အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
အခန်း (၅၃) - သလင်းကျောက်
"အဆင့်တက် ခြင်း အောင်မြင်ပါသည်... သင်၏ ကျင့်ကြံခြင်းအဆင့်သည် သံအရိုး ပထမအဆင့် သို့ ရောက်ရှိသွားပါသည်...”
စနစ်၏ ရင်းနှီးနေသော အသံက ချန်လော့၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
ချန်လော့၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး သူသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သော်လည်း သူ့ရှေ့က ကမ္ဘာကြီးသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို တွေ့လိုက်ရသည်။
ငါ့မှာ ရုတ်တရက် အနီရောင် မျက်လုံးတစ်စုံ ရလာပြီး ငါမြင်သမျှ အရာအားလုံးက အနီရောင် ဖြစ်နေသလိုပဲ…
ထို့နောက် သူသည် သူ၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသော ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များကို ကြည့်လိုက်ရာ၊ သူတို့က သူ့ကို ထူးဆန်းသော အမူအရာများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ..." ချန်လော့သည် လူအုပ်ကြီးကို အနည်းငယ် တွေဝေသော အမူအရာဖြင့် ကြည့်လိုက်သည်။
"အစ်ကိုကြီး ချန်... အစ်ကို တကယ် အဆင်ပြေရဲ့လား..."
အတွင်းဂိုဏ်းသား များထဲမှ တစ်ဦးက ပြောလိုက်ပြီး ၊ သူ၏ မျက်နှာပေါ်တွင် စက်ဝိုင်းတစ်ခု ရေးဆွဲကာ ချန်လော့ကို သူ၏ ကိုယ်ပိုင် မျက်နှာကို ကြည့်ရန် အချက်ပြလိုက်သကဲ့သို့ ပြုလုပ်လိုက်သည်။
ချန်လော့သည် တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် ရေပြင်ပေါ်ရှိ အရိပ်ကို ငုံ့ကြည့်လိုက်သည်။
ထို့နောက် သူ၏ မျက်နှာတစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။
သူ၏ သူငယ်အိမ်များ၊ နှာခေါင်းပေါက်များ၊ ပါးစပ်နှင့် နားများတွင်ပင် အမည်းရောင် သွေးကွက်ကြီးများဖြင့် ဖုံးလွှမ်းလို့နေလေ၏။
"ကောင်းကင်ကြီးက ဘာလို့ နည်းနည်း နီနေသလို ဖြစ်နေတာလဲလို့ ငါ စဉ်းစားနေတာ..."
ချန်လော့သည် သူ၏ မျက်နှာကို မြေအောက်ရေပူစမ်း ထဲသို့ နှစ်လိုက်ပြီးနောက် လက်ဖြင့် အကြိမ်အနည်းငယ် ပွတ်သပ်လိုက်၏။
သူ ပြန်မော့ကြည့်လိုက်သောအခါ ကမ္ဘာကြီးသည် ပုံမှန် အခြေအနေသို့ ပြန်ရောက်သွားပြီး သူ၏ မျက်နှာပေါ်ရှိ သွေးကွက်များမှာ ဆေးကြောခံလိုက်ရပြီ ဖြစ်သည်။
ချန်လော့၏ ပုံစံသည် အဆင့်တက်ခြင်း ကျရှုံးသွားသည့်ပုံ မပေါ်သည်ကို မြင်သောအခါ ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များသည် သိချင်စိတ်များ ပြင်းပြလာကြသည်
"အစ်ကိုကြီး ချန်... အစ်ကို အဆင့်တက်တာ အောင်မြင်သွားတာလား..." အတွင်းဂိုဏ်းသား က မေးလိုက်၏။
ချန်လော့ က ခေါင်းညိတ်လိုက်သည်။ "အင်း... သံအရိုး ကို သွန်းလုပ်ဖို့ အချိန်တန်ပြီ..."
"သံအရိုး ကို သွန်းလုပ်မယ်..." အတွင်းဂိုဏ်းသားသည် ခဏတာ အံ့အားသင့်သွားသော်လည်း ၊ ချန်လော့ ဆိုလိုသည်ကို အလျင်အမြန် သဘောပေါက်သွား၏။
ချန်လော့သည် ဒုတိယအဆင့် ကို ရည်ညွှန်းနေခြင်း ဖြစ်လောက်သည်။
အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်ကျင့်ကြံမှု နည်းစနစ်များသည် အလွန်ပင် နက်နဲရှုပ်ထွေးလှပြီး ကျင့်ကြံပုံချင်းလည်း များစွာကွဲပြားခြားနားကြသောကြောင့် ဖြစ်သည်။ တစ်ခါတစ်ရံတွင် တူညီသော ကျင့်ကြံမှုအဆင့်တစ်ခုကိုပင် မတူညီသော ကျင့်စဉ်ကျမ်းနှစ်စောင်၌ အမည်နာမနှစ်မျိုးဖြင့် ခေါ်ဆိုနေတတ်ကြသလို၊ တစ်ခါတစ်ရံတွင်လည်း အမည်ချင်းတူသော်လည်း တစ်ခုက ပထမအဆင့်အတွက်ဖြစ်ပြီး နောက်တစ်ခုမှာမူ တတိယအဆင့်အတွက် ဖြစ်နေတတ်ပြန်သည်။
ထို့ကြောင့် ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များသည် ယေဘုယျအားဖြင့် အချင်းချင်း ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့် ဟုသာ ရည်ညွှန်းလေ့ ရှိကြ၏။
"ဒုတိယအဆင့် မှာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု တိုးတက်လာတဲ့အပြင် အာရုံခံနိုင်စွမ်း လည်း တိုးတက်လာနိုင်တယ်လို့ ငါ ကြားဖူးတယ်... အစ်ကိုကြီး ချန်ရော အဲ့လို ခံစားရလား..."
သိချင်စိတ် ပြင်းပြနေသော ကလေးများကဲ့သို့ လူတိုင်းက ချန်လော့ကို မေးမြန်းနေလေ၏။
အတွင်းဂိုဏ်းသားများ၏ စကားများကို ကြားပြီး ချန်လော့ မှာ အံ့အားသင့်သွားသည်။
သူ၏ ခန္ဓာကိုယ်ကျင့်ကြံမှု နည်းစနစ်မှာ လုံးဝ သာမန်သာ ဖြစ်ပြီး သာမန်ထက်ပင် ပိုဆိုးသေး၏။
ယန်ချန်ထျန်း ထံမှ သူ လုယူခဲ့သော "ကြေးအရေပြားကျင့်စဉ် သံအရိုး" မိတ္တူမှလွဲ၍ ခန္ဓာကိုယ်ကျင့်ကြံမှု နှင့် ပတ်သက်၍ သူသည် လုံးဝ ဘာမှမသိသလောက်ပင်။
ထို့ကြောင့် အဆင့်မတက်မီက သူသည် ‘သံအရိုးအဆင့်’ သို့ ရောက်ရှိသွားပါက၊ မိမိ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆမတန် မြင့်မားလာမည်ဟုသာ ထင်မှတ်ထားခဲ့သည်။ ယခုကဲ့သို့ မိမိ၏ အာရုံခံနိုင်စွမ်းကိုပါ သိသိသာသာ တိုးတက်ကောင်းမွန်စေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။
"ငါ စမ်းကြည့်လိုက်မယ်..."
ထိုသို့ ပြောပြီးနောက် ချန်လော့သည် မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ ပတ်ဝန်းကျင်ရှိ အရာများကို အာရုံခံရန် သူ၏ ခန္ဓာကိုယ်ကို စတင် လှုံ့ဆော်လိုက်သည်။
မကြာမီမှာပင် သူသည် တစ်စုံတစ်ခုကို အာရုံခံမိသွားသည်။ မြေအောက်ရေပူစမ်း အတွင်းရှိ စွမ်းအင်များ၊ ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များ၏ စွမ်းအင်များနှင့် သူ၏ ဘေးရှိ ကျောက်မန်၏ စွမ်းရည်များ... သူသည် ဤအရာအားလုံးကို ရှင်းလင်းစွာ အာရုံခံနိုင်ပြီး သူတို့၏ စွမ်းအား ကွာခြားချက်များကိုလည်း သိမြင်နေခဲ့သည်။
"အခု ငါ က အာရုံခံနိုင်စွမ်း နည်းနည်းလေး သုံးရုံနဲ့ တစ်ဖက်လူရဲ့ စွမ်းအားကို ပြောနိုင်ပြီ..."
ထို့နောက် သူ၏ အာရုံခံနိုင်စွမ်းကို ကျန်းချွမ် ၏ နေရာသို့ ပြောင်းရွှေ့လိုက်သောအခါ သူသည် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။
"ကျန်းချွမ် က တကယ်တော့ ဒီလောက် သန်မာတာလား..."
"နေပါဦး... အဲဒီမှာ စွမ်းအား နှစ်ခု အလုပ်လုပ်နေသလိုပဲ..."
"မဟုတ်သေးဘူး... ဒီစွမ်းအားက ကျန်းချွမ် ဆီကနေ လာတာ မဟုတ်ဘူး..."
ချန်လော့သည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး ကျန်းချွမ် ကို ကြည့်လိုက်၏။
ကျန်းချွမ် သည် ချန်လော့၏ ရှေ့တွင် ရပ်နေပြီး ၊ သူ၏ ခန္ဓာကိုယ် အထက်ပိုင်းမှာ လုံးဝ ကိုယ်လုံးတီး ဖြစ်နေကာ အတွင်းခံ ဘောင်းဘီ တစ်ထည်ကိုသာ ဝတ်ဆင်ထားသည်။
"မင်းက မင်းရဲ့ အတွင်းခံ ဘောင်းဘီထဲမှာ ဘယ်လို ရတနာမျိုးကို ဖုံးကွယ်ထားတာလဲ..."
ချန်လော့သည် အောက်သို့ တစ်ချက် ကြည့်လိုက်သော်လည်း ပုံမှန်သာ ဖြစ်သည်။ သူသည် တစ်ခုခုကို ဖုံးကွယ်ထားပုံ မရချေ။
ကျန်းချွမ်ခမျာ ချန်လော့သည် သူ၏ အတွင်းခံ ဘောင်းဘီကို စိုက်ကြည့်နေသည်ကို မြင်ပြီး ကျောရိုးတစ်လျှောက် အေးစိမ့်သွားကာ ကြောက်လန့်တကြားဖြင့် အလျင်အမြန် နောက်ဆုတ်သွား၏။
သို့သော် ဤနောက်ဆုတ်မှုကပင် ချန်လော့အား တစ်စုံတစ်ခုကို တွေ့ရှိသွားစေခဲ့သည်။
သူသည် မျက်လုံးများကို မမှိတ်ထားသော်လည်း သူ၏ အာရုံခံနိုင်စွမ်း များက ရှိနေဆဲ ဖြစ်ကာ ၊ ထိုအခိုက်တွင် ကျန်းချွမ် ၏ စွမ်းအင်များသည် ရွေ့လျားသွားသော်လည်း ကျန်ရှိနေသော စွမ်းအားက မရွေ့လျားသေးကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ၏။
"အမှန်တကယ် စိန်ခေါ်မှုက အောက်မှာ ရှိနေတာပဲ..."
ထိုအရာကို မြင်သည်နှင့်၊ ချန်လော့သည် အချိန်မဖြုန်းတော့ဘဲ ချက်ချင်း အောက်သို့ ငုံ့ဆင်းသွား၏။
ဘေးရှိ ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များသည် ချန်လော့၏ လုပ်ရပ်ကို နားမလည်နိုင်ဘဲ လုံးဝ တွေဝေနေဆဲ ဖြစ်သည်။
ချန်လော့သည် မြေကြီးထဲသို့ ငုံ့ကြည့်လိုက်ရာ ၊ ကျယ်ပြန့်သော သဲပြင်ကြီးသာ ဖြစ်ပြီး ထူးခြားသောအရာ ဘာမှ မရှိချေ။
သို့သော် ချန်လော့သည် ထိုစွမ်းအားများသည် ဤနေရာမှ လာကြောင်း ရှင်းလင်းစွာ ခံစားနေရပြီး ၊ ထိုအရာသည် သူနှင့် အလွန် နီးကပ်နေသည်။
"ဒါက သဲထဲမှာများ ရှိနေမလား..."
ချန်လော့သည် စမ်းကြည့်လိုသည့် သဘောထားဖြင့် သဲများကို စတင် ဖယ်ရှားလိုက်၏။
သဲများကို ဖယ်ရှားလိုက်သည့် အချိန်တွင် ချန်လော့၏ လက်ချောင်းများက တစ်စုံတစ်ခုကို ချက်ချင်း အာရုံခံမိသွားသည်။
သူသည် အလျင်အမြန် အရှိန်မြှင့်လိုက်ပြီး စက္ကန့်အနည်းငယ် အကြာတွင် နီညိုရောင် ကျောက်တုံးနှင့် တူသော အရာတစ်ခုကို တူးဖော်ရရှိခဲ့သည်။
ကျောက်တုံး၏ မျက်နှာပြင်သည် အဖုအထစ်များ ဖြစ်နေပြီး သေးငယ်သော အပေါက်များဖြင့် ဖုံးလွှမ်းနေကာ လက်သီးဆုပ်ခန့် အရွယ်အစား ရှိသည်။
ချန်လော့သည် ကျောက်တုံးကို လက်ထဲတွင် ကိုင်ထားလိုက်သည်နှင့် ၊ စွမ်းအားလှိုင်းတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
ဤစွမ်းအားသည် သူ မြေအောက်ရေပူစမ်း တွင် စုပ်ယူခဲ့သော စွမ်းအားနှင့် အတူတူပင် ဖြစ်ပြီး ၊ သို့သော် ဤကျောက်တုံးအတွင်းရှိ စွမ်းအားက သိသိသာသာ ပိုမို သိပ်သည်းသည်။
"ဒါက မြေအောက်ရေပူစမ်း ရဲ့ စွမ်းအားကနေ ဖွဲ့စည်းထားတဲ့ သလင်းကျောက် တစ်မျိုးများ ဖြစ်နေမလား..."
ချန်လော့၏ ခေါင်းသည် မြေအောက်ရေပူစမ်း ထဲမှ ပြန်ထွက်လာပြီး ၊ သူ၏ လက်ထဲတွင် ကျောက်တုံးကို ဆုပ်ကိုင်ထား၏။
ကျန်းချွမ် သည် ထိုကျောက်တုံးကို မြင်သည်နှင့် အံ့အားသင့်သွားသည်။
"အစ်ကိုကြီး ချန်... အဲဒီ ကျောက်တုံးက ဘာလဲ..."
"ဪ... ငါက စမ်းသပ်လေ့ကျင့်ရေးကွင်း ကို လာရတာ အတော်လေး ဝေးတော့ ဆရာ့အတွက် အမှတ်တရ ပစ္စည်းတချို့ ပြန်ယူသွားမလို့ပါ..."
ထိုစကားကို ကြားပြီး ကျန်းချွမ် မှာ စကားပြောရန် ဆွံ့အသွားတော့၏။
သို့သော်လည်း သူသည် ချန်လော့၏ ရှင်းပြချက်ကို မယုံကြည်ခဲ့ပေ။ အကြောင်းမှာ ထိုကျောက်တုံးသည် သေချာပေါက် သာမန် အရာတစ်ခု မဟုတ်ကြောင်း သူ အတပ် ပြောနိုင်သည် ။
ချန်လော့သည် အခုလေးတင် မြေအောက်ရေပူစမ်း အောက်သို့ ခိုးဝင်သွားခြင်းနှင့် သူ၏ ပေါင်ကြားကို ရှင်းပြ၍မရအောင် ကြည့်လိုက်ခြင်းတို့ကို ထည့်သွင်း စဉ်းစားကြည့်လျှင််ဖြင့် ၊ ချန်လော့သည် အာရုံခံမိပြီးနောက်မှသာ ထိုကျောက်တုံးကို ရှာတွေ့ခဲ့ခြင်း ဖြစ်ကြောင်း တွေ့မြင်နိုင်သည်။
ပြီးတော့ အာရုံခံလို့ ရတဲ့ အရာတစ်ခုက ဘယ်လိုလုပ်ပြီး သာမန် အရာတစ်ခု ဖြစ်နိုင်မှာလဲ…
အနည်းငယ် နှမြောစရာ ကောင်းသော်လည်း ၊ သူသာ ဒုတိယအဆင့် ကို အရင် အဆင့်တက် နိုင်ခဲ့ပြီး သူ၏ အာရုံခံနိုင်စွမ်း ကို အသက်သွင်းနိုင်ခဲ့လျှင်ဖြင့်၊ ထိုကျောက်တုံးသည် သူ့အပိုင် ဖြစ်သွားလောက်သည်။
ယခု ချန်လော့သည် ပစ္စည်းကို ယူသွားပြီ ဖြစ်ရာ သူတို့အနေဖြင့် လက်ခံရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။
အဲဒါက စည်းမျဉ်းပဲ မဟုတ်ဘူးလား…
ကောင်းကင်နှင့်မြေကြီး ရတနာ တွေက စွမ်းဆောင်နိုင်သူတွေနဲ့ပဲ သက်ဆိုင်တယ်လေ…
ချန်လော့ထံမှ လုယူရန် အတွက် သူ့တွင် သတ္တိ မရှိခဲ့ပေ။
သူတို့သည် ချန်လော့၏ အဆင့်အတန်းကို သတိထားနေခြင်းကြောင့် မဟုတ်ဘဲ ချန်လော့တွင် အစွမ်းထက်သော မှော်လက်နက် အချို့ ရှိနေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
တိုက်ရိုက်တပည့် တစ်ယောက်အနေနဲ့ စမ်းသပ်လေ့ကျင့်ရေးကွင်း ထဲကို ဝင်လာပြီဆိုမှတော့ အသက်ရှင်ကျန်ရစ်ဖို့ နည်းလမ်းတွေ အများကြီး ရှိမှာပဲလေ…
သူသာ ချန်လော့၏ ပိုက်ဆံများကို လုယူရန် ကြိုးစားခဲ့လျှင်ဖြင့်၊ ချန်လော့သည် မှော်လက်နက် တစ်ခုခုကို ထုတ်ယူကာ သူ့ကို သတ်ပစ်မည်ကို စိုးရိမ်မိသည်။
ကြက်ကို ခိုးဖို့ ကြိုးစားပေမဲ့ ဆန်ပါ ဆုံးရှုံးသွားရရင် အကြီးအကျယ် နစ်နာသွားလိမ့်မယ်…
"ထားလိုက်ပါတော့... ဒုတိယအဆင့် ကို အဆင့်တက် ဖို့ပဲ အာရုံစိုက်လိုက်ပါတော့မယ်..."
ထိုသို့ ပြောပြီးနောက် သူသည် စိတ်သက်သာရာ ရသွားပြီး ကိုယ်တိုင် ကျင့်ကြံခြင်း ကို စတင်လိုက်၏။
ချန်လော့သည် ကျောက်တုံးကို သူ၏ သိုလှောင်အိတ် ထဲသို့ ထည့်လိုက်ပြီးနောက် မြေအောက်ရေပူစမ်း ထဲသို့ ပြန်ဝင်သွားသည်။
"ငါ ဒီနေရာမှာ နောက်ထပ် နှစ်ရက်လောက် နေပြီး ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့် ကို ခိုင်မာအားကောင်းအောင် လုပ်လို့ ရတယ်... ပြီးရင် သံအရိုး ဒုတိယအဆင့် ကို နောက်အဆင့်တက် လို့ ရမလား ဆိုတာ ကြည့်ရမယ်..."
ထို့နောက် ချန်လော့သည် နောက်ထပ် နှစ်ရက်စာ အဆ ၁၀၀ တိုးပွားခြင်း စနစ် ကို စတင်လိုက်သည်။
ယခုကျင့်ကြံနေသည့် အရှိန်အဟုန်အရဆိုလျှင်၊ နှစ်ရက်အတွင်း ‘သံအရိုး’ ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ရန်မှာ မလွယ်ကူသော်လည်း၊ ချန်လော့ကမူ သူ့အတွက် အခွင့်အရေးတစ်ခု ရှိသေးသည်ဟု ခံစားမိနေဆဲပင် ဖြစ်သည်။
အခန်း (၅၄) - အဆိပ်မြူစိမ့်မြေ
နှစ်ရက် အကြာတွင် ချန်လော့သည် မြေအောက်ရေပူစမ်း ထဲမှ ထွက်လာခဲ့သည်။
နှစ်ရက်တာ ကျင့်ကြံပြီးနောက် ချန်လော့၏ ကျင့်ကြံခြင်းအဆင့်သည် သံအရိုး ဒုတိယအဆင့် သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
တစ်ဘက်တွင်မူ ကျန်းချွမ် သည် ဒုတိယအဆင့် သို့ပင် မဝင်ရောက်ရသေးချေ။
ချန်လော့သည် သံအရိုး ဒုတိယအဆင့် သို့ အဆင့်တက်သွားသည်ကို မြင်တွေ့လိုက်ရသော ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား အချို့မှာ ၎င်းတို့၏ မျက်စိရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။
ကြိုးစားပမ်းစား ကျင့်ကြံနေသော ချန်လော့သည် သုံးရက်အတွင်း၌ပင် အဆင့်ငယ် သုံးဆင့်အထိ မည်သို့များ ကျော်ဖြတ်တက်လှမ်းနိုင်ခဲ့သည်ကို နားမလည်နိုင်ဘဲ ဖြစ်နေကြသည်။ သူတို့မှာဖြင့် ၊ထိုကာလအတွင်း အဆင့်တစ်ခုတောင်မှ တိုးတက်အောင် မလုပ်နိုင်ခဲ့ပေ ။
"ညီလေး ကျန်း... မင်းတို့ မြေအောက်ရေပူစမ်း မှာ ဆက်ပြီး ကျင့်ကြံဦးမှာလား... ဒါမှမဟုတ် တခြား နေရာကို သွားကြမလား..."
ချန်လော့သည် မြေအောက်ရေပူစမ်း ထဲတွင် ရှိနေဆဲ ဖြစ်သော ကျန်းချွမ် နှင့် အခြားသူများကို ကြည့်လိုက်သည်။
"စမ်းသပ်မှု ပြီးတဲ့အထိ ငါတို့ ဒီနေရာမှာပဲ နေဖြစ်လောက်တယ်..."
"ဘာပဲဖြစ်ဖြစ် စမ်းသပ်လေ့ကျင့်ရေးကွင်း ထဲမှာ ဒီ မြေအောက်ရေပူစမ်း က ငါတို့အတွက် အသုံးဝင်ဆုံးပဲလေ..."
"တစ်ခုခု မှားနေလို့လား အစ်ကိုကြီး ချန်..."
စမ်းသပ်လေ့ကျင့်ရေးကွင်း ထဲတွင် ရတနာများစွာ ရှိသော်လည်း ခန္ဓာတောင်ထွတ် အတွက်မူ အသုံးဝင်ဆုံးအရာမှာ မြေအောက်ရေပူစမ်း ပင် ဖြစ်သည်။
အချို့သော ရတနာများက မြေအောက်ရေပူစမ်း ထက် ပို၍ အသုံးဝင်သော်လည်း၊ ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များအတွက် ၎င်းတို့ကို ယှဉ်ပြိုင်လုယူရန် အရည်အချင်း မပြည့်မီသေးပေ။
ထို့ကြောင့် မြေအောက်ရေပူစမ်း တွင် နေပြီး တစ်လတိတိ တိတ်ဆိတ်စွာ ကျင့်ကြံခြင်းက သူတို့အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်သည်။
"ဂူထဲက အဲ့ဒီ မီးတောက်မြိုသားရဲ သားပေါက်လေးတွေကို ကျေးဇူးပြုပြီး စောင့်ရှောက်ပေးထားလို့ ရမလား..."
"အကယ်၍ ဖြစ်နိုင်ရင် မင်းတို့ ထွက်သွားတဲ့အခါ သူတို့ကိုပါ တစ်ပါတည်း ခေါ်သွားပေးပါ့လား.."
ချန်လော့၏ စကားများကို ကြားပြီး၊ ကျန်းချွမ် နှင့် အခြားသူများက တစ်နေရာတွင် ကစားနေကြသော မီးတောက်မြို သားပေါက်လေးများကို လှမ်းကြည့်လိုက်သည်။
သားပေါက်လေးများသည် အများကြီး မရှိသော်လည်း စုစုပေါင်း ခုနစ်ကောင်၊ ရှစ်ကောင်ခန့်တော့ ရှိနေသေးသည်။
"အစ်ကိုကြီး ချန် က သူတို့ကို ဖမ်းပြီး အိမ်မွေးတိရစ္ဆာန် အဖြစ် မွေးမလို့လား..." အတွင်းဂိုဏ်းသား တစ်ဦးက မနေနိုင်ဘဲ မေးလိုက်သည်။
ချန်လော့ က ခေါင်းညိတ်လိုက်သည်။ သူသည် သားရဲများကိုဖမ်းပြီး အိမ်မွေးတိရစ္ဆာန် အဖြစ် မွေးရန် ရည်ရွယ်ထားသည်မှာ မှန်သော်လည်း ၊ သို့သော် သူ့အတွက် မဟုတ်ပေ။ ယင်းအစား သူသညိ မီးတောက်မြိုသားရဲများကို သားရဲတောင်ထွတ် မှ အတွင်းဂိုဏ်းသား များထံသို့ ရောင်းချရန် စီစဉ်ထားခြင်းသာ ဖြစ်၏။
"ပြဿနာ မရှိပါဘူး... ဒီကိစ္စကို ငါတို့ကို လွှဲထားလိုက်ပါ..."
အတွင်းဂိုဏ်းသား တစ်ယောက်က ယုံကြည်ချက် ရှိရှိဖြင့် ခေါင်းညိတ်လိုက်တယ်။ မည်သို့ပင်ဖြစ်စေ ၎င်းသည် ခက်ခဲသော အလုပ်တစ်ခု မဟုတ်ပေ။
ဤ သားပေါက်လေးများသည် ချီသန့်စင်ခြင်း ကနဦးအဆင့် ကိုပင် မရောက်သေးဘဲ မည်သည့် ကျင့်ကြံခြင်းအဆင့်မှ မရှိကြသဖြင့် သူတို့ကို မည်သည့် အန္တရာယ်မှ မပေးနိုင်ချေ။
အလားအလာရှိသော တိုက်ရိုက်တပည့် တစ်ဦး ဖြစ်သည့် ချန်လော့ကို ကူညီခြင်းသည် ကောင်းမွန်သော အထင်အမြင် တစ်ခုကို ချန်ရစ်စေမည် ဖြစ်ရာ ၊ ဤကဲ့သို့သော အခွင့်ကောင်းကို မည်သူကမျှ ငြင်းဆန်မည် မဟုတ်ပေ။
ထို့နောက် ချန်လော့နှင့် ကျောက်မန်တို့ သည် ဂူထဲမှ အတူတကွ ထွက်ခွာလာခဲ့ကြသည်။ မထွက်ခွာမီ ချန်လော့သည် မြေအောက်ရေပူစမ်း ကို အကြိမ်အနည်းငယ် လှည့်ကြည့်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် နှမြောတသဖြစ်သော အရိပ်အယောင်အချို့ ရှိနေခဲ့သည်။
"နောက်တစ်ခု... အဆိပ်မြူစိမ့်မြေ ကို သွားကြစို့..."
ချန်လော့သည် စကားပြောရင်း ကျောက်မန်ကို ကြည့်လိုက်သည်။
ကျောက်မန်က ချန်လော့၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားပြီး ဘူးသီးမှုတ် ကို ကူကယ်ရာမဲ့စွာဖြင့် ဆင့်ခေါ်ကာ ဘူးသီးမှုတ်ပေါ်တွင် ရပ်လိုက်သည်။
ထို့နောက် ချန်လော့သည် အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ သူမ၏ ကျောပေါ်သို့ ခုန်တက်လိုက်၏။
"မြောက်ဘက်ကို သွား...... အဆိပ်မြူစိမ့်မြေ..."
သူမသည် ချန်လော့ကို အေးစက်စက် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် ဘာမှ ထပ်မပြောတော့ချေ။
မည်သို့ပင်ဖြစ်စေ အဆိပ်မြူစိမ့်မြေ သည် သူမ၏ ရည်မှန်းချက် ဖြစ်ပြီး ချန်လော့သည် သူမကို အဖော်ပြုပေးရန် ရှိနေပေးသည် မဟုတ်လော။
…
သူတို့ နှစ်ဦးည် ရက်အနည်းငယ်ကို ခရီးသွားရင်း ကုန်ဆုံးခဲ့ကြသည် ။
လမ်းတစ်ဝက်တွင် ချန်လော့သည် သူ့ကို သယ်ပိုးထားသော ကျောက်မန်မှာ ချွေးများ အဆက်မပြတ် ထွက်နေသည်ကို မြင်ပြီး၊ သူမအတွက် အနည်းငယ် သနားစိတ်ဖြစ်လာခဲ့သည်။
"ငါ့ကို သယ်ရတာ မင်း ပင်ပန်းနေပြီ ထင်တယ်... နားကြမလား..."
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျောက်မန် သည် မှင်တက်သွားပြီး အံ့အားသင့်စွာဖြင့် ချန်လော့ကို လှည့်ကြည့်လိုက်သည်။
ဒီကောင် ဒီနေ့ ဆေးမှားစားထားတာများလား... ဘာလို့ ရုတ်တရက်ကြီး ငါ့ကို ဂရုစိုက်လာရတာလဲ…
သို့သော် ချန်လော့၏ နောက်ထပ် စကားများ ထွက်ပေါ်လာချိန်တွင် သကောင့်သားသည် လုံးဝ မပြောင်းလဲသေးကြောင်း သူမ သိလိုက်ရသည်။
"မင် အောက်ဆင်းပြီး ပြေးလေ... ငါ ဒီဘူးသီးမှုတ် ကို ကိုယ်တိုင် ထိန်းချုပ်လိုက်မယ်..."
"စိတ်မပူပါနဲ့... ငါ ဖြည်းဖြည်းချင်း ပျံသန်းပြီး မင်းကို စောင့်ပါ့မယ်..."
ကျောက်မန်သည် ချန်လော့၏ "ဂရုစိုက်မှု" ကို မကြားချင်ဟန်ဆောင်လိုက်၏။
သူမသာ ချန်လော့ကို နိုင်မည်ဆိုပါက ၊ ဤနေရာ၌ပင် သူ့ကို အသေအလဲ ရိုက်နှက်ဆုံးမမိမည်မှာ သေချာသည်။
နောက်ထပ် ခရီးစဉ် တစ်ဝက်ခန့် ပျံသန်းပြီးနောက် ၊ ချန်လော့နှင့် ကျောက်မန်တို့သည် နောက်ဆုံးတွင် အဆိပ်မြူစိမ့်မြေ သို့ ရောက်ရှိလာကြသည်။
ထိုအချိန်တွင် ချန်လော့သည် အဆိပ်မြူစိမ့်မြေ အပြင်ဘက်တွင် အဆိပ်တောင်ထွတ် ၏ အတွင်းဂိုဏ်းသား ဝတ်စုံများ ဝတ်ဆင်ထားသော လူအချို့ ရပ်နေသည်ကို တွေ့လိုက်ရသည်။
"ရွှေမြုတေအဆင့် တစ်ဝက် လောက်ရှိတဲ့ သားရဲ နဲ့ ငါတို့ ထပ်ကြုံရပြန်တာလား..."
ချန်လော့သည် မကျေမနပ် ညည်းတွားလိုက်ပြီး ၊ ကျောက်မန်၏ ကျောပေါ်မှ ခုန်ဆင်းလိုက်ကာ ကျော့ဆန့်လိုက်သည် ။
တစ်ဖက်တွင်မူ ကျောက်မန်သည် ကျောနာနေပြီး မတ်မတ်ပင် မရပ်နိုင်တော့ဟန် ရသည်။
"သူတို့ အားလုံးက မင်းရဲ့ အဆိပ်တောင်ထွတ် က အတွင်းဂိုဏ်းသား တွေပဲ မဟုတ်လား... သွားပြီး သတင်း နည်းနည်းပါးပါး သွားမေးကြည့်လေ..."
ချန်လော့သည် သူမကို ဤသို့ အမိန့်ပေးနေသည်ကို ကျောက်မန် အနေဖြင့် သဘောမကျသော်လည်း ဘာမှ မတတ်နိုင်ချေ။
မည်သို့ပင်ဖြစ်စေ ချန်လော့သည် အဆိပ်မြူစိမ့်မြေ ကို ဂရုမစိုက်ပေ။ သူသည် သူမကို အဖော်ပြုပေးရန်သာ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် ကျောက်မန်သည် အံကြိတ်ကာ ခါးကို မတ်လိုက်ပြီး အဆိပ်တောင်ထွတ် မှ အတွင်းဂိုဏ်းသား များဆီသို့ လျှောက်သွားလိုက်သည်။
"မောင်လေးတို့... ဒါက ဘာတွေ ဖြစ်နေတာလဲ... တစ်ခုခု ဖြစ်လို့လား..."
အတွင်းဂိုဏ်းသား သည် အာရုံပျံ့လွင်ရာမှ ပြန်သတိဝင်လာပြီး ၊ ဘေးရှိ ကျောက်မန်ကို ကြည့်လိုက်သော်လည်း သူ၏ မျက်လုံးများထဲတွင် ထူးဆန်းသော တွေဝေမှု အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။
ထိုအချိန်တွင် အတွင်းဂိုဏ်းသား တစ်ဦးက လျှောက်လာပြီး ကျောက်မန်၏ ဘေးတွင် ဝင်ရပ်လိုက်သည်။
"အစ်မကြီး ကျောက်မန်... ဒီအတွင်းဂိုဏ်းသား က အဆိပ်မြူစိမ့်မြေ ထဲကနေ အခုလေးတင် ပြန်ထွက်လာတာပါ... သူ့ကိုယ်ထဲက အဆိပ်တွေက မပြယ်သေးတော့ သူ အပြည့်အဝ သတိမဝင်သေးဘူး...”
ဤသည်ကို ကြားသောအခါ ကျောက်မန်သည် တစ်ခဏမျှ ရပ်တန့်သွားပြီး မလှမ်းမကမ်းရှိ အဆိပ်မြူစိမ့်မြေ ကို လှည့်ကြည့်လိုက်ရာ ၊ သူမ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ချက်ချင်း မှင်တက်သွားတော့၏။
စိမ့်မြေထဲတွင် အတွင်းဂိုဏ်းသား ခုနစ်ဦး၊ ရှစ်ဦးခန့် ရှိသော အလောင်းများ နစ်မြုပ်နေပြီး ၊ သူတို့၏ မျက်နှာများသည် တည်ငြိမ်နေကာ မျက်လုံးများ အနည်းငယ် မှိတ်ထားသဖြင့် အိပ်ပျော်နေသကဲ့သို့ ထင်မှတ်ရသည်။
သူတို့၏ ဖြူရော်နေသော မျက်နှာများနှင့် အသက်ကင်းမဲ့နေသော ခန္ဓာကိုယ်များကို ကြည့်လျှင်ဖြင့် ၊ သူတို့သည် သေဆုံးနေပြီ ဖြစ်သည်။
ကျောက်မန်သည် အံ့အားသင့်မှုမှ ပြန်သတိမဝင်လာနိုင်မီမှာပင် ၊ ဝါးလုံး တစ်ချောင်းကို ထမ်းပိုးထားသော ပုံရိပ်တစ်ခုက အဆိပ်မြူစိမ့်မြေ၏ ဘေးဘက်သို့ ပြေးသွားသည်ကို တွေ့လိုက်ရသည်။
"ချီးပဲ... အဲ့ကောင်ရဲ့ ပိုက်ဆံအိတ်က အမျိုမခံရသေးဘူး”
"မင်းတို့ အားလုံး သေသွားပြီဆိုတော့ အဲဒါကို လိုအပ်တော့မှာ မဟုတ်ဘူးလေ... ဒါကြောင့် မင်းတို့ ကိုယ်စား ငါ အရင် ယူထားလိုက်မယ်..."
"သတိထား... သတိထား... အရမ်း သတိထား... မပြုတ်ကျစေနဲ့..."
ဝါးလုံး တစ်ချောင်းကို ထမ်းထားသော ချန်လော့သည် အဆိပ်တောင်ထွတ် မှ အတွင်းဂိုဏ်းသား များ၏ အလောင်းများပေါ်ရှိ သိုလှောင်အိတ် များကို တစ်လုံးပြီး တစ်လုံး အဆက်မပြတ် ဆွဲထုတ်နေလေ၏။
မိနစ်အနည်းငယ် အတွင်းမှာပင် ချန်လော့သည် သိုလှောင်အိတ် နှစ်လုံး၊ သုံးလုံးခန့်ကို အမှန်တကယ်ပင် ဆွဲယူနိုင်ခဲ့သည်။
ချန်လော့သည် မည်သည့် အရှက်တရားမှ မရှိဘဲ အဆိပ်တောင်ထွတ် မှ အတွင်းဂိုဏ်းသားများ၏ အလောင်းများပေါ်ရှိ သိုလှောင်အိတ်များကို သူ၏ ကိုယ်ပိုင် သိုလှောင်အိတ် ထဲသို့ တိုက်ရိုက် ထည့်သိမ်းလိုက်သည်။
ဤမြင်ကွင်းကြောင့် လူတိုင်း ဆွံ့အသွားတော့သည်။ ချန်လော့သည် ဤမျှလောက် အရှက်မရှိမှန်း သူတို့ ကိုယ်တိုင်ပင် ထင်မထားချေ။
သေသွားတဲ့ လူဆီကနေ ပစ္စည်းတွေ ယူတာက တစ်ပိုင်းပေါ့... ပြဿနာက ဒီကောင်က အဆိပ်တောင်ထွတ် က အတွင်းဂိုဏ်းသား တွေရဲ့ မျက်စိရှေ့မှာတင် ပေါ်တင်နိုက်နေတာလေ... ဒါ အဆိပ်တောင်ထွတ် က လူတွေကို လုံးဝ ဂရုမစိုက်တဲ့ သဘောထားပဲ…
သို့သော် ချန်လော့သည် စမ်းသပ်လေ့ကျင့်ရေးကွင်းအတွင်းသို့ ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် အလောင်းထံမှ ပစ္စည်းများကို ဗြောင်ကျကျ လုယက်သိမ်းပိုက်ခဲ့သည့် လုပ်ရပ်ကို ပြန်လည်တွေးမိပြီး၊ မည်သူကမျှ နောက်ထပ် ဘာမှ မပြောခဲ့ကြပေ။
ကျောက်မန်သည် ချန်လော့ကို လျစ်လျူရှုကာ အဆိပ်တောင်ထွတ် မှ အတွင်းဂိုဏ်းသား များကို လှည့်ကြည့်လိုက်သည်။
"မောင်လေးတို့... အဲ့ဒီ အတွင်းဂိုဏ်းသား တွေ ဘာဖြစ်သွားတာလဲ... ဘာလို့ သူတို့ အားလုံး စိမ့်မြေထဲမှာ သေသွားကြတာလဲ..."
အဆိပ်တောင်ထွတ် မှ အတွင်းဂိုဏ်းသားများသည် ကျောက်မန်ကို ကြည့်ကာ ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်၏။
"အဆိပ်မြူစိမ့်မြေ က အဆိပ်ပုလဲ ကို ပြုစုပျိုးထောင်ပေးတယ်... အဆိပ်ပုလဲ တစ်လုံး ဖြစ်တည်ဖို့ ယေဘုယျအားဖြင့် ငါးနှစ်လောက် အချိန်ယူရတယ်..."
"ဒါပေမဲ့ ဒီတစ်ကြိမ်တော့ စမ်းသပ်လေ့ကျင့်ရေးကွင်း က အချိန်မတိုင်မီ စတင်ခဲ့တာဆိုတော့ အဆိပ်မြူစိမ့်မြေ က အဆိပ်ပုလဲ ကို ပြုစုပျိုးထောင်ဖို့ သုံးနှစ်ပဲ အချိန်ရလိုက်တယ်..."
"အကယ်၍ အဆိပ်မြူစိမ့်မြေ ထဲက အဆိပ်တွေကို စုပ်ယူဖို့ ဖွဲ့စည်းထားတဲ့ အဆိပ်ပုလဲ မရှိဘူးဆိုရင် အဆိပ်အများစုက စိမ့်မြေ မျက်နှာပြင်ပေါ်မှာ ပေါ်နေလိမ့်မယ်... ပြီးတော့ အဆိပ်ရဲ့ ပြင်းအားက အဆိပ်ပုလဲ ရှိနေတဲ့ အချိန်ထက် အဆပေါင်းများစွာ ပိုပြင်းထန်လိမ့်မယ်..."
" ကျွန်တော်တို့ အရင်က ဒီအချက်ကို သတိမပြုမိဘဲ အတင်း ဝင်သွားမိလို့..."
စကားစပြီးနောက် အတွင်းဂိုဏ်းသား သည် ဆက်မပြောတော့ချေ။
သို့သော် အနီးနားရှိ စိမ့်မြေထဲတွင် အဆိပ်တောင်ထွတ် မှ အတွင်းဂိုဏ်းသားများ၏ အလောင်းများသည် အရာအားလုံးကို ပြောပြနေပြီ ဖြစ်သည်။