← Chapters

ထင်မှတ်မထားသည့် အဖြစ်အပျက်

Vol. 157 Ch. 2287

ထင်မှတ်မထားသည့် အဖြစ်အပျက်

Vol. 157 Ch. 2287

အေးစက်သည့် နှာမှုတ်သံကို ကြားတော့ ဘားထဲရှိ လူတိုင်း မသိစိတ်အလျောက် အသံလားရာဘက်သို့ ခေါင်းလှည့်ကြည့်လိုက်ရာ သူတို့မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲကုန်ကြသည်။

“ သူပဲ … သူရောက်လာပြီ … အစ်ကိုရုံ ဒီရောက်လာပြီ ….”

ဟော်ရှီရုံကို မြင်တော့ လူအုပ်ကြီး၏ အမူအရာမှာ သွေးပျက်သွားခဲ့ကြပြီး တစ်ချို့ဆို သွေးထွက်သံယို မြင်ကွင်းတို့ ဖြစ်ပေါ်လာမည်ကိုပင် ကြိုတင် မြင်ယောင်ကြပြီး ဖြစ်၏။

“ ဟော်ရှီရုံရဲ့ ဘားထဲလာပြီး သူ့တူကို အနိုင်ကျင့်နေကြတယ် … ဒီနှစ်ယောက်တော့ ခြေထောက်နှစ်ဖက်နဲ့ လမ်းလျှောက်ပြန်ထွက်သွားနိုင်ဖို့ဆိုတာ မဖြစ်နိုင်လောက်တော့ဘူး …”

“ ငါကြားမိတာ အစ်ကိုရုံ ဒီရက်ပိုင်း စိတ်မကြည်ဘူးတဲ့နော်… အရင် ရက်ပိုင်းတုန်းက လူတစ်ယောက် ဘားမှာ ပြဿနာလာရှာတာ သူ့ခြေထောက်တွေ ရိုက်ချိုးပြီး လွင့်ပစ်ခံလိုက်ရတယ် … အစ်ကိုရုံတော့ အမျက်မပြေလောက်သေးဘူး … ငါတို့ကောင်တွေတော့ ဒီနေ့ ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ် ….”

လော့ချီက လီကျားဝေကို လွှတ်ပေးလိုက်ပြီး ဟော်ရှီရုံကို အလျင်ဦးစွာ ကိုင်တွယ်ဖို့အတွက် အဆင်သင့် ဖြစ်လို့နေသည်။

ဟော်ရှီရုံအနောက်တွင် လူလေးယောက်လည်း ကပ်လျက် လိုက်ပါလာပြီး လင်းရီအနားသို့ ချဉ်းကပ်ရောက်ရှိလာခဲ့သည်။

ဘား၏ မှိန်ပြသည့် အလင်းရောင် အောက်တွင် ဟော်ရှီရုံသည် လင်းရီ၏ မျက်နှာသွင်ပြင်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီး နဂို မောက်မာစီးပိုးသည့် သူ သွင်ပြင်မှာ ချက်ချင်းဆိုသလို ၁၈၀ ဒီဂရီ ပြောင်းလဲသွားခဲ့တော့၏။

“ ဟာ သခင်လေးလင်း … မင်း ငါ့နေရာကို ဘယ်လို ဖြစ်ပြီး ရောက်လာတာလဲ ….”

ဤ မှတ်ချက်က လူတိုင်း၏ မေးရိုးများကို ကြမ်းပြင်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားစေခဲ့၏။

ကျိုးဟိုင်တွင် ဟော်ရှီရုံ၏ အဆင့်အတန်း ၊ နာမည်ဂုဏ်သတင်းနှင့် ဆိုပါက ထိုကဲ့သို့ ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်ရလောက်သူ မည်သူမျှ မရှိချေ။

“ အို … ကျုပ်ကို သိနေတယ်ပေါ့ ….”

“ သခင်လေးလင်းက ရယ်စရာတွေ အတော်လေး ပြောတတ်တာပဲ … ဒီရဲ့ ကျိုးဟိုင် ထောင့်သေးသေးလေးမှာ မင်းကို မသိတဲ့လူ ဘယ်သူ ရှိမှာမို့လို့ … သခင်လေးလင်းလို လူတစ်ယောက်ကို မသိရင် အသက်ရှင်နေတာ အလကား ဖြစ်သွားမှာပေါ့ ….”

ဟော်ရှီရုံက လီကျားဝေအနားသို့ ရောက်သွားပြီး အနောက်မှ ဖင်ကို ဆောင့်ကန်လိုက်သည်။

“ သခင်လေးလင်း .. ဒီကောင်က မင်းကို ပြဿနာ ရှာထားတာလား … ဘာဖြစ်ခဲ့လဲ ငါ့ကို ပြောလိုက် … ငါ ဒီနေ့ ဒီကောင့်ကို သင်ခန်းစာ ကောင်းကောင်း ပေးပေးမယ် ….”

ဟော်ရှီရုံက လင်းရီအပေါ် မည်မျှ လေးစားရိုးကျိုးနေကြောင်း မြင်တွေ့လိုက်ရတော့ လူအများအပြားက လင်းရီထံသို့ လှည့်ကြည့်လိုက်ကြသည်။ ဤအမျိုးသားက မည်သူမည်ဝါ ဖြစ်မလဲဆိုတာကို သူတို့အားလုံး သိချင်စိတ် ပြင်းပြနေကြ၏။ ဘာကြောင့်များ သူ့ရဲ့ စကားက ဒီလောက်တောင် ပါဝါအားပြင်းနေရတာလဲ။

လော့ချီမှာ နှုတ်ခမ်းကိုက်ရင်း စိတ်ထဲ တိတ်တဆိတ် အတွန့်တက်လိုက်မိ၏။

ခေါင်းဆောင်သာ ဒီလောက် သောက်ကြမ်းကြီး ဖြစ်နေမှန်းသိရင် ဒီလာပြီး စုံစမ်းဖို့ကိစ္စအတွက်နဲ့ အဲ့လောက်ထိ အားမထုတ်ခဲ့ပါဘူး …

“ တကယ်တမ်းတော့ ဘာကိစ္စမှမရှိပါဘူး … ဒီတိုင်း ခင်များရဲ့ တူလေးကို မေးခွန်းနည်းနည်းပါးပါး မေးချင်ရုံပါပဲ … သူ့ကိုလည်း ဘာမှမလုပ်ပါဘူး …” လင်းရီ ပြောလိုက်သည်။

လင်းရီ၏ စကားက ဟော်ရှီရုံကို စိတ်သက်သာ ရသွားစေသည်။

ကျိုးဟိုင်ရှိ သူ့ အဆင့်အတန်းနှင့်ပင် အကယ်၍ လင်းရီက သူ့တူလေးကို တစ်စုံတစ်ရာ ပြုလုပ်လိုသည်ဆိုပါက သူကိုယ်၌ပင် ရပ်တန့်နိုင်မှာ မဟုတ်ချေ။

“ သခင်လေးလင်းက သူ့ကို မေးစရာရှိတယ်ဆိုရင် တိုက်ရိုက်ပဲ မေးလိုက်လေ ….”

လင်းရီ ခေါင်းလှည့်ပြီး လီကျားဝေကို ကြည့်လိုက်သည်။

“ ငါတို့ သိချင်တာ မေးထားပြီးပြီ … မင်း တစ်ခုခု ဖုံးကွယ်ထားတုန်းပဲလား …”

လီကျားဝေ ကြောက်လန့်တုန်ယင်သွားခဲ့သည်။

“ ဟွမ်ရန်ပေါ်ကို ဘယ်သူ လာရှာခဲ့မှန်း ငါ တကယ်မသိတာပါ …” လီကျားဝေ ပြောလိုက်ပြီး “ ငါ မှတ်မိတာ အဲ့နေ့တုန်းက ဟွမ်ရန်ပေါ် ငါ့ဘားမှာ အရက်လာသောက်တယ် … သူနဲ့ စကားခဏလောက်ပြောပြီးတော့ မာ့စ်အုပ်ထားတဲ့ လူတစ်ယောက်က သူ့ကို လာခေါ်သွားတယ် … သူပြန်လာတော့ အလုပ်အကြီးကြီး တစ်ခုရလာခဲ့ပြီလို့ ပြောတယ် … တစ်ဖက်ခြမ်းက သူ့ကို ယွမ် နှစ်သန်းပေးတယ် … အပေးအယူ ပြီးတာနဲ့ သူ့အလုပ်ကနေ အနားယူတော့မှာ … ဒါပေမယ့် အဲ့ကတည်းကစပြီး သူ့ကို ထပ်မမြင်ရတော့တာ အခုချိန်ထိပဲ ….”

“ အဲ့လူရဲ့ ပုံစံက ဘယ်လိုမျိုးလဲ မင်း မှတ်မိသေးလား ….”

လီကျားဝေ၏ အမူအရာမှာ ကြွက်ချေးစားလိုက်ရသည်ထက်ပင် အကျည်းတန်သွားခဲ့တော့သည်။

“ ငါ့မှတ်ဉာဏ်က တကယ်ကို ဆိုးတာ .. သူ ဘယ်လိုပုံစံရှိလဲ တကယ်ကို မမှတ်မိတာ … ဒါပေမယ့် အဲ့လူက အရပ်တော့ တော်တော်လေး ရှည်တယ် …. ဆံပင်ကို ဘေးခွဲညှပ်ထားတယ် … ပုံစံကြည့်ရသလောက်တော့ လေးဆယ်ပိုင်းလောက် ဖြစ်မယ် … တကယ်လို့ မင်း စုံစမ်းချင်တယ်ဆိုရင် ငါတို့ဘားရဲ့ စောင့်ကြည့်ကင်မရာတွေကို စစ်ဆေးကြည့်လို့ရတယ် …”

လင်းရီ ဟော်ရှီရုံကို တစ်ချက်ကြည့်လိုက်ရာ ချက်ချင်းပဲ အမိန့်ပေးလာသည်။

“ လက်တော့ သွားယူလာခဲ့စမ်း …”

မိနစ် နှစ်ဆယ်ခန့်ကြာပြီးသည့်နောက် လီကျားဝေသည် ထိုညက စောင့်ကြည့်ကင်မရာ မြင်ကွင်းကို ရှာတွေ့သွားခဲ့ပြီး လင်းရီနှင့် လော့ချီတို့ထံ ယူသွားပေးလိုက်သည်။

မြင်ကွင်းကို ကြည့်ရှုပြီးနောက် ဗွီဒီယိုထဲရှိ အမျိုးသားက သူ့ကိုယ်သူ ကောင်းမွန်စွာ လျှို့ဝှက်ထားကြောင်း သတိပြုမိလိုက်၏။ ဤမြင်ကွင်း တစ်ခုတည်းနှင့် ဤလူ မည်သူမည်ဝါ ဖြစ်ကြောင်း ခွဲခြားဖို့က အတော်လေး မဖြစ်နိုင်ပေ။

“ ဘားအပြင်ဘက်က ကင်မရာတွေရောပဲ … ဒါတွေ အကုန် ထည့်ပေးလိုက် … ခဏနေ ကျုပ်နဲ့အတူ ပြန်ယူသွားမယ် ….”

“ ရတယ် ရတယ် … ချက်ချင်း လုပ်ပေးမယ် … အခုချက်ချင်း ပြင်ဆင်ခိုင်းလိုက်မယ် …”

နာရီဝက်ခန့် ကြာပြီးနောက် လီကျားဝေသည် သက်ဆိုင်ရာ ဗွီဒီယိုများ၏ ဒေတာကို စုဆောင်းပြီးသွားခဲ့ပြီး လင်းရီလက်ထဲသို့ ထည့်ပေးလိုက်သည်။

“ ဗွီဒီယိုကို မင်းနဲ့ ယူသွားလိုက် … ပြန်ရောက်ရင် သေချာလေး ကြည့်လိုက် …” ကားထဲသို့ ဝင်ရင်း လင်းရီ ပြောလိုက်သည်။

“ အိုကေ ….”

အလုပ်ကိစ္စပြီးတော့ လင်းရီ အိမ်ပြန်ရောက်လာသည်။ ညစာစားပြီးနောက် ကျီချင်းရန်နှင့်အတူ အပေါ်ထပ်တက်ရင်း ကိုယ်လက်သန့်စင် ဆေးကြောကာ အနားယူလိုက်သည်။

နောက်ထပ် ၁၅ ရက်ကျော် ကြာသည်အထိ လင်းရီ၏ နေ့စဉ်ဘဝတွင် ထူးထူးခြားခြား မည်သည့်အရာတို့မျှ ဖြစ်ပျက်မလာချေ။

ဟွာရှ နှစ်သစ်ကူး နီးကပ်လာခြင်းကြောင့် ကျိုးဟိုင်ရှိ ပွဲတော် အငွေ့အသက်တို့က ထူထပ် သိပ်သည်းလာခဲ့ပြီး လမ်းမထက်တွင်လည်း နှစ်သစ်ကူး ပစ္စည်းများ ဝယ်ယူနေကြသည့် လူထုကြီးကို မြင်တွေ့နေရသည်။

သတင်းကောင်းကတော့ ကျောက်ယွင်ဟူနှင့် လီရှန်းဟွေ့တို့နှစ်ဦးလုံး ကောင်းကောင်းမွန်မွန်နှင့် ပြန်လည်သက်သာလာလေပြီ။

ကျောက်ယွင်ဟူထံတွင် ခွဲစိတ်ပြီး နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုး လက္ခဏာများကိုလည်း မမြင်တွေ့ရပါဘဲ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်နေပြီး ဖြစ်၏။

အခြားတစ်ဖက်ရှိ လီရှန်းဟွေ့ကတော့ ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ပြီးနောက်တွင် ဘယ်ဘက်ခြေထောက်က အနည်းငယ် ခံစားလာရပြီ ဖြစ်၏။

သို့ပေမယ့် လင်းရီသည် ကျောက်ယွင်ဟူကို ဆေးရုံမှ ဆင်းခွင့် မပြုသေးချေ။ နောက်ထပ် နည်းနည်းကြာကြာ ထပ်နေခိုင်းထားဖို့ စီစဉ်ထား၏။ အဘယ်ကြောင့်ဆိုသော် အဆုတ်ပေါက်ပြဲသည့် ဒဏ်ရာက သေးသေးမွှားမွှား ပြဿနာတစ်ရပ် မဟုတ်သောကြောင့်ပင်။

၎င်းတို့အပြင် လော့ချီသည်လည်း စုံစမ်းစစ်ဆေးမှုမှ ရလဒ်တစ်ချို့ ရလာခဲ့ပြီ ဖြစ်၏။

ဗွီဒီယိုထဲရှိ သက်လတ်ပိုင်း အမျိုးသားကို ကျန်းယွဲ့ကျန်းဟု အမည်တွင်ပြီး ကျိုးကွမ်းယောင်၏ ဒရိုင်ဘာနှင့် လက်ထောက် ဖြစ်သူပင်။

ဤ သတင်းအချက်အလက်က လင်းရီအတွက် အတော်လေး အရေးပါခဲ့၏။

သို့ပေမယ့်လည်း ချိုးယွီလော့ဘက်က ခိုင်လုံသည့် မည်သည့် သတင်းကိုမျှ ရှာမတွေ့သေးသဖြင့် လှုပ်ရှားဖို့ရာအတွက် အချိန်အနည်းငယ် ယူရမည့်ပုံပင်။

ကျန်သည့် အချိန်အများစုတွင်တော့ လင်းရီသည် ရှန်းရှန်း ရဲစခန်း၌ပဲ အချိန်ကုန်ဆုံးနေခဲ့သည့်တိုင် မစ်ရှင်နှင့် စပ်လျဉ်း၍ မည်သည့်အရာကိုမျှ မလှုံ့ဆော်ခဲ့မိချေ။

ရံဖန်ရံခါ ရန်စီနှင့် ဝမ်ရင်းတို့ထံ သွား၍လည်း သူ၏ မေတ္တာများအား ဝေမျှပေးခဲ့သေးလေသည်။

ညနေခင်းအချိန် အိမ်ပြန်ရောက်‌တော့ ကျီချင်းရန်က မျက်နှာ ရေဓာတ်ဖြည့်ပေးသည့် မာ့စ်ကပ်ထားပြီး သူမ၏ အခန်းသို့ ဝင်သွားခဲ့သည်။

“ ပရောဂျက်အသစ်အတွက် အခမ်းအနားပွဲက မနက်ဖြန် ရှိတယ်နော်… အတူသွားကြစို့ …”

လင်းရီ ခေါင်းညိတ်လိုက်၏။ “ မင်း မဟုတ်လည်း လောင်ချီ တစ်ယောက်ယောက်က ကိုင်တွယ်လိုက် … ငါတော့ အောက်ကနေပဲ ကြည့်နေမယ် …”

“ နင်ကတော့လေ … ဘယ်လို အမြတ်ထုတ်ရမလဲဆိုတာကို မသိတဲ့လူပဲ … ဒီလောက်ကြီးတဲ့ ပွဲကြီးမှာတောင် နင်က မျက်နှာကို မပြချင်ဘူးပေါ့ ….”

“ ဒီကိစ္စက ဘယ်လို ဖြစ်သွားမယ် ၊ ဘယ်လောက်အတိုင်းအတာအထိ ရောက်သွားမယ်ဆိုတာကို ကြိုသိနေပြီးသားပဲလေ … မကြည့်ရင်တောင် ရတယ် ….”

အခြေအနေကိစ္စရပ်တို့ မည်သို့ ဖြစ်ပျက်လာမည်ကို ကြိုတင်မြင်ယောင်နိုင်နေသည့် လင်းရီ၏ အစွမ်းအစအပေါ် ကျီချင်းရန် လေးစားသွားခဲ့သည်။ ဤအပိုင်းတွင်တော့ သူမဘက်က လိုအပ်နေသေး၏။

“ ဒီအကြောင်းပြောတာ တော်ပြီ … ပိုပြီး တက်တက်ကြွကြွဖြစ်မယ့်ဟာလေး လုပ်လိုက်ကြစို့…”

လင်းရီ ကိုယ်ကို လှန်လာခဲ့ပြီး ကျီချင်းရန်ကို အပေါ်စီးက အုပ်မိုးကြည့်လိုက်၏။

“ နောက်နေ့မှ … ဒီနေ့တော့ ငါနည်းနည်း ပင်ပန်းနေလို့ …”

“ ပင်ပန်းနေတယ်လား …” လင်းရီ ရေရွတ်လိုက်ပြီး “ မင်း အခုတလော ဒီရက်ပိုင်း အတော်လေးလည်း အိပ်နိုင်လာသလားလို့နော်….”

“ အဲ့တာ ဘာလို့လည်း မသိဘူး … ပရောဂျက်ကို တအား အာရုံစိုက်ထားလို့ နေမယ် …

ပြောရင်းဖြင့် ကျီချင်းရန်က ပျင်းရိစွာ အညောင်းဆန့်လိုက်သည်။

“ နှစ်သစ်ကူး အားလပ်ရက်ကျရင်တော့ သုံးလေးရက်လောက်ကို ကောင်းကောင်းကြီး အနားယူပစ်လိုက်ဦးမယ် … ငါ့ကို ဘယ်သူမှ လာတားမယ် မကြံနဲ့ ….”

လင်းရီ ရယ်ချင်သွားခဲ့၏။ “ မင်းပြောနေတဲ့ပုံက မင်းအနားယူတာကို သူများကပဲ လိုက်နှောင့်ယှက်နေသလိုလို ….”

ကျီချင်းရန် တခစ်ခစ် ရယ်မောလိုက်ပြီး “ မဟုတ်လို့လား … တော်ပြီ တော်ပြီ … အိပ်ကြစို့ … မျက်လုံးမှိတ်တော့ ….”

လင်းရီ ဘာမျှ ထပ်မပြောတော့ဘဲ ကျီချင်းရန်နှင့်အတူ လှဲချ၍ စောင်ခြုံလိုက်၏။

နောက်တစ်‌နေ့ နံနက်ခင်း။

မနက်စာစားပြီးနောက် နှစ်ယောက်အတူ အိမ်အပြင်သို့ ထွက်လာခဲ့ကြသည်။

စက်ရုံအသစ်၏ တည်နေရာက အသစ်တည်ဆောက်ထားသည့် ကျိုးဟိုင် စက်မှုဇုန်တွင် တည်ရှိပြီး လျန်ရူရွှယ် ရုံးထိုင်စဉ်ကတည်းက အထင်ကြီးစရာအကောင်းဆုံး အောင်မြင်မှု တစ်ခုဆိုလည်း မမှားပေ။

ယုတ္တိကျကျ ပြောကြေးဆိုပါက လျန်ရူရွှယ်သည်လည်း ဤနေ့ပွဲကို တက်ရောက်သင့်၏။ သို့ပေမယ့် ကျီချင်းရန်နှင့် ဆုံတွေ့ရမှာကို မျက်နှာပူသည့် အတွက်ကြောင့် ကိုယ်စား အခြား တစ်ယောက်ကိုပဲ စေလွှတ်လာခဲ့လေသည်။

ဆမ်ဆောင်းနှင့် မစ်ဆူအုပ်စု၏ ကိုယ်စားလှယ်များအပြင် သတင်းမီဒီယာ အသီးသီးမှ ဂျာနာလစ်များလည်း ကိုယ်စီ ရောက်ရှိနေကြ၏။

ယခုကဲ့သို့ ကြီးကျယ်ခမ်းနားသည့် ပွဲကြီးတစ်ပွဲက သူတို့အတွက် မည်သို့မျှကို လက်လွှတ်မခံသင့်သည့် ပွဲအခမ်းအနား တစ်ခုပင်။

လင်းရီမှာ လူအုပ်ကြီးထဲသို့ အတူဝင်ရောရင်း သာမန်လူတစ်ဦးကဲ့သို့ ပိုက်ဆံ အကြီးအကျယ်သုံးထားသည့် ခမ်းနားလှသည့် အခမ်းအနားပွဲကြီးအား တစ်လှမ်းခြင်းလှမ်းပြီး လှည့်ပတ်ကြည့်ရှုနေသည်။

အခမ်းအနားပွဲက အဆင်ပြေချောမွေ့စွာ ရှေ့ဆက်နေပြီး နေ့လည်ခင်းပိုင်းတွင် ပွဲစီစဉ်သူ ဖြစ်သည့် လင်းယွင်အုပ်စုက ကုမ္ပဏီ အသီးသီးမှ ရောက်လာသည့် အမှုဆောင်အဖွဲ့ဝင်များအား နေ့လည်စာ အခမ်းအနားပွဲ အသေးလေး ကျင်းပပေးရသေးသည်။

ထိုပွဲကိုတော့ လင်းရီ မတက်ဘဲ နေလို့မရပေ။ ထို့ကြောင့် တာဝန်အသိစိတ်ဖြင့် တက်ရောက်လိုက်၏။

သို့ပေမယ့် ပါတီ လုပ်နေဆဲမှာပဲ ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့နှစ်ဦးက အလျင်စလို ရောက်ရှိလာပြီး လင်းရီ၏ နားထဲသို့ တီးတိုးပြောဆိုလိုက်သည်။

“ ဘော့စ် … ဆောက်လုပ်ရေးဆိုဒ်မှာ အရေးပေါ် ဖြစ်နေပြီ … လူတစ်ယောက်က အခေါင်း တူးဖော်မိလာလို့ …”

All Chapters