← Chapters

မကောင်းတဲ့ လွှမ်းမိုးမှု

Vol. 157 Ch. 2290

မကောင်းတဲ့ လွှမ်းမိုးမှု

Vol. 157 Ch. 2290

“ ကျွန်တော်တို့နှစ်ယောက်က အန်တီလျန်နှင့် ဦးလေးတို့နှစ်ယောက် အိမ်မှာ ပျင်းနေမရအောင်လို့ မြေးလေးရအောင် ကြိုးပမ်းပေးနေတာလေ ….”

“ နင်ကများ ပြောရဲသေးတယ်ပေါ့ …” ရှန်းရှုရီက လင်းရီကို မျက်စောင်းခဲလိုက်ပြီး “ မြန်မြန် မောင်းစမ်း … ငါ မီလိလေးနဲ့ တွေ့ချင်ပြီ ….”

“ အိုကေ ….”

ရှန်းရှုရီကို မြင်တော့ လျန်ရူရွှယ်က သူမကို လာရောက် နှုတ်ဆက်သည်။

ယခု အချိန်အခိုက်အတန့်၌ သူမ အလိုအပ်နေဆုံးက လင်းရီကို မဟုတ်။ ရှန်းရှုရီကိုသာ ဖြစ်၏။

“ ဘယ်လိုနေလဲ သမီး … တစ်ခုခု အဆင်မပြေတာ ရှိလား ….”

“ အဆင်ပြေပါတယ် …” လျန်ရူရွှယ် တိုးညှင်းသည့် အသံဖြင့် ဖြေဆိုလိုက်၏။

“ ကိုယ့်ကိုယ်ကို ဂရုစိုက် … ပင်ပန်းတဲ့ လေ့ကျင့်ခန်းတွေ မလုပ်နဲ့ … stress လည်း မများနဲ့ … အရမ်းကြီးလည်း သတိထားဖို့ မလိုဘူး … ဒီတိုင်း ပင်ပန်းတာနဲ့ လေးလေးပင်ပင် မတာတွေကိုပဲ ရှောင် ….”

ရှန်းရှုရီ၏ နှစ်သိမ့်ပေးမှုကြောင့် လျန်ရူရွှယ်၏ စိတ်အခြေအနေသည်လည်း တိုးတက်ကောင်းမွန်လာသည်။

လက်ခံပေးခြင်း ခံရသည့် အချိန်၌ အချို့အရာတို့က ကွဲပြားစွာ ခံစားရ၏။

“ အဖေနဲ့ အဘိုးတို့တော့ ဒီကိစ္စ မသိသေးဘူး ….”

“ ငါလည်း သူတို့ကို ဘယ်လိုပြောပြရမှန်း မသိတာ ….”

“ အဘိုးနဲ့ အဘွားကို အရင်ပြောပြလိုက် … အဖေ့ကိုကတော့ … သူကတော့ ကိစ္စမရှိဘူး … သူ ဒေါသထွက်ရင်တောင် သမီး မကြောက်တော့ဘူး …”

“ ပေါက်ကရတွေ မပြောစမ်းနဲ့ ….” ရှန်းရှုရီက ငေါက်လိုက်ပြီး “ နင့်အဖေက မိသားစု ကိစ္စတွေ ဝင်မပါတာနဲ့ပဲ သူ့ကို လျစ်လျူရှုထားလို့ရတယ်လို့ မဆိုလိုဘူး … နောက်ပိုင်းကျရင် ငါ သူနဲ့ စကားပြောလိုက်မယ် … နင်က ဒီမှာပဲ ကိုယ့်ဘာကိုယ် ဂရုစိုက်ပြီးနေ … ကိုယ့်ဘက်က ဂရုစိုက်နေသရွေ့ အစောပိုင်းမှာ ဘာပြဿနာမှ မရှိနိုင်ဘူး …. ပြီးရင် နာနီနည်းနည်းလည်း ခေါ်ထားဦး … အပြင်စာတွေ မှာစားတာကိုလည်း ရှောင် ….”

“ ဟုတ် ….”

ထိုနောက်ပိုင်းတွင် လင်းရီက ဟင်းပွဲမျိုးစုံကို ချက်ပြုတ်ပေးခဲ့ပြီး စားသောက်နေစဉ်တွင် အမေနှင့်သမီး၏ စကားဝိုင်းက ကလေးအပေါ်မှာပဲ တစ်ချိန်လုံး အာရုံစိုက်နေခဲ့သည်။

ဤအတောအတွင်း လျန်ရူရွှယ်၏ မိသားစုဘက်ကလည်း ယခုကိစ္စကို သိရှိသွားခဲ့ကြလေသည်။

ဘိုးဘွားများကတော့ မြေးချီရတော့မည်ဆိုသဖြင့် သဘာဝအလျောက် ပျော်ရွှင်သွားခဲ့ကြ၏။ လက်ထပ်မှတ်ပုံတင် ယူထားဖို့ ကိစ္စကိုပင် ပြောလာကြလေသည်။

လျန်ချွင်းရှောင်လည်း တူညီစွာ ခံစားနေရသည်။

သူတို့ မျက်လုံးထဲ၌ လက်ထပ်ပွဲ မပြုလုပ်ရသေးမီ ကိုယ်ဝန်ရှိသည်က ကြီးကြီးမားမား ပြဿနာ တစ်ခု မဟုတ်ပေ။ လက်ထပ်မှတ်ပုံတင် ရထားသည်နှင့် ကျန်သည်တို့က ပါမွှားကိစ္စလေးများသာ ဖြစ်၏။

ဆိုရလျှင် … လျန်ရူရွှယ်သည် သူမ၏ မိသားစုအပေါ် စိုးရိမ်ပူပန်မှုများအား အဆင်ပြေချောမွေ့စွာ ကျော်လွှားနိုင်ခဲ့သည်ဟု ပြော၍ရသည်။

ကျန်သည်ကတော့ လက်ထပ်မှတ်ပုံတင် ယူဖို့ပဲ ဖြစ်၏။

သို့ပေမယ့် ပြဿနာကလည်း ထိုအပိုင်းပင်။

လက်ထပ်မှတ်ပုံတင်က လျန်ရူရွှယ်နှင့် ကျီချင်းရန်တို့ နှစ်ဦးလုံး ယူကို ယူရမည့် ပစ္စည်း ဖြစ်၏။

ထို့ကြောင့် တရားဝင် လက်ထပ်မှတ်ပုံတင် နှစ်ခုကို အဆင်ပြေချောမွေ့စွာ ရယူနိုင်မည့် နည်းလမ်းတစ်ခုအား လင်းရီ ဖန်တီး ကြံဆဖို့ လိုနေသည်။

အနှီ ရှုပ်ထွေးသည့် ပြဿနာကို ဖြေရှင်းရန်အတွက် လင်းရီ သူ့ဦးနှောက်ဆဲလ်များကို ဆက်တိုက် အလုပ်လုပ်ခိုင်းနေခဲ့သည်။ နောက်ဆုံး၌ သူ့ ဦးနှောက်တစ်ခုတည်းသာ မဟုတ်ဘဲ ချင်းဟန်နှင့် လျန်ကျင်းမင်တို့ကိုပါ အလုပ်ပေးလိုက်လေသည်။

ညစာ စားပြီးနောက်တွင်တော့ သုံးယောက်အတူ ဆိုဖာပေါ်သို့ ထိုင်ပြီး အလုပ်ကိစ္စရေးရာများအကြောင်း ဆွေးနွေးကြသည်။

ကိုယ်ဝန်က အရေးကြီးသော်လည်းပဲ ဘဏ်၏ ဖောက်သည်အချက်အလက်များ ပေါက်ကြားသွားသည့် ကိစ္စရပ်ကလည်း သိသိသာသာ အရေးပါသည်။

“ နင့်ဘက်က အသေးစိတ် သိရပြီလား …” ရှန်းရှုရီ မေးလိုက်၏။ “ ဒီပြဿနာကို အထက်ကပါ အလေးအနက်ထားနေကြတာနော်… တင်ထားတဲ့ ဝက်ဘ်ဆိုဒ်က နိုင်ငံခြားက … ငါတို့ ပြည်တွင်းဘဏ်ရဲ့ အချက်အလက်တွေကို နိုင်ငံခြားက တင်လိုက်တယ်ဆိုတာ ပြဿနာက လုံးဝ သေးသေးမွှားမွှားလေး မဟုတ်ဘူး … အခက်မသင်ရင် နင်တောင် နေရာကနေ ဆင်းပေးရနိုင်တယ် …..”

“ သက်ရောက်မှုက အဲ့လောက်တောင် ကြီးတယ်ပေါ့ ….” လင်းရီ အံ့အားသင့်စွာ မေးမြန်းလိုက်မိသည်။

“ ဘယ်တတ်နိုင်မှာ … ဒါက ဟွာရှ …၊ 'ပုဒုံ ဖွံ့ဖြိုးမှု'က အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိတယ် … ဒီ ကိစ္စရဲ့ အကျိုးသက်ရောက်မှုတွေက နင်တို့ စိတ်ကူးထားတာထက်ကို ပိုတယ် …”

“ ကျွန်တော် ဒီနေ့ တစ်ချက် ကြည့်ပြီးသွားပါပြီ…. ပေါက်ကြားလာတဲ့ အချက်အလက်တွေက ဟိုလို အရေးကြီးတာမျိုးတွေလည်း မပါပါဘူး …”

“ အမှန်ပဲ … ဒါပေမယ့် ပြဿနာက Pricewaterhouse Coopers အဖွဲ့အစည်းနဲ့ ဒီလွိုက် အဖွဲ့အစည်းပဲ …” ရှန်းရှုရီ ပြောလိုက်ပြီး “ သူတို့နှစ်ခုက ကြီးလေးကြီးထဲက နှစ်ဦးဆိုတော့ လုပ်ကိုင်နိုင်စွမ်းတွေနဲ့ ပတ်သက်ပြီး သွားအထင်သေးလိုက်လို့ မရဘူး … CITIC အုပ်စုက CFO ကတောင် Pricewaterhouse(Pwc) အဖွဲ့အစည်းထွက် ဖြစ်ရုံတင် မကဘူး … နင်တို့ ကုမ္ပဏီက ဟော်ယွမ်ယွမ်ဆိုလည်း ဒီလွိုက်ကပဲ .. ဒီလူတွေက ခေတဲ့လူတွေ မဟုတ်ဘူး … ပေါက်ကြားလာတဲ့ သတင်းအချက်အလက်တွေနဲ့ အဓိက စီးပွားရေး လျှို့ဝှက်ချက်တွေကို အလွယ်လေး လေ့လာဆန်းစစ်နိုင်တယ် … အဲ့အချက်ကိုပဲ အထက်က အလေးထားနေတာ … တကယ်လို့ နိုင်ငံခြားက short sellers တွေ ဒီ အချက်ကို သိသွားပြီး ကစားလာခဲ့ရင် ပျော်ဖို့ကောင်းတော့မှာ မဟုတ်ဘူး … “

( ကုမ္ပဏီရဲ့ စတော့ဈေးတွေ တိုက်ခိုက်ခံရလာနိုင်လို့ပါ။)

“ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် Pricewaterhouse coopers အဖွဲ့အစည်းနဲ့ ဒီလွိုက်ကို ဒီကိစ္စထဲက နှုတ်ထွက်ခိုင်းနိုင်မယ်ဆိုရင် အကောင်းဆုံးပဲ …” ရှန်းရှုရီက လေးနက်တည်ကြည်စွာ ပြောလိုက်ပြီး “ ပြီးရင် ဒီရဲ့ သတင်းအချက်အလက် ချာနယ်တွေကို ထိန်းချုပ်နိုင်တဲ့ လူတစ်ယောက်ချင်းစီကို လိုက်ရှာရမယ် … ကျန်တာတွေက ကိုင်တွယ်ဖြေရှင်းလို့ အလွယ်လေးပဲ ….”

“ သမီး ဒီနေ့ခင်းထဲမှာ စစ်ဆေးကြည့်ထားပြီးပြီ .. သတင်းအချက်အလက်တွေက အရေးပါတာ‌တွေ မဟုတ်တော့ တခြား ဘဏ်နဲ့ တစ်ချို့ တရားဝင် ဘဏ္ဍာရေး ဌာနတွေက ပြည်သူ့ လုံခြုံရေး စနစ်ကနေတစ်ဆင့် ကြည့်ရှုပိုင်ခွင့်ရှိနေတယ် …”

“ ပြည်သူ့ လုံခြုံရေး စနစ် ဟုတ်လား ….”

လျန်ရူရွှယ် ခေါင်းညိတ်လိုက်သည်။ “ သူတို့ရဲ့ ကုန်သွယ်မှု စုံစမ်းရေး ဌာနကလည်း ဒီသတင်းအချက်အလက်တွေကို ကြည့်ပိုင်ခွင့် ရှိတယ် ….”

လင်းရီ မျက်မှောင်ကြုတ်သွားခဲ့ပြီး ဖြစ်နိုင်ချေတစ်ရပ်ကို စဉ်းစားမိသွားခဲ့သည်။

“ ဒီကိစ္စ လောလောဆယ် စိတ်မပူနဲ့ဦး … မနက်ဖြန် ငါ တစ်ချက် သွားစစ်ဆေးပြီး မင်းဆီကို အကြောင်းပြန်မယ် ….”

“ ရတယ်လေ ….”

“ ငါတို့ ဒီကိစ္စကို မြန်မြန်လေး ကိုင်တွယ်သင့်တယ် … ဒီရက်ပိုင်းတော့ ငါ မပြန်သေးဘူး … နင်တို့ကို ကူညီပေးမယ် …”

“ အိုကေ … ကျေးဇူးပါ အန်တီရှန်း ….”

“ ငါ့ကို အန်တီရှန်းလို့ ခေါ်နေတုန်းလား ….”

လင်းရီ ခေတ္တအေးခဲသွားပြီး … ရယ်မောလိုက်၏။

“ ကျေးဇူးတင်ပါတယ် အမေ …..”

“ ထားလိုက်တော့ … ငါ့ကို အန်တီရှန်းလို့ပဲ ဆက်ခေါ်နေလိုက်….” ရှန်းရှုရီက ကျီစယ်သည့် အသံဖြင့် ပြောလိုက်ရင်း သူတို့ချင်း ရင်းနှီးမှုထဲသို့ နွေးထွေးမှုများ သယ်ဆောင်ပေးလာခဲ့သည်။

ထိုညတွင် လင်းရီက လျန်ရူရွှယ်၏ အိမ်တွင် တောက်လျှောက် ရှိနေခဲ့ပြီး ကိုးနာရီကျော်တော့မှပဲ ထွက်လာခဲ့လိုက်၏။ အမေနှင့် သမီးကို နှစ်ဦးတည်း တီးတိုးစကားပြောဖို့ အချိန်ပေးလိုက်ခြင်းပင်။ သူက ကြားဝင် နားထောင်၍လည်း အဆင်မပြေပေ။

ပြန်လာရာလမ်းတွင် လင်းရီ စိတ်ထဲ လက်ချိုးရေတွက်ကြည့်လိုက်၏။

မေမေဝမ်ရယ် ၊ သူ့ အမေအရင်းရယ်၊ ရှန်းရှုရီရယ် ၊ ပြီးတော့ စုန့်လန်ရယ် …

ဆိုတော့ သူ့မှာ အမေ လေးယောက် ရှိနေတာပဲ။ ဟွာရှ တစ်ပြည်လုံးမှာ သူ့ထက် အံ့ဩဖို့ကောင်းတဲ့လူ နောက်တစ်ယောက် ရှိလိမ့်မယ်လို့တော့ မထင်ဘူး။

ညပိုင်းအချိန်တွင် ကောင်းမွန်စွာ အနားယူပြီးနောက် ၊ နောက်တစ်နေ့ နံနက် စောစောတွင် လင်းရီသည် စုန့်ကျန်းရဲစခန်းထဲသို့ ကားဖြင့် ထွက်လာလေသည်။

ထိုနေရာ၌ သူနှင့် သိပ်အဆင်မပြေသည့် ကျောက်စုနှင့် ဆုံတွေ့လိုက်ရ၏။

“ ဟေ့ လင်းရီ ….”

“ ဘာလဲ….”

“ ကပ္ပတိန်လင်း အလုပ်လာမဆင်းတာ ရက်တော်တော်ကြာနေပြီ … မင်းတို့နှစ်ယောက် အရင်က တွဲသွားတွဲလာ လုပ်နေတာ မဟုတ်ဘူးလား … သူ ဘယ်ထွက်သွားလဲ သိလား … ဖုန်းခေါ်တော့လည်း ခေါ်လို့မရဘူး ….”

“ ဒါက ….”

ကျောက်စုက လင်းဟန်အကြောင်း ပြောပြလာချိန်တွင် လင်းရီ အတော်လေး တုံ့ဆိုင်းမိသွားခဲ့သည်။

“ သူပြောတာတော့ နှုတ်မထွက်ခင် ခရီးထွက်ချင်တယ်တဲ့ … အဲ့တာ ထွက်သွားခဲ့တာ နေမှာပေါ့ … ဘယ်သွားလဲတော့ ငါလည်း မသိဘူး ….”

“ အိုကေ … မင်းနဲ့ စကားပြောတာ အလကားမှန်း သိလိုက်ရပြီ ….”

“ ဟားဟား …”

လင်းရီ တစ်ချက်ရယ်မောပြီး ရဲစခန်းသို့ ဝင်သွားခဲ့သည်။ ထို့နောက် လေအေးများအား အဆုတ်ထဲသို့ တစ်ဝကြီး ရှူသွင်းလိုက်၏။ အတိတ်၏ ပုံရိပ်များကို မီးခိုးငွေ့များနှယ် ပျောက်ကွယ်သွားဖို့ရာ စိတ်ထဲ မျှော်လင့်မိနေသည်။

အထဲသို့ ရောက်လာသည်နှင့် လင်းရီသည် သူနှင့် ယခင်က အတူ အလုပ်လုပ်ဖူးသည့် စွန်းနင်ကို မြင်တွေ့လိုကရသည်။

သူ့ အတွေးများအား ပြောပြ၍ သူမအား တောင်းဆိုလိုက်၏။

စွန်းနင်ကလည်း အင်မတန် ပူးပေါင်းပေးကာ လင်းရီကို ဘဏ္ဍာရေး ရာဇဝတ်မှုခင်း ဌာနသို့ ခေါ်ဆောင်လာပေးသည်။

ထိုနေရာ၌ တာဝန်ရှိသူနှင့် တွေ့ဆုံပြီး သူလိုအပ်သည့် သတင်းအချက်အလက်များကို ရရှိခဲ့လေသည်။

ယခင်တုန်းက လင်းဟန်သည် ကုန်သွယ်ရေးရာဇဝတ်မှုတစ်ခုကို စုံစမ်းစစ်ဆေးလိုပြီး သူတို့ဌာန၏ အကူအညီကို ရယူခဲ့သည်။

အရာရှိဘက်ကလည်း များများ မစဉ်းစားမိသဖြင့် စုံစမ်းစစ်ဆေးပိုင်ခွင့်ကို ပေးအပ်ခဲ့၏။

လင်းရီ သေချာသွားခဲ့သည်။ ပြဿနာက ဤနေရာမှာပဲ ရှိ၏။ အရာအားလုံးက ကွက်တိကျနေသည်။

သူ သိချင်သည်များအားလုံး စုံစမ်းပြီးနောက် လင်းရီ ကားထံသို့ ပြန်ရောက်လာခဲ့ကာ အရာအားလုံးကို နေသားတကျ ပြန်လည် စီစစ်လိုက်၏။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ လင်းဟန်တို့၏ အပေးအယူထဲတွင် မာတဲ့ဟုန်ကို သတ်ဖြတ်ရုံမျှမကဘဲ ပုဖာဘဏ်၏ ဒေတာအချက်အလက်များကိုလည်း ပေးအပ်ရမည့်ပုံပင်။

အနှီ ဒေတာတို့က ဟုန်မန်ဂိုဏ်းသို့ ရောက်ရှိသွားသည်နှင့် ဖရီးမေဆင်လက်ထဲသို့ သဘာဝအလျောက် ရောက်ရှိသွားခဲ့မှာ ဖြစ်ပြီး ထိုသူတို့ကပဲ ဒရာမာ ဇာတ်လမ်းတစ်ခုလုံးကို ချောချောမွေ့မွေ့ ရိုက်ကူးပြခဲ့သည်။ အတော်လေး လှပသည့် ရွေ့ကွက်လို့တော့ ချီးကျူးသင့်၏။ သူ့ကို လုံးဝ အငိုက်မိသွားစေခဲ့လေသည်။

ထို့ပြင် ဆောက်လုပ်ရေးဆိုက်၌ အခေါင်းပေါ်လာသည့် ကိစ္စကလည်း ၎င်းတို့ လက်ချက် ဖြစ်ဖို့များ၏။ သူ့အား ဆိုးရွားသည့် နည်းလမ်းတို့ဖြင့် ကျိန်စာတိုက်နေသလားပင် အောက်မေ့ရသည်။

လင်းရီ မေးစေ့ကို ပွတ်သပ်ရင်း သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်၏။

“ ငါကလည်း မင်းတို့လို သူတစ်ပြန်ကိုယ်တစ်ပြန် ရိုက်နိုင်မယ့် ပြိုင်ဘက်မျိုးကိုမှ ကြိုက်တာ …”

________________________

( TL Note -

• PricewaterhouseCoopers (Pwc)

•Deloitte

•Ernst & Young

•KPMG

ဒီကောင်တွေက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ Accounting firm မှာ big four ( ကြီးလေးကြီး) ဆိုပြီး အသိအမှတ်ပြုခြင်း ခံထားကြရတဲ့ကောင်တွေပါ။

နောက်တစ်ခုက ပုဒုံ တိုးတက်ဖွံ့ဖြိုးရေးဘဏ်( pu dong development ) 'အသံထွက်ကို မြန်မာမှုပြုထား'

အတိုကောက် အနေနဲ့ ပုဖာဘဏ်လို့လည်း ခေါ်ကြပါတယ်။ china ရဲ့ ဘဏ်အကြီးစားတွေထဲက တစ်ခုပေါ့။ SPD လို့‌လည်း ခေါ်ပါတယ်။ ရှန်ဟိုင်းအခြေစိုက်လို့လည်း သိရပါတယ်။ )

All Chapters