အခန်း (၁၉၉-၂၀၁)
Vol. 14 Ch. 199-201
အခန်း ၁၉၉: ဂိုဏ်းသို့ ဝင်ရောက်ခြင်း
"ဘာဖြစ်လို့လဲ..."
ချင်းမင်က တမင်သက်သက် မေးလိုက်၏။
"ချင်းမင်... ငါ့အပေါ်ထားတဲ့ မင်းရဲ့ ကျေးဇူးတရားက အရမ်းကြီးမားလွန်းတယ်... ငါ ဘယ်လို ကျေးဇူးဆပ်ရမလဲတောင် မသိတော့ဘူး... တကယ်လို့ မင်းရဲ့ ကျင့်စဉ်ကိုပါ ထပ်လက်ခံလိုက်ရင် ငါ..."
ကျွယ်ဝူယက လက်ပူးဆုပ်ပြီး ပြောဆိုလိုက်သည်။
"ကိစ္စမရှိပါဘူး... ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ... ငါ့ဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက် လုပ်ပါလား... အဲ့ဒါဆိုရင် ဂိုဏ်းရဲ့ ကျင့်စဉ်ကို မင်းဆီ လက်ဆင့်ကမ်းပေးတာက သဘာဝကျသွားပြီလေ..."
ချင်းမင်က ရယ်မောပြီး ပြောဆိုသည်။
ကျွယ်ဝူယသည် သိုင်းပညာလမ်းစဉ်ကို အပြည့်အဝ စွဲလမ်းနေသော သိုင်းအရူးတစ်ယောက်ဖြစ်သော်လည်း သူသည် တင်းကြပ်သော စည်းမျဥ်းရှိသူတစ်ဦးဖြစ်ပြီး အကြောင်းပြချက်မရှိဘဲ မည်သည့်နည်းစနစ်ကိုမျှ လက်ခံမည်မဟုတ်ကြောင်း ချင်းမင်က ကောင်းစွာသိထားသည်။ ထို့ကြောင့် ချင်းမင်သည် သူ့ကို ဂိုဏ်းဝင်အဖြစ် ကမ်းလှမ်းကာ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပေ၏။
ထိုနည်းလမ်းဖြင့် သူသည် 'အကူအညီအနည်းငယ်က ကျေးဇူးတရားကို ဖြစ်စေပြီး အလွန်အကျွံ ကူညီမှုက နာကြည်းမှုကို ဖြစ်စေသည်' ဟူသော ထောင်ချောက်ကို ရှောင်ရှားနိုင်ပြီး ကျွယ်ဝူယကို ပို၍ထိရောက်စွာ ကူညီပေးနိုင်ပေမည်။
"မင်းရဲ့ ဂိုဏ်းက ကောင်းကင်အဆင့်မြင့် ကျင့်စဉ်တစ်ခုကို အမွေအနှစ်အဖြစ် အသုံးပြုထားတာလား... ဒါက ဘယ်လိုဂိုဏ်းမျိုးလဲ..."
ကျွယ်ဝူယက ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်၏။
ကောင်းကင်အဆင့်မြင့် ကျင့်စဉ်တစ်ခုကို ပိုင်ဆိုင်ထားသော ဂိုဏ်းတစ်ဂိုဏ်းသည် မည်မျှထိ ထိတ်လန့်ဖွယ် ကောင်းမည်နည်း။ လောကကြီးအတွင်းတွင် နှစ်ပေါင်းများစွာ ခရီးသွားလာခဲ့သည့်တိုင် ထိုအရာကို ပိုင်ဆိုင်ထားသော မည်သည့်ဂိုဏ်းအကြောင်းကိုမျှ သူ မကြားဖူးခဲ့ချေ။
"ဂိုဏ်းက ခုလေးတင်မှ တည်ထောင်လိုက်တာပါ... ငါက ဂိုဏ်းချုပ်ဖြစ်ပြီးတော့ တခြားတပည့်တွေက ကလေးလေးတွေချည်းပဲ...မင်းကို စိတ်ပျက်အောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်..."
ချင်းမင်က အနေခက်သော အပြုံးတစ်ခုကို ပြုံးပြလိုက်ပြီး ပြောဆိုလိုက်သည်။
"အစ်ကို ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ထားတယ်ဆိုတာ ညီမ ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ..."
ချင်းချင်းက စူးစမ်းလိုစိတ်ဖြင့် လျှောက်လှမ်းလာရင်း မေးမြန်းလိုက်၏။
"ဟိုတစ်ခေါက်က ငါတို့သွားခဲ့တဲ့ တောင်ကြားကို မှတ်မိလား... ဂိုဏ်းက အဲ့ဒီမှာရှိတယ်... အခုလေးတင်မှ ငါ စတင်တည်ထောင်လိုက်တာဆိုတော့ ညီမလေး မသိတာ ပုံမှန်ပါပဲ..."
ချင်းမင်က ချင်းချင်း၏ ဆံပင်များကို ဖွလိုက်ကာ ရှင်းပြလိုက်သည်။
"မင်းက ဂိုဏ်းတစ်ခုကို တည်ထောင်လိုက်တယ်ပေါ့..."
ကျွယ်ဝူယက ချင်းမင်အား အံ့အားသင့်စွာဖြင့် အကဲခတ်လိုက်သည်။
ချင်းမင်သည် အသက်နှစ်ဆယ်ပင် မပြည့်သေးသော လူငယ်တစ်ဦးသာ ရှိသေးသော်လည်း ဂိုဏ်းတစ်ဂိုဏ်းကို စတင်နေသလောဟု တွေးတောကာ သူ အံ့အားသင့်သွားပေ၏။
သို့သော် သူသည် အမှန်တကယ် အရည်အချင်း ပြည့်မီပေ၏။
သိုင်းပညာ စွမ်းအားကသာ အရာအားလုံးကို လွှမ်းမိုးထားသော ဤကမ္ဘာကြီးတွင် ချင်းမင်သည် သိုင်းဘိုးဘေးနယ်ပယ်၏ စွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့် ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရန် အပြည့်အဝ အခွင့်အရေးရှိသည်။
"ကဲ... ဘယ်လိုလဲ... ငါ့ရဲ့ဂိုဏ်းထဲ ဝင်ပါလား... ဂိုဏ်းချုပ်ဖြစ်တဲ့ ငါကလွဲရင် အကြီးအကဲ တစ်ယောက်မှ မရှိသေးဘူး... အရည်အချင်းရှိတဲ့သူတွေ လိုအပ်နေချိန်မှာ သနားစရာကောင်းလောက်အောင် အထီးကျန်နေတာ..."
ချင်းမင်က နောက်ပြောင်ပြီး ပြောဆိုလိုက်သည်။
"ငါ့မှာ နောက်ဆုံး မေးခွန်းတစ်ခု ရှိသေးတယ်... ဘာလို့ ငါ့ကို ဒီလောက်ထိ ယုံကြည်ရတာလဲ..."
ကျွယ်ဝူယသည် ချင်းမင်အား တည်ကြည်လေးနက်စွာကြည့်ရင်း မေးမြန်းလိုက်၏။
ကောင်းကင်အဆင့်မြင့် ကျင့်စဉ်တစ်ခုသည် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုဖြစ်သော်လည်း ချင်းမင်က ထိုအရာကို အလွယ်တကူ ပေးကမ်းနေသည်။
အကယ်၍ သတင်းများ ပေါက်ကြားသွားပါက မွန်းစတားအိုကြီးများ မည်မျှထိထွက်ပေါ်လာမည်ကို သူ သတိမထားမိသလောဟု တွေးတောမိပေ၏။
မြေကမ္ဘာအဆင့်မြင့် ကျင့်စဉ်တစ်ခုတည်းကပင် ကြီးမားသော မုန်တိုင်းတစ်ခုကို ဖန်တီးနိုင်ပေသည်။ ကောင်းကင်အဆင့်ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။
"ဘာလို့လဲဆိုတော့ ငါ မင်းကို ယုံကြည်လို့လေ... မင်းကလွဲရင် ဒီကောင်းကင်အဆင့် ကျင့်စဉ်အကြောင်း တခြားဘယ်သူ့ကိုမှ မပြောပြဖူးသေးဘူး..."
ချင်းမင်သည်လည်း ကျွယ်ဝူယအား လေးနက်စွာ ပြန်လည်ကြည့်ရှုလိုက်ပြီး အကြွင်းမဲ့ ယုံကြည်မှုဖြင့် ပြောဆိုလိုက်သည်။
ချင်းမင်သည် ဂိုဏ်းမှ တပည့်များကို ကျင့်ကြံခွင့်ပြုခဲ့သော်လည်း ဤသည်မှာ ကောင်းကင်အဆင့် ကျင့်စဉ်တစ်ခုဖြစ်ကြောင်း သူတို့ လုံးဝ မသိကြချေ။
ကြည်လင်သောနှလုံးသား ဓားနည်းစနစ်သည် အလွန်နက်နဲဆန်းကြယ်သော်လည်း သူသည် ပထမဆုံး ကိုးကွက်ကိုသာ သင်ကြားပေးခဲ့သောကြောင့် ကောင်းကင်အဆင့်ဖြစ်ကြောင်း သိရှိရန် မဖြစ်နိုင်ပေ။
"ငါလည်း မင်းကို ယုံကြည်တယ်... ငါ မင်းရဲဂိုဏ်းထဲကို ဝင်ပါ့မယ်..."
ကျွယ်ဝူယသည် ချင်းမင်၏ မျက်လုံးများကို စိုက်ကြည့်ရင်း ထပ်တူညီသော ယုံကြည်မှုဖြင့် ပြောဆိုလိုက်၏။
"လှိုက်လှဲစွာ ကြိုဆိုပါတယ်..." ချင်းမင်က အပြုံးဖြင့် လက်ကမ်းပေးလိုက်သည်။
ကျွယ်ဝူယသည် သူ၏သွယ်လျသော လက်ကို ဆန့်ထုတ်ကာ ချင်းမင်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
ထိုခရမ်းတိမ်တိုက်တောင်တန်းတွင် သူတို့နှစ်ဦးသည် အမှန်တကယ်ကို သူငယ်ချင်းများ ဖြစ်လာခဲ့ကြသည်။
"ဟားဟား... ငါ့ရဲ့ဂိုဏ်းမှာ နောက်ဆုံးတော့ အားထားရတဲ့ ထောက်တိုင်တစ်ခု ရှိလာပြီပေါ့..."
ချင်းမင်က ရယ်မောလိုက်၏။
"ငါက မင်းရဲ့ ဓားပြလှေပေါ် တက်လာမိသလို ဘာလို့ ခံစားနေရတာလဲ..."
ကျွယ်ဝူယက သူ၏နှာခေါင်းကို ပွတ်သပ်ကာ ပြောဆိုလိုက်သည်။
"စိတ်အေးအေးထားပါ... ငါ စားစရာ တစ်လုတ်ရှိနေသရွေ့ မင်း ဗိုက်ဆာရမှာ မဟုတ်ပါဘူး..." ချင်းမင်က ပြုံးဖြီးဖြီးဖြင့် ပြောဆိုလိုက်သည်။
အခန်း ၂၀၀: ကျွယ်ဝူယ၏ အံ့ဩမှု
"မင်းရဲ့ အခြေအနေအကြောင်း ပြောပြပါအုံး..." ချင်းမင်က မေးမြန်းလိုက်၏။
သူသည် ကျွယ်ဝူယ၏ အခြေအနေ အားလုံးကို သိထားပြီး ဖြစ်သော်လည်း ဤသို့ မမေးမြန်းပါက ကျွယ်ဝူယဘက်မှ နားလည်မှုလွဲမှားခြင်းများ ဖြစ်ပေါ်လာနိုင်သည်။
ကျွယ်ဝူယက ခေါင်းညိတ်လိုက်ပြီး သူ၏ နောက်ခံသမိုင်းကြောင်းကို ဖြည်းညှင်းစွာ စတင်ပြောပြခဲ့သည်။
"ငါက တောအုပ်ထဲမှာ မွေးဖွားခဲ့ပြီး ကျားမကြီးက ပြုစုပျိုးထောင်ပေးခဲ့တာ... ကျားမကြီး သေဆုံးသွားပြီးတဲ့နောက်မှာ တောအုပ်ထဲကနေ ထွက်လာခဲ့တယ်..."
"ဓားနည်းစနစ်ကို သင်ယူဖို့ ဂိုဏ်းတစ်ဂိုဏ်းထဲကို ငါ ဝင်ခဲ့တယ်... ဒါပေမဲ့ နောက်ပိုင်းမှာ အဲ့ဒီဂိုဏ်းက ဖျက်ဆီးခံလိုက်ရတယ်... ငါ ထွက်ပြေးလွတ်မြောက်လာပြီးတော့ မဟာသိုင်းဆရာကြီးနယ်ပယ်ကို ရောက်တဲ့အချိန်မှာ ဂိုဏ်းအတွက် လက်စားချေခဲ့တယ်... အဲ့ဒီအချိန်ကစပြီး လောကကြီးထဲမှာ လှည့်လည်သွားလာနေခဲ့တာပဲ..."
"သနားစရာကောင်းလိုက်တာ..."
ကျွယ်ဝူယ၏ နောက်ခံသမိုင်းကြောင်းကို ကြားလိုက်ရချိန်တွင် ချင်းချင်းသည် ငိုကြွေးလုနီးပါး ဖြစ်သွားပေ၏။
"အမ်..."
ကျွယ်ဝူယက အနည်းငယ် အနေရခက်သွားကာ ခေါင်းကုတ်လိုက်သည်။
"ညီမလေး... အစ်ကိုကျွယ်က မဟာသိုင်းဆရာကြီးနယ်ပယ်လေ... ဖေဖေ့ထက် အဆတစ်ရာလောက် ပိုသန်မာတယ်... သူက ဘယ်လိုလုပ် သနားစရာကောင်းမှာလဲ..."
ချင်းမင်က ပြောဆိုသည်။
"ဒါလည်း ဟုတ်တာပဲ..."
ချင်းချင်းက ခေါင်းစောင်းကာ အချိန်တခဏကြာ တွေးတောလိုက်သည်။
"မင်းရဲ့ ဓားနည်းစနစ်က ရိုးရှင်းပြီး အရိုင်းဆန်နေတာ အံ့အားသင့်စရာ မရှိတော့ပါဘူး... ဒါက နှစ်ပေါင်းများစွာကြာအောင် တောရိုင်းတိရစ္ဆာန်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့ အတွေ့အကြုံတွေကနေ ဆင်းသက်လာတာကိုး..."
ချင်းမင်က ဆက်လက်၍ ပြောဆိုလိုက်၏။
လက်ရှိတွင် ကျွယ်ဝူယ၏ ဓားနည်းစနစ်သည် ရက်စက်ကြမ်းကြုတ်ကာ မြန်ဆန်တိကျသော်လည်း ဓားနည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်ခြင်းမှ လာသော တင့်တယ်မှု ကင်းမဲ့နေသည်။ သို့သော် ကျွယ်ဝူယသည် ဓားကို အသုံးပြုရန် မွေးဖွားလာသူဖြစ်ပြီး သူ၏ ဓားနည်းစနစ်သည် ဓားသခင်တစ်ဦး၏ဟန်ပန် သုံးပုံတစ်ပုံခန့် ရှိနေပြီဖြစ်ကြောင်း ဝန်ခံရပေမည်။
"မင်းရဲ့ အခြေအနေအကြောင်းကိုလည်း ပြောပြပါဦး..."
ကျွယ်ဝူယက မေးမြန်းသည်။
သူသည် သူ့ကိုယ်သူ ဘယ်သောအခါမှ သနားစိတ်မဝင်ခဲ့ချေ။ သူ၏အနီးတွင် ဓားတစ်လက် ရှိနေသရွေ့ သူသည် ဘယ်သောအခါမှ အထီးကျန်မှုကို ခံစားရမည် မဟုတ်ပေ။
ချင်းမင်က ခေါင်းညိတ်လိုက်ပြီး ချင်းမိသားစု၏ အခြေခံအခြေအနေများကို စတင်ပြောပြလေသည်။
အချိန်တခဏအကြာတွင် ချင်းမင်သည် ချင်းမိသားစု၏ကိစ္စရပ်များကို မိတ်ဆက်ပေး၍ ပြီးဆုံးသွားပေ၏။
"လျှိုမြို့ တစ်မြို့လုံးက ဒီအကြောင်းကို သိကြတယ်... နောက်ကျရင် မင်းလည်း သိလာမှာပါ... အခု မင်း မသိသေးတဲ့ အကြောင်းအရာတချို့ကို ပြောပြမယ်..."
ချင်းမင်က အပြုံးဖြင့် ပြောဆိုလိုက်သည်။
"အိုး..."
ကျွယ်ဝူယက စိတ်ဝင်စားသော အမူအရာကို ပြသလာသည်။
ချင်းမင်က ဤမျှထိ တည်ကြည်လေးနက်စွာ ပြောဆိုနေသဖြင့် ထူးခြားသော အရာတစ်ခု ဖြစ်ရပေမည်ဟု သူ တွေးတောလိုက်သည်။
"ဟီး ဟီး... ပထမဆုံးအနေနဲ့ ငါက သိုင်းဆရာကြီးနယ်ပယ်ပဲ ရှိသေးတာ... ပြီးတော့ ငါ့ရဲ့ မွေးရာပါ နတ်ဘုရားစွမ်းရည်က နတ်ဘုရားအဆင့် မွေးရာပါ နတ်ဘုရားစွမ်းရည်ဖြစ်တဲ့ ဆေးနတ်ဘုရား ခန္ဓာကိုယ်ပဲ..."
ချင်းမင်က ခပ်ဖျော့ဖျော့ပြုံးကာ ပြောဆိုလိုက်၏။
"နတ်ဘုရားအဆင့် မွေးရာပါ နတ်ဘုရားစွမ်းရည်... မင်းက မွေးရာပါ နတ်ဘုရားစွမ်းရည်ကို နိုးထစေခဲ့တာလား... အင်း... အဲ့ဒီနတ်ဘုရားအဆင့် မွေးရာပါ နတ်ဘုရားစွမ်းရည်က ဘယ်လိုအဆင့်မျိုးလဲ..."
ကျွယ်ဝူယသည် ချင်းမင်အား ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်စွာ စိုက်ကြည့်နေပြီး မေးမြန်းလိုက်သည်။
"မွေးရာပါ နတ်ဘုရားစွမ်းရည် အမျိုးအစား လေးမျိုးရှိတယ်ဆိုတာ မင်း သိသင့်တယ်... ကောင်းကင် မြေကမ္ဘာ ရွှမ်နဲ့ အဝါရောင် အဆင့်တွေလေ... အဲ့ဒီအထဲမှာ ကောင်းကင်အဆင့် မွေးရာပါ နတ်ဘုရားစွမ်းရည်က အဖိုးတန်ဆုံးပဲ..."
ချင်းမင်က အပြုံးနှင့် ရှင်းပြလိုက်၏။
"ဒါပေမဲ့ မင်း မသိနိုင်တာက ကောင်းကင်အဆင့် မွေးရာပါ နတ်ဘုရားစွမ်းရည်အထက်မှာ နောက်ထပ် အဆင့်တစ်ခု ရှိသေးတယ်ဆိုတာပဲ... အဲ့ဒါက နတ်ဘုရားအဆင့် မွေးရာပါ နတ်ဘုရားစွမ်းရည်ပဲ..."
"နတ်ဘုရားအဆင့်... နတ်ဘုရားအဆင့်... ဒါကို နတ်ဘုရားအဆင့်လို့ ခေါ်တာ အံ့အားသင့်စရာ မရှိပါဘူး... ကောင်းကင်အဆင့်အထက်မှာ နတ်ဘုရားအဆင့် ဖြစ်သင့်တာပေါ့... ဒါဆို ကောင်းကင်အဆင့်ထက် ပိုမြင့်တဲ့ အဆင့်တစ်ခု တကယ်ရှိနေတာပဲ..."
ကျွယ်ဝူယက တီးတိုးရေရွတ်ပြီး မေးမြန်းသည်။
"ဒါဆိုရင် နတ်ဘုရားအဆင့်နဲ့ ကောင်းကင်အဆင့် မွေးရာပါ နတ်ဘုရားစွမ်းရည်တွေကြားက ကွာခြားချက်က ဘာလဲ..."
ဤမျှ အရေးကြီးသော သတင်းအချက်အလက်များကို ရရှိပြီးနောက် ကျွယ်ဝူယသည် ထိုအကြောင်းကို အသေးစိတ် ချက်ချင်းမေးမြန်းလိုက်၏။
သိုင်းပညာကို အလွန်အမင်း စွဲလမ်းနေသော ကျွယ်ဝူယသည် သိုင်းပညာနှင့် ပတ်သက်သော ဗဟုသုတများကို အလေးထားဆုံး ဖြစ်သည်။
ချင်းမင်က ရယ်ပြုံးပြီး ကျွယ်ဝူယအား ရှင်းပြလိုက်သည်။
"ပထမဆုံးအနေနဲ့ နတ်ဘုရားအဆင့် မွေးရာပါစွမ်းရည်က တစ်မူထူးခြားတယ်... လောကကြီးမှာ တစ်ခုတည်းသော မွေးရာပါစွမ်းရည်ပဲ..."
"ငါ့လိုမျိုးပေါ့... ဆေးဖော်စပ်ခြင်းမှာ နတ်ဘုရားအဆင့် မွေးရာပါစွမ်းရည်ဖြစ်တဲ့ ဆေးနတ်ဘုရား ခန္ဓာကိုယ်ကို ရရှိခဲ့တယ်... ငါ မသေမချင်း တခြားဘယ်သူမှ ဆေးဖော်စပ်ခြင်းမှာ နတ်ဘုရားအဆင့် မွေးရာပါစွမ်းရည်ကို နိုးထနိုင်မှာ မဟုတ်ဘူး..."
"နတ်ဘုရားအဆင့် ပါရမီက တစ်မူထူးခြားတယ်..."
ကျွယ်ဝူယက ထိတ်လန့်တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။ ဤသတင်းမှာ အံ့အားသင့်ဖွယ် ကောင်းလှသည်။
ထို့နောက် ချင်းမင်သည် ကျွယ်ဝူယ အလေးထားဆုံးဖြစ်မည့် သတင်းကို ထုတ်ဖော်ပြောဆိုလိုက်သည်။
"ငါ သိသလောက်တော့ ဓားနည်းစနစ်မှာ နတ်ဘုရားအဆင့် ပါရမီကို ဘယ်သူမှ မရရှိသေးဘူး... ဒါကြောင့် မင်း မြန်မြန်လေး လုပ်တာ ပိုကောင်းမယ်..."
အခန်း ၂၀၁ :ဓားတာအို နတ်ဘုရားအဆင့် မွေးရာပါ နတ်ဘုရားစွမ်းရည်
"ဓားတာအို နတ်ဘုရားအဆင့် မွေးရာပါ နတ်ဘုရားစွမ်းရည်ကို ဘယ်သူမှ မရရှိဖူးသေးဘူး..."
ကျွယ်ဝူယသည် သူ၏လက်ထဲမှ ဓားကို စိုက်ကြည့်ရင်း တီးတိုးရေရွတ်လိုက်၏။
"ငါ ဓားတာအို နတ်ဘုရားအဆင့် မွေးရာပါ နတ်ဘုရားစွမ်းရည်ကို မဖြစ်မနေ ရယူရမယ်..."
ချင်းမင်က စိတ်ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။ အတိတ်ဘဝက ကျွယ်ဝူယသည် ကောင်းကင်အဆင့် မွေးရာပါ နတ်ဘုရားစွမ်းရည်ကိုသာ နားလည်သဘောပေါက်ခဲ့သောကြောင့် သိုင်းနတ်ဘုရားတစ်ပါး ဘယ်သောအခါမှ ဖြစ်မလာနိုင်ခဲ့ချေ။
ကျွယ်ဝူယ၏ ပါရမီဖြင့်သာဆိုလျှင် အကယ်၍ နတ်ဘုရားအဆင့် မွေးရာပါ နတ်ဘုရားစွမ်းရည်၏ အကူအညီကိုသာ ရရှိခဲ့ပါက သူသည် သိုင်းနတ်ဘုရား တစ်ပါး ဖြစ်လာမည်မှာ သေချာပေါက်ပင်။ ဤသည်မှာ အတိတ်ဘဝက သူ၏နောင်တတစ်ခု ဖြစ်ခဲ့ပေ၏။
ယခု၌မူ သူ၏ဝင်ရောက်စွက်ဖက်မှုဖြင့် ကျွယ်ဝူယ၏အရည်အချင်းအရ နတ်ဘုရားအဆင့် မွေးရာပါ နတ်ဘုရားစွမ်းရည်ကို သေချာပေါက် ရယူနိုင်ပြီး သိုင်းနတ်ဘုရား တစ်ပါး ဖြစ်လာလိမ့်မည်ဟု ချင်းမင် ယုံကြည်နေသည်။
"မင်းက နတ်ဘုရားအဆင့် မွေးရာပါ နတ်ဘုရားစွမ်းရည်ကို ဘယ်လိုရခဲ့တာလဲ..."
ကျွယ်ဝူယက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
ထိုမေးခွန်းသည် အနည်းငယ် ရုတ်တရက်ဆန်လွန်းသည်ဟု ခံစားလိုက်ရသဖြင့် သူက ထပ်မံ၍ ဖြည့်စွက်ပြောဆိုလိုက်သည်။
"တကယ်လို့ အဆင်မပြေရင် မဖြေလည်း ရပါတယ်..."
ချင်းမင်က ခေါင်းခါယမ်းပြီး အဖြေပေးလိုက်သည်။
"ကိစ္စမရှိပါဘူး... တကယ်တော့ ငါ နတ်ဘုရားအဆင့် ဆေးနတ်ဘုရား ခန္ဓာကိုယ်ကို ရခဲ့တဲ့နည်းလမ်းက ရိုးရှင်းပါတယ်... ဘာမွေးရာပါ နတ်ဘုရားစွမ်းရည်မှ မရှိဘဲနဲ့ ဆေးနတ်ဘုရား အဆင့်ကို တိုက်ရိုက်တက်လှမ်းနိုင်ခဲ့လို့ပဲ..."
ကျွယ်ဝူယက ခေါင်းညိတ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း နတ်ဘုရားအဆင့် မွေးရာပါ နတ်ဘုရားစွမ်းရည်ဆိုသည်မှာ သာမန်လူတစ်ယောက် ရရှိနိုင်သော အရာမျိုး မဟုတ်ချေ။
ဆေးနတ်ဘုရား ခန္ဓာကိုယ်ဟူသော မွေးရာပါ နတ်ဘုရားစွမ်းရည်ကို ရရှိရန်အတွက် အမှန်တကယ်ပင် ဆေးနတ်ဘုရား တစ်ပါး ဖြစ်လာရန် လိုအပ်ပေသည်။
"မင်း မအံ့ဩဘူးလား..."
ချင်းမင်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
"ဘာကို အံ့ဩရမှာလဲ..."
ကျွယ်ဝူယက ကြောင်တောင်တောင်ဖြင့် သူ့ကို ပြန်ကြည့်လေသည်။
ချင်းမင်က သူ၏နှာခေါင်းကို ပွတ်သပ်ရင်း ပြောဆိုသည်။
"ငါက ဆေးနတ်ဘုရားတစ်ပါးလေ... အဲ့ဒါက မင်းကို မတုန်လှုပ်စေဘူးလား..."
သူ ဆေးနတ်ဘုရား ဖြစ်ကြောင်း သိလိုက်ရချိန်တွင် အကြီးအကဲချင်းတစ်ယောက် သူ့အား ရူးနေပြီဟုပင် ထင်မှတ်လုနီးပါး ဖြစ်သွားခဲ့ပုံကို သူ မှတ်မိနေသေးသည်။ ထိုသို့ဆိုသည့်တိုင် ကျွယ်ဝူယကမူ မည်သည့် တုံ့ပြန်မှုမျှ မပြသချေ။
"ဆေးနတ်ဘုရားဆိုတာ ဘယ်လိုနယ်ပယ်မျိုးလဲ..."
ကျွယ်ဝူယက မေးမြန်းလိုက်၏။
ငါ လက်မြှောက်အရှုံးပေးလိုက်ပါပြီ...
ကျွယ်ဝူယသည် မအံ့ဩခြင်းမဟုတ်ဘဲ ဆေးနတ်ဘုရားနယ်ပယ်ဆိုသည်မှာ မည်သို့ အဓိပ္ပာယ်ဖြစ်ကြောင်းကို သူ လုံးဝ မသိရှိထားခြင်းကြောင့်ပင်။
ချင်းမင်က ခေါင်းခါယမ်းပြီး ရှင်းပြလိုက်သည်။
"ဆေးဆရာကြီးတွေအကြောင်းကို မင်း သိတယ်မလား..."
"သေချာပေါက် သိတာပေါ့... ငါ ဆေးလုံးတွေ အများကြီး စားဖူးတယ်လေ... ဆေးဖော်စပ်တဲ့ အလုပ်က အရမ်းဂုဏ်သိက္ခာကြီးမားတယ်ဆိုတာ ငါ သိတယ်..."
ကျွယ်ဝူယက ပြန်လည်ဖြေကြားလိုက်သည်။
"ဒါဆို ဆေးလမ်းစဉ်ရဲ့ နယ်ပယ်တွေအကြောင်း ရှင်းပြမယ်... သိုင်းလမ်းစဉ်လိုပဲ သူက လက်ထောက်ဆေးပညာရှင် ဆေးဆရာကြီး မဟာဆေးဆရာကြီး ဆေးဘိုးဘေး ဆေးဝိညာဉ် ဆေးဘုရင် ဆေးဧကရာဇ်၊ဆေးအာဏာရှင် ဆေးသူတော်စင်နဲ့ ဆေးနတ်ဘုရား ဆိုပြီး ခွဲခြားထားတယ်..."
ချင်းမင်က ဆက်လက်၍ ရှင်းပြလိုက်၏။
"ဆေးသူတော်စင်ရဲ့အထက်က ဆေးနတ်ဘုရားပဲ..."
"ဆေးနတ်ဘုရား... အရမ်းအံ့အားသင့်စရာကောင်းတာပဲ..."
ကျွယ်ဝူယ အလွန်အမင်း အံ့အားသင့်သွားသည်။ ဆေးနတ်ဘုရားဆိုသည်မှာ ဆေးလမ်းစဉ်၏အထွတ်အထိပ် ဖြစ်နေပေ၏။
"မင်းက ဆေးနတ်ဘုရားနယ်ပယ်ကို ရောက်နေပြီပေါ့..."
ကျွယ်ဝူယက ရုတ်တရက် ခုန်ပေါက်လိုက်သည်။
အံ့အားသင့်နေသော ကျွယ်ဝူယကို ကြည့်ရင်း ချင်းမင်က ခေါင်းညိတ်ပြလိုက်သည်။
"အဲ့ဒါကြောင့် ငါက သိုင်းဆရာကြီးနယ်ပယ်ကနေ သိုင်းဘိုးဘေးနယ်ပယ်ကို တိုက်ရိုက်တက်လှမ်းနိုင်ခဲ့တာလေ... ဒါက ဆေးနတ်ဘုရား ခန္ဓာကိုယ်ရဲ့ အကူအညီနဲ့မှ ရတာ..."
"နတ်ဘုရားအဆင့် မွေးရာပါ နတ်ဘုရားစွမ်းရည်က အဲ့ဒီလောက်တောင် စွမ်းအားကြီးတာလား..."
ကျွယ်ဝူယက တီးတိုးရေရွတ်လိုက်၏။
နယ်ပယ်နှစ်ခုလုံးကို ကျော်ဖြတ်သွားခြင်း...
ဤသည်မှာ မည်သို့သော သဘောတရားနည်း။
သူ ပြောဆိုရန် စကားလုံးများပင် ရှာမတွေ့တော့ချေ။
ချင်းမင်က ခေါင်းခါယမ်းလိုက်ပြီး မယုံကြည်နိုင်ဖြစ်နေသော ကျွယ်ဝူယကိုကြည့်ကာ စကားထပ်မပြောတော့ပေ။
အကယ်၍ ဆေးနတ်ဘုရား ခန္ဓာကိုယ်သည် နယ်ပယ်သုံးခုကို အမှန်တကယ် ကျော်ဖြတ်နိုင်ပြီး သိုင်းဝိညာဉ်နယ်ပယ်သို့ တစ်ဟုန်ထိုး ရောက်ရှိနိုင်ကြောင်း ထိုလူသာ သိသွားပါက သူ သတိလစ်မေ့မြောလုနီးပါး ကြောက်လန့်သွားနိုင်ပေ၏။
"ငါ့ရဲ့အခြေအနေက အဲ့ဒီလောက်ပါပဲ... ဂိုဏ်းနဲ့ပတ်သက်လို့ကတော့ ဌာနချုပ်ကို ရောက်သွားရင် မင်း နားလည်သွားမှာပါ... ငါ ရှင်းပြနေရင်တောင် အဲ့ဒီလောက် ပြည့်စုံမှာ မဟုတ်ဘူး..."
ချင်းမင်က သူ၏လက်ကို ဝှေ့ယမ်းရင်း ပြောဆိုလိုက်သည်။
ကျွယ်ဝူယသည် နောက်ဆုံးတွင် သတိပြန်ဝင်လာပေ၏။ ချင်းမင်က ပေါ့ပေါ့ပါးပါး ပြောနေသော်လည်း အရာအားလုံးက မည်မျှထိ စိတ်ကူးမယဉ်နိုင်လောက်အောင် ဖြစ်နေကြောင်း သူ သိထားသည်။
ဆေးနတ်ဘုရား... ဆေးနတ်ဘုရားတဲ့လား...
ချင်းမင်သည် ဆေးနတ်ဘုရား တစ်ပါးဖြစ်နေသောကြောင့် ကောင်းကင်အဆင့် ကျင့်စဉ်များနှင့် ဓားနည်းစနစ်များကို ပိုင်ဆိုင်ထားခြင်းမှာ အဓိပ္ပါယ်ရှိသွားလေပြီ။
ထိုသို့ဆိုသည့်တိုင် ချင်းမင်သည် မည်သို့ ဆေးနတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သနည်း။
သူ အစောပိုင်းက ထုတ်ဖော်ပြောဆိုချက်များအရ သူသည် ချင်းမိသားစု၏ သခင်လေးဖြစ်ပြီး အရွယ်ရောက်ခါစသာ ရှိသေးသည်...
သူသည် မည်သည့်နည်းဖြင့် ဆေးနတ်ဘုရား တစ်ပါး ဖြစ်နေနိုင်မည်နည်း။
သို့သော် လူတိုင်းတွင် သူတို့၏ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိကြပြီး သူ စပ်စုနေမည် မဟုတ်ချေ။