဘက်ကင်းတဲ့ အလှတရားရဲ့ သွေးဆောင်မှုကို ဘယ်သူက ခုခံနိုင်မှာလဲ..."
"ဒီဝင်္ကပါကို စပြီးခင်းကျင်းကတည်းက နှစ်တစ်သိန်းအတွင်းမှာ ပထမအဆင့်ကို အောင်မြင်သွားတဲ့ သူတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းက ဒီနေရာမှာပဲ ပျောက်ဆုံးသွားခဲ့ကြတယ်..."
"အရမ်းစိတ်ဓာတ်ခိုင်မာပြီး သူတို့ကိုယ်သူတို့ သစ္စာရှိတဲ့သူတွေ ဒါမှမဟုတ် စိတ်ခံစားမှုတွေနဲ့ လိုအင်ဆန္ဒတွေကနေ လုံးလုံးလျားလျား ကင်းကွာနေတဲ့ သူတွေသာ အောင်မြင်နိုင်တာ..."
"သူ့ရဲ့ လောဘက အရမ်းကြီးမားတယ်... ဒီ ဝင်္ကပါကို အောင်မြင်ဖို့က ကောင်းကင်ကို တက်ရတာထက် ပိုခက်လိမ့်မယ်..."
သူတို့နှစ်ယောက် စကားပြောဆိုနေစဉ်တွင်....
ကျုံးချင်သည် ဝါးတော၏ အစမှ အဆုံးတိုင်အောင် လျှောက်လှမ်းသွားပြီးဖြစ်ပေ၏။
သူ့အတွက်မူ ပုံရိပ်ယောင်ဝင်္ကပါဆိုသည်မှာ မည်သည့်အရာမျှ မရှိသည့်အလားပင်။
သူ၏ဝင်္ကပါခံနိုင်ရည်စွမ်းဖြင့် ပုံရိပ်ယောင် ဝင်္ကပါကို မဆိုထားနှင့် ကောင်းကင်ဧကရာဇ် တစ်ပါး ခင်းကျင်းထားသော သတ်ဖြတ်ခြင်း ဝင်္ကပါကိုပင်လျှင် သူ လွတ်လပ်စွာ ဖြတ်သန်းသွားနိုင်သည်။
လေဟာနယ်အတွင်းတွင် ကျုံးချင်အကြောင်းကို အဆက်မပြတ် မှတ်ချက်ပေးနေပြီး သူ အရူးလုပ်ခံရသည်ကိုကြည့်ရန် ပြင်ဆင်နေသော သရဲစိမ်းနှင့်မိုးခေါင်မီးတို့မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် မှင်တက်သွားကြ၏။
"မဖြစ်နိုင်ဘူး... သူ ဘယ်လိုလုပ်ပြီး ဖြတ်ကျော်သွားတာလဲ..."
မိုးခေါင်မီးက ကျုံးချင်ကို လက်ညှိုးထိုးပြကာ သူ၏မျက်လုံးများ ပြူးကျယ်နေပြီး အော်ဟစ်လိုက်သည်။
သရဲစိမ်းသည်လည်း ကျုံးချင်၏ လုပ်ရပ်များကြောင့် ထပ်တူထပ်မျှ အံ့အားသင့်သွားခဲ့သည်။
"သူ... သူက ဒီအတိုင်းပဲ လျှောက်သွားတာနဲ့ တူတယ်..."
"သူ လျှောက်သွားတယ်ဆိုတာ ငါ သိတယ်... ဒါပေမဲ့ သူ ဘယ်လိုလုပ်ပြီး ဒီအတိုင်း လျှောက်သွားနိုင်ရတာလဲ..."
မိုးခေါင်မီးသည် ရူးသွပ်သွားလုနီးပါး ဖြစ်နေလေပြီ။
ဤအချိန်အခိုက်အတန့်တွင် သူ၏စိတ်နှလုံးသား အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသဖြင့် သူ၏ကိုယ်ပိုင် တည်ရှိမှုကိုပင် သူ သံသယ ဝင်လာခဲ့သည်။
ဤသည်မှာ မှော်ဝါးဝင်္ကပါဖြစ်ပြီး ရှေးဟောင်း အံ့ဖွယ်ဝင်္ကပါတစ်ခုပင်။
အစွမ်းထက်ဆုံး ကျွမ်းကျင်သူများကိုပင် ပိတ်လှောင်နိုင်သော ဝင်္ကပါတစ်ခု ဖြစ်ပေ၏။
သူတော်စင်တစ်ပါးပင်လျှင် ထိုဝင်္ကပါကို အတင်းအကြပ် ဖြတ်သန်းရန် အလွန်အမင်း အားထုတ်ရပေမည်။
သို့သော် ကျုံးချင်ကမူ ...
အိုး ဘုရားရေ... သူက ဝင်္ကပါကြီးကို အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းကြောင်း ဖော်ပြခဲ့သော်လည်း တစ်ဖက်လူက မြေပြန့်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ဖြတ်သန်းသွားခဲ့သည်။
ဒါက ဘယ်လို အပြုအမူမျိုးလဲ...
ထိုအရာက သူ၏မျက်နှာကို ပေါ်ပေါ်ထင်ထင် ပါးဖြတ်ရိုက်လိုက်ခြင်းဖြစ်ပြီး သူ့ကို အလွန် မိုက်မဲသူတစ်ဦးအဖြစ် မြင်စေခဲ့သည်မှာ ဆိုဖွယ်ရာပင် မရှိတော့ချေ။
ဤကိစ္စကိုမသိသော မည်သူမဆို သူ ကြွားလုံးထုတ်နေသည်ဟုသာ တွေးထင်ကြပေလိမ့်မည်။
သရဲစိမ်းသည်လည်း အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့သည်။
သူက တီးတိုးပြောဆိုလိုက်၏။
"မှော်ဝါးဝင်္ကပါက အလုပ်မလုပ်တော့တာများလား..."
မိုးခေါင်မီးက ခေါင်းခါယမ်းလိုက်ပြီး ပြတ်ပြတ်သားသား ပြောဆိုလိုက်၏။
"မဖြစ်နိုင်ဘူး...ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး...မှော်ဝါးဝင်္ကပါကို အရှင်ကိုယ်တိုင် ခင်းကျင်းထားတာ...အရှင်ရဲ့ စွမ်းရည်နဲ့ဆိုရင် ကောင်းကင်နဲ့မြေပြင် ပြိုကျသွားရင်တောင် ဒီ မှော်ဝါးဝင်္ကပါက ဘယ်တော့မှ အလုပ်မလုပ်ဘဲ နေမှာ မဟုတ်ဘူး..."
သို့သော် မှော်ဝါးဝင်္ကပါ အလုပ်မလုပ်ဘဲ နေမည် မဟုတ်ကြောင်းကို သူတို့ သိထားသောကြောင့် ကျုံးချင်၏ လုပ်ရပ်များမှာ ပို၍ပင် ထိတ်လန့်ဖွယ် ကောင်းနေပုံရသည်။
အလွန်အမင်း စိတ်ဓာတ်ခိုင်မာမှုရှိပြီး သူတို့ကိုယ်သူတို့ သစ္စာရှိသောသူများ သို့မဟုတ် စိတ်ခံစားမှုများနှင့် စိတ်ဆန္ဒများမှ လုံးလုံးလျားလျား ကင်းကွာနေသောသူများပင်လျှင် ထိုဝင်္ကပါကို အောင်မြင်စွာဖြတ်ကျော်ရန် ရက်အနည်းငယ် အချိန်ယူရပေမည်။
ဤဝင်္ကပါကြီးကို စတင်ခင်းကျင်းကတည်းက ယခုအချိန်အထိ မရေမတွက်နိုင်သော စိန်ခေါ်သူများရှိခဲ့ပြီး ဤဝင်္ကပါကို အမြန်ဆုံး ဖြတ်ကျော်နိုင်ခဲ့သူပင်လျှင် အနည်းဆုံးသုံးရက်အချိန်ယူခဲ့ရသည်။
သို့သော် ကျုံးချင်ကမူ အသက်ရှူချိန်အနည်းငယ်မျှသာ ကြာမြင့်ခဲ့ပေ၏။
ဤသည်မှာ ဝင်္ကပါကို စိန်ခေါ်ခြင်း မဟုတ်ဘဲ အပြင်ထွက်လည်ရသည်ထက်ပင် ပို၍သက်သောင့်သက်သာ ရှိနေသည်။
တစ်စုံတစ်ယောက်သည် အပြင်ထွက်လည်လျှင်ပင် ရှုခင်းများကို ကြည့်ရှုရန် ရပ်တန့်ရပေမည်။
"မိုးခေါင်မီး... ဒီကလေးက အရမ်းကို ထူးဆန်းတယ်လို့ ငါ ဘာလို့ ခံစားနေရတာလဲ..."
သရဲစိမ်းသည် ကျုံးချင်က အဆင့်နှစ်ဆင့်ကို ဆက်တိုက် ဖြတ်ကျော်ခဲ့သည့် လုပ်ရပ်များကို ပြန်တွေးလိုက်မိသည်။
ပထမ အဆင့်တွင် သူသည် ရတနာများ ပါဝင်သော ခန်းမကြီးတစ်ခုလုံးကို တိုက်ရိုက်သိမ်းယူကာ ပြောင်သလင်းခါသွားစေခဲ့သည်။
ဤဒုတိယအဆင့်မှာ ပို၍ပင် ယုံကြည်နိုင်စရာ မရှိလှချေ။
သူက ထိုဝင်္ကပါအတွင်း၌ တန်းတန်းမတ်မတ် လျှောက်လှမ်းကာ ဖြတ်ကျော်သွားခဲ့သည်။
သူတို့ မည်သို့ပင်ကြည့်စေကာမူ ဤကိစ္စသည် ထူးဆန်းနေပုံ ရပေ၏။
သူတို့ မည်သို့ပင် တွေးတောစေကာမူ ယုံကြည်နိုင်စရာ မရှိပုံရသည်။
ကျုံးချင်၏တည်ရှိမှုမှာ သူတို့၏လောကအမြင်များကို ချိုးဖျက်ရန်နှင့် သူတို့၏ နားလည်မှု အောက်ခြေကန့်သတ်ချက်များကို ချဲ့ထွင်ရန် သီးသန့်ဖြစ်နေသကဲ့သို့ သူတို့ ခံစားလိုက်ရ၏။
...