← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁) - အတွင်းပိုင်းပဲ့တင်ထပ်ခြင်း

"အစ်ကိုကြီး ချန်လော့ က တကယ်ကို အံ့မခန်းပဲ... ဒါပေမဲ့ ငါလည်း နောက်ကျကျန်နေခဲ့မှာ မဟုတ်ဘူး..."

ကျန်းချွမ် သည် စိတ်ဓာတ်ကျမသွားခဲ့ပေ။ ယင်းအစား သူသည် ပြုံးနေလိုက်သေးသည်။

ယခုတစ်ကြိမ်တွင် ခန္ဓာတောင်ထွတ်မှ အတွင်းဂိုဏ်းသားများကို စမ်းသပ်လေ့ကျင့်ရေးကွင်းသို့ ဦးဆောင်လာသော ခေါင်းဆောင် တစ်ယောက်အနေဖြင့် ၊ သူ၏ ခန္ဓာကိုယ်ကျင့်ကြံမှု ပါရမီမှာ ဤမျိုးဆက်တွင် အကောင်းဆုံး ဖြစ်သည်မှာ ပြောစရာပင် မလိုချေ။

ခန္ဓာတောင်ထွတ် မှ အကြီးအကဲများ ပင်လျှင် သူ၏ ပါရမီကို ချီးကျူးကြသည်။

သူသည် ပထမအဆင့် အထွတ်အထိပ်၌ပင် ရပ်တ‌န့်နေရသည့် အကြောင်းရင်းမှာ သူသည် ခန္ဓာတောင်ထွတ် သို့ စတင် ဝင်ရောက်စဉ်က ငယ်ရွယ်နုနယ်ပြီး မသိနားမလည်ခဲ့သောကြောင့် ဖြစ်၏။ ထိုစဉ်က မိမိကိုယ်ကိုယ် ပြိုင်ဘက်ကင်းဟု ထင်မှတ်ခဲ့မိခြင်းကပင် ယခုကဲ့သို့ အဟန့်အတား ဖြစ်စေခဲ့ခြင်းပင်။သူသည် အကြီးအကဲ ၏ အကြံဉာဏ်ကို လျစ်လျူရှုကာ ခန္ဓာကိုယ်ကျင့်ကြံမှု တွင် အခက်ခဲဆုံးသော ကျင့်စဉ် ကို ရွေးချယ်ခဲ့သည်။

သူသည် ပထမဆုံး အဆင့်ရှစ်ဆင့်ကို ချောချောမွေ့မွေ့နှင့် တည်ငြိမ်စွာ ကျင့်ကြံနိုင်ခဲ့ပြီး တစ်နှစ်မပြည့်မီ အချိန်အတွင်းမှာပင် အဆင့်ရှစ် သို့ ရောက်ရှိခဲ့၏။

သို့သော်လည်း အဋ္ဌမအဆင့်မှ နဝမအဆင့် သို့ တက်လှမ်းရန် တစ်နှစ်တိတိ အချိန်ယူခဲ့ရသည်။

နဝမအဆင့် သို့ ရောက်ပြီးနောက်တွင်မူ ၊ တိုးတက်မှုမှာ လုံးဝ ရပ်တန့်သွားတော့၏။

ထိုအချိန်ကျမှသာ ပါရမီဆိုသည်မှာ ခြေဖဝါးအောက်ရှိ ခုတုံးတစ်ခုသာဖြစ်ပြီး ၊ မိမိကို ပိုမိုမြင့်မားသောနေရာသို့ ရောက်အောင် ပံ့ပိုးပေးနိုင်သော်လည်း၊ အတားအဆီးနှင့် ကန့်သတ်ချက်အားလုံးကို ကျော်လွှားပျံသန်းနိုင်စေမည့် အတောင်ပံတစ်စုံ မဟုတ်ကြောင်း သူ ကောင်းကောင်း သဘောပေါက်သွားတော့သည်။

နောက်ပိုင်းတွင် သူသည် အချိန်အတော်ကြာအောင် ကြိုးစားခဲ့ပြီး နောက်ဆုံးတွင် အဆင့်တက်ရန် ကူညီပေးနိုင်မည့် နည်းလမ်း တစ်ခုကို ရှာတွေ့ခဲ့သည်။ ထိုနည်းလမ်းမှာ မိမိကိုယ်ကိုယ် အဆင့်တက်လှမ်းနိုင်ရန် ပြင်ပမှ အစွမ်းထက်သော စွမ်းအားတစ်ခုခုကို အထောက်အကူပြုကာ အတင်းအကျပ် တွန်းအားပေးခြင်းပင် ဖြစ်သည်။

ခန္ဓာတောင်ထွတ်တွင် ဤကဲ့သို့သော အစွမ်းထက်သည့် ပြင်ပစွမ်းအားများ သေချာပေါက် ရှိသော်လည်း သို့သော် သူသည် အတွင်းဂိုဏ်းသား တစ်ဦးမျှသာ ဖြစ်၏။ သူ၏ ပါရမီသည် ထူးချွန်သော်လည်း ၊ အကြီးအကဲ တစ်ဦးသည် ထိုကဲ့သို့သော ရတနာမျိုးကို သူ့အတွက် အသုံးပြုရလောက်သည့်အထိ မထိုက်တန်သေးပေ။

ကံကောင်းစွာဖြင့် အမြဲတမ်း ထွက်ပေါက် တစ်ခု ရှိနေခဲ့သည်။ ချန်ရှင်းဂိုဏ်း ၏ စမ်းသပ်လေ့ကျင့်ရေးကွင်း ကို အချိန်မတိုင်မီ ဖွင့်လှစ်ခဲ့လေရာ အကြီးအကဲ သည် သူ့ကို မြေအောက်ရေပူစမ်း အကြောင်း ပြောပြပေးခဲ့သည်။

အကယ်၍ ကျန်းချွမ် သာ ပထမအဆင့်မှ ဒုတိယအဆင့် သို့ တတ်ရောက်နိုင်ခဲ့ပါက ၊ အကြီးအကဲ သည် သူ့ကို အဓိကတပည့် အဖြစ် လက်ခံမည် ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ကျင့်ကြံမှုကို ပြောင်းလဲရန် လျှို့ဝှက် နည်းစနစ်များကို အသုံးပြု၍ ကူညီပေးမည်ဟု ကတိပေးခဲ့သည်။

ထိုအကြောင်းကြောင့်ပင် ဂူထဲတွင် ရွှေမြုတေအဆင့် တစ်ဝက် ရှိသော သားရဲဘုရင် တစ်ကောင် ရှိနေကြောင်း သိထားသော်လည်း ကျန်းချွမ် သည် ထွက်မသွားခဲ့ဘဲ ရှေ့ဆက်တိုးခဲ့ခြင်း ဖြစ်သည်။

"ဒါက ငါ့အတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်လောက်တယ်..."

ထိုသို့ ပြောပြီးနောက် ကျန်းချွမ် သည် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်ပြီး ကျင့်ကြံခြင်းအပေါ် အာရုံစိုက်လိုက်၏။

ထိုအချိန်တွင် ချန်လော့သည် အဆင့်တက်နေပြီ ဖြစ်သည်။ သူသည် ကြေးအရေပြားကျင့်စဉ် ကိုးဆင့် ပြီးနောက် သံအရိုး အဆင့်ကို ချက်ချင်း ကြိုးစားရန် မရွေးချယ်ခဲ့ပေ။

ယင်းအစား သူ၏ ကျင့်ကြံခြင်းကို ပို၍ ခိုင်မာအားကောင်းလာစေရန် နာရီဝက်ခန့် စောင့်ဆိုင်းခဲ့သည်။

အခြေခံအုတ်မြစ် မခိုင်မာဘဲ အတင်းအကျပ် အဆင့်တက်လှမ်းပါက ၊ ‘သံအရိုးအဆင့်’ သို့ ရောက်ရှိသွားလျှင်ပင် နောင်တစ်ချိန်တွင် ဘေးထွက်ဆိုးကျိုးနှင့် လျှို့ဝှက်အန္တရာယ်များ ရှိနေနိုင်သည်။

"ငါ့ရဲ့ ကျင့်ကြံခြင်းက အတော်လေး ခိုင်မာအားကောင်းလာပြီ... သံအရိုး အဆင့်ကို အဆင့်တက် ဖို့ အချိန်တန်ပြီ..."

ချန်လော့သည် ထိုသို့ပြောပြီးနောက်၊ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။

ဤလေ့ကျင့်မှုသာ အောင်မြင်သွားမည်ဆိုပါက ၊ သူသည် သံအရိုး အဆင့်သို့ တိုက်ရိုက် တတ်လှမ်းနိုင်ပေတော့မည်။

အကယ်၍ ကျရှုံးသွားခဲ့ပါက ၊ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်ကာ အဆိုးဆုံးအခြေအနေ၌ ကျင့်ကြံမှုအဆင့်များ နိမ့်ကျသွားနိုင်သည့်အပြင် စွမ်းအားများပါ ကွယ်ပျောက်သွားနိုင်ချေရှိ၏။

ထို့ကြောင့် အလုံခြုံဆုံး ချဉ်းကပ်နည်းမှာ တစ်ဆင့်ချင်းစီ သွားရန် ဖြစ်ပြီး၊ ‘သံအရိုးအဆင့်’ ဆီသို့ ဖြည်းညင်းစွာနှင့် တည်ငြိမ်မှုရှိရှိ တက်လှမ်းမှသာလျှင် အသင့်တော်ဆုံး နည်းလမ်းဖြစ်ပေသည်။

ဤချဉ်းကပ်နည်းသည် လုံခြုံသော်လည်း ၎င်း၏ တစ်ခုတည်းသော အားနည်းချက်မှာ အချိန်အရမ်း ယူရခြင်းပင် ဖြစ်၏။

အကယ်၍ မြေအောက်ရေပူစမ်း ထဲတွင် ကျင့်ကြံမည် ဆိုပါက၊ အရှိန်သည် ပို၍ လျင်မြန်လာပေလိမ့်မည်။

သို့သော်လည်း ချန်လော့သည် သူ၏ ညံ့ဖျင်းသော ပါရမီကို ကောင်းစွာ သိထားပြီး၊ စနစ်၏ အဆ ၁၀၀ တိုးပွားခြင်း ကို အသုံးပြုထားလည်း အနည်းဆုံး နောက်ထပ် ငါးရက်၊ ခြောက်ရက်ခန့် ကြာဦးမည် ဖြစ်သည်။

ငါးရက်၊ ခြောက်ရက် ဆိုသည်မှာ အချိန်အကြာကြီး မဟုတ်ပေ။ သို့သော် စမ်းသပ်လေ့ကျင့်ရေးကွင်း ၏ ဖွင့်လှစ်ချိန်သည် အချိန်တစ်လတည်းသာ ဖြစ်သည်။

သို့သော် သူ့တွင် ဤနေရာ၌ အချိန်ဖြုန်းနေရန် အချိန်များများစားစား မရှိတော့ပေ။

ချန်လော့၏ အစီအစဉ်အရ သူသည် မြေအောက်ရေပူစမ်း တွင် အများဆုံး သုံးရက်သာ နေရန် ရည်ရွယ်ထား၏။

ထို့နောက် နောက်တစ်နေရာသို့ ချက်ချင်း သွားရမည် ဖြစ်သည်။ ကျောက်မန်၏ နေရာ နှစ်ခုနှင့် သူ၏ ကိုယ်ပိုင် နေရာ နှစ်ခုအတွက် အချိန်အလုံအလောက် မရှိနိုင်ပေ။

"အောင်မြင်ခြင်း နဲ့ ကျရှုံးခြင်းက ဒီတစ်ချက်တည်းအပေါ်မှာပဲ မူတည်တယ်..."

ထိုသို့ ပြောပြီးနောက် ချန်လော့သည် မျက်လုံးများကို မှိတ်လိုက်ပြီး ၊ တန်ထျန်း မှ ပေါက်ကွဲထွက်လာသည့် ပြင်းထန်သော စွမ်းအားများကို ထိန်းချုပ်ရန် ပြင်ဆင်လိုက်သည်။

ထိုအရာသည် လွန်ခဲ့သော တစ်ရက်နှင့် တစ်ညအတွင်း မြေအောက်ရေပူစမ်း မှ သူ စုပ်ယူထားခဲ့သော စွမ်းအားများ ဖြစ်ပြီး ၊ စနစ်၏ အဆ ၁၀၀ တိုးပွားခြင်း အကူအညီဖြင့် ၎င်းသည် အလွန် အားကောင်းပြီး သိပ်သည်းသော စွမ်းအားတစ်ခု ဖြစ်လာခဲ့သည်။

"ဝီ..."

ချန်လော့သည် ထိန်းချုပ်မှုမှ ရုန်းထွက်လိုက်သည့် အချိန်တွင် ၊ တန်ထျန်း အတွင်းရှိ ထိန်းချုပ်မှု ကင်းမဲ့နေသော စွမ်းအားများသည် ချန်လော့၏ ခန္ဓာကိုယ်အတွင်း ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ချန်လော့၏ မျက်နှာသည် ဖြူဖပ်သွားတော့သည်။ သူသည် ဤစွမ်းအားများကို အထင်သေးခဲ့မိသည်။

နောက်တစ်စက္ကန့်တွင် ထိုစွမ်းအားများသည် ချန်လော့၏ တန်ထျန်း မှ နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာသည်။

"ဝီ..."

"ဖူး..."

ချန်လော့၏ ပါးစပ်မှ သွေးတစ်လုပ်စာ အန်ထွက်လာပြီး မြေအောက်ရေပူစမ်း ထဲသို့ ကျဆင်းသွားကာ သူ့ရှေ့က ရေအနည်းငယ်ကို ချက်ချင်း နီရဲသွားစေသည်။

ဤသည်ကို မြင်သောအခါ ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များက ချက်ချင်း ပြေးလာကြသည်။

"အစ်ကိုကြီး ချန်... ဘာဖြစ်လို့လဲ..."

"အစ်ကိုကြီး ချန်... ဘာလို့ သွေးတွေ အန်နေတာလဲ... အဆင်ပြေရဲ့လား..."

ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များသည် ချန်လော့အတွက် အတော်လေး စိုးရိမ်နေကြပြီး ချက်ချင်း ပြေးလာကြ၏။

ကျောက်မန်သည် အဝေးမှ ကြည့်နေပြီး အနည်းငယ် စိုးရိမ်နေသော်လည်း ဘာမှ မပြောခဲ့ချေ။

ထိုအချိန်တွင် ဒုတိယအဆင့် သို့ တက်လှမ်းရန် ပြင်ဆင်နေသည့် ကျန်းချွမ်သည် ချန်လော့၏ အခြေအနေနှင့် သူ၏ ကိုယ်မှ ထွက်ပေါ်လာသော အားနည်းသော အသက်ရှူသံကို မြင်တွေ့လိုက်ရချိန်တွင်၊ သူသည် တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားဟန်ရသည်။

"အတွင်းပိုင်းပဲ့တင်ထပ်ခြင်း ပဲ..."

"အစ်ကိုကြီး ချန်က... ဒုတိယအဆင့် ကို ရောက်ဖို့ ဆိုတာ မဖြစ်နိုင်သေးဘူး..."

အတွင်းပိုင်းပဲ့တင်ထပ်ခြင်း ဆိုသည်မှာ ခန္ဓာကိုယ်ကျင့်ကြံမှု လမ်းစဉ်တွင် အဆင့်တက်လှမ်းရန် အသုံးပြုသည့် နည်းလမ်းတစ်ခုပင် ဖြစ်၏။

ထိုနည်းစနစ်၏ သဘောတရားမှာ မိမိ၏ တန်ထျန်းအတွင်း၌ အလွန်အမင်း အားကောင်းသော စွမ်းအားစုများကို စုစည်းပြီးနောက်၊ ထိုမှတစ်ဆင့် ပေါက်ကွဲထွက်ပေါ်လာသည့် ပြင်းထန်သော စွမ်းအားလှိုင်းများကို အသုံးချကာ အဆင့်အတားအဆီးကို ကျော်ဖြတ်တက်လှမ်းခြင်းပင် ဖြစ်သည်။

ဤစကားကို ကြားလိုက်ရသည်နှင့် ၊ ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များ အားလုံးသည် ချန်လော့ကို ထိတ်လန့်နေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

အတွင်းပိုင်းပဲ့တင်ထပ်ခြင်း....

ဒုတိယအဆင့် အတွက် တွန်းအားပေးနေပြီပေါ့....

"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အစ်ကိုကြီး ချန် က ပထမအဆင့် အထွတ်အထိပ် ကို အခုလေးတင် အဆင့်တက် ထားတာလေ..."

"ဟုတ်တယ်... ဒီလောက် အချိန်တိုအတွင်းမှာ အဆင့်နှစ်ဆင့် တက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပဲ..."

"ပြီးတော့ ဒါက ဒုတိယအဆင့် စိန်ခေါ်မှုပဲလေ... အဆင့်ကြီးတစ်ခုကို ကျော်ဖြတ်ဖို့ဆိုတာ တကယ့်ကို ခက်ခဲတဲ့ကိစ္စပဲ.. သုံးလ၊ ငါးလလောက် အခြေခံကောင်းအောင် မလုပ်ဘဲ နောက်တစ်ဆင့်ကို အတင်းတက်ဖို့ ကြိုးစားတာဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲ”

ချန်လော့သည် အနားမကပ်ရန် အချက်ပြသည့် အနေဖြင့် လူအုပ်ကြီးကို လက်ဝှေ့ယမ်းပြလိုက်၏။

သို့သော် ထိုအချိန်မှာပင် တန်ထျန်း အတွင်းရှိ ကြမ်းတမ်းသော စွမ်းအားများက နောက်တစ်ကြိမ် လှိုင်းထန်လာခဲ့ရာ၊ ချန်လော့သည် နောက်ထပ် သွေးတစ်လုပ်စာ အန်ချလိုက်ပြန်သည်။

သွေးများက သူ့အနားတွင် ရပ်နေသော အတွင်းဂိုဏ်းသား တစ်ဦး၏ ခေါင်းပေါ်သို့ တည့်တည့် ကျရောက်သွားသည်။

"အစ်ကိုကြီး ချန်... အဆင်ပြေရဲ့လား..." အတွင်းဂိုဏ်းသား တစ်ဦးက အနည်းငယ် ထိတ်လန့်နေဟန်ရကာ မေးလိုက်သည်။

ချန်လော့နှင့် သူတို့၏ ဆက်ဆံရေးသည် အထူးတလည် ရင်းနှီးခြင်း မရှိသော်လည်း၊ မည်သို့ပင်ဖြစ်စေ သူတို့သည် ဂိုဏ်းတူ ညီအစ်ကိုများ ဖြစ်ကြပြီး ချန်လော့သည် အရင်က ရွှေမြုတေအဆင့် တစ်ဝက် ရှိသော သားရဲဘုရင် ကို သတ်ရန် သူတို့ကို ကူညီပေးခဲ့ဖူးသည်။ ထို့ကြောင့် ချန်လော့အပေါ် လူတိုင်း၏ အမြင်သည် အတော်လေး ကောင်းမွန်သည်။

ချန်လော့သည် တစ်ဖက်လူ၏ အမေးကို မဖြေခဲ့ပေ။ ထိုအစား သူသည် ကျင့်စဉ် ကို စတင် အသက်သွင်းလိုက်ရာ ချန်လော့၏ အရေပြားပေါ်တွင် ကြေးဝါရောင် အလင်းတန်း တစ်ခု ပေါ်ထွက်လာ၏။

ဤကြေးဝါရောင် ကို မြင်လိုက်ရသည်နှင့် ၊ ကျန်းချွမ်သည် သူ၏ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း ပို၍ သေချာသွားတော့သည်။

“သူက ဒုတိယအဆင့်ကို တက်လှမ်းဖို့ ကြိုးစားနေတာပဲ... ဒီပုံစံက ‘ခန္ဓာကိုယ်ပေါင်းစည်းခြင်း’အဆင့်မှာ သုံးတဲ့ ‘အတွင်းပိုင်းပဲ့တင်ထပ်ခြင်း’ နည်းလမ်းနဲ့ တစ်ထေရာတည်း တူညီနေတာပဲ...”

အတွင်းပိုင်းပဲ့တင်ထပ်ခြင်း’ အဆင့်တွင် ရေစီးကြောင်း (၉) ခု ရှိပြီး၊ ထိုရေစီးကြောင်းများကို လှိုင်း (၃) လှိုင်းအဖြစ် ထပ်မံခွဲခြားထားသည်။ လှိုင်းတစ်ခုစီတွင် ရေစီးကြောင်း (၃) ခုစီ ပါဝင်ပြီး ၎င်းတို့ကို အရှေ့လှိုင်း၊ အလယ်လှိုင်းနှင့် အနောက်လှိုင်းဟု ခေါ်ဆိုကြသည်။

အရှေ့လှိုင်း၏ ပဲ့တင်ထပ်မှု သုံးကြိမ်ကို ကြုံတွေ့ရချိန်တွင် ၊ ကျင့်ကြံသူသည် မိမိ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို လေ့ကျင့်ပျိုးထောင်ရန်အတွက် စစ်မှန်သော ကိုယ်ခန္ဓာစွမ်းအားသက်သက်ဖြင့်သာ ကြံ့ကြံ့ခံ ရင်ဆိုင်ရမည် ဖြစ်သည်။

အလယ်လှိုင်းမှ ပဲ့တင်ထပ်ခြင်း (၃) ကြိမ်ကိုမူ ၊ ခန္ဓာကိုယ်ကျင့်ကြံမှု နည်းစနစ်များကို အသုံးပြု၍ ခုခံရမည်ဖြစ်သည်။ ထိုသို့ ခုခံခြင်းဖြင့် ခန္ဓာကိုယ်ကျင့်ကြံမှု၏ ပထမအဆင့်ဖြစ်သော ‘ကြေးအရေပြားကျင့်စဉ်’ ကိုးဆင့်ကို အမြင့်ဆုံး ကန့်သတ်ချက်အထိ ရောက်ရှိသွားစေနိုင်မည် ဖြစ်သည်။

အနောက်လှိုင်းမှ ပဲ့တင်ထပ်ခြင်း သုံးခုကိုလည်း ခန္ဓာကိုယ်ကျင့်ကြံမှု နည်းစနစ်ဖြင့် ဆက်လက် အသုံးပြုရမည် ဖြစ်သည်။

သို့သော် အနည်းငယ် ကွာခြားမှု ရှိသည်။ ထိုအချိန်တွင် ခန္ဓာကိုယ်ကျင့်ကြံမှု ၏ ပထမနှင့် ဒုတိယအဆင့် များကို တစ်ပြိုင်နက်တည်း အသက်သွင်းရန် လိုအပ်၏။ ဆိုလိုသည်မှာ "ကြေးအရေပြား" နှင့် "သံအရိုး" တို့ကို အတူတကွ အသက်သွင်းရန် လိုအပ်သည်။

နောက်ဆုံး နဝမမြောက် ပဲ့တင်ထပ်ခြင်း ပြီးဆုံးသွားသည်နှင့် ၊ အကယ်၍ ချန်လော့သာ တောင့်ခံနိုင်မည် ဆိုပါက သူသည် ဒုတိယအဆင့် ဖြစ်သော သံအရိုး အဆင့်သို့ အောင်မြင်စွာ ဝင်ရောက်သွားမည်ဟု ဆိုလိုသည်။

သို့ရာတွင် အကယ်၍သာ သူသည် ဆက်၍မတောင့်ခံနိုင်တော့ဘဲ လမ်းတစ်ဝက်၌ လက်လျှော့ဆုတ်ခွာခဲ့လျှင်ဖြစ်စေ၊ သို့မဟုတ် နောက်ဆုံးတွင် ကျရှုံးသွားခဲ့လျှင်ဖြစ်စေ၊ ထိုအကျိုးဆက်သည် ချန်လော့အတွက် ပြန်လည်ကုစားရခက်ခဲလောက်အောင် ပြင်းထန်သော ထိခိုက်ပျက်စီးမှုများ ဖြစ်လာပေလိမ့်မည်။

အပေါ့ပါးဆုံး အခြေအနေတွင်ပင် အရေပြားများ စုတ်ပြဲကာ အသားစများ လန်ထွက်သည်အထိ ပြင်းထန်သော ဒဏ်ရာများ ရရှိနိုင်ပေသည်။ အဆိုးရွားဆုံး အခြေအနေတွင်မူ ၊ သူ၏ ကျင့်ကြံမှုအဆင့်မှာ သိသိသာသာ နိမ့်ကျသွားနိုင်သည့်အပြင်၊ နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ လေ့ကျင့်ထားသော ခန္ဓာကိုယ်ကျင့်စဉ်မှာလည်း အသုံးမဝင်တော့ဘဲ လုံးဝ ပျက်စီးသွားနိုင်ချေ ရှိသည်။

အခန်း (၅၂) - အဆင့်တက်ခြင်း

"ဝီ..."

ချန်လော့၏ တန်ထျန်း မှ နောက်ထပ် ပဲ့တင်ထပ်ခြင်း တစ်ခု ထွက်ပေါ်လာပြီး ယခင် လှိုင်းသုံးခု ပေါင်းထားသည်ထက်ပင် ပို၍ အားကောင်းနေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် အလယ်လှိုင်း သုံးခုသည် ကြေးအရေပြားကျင့်စဉ် ကိုးဆင့်၏ စွမ်းအားကြောင့် တောင့်ခံထားနိုင်သေးသည်။

နောက်ထပ် ပဲ့တင်ထပ်ခြင်း နှစ်ခုကလည်း ယခင်တစ်ခုထက် ပို၍ အားကောင်းနေပြီး ၊ ဆဋ္ဌမမြောက် ပဲ့တင်ထပ်ခြင်း ဖြစ်ပေါ်လာချိန်တွင် ချန်လော့သည် နောက်ထပ် သွေးတစ်လုပ်စာကို အန်ချလိုက်သည်။

"ချီးပဲ... ဒီအတိုင်းသာ ဆက်သွားနေရင် အတွင်းပိုင်းပဲ့တင်ထပ်ခြင်း ကြောင့် မသေခင် သွေးအားနည်းရောဂါနဲ့ အရင် သေရလိမ့်မယ်..."

ချန်လော့သည် စိတ်ထဲကနေ ညည်းတွားလိုက်သည် ။

ထို့နောက် သူ၏ စိတ်ထဲရှိ "သံအရိုး အခန်း" မှ ကျင့်ကြံခြင်း နည်းလမ်းကို ပြန်လည် အမှတ်ရကာ ကျင့်စဉ် ကို စတင် အသက်သွင်းလိုက်သည်။

ကျင့်စဉ် နှစ်ခုကို တစ်ပြိုင်နက်တည်း လည်ပတ်စေခြင်းဖြင့် ချန်လော့သည် သူ၏ အရိုးအဆစ်များအတွင်းမှ စွမ်းအားသစ်များ တဖြည်းဖြည်း နိုးထလာသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရ၏။

သို့သော် ချန်လော့သည် ဤအရာအားလုံးကို အပြည့်အဝ နားမလည်နိုင်မီမှာပင် တန်ထျန်း အတွင်းမှ ပဲ့တင်ထပ်ခြင်းက ပြန်လည် ရောက်ရှိလာ၏။

"ဝီ..."

ရေကန်ထဲတွင် ထိုင်နေသော ချန်လော့၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ယင်သွားသည်။

ထိုအချိန်တွင် မိုးကြိုး တစ်သောင်းက သူ၏ ခန္ဓာကိုယ်အတွင်းသို့ ကျဆင်းလာသကဲ့သို့ ခံစားလိုက်ရသော်လည်း ၊ ဘေးမှ ကြည့်နေသူများအဖို့မူ ချန်လော့၏ ခန္ဓာကိုယ်မှာ အကြောင်းရင်းတစ်စုံတစ်ရာမရှိဘဲ ရုတ်ချည်းဆိုသလို တုန်ယင်သွားသည်ကိုသာ မြင်တွေ့လိုက်ရသည်။

"ဒါက သတ္တမမြောက် ပဲ..."

ကျန်းချွမ် သည် ဘေးမှနေ၍ ပြောလိုက်သည်။ ချန်လော့၏ အဆင့်တက်လှမ်းမှု စတင်ချိန်မှစ၍ သူသည် ချန်လော့၏ အခြေအနေအရပ်ရပ်ကို အစအဆုံး မျက်ခြေမပြတ် စောင့်ကြည့်နေခဲသည်။

ရေစီးကြောင်း ကိုးခု ပဲ့တင်ထပ်ခြင်းတွင် ချန်လော့သည် သတ္တမမြောက် အထိ တောင့်ခံထားနိုင်ခဲ့ပြီ ဖြစ်ရာ ၎င်းက သူ မျှော်လင့်မထားခဲ့သော အရာပင် ဖြစ်သည်။

သူ၏အမြင်အရ ၊ ဤမျှတိုတောင်းသော အချိန်ကာလအတွင်း လက်ရှိကျင့်ကြံမှုအဆင့်ကို ခိုင်မာအောင် တည်ဆောက်ရန် မလုံလောက်ချေ။ သို့ဖြစ်ရာ နောက်ထပ်အဆင့်တစ်ခုသို့ ထပ်မံ တက်လှမ်းရန်ဆိုသည်မှာ ပြောနေရန်ပင် မလိုတော့ပေ။

သို့သော် ချန်လော့သည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။

"ဒါဆို အစ်ကိုကြီး ချန် က နောက်ဆုံး ရေစီးကြောင်း နှစ်ခုကို တောင့်ခံထားနိုင်မယ် ဆိုရင် ဒုတိယအဆင့် ကို အဆင့်တက် နိုင်ပြီပေါ့..."

"သိပ်ခက်ခဲမယ့်ပုံ မပေါ်ပါဘူး..."

အတွင်းဂိုဏ်းသားများ၏ စကားများကို ကြားပြီး ကျန်းချွမ် သည် ပြုံးရုံသာ ပြုံးလိုက်၏။

"ခန္ဓာကိုယ်တွင်း ပဲ့တင်ထပ်ခြင်း ကိုးခုထဲမှာ ကျော်လွှားဖို့ အခက်ခဲဆုံးက တတိယမြောက် နဲ့ နောက်ဆုံး နဝမမြောက် ပဲ့တင်ထပ်ခြင်း တွေပဲ..."

"တတိယမြောက် ပဲ့တင်ထပ်ခြင်း ရဲ့ အကြောင်းရင်းက သူတို့က ရုပ်ပိုင်းဆိုင်ရာ ခွန်အားကိုပဲ အားကိုးပြီး ကျော်ဖြတ်ရမှာ ဖြစ်လို့ပဲ... ခန္ဓာကိုယ်ကျင့်ကြံမှု ရဲ့ စွမ်းအားကို အသုံးပြုလိုက်တာနဲ့ ကျရှုံးတာနဲ့ အတူတူပဲ..."

"နောက်ဆုံး နဝမမြောက် ပဲ့တင်ထပ်ခြင်း ကတော့ အရင် ရှစ်ခု ပေါင်းထားတာထက်တောင် ပိုပြီး ကြောက်ဖို့ ကောင်းသေးတယ်..."

"အစ်ကိုကြီး ချန် ရဲ့ အဆင့်တက်တာက လွယ်ကူပြီး ရိုးရှင်းနေသလို မြင်နေရတကာ အစ်ကိုကြီး ချန် ရဲ့ ပါရမီက ထူးချွန်လွန်းလို့လေ... မဟုတ်ရင် နေရာတိုင်းမှာ ခန္ဓာကိုယ်ကျင့်ကြံသူတွေ အများကြီး ရှိနေလောက်ပြီ..."

ကျန်းချွမ်၏ စကားများကို ကြားပြီးနောက် လူတိုင်းက ခေါင်းညိတ်သဘောတူလိုက်ကြသည် ။

အမှန်အားဖြင့် အဆင့်တက်ခြင်းသည် ဤမျှလောက် ရိုးရှင်းနေမည် ဆိုပါက ၊ ကျန်းချွမ်သည်လည်း ဤအဆင့်တွင် အချိန်အကြာကြီး ပိတ်မိနေမည် မဟုတ်ပေ။

"ဝီ..."

ချန်လော့၏ ခန္ဓာကိုယ်သည် နောက်တစ်ကြိမ် တုန်ယင်လာ၏။

ထိုအသံ ထွက်ပေါ်လာသည့် အချိန်တွင် လူတိုင်း၏ အကြည့်များက သူ့အပေါ်သို့ ကျရောက်သွားကြသည်။

"ဒါက အဋ္ဌမမြောက် ရေစီးကြောင်း မဟုတ်လား..."

"တစ်ကြောင်းပဲ ကျန်တော့တယ်..."

ထိုအချိန်တွင် လူတိုင်း၏ နှလုံးသားများသည် စိတ်လှုပ်ရှားမှုကြောင့် စတင် ဝုန်းဒိုင်းကျဲနေပြီး၊ အဆင့်တက်နေသူမှာ ချန်လော့ မဟုတ်ဘဲ သူတို့ကိုယ်တိုင် ဖြစ်နေသကဲ့သို့ပင်။

ထိုအချိန်တွင် ချန်လော့သည် တန်ထျန်း မှ ထွက်ပေါ်လာသော အားကောင်းသည့် စွမ်းအားကို ခံစားလိုက်ရပြီး ၊ အသက်ရှူမှားမတတ် ဖြစ်ခဲ့ရသည်။

နောက်ဆုံးအကြိမ် ပဲ့တင်ထပ်မှုသည် တန်ထျန်းအတွင်း၌ ကျန်ရှိနေသမျှသော စွမ်းအားအားလုံးကို တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်ပေါ်လာစေမည် ဖြစ်သည်။

ထို့နောက် ဤပဲ့တင်ထပ်ခြင်း စွမ်းအားကို အသုံးချ၍ သူသည် အောင်မြင်စွာဖြင့် အဆင့်တက်ကာ သံအရိုး အဆင့်သို့ ဝင်ရောက်သွားပေတော့မည်။

သို့သော် ချန်လော့သည် တန်ထျန်း အတွင်း၌ ကျန်ရှိနေသော အားကောင်းသည့် စွမ်းအားများကို ခံစားနိုင်သည်။

ယခင်ပဲ့တင်ထပ်မှုအားလုံး ပေါင်းစပ်ထားသည်ထက်ပင် ဤစွမ်းအားသည် ပိုမိုအားကောင်းနေသည်ကို သူ အာရုံခံစားမိလိုက်သည်။ အနည်းငယ်မျှ ပိုမိုအားကောင်းရုံသာမကဘဲ အနည်းဆုံး နှစ်ဆ၊ သုံးဆခန့်အထိပင် ပြင်းထန်သည်။

သို့သော် ဤအခြေအနေအထိ ရောက်ရှိလာပြီ ဖြစ်သောကြောင့် လက်လျှော့လိုက်ရန်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စပင် ဖြစ်သည်။

“သေမလား ရှင်မလားက ကြိုတင် သတ်မှတ်ထားပြီးသားပဲ... ချမ်းသာကြွယ်ဝမှုနဲ့ ဂုဏ်သိက္ခာက ကံကြမ္မာအပေါ်မှာ မူတည်တယ်..."

ချန်လော့ သည် အံကြိတ်လိုက်ပြီး အဆင့်တက်ရန် ပြင်ဆင်လိုက်သည်။

ချက်ချင်းပင် ချန်လော့၏ ထိန်းချုပ်မှုမှ လွတ်ကင်းသွားသော တန်ထျန်း အတွင်းရှိ စွမ်းအားများသည် ဗြောက်အိုးတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်လာတော့သည်။

"ဘုန်း..."

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချန်လော့၏ ခန္ဓာကိုယ်မှ မယုံနိုင်လောက်အောင် အားကောင်းသည့် စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာ၏။

မြေအောက်ရေပူစမ်း အတွင်းရှိ ရေများသည် ချက်ချင်း လှိုင်းထန်သွားပြီး ဘေးတွင် ရပ်နေသော ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များမှာ အဆိုပါ အားကောင်းသည့် စွမ်းအားကြောင့် အဝေးသို့ လွင့်ထွက်သွားကြသည်။

ကံကောင်းထောက်မစွာဖြင့် လူတိုင်းမှာ ခန္ဓာကိုယ်ကျင့်ကြံမှု အခြေခံကောင်းများ ရှိကြသည့်အပြင်၊ ပေါက်ကွဲမှုမှာလည်း အလွန်အမင်း ပြင်းထန်ခြင်းမရှိသဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိပေ။

သို့သော် သူတို့ ချန်လော့ကို ပြန်ကြည့်လိုက်သောအခါတွင် ၊ သူ၏ ပါးစပ်ထောင့်မှ သွေးများ အဆက်မပြတ် စီးကျနေပြီး သူ၏ ခန္ဓာကိုယ်မှာ တုန်ယင်လျက် အရေပြားများက နီရဲကာ အပူများကို ထုတ်လွှတ်နေ၏။

မြေအောက်ရေပူစမ်း အတွင်းရှိ ရေများပင်လျှင် ရေနွေးငွေ့များ ထွက်လာပြီး စတင် ဆူပွက်လာတော့သည်။

"အစ်ကိုကြီး... ဒါက ကျရှုံးတာလား ဒါမှမဟုတ် အောင်မြင်တာလား..."

အတွင်းဂိုဏ်းသား များထဲမှ တစ်ဦးက မမေးဘဲ မနေနိုင်အောင် ဖြစ်သွားပြီး ကျန်းချွမ် ကို ကြည့်ကာ မေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ ၊ ဤနေရာရှိ သူတို့ အားလုံးထဲတွင် ကျန်းချွမ် တစ်ယောက်တည်းကသာ ဤအဆင့်သို့ ရောက်ရန် နီးစပ်နေသူ ဖြစ်သည်။

ကျန်းချွမ် က ခေါင်းခါလိုက်သည်။

"မအောင်မြင်သေးဘူး... ဒါပေမဲ့ ကျရှုံးသွားတာလည်း မဟုတ်သေးဘူး..."

"ဟင်..." လူတိုင်း အံ့အားသင့်သွားကြ၏။

"အစ်ကိုကြီး ချန် က အခု သူ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို ထိန်းချုပ်ပြီး ဒုတိယအဆင့် ကို တက်လှမ်းဖို့ ကြိုးစားနေတာ ဖြစ်ရမယ်..."

“အောင်မြင်မလား၊ မအောင်မြင်ဘူးလား ဆိုတာက အစ်ကိုကြီး ချန် က ဒီစွမ်းအားကို သူပိုင်တဲ့ အရာတစ်ခုအဖြစ် ပြောင်းလဲနိုင်မလား ဆိုတဲ့အပေါ်မှာ မူတည်တယ်…

ဤသည်ကို ကြားပြီးနောက်၊ လူတိုင်းက ချန်လော့ကို လှည့်ကြည့်လိုက်ကြ၏။

ထိုအချိန်တွင် ချန်လော့သည် မျက်လုံးများကို မှိတ်ထားပြီး သူ၏ ခန္ဓာကိုယ်အတွင်း လှိုင်းထန်နေသော စွမ်းအားများကို ခံစားရင်း အံကြိတ်ထားသည်။

စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်နှင့်အမျှ ၊ တစုတစည်းတည်းရှိနေသော စွမ်းအားများသည် စွမ်းအားအပိုင်းအစများစွာအဖြစ် ကွဲကြေသွားကာ၊ ချန်လော့၏ ကိုယ်ခန္ဓာအတွင်း၌ ဖရိုဖရဲ လှည့်လည်စီးဆင်းနေတော့သည်။

ယခု ချန်လော့ လုပ်ရမည့်အရာမှာ ဤစွမ်းအားများကို သူ၏ အရိုးများထဲသို့ တစ်ခုပြီးတစ်ခု ပေါင်းစပ်ထည့်သွင်းရန် ဖြစ်ပြီး သံအရိုး အဆင့်သို့ အဆင့်တက် ရန် ဖြစ်သည်။

ချန်လော့သည် စွမ်းအားတစ်ခုကို ထိန်းချုပ်လိုက်ပြီးနောက် ၎င်းကို သူ၏ ကျောရိုးထဲသို့ ထည့်သွင်းလိုက်၏။

"ဂျွတ်..."

ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာပြီး ၊ အလွန် တိုးညင်းသဖြင့် ချန်လော့သာလျှင် ကြားနိုင်သည်။

သူ၏ ကျောရိုးမှ ထွက်ပေါ်လာသော စူးရှသည့် နာကျင်မှုကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ တစ်ယောက်ယောက်က သူ၏ ကျောရိုးကို ဓားမကြီး တစ်လက်ဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သကဲ့သို့ပင်။

"ဆက်လုပ်..."

ချန်လော့သည် အံကြိတ်လိုက်ပြီးနောက် တိုက်ခိုက်လာသော စွမ်းအားနှစ်ခုကို သူ၏ လက်ရိုးများထဲသို့ ပို့လွှတ်လိုက်၏။

"ဂျွတ်..."

"ဂျွတ်..."

အရိုးများက နောက်တစ်ကြိမ် အက်ကွဲသွားပြီး နာကျင်မှုကြောင့် ချန်လော့၏ မျက်နှာပေါ်တွင် ချွေးများ စီးကျလာသော်လည်း ၊ ချန်လော့သည် မရပ်တန့်ခဲ့ချေ။

ခြေထောက်ရိုးများ၊ နံရိုးများ၊ လက်ချောင်းရိုးများ၊ တင်ပါးဆုံရိုးများ…

စွမ်းအားများက ချန်လော့၏ အရိုးများထဲသို့ အတင်းအကျပ် ဝင်ရောက်သွားပြီး ၊ အကြိမ်တိုင်းတွင် အရိုးများထံမှ ဂျွတ်ခနဲ ဟူသော အသံတစ်ခုကို အတိုင်းသား ကြားနေရ၏။

ဆယ်မိနစ် အကြာတွင် ချန်လော့၏ ခန္ဓာကိုယ်ထဲ၌ နောက်ဆုံး စွမ်းအား တစ်ခုသာ ကျန်ရှိတော့ပြီး ၊ ၎င်းသည် အကြီးမားဆုံးသော စွမ်းအားလည်း ဖြစ်သည်။

သူသည် အဆိုပါ စွမ်းအားကို သူ၏ ဦးခေါင်းခွံ ထဲသို့ ပေါင်းစပ်ထည့်သွင်းရန် ကြံစည်ထားသည်။

ချန်လော့၏ ထိန်းချုပ်မှုအောက်တွင် အဆိုပါ စွမ်းအား၏ ပုံမှန်မဟုတ်သော ရွေ့လျားမှုသည် ရပ်တန့်သွားပြီး ဦးခေါင်းခွံ ဆီသို့ စတင် သွားလေတော့သည်။

စွမ်းအားတစ်ခုက ဦးခေါင်းခွံ ထဲသို့ ဝင်ရောက်သွားပြီးနောက်တွင်၊ ချန်လော့၏ ဦးနှောက်မှ ပြင်းထန်သော နာကျင်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဤခံစားချက်သည် အရိုးတစ်ချောင်းက ဦးနှောက်ကို ဖောက်ထွင်းဝင်ရောက်သွားသကဲ့သို့ ဖြစ်ပြီး ၊ နာကျင်မှုနှင့်အတူ မူးဝေသည့် ခံစားမှုတစ်ခုလည်း ပါဝင်သည်။

ထိုသို့ ဖြစ်နေသည့်တိုင် ချန်လော့သည် လက်မလျှော့ခဲ့ဘဲ အဆိုပါစွမ်းအားကို ဦးခေါင်းခွံ ထဲသို့ ဆက်လက် စီးဆင်းစေသည်။

"ဂျွတ်... ဂျွတ်..."

သူ၏ ဦးခေါင်းခွံဆီမှ တိုးညင်းသော အက်ကွဲသံတစ်ခု ထွက်ပေါ်လာသော်လည်း ချန်လော့အတွက်မူ တစ်စုံတစ်ဦးက သူ၏နားစည်ကို မောင်းကြီးတစ်လုံးဖြင့် ပြင်းထန်စွာ ရိုက်ခတ်လိုက်သကဲ့သို့ပင်။ သူ၏ ဦးနှောက်တစ်ခုလုံးမှာလည်း အရှိန်အဟုန်ဖြင့် စတင်တုန်ယင်လာတော့သည်။

"နည်းနည်းလေးပဲ ထပ်တောင့်ခံထား... မကြာခင် ပြီးတော့မှာ.."

ချန်လော့သည် စိတ်ထဲမှ မိမိကိုယ်ကိုယ် နှစ်သိမ့်လိုက်သော်လည်း သူ၏ လက်များက ပို၍ မြန်ဆန်စွာ စတင် လှုပ်ရှားလာ၏။

ထိုအချိန်တွင် နာကျင်မှုက လှုံ့ဆော်မှု တစ်ခုအဖြစ် လုပ်ဆောင်နေပုံရပြီး ၊ ချန်လော့ကို ပို၍ မြန်ဆန်စွာ လှုပ်ရှားစေသည်။

ချန်လော့သည် နောက်ဆုံး စွမ်းအားကို ဦးခေါင်းခွံ ထဲသို့ ပို့လွှတ်လိုက်စဉ် ထိုရင်းနှီးနေသော အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်၏။

"ဂျွတ်..."

သို့သော် တစ်ချိန်တည်းမှာပင် ချန်လော့သည် သူ၏ ခန္ဓာကိုယ်အတွင်းမှ နွေးထွေးမှု တစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

သူ၏ အရိုးထဲတွင် မူလက မရှိခဲ့သော စွမ်းအားတစ်ခု မွေးဖွားလာပြီး ၊ ဤစွမ်းအားသည် ယခုအခါ သူ၏ ပျက်စီးနေသော အရိုးများကို အားစိုက်ထုတ်စရာမလိုဘဲ တဖြည်းဖြည်း ပြန်လည်ပြုပြင် ကုစားပေးနေခဲ့သည်။

"နောက်ဆုံးတော့ အဆင့်တက် ခြင်း ပြီးဆုံးသွားပြီပဲ..."

All Chapters