← Chapters

ကိုယ့်ကိုယ်ကိုယ် အနိုင်ယူပါ

Vol. 36 Ch. 360

ကိုယ့်ကိုယ်ကိုယ် အနိုင်ယူပါ

Vol. 36 Ch. 360

သရဲစိမ်းနှင့်မိုးခေါင်မီးတို့သည် ကျုံးချင်၏ လုပ်ရပ်များကြောင့် အလွန်အမင်း ဇဝေဇဝါ ဖြစ်သွားပြီး သူတို့၏တည်ရှိမှုကိုပင် သူတို့ သံသယ ဝင်လာခဲ့ကြ၏။

သူတို့ အချိန်မဆွဲရဲတော့ဘဲ အခြေအနေကို ချောက်နက်၏အရှင်သခင်ထံသို့ ချက်ချင်း သတင်းပို့လိုက်ကြသည်။

လှိုင်းထနေသော ငရဲချော်ရည် တောင်ကြား အဝင်ဝတွင် သူတို့နှစ်ယောက်သား မြေပြင်ပေါ်၌ ဒူးထောက်နေကြပြီး သူတို့၏စိတ်နှလုံးသားများရှုပ်ထွေးနေခဲ့သည်။

သရဲစိမ်းက ချော်ရည်ထွက်ပေါက်ကိုကြည့်ပြီးရိုသေလေးစားစွာ သတင်းပို့လိုက်သည်။

"အရှင်... အဲ့ဒီလူက ဒုတိယ စမ်းသပ်မှုကို အောင်မြင်သွားပါပြီ..."

ဆူပွက်နေသော ချော်ရည်များအတွင်းမှ ကြက်သွေးရောင် မျက်လုံးတစ်စုံ ရုတ်တရက် ထွက်ပေါ်လာပေ၏။

"အိုး..."

အံ့အားတသင့် ရေရွတ်လိုက်သော အသံတစ်သံက တောင်ကြားတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။

မှော်ဝါးဝင်္ကပါကို သူ ကိုယ်တိုင် ခင်းကျင်းထားခြင်းဖြစ်ပြီး ထိုအရာ၏စွမ်းအားကို သူ ကောင်းစွာနားလည်ထားသည်။

ထိုသို့ဆိုသည့်တိုင် အသက်နှစ်ဆယ် အရွယ်သာရှိ လူငယ်ဘေးက ဒုတိယစမ်းသပ်မှုကို အချိန်တိုလေးအတွင်း၌ အောင်မြင်သွားပေ၏။

သူပင်လျှင် အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့သော အံ့အားသင့်မှု ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

ချောက်နက်အရှင်သခင်၏အသံက ပတ်ဝန်းကျင်နေရာတဝိုက်လုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။

"ဒုတိယစမ်းသပ်မှုကို အောင်မြင်ဖို့ သူ အချိန် ဘယ်လောက် ယူခဲ့ရလဲ..."

မိုးခေါင်မီးက ပြန်ဖြေလိုက်၏။

"အရှင့်ကို သတင်းပို့ပါတယ်... အသက်ဆယ်ရှိုက်စာတောင် မပြည့်ပါဘူး..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ငရဲချော်ရည်များအားလုံး လှိုင်းထသွားပြီး တလိမ့်လိမ့်ထနေသော မီးတောက်များ ပေါက်ကွဲ၍ ထွက်ပေါ်လာခဲ့သည်။

"အသက်ဆယ်ရှိုက်စာတောင် မပြည့်ဘူးလား..."

အစောပိုင်းက အံ့အားသင့်မှုသက်သက် ဖြစ်ခဲ့လျှင် ယခုအချိန်တွင် သူ့ထံတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခုဖြင့် ရောယှက်နေလေပြီ။

"သူ့ကို ဆက်ပြီး စောင့်ကြည့်နေ..."

"နောက်ထပ် စမ်းသပ်မှုတွေကို ဖွင့်ပေးလိုက်..."

"အခြေအနေ တစ်ခုခု ထူးခြားတာရှိရင် အချိန်မရွေး သတင်းပို့စမ်း..."

"ဒီ အရှင်သခင်က သူ စမ်းသပ်မှု ဘယ်နှစ်ခုကို အောင်မြင်နိုင်မလဲဆိုတာ ကြည့်ချင်တယ်..."

ရှေးဟောင်းဆန်ပြီး နက်ရှိုင်းသော အသံတစ်သံက ပတ်ဝန်းကျင်တဝိုက်လုံး၌ ပြည့်နှက်သွားပြီး ငြင်းဆန်၍ မရနိုင်သော လွှမ်းမိုးချုပ်ကိုင်နိုင်မှု တစ်ရပ်ကို သယ်ဆောင်လာပေ၏။

...

တခြားတစ်ဖက်တွင် ကျုံးချင်သည် ခရမ်းဝါးတောကို ဖြတ်သန်းပြီးနောက် ရှေ့သို့ ဆက်လက်၍ လျှောက်လှမ်းသွားခဲ့သည်။

ဤလမ်းက မည်သည့်နေရာသို့ ဦးတည်နေသည်ကို သူ မသိသော်လည်း ထောင်ချောက်တစ်ခုအတွင်းသို့ ကျရောက်သွားသကဲ့သို့ သူ ခံစားနေရသည်။

ဤနေရာသည် စမ်းသပ်မှုကွင်းပြင်တစ်ခုနှင့် တူညီနေပေ၏။

အကယ်၍ သူသာ စမ်းသပ်မှုများအားလုံးကို အောင်မြင်ပါက ဤချောက်နက်နယ်မြေမှ သူ ထွက်ခွာနိုင်လောက်သည်။

ပတ်ဝန်းကျင်သည် မှုန်ဝါးဝါးဖြစ်နေဆဲပင်။

နောက်ကြောင်းပြန်ကြည့်လိုက်လျှင် ရှေးဟောင်းလမ်းသည် အဆုံးမဲ့ဆန့်တန်းနေပြီး ခရမ်းရောင်အရိပ်အယောင်တစ်ခုကို ဝိုးတဝါး မြင်တွေ့နိုင်သည်။

ဤသည်မှာ ခရမ်းဝါးတောပင်။

ကျုံးချင်သည် ပတ်ဝန်းကျင်ကို အဆက်မပြတ် လေ့လာရင်း လမ်းလျှောက်နေခဲ့သည်။

ဤလမ်းသည် သူ့အတွက် သာမန်ထက် သာလွန်ထူးကဲနေပုံရသည်။

ထိုလမ်းသည် အကွာအဝေးကို ဖြတ်သန်းနေခြင်း မဟုတ်ဘဲ လေဟာနယ်ကို ဖြတ်သန်းနေရခြင်း ဖြစ်ပေ၏။

ထို့ပြင် ယခင်က နတ်ဘုရားခန်းမဖြစ်စေ သို့မဟုတ် ခရမ်းဝါးတောဖြစ်စေ ထိုအရာအားလုံး ကွဲပြားခြားနားသော လေဟာနယ်များတွင် ရှိနေကြသည်။

ထိုအရာများသည် တည်နေရာအမှတ်များနှင့် ပို၍တူညီပြီး ဤလမ်း၏ရည်ရွယ်ချက်မှာ ကွဲပြားခြားနားသော တည်နေရာအမှတ်များကို ဆက်သွယ်ပေးရန်ပင်။

ဖြစ်နိုင်သည်မှာ ကျုံးချင်၏ခန့်မှန်းချက်ကို အတည်ပြုနေသည့်အလား အချိန်သိပ်မကြာမီမှာပင် ရှေးဟောင်းလမ်းနှင့် ဆက်သွယ်ထားသော တခြားတည်နေရာအမှတ်တစ်ခုကို သူ မြင်တွေ့လိုက်ရသည်။

ဤသည်မှာ စေတီတစ်ဆူဖြစ်ပြီး ဆယ်ထပ်မြင့်မားသည်။

အထပ်တစ်ထပ်စီသည် တစ်ကျန်းခန့် မြင့်မားပေ၏။

ဆယ်ကျန်းမြင့်သော စေတီသည် မိုးကောင်းကင်ယံတွင် ခမ်းနားထည်ဝါစွာ ရပ်တည်နေပြီး မျက်စိကျိန်းလောက်အောင် တောက်ပသော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်ထညးသည်။

ထိုစေတီသည် နေမင်းငယ်လေးတစ်စင်းနှင့် တူညီနေသည်။

ဤအချိန်အခိုက်အတန့်တွင် စေတီ၏တံခါးသည် ကျယ်လောင်စွာပွင့်ဟနေပြီး ကျုံးချင် ရောက်ရှိလာမည်ကို ကြိုဆိုနေသည့်အလားပင်။

သာမန်လူတစ်ယောက်သည် ဤကဲ့သို့ မြင်ကွင်းမျိုးကို မြင်တွေ့ပါက ဝင်ရမည် မဝင်ရမည်ကို တွန့်ဆုတ်နေနိုင်သည်။

သို့သော် ကျုံးချင်က အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ တိုက်ရိုက်ဝင်သွားခဲ့ပေ၏။

ပထမအချက်အနေဖြင့် သူ့ထံတွင် လုံလောက်သော အားထားစရာဝှက်ဖဲများ ရှိနေသည်။

ဒုတိယအချက်အနေဖြင့် ဤအခြေအနေတွင် သူ့ထံ၌ တခြားသွားစရာ နေရာမရှိပုံရသည်။

သူ ဝင်ရောက်သွားချိန်တွင် ပတ်ဝန်းကျင်မှာ သိုင်းပညာ လေ့ကျင့်ရေးကွင်းပြင် တစ်ခုအလား ဗလာဟင်းလင်း ဖြစ်နေခဲ့သည်။

နံရံများပေါ်တွင် ထူးဆန်းသော ပန်းပုများဖြင့် ဖုံးလွှမ်းနေသည်။

ပျံသန်းနေသောသားရဲများ လမ်းလျှောက်နေသောသားရဲများ ကောင်းမြတ်သော လက္ခဏာရှိသည့်ချီလင် နတ်ဘုရားများ နတ်ဆိုးများ ဗုဒ္ဓများ...

မျိုးနွယ်စုများနှင့် သက်ရှိများအားလုံးကို ထိုနံရံများအပေါ်တွင် ထွင်းထုထားသည့်အလားပင်။

ဤပန်းပုများသည် အသက်ဝင်ပြီး တင့်တယ်လှပမှုများဖြင့် ပြည့်နှက်နေကာ ရှေးဟောင်း အနှစ်သာရများဖြင့် ပြည့်နှက်နေသည်။ အချိန်ကြာမြင့်စွာကြည့်နေပါက သူတို့သည် နံရံဆေးရေး ပန်းချီကားများထဲမှ မည်သည့်အချိန်တွင်မဆို လျှောက်လှမ်းထွက်လာနိုင်သကဲ့သို့ ဖြစ်နေသည်။

ကျုံးချင်သည် နံရံပေါ်ရှိ ပန်းချီကားများကို စိုက်ကြည့်နေစဉ်မှာပင် နံရံပေါ်ရှိ အက်ကွဲကြောင်းတစ်ခုမှ နတ်ဘုရားအလင်းတန်းတစ်တန်း ဖြာထွက်လာခဲ့သည်။

ထိုအလင်းတန်းသည် နောက်ဆုံးတွင် လူသားပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပေ၏။

အဖြူရောင် ဝတ်ဆင်ထားပြီး တင့်တယ်လှပသော ကိုယ်နေဟန်ထားနှင့် နက်ရှိုင်းသော မျက်နှာသွင်ပြင်များရှိသည့် ထိုပုံရိပ်ကို ကျုံးချင်က ကြည့်လိုက်၏။

ဒါ... ဒါက ငါကိုယ်တိုင် မဟုတ်ဘူးလား...

အချိန်တခဏအတွင်းတွင် သူသည် ကြေးမုံမှန် တစ်ချပ်ကို ကြည့်နေရသကဲ့သို့ ခံစားလိုက်ရပြီး မှန်ထဲရှိလူက သူ့ထံသို့ လျှောက်လှမ်းလာခဲ့သည်။

ဤမြင်ကွင်းမှာ အလွန်ထူးဆန်းလှသည်။

ပုံရိပ်ယောင် သူတော်စင်စေတီ၏ အပြင်ဘက်တွင်....

သရဲစိမ်းနှင့်မိုးခေါင်မီးတို့သည် လေဟာနယ် အတွင်းတွင် ပုန်းအောင်းနေခဲ့ကြ၏။

ကျုံးချင်၏လှုပ်ရှားမှုတိုင်းကို သူတို့ ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။

ကျုံးချင်၏မျက်နှာပေါ်ရှိ အံ့အားသင့်နေသော အမူအယာကို မြင်ချိန်တွင် သရဲစိမ်းမှာ စိတ်အခြေအနေ အလွန်ကောင်းမွန်ပြီး ပြောဆိုလိုက်သည်။

"ဒီစမ်းသပ်မှုက အရင်ဝင်္ကပါတွေနဲ့ မတူဘူး...စေတီမှာ အထပ်ဆယ်ထပ်ရှိပြီးတော့ အထပ်တစ်ခုစီတိုင်းက ငရဲအဆင့် အခက်အခဲ လို့ ဆိုနိုင်တယ်..."

"ပထမထပ်မှာ စေတီအတွင်းက စည်းမျဉ်းတွေက သူ့ရဲ့ကိုယ်ပိုင် ကျင့်ကြံဆင့်နယ်ပယ်အပေါ် အခြေခံပြီးတော့ သူကိုယ်တိုင်ရဲ့ပုံရိပ်ကို ဖော်ဆောင်ပေးလိမ့်မယ်..."

"တူညီတဲ့နယ်ပယ်ဖြစ်ပေမဲ့ ပုံရိပ်ယောင်ရဲ့စွမ်းအားက ပင်မခန္ဓာကိုယ်ထက် ဆယ်ဆပိုများတယ်..."

"ပထမထပ်ကို အောင်မြင်ဖို့အတွက် သူက သူ့ကိုယ်သူ အနိုင်ယူရမယ်..."

"တကယ်လို့ သူက သူ့ကိုယ်သူ အနိုင်ယူဖို့ တကယ်ကြီး အောင်မြင်ခဲ့ရင်တောင် ဒုတိယထပ်က သူ့ရဲ့ နောက်ဆုံးစွမ်းဆောင်ရည်အပေါ် အခြေခံပြီးတော့ သူ့ထက် ဆယ်ဆပိုပြီးအားကောင်းတဲ့ သူ့ရဲ့ပုံရိပ်ယောင်ကို ဖော်ဆောင်ပေးလိမ့်မယ်... အဲဒီလိုနဲ့ ဆက်သွားမှာပဲ..."

"ဒီစမ်းသပ်မှုက မှော်ရတနာတွေ အားလုံးကို ကန့်သတ်ထားတယ်... ဒါက စွမ်းအားသက်သက်ကို စစ်ဆေးတာပဲ..."

"ကန့်သတ်ချက်တွေကို ချိုးဖျက်ပြီးတော့ ကန့်သတ်ချက်တွေကို ကျော်လွန်မှပဲ စမ်းသပ်မှုကို အောင်မြင်နိုင်တာ..."

"သူ့ရဲ့ နောက်ထပ် စွမ်းဆောင်ရည်ကို ငါ တကယ်ကို မျှော်လင့်မိတယ်..."

သူ၏မျက်နှာပေါ်တွင် ဝမ်းသာအားရဖြစ်နေသော အပြုံးတစ်ခု ဖြတ်ပြေးသွားပေ၏။

မိုးခေါင်မီးကလည်း အော်ဟစ်ရယ်မောလိုက်သည်။

"စမ်းသပ်ကွင်းပြင်တွေ ထွက်ပေါ်လာကတည်းက နှစ်တစ်သောင်း ကုန်လွန်သွားခဲ့ပြီ..."

"ဒီနှစ်တစ်သောင်းအတွင်းမှာ မရေမတွက်နိုင်တဲ့ သက်ရှိတွေတွေက စမ်းသပ်ကွင်းပြင်တွေမှာ ပါဝင်ခဲ့ကြတယ်..."

"ပြီးတော့ ပါဝင်ခွင့်ရတဲ့သူတွေ အားလုံးက အစစ်အမှန် ပါရမီရှင်တွေချည်းပဲ..."

"သူတို့ထဲမှာ မုန်တိုင်းတွေကို ဖြစ်ပေါ်စေခဲ့တဲ့ လောကတဝှမ်းမှာ နာမည်ကြီးတဲ့ ပြီးတော့ အံ့အားသင့်ဖို့ကောင်းတဲ့ ပါရမီတွေကို ပိုင်ဆိုင်ထားတဲ့ သူတွေ မရှားပါးဘူး..."

"ဒါပေမဲ့ ဘယ်လောက်ပဲ အံ့အားသင့်ဖို့ကောင်းတဲ့ ပါရမီမျိုး ရှိနေပါစေ.... ဒီစမ်းသပ်မှုကို မအောင်မြင်ခင်မှာ သူတို့ရဲ့စွမ်းအားတွေ ကုန်ဆုံးသွားပြီးတော့ သေလုမျောပါး အတွေ့အကြုံ တစ်ခုကို ခံစားခဲ့ရတာချည်းပဲ..."

"ပထမဆုံး စမ်းသပ်မှုနှစ်ခုမှာ အောင်မြင်မှုရာခိုင်နှုန်း နည်းနည်းတော့ ရှိသေးပေမဲ့ ဒီ စမ်းသပ်မှုကတော့ တကယ့်ကို လူတစ်သောင်းမှာ တစ်ယောက်ပဲ အောင်မြင်ခဲ့တယ်..."

"ပုံရိပ်ယောင် သူတော်စင်စေတီကို ပါရမီရှင်သင်္ချိုင်းလို့ လူသိများတယ်..."

"သူက စမ်းသပ်မှုကို အောင်မြင်နိုင်မလား မအောင်မြင်နိုင်ဘူးလား ဆိုတာက အဓိက မဟုတ်ဘူး... ဒါပေမဲ့ ပထမထပ်မှာ နည်းလမ်းအားလုံးကို အသုံးပြုပြီးတော့ သူ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်ထက် ဆယ်ဆပိုအားကောင်းတဲ့ သူ့ကိုယ်သူ အနိုင်ယူပြီးတဲ့နောက် သူ ဒုတိယထပ်ကို ရောက်သွားတဲ့အချိန်မှာ ရုတ်တရက်ကြီး 'အမ်... ငါ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်ထက် ဆယ်ဆ ပိုအားကောင်းတဲ့ နောက်ထပ် ငါကိုယ်တိုင် က ဘယ်လိုလုပ်ပြီး ပေါ်လာရတာလဲ' လို့ တွေ့လိုက်ရတဲ့အချိန်ကျရင်..."

"အဲ့ဒါက တော်တော် စိတ်ဝင်စားစရာကောင်းတဲ့ အရာ ဖြစ်လိမ့်မယ်..."

ဤအခြေအနေကို သူတို့ တွေးမိသည်နှင့် တစ်ပြိုင်နက် သူတို့နှစ်ယောက်သား လှောင်ပြောင်ရယ်မောလိုက်ကြ၏။

သူတို့ ဝမ်းသာအားရ ဖြစ်နေခြင်း မဟုတ်ချေ။

ကျုံးချင်၏ လမ်းတလျှောက်လုံး စွမ်းဆောင်ရည်က သူတို့ကို အကြိမ်ကြိမ် ပါးဖြတ်ရိုက်ခဲ့ပြီး သူတို့၏မျက်နှာများကို ယောင်ယမ်းလာစေသောကြောင့်ပင်။

သူ ဆုတ်ယုတ်မှုတစ်ခု ခံစားရသည်ကို မြင်တွေ့ခွင့်သည် နောက်ဆုံး၌ ရရှိတော့မည်ဖြစ်သဖြင့် သူတို့အလွန်အမင်း ဝမ်းသာကာ စိတ်ကျေနပ်နေခဲ့ကြသည်။

အပြင်ဘက်တွင် မျက်လုံးနှစ်စုံက သူ အရူးလုပ်ခံရသည်ကို ကြည့်ရန် စိတ်အားထက်သန်စွာ ပြင်ဆင်နေကြကြောင်း ကျုံးချင် မသိခဲ့ချေ။

သူနှင့်တူညီသော နောက်ထပ်လူတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာခြင်းကြောင့် သူ အနည်းငယ် အံ့အားသင့်သွားပေ၏။

ဤသည်မှာ ဆင်တူမှုပြဿနာ မဟုတ်တော့ချေ။

သူတို့သည် ပုံစံခွက် တစ်ခုတည်းမှ ထွင်းထုထားသကဲ့သို့ ဖြစ်နေသည်။

ထို့ပြင် ပြိုင်ဘက်၏ခွန်အားမှာ သေးငယ်သော အရာ မဟုတ်ကြောင်း သူ ပြောနိုင်သည်။ ပြိုင်ဘက်၏ကျင့်ကြံဆင့်နယ်ပယ်မှာ အမှန်တကယ်ကိုပင် သူ၏ အဆင့်နှင့် တူညီနေခဲ့သည်။

အားကောင်းသော သွေးချီများပင်လျှင် သူ့ထက် ဆယ်ဆပြင်းထန်နေခဲ့သည်။

ကျုံးချင် အနည်းငယ် နားလည်သွားခဲ့သည်။

ဤစေတီ၏ရည်ရွယ်ချက်မှာ ပုံရိပ်ယောင်ကို ထင်ဟပ်စေပြီး ကိုယ့်ကိုယ်ကိုယ် အနိုင်ယူစေခြင်းပင်။

ကိုယ့်ကိုယ်ကိုယ် အနိုင်ယူခြင်းဖြင့်သာ စမ်းသပ်မှုကို အောင်မြင်နိုင်ပေမည်။

လူတစ်ယောက်၏အကြီးမားဆုံး ရန်သူမှာ မကြာခဏဆိုသလို သူကိုယ်တိုင်ဖြစ်သည်ဟု ဆိုကြ၏။

တခြားသူများအတွက် ဤစမ်းသပ်မှုမှာ သေချာပေါက် ငရဲအဆင့် အခက်အခဲ ဖြစ်ပေလိမ့်မည်။

ထို့ပြင် ထိုအရာမှာ ဆယ်ဆ ပို၍အားကောင်းသော သူကိုယ်တိုင် ဖြစ်နေသည်။

သို့သော် အဆင့်တူချေမှုန်းခြင်းစွမ်းရည်ကို ပိုင်ဆိုင်ထားသည့် ကျုံးချင်အတွက်မူ တူညီသော နယ်ပယ်တွင် ရှိနေသရွေ့ ဧကရာဇ် တစ်ပါးပင်လျှင် သူ့ရှေ့၌ ဒူးထောက်ရပေမည်။

ကျုံးချင်က သူ၏ပုံရိပ်ယောင်ကို အကဲခတ်နေစဉ် ထိုလူကလည်း သူ့ကို အကဲခတ်နေခဲ့သည်။

သူက ပြောဆိုလိုက်၏။

"ကျေးဇူးပြုပြီး..."

သူက လက်တစ်ဖက်ကို ဆန့်တန်းကာ ကျုံးချင်ကို အရင်လှုပ်ရှားရန် အချက်ပြလိုက်သည်။

အရိုးထဲအထိ စွဲနေသော ဤသောက်ရေးမပါသည့် ယဉ်ကျေးမှုက ကျုံးချင်ကို အနည်းငယ် စိတ်မကျေမနပ် ဖြစ်သွားစေခဲ့သည်။

မလိုအပ်သော စကားများ မပြောတော့ဘဲ သူက ပေါ့ပေါ့ပါးပါး လက်ဟန်ပြလိုက်ရာ ဓားချီတစ်လှိုင်း ထွက်ပေါ်လာသည်။ ထို့နောက် ပုံရိပ်ယောင်သည် သေစေနိုင်သော ဓားချက် တစ်ချက်တည်းဖြင့် နှစ်ပိုင်းပြတ်တောက်သွားပေ၏။

သူ၏အဆင့်တူချေမှုန်းနိုင်ခြင်း စွမ်းရည်မှာ ဤမျှထိပင် လွှမ်းမိုးနိုင်စွမ်းရှိသည်။

Thank For Reading.

All Chapters