← Chapters

ဓမ္မကိုကာကွယ်သူများ

Vol. 6 Ch. 573

ဓမ္မကိုကာကွယ်သူများ

Vol. 6 Ch. 573

ဆန်းလျန်၏ အတွေးများသည် ကြည်လင်ရှင်းလင်း နေလေသည်။

လေထဲတွင် မျောလွင့်နေသည့် တောင်ကြီးဆီမှ ဖြာထွက်နေသည့် ရွှေရောင် အလင်းတန်းများသည် ပေါ့ပေါ့တန်တန် မဟုတ်ပေ။ သို့သော် သူ၏ ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ဖြင့် ဘုန်းတော်ကြီး၏ စက်ကွင်းအတွင်းမှ လွတ်မြောက်လုနီး ပါးအချိန်တွင် သူ့ထံသို့ ဝင်ရောက်လာသည့် ဓားဝိညာဉ်ပေါင်းစည်းမှုကို မမျှော်လင့်ဘဲ မြင်တွေ့ခဲ့ရခြင်း ဖြစ်လေသည်။

ဆန်းလျန်သည် ဓားသိုင်းပညာတွင် ပါရမီရှင် တစ်ယောက် မဟုတ်သော်လည်း မရဏဓားများနှင့် ပတ်သက်ပြီး ကောင်းကောင်း နားလည်ထားသူ တစ်ယောက် ဖြစ်လေသည်။ ဆရာ ဘိုးဘိုးယွမ်ချင်းဟု ယွမ်တုဓားဝိညာဉ်နှင့် ငရဲလမ်းဓားဝိညာဉ်၏ ဓမ္မအဓိပ္ပာယ်ကိုလည်း သိရှိထားလေသည်။ ထို့ကြောင့် သူ့ထံသို့ ဝင်ရောက်လာသည့် ဓားဝိညာဉ် ပေါင်းစည်းမှုကြီးသည် အခြားသူများအတွက် ထိတ်လန့်ဖွယ်ရာ ဖြစ်နေသည့်တိုင် ဆန်းလျန်ကတော့ ထိတ်လန့်ခြင်း မဖြစ်မိပေ။

ဓားဝိညာဉ် ပေါင်းစည်းမှု စွမ်းအားများကြောင့် သွေးနီရောင် ပင်လယ်သည်ပင်လျှင် လှိုင်းတံပိုးများ ပြင်းထန် လာလေသည်။

လေထဲတွင် မျောလွင့်နေသည့် တောင်မြင့်ကြီးနှင့် ရွှေရောင် စေတီတော်များမှာ ပျောက်ကွယ် သွားပြီး လက်ထဲတွင် ကြာပွတ် တစ်ချောင်း ကိုင်ထားသည့် တာအိုဆရာ တစ်ယောက်ကို ဆန်းလျန် မြင်တွေ့ လိုက်ရလေသည်။

ထိုတာအိုဆရာက ဆန်းလျန်ကို စူးစိုက် ကြည့်နေလေသည်။

ဆန်းလျန်မှာတော့ ထိုသူကို တွေ့သည့်အခါ ဝမ်းသာအားရဖြင့် နှုတ်ဆက် လိုက်လေသည်။

"ဂိုဏ်းတူအစ်ကို စန်းဝမ့်…"

ထိုတာအိုဆရာမှာ ယခင် အချိန်များတုန်းက ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည့် ဆန်းလျန်၏ ဂိုဏ်းတူအစ်ကို စန်းဝမ့်ပင် ဖြစ်လေသည်။ ဆန်းလျန်သည် ယခုကဲ့သို့သော အခြေအနေမျိုးတွင် စန်းဝမ့်နှင့် ပြန်တွေ့ရမည်ဟု လုံးဝမျှော်လင့် မထားခဲ့ပေ။

ဆန်းလျန်ကို ပြန်တွေ့ရသည့် အတွက် တာအိုဆရာစန်းဝမ့်မှာ အလွန် စိတ်လှုပ်ရှား နေပုံရလေသည်။

ရုတ်တရက် သူ့ခေါင်းထဲတွင် တစ်စုံတစ်ခုကို သတိရသွားပြီး အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် အနည်းငယ်ပြင်လိုက်ပြီး ဆန်းလျန်ကို ဦးညွတ် လိုက်လေသည်။

"ချင်းရွှမ်နတ်တံခါးက စန်းဝမ့်၊ ဂိုဏ်းချုပ်ကို ဂါရဝ ပြုပါတယ်…"

ဓားသမား (၁၁)ယောက်ကလည်း ဆန်းလျန်ကို ဂါရဝ ပြုလိုက်ကြလေသည်။

"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်…"

သူတို့အားလုံးမှာ လောကနတ်ဘုရား အဆင့် မရောက်ကြသေးသည့်တိုင် သူတို့၏ ဓားသိုင်း အဆင့်သည် အလွန်မြင့်မားနေပြီ ဖြစ်လေသည်။ သူတို့ကိုယ်ထဲမှ ဓားတန်ခိုး စွမ်းအားများမှာလည်း တစ်ယောက်နှင့် တစ်ယောက် ချိတ်ဆက်နေပြီး အပြန်အလှန် ဆက်နွှယ်နေကြလေသည်။ ဆန်းလျန်ကို ဦးညွတ် ဂါရဝပြုစဉ်မှာပင် သူတို့၏ တန်ခိုးစွမ်းအား ချိတ်ဆက် နေမှုများက ရပ်တန့်သွားခြင်း မရှိပေ။ သူတို့ဆီမှ နဂါးနှင့်ကျားကဲ့သို့ မြင့်မြတ်သည့် ဓားတန်ခိုး စွမ်းအားများ ထွက်ပေါ် နေကြလေသည်။

သာမန် လူတစ်ယောက်သာဆိုလျှင် ထိုတန်ခိုးစွမ်းအား များကြောင့် အရည်ပျော် သွားနိုင်လေသည်။ သို့သော် ဆန်းလျန်ကိုတော့ ထိခိုက်နိုင်ခြင်း မရှိပေ။

ဓားသမား (၁၁)ယောက်သည် ဆန်းလျန်ကို အလွန်လေးစားကြသူများ ဖြစ်လေသည်။

သူတို့သည် ယခင်ဘဝကပင် ဆန်းလျန် နတ်ဘုရားတစ်ပါး အဖြစ် အဆင့်တက်ရောက် သည်ကို သိရှိထားခဲ့သူများ ဖြစ်လေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ဂိုဏ်းတူ အစ်ကိုစန်းဝမ့်၊ ဒီလိုလုပ်ဖို့ မလိုပါဘူး၊ ကျုပ်တို့ အခုမှ သိကြတဲ့သူတွေမှ မဟုတ်တာကို…”

တာအိုဆရာစန်းဝမ့်သည် ဆန်းလျန်၏ အေးဆေး တည်ငြိမ်သည့် စိတ်ထားကို အစကတည်းက ကောင်းစွာ သိရှိထားသူ ဖြစ်လေသည်။ ဆန်းလျန်နှင့် ဂိုဏ်းတူညီလေး ချန်ကျန့်မေသာ ချင်းရွှမ်နတ်တံခါးတွင် ရှိနေနိုင်လျှင် ချင်းရွှမ်နတ်တံခါးသည် မည်သို့မျှ မပျက်စီးနိုင်သည့် ဘုန်းကျက်သရေနှင့် တင်တယ်နေပေလိမ့်မည်ဟု သူက စိတ်မကောင်းစွာဖြင့်ပင် တွေးလိုက်မိသည်။

သို့သော် ဆန်းလျန်သည် ချန်ကျန့်မေနှင့် တူညီခြင်းမရှိပါ။ ဆန်းလျန်ထံတွင် ဆရာသခင် ကျန်းရော့ရွှီး၏ အငွေ့အသက်များကို တွေ့မြင်နေရလေသည်။

ဆန်းလျန်က ဓားသမား (၁၁)ယောက်ကို တစ်ချက်အကဲခတ်လိုက်ပြီး တစ်ယောက်ချင်းကို လက်ညှိုးထိုးလိုက်ကာ…

"လီယွမ်လျန်၊ ယွမ်ရွှယ်ဖုန်း၊ နီဟုန်ယိ၊ ပိယွိစန်း၊ ဟယ်ကန်းကျယ်၊ ကျင်းကျန်းကျန်၊ လျိုဝေးယိ၊ ယွိယင်းဖား၊ ရှောင်ခိုင်တင်း၊ စုန့်ရှိုးဝေ့၊ ဝမ်ကောင်းချန်… လက်စသတ်တော့ မင်းတို့အားလုံး ဒီရောက်နေတာကိုး၊ ကောင်းတယ်၊ သိပ်ကောင်းတယ်၊ မင်းတို့ကို တာအိုကျင့်စဉ်တွေ သင်ပေးခဲ့တဲ့အချိန်ကို ကျုပ်မှတ်မိနေတုန်းပဲ၊ အင်း.. ဖန်းယန်ယင်းကိုတောင် သတိရမိတယ်၊ သူ့ကိုလည်း တွေ့ခွင့်ရမယ်ဆိုရင် ကျုပ်သိပ်ပြီး ဝမ်းသာမိမှာပဲ”

ဓားသမား (၁၁)ယောက်မှာ သေစေခြင်း ကျောင်းတော်မှ ချန်ကျန့်မေ၏ တပည့် (၁၁)ယောက် ဖြစ်လေသည်။ ယခင်ဘဝက ထိုတပည့်များ သေဆုံးသည်ကို ဆန်းလျန်သည် မျက်စိဖြင့် မြင်တွေ့ခဲ့ရပြီး ဖန်းယန်ယင်း တစ်ယောက်ကိုသာ သူက ပျိုးထောင် ပေးခဲ့နိုင်လေသည်။

တပည့် (၁၁)ယောက်သည် ဆန်းလျန်က သူတို့ကို နာမည်များပင် တစ်လုံးမှ မမေ့ဘဲ မှတ်မိနေသည်ကို သိလိုက်ရသည့်အခါ အလွန်ပျော်ရွှင်သွားကြလေသည်။ ထိုခဏအတွင်းမှာပင် ဆန်းလျန်အတွက် ဆိုလျှင် ဓားတောင်ကိုပင် ကျော်၍ မီးပင်လယ်ပင် ဖြတ်မည်ဟု ဆုံးဖြတ် လိုက်မိကြလေသည်။

တာအိုဆရာစန်းဝမ့်က ရယ်မောလိုက်ရင်း…

"ဂိုဏ်းချုပ်… ဂိုဏ်းတူညီလေးချန်ကျန့်မေနဲ့ သွားတွေ့ရအောင်…"

တာအိုဆရာစန်းဝမ့်၏စကားကို ဆန်းလျန်က ခေါင်းညိတ် သဘောတူ လိုက်လေသည်။

ချန်ကျန့်မေ၏ တပည့်များနှင့် တွေ့ဆုံပြီးသည့်နောက် ချန်ကျန့်မေသည် သွေးနီရောင် ပင်လယ်ကို အောင်နိုင်ကာ မဟာအသူရာ အရှင်သခင်ကြီး ဖြစ်နေသည်ကို သိရှိ လိုက်ရလေသည်။ ထိုသို့ သိလိုက်ရသည့် အတွက် ဆန်းလျန်၏ စိတ်ထဲတွင် ပျော်ရွှင် သွားမိလေသည်။ သူသည် တာ့ရှား ပြည်နေရာတွင် ယင်းစန်းဒေသက အစားထိုးမည့် ကံကြမ္မာကို ပြန်လည် ပြုပြင်ချင်နေသူ ဖြစ်ရကား ဂိုဏ်းတူအစ်ကို ချန်ကျန့်မေနှင့် ဂိုဏ်းတူအစ်ကို စန်းဝမ့်သာ သူ့ဘက်တွင် ရှိနေလျှင် သူ၏ အကြံအစည်ကို ကောင်းစွာအကောင် အထည် ဖော်နိုင်တော့မည် ဖြစ်လေသည်။

ထျန်းယီ အကြီးအကဲဘက်တွင် ဝမ်ကျုန်းရှိနေသည့် အချိန်တွင် ဆန်းလျန်မှာတော့ တစ်ကိုယ်တည်း ကူရာကယ်ရာမဲ့ နေခဲ့လေသည်။ သူ၏ ကျောထောက်နောက်ခံ အဖြစ် ရှီးလျန်တိုင်းပြည် ရှိနေသည့်တိုင် ရှီးလျန်သည် သူ့ကို အပြည့်အ၀ ကူညီနိုင်လောက်အောင် အင်အား မရှိပေ။

အသူရာချောက်တွင် သြဇာလွှမ်းမိုးမှုအရ ဆန်းလျန်သည် ထျန်းယီကို မယှဉ်နိုင်ခဲ့ပါ။ ဆန်းလျန်ကို လေးစားကြ သူများရှိကြသည့်တိုင် တိုင်းပြည်တစ်ခုကို အခိုင်အမာ အုတ်မြစ် ချရန်မှာတော့ အလွန်ပင် အားအင် စိုက်ထုတ်ရမည့် ကိစ္စဖြစ်လေသည်။

သို့သော် တာအိုဆရာစန်းဝမ့်နှင့် ချန်ကျန့်မေသာ သူ့ကို ကူညီမည်ဆိုလျှင် သူ့အတွက် ပြီးပြည့်စုံ သွားနိုင်လေသည်။

သွေးနီရောင် ပင်လယ်သည် အဆုံးမရှိ ကျယ်ပြန့်လေသည်။

ဆန်းလျန်သည် စန်းဝမ့်နှင့်အတူ ခရီးထွက်လာခဲ့ပြီး တစ်နေရာ အရောက်တွင်တော့ သူတို့၏ နတ်ဘုရား စိတ်အာရုံများ အနည်းငယ် နှေးကွေးသွားသလို ခံစားလိုက်ရလေသည်။ ထိုနေရာတွင် သတ်ဖြတ်လိုသည့် အငွေ့အသက်များ များစွာ ထွက်ပေါ်နေလေသည်။

ဆန်းလျန်က အခြေအနေကို ကြည့်နေဆဲမှာပင် လီယွမ်လျန်က သူ၏ဓားကို ဆွဲထုတ်လိုက်ပြီး အခြားသော ဓားသမား (၁၀)ယောက်ကလည်း ကြုံးဝါး အော်ဟစ်သံများကို ပြုလုပ် လိုက်ကြလေသည်။ ထို့နောက် အနောက်ဘက်ဆီမှ ရွှေရောင် အလင်းတန်းများ ထွက်ပေါ် လာပြီး တရားစာ ရွတ်ဖတ်သံများ ပေါ်ထွက်လာလေသည်။

“ဘာဖြစ်တာလဲ…”

ဆန်းလျန်က မေးလိုက်လေသည်။

လီယွမ်လျန်သည် ခရုသင်းကဲ့သို့သော တူရိယာ တစ်ခုကို ထုတ်ယူပြီး မှုတ်လိုက်လေသည်။ သွေးနီရောင် ပင်လယ်မှ လှိုင်းများ ပြင်းထန်လာပြီး လှိုင်းထဲမှ နတ်ဆိုး စစ်သည်တော်များ ထွက်ပေါ် လာကြလေသည်။ နတ်ဆိုးစစ်သည်တော် များထဲတွင် ယောကျ်ားလေးရော မိန်းကလေးများပါ ပါဝင်လေသည်။ အမျိုးသားများက စွဲဆောင်မှုရှိပြီး မိန်းကလေးများကလည်း အလွန်မှ ပရောပရည်ဟန်နှင့် ဖြစ်လေသည်။ သူတို့သည် ဓမ္မကို ကာကွယ်သူများလောက် အစွမ်း ထက်မြက်ခြင်း မရှိသော်လည်း စွမ်းအား မြင့်မား ကြလေသည်။

တာအိုဆရာစန်းဝမ့်က…

“ပြောရရင် အရှည်ကြီးပါပဲ၊ သွေးနီရောင် ပင်လယ်ထဲမှာ အသူရာဂိုဏ်း တည်ရှိတယ်လို့ လူတွေက သိထားကြတယ်၊ သူတို့တွေက သွေးနီရောင် ပင်လယ်ထဲက ဝိညာဉ်ဆိုးတွေက ထွက်ပေါ်လာတဲ့ ဒေါသတရားတွေ၊ အမျက်တရားတွေကို စားသုံးပြီး အသက်ရှင်သန်ကြတာ၊ အဲဒါကြောင့် သူတို့အားလုံးက တန်ခိုးစွမ်းအား မြင့်မားကြတယ်၊ ဂိုဏ်းတူညီလေး ချန်ကျန့်မေဟာ အသူရာချောက်ကို ရောက်လာပြီး သွေးနီရောင် ပင်လယ်ထဲက အသူရာ ဂိုဏ်းမှာ လူပြန်ဝင်စား ခဲ့တယ်၊ သူက အသူရာဂိုဏ်းရဲ့ တော်ဝင်သွေးတော့ ဖြစ်မလာခဲ့ဘူး၊ သာမန်ဂိုဏ်းသား တစ်ယောက်ပဲ ဖြစ်ခဲ့တယ်၊ ဒါပေမဲ့ သူက အရမ်းတန်ခိုးစွမ်းအား မြင့်မားတယ်၊ အသက်သုံးဆယ် မပြည့်ခင်မှာပဲ ဝူစွမ့်ဆိုတဲ့ မရဏဓားကို ကျင့်ကြံအောင်မြင်ခဲ့ပြီး အသူရာဘုရင်ကို စိန်ခေါ်ခဲ့တယ်၊ နောက်တော့ အသူရာဘုရင်ကို အနိုင်ယူ သတ်ဖြတ်လိုက်ပြီး အသူရာဂိုဏ်းရဲ့ ဘုရင်တစ်ပါး ဖြစ်လာခဲ့တယ်”

“ဂိုဏ်းတူညီလေးက တော်ဝင်သွေး မဟုတ်လို့ ဘုရင်အဖြစ် နန်းတက်တာကို အသူရာဂိုဏ်းမှာ မကျေနပ်တဲ့သူတွေ အများကြီး ထွက်ပေါ်ခဲ့တယ်၊ အဲဒီလူတွေ စုရုံးပြီး ဂိုဏ်းတူညီလေး ချန်ကျန့်မေကို ပုန်ကန်ကြတယ်၊ ဒါပေမဲ့ ဂိုဏ်းတူညီလေး ချန်ကျန့်မေဟာ သူတို့ ထောင်ချောက် ဆင်တာကနေ လွတ်မြောက်သွားပြီး အသူရာဂိုဏ်းက မင်းမျိုး မင်းနွယ်တွေ အားလုံးကို သတ်ပစ်လိုက်တယ်”

“နောက်ဆုံးတော့ အသူရာဂိုဏ်းက လူတွေ အားလုံးက သူ့ရဲ့ တန်ခိုးစွမ်းအားတွေကို အသိအမှတ်ပြုပြီး အသူရာ ဂိုဏ်းရဲ့ဘုရင်အဖြစ် တင်မြှောက် လိုက်ကြတယ်၊ ဂိုဏ်းတူညီလေး ချန်ကျန့်မေဟာ တန်ခိုးစွမ်းအားတွေ အရမ်း မြင့်မားလာပြီး အသူရာချောက် ကိုးထပ်ရဲ့ လျှို့ဝှက်ကျင့်စဉ် တစ်ခုဖြစ်တဲ့ ‘ဝိညာဉ်ဆင့်ခေါ် ကျင့်စဉ်’ ကို တွေ့ရှိသွားခဲ့တယ်၊ အဲဒီမှာ သူက ကျုပ်တို့တွေရဲ့ ဝိညာဉ်တွေကို ရှာဖွေပြီး အသူရာဂိုဏ်းထဲမှာ လူပြန်ဝင်စား စေခဲ့တယ်၊ သူက ယခင်ဘဝက ကျုပ်တို့ရှိခဲ့တဲ့ ပုံသဏ္ဌာန်တွေ အတိုင်း ပြန်ဖြစ်အောင် ပြုလုပ်ပေးခဲ့တယ်”

“ဂိုဏ်းတူညီလေး ချန်ကျန့်မေဟာ ကျုပ်တို့ကို ကူညီနေရလို့ သွေးနီရောင် ပင်လယ်ထဲက ကိစ္စတွေကို သိပ်ပြီးအာရုံ မစိုက်နိုင်ခဲ့ဘူး၊ အဲဒီအချိန်မှာ အသူရာ ဂိုဏ်းရဲ့တော်ဝင် မိသားစု အကြွင်းအကျန်တွေက တိတ်တဆိတ် စုဝေးပြီး ဟိုဘုန်းတော်ကြီးဆီမှာ သွားပြီးခိုလှုံခဲ့ကြတယ်”

“အဲဒီ ဘုန်းတော်ကြီးက အရမ်းကြောက်စရာ ကောင်းတယ်၊ သူက သူ့ဆီကိုသွားပြီး ခိုလှုံတဲ့ အသူရာ ဂိုဏ်းသားတွေကို ဓမ္မကို ကာကွယ်သူများဆိုပြီး အသွင်ပြောင်းပစ် ခဲ့တယ်၊ အဲဒီလိုပြောင်းလဲ ခံလိုက်ရတဲ့ သူတွေဟာ တန်ခိုးစွမ်းအား အရမ်းမြင့်မား သွားကြတယ်၊ အဲဒီ ဘုန်းတော်ကြီးက လောကရဲ့ ရတနာလို့ ကျော်ကြားတဲ့ တိကျန်ဗောဓိသကျနဲ့ နက်ရှိုင်းတဲ့ ပတ်သက်မှု တစ်ခုရှိတယ်၊ ဒါကြောင့်သူက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ တိကျန်ဗောဓိသကျ လုပ်ခဲ့တဲ့ အလုပ်တွေကို အတုယူပြီး သွေးနီရောင် ပင်လယ်ကို သိမ်းပိုက်ဖို့ အတွက် ဂိုဏ်းတူညီလေး ချန်ကျန့်မေနဲ့ အလောင်း အစားတစ်ခု လုပ်ခဲ့တယ်”

“သူတို့နှစ်ယောက်ရဲ့ ကစားပွဲကို ဘယ်သူမှ အသေးစိတ် မသိကြဘူး၊ ဒါပေမဲ့ ဂိုဏ်းတူညီလေး ချန်ကျန့်မေက သူက သွေးနီရောင် ပင်လယ်ကနေ ဘယ်ကိုမှ ထွက်သွားမှာ မဟုတ်ဘူးလို့ ဘုန်းတော်ကြီးကို ကတိပေးလိုက်တယ်၊ ဘုန်းတော်ကြီးကလည်း အသူရာ ဂိုဏ်းသားတွေကို ဘယ်တော့မှ မနှောင့်ယှက်တော့ဘူးလို့ ကတိပြန်ပေးခဲ့တယ်”

“ဒါပေမဲ့ ဘုန်းတော်ကြီးက ဓမ္မကို ကာကွယ်သူတွေဆိုပြီး အသွင်ပြောင်း ပေးထားတဲ့ အသူရာဂိုဏ်းရဲ့ တော်ဝင် အနွယ်တော်တွေက အသူရာဂိုဏ်းက လူတွေနဲ့ တိုက်ခိုက်ရတာကို သဘောကျတယ်၊ သူတို့က တိုက်ပွဲမှာ အနိုင်ရခဲ့ရင် အသူရာဂိုဏ်းက လူတွေကို ခေါ်သွားပြီး ကျွန်ပြုတတ်ကြတယ်၊ ဒီလိုတိုက်ပွဲတွေ ဆင်နွှဲနေရလို့လည်း မင်းရဲ့ ဂိုဏ်းတူတူလေးတွေဟာ ဒီနှစ်တွေ အတွင်းမှာ လက်ရည်တက် လာကြတာပေါ့”

“ဒါပေမဲ့ သူတို့က ဂိုဏ်းတူညီလေး ချန်ကျန့်မေကိုတော့ စိန်မခေါ်ရဲကြဘူးလေ၊ တိုက်ပွဲတွေကတော့ နိုင်လိုက် ရှုံးလိုက်ပါပဲ၊ အဆုံးလည်း မသတ်နိုင်ဘူးလေ၊ ဂိုဏ်းချုပ် ရောက်တုန်း ရောက်ခိုက်လေး တိုက်ပွဲနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ထင်မထားမိဘူး”

ဆန်းလျန်သည် အကြောင်းအရာများကို တဖြည်းဖြည်း လိပ်ပတ်လည် လာခဲ့လေသည်။

“အော်… ဒါကြောင့် ဂိုဏ်းတူအစ်ကို ချန်ကျန့်မေက သွေးနီရောင် ပင်လယ်ထဲကနေ ဘယ်ကိုမှ မသွားတာကိုး၊ ဒါကြောင့်လည်း အသူရာချောက်မှာ သူ့နာမည်ကို မကြားရတာ”

ဆန်းလျန်သည် အကြောင်းအရာများကို စတင်နားလည် လာခဲ့လေသည်။

ဘုန်းတော်ကြီးသည် ပေါ့သေးသေးတော့ မဟုတ်ပေ။ ဂိုဏ်းတူအစ်ကို ချန်ကျန့်မေသည် ထိုက်ယီထျန်းရှန်း အဆင့်သို့ မရောက်မချင်း ထိုပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။ သို့သော် ဘုန်းတော်ကြီး၏ နောက်ကွယ်တွယ် ကြိုးကိုင်နေသည့် အရာတစ်ခုခု ရှိမည်ကို ဆန်းလျန်သည် ရိပ်မိနေပြီး သူ၏ တန်ခိုးစွမ်းအားများ အားလုံးကို ထုတ်ဖော်ပြသလိုခြင်း မရှိသေးပေ။

သို့သော် ဘုန်းတော်ကြီးတွင် မကောင်းသော အကြံအစည်တော့ မရှိတန်ရာဟု ဆန်းလျန် တွေးထားမိလေသည်။ မဟုတ်ပါက ဘုန်းတော်ကြီးသည် ဂိုဏ်းတူအစ်ကို စန်းဝမ့်နှင့် တပည့် (၁၁)ယောက်ကို စောစောကပင်ဒုက္ခ ကောင်းကောင်း ပေးလိုက်မည် ဖြစ်လေသည်။

စန်းဝမ့်ရှင်းပြ ပြီးသွားသည်နှင့် နတ်ဆိုး စစ်သည်တော်များသည် တိုက်ခိုက်ရန် အသင့်နေရာ ယူထားပြီး သွားပြီ ဖြစ်လေသည်။ တိုက်ပွဲမှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည့်အတွက် အားလုံးက တိုက်ပွဲ အကြောင်းကိုနားလည် နေကြပြီ ဖြစ်လေသည်။

အခြေအနေကြီးက ရယ်စရာ ကောင်းလိုက်တာဟု ဆန်းလျန် တွေးနေမိလေသည်။

နှစ်ဦးနှစ်ဖက် တိုက်ခိုက်သူများသည် မည်သည့် အဓိပ္ပာယ်မှ မရှိသည်ကို သိနေကြသည့်တိုင် မဆုတ်မနစ်တိုက်ခိုက် နေကြ သေကြောင့် ဖြစ်လေသည်။

လီယွမ်လျန်က ဆန်းလျန်ကို ဦးညွတ်လိုက်ရင်း…

“ဂိုဏ်းချုပ်၊ ခဏလောက်စောင့်ပါဦးဗျ… ဒီကောင်တွေကို နှိမ်နင်းလိုက်ဦးမယ်”

ဆန်းလျန်က…

“ကောင်းပြီလေ…”

ထိုအချိန်ဓမ္မကို စောင့်ရှောက်သူများအဖွဲ့မှ လူတစ်ယောက်က ကျယ်လောင်စွာ ရယ်မော လိုက်လေသည်။

“အရိပ်မဲ့ဓား… မင်းကဘာမှလည်း တိုးတက်မလာဘဲနဲ့ လေလုံးကတော့ ထွားထွားလာတယ်၊ မင်းကများ ငါတို့ကို နှိမ်နင်းဦးမလို့ဆိုပဲ…”

ရယ်မောနေသူ၏ အရပ်မှာ ပေခြောက်ဆယ်ခန့် ရှည်ပြီး ခန္ဓာကိုယ်မှ ရွှေရောင်များ တောက်ပနေလေသည်။ သူသည် ဓမ္မကို ကာကွယ်သူများအဖွဲ့၏ ခေါင်းဆောင် ဖြစ်ဟန် တူလေသည်။

သွေးနီရောင် ပင်လယ်ဒေသတွင် လီယွမ်လျန်ကို အရိပ်မဲ့ဓားဟု လူသိများ ကြလေသည်။ သူသည် သဏ္ဌာန်မဲ့ ဓားသိုင်း ကိုကျင့်ကြံပြီး ထိုအမည်ကို ရရှိခဲ့ခြင်း ဖြစ်လေသည်။ သူသည် ဓားတစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ဓားရိပ်ပင်မထင် ဘဲလူပေါင်းများစွာကို သတ်ဖြတ် ပစ်နိုင်စွမ်း ရှိလေသည်။

ထိုသူမှာ ရယ်မောနေသည့်တိုင် တန်ခိုးစွမ်းအား များကတော့ အလွန်မှ သိပ်သည်း လေသည်။

လီယွမ်လျန်က ဟွန့်ခနဲ တစ်ချက်လုပ်လိုက်ရင်း..

“မော့လော်ကျား၊ မင်းခေါင်းကို သတိထားပေတော့၊ ဒီနေ့ပြီးရင် မင်းခေါင်းက လည်ပင်းပေါ်မှာ ရှိမှာမဟုတ်တော့ဘူး”

ထို့နောက် လီယွမ်လျန်က သူ၏ဓားရှည်ကို မိုးပေါ်သို့ထောင်ကာ အချက်ပြလိုက်လေရာ နတ်ဆိုး စစ်သည်တော်များသည် တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်ကို သဘောပေါက်သည့် အလား ဓမ္မကို ကာကွယ်သူများကို စတင် တိုက်ခိုက် လိုက်လေတော့သည်။

***

All Chapters