အခန်း (၁၉၆-၁၉၈)
Vol. 14 Ch. 196-198
အခန်း ၁၉၆ : ဓားနည်းစနစ်
"လာခဲ့ပါ..."
ချင်းမင်က တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောဆိုလိုက်၏။
ကျွယ်ဝူယသည် အမှန်တကယ်ကို ဓားတာအို၌ ပါရမီရှင်တစ်ဦးပင်။ သူ၏မည်သည့် ပေါ့ဆမှုမဆို အားနည်းချက်ကို အခွင့်ကောင်းယူခြင်း ခံရနိုင်သည်။
ဝှစ်ခနဲအသံတစ်သံ ကြားလိုက်ပြီး ကျွယ်ဝူယသည် မူလနေရာမှ ပျောက်ကွယ်သွားကာ ချင်းမင်၏ရှေ့၌ ပြန်လည်၍ ထွက်ပေါ်လာသည်။
ကျွယ်ဝူယသည် သူ၏ဓားဖြင့် ချင်းမင်အား ထိုးစိုက်လိုက်၏။ သူ၏ ဓားထောင့်ချိုးသည် လှည့်စားမှုပါဝင်ပြီး မြန်ဆန်မှုက လေပြင်းကဲ့သို့ ဖြစ်ကာ အသံတစ်စက်မျှ ထွက်ပေါ်မလာချေ။
"အရမ်းနှေးလွန်းတယ်..."
ချင်းမင်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ဓားကို သူ၏လက်ဝါးဖြင့် ရိုက်ချကာ ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။ ထို့နောက် ကျွယ်ဝူယ၏ရှေ့၌ ချင်းမင် ထွက်ပေါ်လာပြီး သူ၏ရင်ဘတ်ဆီသို့ လက်သီးဖြင့် ထိုးနှက်လိုက်၏။
ကျွယ်ဝူယ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး ရှေးဟောင်းသားရဲကြီးတစ်ကောင်၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ နောက်ဆုတ်ချင်စိတ်များ ဖြစ်ပေါ်လာသည်။
ဤအချိန်အခိုက်အတန့်၌ ချင်းမင်သည် ကျွယ်ဝူယ၏ တုံ့ပြန်မှုကို ကြိုတင်ခန့်မှန်းထားသည့်အလား သူ ရှောင်တိမ်းမည့်လမ်းကြောင်း၌ ကြိုတင်ရောက်ရှိနေပြီး သူ၏ရင်ဘတ်ကို လက်သီးဖြင့် ခပ်ဖွဖွထိုးလိုက်၏။
ကျွယ်ဝူယ ချက်ချင်းဟန်ချက်ပျက်သွားကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။
ချင်းမင်သည် သူ၏လက်သီးကို လက်ဝါးအဖြစ် ပြောင်းလဲလိုက်ပြီး ကျွယ်ဝူယ၏ ခန္ဓာကိုယ်ကို ဖမ်းထိန်းပေးလိုက်သည်။
"ငါ ရှုံးသွားပြီ..."
မတ်တတ်ထရပ်လိုက်သော ကျွယ်ဝူယက သူ၏လက်ကိုပူးဆုပ်ပြီး ပြောဆိုသည်။
ချင်းမင်က အပြုံးနှင့် တုံ့ပြန်လိုက်၏။
"ကိစ္စမရှိပါဘူး... ငါက မင်းထက် တိုက်ခိုက်ရေး အတွေ့အကြုံ ပိုများနေလို့ပါ... နောက်ထပ် အချိန်နည်းနည်းငယ်လောက် ထပ်ပြီးကျင့်ကြံလိုက်ရင် မင်းက ငါ့ထက် သေချာပေါက် ပိုတော်လာမှာပါ..."
ကျွယ်ဝူယက ခေါင်းခါယမ်းပြီး ပြောဆိုသည်။
"ရှုံးတာက ရှုံးတာပါပဲ... ဒါ့ပြင် မင်းက ဘယ်လိုလုပ်ပြီးတော့ ငါ့ထက် တိုက်ခိုက်ရေး အတွေ့အကြုံ ပိုများနိုင်မှာလဲ... ငါက နေ့တိုင်း နတ်ဆိုးသားရဲတွေနဲ့ တိုက်ခိုက်နေတာ တစ်နေ့ကို အကြိမ်ပေါင်းများစွာပဲလေ... မင်းက အသက်ဘယ်လောက် ရှိသေးလို့လဲ..."
ချင်းမင်က ပြုံးလိုက်သော်လည်း ရှင်းပြခြင်း မပြုချေ။
သူသည် နှစ်ပေါင်းတစ်သောင်းကျော် အသက်ရှင်နေထိုင်ခဲ့သူပင်။ သူသည် သိုင်းပညာကို ရူးသွပ်သူ တစ်ယောက် မဟုတ်လျှင်ပင် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးပေ၏။
ထို့ပြင် သူသည် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီး တစ်နှစ်လျှင် အကြိမ်အနည်းငယ်သာ တိုက်ခိုက်ခဲ့လျှင်ပင် စုစုပေါင်းတိုက်ပွဲအရေအတွက်သည် ကျွယ်ဝူယနှင့် နှိုင်းယှဉ်၍မရနိုင်အောင် များပြားလှသည်။
ထိုမျှသာမက သူသည် တစ်နှစ်လျှင် အကြိမ်အနည်းငယ်သာ မည်သို့ တိုက်ခိုက်မည်နည်း...
အတိတ်ဘဝက ကျွယ်ဝူယသည် သူ့ကို အမြဲတစေ အနိုင်ယူနိုင်ခဲ့ကာ ဓားနည်းစနစ် လေ့ကျင့်ရန် သူ့ကို မကြာခဏ လာရောက်ရှာဖွေလေ့ရှိသည်။
သို့သော် ယခုအချိန်၌မူ သူသည် အတိတ်ဘဝက ရှုံးကြွေးကို နောက်ဆုံးတွင် ပြန်လည်ပေးဆပ်နိုင်ခဲ့လေပြီ။
"မင်း အဲ့ဒါကို ဘယ်လိုလုပ်လိုက်တာလဲ..."
ကျွယ်ဝူယက ချင်းမင်အား စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
ချင်းမင်၏ အစောပိုင်းက လှုပ်ရှားမှုများသည် အလွန်လျှင်မြန်ခြင်း မရှိသော်လည်း သူ့ထံတွင် ပုန်းအောင်းစရာ နေရာမရှိသကဲ့သို့ ခံစားနေရပေ၏။
သူသည် ထွက်ပြေးချင်သော်လည်း သွားစရာလမ်းမရှိအောင် သူ့ကို ချည်နှောင်ထားသည့် 'အရှိန်အဝါ'တစ်မျိုးကို သယ်ဆောင်ထားသကဲ့သို့ ဖြစ်နေသည်။
"မင်းဆီမှာ ဓားအပိုတွေ ရှိသေးလား..."
ချင်းမင်က ရုတ်တရက် မေးမြန်းလိုက်၏။
"ရှိတယ်... ဒါပေမဲ့ ငါ့ရဲ့ဓားတွေ အားလုံးက အထူးပြုလုပ်ထားတဲ့ ဓားရှည်တွေချည်းပဲ..." ထိုသို့ပြောဆိုရင်း ကျွယ်ဝူယသည် သူ၏သိုလှောင်လက်စွပ်ထဲမှ ဓားရှည်တစ်လက်ကို ထုတ်ယူကာ မေးမြန်းသည်။
"ဘာလို့ မေးတာလဲ..."
"အဲ့ဒီဓားကို ခဏပေး... တကယ်လို့ ငါက ဒီအတိုင်း ပြောပြရုံဆိုရင် မင်း ခံစားမိမှာ မဟုတ်ဘူး...မင်းကိုယ်တိုင် ဝင်ပါမှပဲ ဓားနည်းစနစ်တွေထဲက နက်နဲတဲ့ လျှို့ဝှက်ချက်တွေကို ခံစားသိရှိနိုင်လိမ့်မယ်..."
ချင်းမင်က ပြောဆိုလိုက်သည်။
"မင်းက ဓားနည်းစနစ်တွေကိုလည်း သိနေတာလား... ဒါပေမဲ့ ဒီလိုဓားမျိုးက အထူးပြုလုပ်ထားတဲ့ ဓားရှည်ဖြစ်လို့ မင်း အသားကျမှာ မဟုတ်ဘူးနော်..."
ကျွယ်ဝူယက ချင်းမင်အား ဓားရှည်ကို လက်ကမ်းပေးရင်း ပြောဆိုလိုက်၏။
ချင်းမင်သည် ထိုဓားကိုယူကာ ပေါ့ပေါ့ပါးပါး လှည့်ပတ်ကစားလိုက်ပြီးနောက် ပြောဆိုသည်။
"အဆင်ပြေပါတယ်... ဒီလိုဓားမျိုးက ပေါ့ပါးပြီး မြန်ဆန်လို့ ငါ သဘောကျတယ်..."
ချင်းမင်၏ ဓားကစားမှုကို ကြည့်ရင်း ကျွယ်ဝူယသည် ချက်ချင်းဆိုသလိုပင် တည်ကြည်လေးနက်သွားပေ၏။
ဆိုရိုးစကားရှိသည့်အတိုင်း ကျွမ်းကျင်သူတစ်ဦး၏ လှုပ်ရှားမှုက အရာအားလုံးကို ထုတ်ဖော်ပြသနေသည်။ ချင်းမင် ပြုလုပ်သွားသော ဓားကစားမှုသည် သူ၏လှုပ်ရှားမှုထက် ပို၍လှပသေသပ်နေသည်။ သူသည် ဘဝတသက်လုံး ဓားကို အသုံးပြုလာခဲ့သူ တစ်ယောက်ပင်။
ထို့ပြင် ဤဓားသည် သူကိုယ်တိုင် အသုံးပြုရန် အသင့်တော်ဆုံးဖြစ်အောင် အထူးပြုလုပ်ထားခြင်း ဖြစ်ပေ၏။
သို့သော် ယခုချိန်၌ ချင်းမင်၏ လက်ထဲတွင် ဤဓားသည် ချင်းမင်အတွက် အထူးသီးသန့် ပြုလုပ်ထားသကဲ့သို့ ခံစားရပြီး သူသည် အပျော်တမ်းဓားသမား တစ်ယောက်သာ ဖြစ်နေသည့်အလားပင်။
"အဆင်သင့်ဖြစ်ပြီလား..."
ချင်းမင်က တည်ငြိမ်သောအသံဖြင့် မေးမြန်းလိုက်သည်။
"အဆင်သင့်ပဲ... လာခဲ့ပါ..."
ကျွယ်ဝူယသည် ချင်းမင်၏တိုက်ခိုက်မှုကို ရင်ဆိုင်ရန် အနေအထားကို ချက်ချင်းပြင်ဆင်လိုက်၏။
ချင်းမင်သည် ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြီး သူ၏ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်းညွတ်လိုက်ရာ သူ၏အရှိန်အဝါ ရုတ်တရက် ပြောင်းလဲသွားသည်။ အကယ်၍ အစောပိုင်းက လက်သီးများကို အသုံးပြုခဲ့သော ချင်းမင်သည် ထိုက်တောင်ကြီးကဲ့သို့ မြင့်မားခန့်ညားနေပါက ယခုအချိန်တွင်မူ သူသည် ပင်လယ်သမုဒ္ဒရာကဲ့သို့ နက်နဲသိမ်မွေ့ကာ ခန့်မှန်းရခက်နေပေ၏။
အခန်း ၁၉၇: ဓားနည်းစနစ် သင်ကြားခြင်း
ချင်းမင်၏အမြန်နှုန်းသည် ကျွယ်ဝူယလောက် မမြန်ဆန်ချေ။ အမှန်အားဖြင့် သူသည် ဖြည်းညှင်းစွာ ပြေးလွှားနေသဖြင့် ချင်းချင်းပင်လျှင် သူ့ကို ရှင်းလင်းစွာ တွေ့မြင်နိုင်ပေ၏။
သို့သော် ကျွယ်ဝူယသည် တောင်ကြီးတစ်လုံး ဖိနှိပ်ခံရသကဲ့သို့ ခံစားရပြီး ချင်းမင်၏ တည်ရှိမှုသည် သူ ပို၍ပို၍ကျော်လွှားနိုင်စွမ်းမရှိအောင် ဖြစ်လာသည်။
ဤအတိုင်း ဆက်သွား၍မရကြောင်း သူ သိထားသည်။ အကယ်၍ ချင်းမင်ကို အရှိန်အဟုန်များ ဆက်လက်တည်ဆောက်ခွင့် ပေးထားပါက သူတို့ တိုက်ပွဲမစတင်မီမှာပင် သူ လှုပ်ရှားရန် သတ္တိများ ပျောက်ဆုံးသွားနိုင်ပေ၏။
ထို့ကြောင့် ကျွယ်ဝူယသည် အလွန်အကျွံ တွေးတောနေခြင်းကို ရပ်တန့်လိုက်ပြီး ရှေ့သို့ ရုတ်တရက် ပြေးထွက်ကာ ချင်းမင်ဆီသို့ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
ဓားသည် လေထုကို ဖြတ်တောက်သွားကာ အပြင်ဘက်သို့ ပျံ့နှံ့သွားသော လှိုင်းဂယက်များကို ဖန်တီးလိုက်သည်။
ထိုဓားချက်သည် လျှပ်စီးလက်သကဲ့သို့ အလွန်အမင်း မြန်ဆန်လှသည်။ ဤသည်မှာ ကျွယ်ဝူယ၏ အစစ်အမှန် စွမ်းအားပင်။
ဝှစ်....
တိုးညှင်းသော အသံနှင့်အတူ ချင်းမင်သည်လည်း သူ၏ဓားကို ခုတ်ပိုင်းလိုက်ပြီး ကျွယ်ဝူယ၏ဓားထိပ်ဖျားကို တိတိကျကျ ရိုက်ခတ်လိုက်ပေ၏။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
ကျွယ်ဝူယ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။ သူ၏ဓားနည်းစနစ်သည် အမြန်နှုန်းကြောင့် နာမည်ကြီးပြီး သူသည် မြန်ဆန်သော ဓားနည်းစနစ်များကို အထူးပြုလေ့လာထားသည်။
ယခု၌မူ သူ ဂုဏ်ယူရသော မြန်ဆန်သည့် ဓားချက်သည် ဓားထိပ်ဖျားကို တိုက်ရိုက်ရိုက်ခတ်ခံလိုက်ရသည်။ ဤသည်မှာ မည်မျှထိ အံ့အားသင့်ဖွယ်ကောင်းသနည်း။
ချင်းမင်၏ ဓားနည်းစနစ်သည် သူ၏အမြန်နှုန်းကို လုံးဝလျစ်လျူရှုနိုင်လောက်အောင် မြန်ဆန်နေခြင်း ဖြစ်နိုင်ကြောင်း သူ တွေးတောမိသည်။
ထိုအတွေးသည် သူ၏စိတ်ထဲတွင် ချက်ချင်း ဖြတ်ပြေးသွားပြီး ကျွယ်ဝူယသည် အာရုံစူးစိုက်ကာ သူ၏ခွန်အားကုန် အသုံးပြုလိုက်၏။
သူသည် တိုက်ပွဲအလယ်တွင် ရှိနေသဖြင့် အာရုံလွင့်ပါးခံ၍ မရချေ။ သူသည် ဤတိုက်ပွဲကို အရင်ဆုံး အဆုံးသတ်ရပေမည်။
သို့သော် ကျွယ်ဝူယသည် ပို၍တိုက်ခိုက်လေလေ ပို၍ထိတ်လန့်တုန်လှုပ်လာလေပင်။ ချင်းမင်သည် သူ့ကို လှုပ်ရှားမှုများ ကွက်ကွက်ကွင်းကွင်း လမ်းပြပေးနေသည်။
သူ၏လှုပ်ရှားမှုများ အားလုံးသည် ခံစစ်များဖြစ်ပြီး တိုက်ခိုက်မှု အလွန်နည်းပါးသည်။ အမှန်အားဖြင့် ချင်းမင်သည် သူ၏ဟာကွက်အမြောက်အများကို ဖမ်းဆုပ်မိနေပြီ ဖြစ်သော်လည်း ထိုအခွင့်အရေးများကို စွန့်လွှတ်ခဲ့ပေ၏။
ထိုဟာကွက်များထဲမှ မည်သည့်တစ်ခုမဆို သူ့ကို ရှုံးနိမ့်သွားစေနိုင်သော်လည်း ချင်းမင်သည် အခွင့်အရေး မယူခဲ့ချေ။ ဤသည်မှာ သူ့ကို ဓားနည်းစနစ်အား လေ့ကျင့်ပေးနေသည့်အလားပင်။
ကျွယ်ဝူယသည် အလွန်အကျွံ တွေးတောနေခြင်းကို ရပ်တန့်လိုက်ပြီး ချင်းမင်၏ ဓားနည်းစနစ်ကို ခံစားသိရှိရန် အာရုံစိုက်လိုက်သည်။
ချင်းမင်က ဓားနည်းစနစ်ကို ပြသလိုသောကြောင့် သူကလည်း ငြင်းဆန်နေမည် မဟုတ်ချေ။
"ပြီးသွားပြီ..."
ချင်းမင်က ကျွယ်ဝူယ၏ခေါင်းဆီသို့ ဓားဖြင့်ချိန်ရွယ်ကာ ပြောဆိုလိုက်၏။
"ဓားနည်းစနစ်ကို ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
ကျွယ်ဝူယက ရိုးသားစွာ ပြောဆိုလိုက်သည်။
ချင်းမင်သည် သူ့အား ဓားကွက်များ သရုပ်ပြနေကြောင်းကို သူ ကောင်းစွာသိရှိထားသည်။
ဤဓားကွက်များသည် သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းပြီး ခန့်မှန်းရခက်ကာ တစ်ကွက်ပြီးတစ်ကွက် ဆက်တိုက်ဆိုသလို အဆုံးအစမရှိ ဖြစ်ပေါ်နေသည်။
ထို့ပြင် အံ့အားသင့်စရာအကောင်းဆုံးမှာ ဤဓားနည်းစနစ်သည် မြန်ဆန်မှုဆိုသည့် သူ၏ပုံစံနှင့် လုံးလုံးလျားလျား ကိုက်ညီနေခြင်းပင်။
အကယ်၍ ချင်းမင်သာ အစွမ်းကုန် အသုံးပြုခဲ့ပါက သူသည် သုံးကွက်ပင် တောင့်ခံနိုင်မည် မဟုတ်ကြောင်း သူ အကြွင်းမဲ့ ယုံကြည်နေသည်။
"မင်း ဒါကို လိုချင်လား..."
ချင်းမင်က အပြုံးနှင့် မေးမြန်းလိုက်၏။
မျက်မမြင်မဟုတ်သူတိုင်း ကျွယ်ဝူယ၏ မျက်လုံးထဲမှ အရိပ်အယောင်ကို မြင်နိုင်သည်။ သူသည် ဤဓားနည်းစနစ်အပေါ် မျက်စိကျနေပေ၏။
"လိုချင်တယ်..." ကျွယ်ဝူယက ပွင့်လင်းစွာ ဝန်ခံလိုက်သည်။
သူသည် မြန်ဆန်သော ဓားနည်းစနစ်များကို ကျင့်ကြံနေပြီး အစောပိုင်းက ချင်းမင် ပြသသွားသော ဓားနည်းစနစ်သည် အမြန်နှုန်း အလွန်မြင့်မားလေရာ သူ မည်သည်ကြောင့် လိုချင်စိတ်မရှိဘဲ နေမည်နည်း။
"ကောင်းပြီ... ဒါဆိုရင် ငါ မင်းကို သင်ပေးမယ်..."
ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။
ထို့နောက် သူသည် ဓားနည်းစနစ်၏ နက်နဲသိမ်မွေ့မှုများကို အစမှအဆုံးထိ ရှင်းပြလိုက်၏။ ဓား၏လှုပ်ရှားမှုများကို မည်သို့ ပြောင်းလဲရမည် မည်သို့ ဖျက်ဆီးရမည် ဓားကို အသုံးပြုရာတွင် မည်သည့် စိတ်သဘောထားမျိုး ရှိရမည် စသည်တို့ကို ချင်းမင်က နက်နက်ရှိုင်းရှိုင်းနှင့် ရှင်းလင်းစွာ ရှင်းပြလေသည်။
ကျွယ်ဝူယက ဤဓားနည်းစနစ်သည် နက်နဲသိမ်မွေ့ပြီး ဖော်ပြ၍မရနိုင်အောင် အံ့အားသင့်ဖွယ်ကောင်းကြောင်း ခံစားရကာ အပြည့်အဝ စိတ်ဝင်စားစွာဖြင့် နားထောင်နေသည်။
"အံ့အားသင့်ဖို့ ကောင်းလိုက်တာ... တကယ့်ကို အံ့အားသင့်စရာပဲ... ဓားနည်းစနစ်ကို ဒီလိုမျိုး သုံးလို့ရတာကိုး..."
ကျွယ်ဝူယက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ဒါတွေက သိုင်းဧကရာဇ်နယ်ပယ်အတွက် ဓားနည်းစနစ်တွေပဲ... အဲ့ဒီထက်ပိုရင်တော့ စိတ်ဝိညာဉ်စွမ်းအားနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်တယ်... မင်းက စိတ်ဝိညာဉ်ကို မကျင့်ကြံရသေးဘူးလေ... ဒါကြောင့် တကယ်လို့ ငါ ပြောပြရင်တောင် မင်း နားလည်မှာ မဟုတ်ဘူး..."
ချင်းမင်သည် ဓားနည်းစနစ်၏ ရှင်းလင်းချက်ကို ပို၍နက်ရှိုင်းစွာ မပြောတော့ဘဲ သိုင်းဧကရာဇ်နယ်ပယ်၌သာ ရပ်တန့်လိုက်သည်။
သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များကို သိုင်းဝိညာဉ်များအဖြစ် ပြောင်းလဲထားသော သိုင်းဝိညာဉ်နယ်ပယ် ကျင့်ကြံသူများသည် သိုင်းဧကရာဇ်များနှင့် နှိုင်းယှဉ်ပါက ခွန်အားအရာ၌ ကောင်းကင်နှင့်မြေပြင်ကဲ့သို့ ကွာခြားပေ၏။
ဓားကို အသုံးပြုသည့် နည်းလမ်းသည်လည်း များစွာကွာခြားလှသည်။ သူ ယခု ရှင်းပြလျှင်ပင် စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုမှုများအား နားမလည်ဘဲနှင့် ကျွယ်ဝူယ နားလည်သဘောပေါက်နိုင်မည် မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ အနာဂတ်တွင် အချိန်များစွာ ကျန်ရှိနေဆဲပင်။ ကျွယ်ဝူယသည် သိုင်းဝိညာဉ်နယ်ပယ်သို့ ရောက်ရှိသွားသည့်အချိန်မှ သူ ရှင်းပြလျှင်လည်း နောက်ကျမည် မဟုတ်ပေ။
အခန်း ၁၉၈ :မင်း လိုချင်လား
"လုံလောက်ပြီ... လုံလောက်ပြီ... မင်း သင်ပေးခဲ့တာတွေက ငါ အချိန်တစ်ခုအထိ နားလည်သဘောပေါက်ဖို့ လုံလောက်နေပြီ... တကယ်လို့ ငါ ဒါတွေကို အပြည့်အဝ နားလည်သွားရင် ငါ့ရဲ့ ဓားပညာက နောက်တစ်ဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်တယ်..."
ကျွယ်ဝူယက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။
ချင်းမင်က ရယ်ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
"ကျေးဇူးတင်ပါတယ်... မင်းက ဒီလောက် အဖိုးတန်တဲ့ ဓားနည်းစနစ်ကို သင်ပေးခဲ့တာ... ငါ ဘယ်လို ကျေးဇူးဆပ်ရမလဲတောင် မသိတော့ဘူး... မင်းရဲ့ကြီးမားတဲ့ ကျေးဇူးတရားအတွက် ငါ ကျေးဇူးတင်စကား ဘယ်လိုပြောရမယ်ဆိုတာတောင် မစဥ်းစားနိုင်တော့ဘူး..."
ကျွယ်ဝူယက ရုတ်တရက် ဦးညွှတ်လိုက်ပြီး တည်ကြည်လေးနက်စွာဖြင့် ပြောဆိုသည်။
"ငါတို့က သူငယ်ချင်းတွေ မဟုတ်ဘူးလား... သူငယ်ချင်းအချင်းချင်းကြားမှာ ဘာလို့ ဒီလိုကျေးဇူးတင်စကားတွေ ပြောနေရတာလဲ..."
ချင်းမင်သည် ကျွယ်ဝူယကို ထူမပေးရင်း ရိုးသားစွာ ပြောဆိုလိုက်၏။
အတိတ်ဘဝက သူတို့၏ဆက်ဆံရေးမှာ အလွန်ရင်းနှီးခဲ့ပေသည်။ ထို့ပြင် ဤဓားနည်းစနစ်ကို ကျွယ်ဝူယကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်ပြီး ချင်းမင်က မူလပိုင်ရှင်ထံသို့ ပြန်လည်ပေးအပ်နေခြင်းသာဖြစ်သည်။
"ဒီဓားနည်းစနစ်ကို ကြည်လင်သောနှလုံးသား ဓားနည်းစနစ်လို့ ခေါ်တယ်... စုစုပေါင်း ရှစ်ဆယ့်တစ်ကွက် ရှိတယ်... နောက်ပိုင်းဓားကွက်တွေ အားလုံးက စိတ်ဝိညာဉ်အသုံးပြုဖို့ လိုအပ်ပြီးတော့ အဲ့ဒီစွမ်းအားက အစပိုင်းဓားကွက်တွေနဲ့ လုံးဝကို ယှဉ်လို့မရဘူး... နောက်ကျရင် မင်း သိလာမှာပါ..."
ချင်းမင်က ပြောဆိုလိုက်သည်။
"ဘာလို့မှန်းတော့ မသိဘူး... ဒါပေမဲ့ ဒီဓားနည်းစနစ်က ငါနဲ့ တထပ်တည်းကိုက်ညီနေတယ်... ဘယ်လိုလဲဆိုတာတော့ ငါ မပြောတက်ဘူး..."
ကျွယ်ဝူယက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ပြပြီး ပြောဆိုလိုက်သည်။
"မင်းအတွက် အထူးသီးသန့် ဖန်တီးထားသလိုမျိုးလား..."
ချင်းမင်က အပြုံးနှင့် မေးမြန်းလိုက်၏။
"ဟုတ်တယ်... ဟုတ်တယ်... မင်း ဘယ်လိုသိတာလဲ..."
ကျွယ်ဝူယက ရယ်မောလိုက်သည်။
"သေချာပေါက် သိတာပေါ့... ငါ မင်းရဲ့ ဓားကွက်တွေကို မြင်ဖူးတယ်... ပြီးတော့ ဒီဓားနည်းစနစ်က မင်းအတွက် အသင့်တော်ဆုံးဆိုတာ သိလို့ သင်ပေးလိုက်တာပဲ..."
ချင်းမင်က တုံ့ပြန်အဖြေပေးသည်။
ဤဓားနည်းစနစ်သည် သိုင်းသူတော်စင်နယ်ပယ်အထွတ်အထိပ်တွင် ကျွယ်ဝူယ ဖန်တီးခဲ့သော အထွတ်အထိပ်လက်ရာတစ်ခုဖြစ်ပြီးကောင်းကင်အဆင့် ဓားနည်းစနစ်များစွာကို ပေါင်းစပ်ထားခြင်း ဖြစ်ပေ၏။
ဤသည်မှာ သူ၏ဂုဏ်ယူရဆုံး လက်ရာလည်း ဖြစ်သောကြောင့် ကျွယ်ဝူယနှင့် သေချာပေါက် ကိုက်ညီနေသည်။
သူကိုယ်တိုင် ဖန်တီးခဲ့သော ဓားနည်းစနစ်ကို သူ့အား ပြန်လည်သင်ကြားပေးရခြင်းမှာ အမှန်တကယ်ပင် အံ့အားသင့်ဖွယ်ကောင်းလှသည်။
"ဒီဓားနည်းစနစ်ရဲ့ အဆင့်က ဘာလဲ..."
ကျွယ်ဝူယက မေးမြန်းသည်။
"ကောင်းကင်အဆင့် အဆင့်မြင့်လေ...အော်... ပြီးတော့ ဒီနည်းစနစ်နဲ့ တွဲဖက်ကျင့်ကြံရမယ့် ကောင်းကင်အဆင့်ကျင့်စဉ်တစ်ခုလည်း ရှိသေးတယ်... မင်း လိုချင်လား..."
ချင်းမင်က မေးမြန်းလိုက်၏။
"ကောင်းကင်အဆင့် အဆင့်မြင့်ဓားနည်းစနစ်..." သူသည် ကောင်းကင်အဆင့် ဓားနည်းစနစ်တစ်ခုကို သင်ယူခဲ့မိသလောဟု တွေးတောကာ အံ့အားသင့်သွားသည်။
ကောင်းကင်အဆင့် နည်းစနစ်များသည်မည်မျှထိ အဖိုးတန်သနည်း....
သူ့ကိုယ်သူ ရောင်းစားလျှင်ပင် ကောင်းကင်အဆင့် ဓားနည်းစနစ်တစ်ကွက်ကို လဲလှယ်နိုင်မည် မဟုတ်ချေ။
ထို့အပြင် ဤအရာသည် ကောင်းကင်အဆင့် အဆင့်မြင့်ဓားနည်းစနစ် ဖြစ်နေသဖြင့် အဖိုးမဖြတ်နိုင်အောင် ပို၍အဖိုးတန်နေပေ၏။
ဤကျေးဇူးကို သူ မည်သို့ ပြန်ပေးဆပ်နိုင်မည်နည်း.....
"တွဲဖက်ကျင့်စဉ်တစ်ခုလည်း ရှိသေးတာလား... အဲ့ဒီအရာရဲ့အဆင့်ကရော ဘာလဲ..."
ကျွယ်ဝူယက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
ဤဓားနည်းစနစ်သည် သူ၏အနာဂတ်လမ်းကြောင်း မည်သို့ ပွင့်လင်းလာမည်ကို သိရှိရန်အတွက် သူကိုယ်တိုင် ကြုံတွေ့ခံစားရပြီးနောက် သူ့အတွက် အထူးသီးသန့် ဖန်တီးထားခြင်းပင်။
ဤဓားနည်းစနစ်၏ ကောင်းမွန်သော လှုပ်ရှားမှုများသည် သူ၏ အနာဂတ်လမ်းကြောင်း ဖြစ်လာမည်ဟုပင် သူ ယုံကြည်ထားသည်။
ထိုကဲ့သို့ ဓားနည်းစနစ်ကို သူ မည်သို့ လက်လွှတ်နိုင်မည်နည်း။
ယခုအချိန်၌ ထိုဓားနည်းစနစ်၏ တွဲဖက်ကျင့်စဉ်တစ်ခုလည်း ရှိနေပေ၏။
နံနက်ခင်းတွင် တာအိုတရားကို ကြားနာရပါက ညနေခင်း၌ သေဆုံးရမည်ဆိုလျှင်ပင် နောင်တရမည် မဟုတ်ဟူသော ဆိုရိုးစကားအလားပင်။
"သေချာပေါက် ဒါကလည်း ကောင်းကင်အဆင့် အဆင့်မြင့်ကျင့်စဉ်တစ်ခုပဲလေ... နာမည်က ရွှေခန္ဓာကိုယ်ငှက်မွှေးပြောင်းလဲခြင်း နည်းစနစ်လို့ခေါ်တယ်..."
ချင်းမင်က အပြုံးဖြင့် ပြောဆိုလိုက်၏။
ဤကျင့်စဉ်သည် ချင်းမင် ရရှိခဲ့သော တခြား ကျင့်စဉ်များနှင့်နည်းစနစ်များထက် ပို၍အဖိုးတန်သော ပြည့်စုံသည့် နည်းစနစ်တစ်ခု၏အစိတ်အပိုင်းတစ်ခု ဖြစ်နေသည်။ ထိုကြောင့် ဤသည်ကို ဟွာယုဂိုဏ်း၏ အစောင့်အရှောက်ကျင့်စဉ်အဖြစ် သူ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ ကျွယ်ဝူယ၏သင်္ကေတ ဖြစ်ခဲ့သော ကျင့်စဉ်နှင့် ဓားနည်းစနစ်ပင်။
"ရွှေခန္ဓာကိုယ်ငှက်မွှေးပြောင်းလဲခြင်း နည်းစနစ် တဲ့လား... တကယ်ကောင်းတဲ့ နာမည်ပဲ..."
ကျင့်စဉ်၏နာမည်ကို ကြားလိုက်ရသည်နှင့် ကျွယ်ဝူယ၏မျက်လုံးများ တောက်ပသွားသည်။
"ရွှေခန္ဓာကိုယ်ငှက်မွှေးပြောင်းလဲခြင်း နည်းစနစ်ရဲ့ မန္တန်ကို ငါ သင်ပေးမယ်... ဒီနည်းစနစ်နဲ့ဆိုရင် ကြည်လင်သောနှလုံးသား ဓားနည်းစနစ်ကို ကျင့်ကြံတဲ့အချိန်ကျရင် မင်း သက်တောင့်သက်သာပိုရှိပြီးတော့ စွမ်းအားပိုကြီးလာလိမ့်မယ်..."
ချင်းမင်က ပြောဆိုလိုက်၏။
"ဒါ... ဒါက..."
ကျွယ်ဝူယသည် ကျင့်စဉ်နှင့် ဓားနည်းစနစ်ကို အလွန်အမင်း လိုချင်နေသော်လည်း အကျိုးပြုခြင်းမရှိဘဲ ဆုလာဘ်ကို လက်ခံရန် တွန့်ဆုတ်နေသဖြင့် အလွန်အမင်း ဇဝေဇဝါ ဖြစ်နေသည်။
တစ်ဖက်တွင် သူ အိပ်မက်မက်ခဲ့သော နက်နဲလှသည့် ကျင့်စဉ်များနှင့် ဓားနည်းစနစ်များ ရှိနေပြီး အခြားတစ်ဖက်တွင် သူ ဘယ်သောအခါမှ ပြန်မဆပ်နိုင်မည့် ကျေးဇူးတရားတစ်ခု ရှိနေသောကြောင့် သူ့ကို အကျပ်ရိုက်စေခဲ့သည်။
ကျွယ်ဝူယ၏မျက်လုံးများကို ကြည့်ရင်း သူ ဘာတွေးနေသည်ကို ချင်းမင် သိလိုက်သည်။
သူတို့သည် နှစ်ထောင်ပေါင်းများစွာကြာအောင် သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်။ ကျွယ်ဝူယ၏ အတွေးများကို သူ မည်သည်ကြောင့် မခန့်မှန်းနိုင်ဘဲ နေမည်နည်း။