← Chapters

ကံကောင်းခြင်း

Vol. 6 Ch. 574

ကံကောင်းခြင်း

Vol. 6 Ch. 574

လီယွမ်လျန်သည် မော့လော်ကျားကို စတင်တိုက်ခိုက် လိုက်ပြီး ကျန်သည့် ဂိုဏ်းတူညီ အစ်ကိုဆယ်ယောက်က ဓမ္မကို ကာကွယ်သူများအဖွဲ့၏ အခြားသော ခေါင်းဆောင်များဖြင့် စတင်တိုက်ခိုက် လိုက်ကြလေသည်။

တိုက်ပွဲသည် ဆန်းလျန်ရှေ့တွင်ပင် ဖြစ်ပွားနေခဲ့ပြီး သွေးထွက်သံယို တိုက်ခိုက်မှုများသည် အလွန်ပြင်းထန် ခဲ့ကြလေသည်။

လီယွမ်လျန်၏ ဓားစွမ်းက မြင့်မားသလို မော့လော် ကျားကလည်း ပေါ့သေးသေး လူတစ်ယောက် မဟုတ်ပါ။

တာအိုဆရာစန်းဝမ်းသည် တိုက်ပွဲကို အထူးအဆန်း မဟုတ်သည့်အလား ကြည့်နေပြီး ပေါ့ပေါ့ပါးပါးပင် ဆန်းလျန်ကို မေးလိုက်လေသည်။

“ဂိုဏ်းတူညီလေး၊ ဒီကလေးတွေကို ဘယ်လိုမြင်လဲ…”

ဆန်းလျန်က ရယ်မောလိုက်ရင်း…

“သူတို့က အစိတ်အပိုင်းတွေကိုပဲ ကြည့်ပြီး တိုက်ခိုက်နေကြတယ်…”

တာအိုဆရာစန်းဝမ့်က သက်ပြင်း တစ်ချက်ချလိုက်ရင်း…

“ဒါကတော့ ဂိုဏ်းချုပ်က အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်ကိုး…”

ဆန်းလျန်က ရယ်မော နေလိုက်ပြီး မည်သည့်စကားမှ မပြောတော့ပါ။ စန်းဝမ့်ပြောသည်မှာ မှန်လေသည်။

တပည့် (၁၁)ယောက်သည် ထိပ်တန်း ဓားသိုင်းသမားများ ဖြစ်ကြလေသည်။ သူတို့ (၁၁)ယောက်၏ စုပေါင်း စွမ်းအားကို သာမန်လောက နတ်ဘုရားများပင် ထိတ်လန့်မိကြမည် ဖြစ်လေသည်။ သို့သော်… သူတို့သည် တိုက်ခိုက်လိုစိတ် အလွန်ပြင်းထန် ကြလေသည်။ သူတို့သည် ချင်းရွှမ်နတ်တံခါးတွင် ပညာမသင်ခဲ့ရသည့် အတွက် ချင်းရွှမ် နတ်တံခါး၏ သင်ပြပေးမှုနှင့် မကိုက်ညီခဲ့ကြပေ။

ချင်းရွှမ် နတ်တံခါးသည် တိုက်ခိုက်ခြင်းထက် တာအို၏ အဓိပ္ပာယ်ကို ပိုပြီးတန်ဖိုး ထားခဲ့လေသည်။ လူတစ်ယောက်သည် မည်မျှတော်ပါစေ စိတ်ထား ဖြောင့်မှန်စွာ မထားနိုင်ပါက ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရမည် ဖြစ်လေသည်။

သို့သော် ကျင့်စဉ်လမ်းဆိုသည်က အောင်မြင်ရန် မလွယ်ကူလှပါ။ ထို့အတူ တိုက်ခိုက်ရေးသမား တစ်ယောက် ဖြစ်ရန်မှာလည်း မလွယ်ကူလှပါ။ ထို့ကြောင့် ဆန်းလျန်သည် တပည့်ငယ်များ အပေါ်တွင် အလွန်အမင်း ဝေဖန်မှုပြု လိုခြင်းမရှိပါပေ။

တာအိုဆရာစန်းဝမ့်သည် လူပြန်ဝင်စားပြီး သိပ်မကြာမီတွင် ဂိုဏ်းတူ တူလေးများထံမှ ဆန်းလျန်၏ အကြောင်းများကို ကြားခဲ့ရလေသည်။ သူသည် ချင်းရွှမ် နတ်တံခါးတွင် ရှိစဉ်က စောစီးစွာ ထွက်ခွာခဲ့ရသူ ဖြစ်သည့်အတွက် ဆန်းလျန် အကြောင်းများကို ဘာမှသိရှိခဲ့ခြင်း မရှိပေ။ ဆန်းလျန်သည် ချင်းရွှမ်နတ်တံခါး၏ သမိုင်းတွင် အတော်ဆုံး ဂိုဏ်းချုပ် တစ်ယောက်အဖြစ် အသိအမှတ် ပြုခံခဲ့ရခြင်းကိုလည်း စန်းဝမ့်က သိရှိခဲ့ခြင်းမရှိပါ။

တိုက်ပွဲသည် အလွန်ပြင်းထန်ခဲ့လေသည်။

တာအိုဆရာ စန်းဝမ့်သည် ဆန်းလျန်နှင့်အတူ ရပ်နေရင်းမှပင် ကြာပွတ်ကို တစ်ချက် ဝှေ့ယမ်းလိုက်လေသည်။

ထို့ပြင် တာအိုဆရာစန်းဝမ့်၏ လက်ထဲတွင် ကိုင်ထားသည့် ကြာပွတ်မှာ အလွန် ထူးခြားလေသည်။ ထိုကြာပွတ်ဖြင့် ဓမ္မကို ကာကွယ်သူများကို တစ်ယောက်ပြီး တစ်ယောက် သွေးနီရောင် ပင်လယ်ထဲသို့ ပြုတ်ကျ သွားကြလေသည်။

ဆန်းလျန်က

“ဂိုဏ်းတူအစ်ကို၊ ဒီကြာပွတ် အကြောင်းများ သိခွင့်ရနိုင်မလား”

ဆန်းလျန်၏ အမေးကြောင့် တာအိုဆရာစန်းဝမ့်က အလွန်ဂုဏ်ယူသည့် ဟန်ဖြင့်…

“ဒီကြာပွတ်ကို ထိုက်ယီ ကြာပွတ်လို့ ခေါ်တယ်၊ သွေးနီရောင် ပင်လယ်ကြမ်းပြင်မှာ ကျုပ်ရှာတွေ့ခဲ့တာ”

ဆန်းလျန်က ကြာပွတ်ကို တစ်ချက် အကဲခတ် လိုက်လေသည်။ လက်ကိုင်သည် ကျောက်စိမ်းကဲ့သို့ တောက်ပနေပြီး ကြာပွတ်ဆီမှ သိမ်မွေ့သည့် စွမ်းအား တစ်ခု ထွက်ပေါ် နေလေသည်။ ထိုတန်ခိုးစွမ်းအားများကို ဆန်းလျန်သည် ရင်းနှီးသလို ခံစားနေရလေသည်။ သို့သော် မည်သို့ ရင်းနှီးရသည်ကို ဆန်းလျန်စဉ်းစား၍ မရခဲ့ပေ။ ထိုအချက်ကြောင့် ဆန်းလျန်မှာ တအံ့တသြ ဖြစ်နေရလေသည်။

သူသည် ထိုက်ယီထျန်းရှန်း အဆင့်သို့ ရောက်ရှိရန် နီးကပ်နေပြီ ဖြစ်လေသည်။ သူ၏ နှလုံးသားက တာအိုကို နားလည်နေပြီး တာအိုကလည်း သူ၏နှလုံးသားကို နားလည်လေသည်။ ထို့ကြောင့် သူ့ဘဝတွင် တွေ့ကြုံသမျှ အရာအားလုံးကို ရှင်းလင်းစွာ မှတ်မိနေတတ်ပြီး မမှတ်မိသော အရာဟူ၍ မရှိသလောက် ဖြစ်လေသည်။

ထို့ပြင် ကြာပွတ်မှ ထွက်ပေါ်နေသည့် စွမ်းအားများသည် နတ်ဘုရား စိတ်အာရုံများကို ပိတ်ဆို့ ထားနိုင်စွမ်း ရှိလေသည်။ ထိုအချက်က ဆန်းလျန်ကို ပိုပြီး အံ့သြစေလေသည်။

သို့သော်… ထိုကြာပွတ်သည် တာအိုဆရာစန်းဝမ့်၏ အပိုင် ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန် အနေဖြင့် အလွန်အမင်း စိတ်ဝင်စားမိပါက စန်းဝမ့် အထင်လွဲ သွားနိုင်လေသည်။

ဆန်းလျန်က ရယ်မောလိုက်ရင်း…

“ချင်းရွှမ် နတ်တံခါးမှာတောင် ဒီလို အဖိုးတန်တဲ့ လက်နက်မျိုးတွေ သိပ်မရှိဘူးရယ်၊ ဂိုဏ်းတူအစ်ကို တကယ် ကံကောင်းတာပဲ”

တာအိုဆရာစန်းဝမ့်က ခေါင်းတစ်ချက် ခါယမ်းလိုက်ရင်း…

“ကံကောင်းတဲ့ အကြောင်းကို ပြောရမယ် ဆိုရင်တော့ ကျုပ်တို့အားလုံး ဂိုဏ်းတူညီလေး ချန်ကျန့်မေကို ဘယ်ယှဉ်နိုင်မှာလဲ၊ သူဆိုရင် အဆင့်ကိုးဆင့်ရှိတဲ့ သွေးကြာပန်းပင်က သူ့ဆီကို အလိုလို ရောက်လာပြီး အရှင်သခင် အဖြစ်အသိ အမှတ်ပြုခဲ့တာ၊ သွေးကြာပန်းကို သူသုံးတာ တစ်ခါမှ မတွေ့ရပေမယ့် အဲဒီကြာပန်းက တာအို သဘောတရားတွေနဲ့ ပြည့်နေတာပဲ၊ ကျင့်ကြံမှု ပိုမိုနက်ရှိုင်းလေ တန်ခိုးစွမ်းအား တွေကလည်း နက်ရှိုင်း လာလေပါပဲ၊ ကြည့်ရတာ ဂိုဏ်းတူ ညီလေးချန်ကျန့်မေ ကျင့်ကြံခြင်း အဆင့်တွေ အလျင်အမြန် တိုးတက်လာတာ အဲဒီသွေးကြာပန်းနဲ့ ဆက်စပ်နေမယ် ထင်တယ်”

ဆန်းလျန်သည် ဗုဒ္ဓစာပေများကိုလည်း နားလည်သူ ဖြစ်ရကာ ကြာပန်းသည် တရားဓမ္မကို ကိုယ်စားပြုသည်ကို သိရှိလေသည်။ ကြာပန်းများတွင် အဆင့် (၁၂)ဆင့်သည် အမြင့်ဆုံး ဖြစ်လေသည်။ သို့သော် ထိုသို့သော ကြာပန်းများသည် ဒဏ္ဍာရီထဲတွင်ပင် ကြားဖူးကြပြီး လက်တွေ့တွင် မည်သူမှ မြင်ဖူးကြခြင်း မရှိပေ။

ချန်ကျန့်မေရရှိခဲ့သည့် အဆင့် (၉)ဆင့် သွေးကြာပန်းမှာလည်း အဆင့် (၁၂)ဆင့်ကြာပန်း ကိုမီနိုင်မည် မဟုတ်သည့်တိုင် ထူးခြားသောအရာ ဖြစ်ရပေလိမ့်မည်။ ဂိုဏ်းတူအစ်ကို စန်းဝမ့် ပြောသလိုပင် ဂိုဏ်းတူအစ်ကို ချန်ကျန့်မေသည် အမှန်တကယ်ပင် ကံကောင်းသူ တစ်ယောက် ဖြစ်လေသည်။

ဆန်းလျန်သည် ချန်ကျန့်မေအပေါ်တွင် အစဉ်အမြဲ ချစ်ခင်သူ ဖြစ်သည့်အတွက် ချန်ကျန့်မေ၏ ကံကောင်းခြင်း သတင်းကြောင့် အမှန်တကယ်ပင် ဝမ်းသာမိလေသည်။

သိပ်မကြာမီပင် လီယွမ်လျန်၏ဓားသည် မောလော်ကျား၏ ပခုံးကို ထိုးမိသွားကာ သွေးစများ ဖြာထွက်လာတော့သည်။

ထို့နောက် ဓမ္မကို ကာကွယ်သူများ အဖွဲ့သည် ဆုတ်ခွာ သွားကြလေတော့သည်။

ယနေ့တိုက်ပွဲတွင်တော့ အသူရာဂိုဏ်းဘက်မှ အနိုင်ရခဲ့ပြီ ဖြစ်လေသည်။ တပည့် (၁၁)ယောက်သည် ဆန်းလျန်ရှိရာသို့ လမ်းလျှောက် လာကြလေသည်။ ယွမ်ရွှယ်ဖုန်းနှင့် ပိယွိစန်းတို့ လက်ထဲတွင် ဦးခေါင်းခွံတစ်ခုဆီ ကိုင်ဆောင်ထား ကြလေသည်။

သူတို့က ဆန်းလျန်ကို ဂါရဝပြုလိုက်ရင်း…

“ဂိုဏ်းချုပ်၊ ဒီဦးခေါင်းခွံတွေက ခုနတိုက်ခိုက်ခဲ့တဲ့ ဓမ္မကို ကာကွယ်သူ အငယ်တန်း ခေါင်းဆောင်တွေရဲ့ ဦးခေါင်းခွံတွေပါ၊ တန်ခိုးစွမ်းအား မြင့်မားသူတွေရဲ့ ဦးခေါင်းခွံတွေပဲ၊ ဒီဦးခေါင်း အရိုးတွေက လက်နက်ပြုလုပ်တဲ့ နေရာမှာ အသုံးဝင်လိမ့်မယ်၊ ကျွန်တော်တို့က ဂိုဏ်းချုပ်ကို လက်ဆောင် ပေးချင်ပါတယ်”

ဆန်းလျန်က ဦးခေါင်းခွံများကို တစ်ချက် ကြည့်လိုက်လေသည်။

ဦးခေါင်းခွံများမှ တန်ခိုးစွမ်းအားများသည် သေဆုံးခြင်းမရှိဘဲ မိုးမြေစွမ်းအားများကို စုပ်ယူနေဆဲ ဖြစ်လေသည်။ ပြတ်သားသည့် ဓားချက်ဖြင့်သာ ရင်ဆိုင်ခဲ့ရခြင်း မရှိလျှင် ချက်ချင်းပင် လူအသားအသွင် ပြန်လည်ဖြစ်တည်နိုင်သည် အထိ အဆင့်မြင့်မား ကြလေသည်။

သို့သော် ဆန်းလျန်က သူတို့ပေးသည့် လက်ဆောင်ကို ငြင်းလိုက်လေသည်။

ပြီးမှ သိမ်မွေ့သည့်လေသံဖြင့်…

“မင်းတို့ရဲ့လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဒါကို မင်းတို့ပဲ သိမ်းထား သင့်ပါတယ်”

ထိုသို့ စကားပြောနေစဉ် အချိန်တွင် နောက်သို့ပစ်ထားသည့် ဆန်းလျန်၏ လက်များက တစ်ချက် လှုပ်ရှားသွားလေသည်။ ဆန်းလျန်၏ လက်များမှ ဓားဝိညာဉ်နှစ်ခု ထွက်ပေါ်လာပြီး ပြန်လည် ဖြစ်တည်နိုင်ခြင်း စွမ်းအားများကို ဖျက်ဆီး ပစ်လိုက်လေသည်။ မည်သူမှ သတိမပြုမိသည့် အရာများကို ဆန်းလျန်သည် သတိပြုမိစမြဲပင် ဖြစ်လေသည်။

ဆန်းလျန်က အမှန်တရားကို ပြောပြလိုက်လျှင် သူ၏ ဂိုဏ်းတူတူလေး နှစ်ယောက် ရှက်သွားမည်ကို စိုးရိမ်သည့် အတွက် ဖြစ်ရပ်မှန်ကို မပြောပြတော့ဘဲ အန္တရာယ်မရှိအောင် တိတ်တဆိတ် ကူညီပေးလိုက်ခြင်းသာ ဖြစ်လေသည်။

ဆန်းလျန်က လက်ဆောင်ကို လက်မခံသည့်အခါ သူတို့ကလည်း အတင်းအကျပ်ပေးခြင်း မပြုလုပ်ကြပါ။ ဓားတန်ခိုးရှင် ချန်ကျန့်မေ၏ တပည့်ပီသစွာ ကိစ္စရပ်များ အားလုံးကို ပွင့်ပွင့်လင်းလင်း ရိုးရိုးရှင်းရှင်းပင် ပြုလုပ်လေ့ ရှိလေသည်။

ဆရာတူ တပည့်များပါပေ။

***

All Chapters