← Chapters

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

အခန်း (၁၆၀) ပိုလာဝက်ဝံကို နှိမ်နှင်းခြင်းနှင့် ကျန်းယွင်ထျန်း ဒဏ်ရာအပြင်းအထန် ရရှိခြင်း

ဝက်ဝံဖြူသည် နောက်တစ်ခါ ထပ်မံဟိန်းဟောက်လိုက်ပြီး ခြေနှစ်လှမ်းနောက်ဆုတ်ကာ ရှောင်းယီနှင့် အကွာအဝေးကို ချဲ့လိုက်သည်။ သူ၏မျက်လုံးထဲတွင်လည်း ထိတ်လန့်ကြောက်ရွံ့မှု၏ အရိပ်အရောင်များ အမှန်တကယ် ကိန်းအောင်းနေခဲ့သည်။

သို့သော်လည်း ရှောင်းယီသည် သူ့ကို အသက်ရှူရန်ပင် အချိန်မပေးတော့ဘဲ ဆက်တိုက်ခိုက်လိုက်၏။

ဝက်ဝံဖြူသည်လည်း ဆက်တိုက် နောက်ဆုတ်နေခဲ့ရလေသည်။

ရန်သူများ လမ်းကျဥ်းလေးကြားထဲ၌ ဆုံတွေ့ခဲ့ကြလျှင် ရဲရင့်သူကသာ အနိုင်ရမည်ဖြစ်ပြီး တစ်ယောက်က ကြောက်ရွံ့သွားခဲ့လျှင် သေချာပေါက် ရှုံးနိမ့်ရပေလိမ့်မည်။

ယခု ဝက်ဝံဖြူကဲ့သို့ပင်။ သူ၏ခန္ဓာကိုယ်တွင် အရိုးထိတိုင် နက်ရှိုင်းသော ဒဏ်ရာများ ရရှိသွားသောအခါ သူသည် နောက်ပြန်ပင်လှည့်မကြည့်ဘဲ ထွက်ပြေးသွားတော့သည်။

ဘေးကကြည့်နေသော ကျန်းယွင်ထျန်းသည်လည်း လုံးဝအံ့ဩထိတ်လန့်သွားခဲ့၏။ ရှောင်းယီက A အဆင့်းသားရဲကို တစ်ယောက်တည်းဖြင့် ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိအောင်ပင် ဖိနှိပ်နိုင်ခဲ့သည်။

ယခင်က သူသည် ပင်လယ်သတ္တဝါများ၏ တိုက်ခိုက်မှုများ တိုးလာခြင်းနှင့် တောထဲ၌ အဆင့်မြင့်သတ္တဝါများ ပေါ်လာမည်ကို စိုးရိမ်နေရသော်လည်း ရှောင်းယီ ယခုကဲ့သို့ အလွန်အားကောင်းနေခြင်းကြောင့် လုံးဝစိုးရိမ်စရာမလိုတော့ပေ။

သို့သော်လည်း ကျန်းယွင်ထျန်းသည် ရှောင်းယီက အဆင့်မြှင့်တင်ခြင်းကတ်ကို အသုံးပြုပြီး သူ၏ရုပ်ခန္ဓာအား S အဆင့်အထိ မြှင့်တင်ထားကြောင်းကိုမူ မသိခဲ့ပေ။

S အဆင့်ရုပ်ခန္ဓာသာ မရှိလျှင် ရှောင်းယီသည် ကျန်းယွင်ထျန်း အကြံပေးသည့်အတိုင်း သူ့ကိုတံတိုင်းထဲသို့ အမှန်တကယ် ပြန်ခေါ်သွားပြီး ပုန်းအောင်နေမိ‌ပေလိမ့်မည်။

ရှောင်းယီသည် ဝက်ဝံဖြူ ထွက်ပြေးချင်နေသည်ကို မြင်သောအခါ အော်ဟစ်လိုက်၏။

“အခုမှထွက်ပြေးချင်တာလား။ နောက်ကျသွားပြီကွ။”

ပိုလာဝက်ဝံဖြူများ၏ မြန်နှုန်းသည် တစ်နာရီလျှင် မိုင် ၆၀ အထိ ပြေးနိုင်ပြီး A အဆင့်ဝက်ဝံဖြူက ပို၍လျင်မြန်ပေသည်။ သူသည် တစ်နာရီလျှင် မိုင် ၁၂၀ အထိပြေးနိုင်ပြီး ၎င်းမှာ အမြင့်ဆုံးအမြန်နှုန်းဖြစ်၏။

သို့သော်လည်း ယခုအချိန်တွင် ဝက်ဝံဖြူသည် ဒဏ်ရာရထားသောကြောင့် ထိုမြန်နှုန်းအထိ မပြေးနိုင်တော့ဘဲ ရှောင်းယီအတွက် အလွယ်တကူ လိုက်မီနိုင်ခဲ့သည်။

ရွှစ်...ရွှစ်

ရှောင်းယီသည် သူ၏လက်ထဲရှိ ရွှမ်းယွမ်ဓားဖြင့် ဝက်ဝံဖြူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာများ ဆက်တိုက်ချန်ထားလိုက်၏။

သွေးများ အဆက်မပြတ် စီးထွက်နေခြင်းက ဝက်ဝံဖြူကို အားနည်းလာစေခဲ့သည်။

မီတာ ၂၀၀ ခန့် ထွက်ပြေးပြီးနောက် ဝက်ဝံဖြူသည် ဤကဲ့သို့ဆက်သွားနေလျှင် သေသွားနိုင်သည်ကို သိလိုက်ရတော့၏။

ဝင်ရိုးစွန်း၏ဧကရာဇ်တစ်ပါးအနေဖြင့် သူသည် မသေချင်သေးပေ။

ထို့ကြောင့် ဝက်ဝံဖြူသည် ချက်ချင်းပင် ထွက်ပြေးနေခြင်းကို ရပ်တန့်လိုက်ပြီး ရှောင်းယီရှေ့ရှိ ရေခဲပြင်ပေါ်သို့ လဲချလိုက်ကာ အသက်ပြင်းပြင်းရှူးရင်း ညည်းညူနေလိုက်တော့လေသည်။

ရှောင်းယီသည် မူလက ဤပိုလာဝက်ဝံဖြူကို ဓားတစ်ချက်တည်းဖြင့် ဖြတ်တောက်ပစ်ရန် စီစဉ်ထားသော်လည်း သူ အညံ့ခံသည်ကို မြင်လိုက်ရသောအခါ စိတ်ပြောင်းသွားခဲ့သည်။

“မင်းက A အဆင့်ရောက်နေပြီဆိုတော့ ငါပြောတာကိုနားလည်နိုင်မယ်လို့ ငါထင်တယ်။”

ရှောင်းယီက ပြောလိုက်သည်။

“မင်းရဲ့အညံ့ခံမှုကို ငါလက်ခံတယ်။ ဒီနေ့ကစပြီး မင်းက ငါ့ရဲ့အိမ်မွေးတိရစ္ဆာန်တစ်ကောင် ဖြစ်လာလိမ့်မယ်။”

ဝက်ဝံဖြူသည် ရှောင်းယီ၏စကားကို အမှန်တကယ် နားလည်သော်လည်း သူသည်လည်း သူခေါင်းဆောင်တစ်ယောက်ဖြစ်နေသောကြောင့် သဘောမတူချင်ဟန်ကို ပြနေခဲ့သည်။ ထိုစဉ်

ဆွစ်!

ရွှမ်းယွမ်ဓားသည် ဝက်ဝံဖြူရှေ့ရှိ ရေခဲပြင်ထဲသို့ စိုက်ဝင်သွား၏။ ရှောင်းယီသည် သူ၏လက်နှစ်ဖက်ကို ဓားလက်ကိုင်ပေါ်တင်ပြီး အပေါ်စီးမှ ငုံ့မိုးကြည့်လိုက်သည်။

ဤကဲ့သို့ နီးကပ်သော အကွာအဝေးတွင် ဝက်ဝံဖြူသည် ဓား၏ ကြောက်စရာဖိနှိပ်မှုကို ပို၍ပင် ခံစားလိုက်ရပြီး ပြန်လည်လဲလျောင်းလိုက်ကာ တခြားလှုပ်ရှားမှုများ ထပ်မလုပ်ရဲတော့ပေ။

“ငါပြောတာကို မင်းနားလည်သွားပြီလို့ ငါထင်တယ်။ ဒီနေ့ကစပြီး မင်းကို တပိုင်လို့ခေါ်မယ်။”

ရှောင်းယီက ဝက်ဝံဖြူကို အလွယ်တကူနာမည်ပေးလိုက်သည်။

“တပိုင် ငါနောက်က လိုက်လာခဲ့။”

ရှောင်းယီက လှည့်ထွက်သွားခဲ့သည်။ ပိုလာဝက်ဝံဖြူသည် အနည်းငယ်မလိုလားသော်လည်း ရွှမ်းယွမ်ဓား၏ ဖိနှိပ်မှုကို ကြောက်ရွံ့သောကြောင့် အနောက်မှ အလိုလို လိုက်သွားခဲ့လေသည်။

ကျန်းယွင်ထျန်းသည် ရှောင်းယီနောက်မှ နာခံစွာလိုက်လာနေသော ဝက်ဝံဖြူကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ။”

ကျန်းယွင်ထျန်းက ရှောင်းယီနောက်က ဝက်ဝံဖြူကိုကြည့်ပြီး မေးလိုက်သည်။

“အညံ့ခံလိုက်တာ။ အနာဂတ်မှာ သူက ငါ့တို့ရဲ့ကောင်းမွန်တဲ့ အကူအညီတစ်ခု ဖြစ်လာလိမ့်မယ်။”

ရှောင်းယီ ပြန်ဖြေလိုက်၏။ ကျန်းယွင်ထျန်းက လက်မထောင်ပြလိုက်မိသည်။

ပထမဆုံးအကြိမ် ရှောင်းယီ၏ကျွန်းသို့ ရောက်လာစဥ်က ကျန်းယွင်ထျန်းက သူသည် ရှောင်းယီနှင့် ယှဉ်နိုင်မည်ဟု ထင်ခဲ့မိ၏။

သို့သော်လည်း နောက်ပိုင်းတွင် B အဆင့်ကျားကို ရှောင်းယီနှင့်အတူတွဲ၍ တိုက်ခိုက်ခဲ့ရသောအခါ သူသည် ရှောင်းယီနှင့် အနည်းငယ်သာ ကွာခြားနေသေးသည်ကို သိလိုက်ရလေသည်။

သို့သော်လည်း ထိုခြားနားချက်က တံတိုင်းကြီးတစ်ခုကဲ့သို့ မခံစားရခဲ့ရပေ။ ကျန်းယွင်ထျန်းသည် ရှောင်းယီက သူ့ထက် အဆင့်မြင့်အစားအစာများကို ပိုမိုစားသုံးရခဲ့ပြီး သူသည်လည်း အဆင့်မြင့်အစားအစာများကို တစ်ချိန်လုံးစားရလျှင် ရှောင်းယီကို မကြာခင်မှာပင် ကျော်တက်နိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။

ငါတို့ ရှောင်ယီရဲ့တိုးတက်မှု အမြန်နှုန်းကို လျှော့တွက်ထားမိသေးပုံပဲ။

ရှောင်းယီနောက်ရှိ ရိုးရိုးရှင်းရှင်းနှင့် ချစ်စရာကောင်းသော ဝက်ဝံဖြူကပင် သူ့ကို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။

သို့သော်လည်း ရှောင်းယီ ရောက်လာပြီးနောက် ဝက်ဝံဖြူကို ရိုက်နှက်ခဲ့ရုံတင်မကဘဲ အညံ့ခံစေခဲ့လေသည်။

ဤခြားနားချက်က အဆင့်မြင့်အစားအစာများ ပိုမိုစားသောက်ရုံ၊ လေ့ကျင့်ခန်း ပိုလုပ်ရုံနှင့် ဖြည့်စည်း၍မရနိုင်ပေ။

ရှောင်းယီက ကျန်းယွင်ထျန်းကို ကျေးလက်ဗီလာဆီသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့၏။ ထို့နောက် ရှောင်းယီသည် တံခါးအပြင်ဘက်ရှိ ဝက်ဝံဖြူကြီးကိုကြည့်ကာ ပြောလိုက်သည်။

“တပိုင် မင်း ဒီမှာပဲနေ မလှုပ်နဲ့။ ဒီနေရာက လူတွေနဲ့ တိရစ္ဆာန်တွေကိုလည်း မထိခိုက်စေနဲ့။”

ဝက်ဝံဖြူက ကျေးလက်ဗီလာ၏ တံခါးဝနားတွင် မကျေမနပ်ဖြင့် ထိုင်နေလိုက်ရပြီး နှင်းများဖြင့် စိုရွှဲနေသော သူ၏ခန္ဓာကိုယ်ပေါ်က ဒဏ်ရာများကိုသာ လျှာဖြင့်လျက်နေလိုက်လေသည်။

ရှောင်းယီသည် ဒဏ်ရာရနေသော ကျန်းယွင်ထျန်းကို ကျေးလက်ဗီလာထဲသို့ ပြန်ခေါ်သွားပြီး ကိုယ်ကျပ်ဝတ်စုံကို ချွတ်ပေးလိုက်သည်။ သူအန်ထွက်ခဲ့သောသွေးများက ကိုယ်ကျပ်ဝတ်စုံ၏ ကိုယ်တိုင်သန့်စင်သောလုပ်ဆောင်ချက်ကြောင့် သန့်စင်သွားပြီဖြစ်သည်။

ကိုယ်ကျပ်ဝတ်စုံ၏ ကာကွယ်မှုစွမ်းအားမှာ အလွန်ကောင်းသော်လည်း ဝက်ဝံဖြူ၏ တိုက်ခိုက်ရေးစွမ်းအားကလည်း အလွန်ကြီးမားလှ၏။ တစ်ခါတိုက်ခိုက်လိုက်တိုင်း တုန်ခါမှုများကို ဖြစ်ပေါ်စေခဲ့သည်။

ကိုယ်ကျပ်ဝတ်စုံကို ဖျက်ဆီး၍ မရနိုင်သော်လည်း အတွင်းကလူကိုတော့ ထိခိုက်စေနိုင်ပေသည်။

ကျန်းယွင်ထျန်း၏ နံရိုးများမှာ ၄၊ ၅ချောင်းခန့် ကျိုးကြေနေခဲ့၏။ ရှောင်းယီသည် သူ့၏ဘေးနှစ်ဖက်စလုံး၌ ချိုင့်နေသော နံရိုးများကိုကြည့်ပြီး မျက်မှောင်ကျုံ့သွားသွားခဲ့လေသည်။

“ငါတို့မှာ ကျွမ်းကျင်တဲ့ ဆရာဝန်မရှိဘူး။ ဒီလို အရိုးကျိုးတာမျိုးက ဆရာဝန်နဲ့ပြန်ဆက်ဖို့လိုတယ်။”

ရှောင်းယီက ပြောလိုက်သည်။ ထိုအခါ ကျန်းယွင်ထျန်းက အသက်ပြင်းပြင်းရှူပြီး ပြုံးကာ ပြောလိုက်သည်။

“ပြဿနာမရှိပါဘူး။ ငါ ကိုယ့်ဘာသာလုပ်လိုက်မယ်။ ဒီလိုလှည့်လိုက်ရုံနဲ့ ဘာမှမဖြစ်နိုင်ဘူး။”

“ကောင်းပြီ။”

ရှောင်းယီက ခေါင်းငြိမ့်လိုက်၏။

ယခင်က ကြေးစားစစ်သည်တစ်ယောက်အနေဖြင့် ကျန်းယွင်ထျန်းသည် အခြေခံအရေးပေါ်ကုသမှု အသိပညာများ သိရှိထားပေသည်။ အနည်းဆုံး အရေးပေါ်ကုသမှု မခံယူဖူးသူများထက် ပိုကောင်းသည်။

ကျန်းယွင်ထျန်းသည် သူ၏ကျိုးနေသောနံရိုးကို စမ်းလိုက်ပြီး ကျိုးနေသောနေရာကို လက်နှစ်ဖက်ဖြင့်ညှပ်ကာ ဆွဲထုတ်လိုက်လေသည်။

ကလစ်!

“ဟမ်း!”

ကျန်းယွင်ထျန်း အသက်ပြင်းပြင်းရှုလိုက်ရပြီး ချွေး‌စေးများ စီးကျနေခဲ့သည်။

ထို့နောက် ဒုတိယတစ်ခု၊ တတိယတစ်ခု...

အားလုံးဆွဲထုတ်ပြီးနောက် ချိုင့်နေသောနေရာများက ပိုကောင်းသွားပုံရသွားခဲ့သည်။

သို့သော်လည်း ကျန်းယွင်ထျန်းသည် ရေထဲမှ တက်လာသည့်အလား သူ့ခန္ဓာကိုယ်ပေါ်ရှိ ချွေးများက အိပ်ရာခင်းများကိုပင် စိုရွှဲ‌သွားစေခဲ့၏။

သို့သော်လည်း နံရိုးများ မူလနေရာသို့ ပြန်ရောက်သွားသလားဆိုသည်ကိုမူ ပြောဖို့ခက်ပေသည်။

“ဘယ်လိုခံစားရလဲ”

ရှောင်းယီက မေးလိုက်သည်။

“မသေနိုင်သေးပါဘူး။”

ကျန်းယွင်ထျန်းက သက်ပြင်းချပြီး ပြန်ဖြေလိုက်သည်။

ရှောင်းယီသည် အခုလေးတင် အန်းရန်ပို့လိုက်သော S အဆင့်ရေသန့်နှင့် အုန်းရည်ကို ချက်ချင်း သောက်ခိုင်းလိုက်သည်။

“မင်း အရင်အနားယူလိုက်ဦး။ ပြဿနာတစ်ခုခုရှိရင် ငါ့ကို အချိန်မီပြောပါ။”

“အဟွတ် အဟွတ်! ကောင်းပြီ။”

ကျန်းယွင်ထျန်းက ပြန်မပြောနိုင်ခင် နှစ်ခါချောင်းဆိုးလိုက်ရ၏။

ရှောင်းယီ ခေါင်းငြိမ့်ပြီး အပြင်ထွက်သွားခဲ့လေသည်။ ဘေးနားတွင်ရှိနေသော ကျွင်းကျွင်းသည် အိပ်ရာအနားတွင် လဲလျောင်းနေပြီး ကျန်းယွင်ထျန်းကို ကြည့်နေခဲ့၏။

“ဖေဖေ၊ နာနေသေးလား။”

“အများကြီး ပိုကောင်းသွားပါပြီ။”

ကျန်းယွင်ထျန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် ရှောင်းယီသည် ခြံတံခါးနားရောက်လာလာခဲ့၏။ ထိုနေရာ၌ ဝမ်ချိုင်သည် အပြင်ဘက်က ဝက်ဝံဖြူအား ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

“ဝမ်ချိုင် မင်းခြေထောက်ကို ကြည့်ခွင့်ပေးပါဦး။”

ရှောင်းယီက ဒူးတစ်ဖက်ထောက်ထိုင်ကာ ပြောလိုက်၏။

ဝမ်ချိုင်သည် ချက်ချင်းပင် သူ၏နောက်ခြေထောက်တစ်ဖက်ကို မြှောက်ပြီး လှမ်းပေးလိုက်သည်။

“ဒီပုံစံ...မင်း သေးတော့ မပန်းနဲ့နော်။”

ရှောင်းယီက သတိပေးပြီး ဆက်ပြောလိုက်သည်။

“နည်းနည်းနာလိမ့်မယ် သည်းခံထားဦး။”

“ဝုတ် ဝု...”

“ကလစ်!”

ဝမ်ချိုင်၏ ပြန်ဖြေသံမဆုံးခင်မှာပင် ရှောင်းယီသည် သူ၏ကျိုးနေသောခြေထောက်ကို ဖြောင့်တန်းသွားအောင် ဆွဲဆန့်လိုက်၏။

“ဝုတ် ဝူး ဝူး ဝူး...”

ဝမ်ချိုင် စူးစူးဝါးဝါးအော်ဟစ်လိုက်ရ၏။ သူ၏ အကြည့်များမှာ ရှောင်းယီကို “ငါမပြင်ဆင်ရသေးဘူးလေ။ ဘာလို့လုပ်တာလဲ” ဟုပြောနေသလိုပင်။

အခန်း (၁၆၁) တပိုင်အား အလုပ်လုပ်နည်း သင်ပေးခြင်း

ရှောင်းယီသည် ဝမ်ချိုင်၏ အော်ဟစ်ငြင်းဆန်နေသောသံကို လုံးဝလျစ်လျူရှုလိုက်ပြီး ဝမ်ချိုင်ကို အိမ်သာသုံးစက္ကူနှင့် လီနင်ပိတ်များဖြင့် ပတ်တီးစည်းပေးပြီး S အဆင့်ရေသန့်ကို ဝမ်ချိုင်အတွက် ယူလာပေးလိုက်သည်။

အပြင်တွင်ထိုင်ပြီး ဒဏ်ရာများကို လျှာဖြင့်လျက်နေသော ဝက်ဝံဖြူကြီးသည် S အဆင့်ရေသန့်၏အနံ့ကို ရလိုက်သည်နှင့် ချက်ချင်းထလာပြီး ဝမ်ချိုင်သောက်နေသည့်ရေကို လောဘတကြီးဖြင့် စိုက်ကြည့်လိုက်၏။

ရှောင်းယီက သူ့ကိုလှမ်းကြည့်ပြီး အော်ငေါက်လိုက်သည်။

“ပြန်ထိုင်နေစမ်း။”

ဝက်ဝံဖြူကြီးသည် သူ၏နှာခေါင်းကို တရှုံ့ရှုံ့လုပ်ရင်း ကူကယ်ရာမဲ့စွာဖြင့် ပြန်ထိုင်လိုက်ရလေသည်။ သို့သော်လည်း သူ၏မျက်လုံးများသည်မူ ဝမ်ချိုင်ရှေ့က ရေခွက်ကိုသာ စိုက်ကြည့်နေခဲ့သည်။

ရှောင်းယီသည် ဝမ်ချိုင် ရေသန့်သောက်ပြီးသည်အထိ စောင့်ကြည့်ပြီးနောက် ထရပ်လိုက်ကာ ဝက်ဝံဖြူကို ပြောလိုက်သည်။

“ဒီကိုလာခဲ့။”

ထိုသို့ပြောပြီးနောက် ရှောင်းယီသည် ခြံထဲသို့ ဝင်သွားလိုက်ပြီး ဝက်ဝံဖြူကြီးသည်လည်း နာခံစွာဖြင့် သူ့အနောက်မှ လိုက်ပါသွားခဲ့သည်။ ခြံထဲရှိ လမ်းများမှာ ဝက်ဝံဖြူကြီးအတွက် အနည်းငယ်ကျဉ်းနေသလို ခံစားနေရ၏။

ထိုစဉ် အန်းရန်သည် မီးဖိုချောင်ထဲကထွက်လာခဲ့ပြီး ဧရာမဝက်ဝံဖြူကြီးကို မြင်လိုက်ရသောအခါ လန့်သွားပြီး နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်မိသည်။

“မကြောက်ပါနဲ့။ သူ ဒီနေရာမှာ ပြဿနာမရှာရဲပါဘူး။”

ရှောင်းယီက ပြောလိုက်၏။ အန်းရန်က ခေါင်းငြိမ့်လိုက်သည်။

ရှောင်းယီသည် ဝက်ဝံဖြူကို ဧည့်ခန်းထဲသို့ခေါ်သွားပြီး သူ၏ဒဏ်ရာများကို ကုသပေးလိုက်သည်။

ဝက်ဝံဖြူတွင် ဒဏ်ရာများ အလွန်များနေပြီး အပြင်တွင်လည်း နှင်းများကျဆင်းနေရာ ကုသရန်မှာ အခက်အခဲရှိသောကြောင့် အိမ်ထဲသို့ ခေါ်သွင်းလာရခြင်းပင်။

ဒဏ်ရာအားလုံးကို သန့်ရှင်းပြီးနောက် ရှောင်းယီက S အဆင့်ရေသန့်တစ်ခွက် လောင်းထည့်ပြီး သူ့ရှေ့တွင် ချပေးလိုက်သည်။

ခြံထဲဝင်လာကတည်းက ဝက်ဝံဖြူ၏ မျက်လုံးများမှာ အရောင်များ တောင်ပနေခဲ့ခြင်းဖြစ်၏။ ဤနေရာတွင် အစားစရာနှင့် သောက်စရာများ အများအပြားရှိပြီး အရင်က ဟိုခွေးသောက်ခဲ့သောအရည်များလည်း ပါဝင်ပေသည်။

ထိုအရာများက သူ၏ဆင့်ကဲတိုးတက်မှုအတွက် အလွန်အထောက်အကူ ဖြစ်ပေလိမ့်မည်။

ရှောင်းယီယူလာသော ခွက်ကိုမြင်လိုက်သည်နှင့် ဝက်ဝံဖြူကြီးသည် ချက်ချင်းပင် ရေသန့်ကို လက်နှစ်ဖက်နှင့်ကိုင်ပြီး ပါးစပ်ထဲသို့ သွန်ထည့်ကာ ရှောင်းယီကို စိတ်အားထက်သန်စွာ စိုက်ကြည့်လိုက်၏။

“အနာဂတ်မှာ ကြိုးစားပြီး အလုပ်လုပ်ရင် ဒီလိုရေမျိုး နေ့တိုင်းသောက်ရမယ်။”

ရှောင်းယီက ပြောလိုက်သည်။

ဝက်ဝံဖြူ၏မျက်လုံးများ ပိုမိတောက်ပသွားပြီး လူတစ်ယောက်ကဲ့သို့ ခေါင်းငြိမ့်လိုက်လေသည်။

ထို့နောက် ရှောင်းယီသည် အန်းရန်ကို C အဆင့် ပင်လယ်ငါးများ ယူလာခိုင်းပြီး ဝက်ဝံဖြူကို ပေးလိုက်သည်။

ဝက်ဝံဖြူကြီးသည် ပင်လယ်ငါးများကိုမြင်သောအခါ သူ၏အကြည့်များ ပြောင်းလဲသွားခဲ့၏။ သူ အစာမစားရသည်မှာ ရက်အတော်ကြာပြီဖြစ်သည်။

ထို့အပြင် ရှောင်ယီပေးသောငါးများမှာ သာမန်ပင်လယ်ငါးမဟုတ်ကြောင်းကိုလည်း အနံ့ခံရုံဖြင့် သိနိုင်ပေသည်။

သူသည် ပင်လယ်ငါးတစ်ကောင်ကို ဆုပ်ကိုင်ပြီး ပါးစပ်ထဲသို့ ပစ်ထည့်လိုက်တော့သည်။

အရမ်းအရသာရှိတယ်။

ဝက်ဝံဖြူ၏မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။

ဤလုပ်ဆောင်ချက်များအပြီးတွင် ဝက်ဝံဖြူကြီးမှာ ရှောင်းယီကို အပြည့်အဝ နာခံသွားပြီဖြစ်သည်။

“ကောင်းပြီ။ စားပြီးရင် အလုပ် စလုပ်ရမယ်။”

ရှောင်းယီသည် ဝက်ဝံဖြူကြီး ပင်လယ်ငါးများ တစ်ကောင်ပြီးတစ်ကောင်စားနေသည်ကိုကြည့်ရင်း ပြောလိုက်၏။

“ငါနဲ့အပြင်ကို လိုက်ခဲ့။”

ထို့နောက် ရှောင်းယီသည် ဝက်ဝံဖြူကြီးကို ကမ်းစပ်က C အဆင့်ရွက်လှေဆီသို့ ခေါ်ဆောင်သွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုညွှန်ပြီး ပြောလိုက်သည်။

“မင်း ဒီမှာ စောင့်ကြည့်နေရမယ်။ ပင်လယ်သတ္တဝါတွေ အုတ်မြစ်ကျောက်ကို တိုက်ခိုက်တာတွေ့ရင် အဲ့ဒီပင်လယ်သတ္တဝါတွေကို မောင်းထုတ်ပစ်ရမယ်။ ဒါမှမဟုတ် သတ်ပစ်ရမယ်။ နားလည်ပြီလား။”

သို့သော် ဝက်ဝံဖြူကြီးက ရှောင်းယီကို နားမဘည်ဟန်ဖြင့် ကြည့်လာခဲ့သည်။

ထိုအချိန်မှာပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ပင်လယ်သတ္တဝါတိုက်ခိုက်မှုရှိသည်ဟု သတိပေးလာခဲ့ပြီး မြေပုံပေါ်တွင် နေရာအတိအကျကို ကြည့်၍ရပေသည်။

ထိုအခါ ရှောင်းယီသည် မြေပုံကိုညွှန်ပြလိုက်ပြီး ဝက်ဝံဖြူနှင့်အတူ ထိုနေရာသို့ ပြေးသွားလိုက်၏။

တိုက်ခိုက်ခံရသည့်နေရာသို့ ရောက်သောအခါ ရှောင်းယီက ရေခဲသပ်ကိုကောက်ယူပြီး ရေခဲများကို ထိုးခွဲလိုက်လေသည်။ ထိုအရာကို ကြည့်နေရင်း ဝက်ဝံဖြူ၏မျက်လုံးများ တောက်ပလာခဲ့သည်။

ထိုပစ္စည်းက သူ၏ဝက်ဝံလက်သည်းများထက် ရေခဲကို ပိုမိုလျင်မြန်စွာ ထိုးခွဲနိုင်ပေသည်။

ထိုးခွဲလိုက်သည့်အခါ ပင်လယ်ငါးတစ်ကောင် ထွက်ပေါ်လာခဲ့ပြီး ၎င်းသည် အုတ်မြစ်ကျောက်ကို ဆက်လက်၍ တိုက်နေဆဲပင်။

ထိုအခါ ဝက်ဝံဖြူသည် ချက်ချင်းပင် သူ၏လက်ဝါးကို ဆန့်ထုတ်ပြီး လျှပ်စီးလက်သကဲ့သို့ အမြန်နှုန်းဖြင့် ထိုပင်လယ်ငါးကို တိုက်ရိုက် ဖမ်းဆီးလိုက်တော့သည်။

ရှောင်းယီသည် ဝက်ဝံဖြူ၏လက်သည်းများမှာ သံချိတ်တစ်ခုကဲ့သို့ ပင်လယ်ငါး၏ ခန္ဓာကိုယ်ထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။

“ဝက်ဝံဖြူရဲ့လက်သည်းတွေက အရမ်းထက်တာပဲ။”

ရှောင်းယီက အနည်းအံ့ဩသွားပြီး ကိုယ်ကျပ်ဝတ်စုံ၏ကာကွယ်မှုမှာ အံ့မခန်းဖြစ်သည်ဟု ထပ်ခါထပ်ခါ ခံစားမိလိုက်သည်။

ယခင်က ဝက်ဝံဖြူသည် ကျန်းယွင်ထျန်းကို အကြိမ်အနည်းငယ်ရိုက်နှက်ခဲ့သော်လည်း ကိုယ်ကျပ်ဝတ်စုံ၌ ပျက်စီးမှုမရှိခဲ့ပေ။

ဝက်ဝံဖြူသည် သူဖမ်းမိလိုက်သောငါးကို ရှောင်းယီရှေ့၌ ချပေးလိုက်၏။

“အနာဂတ်မှာ မင်းဖမ်းမိတဲ့ငါးကို ကိုယ့်ဘာသာကိုင်တွယ်လိုက်။ ငါ့ကိုမပေးနဲ့။”

ရှောင်းယီက ပြောလိုက်သည်။

ဝက်ဝံဖြူသည် ချက်ချင်းပင် ထိုပင်လယ်ငါးကို သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်တော့၏။

ထို့နောက် ရှောင်းယီက ဝက်ဝံဖြူကိုခေါ်ပြီး အလတ်စားရွက်လှေဆီသို့ ပြန်လျှောက်လာလိုက်သည်။

ဝက်ဝံဖြူသည် ပင်လယ်သတ္တဝါများ၏ တိုက်ခိုက်မှု ၃ ခုကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။

“အခု ဘယ်လိုလုပ်ရမလဲဆိုတာ နားလည်ပြီလား။”

ရှောင်းယီ မေးလိုက်၏။ ဝက်ဝံဖြူက ခေါင်းငြိမ့်လိုက်လေသည်။

“ငါ့ကို တစ်ခေါက်လုပ်ပြ။”

ရှောင်းယီသည် ဝက်ဝံဖြူ အမှန်တကယ်နားလည်လားဆိုသည်ကို စမ်းသပ်ရန် တာဝန်ပေးလိုက်၏။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကလည်း ကျွန်းအုတ်မြစ်ကျောက်ကို ထပ်မံတိုက်ခိုက်နေသည်ဟု သတိပေးနေဆဲပင်။

ထို့နောက် ဝက်ဝံဖြူကြီးသည် ရေခဲသပ်ကို ပါးစပ်ဖြင့်ကိုက်ပြီး ကမ်းစပ်ကို ပြေးသွားခဲ့၏။ ရှောင်းယီသည်မူ မည်သည့်စိုးရိမ်မှုမျှ မရှိဘဲ နောက်မှ လိုက်သွားခဲ့လေသည်။ထို့နောက် ဝက်ဝံဖြူ သွားနေသောတည်နေရာမှာ မှန်ကန်နေသည်ကို မြင်သောလိုက်ရလေသည်။

“A အဆင့်သတ္တဝါတွေ အားလုံးက ဒီလိုပဲဉာဏ်ကောင်းကြတာလား။”

ရှောင်းယီ တွေးလိုက်မိ၏။

ဝက်ဝံဖြူကြီးသည် ရေခဲသပ်ကို ကောက်ကိုင်ပြီး ရေခဲပေါ်သို့ တွန်းထုတ်တော့သည်။ သူသည် လူသားတစ်ယောက်လိုတော့ ကျွမ်းကျင်မှုမရှိသောကြောင့် အချိန်ပိုယူရလိုက်သည်။

သို့သော်လည်း အုတ်မြစ်ကျောက် လုံးဝပျက်စီးမသွားခင်မှာပင် ရေခဲကို ဖောက်ထွင်းနိုင်ခဲ့သည်။

“ပင်လယ်ဖျံ (B အဆင့်): ပင်လယ်နို့တိုက်သတ္တဝါ။ ခန္ဓာကိုယ်က ခါးပတ်ပုံသဏ္ဍာန်ရှိပြီး ရေကူးကျွမ်းကျင်သည်။...သို့သော်လည်း တိုက်ခိုက်မှုအားနည်းသည်။”

ဝက်ဝံဖြူက ရေခဲကို ထိုးခွဲလိုက်နှင့် ရှောင်းယီသည် ထိုပင်လယ်သတ္တဝါ၏ အချက်အလက်များကို မြင်လိုက်ရ၏။

ဝက်ဝံဖြူများ၏ အစာများထဲမှ တစ်ခုက ပင်လယ်ဖျံဖြစ်ပေသည်။

ထိုကြောင့် ထိုဖျံကိုမြင်သောအခါ ဝက်ဝံဖြူ၏ခန္ဓာကိုယ်တစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားခဲ့တော့လေသည်။

ဖျံများသည် အုတ်မြစ်ကျောက်ကို တိုက်ခိုက်ရန်ကြိုးစားနေစဉ် ၎င်းတို့၏ သဘာဝရန်သူ၏ အနံ့ကိုရရှိလိုက်ပြီး ကမ်းစပ်က ဝက်ဝံဖြူကိုမြင်လိုက်သောအခါ ချက်ချင်းပင် ပင်လယ်အောက်သို့ ထွက်ပြေးတော့၏။

ဝက်ဝံဖြူကြီးသည် သူ၏နှုတ်ခမ်းဝက အစာကို မည်သို့လက်လွတ်ခံနိုင်မည်နည်း။ သူသည် ရေခဲပြင်တွင် ကြီးမားသောအပေါက်ကြီးတစ်ခု ထိုးဖောက်ပြီး တိုက်ရိုက်ခုန်ချလိုက်တော့သည်။

ပုံမှန်အားဖြင့် ဝက်ဝံဖြူများသည် ဖျံများကဲ့သို့ ရေထဲတွင် လျင်မြန်စွာ မကူးခတ်နိုင်ပေ။ သို့သော်လည်း ဝက်ဝံဖြူက အဆင့်ပိုမြင့်ပေသည်။

အနည်းငယ် လိုက်ဖမ်းပြီးနောက် ဝက်ဝံဖြူ၏လက်ဝါးက ဖျံကို ဖမ်းမိသွားခဲ့ပြီး အပေါ်သို့ ဆွဲတင်လိုက်တော့သည်။

ရုန်းကန်နေသော ပင်လယ်ဖျံကို ဖိထားရင်းဖြင့် ဝက်ဝံဖြူက ရှောင်းယီကိုကြည့်လိုက်သည်။

“ငါပြောပြီးပြီ။ မင်းဖမ်းမိတဲ့ဟာကို ကိုယ့်ဘာသာဖြေရှင်းလိုက်။”

ရှောင်းယီက ထိုသို့ပြောပြီးနောက် လှည့်ထွက်သွားလိုက်၏။

“အလုပ်ဆက်လုပ်ဖို့မမေ့နဲ့။”

ဝက်ဝံဖြူက ထပ်မံခေါင်းငြိမ့်ပြလိုက်ပြီး သူ၏အစားအစာကို စတင်စားသောက်လိုက်လေသည်။

“ဒါက ပိုလာဝက်ဝံလား။”

အန်းယွဲ့သည် ရေခဲပေါ်က ပစ္စည်းသေတ္တာများကို ကိုင်တွယ်နေစဉ် ဝက်ဝံဖြူနှင့် ရှောင်းယီတို့ ရောက်လာတာကိုမြင်သောအခါ မေးလိုက်သည်။

“ဒီပိုလာဝက်ဝံဖြူက ကျုပ်တို့အရင်ကမ္ဘာက ပိုလာဝက်ဝံတွေနဲ့ အတူတူပဲ။ ကျုပ် သူ့ကိုအညံ့ခံစေပြီးပြီ။ အခု အစ်ကိုကျန်းက ဒဏ်ရာရနေတော့ သူက ပင်လယ်သတ္တဝါတွေရဲ့ တိုက်ခိုက်မှုကို ကူညီကိုင်တွယ်ပေးလိမ့်မယ်။”

ရှောင်းယီက ရှင်းပြလိုက်သည်။

“ကျန်းယွင်ထျန်း ဒဏ်ရာရသွားတာလား။”

အန်းယွဲ့က စိုးရိမ်တကြီးမေးလိုက်၏။

“ပြင်းထန်လား။”

“နံရိုး ၃ ချောင်းကျိုးသွားတယ်။ အဓိကက အခုချိန်မှာ ကျွမ်းကျင်တဲ့ဆရာဝန်မရှိလို့ ကိုင်တွယ်ဖို့ မလွယ်ဘူး။ သူ့ဘာသာသူပဲ ကိုင်တွယ်လိုက်ရတယ်။ ကောင်းကောင်းမွန်မွန်လုပ်နိုင်ရဲ့လားဆိုတာတော့ ကျုပ်လည်းမသိဘူး။”

ရှောင်းယီသည်လည်း အနည်းငယ် စိုးရိမ်နေခဲ့သည်။ အန်းယွဲ့က ခေါင်းငြိမ့်လိုက်သည်။

“ဆရာဝန်မရှိတာက တကယ့်ပြဿနာပဲ။ ဒဏ်ရာရရင် အရမ်းဒုက္ခရောက်ရတယ်။”

“ကျုပ် အစ်ကိုကျန်းဆီ ပြန်သွားလိုက်ဦးမယ်။”

ရှောင်းယီသည် သူ၏ကျွန်းအတွက် ကျွမ်းကျင်ဆရာဝန်တစ်ဦးကို ရှာဖွေရန် စဉ်းစားနေသော်လည်း ဤကဲ့သို့ဆရာဝန်များကို ကမန်းကတန်းရှာဖွေခြင်းမှ ဖြစ်ပေါ်လာနိုင်သော ပုံးကွယ်နေသည့် အန္တရာယ်များကလည်း သေးငယ်မည်မဟုတ်ပေ။

ပထမဆုံးအနေဖြင့် သူသည် သူတို့နှင့် မတွေ့ဖူးသောကြောင့် သူတို့၏စရိုက်လက္ခဏာများကိုလည်း မသိရပေ။ ဒုတိယအနေနှင့် သူတို့၏ ကျွမ်းကျင်မှုမှာ မည်သည့်အဆင့်တွင် ရှိသည်ကိုလည်း မသိရပေ။ ရှောင်းယီတို့သည် ဆရာဝန်မဟုတ်သောကြောင့် လှည့်စားခံရမှန်းမသိဘဲ ခံလိုက်ရနိုင်၏။

ဤအချက် ၂ ချက်ကြောင့် ရှောင်းယီ အနည်းငယ် တွန့်ဆုတ်နေခဲ့သည်။

ကျေးလက်ဗီလာသို့ ပြန်ရောက်သောအခါ ကျန်းယွင်ထျန်းက အိပ်ပျော်နေပြီး တစ်ခါတလေ ချောင်း တစ်ချက်၊ နှစ်ချက်ချောင်း ဆိုးတတ်သည်။

“အစ်ကိုကျန်း နေ့လည်စာစားပြီးပြီလား။”

ရှောင်းယီက မေးလိုက်သည်။

“စားပြီးပြီ။ စားချင်စိတ်လည်းရှိတယ်။”

ဆုဝမ်က ပြန်ဖြေလိုက်သည်။

“S အဆင့်ရေလည်း သောက်ထားတယ်။”

ဆုဝမ်၏ စကားကိုကြားသောအခါ ရှောင်းယီ အနည်းငယ် စိတ်သက်သာရာရသွားခဲ့၏။ သူသည်လည်း နေ့လည်စာကို အလျင်အမြန်စားလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသွားပြီး သတင်းတစ်ပုဒ် ထုတ်ပြန်လိုက်တော့သည်။

အခန်း (၁၆၂) ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်း

“အားလုံးပဲ မင်္ဂလာပါ။ ကျုပ်က ယီရန်ပင်းပါ။ ကျွန်တော်တို့အဖွဲ့ထဲမှာ ကျွမ်းကျင်တဲ့ဆရာဝန်တစ်ယောက်ယောက်များ ရှိလား။ ရှိရင် ကျုပ်ဆီ သီးသန့်စာပို့ပေးပါ။”

ရှောင်းယီက အများသုံးချန်နယ်တွင် ပြောလိုက်သည်။

“သူဌေးကြီး ပြန်ပေါ်လာပြီဟေ့။”

“မင်္ဂလာပါ သူဌေး။ ဆရာဝန်ရှာနေတာလား။ ကျုပ်က ဆရာဝန်ပါ။ အထွေထွေရောဂါကု ဆရာဝန်တစ်ယောက်ပါ။ အရမ်းတော်တဲ့ဆရာဝန်ပါဗျ။”

“ကျွန်မရောပဲ။ အထွေထွေဆေးပညာမှာ ကျွမ်းကျင်ပါတယ်။ ခေါင်းကိုက်တာ၊ ဖျားနာတာ၊ အစာအိမ်ရောင်တာ အားလုံးကို ကုသပေးနိုင်ပါတယ်။”

“မင်းတို့အားလုံး အရမ်းတော်နေကြပါလား။ ကျုပ်ကမှ ဆရာဝန်ပဲ။ ဒါပေမယ့် ခွဲစိတ်ဆရာဝန်။”

“ကျွန်မက ကလေးဆရာဝန်ပါ။ သူဌေးကြီးအိမ်မှာ ကလေးဖျားနာနေလား။”

“အပေါ်ကလူတွေ ဘာစကားတွေ ပြောနေကြတာလဲ။ သူဌေးက ဆရာဝန်ရှာနေရုံပဲ။ လူနာရှိတယ်လို့ မပြောရသေးဘူး။”

အများသုံးချန်နယ်နှင့် သီးသန့်ချန်နယ်တွင် လူအားလုံးက သူတို့သည် ဆရာဝန်များဖြစ်ကြောင်း ပြောနေကြ၏။

ထိုအခြေအနေကိုမြင်သောအခါ ရှောင်းယီ အနည်းငယ် အကူအညီမဲ့သွားခဲ့သည်။ မည်သူကမှန်သည်၊ မည်သူကမှားသည်ဆိုခြင်းအား လုံးဝမခွဲခြားနိုင်ပေ။

ရှောင်းယီ၏ပုံရိပ်သည် လူအများ၏ စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်နေသောကြောင့် လူတိုင်းက သူနှင့် ဆက်သွယ်ချင်ကြ၏။ သူနှင့်ဆက်သွယ်မိလျှင် အနည်းဆုံး စား၊ရေရိက္ခာတော့ ရရှိမည်ဖြစ်သည်။

ရှောင်းယီက ခေါင်းခါလိုက်ပြီး သီးသန့်ချန်နယ်မှ သူစိမ်းများ ဆက်သွယ်လာခြင်းကို ပိတ်ထားလိုက်ကာ အများသုံးချန်နယ်တွင် နောက်ထပ်သတင်းတစ်ပုဒ် ထပ်တင်လိုက်သည်။

“လူတစ်ယောက်မှာ နံရိုး၄၊ ၅ချောင်းကျိုးနေရင် အခုအချိန်မှာ ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်လဲ။”

သူသည် လက်တွေ့ပြဿနာကိုသာ တိုက်ရိုက်မေးလိုက်၏။ သူတို့ကို ဖြေရှင်းနည်းများပေးခိုင်းပြီး ပိုမိုယုံကြည်စိတ်ချရသောဆရာဝန်ရှိ၊မရှိကိုသာ ကြည့်ရပေတော့မည်။

“နံရိုးကျိုးတာက တခြားအတွင်းအင်္ဂါတွေကို မထိခိုက်သွားဘူးဆိုရင် ရင်ဘတ်ကို ပတ်တီးစည်းလိုက်ရုံပဲလိုတယ်။”

“အပေါ်ကလူ...မင်းက အခုမှဘွဲ့ယူရထားတာလား။ ဒီနေရာမှာ တခြားအတွင်းအင်္ဂါထိခိုက်မှုရှိ၊ မရှိ ဘယ်လိုလုပ်ပြီး သေချာသိနိုင်မှာလဲ။ မင်းမျက်လုံးက X-ray လား။ ပြီးတော့ ရင်ဘတ်ကို ပတ်တီးဆီးဖို့ ပတ်တီးကို ဘယ်မှာရှာမှာလဲ။”

“အဲ့လောက်အများကြီးကျိုးနေတာဆိုရင် ခွဲစိတ်ကုသမှု လိုမယ်ထင်တယ်။”

“ခွဲစိတ်မှုလား။ အားလုံးက သီအိုရီပညာရှင်တွေချည်းပဲ။ ခွဲစိတ်ခုံကို ဘယ်မှာသွားရှာရမှာလဲ။ ခွဲစိတ်ကိရိယာတွေကိုရော...။”

“ဟုတ်တယ်။ လူတိုင်းပဲ အရင်ဆုံး လက်ရှိအခြေအနေကိုပဲ စဉ်းစားကြပါ။ သူဌေးကြီးက အခုဒီကိစ္စကိုဖြေရှင်းဖို့ ကျုပ်တို့ကို ရှာနေတာလေ။”

“ဟုတ်တယ်။ လက်ရှိအခြေအနေအရ အကောင်းဆုံးဖြေရှင်းနည်းကို ပေးရမယ်။ လူတိုင်းက သူဌေးကြီးနဲ့ အတူရှိချင်ကြတယ်မဟုတ်လား။ ဒါပေမယ့် အရည်အချင်းတော့ ရှိရမယ်လေ။”

ထိုစကားကိုကြားသောအခါ လူအများအပြားက ချက်ချင်းပင် စကားမပြောရဲကြတော့ပေ။

“သူဌေး ကျုပ်က တရုတ်တိုင်းရင်ဆေးပညာကို လေ့လာနေတဲ့သူပါ။ ခွဲစိတ်စရာမလိုဘဲနဲ့လည်း အရိုးတွေကို ပြန်ဆက်လို့ရပါတယ်။ ဒါပေမယ့် ခင်ဗျားပြောသလိုမျိုး အရမ်းပြင်းထန်တယ်ဆိုရင်တော့ ပြန်ကောင်းဖို့မလွယ်ဘူး။ ဆေးတွေနဲ့ ဆက်ပြီးကုသရမယ်။”

“ဟာသပဲ...။ ဆေးကို ဘယ်မှာသွားရှာရမှာလဲ။ အခုချိန်မှာ မြက်ပင် တစ်ပင် ရှာတွေ့ရင်တောင် မင်းက အောင်နိုင်သူပဲ။”

“ဟေး... ဒီနေရာမှာ အပြင်းအထန်ဒဏ်ရာရတာက သေတာနဲ့အတူတူပဲ။ အခွင့်အလမ်း လုံးဝမရှိဘူး။”

အများသုံးချန်နယ်များ၌ စိတ်ပျက်အားငယ်စရာ စကားများ ထပ်မံထွက်ပေါ်လာခဲ့သည်။

ရှောင်းယီသည်လည်း မျှော်လင့်ချက်မဲ့နေခဲ့၏။ ဆရာဝန်တစ်ယောက်ရှာပြီး သူ၏ကျွန်းတွင် လက်ခံထားလျှင်ပင် လက်ရှိအခြေအနေ၌ တတ်နိုင်တာ ဘာမျှမရှိပေ။

ခေတ်သစ်ဆရာဝန်များသည် ကိရိယာများအပေါ်တွက် အလွန်မှီခိုရပေသည်။ ရှောင်းယီ၏ ဖွံ့ဖြိုးတိုးတက်မှုမှာ ကောင်းမွန်သော်လည်း သူတို့အတွက် ဆေးကုသရေးပစ္စည်းများ အစုံအလင်မရှိပေ။

“ဟင်း...ငါတို့လုပ်နိုင်တာက မင်းရဲ့ကံကြမ္မာကို ပုံအပ်ထားဖို့ပဲ ရှိတော့တယ်။”

ရှောင်းယီ သက်ပြင်းချလိုက်မိသည်။

ကျန်းယွင်ထျန်းသာ ခံနိုင်ရည်ရှိလျှင် သဘာဝရအတိုင်း အကောင်းဆုံးပင်။

မခံနိုင်လျှင်တောင် အနည်းဆုံး သန်းခေါက်ကျော်ထိ ခံနိုင်ရည်ရှိရပေလိမ့်မည်။ ထိုသို့ဆိုလျှင် ရှောင်းယီသည် စနစ်ကိုအသုံးပြုပြီး လက်မှတ်ထိုးဝင်ရန် အခွင့်အလမ်းရှိမည်ဖြစ်ပြီး ကုသမှုဆိုင်ရာပစ္စည်းများ ရနိုင်မလားဆိုသည်ကို ကြည့်နိုင်ပေလိမ့်မည်။

ထို့ကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ကျန်းယွင်ထျန်းသည် သန်းခေါင်ကျော်သည်ထိ ခံနိုင်ရည်ရှိရမည်ဖြစ်သည်။

ကျန်းယွင်ထျန်း ရောက်လာသည့်အချိန်တည်းက ပင်လယ်သတ္တဝါများ၏ တိုက်ခိုက်မှုကို ရှောင်းယီ အာရုံစိုက်စရာမလိုခဲ့ပေ။

ကျန်းယွင်ထျန်းသည် ကျွန်း၏လုံခြုံရေးအတွက် ကူညီထောက်ပံ့ပေးခဲ့သည်များကို ဖောက်ဖျက်ပစ်၍ မရေနိုင်ပေ။ လူတိုင်းက ကျန်းယွင်ထျန်း မြန်မြန်ပြန်ကောင်းပါစေဟုသာ ဆုတောင်းနေခဲ့ကြလေသည်။

ဝမ်ချိုင်က တံခါးနားတွင် ခဏအနားယူပြီးနောက် ခြေသုံးချောင်းနှင့် ကမ်းစပ်ကို ခုန်ဆွခုန်ဆွဖြင့်သွားပြီး ဝက်ဝံဖြူအား ပင်လယ်သတ္တဝါများ၏တိုက်ခိုက်မှုမှ ကာကွယ်ရန် ကူညီနေခဲ့သည်။

ဝမ်ချိုင်ကဲ့သို့ ပြင်ပဒဏ်ရာမျိုးသာဆိုလျှင် ရှောင်းယီအရမ်းစိတ်ပူစရာမလိုပေ။ သူတို့၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းမှာ ကောင်းမွန်သောကြောင့် အချိန်အနည်းငယ် ပိုယူလိုက်ရုံပင်။

အကောင်းဆုံးအခြေအနေသို့ ပြန်မရောက်လျှင်ပင် အသက်အန္တရာယ်တော့ မရှိနိုင်ပေ။

သို့သော်လည်း အကယ်၍ ကိုယ်တွင်းအင်္ဂါများ ထိခိုက်လျှင်မူ....ရှောင်းယီ အမှန်တကယ် အကူအညီမဲ့နေခဲ့၏။

ယွမ်နွန်သည် ဖန်လုံအိမ်ထဲက လယ်ယာအလုပ်များ ပြီးစီးပြီးနောက် ကျန်းယွင်ထျန်း၏အခန်းသို့ သွားလည်လိုက်သည်။ သူသည် ကျန်းယွင်ထျန်း ခဏခဏချောင်းဆိုးနေသည့်အသံကို ကြားလိုက်ရသောအခါ ရှောင်းယီကို စိုးရိမ်တကြီးဖြင့် လိုက်ရှာတော့လေသည်။

“ယွင်ထျန်းက အတွင်းအင်္ဂါတွေ ထိခိုက်သွားတာပဲ။”

ယွမ်နွန်က ပြောလိုက်သည်။

“သူချောင်းဆိုးတဲ့အကြိမ်တွေ ပိုများလာတာကို မင်းမြင်တယ်မလား။”

ရှောင်းယီ မျက်မှောင်ကျုံ့သွား၏။

“ဒါပေမယ့် အခုအချိန်မှာ တကယ် ကောင်းမွန်တဲ့နည်းလမ်းမရှိဘူး။ ဆရာဝန်ရှာတာကလည်း စိတ်မချရဘူး။ သူတို့က စက်ကိရိယာတွေမရှိရင် ဘာမှမလုပ်နိုင်ဘူး။”

“သူ့ရဲ့ကိုယ်ခန္ဓာက အားကောင်းတယ်။ သူကိုယ်တိုင်ခံနိုင်ရည်ရှိဖို့ပဲ ငါမျှော်လင့်မိတယ်။”

ယွမ်နွန်က သက်ပြင်းချရင်း ပြောလိုက်သည်။ ရှောင်းယီ ခေါင်းငြိမ့်လိုက်၏။

မကြာခင် ညနေခင်းသို့ ရောက်ရှိလာခဲ့သည်။ တစ်နေ့လုံး ကျွန်းကိုစောင့်ကြပ်နေသော ဝက်ဝံဖြူသည်လည်း ကျေးလက်ဗီလာတံခါးနားတွင် ပြန်ထိုင်နေပြီဖြစ်သည်။

ဝမ်ချိုင်သည်မူ ကျန်းယွင်ထျန်း၏ အခန်းထဲတွင် လဲလျောင်းနေပြီး ကျန်သည့်လူများ အားလုံးလည်း ရောက်ရှိနေကြသည်။

ကျန်းယွင်ထျန်း ချောင်းများပိုဆိုးလာခဲ့၏။ လူတိုင်းက သူ့ကို စိုးရိမ်တကြီးသာ စိုက်ကြည့်နေနိုင်ကြလေသည်။

“အဲ့ဒီဝက်ဝံဖြူကြောင့်ပဲ။ သူ့ကိုသတ်ပစ်ပြီး ရှင့် အတွက်လက်စားချေမယ်။”

ဆုဝမ်က ဒေါသတကြီး ပြောလိုက်၏။

ကျန်းယွင်ထျန်းက ခေါင်းခါလိုက်သည်။ သူသည် အသက်ပြင်းပြင်းရှူရန် ကြိုးစားလိုက်စဉ် ရင်ဘတ်ထဲမှ စူးအောင့်လာသောကြောင့် ဖြည်းဖြည်းချင်းသာ အသက်ရှူပြီး ပြောလိုက်သည်။

“ဝက်ဝံဖြူနဲ့ယှဉ်ရင် ငါအရည်အချင်းမမီလို့ပါ။ သူလည်း တစ်နေ့လုံးကျွန်းကိုစောင့်ကြပ်ပေးနေတာပဲလေ။ ငါသာ တကယ်သေသွားခဲ့ရင် သူ့ကို ငါ့အစား တာဝန်ယူခိုင်းချင်တယ်။”

“အဓိပ္ပါယ်မရှိတဲ့စကားပဲ။ မင်းသေမှာမဟုတ်ဘူး။”

ရှောင်းယီက ပြတ်ပြတ်သားသား ပြောလိုက်၏။

“ငါ့ကိုယုံ...။ မင်း သေချာပေါက် ပြန်ကောင်းလာစေရမယ်။”

ကျန်းယွင်ထျန်းက ခေါင်းငြိမ့်လိုက်သည်။

“ငါ မင်းကိုယုံပါတယ်။ အဟွတ်...အဟွတ်...ဒါပေမယ့် တကယ်လို့ အခြေအနေဆိုးသွားခဲ့ရင်... ကျွင်းကျွင်းကို စောင့်ရှောက်ပေးပါ။”

ကျန်းယွင်ထျန်းသည်လည်း သူ၏ကိုယ်ခန္ဓာအခြေအနေ မကောင်းကြောင်းကို သိနေခဲ့ပြီး သူ၏နောက်ဆုံးအချိန်ရောက်နေသကဲ့သို့ ပြောလိုက်သည်။

“ပါးစပ်ပိတ်ထား။ ကျွင်းကျွင်းကို မင်းကိုယ်တိုင်ပဲ စောင့်ရှောက်ရမယ်။ ငါတို့က မိသားစုပဲ၊ စိတ်ဓာတ်ကျစရာစကားတွေ မပြောစမ်းနဲ့။”

ရှောင်းယီက အော်ဟစ်လိုက်သည်။

“အရင်ဆုံး ဒီရေနဲ့ အုန်းရည်ကို သောက်လိုက်။”

ကျန်းယွင်ထျန်းက S အဆင့်ရေသန့်နှင့် အုန်းရည်ကိုကြည့်ပြီး ပြုံးလိုက်မိသည်။

“ဒါတွေကို မဖြုန်းတီးပါနဲ့တော့။”

“အဓိပ္ပါယ်မရှိတာ‌တွေ မပြောနဲ့။ မင်းကျွန်းကို ပထမဆုံးရောက်ကတည်းက ဒီကျွန်းမှာ ငါ့စကားကို နားထောင်ရမယ်လို့ကြေငြာခဲ့တယ်။ ငါ အမိန့်ပေးမယ်။ အခု ငါ မင်းကို ဒါတွေ သောက်ခိုင်းနေတယ်။”

ရှောင်းယီက ပြတ်ပြတ်သားသား ပြောလိုက်၏။ ကျန်းယွင်ထျန်း၏ မျက်လုံးများ အနည်းငယ် စိုစွတ်လာခဲ့သည်။

“အနာဂတ်မှာ ဘာတွေပဲဖြစ်လာ ဖြစ်လာ။ မင်းက ငါ့ရဲ့ ညီအစ်ကောင်းတစ်ယောက်ပဲ။”

“အဟွတ် အဟွတ်...။”

ကျန်းယွင်ထျန်းက ချောင်းထပ်ဆိုးလိုက်ပြီး S အဆင့်ရေသန့်နှင့် အုန်းရည်ကို သောက်လိုက်သည်။

“အားလုံး ထမင်းသွားစားကြတော့။ ဒီမှာနေမနေတော့နဲ့။ အဟွတ်...အဟွတ်...ငါလည်းအနားယူချင်ပြီ။”

ကျန်းယွင်ထျန်းက စကားပြောရင်း မောဟိုက်နေ၏။

“ကောင်းပြီ လူများလွန်းရင် လေကောင်းလေသန့် မရဘူး။ အားလုံးပဲ ထွက်သွားကြစို့။ သူ့ကိုအနားယူခွင့်ပေးလိုက်ပါ။”

ယွမ်နွန်က ပြောလိုက်သည်။ ထို့နောက် လူတိုင်း အခန်းထဲမှ ထွက်သွားခဲ့ကြသည်။

“ဖေဖေ ‌နေပြန်ကောင်းလာမှာပါနော်။”

ကျွင်းကျွင်းက အိပ်ရာအနီးတွင် လဲလျောင်းပြီး မေးလိုက်သည်။

ကျန်းယွင်ထျန်းက ချောင်းနှစ်ခါဆိုးပြီးနောက် အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်၏။

“ဒါပေါ့...ဖေဖေ တစ်ချိန်ချိန်မှာ ထွက်သွားရမယ်ဆိုရင် ဦးလေးရှောင်းယီရဲ့စကားကို သေချာနားထောင်ရမယ်နော်။”

“ဟုတ်ကဲ့”

ကျွင်းကျွင်းက ခေါင်းငြိမ့်ပြီး ထပ်မေးလိုက်သည်။

“ဖေဖေက ဘာသွားလုပ်ရမှာလဲ။”

“သူရဲကောင်းလုပ်ပြီး မကောင်းဆိုးဝါးတွေကို တိုက်ထုတ်မလို့ပေါ့။”

ကျန်းယွင်ထျန်းက တိုးတိုးလေး ပြန်ဖြေလိုက်လေသည်။

All Chapters