← Chapters

အခန်း (၂၀၂-၂၀၄)

Vol. 14 Ch. 202-204

အခန်း (၂၀၂-၂၀၄)

Vol. 14 Ch. 202-204

အခန်း ၂၀၂: လေလံပွဲ

"ချင်းချင်း... ညီမလေးက အစ်ကိုရဲ့ကိစ္စတွေအပြင် အစ်ကိုကျွယ်ရဲ့ကိစ္စတွေကို ဖေဖေနဲ့ မေမေအပါအဝင် ဘယ်သူ့ကိုမှ မပြောပြရဘူး... နားလည်လား..."

ချင်းမင်က သူ၏ညီမလေးကို ညွှန်ကြားလိုက်၏။

"ဟုတ်ကဲ့... ညီမလေး နားလည်ပါပြီ..." ချင်းချင်းက ပြန်လည်ဖြေကြားလိုက်သည်။

ဤကိစ္စများသည် အလွန်အရေးကြီးပြီး သိရှိထားသူနည်းလေလေ ပိုကောင်းလေလေဖြစ်ကြောင်း သူမလည်း နားလည်သဘောပေါက်သည်။

"ချင်းချင်းက အလိမ္မာဆုံးပဲ... အိမ်ပြန်ရောက်ရင် သကြားလုံးတွေ အများကြီး ထပ်ပေးမယ်..." ချင်းမင်က အပြုံးနှင့် ပြောဆိုလိုက်သည်။

"တကယ်လား..."

ချင်းချင်းသည် သူမ၏ လက်ချောင်းလေးများဖြင့် စတင်၍ ရေတွက်လိုက်၏။

"ညီမလေးက တစ်ရာ့ငါးဆယ် လိုချင်တယ်... အင်း... နှစ်ရာပဲ..."

"ကောင်းပြီလေ... အိမ်ပြန်ရောက်ရင် သကြားလုံး အလုံးနှစ်ရာ ပေးမယ်..."

ချင်းမင်က ရယ်မောလိုက်သည်

"ဟေး..."

ချင်းချင်းက အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားသည်။

"အစ်ကိုကျွယ်... ချန်ယန်မြို့ကို ပြန်ကြရအောင်... ငါ့မှာ လုပ်စရာ ကိစ္စလေးတွေ ရှိနေသေးတယ်..."

ချင်းမင်က ကျွယ်ဝူယအား ပြောဆိုလိုက်၏။

သူတို့သည် ယခုအချိန်၌ ခရမ်းတိမ်တိုက် တောင်တန်းတဝိုက်တွင် အချည်းနှီး လှည့်လည်သွားလာနေ၍ မရနိုင်ချေ။ ကျွယ်ဝူယကလည်း အချိန်ဖြုန်းရသည်ကို မနှစ်သက်သောကြောင့် သူတို့၏ကိစ္စများကို အမြန်ဆုံး အဆုံးသတ်ပြီး ဂိုဏ်းသို့ ပြန်သွားခြင်းက ပိုကောင်းပေမည်။

ကျွယ်ဝူယသည် ယခုအချိန်လောက်ဆိုလျှင် သူ၏ဓားနည်းစနစ်ကို လေ့ကျင့်ရန် လက်ယားနေလောက်လေပြီ။

"ချင်းမင်... ကျေးဇူးပြုပြီး ငါ့ကို အစ်ကိုကျွယ်လို့ မခေါ်ပါနဲ့... ငါနဲ့ မထိုက်တန်ပါဘူး... ငါ့ရဲ့နာမည်ကိုပဲ ခေါ်ပါ..."

ကျွယ်ဝူယက ချက်ချင်း ပြောဆိုသည်။

ဆေးနတ်ဘုရားတစ်ပါးက သူ့ကို အစ်ကိုဟု ခေါ်ဆိုခြင်းက မည်သို့ မှန်ကန်နိုင်မည်နည်း။

ချင်းမင် ဆေးဖော်စပ်သည့် နည်းလမ်းများကို သူ မမြင်တွေ့ဖူးချေ။ သို့ရာတွင် ချင်းမင်၏ စွမ်းအားက သိုင်းဆရာကြီးနယ်ပယ်မှ သိုင်းဘိုးဘေးနယ်ပယ်သို့ ချက်ချင်းရောက်ရှိသွားသည်ကို မြင်တွေ့ရခြင်းက သူ၏ မွေးရာပါ နတ်ဘုရားစွမ်းရည် မည်မျှထိ အဖိုးတန်ကြောင်း ပြသနေသည်။

ထို့ပြင် ချင်းမင်၏ဓားနည်းစနစ်မှာလည်း အလွန်ထူးချွန်လှသဖြင့် သူ လုံးဝကို ယုံကြည်လက်ခံသွားခဲ့လေပြီ။

"ဘယ်လိုလုပ်ပြီး အဲ့ဒီလိုဖြစ်နိုင်မှာလဲ... မင်းက ငါ့ထက် အသက်ကြီးတယ်လေ..."

ချင်းမင်က ပြောဆိုသည်။

"ဘာလို့ မဖြစ်ရမှာလဲ... ငါတို့က သိုင်းပညာစွမ်းအားနဲ့ စီနီယာကို သတ်မှတ်တာလေ... အကျိုးအကြောင်းသင့်သင့် ပြောရရင် မင်းက ငါ့ထက် ပိုပြီးသန်မာတာကြောင့် ငါက မင်းကို အစ်ကိုလို့ ခေါ်သင့်တာ... ဒါကြောင့် ငါတို့အချင်းချင်း နာမည်ကိုပဲခေါ်တာ ပိုကောင်းလိမ့်မယ်..."

ကျွယ်ဝူယက ပြန်လည်ဖြေကြားလိုက်၏။

ချင်းမင်က ပြုံးလိုက်သည်။ စည်းမျဉ်းများမှာ ကျွယ်ဝူယ ပြောသည့်အတိုင်း အမှန်တကယ် ဖြစ်နေသောကြောင့် ချင်းမင်သည် သူ့ကို နာမည်ဖြင့်သာ တိုက်ရိုက်ခေါ်ဆိုလိုက်တော့သည်။

"ကျွယ်ဝူယ... ဒါဆိုရင် ချန်ယန်မြို့ကို ပြန်ကြတာပေါ့..."

"ကောင်းပြီ..."

ကျွယ်ဝူယသည် သူ၏ဓား​ကို သိမ်းဆည်းလိုက်ပြီး ရှေ့ဆုံးမှ လျှောက်လှမ်းသွားလိုက်သည်။

ချင်းမင်နှင့်ချင်းချင်းတို့သည် ကျွယ်ဝူယ၏ နောက်မှ လိုက်ပါသွားကြပြီး အချိန်တခဏအကြာတွင် သူတို့သည် ချန်ယန်မြို့သို့ ရောက်ရှိလာကြ၏။

"လာ... အရင်ဆုံး လက်ဖက်ရည် သွားသောက်ရအောင်..."

ချင်းမင်သည် အနီးအနားတွင် လက်ဖက်ရည်ဆိုင် အမြောက်အများကို မြင်လိုက်ရပြီး ရေဆာနေသဖြင့် အကြံပြုလိုက်သည်။

ကျွယ်ဝူယထံ၌ ကန့်ကွက်စရာ မရှိသောကြောင့် သူတို့လူစုသည် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ထဲသို့ ဝင်ရောက်သွားကြ၏။

"စားပွဲထိုး... ဒီကို အကောင်းဆုံး လက်ဖက်ရည် တစ်အိုးနဲ့ ခွက်သုံးခွက် ချပေး..."

ချင်းမင်က လှမ်းခေါ်လိုက်သည်။

"ချက်ချင်း လာပါပြီ... သုံးဆောင်ပါ ခင်ဗျာ..." စားပွဲထိုးလေးသည် လက်ဖက်ရည်အိုးတစ်အိုးကို အမြန်ယူလာပြီး သူတို့အားလုံးအတွက် ခွက်များထဲသို့ ငှဲ့ပေးလိုက်၏။

ခရီးအဝေးကြီး လမ်းလျှောက်လာရပြီး ကျွယ်ဝူယနှင့် တိုက်ခိုက်ခဲ့ရသောကြောင့် ချင်းမင်သည် ရေဆာနေလေပြီ။ သူသည် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ အလျှင်အမြန် မသောက်ဘဲ မနေနိုင်တော့ချေ။

"မင်းတို့ ကြားပြီးကြပြီလား... ခရမ်းတိမ်တိုက်လေလံအိမ်က ဒီနေ့ လေလံပွဲ စလုပ်တော့မှာတဲ့... မင်းတို့ထဲက ဘယ်သူတွေ ဝင်ခွင့်ရလဲ..."

အနီးအနားရှိ စားပွဲတစ်လုံးမှ တောင့်တင်းသန်မာသော လူတစ်ယောက်က တီးတိုးပြောဆိုနေသည်။

"ငါတို့က ဘယ်လိုလုပ် ဝင်ခွင့်ရမှာလဲ... ခရမ်းတိမ်တိုက်လေလံအိမ်ကို ဝင်ဖို့ အနည်းဆုံး သိုင်းဆရာကြီးနယ်ပယ် အဆင့်အတန်း ဒါမှမဟုတ် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော် လိုအပ်တယ်လေ... အဲ့ဒါမှမဟုတ်ရင် တံခါးဝကိုတောင် ပေးဖြတ်မှာ မဟုတ်ဘူး..."

တောင့်တင်းသန်မာသောလူ၏ နံဘေးရှိ အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူက ပြောဆိုလိုက်၏။

"ဒါက တစ်နှစ်တာရဲ့ အခမ်းနားဆုံး လေလံပွဲပဲ... ပစ္စည်းကောင်းတွေ အများကြီး ရှိနေလိမ့်မယ်... ငါတို့သာ ဝင်လို့ရရင် သိပ်ကောင်းမှာပဲ..."

လူတချို့က သူတို့အချင်းချင်း စကားဖောင်ဖွဲ့နေကြသည်။

လေလံအိမ်တဲ့လား...

ချင်းမင်၏မျက်လုံးများ တောက်ပသွားပေ၏။ ဤမျှ ကြီးမားသော လေလံပွဲတွင် သူ လိုအပ်နေသော စိတ်ဝိညာဉ်ဆေးပင်များ သေချာပေါက် ရှိနေနိုင်သည်။

ဤတစ်ကြိမ် ချန်ယန်မြို့သို့ သူ လာရောက်ရခြင်း၏အဓိကရည်ရွယ်ချက်မှာ အကြီးအကဲချင်းကို အဆိပ်ဖြေပေးရန် ဖြစ်ကြောင်းကို သူ မမေ့ချေ။ ယခုချိန်၌ အဆင့်မြင့် လေလံပွဲတစ်ခု ရှိနေပြီဖြစ်ရာ သူ သေချာပေါက် ပါဝင်ရပေမည်။

"ကျွယ်ဝူယ... မင်း အဲ့ဒီကိုသွားပြီး အပျော်သွားကြည့်ဖို့ စိတ်ဝင်စားလား..."

ချင်းမင်က အပြုံးနှင့် မေးမြန်းလိုက်၏။

ကျွယ်ဝူယက ခေါင်းညိတ်ပြပြီး ပြန်ဖြေသည်။

"ကြုံကြိုက်နေမှတော့ သွားကြည့်ကြတာပေါ့..."

အခန်း ၂၀၃: ခရမ်းတိမ်တိုက်လေလံအိမ်

"ကောင်းပြီ..."

ချင်းမင်က ခေါင်းညိတ်လိုက်ပြီး အော်ခေါ်လိုက်၏။

"စားပွဲထိုး..."

"ဘာများအကူအညီ လိုလို့လဲ..."

စားပွဲထိုးလေးက လာရောက်မေးမြန်းသည်။

ချင်းမင်သည် သူ၏အိတ်ကပ်ထဲမှ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ယူကာ လက်ကမ်းပေးရင်း မေးမြန်းလိုက်သည်။

"အဲ့ဒီခရမ်းတိမ်တိုက်လေလံအိမ်ကို ငါ အတော်လေး စိတ်ဝင်စားနေလို့... အဲ့ဒီအကြောင်း နည်းနည်းလောက် ပြောပြနိုင်မလား..."

"ရပါတယ်..."

စားပွဲထိုးလေးသည် စိတ်ဝိညာဉ်ကျောက်တုံးကို ဝမ်းသာအားရ ယူလိုက်ပြီး ပြောဆိုသည်။

"ခရမ်းတိမ်တိုက်လေလံအိမ် အကြောင်း ပြောရရင်တော့ ဒါက ချန်ယန်မြို့မှာ အကြီးဆုံး လေလံအိမ်ပဲ..."

"ဒါက ချန်ယန်မြို့ရဲ့ ချွီမိသားစု ပိုင်တဲ့နယ်မြေလေ... လူကြီးမင်းတို့ ချွီမိသားစုကို သိလား... သူတို့က ချန်ယန်မြို့ရဲ့ ထိပ်သီးမိသားစုကြီးသုံးစု... အာ မဟုတ်ဘူး နှစ်စုထဲက တစ်ခုဖြစ်ပြီး အင်အားအရမ်းကြီးတယ်..."

ချင်းမင်က ခေါင်းညိတ်လိုက်၏။ လျှိုမြို့မှ ချန်ယန်မြို့သို့ သွားသောလမ်းကို ပိတ်ဆို့ခဲ့သူများသည် ချွီမိသားစုဖြစ်ကြောင်း သူ မှတ်မိနေဆဲပင်။ သို့သော် ယခုအချိန်တွင်မူ လမ်းပွင့်သွားခဲ့လေပြီ။

အမှန်တကယ်ကိုပင် သိုင်းဝိညာဉ်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက် မြို့အနီးအနား၌ သွားလာနေတာကြောင့် မည်သည့် မိသားစုကမှ လမ်းပိတ်ဆို့ပြီး ပြဿနာရှာရဲမည် မဟုတ်ချေ။ အကယ်၍ သူတို့သည် သိုင်းဝိညာဉ်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ကို စော်ကားမိပါက စီးမာမိသားစုသည် သတိပေးချက်တစ်ခု ဖြစ်လာပေလိမ့်မည်။

စားပွဲထိုးလေးက ဆက်လက်၍ ပြောပြလေ၏။

"ပြီးတော့ ဒီညက ခရမ်းတိမ်တိုက်လေလံအိမ်ရဲ့ အခမ်းနားဆုံး ပွဲတစ်ခုပဲ... ဒီည လေလံပွဲမှာ ပစ္စည်းကောင်းတွေ အများကြီး တင်ရောင်းလိမ့်မယ်..."

"ပုံမှန်အားဖြင့် ရဖို့ခက်ခဲတဲ့ ရတနာတွေက ဒီညမှာတော့ အလွယ်တကူ တွေ့နိုင်တယ်... ဒါကြောင့် လူကြီးမင်းတို့မှာ အခြေအနေ ပေးတယ်ဆိုရင် သွားကြည့်သင့်တယ်... သေချာပေါက် နောင်တရမှာ မဟုတ်ဘူး..."

"ကောင်းပြီ... ငါ နားလည်ပြီ... မင်း အလုပ်သွားလုပ်လို့ရပြီ..."

ချင်းမင်သည် သူ့အား နောက်ထပ် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို လက်ကမ်းပေးရင်း ပြောဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ်..."

စားပွဲထိုးလေးသည် စိတ်ဝိညာဉ်ကျောက်တုံးကို စိတ်လှုပ်ရှားစွာ ယူလိုက်ပြီး ဦးညွှတ်အရိုအသေပြုကာ ထွက်သွားလေ၏။

လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း ချင်းမင်သည် ယနေ့ည လေလံပွဲအပေါ် စိတ်ဝင်စားမှု မြင့်တက်လာသည်။

မကြာမီ ညချမ်းအချိန်သည် ချန်ယန်မြို့တစ်မြို့လုံးကို ဖုံးလွှမ်းသွားသည်။ လမ်းမများနှင့် လမ်းကြားများတွင် လူများဖြင့် စည်ကားသိုက်မြိုက်နေသည်။

အထူးသဖြင့် ခရမ်းတိမ်တိုက်လေလံအိမ်တွင် နေရာအနှံ့အပြား၌ ကျင့်ကြံသူများ စောင့်ကြပ်နေကြသည်။

ချင်းမင်သည် လေလံအိမ်၏ အရှေ့တံခါးဆီသို့ လျှောက်လှမ်းသွားပြီး ဝင်ရောက်သွားလိုက်၏။

မီးခိုးရောင်ဝတ်စုံဝတ် ကျင့်ကြံသူတစ်ယောက်က ချင်းမင်ကို တားဆီးပြီး ပြောဆိုသည်။

"သိုင်းဆရာကြီးနယ်ပယ် စွမ်းအားရှိရမယ်... ဒါမှမဟုတ်ရင် လူတစ်ယောက်ကို အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးပါ..."

ကျွယ်ဝူယသည် ခြေတစ်လှမ်း ရှေ့တိုးလိုက်ရာ သူ၏လက်ထဲတွင် စိတ်ဝိညာဉ်စွမ်းအားများ စုစည်းလာပြီး ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားသည်။

"ကျေးဇူးပြုပြီး ဝင်ပါ..."

မီးခိုးရောင်ဝတ်စုံဝတ် ကျင့်ကြံသူ၏မျက်နှာအမူအယာ ပြောင်းလဲသွားပြီး ရိုသေလေးစားစွာ ပြောဆိုလိုက်သည်။

ချင်းမင် ချင်းချင်းနှင့် ကျွယ်ဝူယတို့သည် အတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားကြ၏။

အစေခံအမျိုးသမီးငယ်တစ်ဦးက နံဘေးမှ ထွက်လာကာ ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုသည်။

"လူကြီးမင်းတို့အတွက် သီးသန့်အခန်းတစ်ခန်း ပြင်ဆင်ထားပါတယ်ရှင်... အပေါ်ထပ်က သီးသန့်အခန်းတွေက မြင်ကွင်းပိုကျယ်ပါတယ်..."

ချင်းမင်က ခေါင်းညိတ်ပြပြီး ပြောဆိုလိုက်သည်။

"လမ်းပြပါ..."

"ဟုတ်ကဲ့..."

ချင်းမင်သည် အစေခံအမျိုးသမီးငယ်၏ နောက်မှ လိုက်ပါသွားပြီး အပေါ်ထပ်ရှိ သီးသန့်အခန်းတစ်ခန်းသို့ ရောက်ရှိသွားသည်။

"ဒါက လူကြီးမင်းတို့ လေလံဆွဲရမယ့် နေရာပါ... ဒီနားကို ကပ်ပြီး စကားပြောလိုက်တာနဲ့ အပြင်ဘက်က လူတွေက သေသေချာချာ ကြားရပါလိမ့်မယ်..."

အစေခံအမျိုးသမီးငယ်သည် ကျောက်တုံးနှင့်တူသော အရာတစ်ခုကို လက်ညှိုးထိုးပြကာ ချင်းမင်အား ရှင်းပြလိုက်၏။

ချင်းမင်သည် ထိုကျောက်တုံးကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မည်သို့ အလုပ်လုပ်သည်ကို ချက်ချင်းနားလည်သွားသည်။

လေလံအိမ်တစ်ခုလုံးကို ဝင်္ကပါတစ်ခုဖြင့် တည်ဆောက်ထားပြီး ဝင်္ကပါ၏ စွမ်းအားမှတစ်ဆင့် အသံများကို ထုတ်လွှင့်ပေးခြင်း ဖြစ်ပေ၏။

"တစ်ခုခု လိုအပ်ရင် အချိန်မရွေး ခေါ်လိုက်ပါ... ကျွန်မက လူကြီးမင်းတို့ကို ဆက်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး..."

အစေခံအမျိုးသမီးငယ်က ရိုသေစွာ ပြောဆိုလိုက်သည်။

အစေခံအမျိုးသမီးငယ်ကို ထွက်သွားရန် လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် ချင်းမင်သည် စားပွဲပေါ်တွင် တင်ထားသော သစ်သီးတစ်လုံးကို ကောက်ယူကာ တစ်ကိုက်ကိုက်စားလိုက်သည်။

အောက်ဘက်ရှိ လူအုပ်ကြီးကို ကြည့်ရင်း ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။

"ဒီည လေလံပွဲက ချန်ယန်မြို့က အင်အားကြီး ကျင့်ကြံသူတွေအားလုံးကို စုစည်းထားလောက်တယ်..."

ကျွယ်ဝူယကလည်း အပြုံးနှင့် တုံ့ပြန်လေ၏။

"တကယ်ပါပဲ... ဒီည လေလံပွဲက တော်တော်လေး ကြည့်ကောင်းမယ့်ပုံပဲ..."

ချင်းချင်းကတော့ ဘာမှသိပ်မခံစားရချေ။ ဤနေရာရှိ သစ်သီးများက အရသာရှိပြီး ကြည့်ရှုစရာ ပွဲလမ်းသဘင်များ ရှိနေကြောင်းကိုသာ သူမ သိထားသည်။

အချိနိတခဏအကြာတွင် အောက်ဘက်ရှိ ကျင့်ကြံသူများသည် ရုတ်တရက် တိတ်ဆိတ်သွားကြ၏။ ဆွဲဆောင်မှုရှိသော အမျိုးသမီး တစ်ဦးသည် လေလံစင်မြင့်ပေါ်သို့ လျှောက်လှမ်းလာပြီး ချိုသာသော အပြုံးဖြင့် ပြောဆိုလိုက်သည်။

"လေလံပွဲကို အခု စတင်ပါပြီရှင်... တက်ရောက်လာကြတဲ့ ဧည့်သည်တော်များ အားလုံး ဒီည လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

"ကျွန်မတို့ရဲ့ ခရမ်းတိမ်တိုက်လေလံအိမ်က ဧည့်သည်တော်တို့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်ရှင်..."

"မြန်မြန်သာ စပါတော့... စိတ်ပျက်ရမလား မပျက်ရဘူးလားဆိုတာ စကားပြောရုံနဲ့ မသိရဘူး... မင်းတို့ ဘာထုတ်ပြနိုင်မလဲဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်..."

ကျင့်ကြံသူအများအပြားက အော်ဟစ်ကာ လှောင်ပြောင်လိုက်ကြသည်။

အခန်း ၂၀၄:ငရဲမင်းမူးယစ်ဆေးပင်

ဆွဲဆောင်မှုရှိသော အမျိုးသမီးက ရယ်မောလိုက်ပြီး ဒေါသထွက်သည့် အရိပ်အယောင် အနည်းငယ်မျှမရှိဘဲ ပြောဆိုလိုက်သည်။

"စိတ်မပူပါနဲ့ရှင်... ကျွန်မတို့ရဲ့ ခရမ်းတိမ်တိုက်လေလံအိမ်က ဖောက်သည်တစ်ယောက်ကို ဘယ်တုန်းကမှ စိတ်ပျက်အောင် မလုပ်ခဲ့ဖူးပါဘူး..."

"ပထမဆုံး လေလံပစ္စည်းကို ယူဆောင်လာခဲ့ပါ..."

အမျိုးသမီး၏ စကားဆုံးသည်နှင့် ရတနာတစ်ခုကို သယ်ဆောင်လာကြ၏။

ဤသည်မှာ ဓားတစ်လက်ဖြစ်ပြီး ဓားသွားသည် ရတနာတစ်ပါးကဲ့သို့ တောက်ပနေကာ ဓားရိုးကို သေသေချာချာ ထွင်းထုထားသဖြင့် တန်ဖိုးကြီးမားကြောင်း သိသာလှသည်။

"အရမ်းလှတာပဲ..."

ချင်းချင်း၏ မျက်လုံးများသည် ထိုဓားဆီသို့ ချက်ချင်းဆွဲဆောင်ခြင်းကို ခံလိုက်ရပေ၏။

ကျွယ်ဝူယက ဓားကိုကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်သည်။

"အပေါ်ယံပဲ... အသုံးမကျဘူး..."

"ဒီဓားက အရမ်းလှတာကို... ဘယ်လိုလုပ် အသုံးမကျဖြစ်ရမှာလဲ..."

ချင်းချင်းက နားမလည်စွာဖြင့် မေးမြန်းသည်။

ချင်းမင်က ရယ်မောပြီး ရှင်းပြလိုက်သည်။

"ဓားဆိုတာ လက်နက်တစ်ခုလေ... လက်နက်တစ်ခုရဲ့တာဝန်က တိုက်ခိုက်ဖို့ပဲ... ဒီဓားက သေသေသပ်သပ် ထွင်းထုထားတော့ အဲ့ဒီအရာရဲ့ အခြေခံရည်ရွယ်ချက် ပျောက်ဆုံးသွားပြီ... အဲ့ဒါကြောင့်မို့လို့ ကျွယ်ဝူယက ကြည့်ကောင်းရုံသက်သက်ပဲလို့ ပြောတာ..."

ချင်းချင်းက စဉ်းစားနေဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

အကယ်၍ ချင်းချင်းက ဤဓားကို ဤမျှ သဘောကျနေပါက အောက်ဘက်ရှိ အထက်တန်းလွှာ မိသားစုများမှ သခင်မလေးများဆိုလျှင် ပို၍ပင် သဘောကျပေမည်။ ဓားကို ယူဆောင်လာသည်နှင့် တစ်ပြိုင်နက် ပြင်းပြသော အားကျချီးကျူးမှုများကို ရရှိသွားလေ၏။

"ဒီဓားကို ကျွန်မတို့ လေလံအိမ်ရဲ့ ရာဖြတ်ပညာရှင်က တန်ဖိုးဖြတ်ထားပြီး တန်ဖိုးကြီးမားပါတယ်ရှင်... အဖွင့်လေလံကြေးကတော့ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ပါ..."

ဆွဲဆောင်မှုရှိသော အမျိုးသမီးက အပြုံးဖြင့် ပြောဆိုလိုက်သည်။

အမျိုးသမီး၏ စကားဆုံးသည်နှင့် ချက်ချင်းဆိုသလိုပင် အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။

"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင့်တစ်ရာ..."

"ကျုပ် တစ်ထောင့်နှစ်ရာ ပေးမယ်..."

"..."

မကြာမီ လေလံဆွဲခြင်းသည် နှစ်ထောင့်နှစ်ရာတွင် ရပ်တန့်သွားသည်။

'ဒေါက်' ခနဲ တူထုသံနှင့်အတူ စင်မြင့်ပေါ်ရှိ ဆွဲဆောင်မှုရှိသော အမျိုးသမီးက ပြုံးလိုက်၏။

"ဒီအဖိုးတန်ဓားက ကျန်းမိသားစုက ကျန်းသခင်မလေးဆီ ရောက်သွားပါပြီရှင်..."

"ကျန်းမိသားစုက သူတို့ရဲ့ နာမည်နဲ့ လိုက်ဖက်ပါတယ်... ချန်ယန်မြို့ရဲ့ မိသားစုကြီးနှစ်ခုထဲက တစ်ခုဆိုတော့ သူတို့ရဲ့ လေလံကြေးတွေက တကယ့်ကို ကြီးကျယ်ခမ်းနားတာပဲ..."

"ကောင်းပြီ... ဒီမိန်းကလေးသုံးကစားစရာကို မြန်မြန်ဖယ်လိုက်တော့... တကယ်ကောင်းတဲ့ ပစ္စည်းတချို့ ထုတ်ပြစမ်းပါ... ဒီလို အသုံးမကျတဲ့ဟာတွေ မဟုတ်ဘဲနဲ့..."

ကျင့်ကြံသူတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဟုတ်တယ်... မိန်းကလေးသုံး ကစားစရာတွေကို လေလံဆွဲနေရတာ ဘာအဓိပ္ပာယ်ရှိလို့လဲ... ငါတို့ ယောက်ျားတွေအတွက် တစ်ခုခု ထုတ်ပြစမ်းပါ..."

နောက်ထပ် ကျင့်ကြံသူတစ်ယောက်က ဝင်ရောက်ပြောဆိုလိုက်သည်။

အမျိုးသမီးသည် သူမ၏ လက်ခုပ်ကို တီးလိုက်ရာ ပစ္စည်းတစ်ခုကို ယူဆောင်လာကြ၏။

"အခု ကျွန်မတို့ လေလံတင်မယ့် အရာက စိတ်ဝိညာဉ်ဆေးပင်တစ်ပင်ပဲ ဖြစ်ပါတယ်ရှင့်... ဒါက သတ္တမအဆင့် စိတ်ဝိညာဉ်ဆေးပင်ဖြစ်တဲ့ ငရဲမင်းမူးယစ်ဆေးပင်ပါပဲ... တကယ်လို့ ဒါကို အဆိပ်ဆေးလုံးအဖြစ် ဖော်စပ်နိုင်ရင် သိုင်းဘုရင်နယ်ပယ် ကျွမ်းကျင်သူကိုတောင် အဆိပ်သင့်စေနိုင်တယ်..."

"ဆေးလုံးအဖြစ် မဖော်စပ်ရင်တောင် သူ့ကို တိုက်ရိုက်စားသုံးတာက သိုင်းဘိုးဘေးနယ်ပယ်ကို ရင်ဆိုင်ဖို့အတွက် အလွယ်လေးပါပဲ....အဖွင့်လေလံကြေးကတော့ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာပါ..."

ဆွဲဆောင်မှုရှိသော အမျိုးသမီးက ကျက်သရေရှိစွာ ပြုံးလိုက်ပြီး အနီရောင်အဝတ်ကို ဖွင့်ပြလိုက်ရာ ကြည်လင်တောက်ပနေသော စိတ်ဝိညာဉ်ဆေးပင်တစ်ပင် ထွက်ပေါ်လာပေ၏။

ချင်းမင်က ထိုစိတ်ဝိညာဉ်ဆေးပင်ကို မြင်လိုက်ရချိန်တွင် ရုတ်တရက် မတ်မတ်ထိုင်လိုက်မိသည်။

ငရဲမင်းမူးယစ်ဆေးပင်သည် သူ ရှာဖွေနေသော စိတ်ဝိညာဉ်ဆေးပင်များထဲမှ တစ်ခု အတိအကျပင်။

ဤစိတ်ဝိညာဉ်ဆေးပင် တစ်ပင်တည်းဖြင့် အကြီးအကဲချင်း၏အဆိပ်ကို မကုသနိုင်သော်လည်း...

ဤစိတ်ဝိညာဉ်ဆေးပင်တစ်ပင် သူ၏လက်ထဲတွင် ရှိနေခြင်းဖြင့် တခြားစိတ်ဝိညာဉ်ဆေးပင်များကို ဖြည်းဖြည်းချင်း စုဆောင်းနိုင်ပေမည်။ စိတ်ဝိညာဉ်ဆေးပင်တစ်ပင် ပိုရလာခြင်းက မျှော်လင့်ချက်ရောင်ခြည်တစ်ခု ပိုရလာခြင်းပင်။

ဤငရဲမင်းမူးယစ်ဆေးပင်သည် အဆိပ်ဆေးလုံးများ ဖော်စပ်ရန်အတွက်သာ မဟုတ်ဘဲ ထိုအရာ၏အစစ်အမှန် အသုံးဝင်မှုမှာ အဆိပ်ဖြေဆေးလုံးများ ဖော်စပ်ရန်ပင်။

တခြားစိတ်ဝိညာဉ်ဆေးပင်များကို သူ ရှာမတွေ့နိုင်လျှင်ပင် အကြီးအကဲချင်း၏အဆိပ်ကို အချိန်ကြာမြင့်စွာ ဖိနှိပ်ထားရန် ဤငရဲမင်းမူးယစ်ဆေးပင်ကို အားကိုးနိုင်သည်။

ဤမျှ အဖိုးတန်သော သတ္တမအဆင့် စိတ်ဝိညာဉ်ဆေးပင်သည် ချန်ယန်မြို့၌ ထွက်ပေါ်လာနိုင်ခြင်းက ချင်းမင်ကို အမှန်တကယ် အံ့အားသင့်သွားစေခဲ့သည်။

"တစ်ရာ့နှစ်ဆယ်..."

ကျင့်ကြံသူ တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"နှစ်ရာ..."

ချင်းမင်၏နံဘေးရှိ သီးသန့်အခန်းမှ အက်ရှရှအသံတစ်သံ ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံး ချက်ချင်းတိတ်ဆိတ်သွားသည်။

အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ရာသည် အလွန်တန်ဖိုးကြီးမားလှ၏။

အကယ်၍ ဤစိတ်ဝိညာဉ်ဆေးပင်ကို ဆေးလုံးအဖြစ် ဖော်စပ်နိုင်ပါက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးနှစ်ရာထက် အဆပေါင်းများစွာ ပို၍တန်ဖိုးရှိမည်မှာ သေချာပေသည်။ သို့သော် ဤအရာသည် သိုင်းဘိုးဘေးနယ်ပယ်ကိုသာ အဆိပ်သင့်စေနိုင်သော စိတ်ဝိညာဉ်ဆေးပင် တစ်ပင်မျှသာဖြစ်ပြီး အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ရာက တက်ရောက်လာသူ အားလုံးကို ငြိမ်သက်သွားစေခဲ့လေပြီ။

ဒါက တကယ်ရော တန်ရဲ့လား...

All Chapters